← Chapters

နတ်အမျိုးမျိုး

Vol. 10 Ch. 918

နတ်အမျိုးမျိုး

Vol. 10 Ch. 918

" သူက ပြစ်ဒဏ်တိမ်တိုက်တွေကို စားပစ်လိုက်တာလား "

ကုန်းပတ်ပေါ်ရှိ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ လုံးလုံးလျားလျား အံ့အားသင်နေကြတော့သည်။ ထိုအခြင်းအရာက ဖြစ်နိုင်သည်ဟု သူတို့ စိတ်ပင်မကူးဖူးချေ။

" ဒါက နတ်အဆင့်ကျင့်ကြံသူတွေ လုပ်နိုင်တဲ့အရာလား "

ယခုမှစ၍ ထိုလူများအတွက် အနှီကိစ္စထက်ပို၍ အံ့ဩအောင်လုပ်ရန် ခက်ခဲသွားပေတော့မည်။

အရှေ့ဘက်ကောင်းကင်တံတားဒေသတွင် နတ်အဆင့်ကျင့်ကြံသူ လက်တစ်ဆုပ်စာသာရှိပြီး သူတို့အား တွေ့ကြုံဖူးသည့်လူ အတော်လေးနည်းပါးသည်။ ရှိသည့်လူအများစုအတွက် ထိုအဖြစ်အပျက်မှာ သူတို့ဘဝတစ်လျှောက်လုံး ဦးနှောက်ထဲ စွဲထင်ကျန်ရစ်နေမည့်အရာပင် ဖြစ်တော့သည်။

သို့သော် အလယ်ပိုင်းဒေသရှိ အခြားဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများက လူများထက် ပို၍ အံ့သြတုန်လှုပ်နေကြသည်။

သူတို့သည် ယခင်က ဂိုဏ်း၏ခေါင်းဆောင်ဟောင်းကြီးများဖြစ်သော နတ်အဆင့်ကျင့်ကြံသူများနှင့် အနီးကပ်တွေ့ကြုံခဲ့ဖူးသည် မဟုတ်ပါလော။ ထို့ပြင် အံ့သြစရာကောင်းသည်မှာ သူတို့၏ခေါင်းဆောင်ကြီးများအနက် တစ်ယောက်မှ ထိုကဲ့သို့အရာမျိုး လုပ်ခဲ့သည်ကို မမှတ်မိခြင်းပင် ဖြစ်သည်။

ဤသည်က ကောင်းကင်ပြစ်ဒဏ်ဖြစ်သည်။

နတ်အဆင့်ကျင့်ကြံသူများအတွက် ယင်ယန်ဝိညာဥ်အဆင့် မိုးကြိုးပြစ်ဒဏ်သည် မယုံနိုင်စရာကောင်းလှသည် မဟုတ်သည့်တိုင် ၎င်းက ကောင်းကင်နှင့်မြေကြီးမှ စေလွှတ်လိုက်သော ပြစ်ဒဏ်ဖြစ်နေသေးသည်။ ၄င်းမှာ လူအနည်းစုသာ ဝင်ရောက်နှောင့်ယှက်နိုင်သည့် အဆုံးစွန်ဆုံးသော စွမ်းအားတစ်ခုဖြစ်သည်။

သို့စေကာမူ ယနေ့တွင် ပိုင်ရှောင်ချန်းက တိုက်ရိုက်မျိုချလိုက်သည်။

အမှန်တွင် လူတိုင်းလူတိုင်း အံ့သြတုန်လှုပ်နေကြပါသော်လည်း အလယ်ပိုင်းဒေသဂိုဏ်းများမှ လက်ရွေးစင်များထက် ပို၍ အံအားသင့်နေသော လူနည်းစု ရှိသည်။

သူတို့ကား ဇောင်ထျန်ကျောက်နှင့် ပိုင်လင်းပင် ဖြစ်သည်။

သူတို့သည် အခြားလူများထက်ပို၍ နတ်အဆင့်ကျင့်ကြံသူများနှင့် ရင်းနှီးသော ဆက်ဆံရေးများရှိသည် မဟုတ်ပါလော။ တစ်ယောက်က နတ်အဆင့်ကျင့်ကြံသူဖြစ်သည့် ဆရာတစ်ယောက်ရှိပြီး နောက်တစ်ယောက်က အဖိုးရှိသည်။ ထို့ကြောင့် သူတို့က နတ်အဆင့်ကျင့်ကြံသူများနှင့် ပတ်သက်သည့် သူတို့၏ ဗဟုသုတများအား ယှဥ်နိုင်သည့် သက်ရှိထင်ရှား ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ မရှိသလောက်ရှားသည်အထိ သာမန်လူထက်ပို၍ နတ်အဆင့်ကျင့်ကြံသူများအကြောင်း သိသည်။

ထိုသည်က အခြေအနေတစ်ရပ်လုံးအား ပို၍ပင် မယုံကြည်နိုင်စရာကောင်းသွားစေ၏။ ပိုင်ကျိမ်းထျန်ဖြစ်စေ၊ ချိန်ဟဲ့ထျန်ဖြစ်စေ ယခုကဲ့သို့ အရာကို လုပ်နိုင်မည်မဟုတ်ကြောင်း သူတို့နှစ်ယောက်လုံး သိကြသည်။

ထိုသို့လုပ်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူက နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးဖြစ်ပေလိမ့်မည်။

ရင်သပ်ရှုမောဖွယ်မြင်ကွင်းကြီး ဖြစ်ပျက်ပြီးနောက် ပိုင်ရှောင်ချန်း၏ မျက်နှာပုံရိပ်ကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အခန်းထဲတွင် သူ၏မျက်လုံးများ ရုတ်တရက် ဖျတ်ခနဲ ပွင့်လာသည်။

ဖြစ်ပျက်သွားခဲ့သောအရာကြောင့် သူသည်ပင် အံအားသင့်နေ၏။ သူက မိုးကောင်းကင်ကို မော့ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

" ဟောက်အာများ ငါ့ကိုကူညီနေတာလား "

ယခု သူ သိချင်နေသည့် တစ်ခုတည်းသောအရာမှာ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက် သူ ဖန်တီးခဲ့စဥ်က မည်သည့်အတွက်ကြောင့် ကောင်းကင်ပြစ်ဒဏ် မဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။

အမှန်တွင် စောစောက ကောင်းကင်ပြစ်ဒဏ်မည်မျှ ကြောက်မက်ဖွယ်ကောင်းနေစေကာမူ ၄င်းအတွင်းရှိ ပေါက်ကွဲတတ်သော စွမ်းအားက ဖြစ်ပေါက်လာသည်နှင့် တချိန်တည်းနီးပါး ပျံ့နှံ့သွားလိမ့်မည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်း ချက်ချင်း သတိထားမိခဲ့သည်။

သို့ဖြစ်၍ သူက ထိုကောင်းကင်ပြစ်ဒဏ်ကို တတ်နိုင်သမျှ လျင်မြန်စွာ စုပ်ယူလိုက်သည့်တိုင် အရိပ်အငွေ့မျှသာ ဖမ်းဆုပ်နိုင်လိုက်သည်။

ထိုအနည်းငယ်လေးကပင် သူ၏နေလခင်းကျင်း ကောင်းကင်စစ်တလင်း မန္တန်အား လှုပ်ရှားသက်ဝင်သွားစေသည်။ သူက ဒုတိယအဆင့်သို့မရောက်နိုင်သော်လည်း အတိုင်းအတာများစွာ တိုးတက်သွားပြီး ၄င်းကြောင့် နှစ်ပေါင်းများစွာ အချိန်သက်သာသွား၏။

ထိုအခြင်းအရာကြောင့် သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်တွင် ဘဝကူးပြောင်းခြင်းသံသရာစက်ဝန်းအား ထိန်းချုပ်ထားသည့် သူ့တပည့်ဖြစ်သူ ငရဲဧကရာဇ်အကြောင်း တွေးမိသွားသည်။ ဤကဲ့သို့ ကိစ္စများအပေါ် သက်ရောက်နိုင်သည့် တစ်ဦးတည်းသောလူက သူ့တပည့်သာ ဖြစ်သည်။

" ဟောက်အာ၊ အချိန်ခဏလေးပဲ လုပ်နိုင်တာ ဆိုးလွန်းတယ်ကွာ ။ မဟုတ်ရင် ငါ ကျင့်ကြံအားထုတ်ရတာ အရမ်းလွယ်သွားမှာ "

သူ၏ ထင်မြင်ယူဆချက်များ မှန်ကန်ကြောင်း မသေချာသော်လည် သူ၏အံ့သြစရာကောင်းသော တပည့်အကြောင်း ပြန်စဥ်းစားမိလိုက်သောအခါ သူ၏ရင်ထဲတွင် နွေးထွေးမှုအရိပ်အငွေ့လေးတစ်ခုကို ခံစားလိုက်ရ၏။

ကုန်းပတ်ပေါ်ရှိ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာမူ သူတို့မြင်ခဲ့ရသောအရာကြောင့် မှင်သက်နေတော့သည်။ ပိုင်ရှောင်ချန်းက ပြစ်ဒဏ်တိမ်တိုက်များအား ဝါးမျိုနေသည့် ပုံရိပ်ကြီးက သူတို့၏ စိတ်နှလုံးထဲတွင် အသက်ရှင်နေသမျှကာလပတ်လုံး စွဲကျန်နေတော့မည် ဖြစ်သည်။

ပိုင်ရှောင်ချန်းက မိုးကြိုးပြစ်ဒဏ်အား ဖယ်ရှားလိုက်ခြင်းကြောင့် ဖက်တီးကျန်းကြီး၏ အဆင့်တက်ခြင်းက ချောချောမွေ့မွေ့ပြီးဆုံးသွား၏။ မကြာမီ သူ့ထံမှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါတစ်ခု ပေါ်ပေါက်လာရာ ပိုင်ရှောင်ချန်း၏ မျက်နှာထက်တွင် အပြုံးတစ်စ ဖြစ်တည်လာေတာ့သည်။

ထိုအချိန်တွင် ဖက်တီးကျန်းကြီးသည် အန္တရာယ်ဟူသမျှအား ကျော်ဖြတ်ပြီးသွားလေပြီ။ သူသည် အချိန်အနည်းငယ်ကြာသည်အထိ သူ၏ယင်ယန်ဝိညာဥ်အား တည်ငြိမ်အောင် လုပ်ဆောင်ပြီးလျှင် ကျင့်ကြံအားထုတ်ခြင်း ပြီးဆုံးမည် ဖြစ်သည်။

ပိုင်ရှောင်ချန်းက လွန်စွာကျေနပ်ပီတိဖြစ်နေလျက် ဖက်တီးကျန်းကြီးလုံခြုံစေရန် အကာအကွယ်မန္တန်များကို နေရာချလိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားလေသည်။ ကုန်းပတ်ထံ သူ ရောက်သောအခါ ရိုသေလေးစားသော အကြည့်များအားလုံး သူ့အပေါ် ကျရောက်လာပြီး သူတို့က သူ့ကို ဦးညွှတ်အရိုအသေပေးလိုက်ကြလေသည်။

ပိုင်ရှောင်ချန်းက ဖက်တီးကျန်းကြီး၏ အဆင့်တက်သွားခြင်းကြောင့် ပျော်ရွှင်ဝမ်းမြောက်နေသည်ဖြစ်ရာ မြောက်မြားစွာသော လူအပေါင်းက သူ့အား လေးလေးစားစားကြည့်နေကြသည်ကို မြင်သည်တွင် ဝမ်းသာပီတိဂွမ်းဆီထိ ဖြစ်သွားတော့သည်။

" ငါ့တပည့်က သိပ်တော်တာပဲ " သူကတွေးလိုက်သည်။

" ငါ့ကျင့်ကြံခြင်းအခြေခံကို အရှိန်တင်ပေးရုံတင်မကဘူး။ ငါ့ကို လူတိုင်း ချစ်မြတ်နိုးအောင်လဲ လုပ်ပေးတယ်။ သူငါ့ကို တော်တော်နားလည်တာပဲ "

အကြောင်းခြင်းရာတစ်ခုကြောင့် ယနေ့ ရာသီဥတု ကောင်းမွန်နေဟန်တူ၍ သူက ပင်မကုန်းပတ်ပေါ်တွင်နေပြီး နေပူဆာလှုံရန် ဆုံးဖြတ်လိုက်သည်။ သူက ဘေးဘီဝဲယာသို့ ကြည့်လိုက်စဥ် ကုန်းပတ်နှစ်မှ စုန့်ချွဲက လမ်းလျှာက်ထွက်လာရာမှ ရုတ်တရက် တံခါးနောက် ပုန်းကွယ်ရန် ကြိုးစားနေသည်ကို သတိထားမိလိုက်သည်။

" ချွဲအာ " သူက အော်လိုက်သည်။

“ ဟေး ဒီကိုလာပါဦးကွ။ ဒီနေ့ ဦးလေး စိတ်ကြည်နေတော့ မင်းနဲ့ ငါးဖမ်းချင်တယ်ဟေ့ "

ပိုင်ရှောင်ချန်းက စုန့်ချွဲ လှုပ်ရှားလိုက်သည်ထက် ပို၍လျင်မြန်စွာ ပြောလိုက်သည်။

စုန့်ချွဲမှာ တုံ့ခနဲရပ်သွားတော့သည်။ သူသည် သင်္ဘောကြီးတစ်ခုလုံး၌ ပိုင်ရှောင်ချန်းကို ရှောင်ရန် ခက်ခက်ခဲခဲကြိုးစားနေခဲ့ရပြီး လုံးဝသတိလက်လွတ် အဖမ်းခံလိုက်ရတော့သည်။

သူက မငြင်းဆန်ရဲသည့်အတွက် အံတင်းတင်းကြိတ်ကာ ပိုင်ရှောက်ချန်းထံ လျှောက်သွားလိုက်တော့သည်။

ပိုင်ရှောင်ချန်းသည် စုန့်ချွဲက စိတ်မပါဖြစ်နေသည့်အပေါ် စိတ်အနှောင့်အယှက်မဖြစ်ပေ။ သူက လေပေါ်ပျံတက်လိုက်ပြီး လက်ကို ကောင်းကင်တံတားပင်လယ်ထံ ဝှေ့ယမ်းလိုက်သည်။ ရေများက အလွန်လျင်မြန်စွာ နိမ့်ကျသွားဖြင့် တုံ့ပြန်ရန် နှေးလွန်းသွားေသာ ငါးဒါဇင်များစွာ လေထဲတွင် ရပ်ကျန်ခဲ့လေသည်။ ပိုင်ရှောင်ချန်းက လက်ဖြင့် ဝှေ့ယမ်းသည့် လက်ဟန် မြန်မြန်ဆန်ဆန်လုပ်လိုက်ရာ ထိုငါးအကုန်လုံး သင်္ဘောပေါ်ပျံတက်သွားသည်။

ထိုငါးများထံမှ ကျင့်ကြံသူများအတွက် များစွာအကျိုးထူးစေသည့် ထူးဆန်းသော စွမ်းအားများ ထွက်ပေါ်နေသည်။ စုန့်ချွဲသည် စိတ်မပါသော်လည်း ငါးကလေးများ ကုန်းပတ်ပေါ်တွင် ဖျတ်ဖျတ်လူးနေသည်ကို မြင်သောအခါ ရင်တဒိန်းဒိန်းခုန်သွားတော့သည်။ ပိုင်ရှောင်ချန်းထံမှ လှုံ့ဆော်မှုပင် မပါဘဲ သူက ရှေ့လှမ်းလာကာ ၎င်းတို့အား ကောက်ယူလိုက်သည်။

အခြားကျင့်ကြံသူများက မနာလိုအားကျစွာ ကြည့်လိုက်ကြသော်လည်း ပိုင်ရှောင်ချန်းကို ကြောက်သည့်အတွက် ရှေ့တက်လာရန် ချီတုံချတုံဖြစ်နေတော့သည်။

သို့သော် ပိုင်ရှောင်ချန်းက ကပ်စေးနှဲသည့် လူစားမျိုးမဟုတ်ပေ။ သူသာပျော်လျှင် အခြားလူများကိုလည်း သူ့နည်းတူ ပျော်စေချင်သူ ဖြစ်သည်။

" လာကွ၊ အားလုံး လာကွ "

သူက အော်လိုက်သည်။

" ငါးပွဲတော်တည်ဖို့ အချိန်ကျပြီဟေ့ "

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ ပျော်ရွှင်ဝမ်းမြောက်သွားကြတော့သည်။

" ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီးပိုင် ခင်ဗျား "

သူတို့အားလုံးက အပြေးအလွှားဝိုင်း၍ ငါးများကောက်ယူလိုက်ကြသည်။

အချို့က ပိုင်ရှောင်ချန်းရှိရာနေရာသို့ ပျံသန်းလာကြပြီး ငါးကူဖမ်းကြလေသည်။ သူတို့ထဲမှ တစ်ယောက်က အခြားမြစ်လက်တက်သုံးခုရှိ ဂိုဏ်းများနှင့်ပတ်သက်သည့် သူ၏ဗဟုသုတများကြောင့် စေလွှတ်ခံလိုက်ရသော ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူက နတ်မီးလျှံစမ်းသပ်ပွဲတွင် ပါဝင်ရန် မရည်ရွယ်ထားပါသော်လည်း လမ်းတစ်လျှောက်တွင် သူ၏ကျင့်ကြံခြင်းအခြေခံအား မြှင့်တင်ရန် ကြံရွယ်ထားရာ ယခုအခွင့်အရေးက လွန်စွာ စိတ်ကျေနပ်ဖွယ် ဖြစ်နေသည်။

သို့ဖြစ်၍ ဧရာမစစ်သင်္ဘောကြီးပေါ်ရှိ ရွက်လွှင့်နေကြသော လူတိုင်းအတွက် ကောင်းကင်တံတားပင်လယ်မှ ရွှေငါးများဖမ်း၍ စားသောက်ပွဲကျင်းပရန်ဆိုသည်မှာ ရှားမှရှားသော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

နောက်ရက်များတွင် ပိုင်ရှောင်ချန်းက ဆက်လက်လေ့ကျင့်နေ၏။ တစ်ခါတရံ သူသည် ငါးမျှားပြီး တစ်ခါတလေတွင် ဆေးလုံးများအတွက် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည့် ပင်လယ်သားရဲများအား ဖမ်းဆီးသည်။ သူက ကျင့်ကြံအားထုတ်ခြင်းလည်းရှိသလို အခြားမြစ်လက်တက်သုံးခုအကြောင်း များစွာသိထားသော ထိုအကြီးအကဲနှင့်ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့်လည်း အချိန်ကုန်ဆုံးလေ့ရှိသည်။

သူက နတ်အဆင့်စွမ်းအားကိုသုံး၍ သင်္ဘောအား ကူညီမောင်းနှင်ခြင်းဖြင့် သူတို့၏အချိန်ကို တန်ဖိုးရှိအောင် လုပ်ပေးသည်။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများအားလုံး ကျင့်ကြံခြင်းအခြေခံတိုးတက်လာကြပြီး ပိုင်ရှောင်ချန်းအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေကြလေသည်။

" စိတ်မပူနဲ့ "

သူက ကျေးဇူးစကားများအား ပြန်လည်တုံ့ပြန်လိုက်သည်။

" ကျုပ်တို့ အားလုံးက အရှေ့ဘက်ကောင်းကင်တံတားမြစ်ဒေသကပဲလေ ဟုတ်တယ်မလား။ ကျုပ်တို့က တစ်ဖွဲ့တည်းသားတည်းပါပဲ။ ခင်ဗျားတို့သိလား။ အခုကျုပ်စဥ်းစားကြည့်တော့ ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ အမိအရယူဖို့ သက်ရှည်ဆေးလုံးတွေ တော်တော်များတာကို ထည့်တွက်ကြည့်ရင် ကျုပ်တို့ သေချာပေါက် အဖွဲ့တွေ ဖွဲ့ထားသင့်တယ်။ တခြား မြစ်လက်တက်သုံးခုက ကျင့်ကြံသူတွေကို အဲဒီဆေးလုံးတွေ လက်ဖျားနဲ့တောင် ထိခွင့်မပေးရအောင် လုပ်ကြမယ် "

သူက မေးကို မော့၍ အကျီလက်စကို ခါယမ်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ဆက်ပြောသည်။

" မှတ်ထား၊ ကျုပ်တို့ နတ်မီးလျှံစမ်းသပ်ပွဲထဲ ဝင်တဲ့အချိန်မှာ အတူတူ ပူးကပ်နေကြမယ်။ ပြီးတော့ ကျုပ်တို့ဖက်က ဘယ်သူဖြစ်ဖြစ် အလိုက်ခံရတာသာ မြင်ရင် အင်္ကျီလက်တွေကိုပင့်တင်ပြီး ဝင်သာတိုက်ကြဗျို့ "

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများအားလုံး အားပါးတရရယ်မောလိုက်ကြသည်။ အချိန်တို့ကုန်လာသည်နှင့်အမျှ သူတို့၏ ပိုင်ရှောင်ချန်းအပေါ် အထင်ကြီးလေးစားမှုများ ကြီးထွားလာပြီး သူနှင့် ပိုမိုရင်းနှီးလာသည်ကို ခံစားရလေသည်။ တချိန်တည်းမှာပင် သင်္ဘောပေါ်ရှိ သူတို့၏သွေးသောက်ရဲဘော်များအချင်းချင်း ယှဥ်ပြိုင်လိုစိတ်များ နည်းပါးသွားကြလေသည်။

စုန့်ချွဲသည် လူတိုင်းက ပိုင်ရှောင်ချန်းအား နှစ်သက်သဘောကျလာသည်ကို သဘောမကျဖြစ်နေပါသော်လည်း မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို သူ နားလည်ထားသည်။ ပိုင်ရှောင်ချန်းက လူတိုင်းဘေးကင်းလုံခြုံအောင် တတ်နိုင်သမျှအကုန်လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

ဇောင်ထျန်ကျောက်နှင့် ပိုင်လင်းတို့သည်လည်း သူတို့သိခဲ့သည် အရင်ပိုင်ရှောင်ချန်းအား ပြန်လည်သတိရလာတော့သည်။

ပိုင်ရှောင်ချန်းမှာ လူတိုင်း အဆင်ပြေပြီး မိတ်ဆွေများပင် ဖွဲ့နေကြသည်ကို မြင်ရသောအခါ အလွန်ပီတိဖြစ်နေလေသည်။ အမှန်တွင် သူသည် ကောင်းကင်ဧကရာဇ် စီမံသည့် ထိုနတ်မီးလျှံစမ်းသပ်ပွဲနှင့်ပတ်သက်၍ မကောင်းသော ခံစားချက်တစ်ခုရနေ၏။ မည်သည့်အတွက်ကြောင့် မသိပါသော်လည်း ၎င်းက လွန်စွာအန္တရာယ်များမည့်အလား ခံစားနေရသည်။ ကောင်းကင်တံတားကျင့်ကြံသူများ အဖွဲ့ဖွဲ့ထားခြင်းက ကောင်းသောအရာတစ်ခုဖြစ်သည်။ သူတို့က ဆေးလုံးများထပ်ရအောင် မလုပ်နိုင်လျှင်တောင်မှ အနည်းဆုံးတော့ လူတိုင်း လုံခြုံသွားလိမ့်မည်ဖြစ်သည်။

နောက်ထပ်တစ်လကုန်ဆုံးသွား၏။ နောက်ဆုံးတွင် ဖက်တီးကျန်းကြီးသည် သာမန်ထက်ထူးကဲသော ယင်ယန်ဝိညာဥ်အဆင့်အတိုက်အခိုက်စွမ်းရည်များ ဖော်ထုတ်လျက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလေသည်။ သင်္ဘောပေါ်ရှိ ကျင့်ကြံသူများအကြားတွင် ဆက်ဆံရေးများတည်ဆောက်လာကြပြီး ငါးစားသောက်ပွဲများ အဆက်မပြတ်ကျင်းပကြလေသည်။

ထိုနည်းအားဖြင့် သင်္ဘောက ၄င်း၏ ပန်းတိုင်သို့ တဖြေးဖြေး ချဥ်းကပ်လာပြီး ကောင်းကင်တံတားကျွန်းဆွယ်နှင့် နီးသထက် နီးလာတော့သည်။

All Chapters