← Chapters

ဘာပြဿနာရှာဖို့ လာတာတုံး

Vol. 10 Ch. 919

ဘာပြဿနာရှာဖို့ လာတာတုံး

Vol. 10 Ch. 919

ပိုင်ရှောင်ချန်းသည် သူတို့သွားရမည့်နေရာနှင့် နီးကပ်လာသည်နှင့်အမျှ ရတက်မအေးနိုင်အောင် ဖြစ်လာတော့သည်။ ကောင်းကင်တံတားကျွန်းဆွယ်ပေါ်ရှိ ဟိုရှောင်မေ့ကိုသာမက နှစ်ပေါင်းများစွာကြာ သူ မမြင်ခဲ့ရသော လူတစ်ဦးဖြစ်သော တုလင်ဖေးလည်း ရှိသေးသည်။

အမှန်ဆိုရလျှင် အသက်ရှည်ဆေးလုံးအချို့ရရန်အပြင် ဤပွဲသို့ သူ လာရောက်ရန် သဘောတူခဲ့သည့် အကြောင်းပြချက်များအနက် တစ်ခုမှာ ဟိုရှောင်မေ့အန္တရာယ်ကင်းကြောင်း သေချာစေလိုသည့် စိတ်ဆန္ဒကြောင့် ဖြစ်သည်။ သူမကို သူ အချိန်အတော်ကြာ လွမ်းဆွတ်နေခဲ့ရသည်။

နောက်ထပ်အကြောင်းရင်းကား တုလင်ဖေးဖြစ်ပေသည်။

သူက သင်္ဘော၏ ကုန်းပတ်ပေါ်တွင် အဝေးကို မျှော်ကြည့်၍ ရပ်နေစဥ် ခပ်တိုးတိုးရေရွတ်လိုက်သည်။

" ငါ မဟာတံတိုင်းကို မသွားခင်တုန်းက နောက်တစ်ကြိမ် ငါတို့သာ ပြန်တွေ့ခဲ့ရင် အကုန်ရှင်းပြမယ်လို့ သူပြောခဲ့တယ် "

သူသည် နှစ်ပေါင်းများစွာတစ်လျှောက် အမျိုးသမီးများစွာနှင့် တွေ့ဆုံခဲ့ဖူးပြီး သူတို့အားလုံးက သူ့အပေါ် အမျိုးမျိုးသော ခံစားချက်များချန်ရစ်ခဲ့ပါသော်လည်း တုလင်ဖေးနှင့်ပတ်သက်၍ သူ့ရင်ထဲတွင် ထူးခြားသောတစ်စုံတခု ရှိနေခဲ့သည်။ သူမကို ဟိုရှောင်မေ့နောက်မှ သိလာခဲ့သည့်တိုင် တုလင်ဖေးနှင့်ပတ်သက်သော တစ်စုံတရာက သူမကို အခြားသူများထက် မမေ့နိုင်အောင် လုပ်ပေးနေသည်။

လောချိန်တောင်တန်းတွင် သူတို့က သေမင်းအား အတူတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့သည်။ မြေခဓားကမ္ဘာချောက်ဖြစ်ရပ်ပြီးနောက် သူမက ရုတ်တရက် ပျောက်သွားခဲ့ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ သွေးသခင်ရာထူးအတွက် နတ်မီးလျှံစမ်းသပ်ပွဲမှသာ ပြန်ပေါ်လာသည်။ သွေးဘိုးဘေးကြီး၏ နှလုံးခန်းတွင် သူမ၏မျက်နှာပေါ်မှ မျက်နှာဖုံးကွာကျသွားသောအခါ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားခဲ့ပြီး ရိုးတွင်းခြင်ဆီတိုင်အောင် တုန်လှုပ်သွားခဲ့ကြသည်။

သူ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ရောက်လာသောအခါ သူမက နောက်ကွယ်မှနေ၍ သူ့ကို အရိပ်ပမာ တိတ်တဆိတ်ကာကွယ်ပေးခဲ့ပြီး ခွဲခွာခြင်းလက်ဆောင်အဖြစ် နတ်ဝိညာဥ်တစ်ခု ပေးခဲ့သည်။

ထိုကိစ္စများအားလုံးက မေ့မရနိုင်သော အမှတ်တရများဖြစ်သည်။ သို့သော် ယခုတွင် သူတို့နှစ်ဦး၏ဆက်ဆံေရးအမှန်ကို ပိုင်ရှောင်ချန်းကိုယ်တိုင်ပင် သေချာစွာ မပြောနိုင်ပေ။

တစ်ခါက သူတို့နှစ်ဦးအကြား တစ်ယောက်နှင့်တစ်ယောက် ခံစားချက်များ ရှိကောင်းရှိနိုင်ခဲ့ပါသော်လည်း ယခုတွင် သူ မရေမရာဖြစ်နေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူနှင့်ပတ်သက်၍ သူမ မည်သို့ခံစားခဲ့ရသည်ကိုသိရှိရန် သူမကို အရူးအမူးရှာဖွေခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ့ရင်ထဲတွင် ထိုစိတ်ဆန္ဒများ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ ထိုစွဲလမ်းစိတ်က သူ့ရင်ထဲတွင် လုံးဝ လွင့်ပါးပျောက်ကွယ်သွားခြင်း မဟုတ်သည့်တိုင် နှစ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့သည်များအပေါ် အခြေခံ၍ အဖြေတစ်ခုသာ ရှိဟန်တူသည်။

" မင်းတကယ် ဘယ်သူလဲဆိုတာ ငါခန့်မှန်းမိပါတယ် "

သူက မျက်လုံးများပိတ်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။

ပိုင်ရှောင်ချန်း တစ်ယောက်သာ ကောင်းကင်တံတားကျွန်းဆွယ်နှင့်နီးကပ်လာသဖြင့် တိတ်ဆိတ်ငြိမ်သက်သွားသူ မဟုတ်ပေ။ သင်္ဘောပေါ်ရှိ လူတိုင်းမှာ ဖိအားများဖြစ်တည်လာသည်ကို ခံစားလိုက်ရပြီး တဖြည်းဖြည်း တိတ်ဆိတ်လာကြတော့သည်။

သူတို့က သူတို့၏ဦးတည်ရာအရပ်ကို မြင်တွေ့ခွင့်ရရန် မျှော်လင့်ချက်များဖြင့် မိုးကုပ်စက်ဝန်းဆီသို့ လှမ်းမျှော်၍ ကြည့်နေကြသည်။ တစ်ရက်တွင် ပိုင်ရှောင်ချန်းသည် ခပ်ဝေးဝေးရှိ မှုန်ဝါးဝါးအရာတစ်ခုအား သတိပြုမိလိုက်လေသည်။

၄င်းမှာ ကျွန်းလေးတစ်ကျွန်းအလား......။

မကြာမီ သင်္ဘောပေါ်မှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ တလက်လက် တောက်ပလာတော့သည်။

သူက အခြားလူအများစုထက် ပို၍ သဲသဲကွဲကွဲမြင်နိုင်သောကြောင့် ကျွန်းအား အသေးစိတ် ကြည့်ရှုနိုင်သည်။

ထိုကျွန်းသည် ဘူးသီးသဏ္ဍာန်ရှိပြီး ကမ်းခြေဖြစ်သော စက်ဝိုင်းငယ်လေးအသွင်နယ်မြေတစ်ခုနှင့် ကျွန်း၏အဓိကအပိုင်းဖြစ်သော စက်ဝိုင်းကြီးအသွင် နယ်မြေတို့ ပေါင်းစပ်ထားသည်။ ထိုနယ်မြေနှစ်ခုကို ဆက်သွယ်ထားသည်က နဂါးတစ်ကောင်၏ ကျောရိုးကြီးအလား မြင့်တက်နေသော ဧရာမတောင်တန်းကြီးတစ်ခုဖြစ်သည်။

မွမ်းမံပြင်ဆင်ထားသော အစိမ်းရောင် အဆောင်အဦများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ ထိုနေရာတွင် သိသာထင်ရှားစွာ တည်ရှိနေသည်က တောင်ထိပ်သုံးလုံးဖြစ်ပြီး ထိုတောင်များပေါ်တွင် ရင်သပ်ရှုမောဖွယ်ရာ နန်းတော်များက နေရာယူထားသည်။ ထိုတောင်ကြီးသုံးလုံးအနက် အလယ်တောင်က ဘေးတစ်ဖက်တစ်ချက်ရှိ တောင်ကြီးနှစ်လုံးထက် မဆိုစလောက် ကြီးမားသည်။

တောင်များအပေါ်ရှိ နန်းတော်ငယ်လေးများဆီသို့ ဦးတည်ဖောက်လုပ်ထားေသာ ကျောက်လှေကားထစ်လေးများက တောင်တန်းများတစ်လျှောက် မြွေလိမ်မြွေကောက်သဖွယ် ရစ်ပတ်နေလေသည်။ ခြုံငုံ၍ကြည့်ရလျှင် ကျွန်းတစ်ခုလုံးက မျက်စိပသာဒ ဖြစ်စေသော ပန်းဥယျာဥ်လေးတစ်ခုနှင့် တော်ဝင်နန်းတော်တစ်ခု ပေါင်းစပ်ထားသည့်အလား ထင်မှတ်ရပေသည်။

ဤသည်ကား ကောင်းကင်ဧကရာဇ်၏တာအိုနန်းတော်တည်ရှိရာ၊

ကောင်းကင်တံတားကျွန်းဆွယ်ပင် ဖြစ်ပေသည်။

ကျွန်းပေါ်ရှိ နန်းတော်တစ်ခုချင်းစီက ကြောက်မက်ဖွယ် ဖိအားများ ထုတ်လွှတ်နေပြီး ၎င်းတို့မှာ များပြားလွန်းလှ၍ ရေတွက်ရန် ခက်ခဲနေတော့သည်။ တခဏကြာစစ်ဆေးကြည့်ပြီးနောက် ပိုင်ရှောင်ချန်းသည် တစ်ထောင်ကျော်ခန့်ရှိမည်ဟု ခန့်မှန်းလိုက်၏။

ထိုနန်းတော်များအားလုံး၏ စုပေါင်းဖိအားက တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ ခမ်းခြောက်စေကာ ကမ္ဘာကြီးအား ပြောင်းပြန်လှန်ပစ်ရန်အထိ လုံလောက်ပေသည်။ ဤကျွန်းမှာ ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့အရာခပ်သိမ်းကို အေးအေးလူလူ စိုက်ကြည့်နေသည့် ခွန်အားကြီးမားသော ဧရာမလူသားကြီးအလား ထင်မြင်မိေစသည်။

တောင်ထိပ်သုံးလုံး၏ အလယ်ရှိ ပင်မနန်းတော်၏ မဟာခန်းမဆောင်တစ်ခုတွင် မည်းနက်နေသော သလင်းကျောက်မှ ထွင်းထုထားသည့် ဧရာမပလ္လင်ကြီးတစ်လုံးရှိ၏။ အမှန်တကယ်ဆိုရလျှင် ပလ္လင်ကို ပြုလုပ်ပေးထားသော သလင်းကျောက်သည် ေတာင်ခြေရင်းမှနေ၍ မြင့်တက်လာခြင်းဖြစ်ပြီး ကောင်းကင်တံတားပင်လယ်နှင့် ဆက်စပ်နေသည်။ ပလ္လင်၏ မျက်နှာပြင်ကိုဖြတ်၍ အနက်ရောင်လျှပ်စီးများ ကခုန်နေပြီး နောက်ဆုံးတွင် ၄င်းထက်ဝယ် ထိုင်နေသည့် အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ စုပ်ယူခြင်းခံလိုက်ရလေသည်။

ထိုလူသည်ကား ကောင်းကင်ဧကရာဇ်ကလွဲ၍ တခြားလူ မဟုတ်ပေ။

ပိုင်ရှောင်ချန်းနှင့် သူ့အဖွဲ့က ကျွန်းနှင့် နီးကပ်လာစဥ် ကောင်းကင်ဧကရာဇ်၏ မျက်လုံးများပွင့်လာကာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စစ်သင်္ဘောကိုကြည့်ပြီး မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်။

" ကျေးဇူးပဲ ဒဏ်ရာတွေရေ၊ ငါ လုံးဝ မေ့တော့မလို့။ အဲဒါ သချိုင်းစောင့်ကြီး ထိန်းချုပ်ထားတဲ့ စိတ်ဆန္ဒတွေပေါများတဲ့တစ်ယောက်ပဲ။ ဒီကောင်လေး၊ ဘာပြဿနာရှာချင်လို့ ဒီကိုရောက်လာတာတုန်း "

" သရဲအိုကြီးက တကယ်ပဲ ဒီကောင်လေးကို ကောင်းကင်တံတားနယ်မြေဆီ ပြန်ခွင့်ပေးလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာတုံး။ အမြော်အမြင်ကြီးမားတဲ့ သချိုင်းစောင့်ကြီးရေ၊ ကောင်းပြီလေ ကျုပ် သွေးဘိုးဘေးကြီးကို အသုံးပြုခဲ့သလို ဒီကောင်လေးကို အသုံးချလိုက်ပါ့မယ်။ တစ်ထပ်တည်းကို လုပ်ပစ်မယ်။ တခြားအကြံအစည်တွေအားလုံး မအောင်မြင်ခဲ့ရင် ဒီကောင်လေးက ကျုပ်ရဲ့ စွမ်းအားအကြီးဆုံးလက်နက် ဖြစ်လာလိမ့်မယ်။ ဒီကောင်လေးကို ကျုပ် အန္တရာယ်မပြုရုံတင် မဟုတ်ဘူး။ ရင့်ကျက်လာတဲ့အရွယ်ရောက်တဲ့အထိ ကျုပ် ကာကွယ်ပေးသွားပါ့မယ် “

" သရဲအိုကြီး၊ ခင်ဗျားက ကျုပ်အကြောင်း ကောင်းကောင်းသိထားတာပဲ။ တကယ်တော့ ကျုပ်မှာသာ တခြားရွေးချယ်စရာတွေရှိနေခဲ့ရင်တော့ အဲဒီနောက်ဆုံးအဆင့်ကို မရွေးပါဘူး "

တခဏကြာသော် ကောင်းကင်ဧကရာဇ်က မျက်လုံးများ ပြန်မှိတ်လိုက်သည်။

သို့သော် ကောင်းကင်တံတားကျွန်းဆွယ်မှ ထုတ်လွှတ်နေသော ဖိအားများက ပို၍ ပြင်းထန်လာတော့သည်။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏အကြည့်က ကောင်းကင်တံတားပင်လယ်ပေါ်ရှိ အခြားနေရာထံ ကျရောက်သွား၏။

များမကြာမီ အရပ်မျက်နှာတစ်ခုစီမှလာနေသော သင်္ဘောသုံးစင်း ပေါ်လာ၏။ ၎င်းတို့က ရှင်းကုံကျစ်တာအိုဂိုဏ်းမှ စစ်သင်္ဘောနှင့် တူညီသော အရွယ်အစားရှိသည့် စစ်သင်္ဘောများ ဖြစ်ကြသော်လည်း တစ်စင်းစီက ပုံစံအသွင်အပြင်အားဖြင့် ကွဲပြားကြသည်။ ၎င်းတို့အားလုံးက ကောင်းကင်တံတားကျွန်းဆွယ်ပေါ်ရှိ ဆိပ်ကမ်းများထံ တစ်ဟုန်ထိုး ရွက်လွှင့်လာကြသည်။

အနောက်အရပ်မှလာနေသော သင်္ဘောကို မြစိမ်းေရာင်ကျောက်သားဖြင့် ပြုလုပ်ထားပြီး ရှေးဆန်သည့်အသွင်အပြင်ရှိသည်။ ၄င်းက ပင်လယ်ရေပြင်ကို ဖြတ်၍ တဟုန်ထိုး ခုတ်မောင်းနေလျက် တောင်တန်းများ တုန်လှုပ်၍ မြစ်များ ခမ်းခြောက်သွားစေနိုင်သော စွမ်းအားများအား ထုတ်လွှတ်နေလေသည်။

ပိုင်ရှောင်ချန်းမှာ သင်္ဘောကုန်းပတ်ပေါ်ရှိ လူအုပ်ကြီးအား မြင်ရသည်ဆိုရုံသာ ကြည့်ရှုနိုင်သည်။ သင်္ဘောဦးတွင် ချက်ချင်းသတိပြုမိနိုင်သည့် လူတစ်ယောက်ရှိ၏။ သူက ကြီးကျယ်မြင့်မြတ်သည့်အသွင်ရှိသော အဘိုးအိုတစ်ဦးဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှ နက်နဲသိမ်မွေ့သော နတ်အဆင့်အခိုးအငွေ့များ တရိပ်ရိပ် ထွက်ပေါ်နေသည်။

တောင်အရပ်မှလာနေသော သင်္ဘောက ပိုင်ရှောင်ချန်း၏ မျက်လုံးအိမ်များကို ကျဥ်းမြောင်းသွားစေသည်။ ၄င်းအား နက်မှောင်သော သစ်သားဖြင့် ပြုလုပ်ထားပြီး တငွေ့ငွေ့ လွင့်ပျံနေသော အနက်ရောင်မီးခိုးများက ဝန်းရံထားသည်။ ရံဖန်ရံခါ ထိုအငွေ့များထဲတွင် မဟူရာနဂါးကြီးတစ်ကောင်ကို မြင်နိုင်ပြီး ထိုမြင်ကွင်းလေးကပင် ပိုင်ရှောင်ချန်းအား ရင်တဒိန်းဒိန်းခုန်သွားစေတော့သည်။ ထိုနဂါးသည်ကား စစ်သင်္ဘော၏ ဝိညာဥ်အစောင့်ရှောက်ဖြစ်မှန်း သိသာထင်ရှားလှပေသည်။

နဂါးကြီး၏ ဦးခေါင်းပေါ်တွင် လူတစ်ယောက် ထိုင်နေပြီး ထိုလူကို ဝိုးတဝါးမျှသာ မြင်ရပေသည်။ ထိုသို့ မြင်နေရသည့်တိုင် သူ၏ဆံပင်ရှည်များက အနက်ရောင်မီးခိုးများအားလုံး၏ ရင်းမြစ်ဖြစ်ကြောင်း ပြောနိုင်ပေသည်။

တောင်နှင့်အနောက်မှ သင်္ဘောများထက် ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ မြောက်အရပ်မှ သင်္ဘောဖြစ်သည်။ ၄င်းသည် အားကောင်းသော အေးစိမ့်ချီတစ်ခု ထုတ်လွှတ်နေသည့် ဖြူဆွတ်သောရေခဲထုဖြင့် တည်ဆောက်ထားပုံရသည်။ ထိုမျှသာမက ရေခဲအတွင်းတွင် မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ ကခုန်နေရာ အရပ်မျက်နှာတစ်ခွင် လိပ်ပြာလွင့်မတတ် ကြောက်စရာကောင်းသော မိုးခြိမ်းသံများ ပဲ့တင်ထပ်နေတော့သည်။

အားလုံးအထဲ ထင်ရှားပေါ်လွင်နေသည်မှာ မြောက်အရပ်မှ သင်္ဘောဦးကင်းတွင် ရပ်နေသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူက မျှော်စင်ကြီးအလား ထောင်ထောင်မောင်းမောင်းရှိသည့် လူထွားကြီးတစ်ယောက်ဖြစ်သည်။ အမှန်တကယ်ဆိုရလျှင် သူသည် အနိမ့်ဆုံး ၉ မီတာ မြင့်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေရာ ပိုင်ရှောင်ချန်း၏ မျက်လုံးအိမ်များ ကျဥ်းေမြာင်းသွားတော့သည်။

မကြာခင် ထိုသင်္ဘောသုံးစင်းသည် ကောင်းကင်တံတားမြစ်လက်တက်သုံးခုဆီမှ ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။

အခြားသင်္ဘောများအားလုံးက ရှင်းကုံကျစ်တာအိုဂိုဏ်းနှင့် တစ်ပြိုင်နက်တည်းနီးပါး ရွက်လွှင့်ခဲ့ကြပြီး တူညီသော အမြန်နှုန်းဖြင့် ရွေ့လျားနေခဲ့ကြလေသည်။ ထို့ကြောင့်လည်း ၎င်းတို့အားလုံး တချိန်တည်း ရောက်ရှိလာကြခြင်းဖြစ်သည်။

ဤသည်မှာ ပိုင်ရှောင်ချန်းက အခြားမြစ်လက်တက်များမှ ကျင့်ကြံသူများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူက ထိုယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲထံမှ သတင်းများစွာ သိခဲ့ရပါသော်လည်း မျက်မြင်ကိုယ်တွေ့ကြုံရသည်နှင့် ခြားနားနေသေးသည်။ သူက သူတို့ကို ကြည့်လိုက်ချိန် သူ့ပတ်လည်ရှိ သင်္ဘောမှ ကျင့်ကြံသူများသည်လည်း သူ့ကို ကြည့်လာကြသည်။

လေထဲတွင် ဖိအားများ မြင့်တက်လာတော့သည်။ တချိန်တည်းမှာပင် မတူညီသော သင်္ဘောလေးစင်းကား ကောင်းကင်တံတားကျွန်းဆွယ်၏ ဆိပ်ကမ်းထံ ဆက်လက်ဦးတည်နေကြတော့၏။

သင်္ဘောများ တစ်စင်းနှင့်တစ်စင်း နီးကပ်လာသည်တွင် ကုန်းပတ်ပေါ်ရှိ ကျင့်ကြံသူများမှာ ပို၍ထင်ရှားပြတ်သားလာတော့သည်။

ထိုအချိန်တွင် အခြားမြစ်လက်တက်များနှင့်ပတ်သက်၍ ဗဟုသုတရှိသော ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲသည် ကျင့်ကြံသူအမျိုးမျိုးနှင့်ပတ်သက်၍ ပို၍အသေးစိတ်သော အချက်အလက်များအား လူတိုင်းထံ စတင်ရှင်းပြတော့သည်။

" မင်းတို့သိတဲ့အတိုင်း အရှေ့ဘက်ဒေသကို ရှင်းကုံကျစ်တာအိုဂိုဏ်းက ထိန်းချုပ်တယ်။ တခြားမြစ်သုံးစင်းထဲက အနောက်ဘက်ဒေသကိုတော့ ရာသီခွင်ဆယ့်နှစ်ပါးငွေစန္ဒာဂိုဏ်းက အုပ်ချုပ်တယ်။ တောင်ဘက်ကတော့ အဏ္ဏဝါနဂါးဝိညာဥ်ဂိုဏ်းဖြစ်ပြီး မြောက်ဘက်ကတော့ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း ဖြစ်တယ် ”

" အားလုံးပဲ အနောက်အရပ်က ရာသီခွင်ဆယ့်နှစ်ပါး ငွေစန္ဒာဂိုဏ်းကို သတိထားကြပါ။ အဲဒီ ထူးကဲတဲ့အရှိန်အဝါတွေနဲ့ အဘိုးကြီးက အင်မော်တယ်ဝိညာဥ်သခင်ကြီးအဖြစ် ထင်ရှားကျော်ကြားပြီး တောင်နဲ့ကျောက်တုံးမှော်ပညာရပ်ကို ကျွမ်းကျင်တယ်။ သူက သက်ရှိတွေကို မြေကြီးနဲ့ကျောက်တုံးအဖြစ် ပြောင်းပစ်နိုင်တယ်။ ခြုံပြောရရင် ရာသီခွင်ဆယ့်နှစ်ပါး ငွေစန္ဒာဂိုဏ်းက ဓာတ်ကြီးငါးပါး တာအိုမှော်ပညာကို ကျွမ်းကျင်တတ်မြောက်ကြတယ်။ အဲဒါက ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုက လုံးဝကြောက်စရာကောင်းတဲ့ အဆင့်ကိုရောက်နေပြီ “

" ငါက အနောက်အရပ်က ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ အများစုနဲ့ မရင်းနှီးပေမယ့် မင်းတို့အားလုံး သတိထားသင့်တဲ့ လူတစ်ယောက်ရှိတယ်။ အင်မော်တယ်ဝိညာဥ်သခင်ကြီးရဲ့ ဘေးမှာ ရပ်နေတဲ့လူကို မြင်လား။ သူ့နာမည်က ရှီယန်။ သူတို့တစ်ဂိုဏ်းလုံးမှာ အဆင့်တစ် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူအဖြစ် အသိများတယ်။ သူက အစောပိုင်းနတ်အဆင့်က လူတစ်ယောက်နဲ့ လက်ဖျားခါရလောက်တဲ့ တိုက်ပွဲတစ်ခုဆင်နွှဲခဲ့ပြီး နောက်ဆုံးမှာ အသက်ရှင်လျက် လွတ်မြောက်လာခဲ့တယ် "

All Chapters