သူမ၏ လျှို့ဝှက်ချက်များကို စုံစမ်းခြင်း
Vol. 6 Ch. 87
ထိုအခါမှသာ အဘွားအိုဝမ်သည် အားယွီလေး ဝိဉာဉ်စမ်းရေအား ရရှိခဲ့သည့် အချိန်မှစ၍ မိသားစုဝင် အားလုံးကို တိုက်ကျွေးရန် ကြိုးစားခဲ့ကြောင်း သိလိုက်ရလေသည်။ အိမ်ရှိ ရေစည် အတွင်းမှ ရေများတွင်ပင် အားယွီလေး ထည့်ထားသည့် ရေများ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေး မကောင်းသည့် ဝမ်ချွမ်းကွေ့နှင့် အဘိုးအိုဝမ်တို့မှာမူ အားယွီလေးထံမှ အထူး ဂရုစိုက်မှုအား ခံခဲ့ရပြီးသား ဖြစ်နေခဲ့သည်။ ယခင်တွင် အဘွားအိုဝမ်သည် အားယွီလေး ရေခပ်တိုက်ရသည်အား ဝါသနာပါသည်ဟုသာ ထင်မှတ်ခဲ့သော်လည်း ယခု ပြန်လည်၍ စဉ်းစားကြည့်မိချိန်တွင် ထိုကလေးသည် ထိုအချိန်အား အခွင့်ကောင်းယူလျှက် ရေများအား လဲလှယ်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အဘွားအိုဝမ်၏ မျက်နှာတွင် ရှုပ်ထွေးလှသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"လိမ္မာတဲ့ကလေးလေး မြေးလေးက သိပ်ကို သိတတ်တာပဲ"
အားယွီလေးမှ ခေါင်းလေး စောင်းလျှက် လိမ္မာသော အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ဘွားဘွား အားယွီက မိသားစု အားလုံးကို ချစ်တယ်လေ ဘွားဘွားကိုလည်း ချစ်တယ် အားလုံး ကျန်းကျန်းမာမာ ရှိနေရမယ်လေ"
အသားလုံးလေးသည် ဤစကားများအား အားယွီလေးကို မကြာခဏ ပြောပြလေ့ ရှိပေသည်။ ယခင်တွင် အားယွီလေး၏ ဘာသာစကားနှင့် ဆက်သွယ် ပြောဆိုနိုင်စွမ်းမှာ ပုံမှန် ပြန်ဖြစ်သွားပြီ ဖြစ်သော်လည်း သူမ နားမလည်သည့် စကားလုံးအချို့ ရှိနေသေးပေသည်။ အသားလုံးလေးသည် အားယွီလေး နေရာလွတ် အတွင်းတွင် လယ်လုပ်နေချိန်၌ ပုံပြင်များ ပြောပြခြင်းဖြင့် သူမ၏ စကားလုံးများ မှတ်သားနိုင်မှုကို တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း 'ဘာကြောင့်လဲ' ဟု အမြဲမေးနေတတ်သည့် ကလေးငယ် တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ အသားလုံးလေးမှာလည်း တစ်ခါတစ်ရံတွင် အလွန်ပင် အားကိုးရာမဲ့ ဖြစ်ရတတ်လေသည်။
"အားယွီ နောင်ကျရင် မြေးလေးနဲ့ နတ်သူငယ်လေး အကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့နော် အမေ့ကိုတောင် မပြောရဘူး တစ်ခုခု ထူးထူးခြားခြား ဖြစ်လာရင်တောင် ဘွားဘွားကိုတောင် မပြောနဲ့"
ဟု အဘွားအိုဝမ်မှ လေးနက်စွာ မှာကြားလိုက်လေသည်။
ဤစကားသည် အားယွီလေးအား ဇဝေဇဝါ ဖြစ်စေခဲ့သည်။ အဘယ်ကြောင့် မပြောရခိုင်းရလေသနည်း။ သူတို့အားလုံးသည် မိသားစုဝင်တွေ မဟုတ်ပါလား။
ထို့အပြင် ကလေးများ နားမလည်သောအရာများ ရှိလာပါက လူကြီးများကို သေချာပေါက် ပြောပြရမည် မဟုတ်ပါလော။ အဘွားအိုဝမ်သည် အားယွီလေး၏ မျက်လုံးများထဲမှ ဇဝေဇဝါဖြစ်နေမှုအား မြင်သော်လည်း လူသားတို့၏ ရှုပ်ထွေးသည့် စိတ်သဘာဝအား ရှင်းပြနေစေကာမူ ကလေးသည် နားလည်မည် မဟုတ်သဖြင့် မည်သည်ကိုမှ ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်လေသည်။
"ဘွားဘွားပြောတာကိုပဲ နားထောင်ပါကွယ် နောင်ကျရင် မြေးလေး နားလည်လာပါလိမ့်မယ်"
အားယွီလေး နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။
"အားယွီ နားလည်ပါပြီ"
အဘွားအိုဝမ်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ဒုတိယသားထံသို့ အရင်သွားရန် စီစဉ်လိုက်လေသည်။ အားယွီ ပြောသကဲ့သို့ သူမ၏ ဒုတိယသားအား ရေတိုက်ခဲ့သော်လည်း အဘယ်ကြောင့် တုံ့ပြန်မှု မရှိရသနည်းဆိုသည်အား သူမ သိချင်နေခဲ့သည်။ ၎င်းမှာ ရေသည် ရောဂါ မကုသနိုင်ခြင်းကြောင့်လော သို့မဟုတ် ဒုတိယသား၏ ခြေထောက်မှာ လုံးဝ ကုသ၍ မရနိုင်တော့ခြင်းကြောင့်လော။
"အားယွီ ဘွားဘွား ဒီနေ့ မြေးလေးပေးတဲ့ အရာတွေကို အရမ်းသဘောကျတယ်"
အဘွားအိုဝမ်မှ အားယွီလေး၏ ခေါင်းအား ပွတ်သပ် ပေးလိုက်ပြီးနောက် ယနေ့ သူမအတွက် အရသာရှိသည့် အစားအသောက်များအား ချက်ပြုတ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
သူမကို မွေးစားခဲ့သည်မှာ တစ်လသာ ရှိသေးသော်လည်း သူမသည် ဝမ်မိသားစုအပေါ် ထိုမျှလောက် တွေးတောပေး နေရှာသည်။ သူမအား စိတ်ပျက်အောင် မလုပ်သင့်ပေ။ ကလေး၏ လျှို့ဝှက်ချက်ကိုမူ သူမ မည်သို့သော တန်ဖိုး ပေးဆပ်ရစေကာမူ ကာကွယ်ပေးရမည် ဖြစ်သည်။ သူမသည် တစ်ဖန် 'လူဆိုးမကြီး' အဖြစ် ပြန်လည် သရုပ်ဆောင်ရဦးပေမည်။
"ဝမ်ဝူလန် မင်းက တစ်နေကုန် ဆော့ဖို့ပဲ သိတယ် မင်းရဲ့ ညီမလေးကို ဘာလို့ ခေါ်မသွားတာလဲ မြန်မြန် ပြန်လာခဲ့စမ်း မဟုတ်ရင် ငါ မင်းရဲ့ ခြေထောက်ကို ရိုက်ချိုးပြီး မင်းရဲ့ ဒုတိယဦးလေး နဲ့အတူ လှဲနေခိုင်းလိုက်မယ်"
ခြံပြင်ရှိ ဝမ်ဝူလန် သည် ဤစကားအား ကြားသောအခါ အလန့်တကြား ပြေးဝင်လာခဲ့ကာ အားယွီလေးကို ဆွဲခေါ်သွားတော့သည်။
"နားလည်ပါပြီ အဘွားရဲ့ အားယွီလေးကို ကျွန်တော် ခေါ်သွားပြီး ဆော့ပါ့မယ် စိတ်မပူပါနဲ့ နေ့လယ်စာ စားချိန်ကျရင် အချိန်မီ ပြန်လာခဲ့ပါ့မယ်"
"မင်းက ကိုယ့်ကိုကိုယ် ကိုသာ မေ့ချင်မေ့မယ် ထမင်းစားဖို့တော့ မေ့မှာ မဟုတ်ပါဘူး"
အဘွားအိုဝမ်သည် ဤအချက်ကိုမူ စိတ်ချလက်ချ ရှိလှပေသည်။
ဝမ်ဝူလန်မှ ရယ်မောလိုက်ပြီး မည်သို့မှ ခွန်းတုံ့မပြန်တော့ပဲ ထွက်ပြေး သွားတော့သည်။
"အားယွီလေး ကိုကိုတို့တွေ ရစ်ငှက် သွားဖမ်းကြစို့"
ရွာထဲရှိ ကလေးများ တောင်ပေါ် သွားကြပြီ ဟု သူ အစောပိုင်း၌ ကြားခဲ့ရလေသည်။ ရစ်ငှက် အသိုက်အား တွေ့ထားကြပုံရသဖြင့် သူလည်း အချိန်မီရောက်အောင် အမြန်သွားချင်နေခြင်း ဖြစ်ပေသည်။ သူသည် အားယွီလေးအား ခေါ်သွားချင်သဖြင့် အပြင်ဘက်တွင် အထူး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။
အခြားတစ်ဖက်တွင်မူ အဘွားအိုဝမ်သည် အိမ်တွင် မည်သူမျှ မရှိတော့သည်အား မြင်သောအခါ ဝမ်ချွမ်းကွေ့၏ အိပ်ခန်းထဲသို့ လျှောက်ဝင်သွားခဲ့သည်။ ထိုအချိန်တွင် ဝမ်ချွမ်းကွေ့မှာ အားယူလျှက် ထထိုင်ရန် ကြိုးစားနေလေသည်။ မမျှော်လင့်ဘဲ သူသည် အဘွားအိုဝမ်၏ အကြည့်နှင့် ဆုံသွားခဲ့လေသည်။
ထိုအချိန်တွင် အဘွားအိုဝမ်နှင့် ဝမ်ချွမ်းကွေ့ နှစ်ဦးသာ ကြောင်အသွားခဲ့ကြတော့သည်။ သူမ၏ ဒုတိယသား ကိုယ်တိုင် ထထိုင်နိုင်သည်အား မြင်လိုက်ရသောအခါ အဘွားအိုဝမ် အဖြစ်အပျက်များအား နားမလည်ဘဲ မနေတေ့ာပေ။
"ငါ့သားက အတောင်စုံနေပြီပေါ့လေ ခန္ဓာကိုယ် ပြန်ကောင်း လာတာတောင် အိပ်ရာပေါ်မှာ လှဲပြီး ငါ့ကို အလုပ်အကျွေး ပြုခိုင်းဖို့ စောင့်နေတာပေါ့ ဟုတ်လား"
အဘွားအိုဝမ်မှ အနားသို့ အမြန် လျှောက်သွားလိုက်ပြီး ဝမ်ချွမ်းကွေ့အား စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်လေသည်။
"မင်း ကိုယ်တိုင် ထထိုင်နိုင်ပါလျက်နဲ့ ငါ့ကို နေ့တိုင်း ထမင်း လာကျွေးခိုင်းနေတာလား မင်းကိုယ်မင်း သိပ်တော်တယ် ထင်နေတာလား ငါကတော့ မင်းကို မိသားစုမှာ ဦးနှောက်အကောင်းဆုံး မိသားစုရဲ့ အခက်အခဲကို အသိဆုံးလို့ ထင်နေခဲ့တာ မင်းက တခြားသူတွေထက် ပိုသိတတ်တယ်လို့ ထင်ခဲ့တာ ဒီလောက်အထိ ပျင်းရိလိမ့်မယ်လို့ မထင်ထားမိဘူး"
ဤစကားလုံးများမှာ အလွန်ပင် စိတ်နာကျင်ဖွယ် ကောင်းလှပေသည်။ မာန အနည်းငယ် ရှိသူပင် ခံနိုင်ရည် ရှိမည်မဟုတ်လေရာ ဝမ်ချွမ်းကွေ့ အတွက်မူ ဆိုဖွယ်ရာ မရှိပေ။ သူသည် မစဉ်းစားတော့ဘဲ အလျင်အမြန် ဆိုလိုက်တော့သည်။
"အမေ ကျွန်တော် ပြောမလို့ပါပဲ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော့် ခြေထောက်တွေမှာ အထိတွေ့အာရုံ ပြန်ရလာသလို ခံစားရတယ် မနေ့ညကဆိုရင် လက်တွေ ပိုသန်မာလာသလို ခံစားရလို့ ကိုယ်တိုင် ထထိုင်နိုင်မလားလို့ စမ်းကြည့်နေတာပါ"
အဘွားအိုဝမ်မှ သူ့စကားအား ဖြတ်ပြောလိုက်လေသည်။
"မင်း ဘယ်သူ့ကို လာလိမ်နေတာလဲ တစ်ရက် နှစ်ရက်အတွင်းမှာ ပြန်ကောင်းနိုင်ပါ့မလား ဒါဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်ပတ်လုံး မင်း လှဲနေခဲ့တာက အလကားလား မင်းအတွက် ငါ ဘယ်လောက်တောင် ဆေးဖိုးဝါးခ သုံးခဲ့ရလဲ ဘယ်လောက်တောင် ကောင်းတာတွေ ကျွေးခဲ့ရလဲ အခုမှ နှစ်ရက်အတွင်း ပြန်ကောင်းလာတယ်လို့ ပြောတာက မိသားစုရဲ့ ကြိုးစား အားထုတ်မှုတွေကို ဖျောက်ပစ်ချင်လို့လား"
မူလတွင် ဝမ်ချွမ်းကွေ့သည် သူ၏ ခြေထောက်များ အမှန်တကယ်ပင် ပြန်လည်၍ သက်သာလာသည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။ ယခင်တွင် မည်မျှပင် ဆေးသောက်သောက် အပ်စိုက်ကုသမှု ခံယူစေကာမူ မထူးခြားခဲ့ချေ။
သို့သော် ယခု မိခင်ဖြစ်သူ၏ စကားအား ကြားလိုက်ရသောအခါ ဝမ်ချွမ်းကွေ့ မတွေးဘဲ မနေနိုင်တော့ပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း သောက်ခဲ့ရသော ဆေးများသည် အခုမှ အာနိသင် ထလာခြင်းမျိုး ဖြစ်နေသည်လား။ ထိုသို့ မဟုတ်ပါက ကမ္ဘာပေါ်တွင် ခြေထောက်အား ချက်ချင်း အာရုံပြန်ရစေမည့် နတ်ဆေး ရှိနိုင်ပါဦးမည်လော။
"အမေ ကျွန်တော် မှားသွားပါတယ်"
ဝမ်ချွမ်းကွေ့သည် သူ၏အမှားအား ပြတ်ပြတ်သားသား ဝန်ခံလိုက်ပြီးနောက် အဘွားအိုဝမ်အား ပြောလိုက်လေသည်။
"ကျွန်တော် အခုပဲ ပြောပြမလို့ပါ ကျွန်တော့် ခြေထောက်တွေ အာရုံ ပြန်ရလာပြီဆိုတော့ ဖြည်းဖြည်းချင်း ပြန်ကောင်းလာမှာ မဟုတ်လား ဆေးဖိုးတွေလည်း ဒီလောက် အများကြီး ကုန်မှာ မဟုတ်တော့ဘူး။ အကြွေးတွေကလည်း အများကြီး ကျန်သေးတာ"
"ကောင်းပြီ ပြန်ကျန်းမာလာဖို့ပဲ အာရုံစိုက်ပါ တခြားဘာကိုမှ စိတ်မပူနဲ့ ခြေထောက်တွေ ပြန်ကောင်း လာပြီဆိုတော့လည်း ပျင်းမနေနဲ့ လုပ်စရာရှိတာတွေ လုပ်အုန်း"
ဝမ်ချွမ်းကွေ့၏ အတွေးများအား သူမ အလိုရှိရာသို့ အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သဖြင့် အဘွားအိုဝမ်မှ သာမာန်ကာလျှံကာ ဆိုလိုက်လေသည်။
"မင်းမှာ ရည်မှန်းချက် ရှိတယ်ဆိုရင် ခြေထောက်ကို မြန်မြန် ကောင်းအောင် လုပ် ပြီးရင် ငါ မင်းကို ကျောင်းပို့ပေးမယ်"
ဝမ်ချွမ်းကွေ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေသည်။
"ဗျာ ဒါပေမဲ့ ကျွန်တော် ဒီနှစ်မှာ ၃၁ နှစ် ရှိပြီလေ အခုမှ စာသင်ဖို့ဆိုတာ နောက်ကျ မနေဘူးလား"
သူသည် အသက် ၃၀ ကျော်မှ ၄၀ ထဲသို့ ကူးပြောင်းတော့မည့် အချိန်တွင် ကျောင်းတက်ရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။ သူသည် ကျောင်းတက် ရမည့်ကိစ္စအား လုံးဝ မေ့လျော့နေပြီ ဖြစ်သော်လည်း သူ၏ မိခင်မှာမူ မှတ်မိနေဆဲ ဖြစ်သည်။
"တချို့လူတွေဆို အသက် ၈၀ ကျမှ နန်းတွင်းစာမေးပွဲ ဖြေနေကြသေးတာပဲ မင်းက ၃၁ နှစ်ပဲ ရှိသေးတာ ဘာနောက်ကျတာလဲ မင်းက ပျင်းလို့ အကြောင်းပြနေတာပဲ မင်းလို ပျင်းတဲ့ကောင်က ငါ့သားလို့ အပြင်မှာ လျှောက်မပြောနဲ့"
အဘွားအိုဝမ်သည် မူလတွင် ဒေါသတကြီး ပြောဆိုနေရာမှ ဝမ်းနည်းသော အမူအရာဖြင့် ပြောလိုက်လေသည်။
"ငါက သားလေးယောက် မွေးထားတော့ တစ်ယောက်ယောက်ကတော့ ဘိုးဘေးတွေကို ဂုဏ်တက်စေပြီး ငါ့ကို မယ်တော်ကြီး တစ်ယောက်လို နေခွင့် ပေးမလားလို့ မျှော်လင့်နေခဲ့မိတာ ကြည့်ရတာ ငါ အိပ်မက် မက်နေတုန်းပဲ ထင်ပါရဲ့ "
ပုံမှန်အားဖြင့် အဘွားအိုဝမ်သည် သူ့အား ဆူပူကြိမ်းမောင်းရုံသာ ပြုလုပ်လေ့ရှိကာ ယခုကဲ့သို့ အလျှော့ပေးသည့် စကားမျိုး ပြောရန် ခဲယဉ်းလှပေသည်။ ယခု သူမသည် ဝမ်ချွမ်းကွေ့အား ဤသို့ပြောလိုက်လေရာ သူ မည်သို့ ခံနိုင်ရည်ရှိပါဦးမည်နည်း။ သူသည် မျက်ရည်များအား သုတ်လိုက်ပြီးနောက် အိပ်ရာပေါ်တွင်ပင် အဘွားအိုဝမ်အား အကြိမ်အနည်းငယ် ဦးတိုက်လိုက်လေတော့သည်။
"အမေ အမေက အဲဒီလို ပြောလိုက်တော့ ဒီသားက ရှက်လှပါပြီ သား သေချာပေါက် ပြန်ကောင်း လာစေရပါ့မယ် နန်းတွင်းစာမေးပွဲကိုလည်း အကောင်းဆုံး ဖြေဆိုပြီးတော့ အမေ့ကို ဂုဏ်သရေရှိ မယ်တော်ကြီး တစ်ယောက် ဖြစ်စေရပါ့မယ်"
ကတိကဝတ် ရရှိပြီးနောက်တွင်မူ အဘွားအိုဝမ်၏ မျက်နှာပေါ်မှ ဝမ်းနည်းရိပ်များ ပျောက်ကွယ် သွားခဲ့ကာ ချက်ချင်းပင် တည်ငြိမ် သွားတော့သည်။
"ကောင်းပြီ ဒါဆိုရင် ကျန်းမာအောင် နေပြီး မြန်မြန် ပြန်ကောင်းအောင် လုပ် ငါ လုပ်စရာ ရှိသေးလို့ သွားတော့မယ်"
...
ဝမ်ချွမ်းကွေ့မှာမူ မိခင်ဖြစ်သူ၏ အမူအရာ ဤမျှ မြန်မြန် ပြောင်းလဲသွားသည်အား မြင်လိုက်ရသဖြင့် ကြောင်အမ်းအမ်း ကျန်ရစ်ခဲ့လေတော့သည်။ အဘွားအိုဝမ် ထွက်သွား ပြီးနောက် ဝမ်ချွမ်းကွေ့မှာ မှင်တက်နေဆဲ ဖြစ်သည်။
"ငါ အမေ့ကို ဘာပြောမလို့လဲ"
ဤအချိန်တွင် ဟူစန်း၏ အိမ်တွင် နေထိုင်သည့် ချင်ဟွိုင်သည် ခြံဝင်း အပြင်ဘက်သို့ အကြိမ် ၃၀ မြောက်အဖြစ် လှမ်းကြည့်နေခဲ့ခြင်း ဖြစ်သည်။ရေနှစ်ပုံးအား ထမ်းလာသော ချီကျားသည် ဝင်လာရင်း ဤသည်အား မြင်သောအခါ မပြောဘဲ မနေနိုင်တော့ပေ။
"သခင်လေး ထပ်မကြည့်ပါနဲ့တော့ အားယွီလေး လာမှာ မဟုတ်ဘူး သူက သူ့အစ်ကိုတွေနဲ့ တောင်ပေါ်ကို သွားပြီ ရွာထဲက ကလေးတွေ အကုန်သွားကြတာ"
ချင်ဟွိုင်သည် သူ၏ ခန္ဓာကိုယ်အား အခြားတစ်ဖက်သို့ တိတ်တဆိတ် လှည့်လိုက်ပြီးနောက် တိုးတိုးလေး ဆိုလိုက်လေသည်။
"မင်း စကားများလှချေလား ငါ မင်းကို မမေးဘူး"
"သခင်လေး စိတ်မဝင်စားဘူးဆိုရင်လည်း သူတို့ ဘယ်သွားတယ်ဆိုတာ ကျွန်တော် မပြောတော့ပါဘူး"
"နေဦး"
ချင်ဟွိုင်သည် သူ၏ ရင်ဘတ်အား ဖိလိုက်ကာ အားနည်းဟန်ဖြင့် ပြောလိုက်လေသည်။
"ငါ နေလို့ သိပ်မကောင်းဘူး အဲဒီကလေးမလေးရဲ့ လျှို့ဝှက်ချက်တွေကို သွားစုံစမ်းဖို့ ငါ့ကို ခေါ်သွားပေးစမ်း သူ့နောက်ကွယ်မှာ ဘာရှိလဲဆိုတာ သိချင်တယ်"
ချီကျား သည် သူ၏ စိတ်ထဲမှ တွေးလိုက်မိလေသည်။
‘သခင်လေး သခင်လေးရဲ့ သရုပ်ဆောင်မှုက တော်တော်လေး အားနည်းပါသေးတယ်ဗျာ ပုံမှန်ဆို သခင်လေးက ဒီလောက် စကားမများတတ်ပါဘူး’