← Chapters

ကျုပ်ကိုအရင်ဆုံး နိုင်အောင်တိုက်

Vol. 21 Ch. 282

ကျုပ်ကိုအရင်ဆုံး နိုင်အောင်တိုက်

Vol. 21 Ch. 282

အခန်း (၂၈၂) ကျုပ်ကိုအရင်ဆုံး နိုင်အောင်တိုက်

ကောင်းကင်ထက်တွင် လရောင်က ထိန်ထိန်သာနေသည်။

လေတိုက်ခတ်နေသောကြောင့် သစ်ရွက်လှုပ်သံများ ထွက်ပေါ်လျှက် ရှိသည်။

တောင်ကြောတစ်လျှောက်တွင် လူရိပ်တစ်ခုက အလွန်လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် ပြေးလွှားလျှက် ရှိသည်။ လရောင်ကြောင့် ထိုသူ၏အရိပ်ကို ရှည်လျားစွာ တွေ့မြင်ရလေသည်။

"ဟူး… ဟူး"

ဤသည်က မနားတမ်း ပြေးလွှားနေသူ၏ အသက်ရှူသံဖြစ်သည်။

သူ့ကိုကြည့်ရသည်မှာ အနည်းငယ်စိတ်ရှုတ်ထွေးနေဟန် ရှိသော်လည်း တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလျှက် ရှိသည်။

မသိလျှင် သူ့နောက်မှ ကြောက်မက်ဖွယ်ရာရန်သူတစ်ယောက် လိုက်လာသည်ပမာ ခွန်လွန်တောင်နှင့် ဝေးရာအရပ်သို့ ပြေးလွှားနေခြင်း ဖြစ်သည်။

ထိုသူက နတ်လူသားမျိုးနွယ် 'ဖုယွမ်' ပင် ဖြစ်သည်။

သဲဘုတ်ပြားကို ယူပြီးသည်နှင့် အချိန်ကြာကြာ မနေရဲဘဲ ခွန်လွန်တောင်နှင့်ဝေးရာသို့ အရှိန်အဟုန်ဖြင့် ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။

ထိုသူ ပြေးနေသည်မှာ အတော်လေးအချိန်ကြာနေပြီ ဖြစ်၏။ ချင်းချန်မြို့နှင့် အတော်လေး ဝေးကွာနေပြီ ဖြစ်သည့်တိုင် ရပ်တန့်မည့်အရိပ်အယောင်မပြပေ။

"ငါ သူ့နောက်လိုက်နေတယ်ဆိုတာ သိနေတာများလား"

ကျန်းလန် တွေးလိုက်သည်။

သူ လိုက်လာသည်ကို ထိုသူ သိရှိနေသည်ဟု ကျန်းလန် မခံစားရပေ။ သို့သော် အရှေ့ဆီမှ ရောင်နီသမ်းလာသည့်တိုင် ဖုယွမ်က တစ်ချက်လေးပင် အနားယူခြင်း မရှိသေးပေ။

ဤသည်က ပုံမှန်မဟုတ်သည့် အခြေအနေဖြစ်သည်။ ပြီးတော့ ထိုသူက သူ့လူများရှိရာသို့ သွားနေခြင်းမဟုတ်ဘဲ တမင်သက်သက် လမ်းလွှဲပြီးသွားနေဟန်ပင်။

ခဏမျှ စဉ်းစားပြီးနောက် ကျန်းလန် ထိုသူနောက်သို့ ဆက်မလိုက်တော့ပေ။ တစ်ဖက်လူက သူ့လူများရှိရာသို့ သွားနေခြင်း မဟုတ်လျှင် ဆက်လိုက်နေခြင်းက အလကားပင် ဖြစ်သည်။

ကျန်းလန် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုလိုက်ပြီး ချက်ချင်းပင် ဖုယွမ်ရှေ့သို့ ရောက်ရှိသွားသည်။

ဖုယွမ်မှာ သေပြေးရှင်ပြေး ပြေးလာစဉ် ကောင်းကင်ထက်မှ ဆင်းသက်လာသည့် လူရိပ်တစ်ရိပ်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုလူရိပ်ကို ရှင်းရှင်းလင်းလင်းတွေ့သည်ဟု ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် တွေ့မြင်ရခြင်း မရှိပြန်ပေ။

ရောက်လာသူက လူသားအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်သည်။

ထို့ကြောင့် တိုက်ခိုက်ရန်မစဉ်းစားတော့ဘဲ ချက်ချင်းပင်လမ်းကြောင်းပြောင်းကာ အရှိန်မြှင့် ထွက်ပြေးလိုက်သည်။ သို့သော် မကြာမီ လူရိပ်က သူ့အရှေ့ဘက် ကောင်းကင်ထက်ဆီမှ ဆင်းသက်လာပြန်၏။

ယခုတစ်ကြိမ်တော့ ဖုယွမ် လမ်းကြောင်းပြောင်းရန် မစဉ်းစားတော့ပေ။ တစ်ဖက်လူ၏ တန်ခိုးစွမ်းအားက သူ့ထက်သာလွန်နေသည် ဖြစ်ရာ ပြေး၍မလွတ်နိုင်ကြောင်း သိလိုက်သည်။

ချက်ချင်းပင် ဖုယွမ်၏ ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး အလွှာရိပ်တစ်ခုအလား သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် တန်ခိုးစွမ်းအားများ အပြည့်အ၀ ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။

ဖုယွမ်က အနည်းငယ်တိုးလျသည့်အသံဖြင့်…

"ရောင်းရင်း… ကျုပ်ကို ဘာလို့ လမ်းပိတ်ထားရတာလဲ"

ကျန်းလန်ကို စိုက်ကြည့်နေရင်း သူ့ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ အဆက်မပြတ် ထွက်ပေါ်လျှက် ရှိသည်။ တစ်ဖက်လူ သူ၏တန်ခိုးစွမ်းအားကို သိရှိစေရန် တမင်သက်သက် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။

ကျန်းလန် လရောင်အောက်တွင် မတ်တတ်ရပ်လျှက် ရှိသည်။

အရှေ့ဆီမှ ရောင်နီသမ်းလာသည့်အခါ လရောင်က တောက်ပခြင်း မရှိတော့ပေ။ အရုဏ်တက်ချိန် ရောင်နီအလင်းတန်းက ကောင်းကင်စင်မြင့်ကို နေရာယူ သိမ်းပိုက်လိုက်သည်။

ဖုယွမ်ထံမှ အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်တန်ခိုးစွမ်းအားများ မြင့်တက်လာသည်ကို ခံစားမိသည်နှင့် ကျန်းလန်က ပိုပြီး သတိထားလိုက်သည်။

သူ ချက်ချင်းပင် နွားရိုင်းကိုးကောင်စွမ်းအားကို စုစည်းလိုက်သည်။ ရန်သူကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်ရန် အရေးကြီးသည်။

အစစ်အမှန်အင်မော်တယ်များဆိုသည်က အရေးပေါ် အသက်ကာကွယ်သည့် နည်းလမ်းများ ရှိကြစမြဲဖြစ်လေရာ လျှော့တွက်၍ မရနိုင်ပေ။

တိုက်ပွဲစသည်နှင့် အစွမ်းအကုန် အားကုန်သုံးတိုက်ခိုက်ရမည်ဖြစ်သည်။ ရန်သူကို မသုတ်သင်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို လုံး၀ ခွင့်မပြုနိုင်ပေ။

သို့သော်…

တစ်ဖက်လူ ထုတ်ဖော်အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားကို ရင်းနှီးနေသည့်အလား ကျန်းလန် ခံစားလိုက်ရသည်။ နတ်လူသားမျိုးနွယ်များ၏ ကိုယ်ခွဲတစ်ထောင်စွမ်းအားပင် ဖြစ်၏။

ကျန်းလန်က…

"မင်းက နတ်လူသားမျိုးနွယ်တစ်ယောက်လား"

ယခုတစ်ကြိမ် နတ်လူသားမျိုးနွယ်များ ရောက်ရှိလာခြင်းက သူ့ကို လုပ်ကြံသတ်ဖြတ်ရန် ဟုတ်ပုံမရပေ။

သို့ပေမဲ့...

သူကတော့ ဤသူကို အလွတ်မပေးဘဲ တားဆီးရပေမည်။

ဖုယွမ်က ကျန်းလန်ကို သုန်သုန်မှုံမှုံ မျက်နှာထားဖြင့်ကြည့်လိုက်ပြီး...

"မင်းက ခွန်လွန်တောင်ကလား ၊ မင်းတို့တွေ ကျုပ်တို့အကြောင်း ဒီလောက်မြန်မြန်သိသွားမယ်လို့ မျှော်လင့်မထားဘူး ၊ အခု မင်းတစ်ယောက်တည်း ရောက်လာတာလား ၊ တခြားသူတွေပါသေးလား"

ယခု သူနှင့် ရင်ဆိုင်နေရသူက လူသားအင်မော်တယ်ဖြစ်သည့်တိုင် တကယ်တမ်းတိုက်ခိုက်မည်ဆိုလျှင် သူ့အနေဖြင့် လွတ်လမ်းရှိမည် မဟုတ်ပေ။

ဤသူက အလွန်တရာ လျှင်မြန်လွန်းသောကြောင့် သူ့ကို တိုက်ခိုက်ရန် လက်ဦးမှု ရယူရမည် ဖြစ်သည်။

ကျန်းလန်က…

"အင်း ကျုပ် တစ်ယောက်တည်းပဲ"

သူက ဆက်မေးလိုက်သည်။

"မင်းလူတွေရော ဘယ်ရောက်နေလဲ"

ဖုယွမ်က ကျန်းလန်ကို ကြည့်လိုက်ပြီး...

"ကျုပ် လူတွေ … ဟုတ်လား"

ပြီးမှ သူက ဆက်ပြောသည်။

"ဘာလဲ မင်းက နတ်မိစ္ဆာတွေကို မေးနေတာလား ၊ ကောင်းပြီလေ… ဘာပဲဖြစ်ဖြစ် နတ်မိစ္ဆာတွေက ကျုပ်တို့နဲ့မဟာမိတ်တွေဆိုတော့ မင်း သူတို့နေရာသိချင်တယ်ဆိုရင် ကျုပ်ကိုအရင်ဆုံး နိုင်အောင်တိုက်မှ ဖြစ်မယ်"

ကျန်းလန် ခေါင်းညိတ်ရင်း...

"နားလည်ပြီ..."

ထို့နောက် ခြေတစ်လှမ်းလှမ်းလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။

ဖုုယွမ်ထိတ်လန့်သွားပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ သို့သော် သူ့အနားသို့ လူရိပ်တစ်ခု ရောက်လာပြီး ပြင်းထန်လွန်းသည့်အရှိန်ဖြင့် ထိုးနှက်ခြင်းကို ခံလိုက်ရသည်။

"ဘန်း..."

လေထဲတွင် သွေးမှုံများ လွင့်ပျံသွား၏။

သူ့လက်တစ်ဖက်က မျက်စိရှေ့မှာပင် ကွဲအက်ကြေမွသွားသည်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် တွေ့မြင်လိုက်ရသည်။ ပြင်းထန်သည့်နာကျင်မှုကို ခံစားရသည့်တိုင် ချက်ချင်းပြန်လည်တိုက်ခိုက်ရန် ကြံစီလိုက်သည်။

သို့သော် ကျန်းလန်က ချက်ချင်းပင် သူ့ဘယ်ဘက်ခြမ်းသို့ရောက်လာပြီး သူ့ပခုံးကို ထိုးနှက်လိုက်ပြန်သည်။

"ဘန်း"

ဖုယွမ်၏ ဘယ်ဘက်လက်သည်လည်း ချက်ချင်း ကြေမွသွားပြီး သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။

"မင်းရှုံးပြီ"

ကျန်းလန်၏ အသံက သွေးမှုံများကို ဖြတ်သန်းပြီး အေးစက်စွာဖြင့် ထွက်ပေါ်လာသည်။ သူ့အသံက အကြင်နာကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်လျှက် ရှိ၏။

ကျန်းလန်က…

"အခု သူတို့ ဘယ်မှာလဲဆိုတာ မင်း ပြောပြနိုင်မလား"

ဖုယွမ်၏မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေရင်း…

"မင်း အိပ် မက် မက် နေ လိုက် လေ"

သူက လက်နှစ်ဖက်လုံး ဆုံးရှုံးသွားသည့်တိုင် အလျှော့ပေးခြင်း မရှိသေးပေ။

သူ၏ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်စေလိုက်ပြီး ကျန်းလန်ရှိရာသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

သူက အစစ်အမှန်အင်မော်တယ်တစ်ပါး၏ တန်ခိုးစွမ်းအားများကို ထုတ်လွှတ်ကာ ကျန်းလန်ကို အသေခံတိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

"သေစမ်း"

သို့သော် သူ ကြုံးဝါးအော်ဟစ်သံ မဆုံးခင်မှာပင် ကျန်းလန်၏ လက်တစ်ဖက်က သူ၏ဦးခေါင်းဆီသို့ ဝင်ရောက်လာသည်။

"မဟုတ်ဘူး"

"ဘုန်း"

ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံများ လွင့်ပျံသွားသည်။

ဖုယွမ် သေဆုံးသွားပြီ ဖြစ်ပြီး တိုက်ခိုက်ရန်ပင် အချိန်မရခဲ့ပေ။

အစစ်အမှန်အင်မော်တယ်များ တိုက်ခိုက်ကြသည့်အခါ တိုက်ပွဲကို အလျှင်အမြန်အဆုံးမသတ်နိုင်ပါက နောက်ဆက်တွဲဖြစ်လာမည့်ပြဿနာများက အလွန်တရာ ကြီးမားမည် ဖြစ်၏။

ဤနေရာက ခွန်လွန်တောင်နှင့် ဝေးကွာလွန်းသည်ဖြစ်ရာ တိုက်ပွဲပြင်းထန်သည့်တိုင် ကျန်းလန်ကို မည်သူမှ သံသယဝင်မည် မဟုတ်ပေ။

ဖုယွမ်ထံမှ ကျန်းလန် မည်သည့်သတင်းမှ မသိခဲ့ရပေ။ ရန်သူ သေဆုံးသွားပြီ ဖြစ်သောကြောင့် သူ နောက်ကြောင်းပြန်လှည့်လာခဲ့သည်။

သို့ရာတွင် ရန်သူက နတ်လူသားမျိုးနွယ်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အချည်းနှီးမဖြစ်ဟု ဆိုသာသည်။ ထို့ပြင် မြေအောက်နတ်ဆိုးများ၏ တိုက်ခိုက်မှုက နတ်လူသားမျိုးနွယ်များနှင့် ပတ်သက်နေနိုင်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။

နတ်မိစ္ဆာများ၏ရန်ကလည်း မအေးသေးပေ။

သူ၏ နတ်ဘုရားရာထူးနာမည်ကို ခေါ်ခဲ့ကြသူများက နတ်မိစ္ဆာများ ဖြစ်ကြသည် မဟုတ်လား။

သို့ပေသိ ယခုတလောမှာတော့ နတ်မိစ္ဆာများ အသံပျောက်နေကြသည်။ သူတို့ အသတ်ခံလိုက်ရပြီလား ၊ သို့မဟုတ် ပုန်းအောင်းနေကြသည်လား မပြောတတ်ပေ။

ကျန်းလန် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုပြီး ခွန်လွန်တောင်သို့ အလျှင်အမြန် ပြန်လာခဲ့သည်။

ဧကရာဇ်ရှီးဟယ် သတ်ဖြတ်ခိုင်းသူနှင့်ပတ်သက်ပြီး မည်သည့်သတင်းမှ မကြားခဲ့ရပေ။ တစ်ဖက်လူက အဘယ့်ကြောင့် ကြိုတင်ကာ ထွက်ပြေးသွားရကြောင်း ကျန်းလန် မသိရှိပေ။

ထိုသူသာ ယခုအတိုင်း ထွက်ပြေးနေမည်ဆိုလျှင် ဧကရာဇ်ရှီးဟယ်က ထိုသူတည်ရှိသည့်နေရာကို အကြမ်းဖျင်း ပြောပြသည်ဆိုဦးတော့ သူ့အနေဖြင့် တစ်ဖက်လူကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

***

နံနက်ခင်းအချိန်။

နေအလင်းရောင်က တောင်တန်းများဆီသို့ ဖြာကျလာသည်။ နေ့သစ်တစ်ခု စတင်သည့် နိမိတ်ပုံပင် ဖြစ်၏။

"ဖုယွမ် သေပြီ"

ဖုကျယ်က အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။

"သူထွက်သွားတာကြာလှနေပြီ ၊ သူ ရန်သူကို တိုက်ခိုက်နိုုင်မယ်ဆိုရင်တောင်မှ ကျုပ်တို့ဆီကို ပြန်လာနိုင်မှာ မဟုတ်တော့ဘူး ၊ ကြည့်ရတာ သူလည်း ဖြစ်လာသမျှရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသားထင်တယ်"

ပြောပြီးသည်နှင့် ဖုကျယ်က မြောက်နျန်ကို လှမ်းကြည့်လိုက်သည်။

မြောက်နျန်က ဆုံးဖြတ်ချက်ချရမည့် အဓိကလူ မဟုတ်ပါလား။

"လောလောဆယ်တော့ တခြားကိစ္စတွေကို အရေးမစိုက်နိုင်သေးဘူး ၊ ခွန်လွန်တောင်ကို အရင်သွားကြရအောင် ၊ ဘာဖြစ်နေတာလဲဆိုတာ အရင်ဆုံးသွားကြည့်ရမယ် ၊ ခွန်လွန်တောင်ခြေရောက်ရင် အခြေအနေကို အနည်းနဲ့အများ သိရမှာပဲ"

သူ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း မြောက်နျန် သိရှိလိုက်သည်။

မည်သို့ပင်ရှောင်တိမ်းပါစေ အသတ်ခံရမည့်အန္တရယ်မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ထို့ပြင် သူ့ကို လုပ်ကြံသတ်ဖြတ်သည်မှာလည်း အကြောင်းတစ်ခုသာ ရှိသည်။ သူရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကြောင့် ဖြစ်နိုင်၏။

အချိန်ဆွဲလေ အန္တရယ်များလေ ဖြစ်သောကြောင့် သူတို့ ခွန်လွန်တောင်သို့ ချက်ချင်းပင် ဦးတည်လိုက်ကြသည်။

ဖုကျယ်က…

"ကောင်းကင်လှေကားကို အဆုံးထိတက်နိုင်တယ်ဆိုတဲ့ နဝမတောင်ထွတ်ကလူကို အရင်ဆုံး ရှာကြမလား"

မြောက်နျန်က…

"အင်း… သူ့ရှိမယ့်နေရာကို အရင်ဆုံး အာရုံခံကြည့်ရအောင် ၊ သူ ပုန်းနေတယ်ဆိုရင်တော့ ထားလိုက်တော့ ၊ ဆက်မရှာတော့ဘူး ၊ ဒါပေမဲ့ ရှာတွေ့နိုင်မယ်ဆိုရင်တော့ လွယ်မယ်ဆိုရင် ရှင်းပစ်လိုက်ကြတာပေါ့ ၊ မလွယ်ဘူးဆိုလည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြတာပေါ့ ၊ တာဝန်ပြီးရင်လည်း သူ့ကို ရှင်းပစ်ဖို့ အခွင့်အရေး ရချင်ရဦးမှာပါ"

ဖုကျယ်က မြောက်နျန်စကားကို သဘောတူလိုက်သည်။

သူတို့ အသက်ရှင်လျှက် ပြန်နိုင်ကြလိမ့်မည်ဟု တွေးမထားကြတော့ပေ။ ကိုယ့်ကိုယ်ကိုယ် သေလူဟု သတ်မှတ်ထားကြပြီ ဖြစ်သည်။

အန္တရယ်က စတင်ခဲ့ပြီဖြစ်ပြီး သူတို့ထဲမှတစ်ယောက်သည်ပင် အသက်ဆုံးရှုံးခဲ့ရပြီ မဟုတ်ပါလား။ ဤသည်က သူတို့အတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီးပင် ဖြစ်သည်။

သူ့ကို တန်ခိုးရှင်တစ်ယောက်ပေးအပ်ထားသည့် နတ်တန်ခိုးစွမ်းအားကြောင့်သာမဟုတ်လျှက် ယခုအချိန်ထိ အသက်ရှင်နေမည်ပင် မဟုတ်ပေ။

အချိန်လည်း သိပ်မကျန်တော့သည်ဖြစ်ရာ တာဝန်ကို ပြီးအောင်လုပ်ဖို့ လိုအပ်သည်။

ဖုကျယ်က လေးထောင့်ချပ်ပြားပုံစံရှိသည့် မှော်ဝင်ပစ္စည်းလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ဤပစ္စည်းလေးက ကျန်းလန်၏ တည်နေရာကို ရှာဖွေနိုင်သည့် မှော်ဝင်ပစ္စည်း ဖြစ်သည်။

ဤမှော်ဝင်ပစ္စည်းကို ကြားခံအဖြစ် အသုံးပြုပြီး ကျန်းလန်ကို ရှာဖွေရန်မှာ ခက်ခဲမည် မဟုတ်ပေ။

ကျန်းလန်က သူတို့ အာရုံခံနိုင်ခြင်းမရှိအောင် ပုန်းကွယ်နေလျှင်တော့ သူတို့ လက်လျှော့လိုက်ကြမည် ဖြစ်သည်။

အခြေအနေက မထိရောက်ဘဲ ရန်သူကို သတိပေးသလိုဖြစ်အောင် လုပ်စရာမလိုပေ။

ကျန်းလန် ကောင်းကင်ဘုံလှေကား အဆုံးထိ တက်လိုက်ပြီးကတည်းက သူနှင့် နတ်လူသားမျိုးနွယ်များကြားတွင် ရေစက်ဆိုးကို ဖန်တီးခဲ့ပြီးဖြစ်သည် မဟုတ်ပါလား။

All Chapters