← Chapters

မင်းရော ဘယ်လိုထင်လဲ

Vol. 21 Ch. 283

မင်းရော ဘယ်လိုထင်လဲ

Vol. 21 Ch. 283

အခန်း (၂၈၃) မင်းရော ဘယ်လိုထင်လဲ

တောင်ကြောတစ်လျှောက်တွင် လေအလား လျှင်မြန်စွာ ပြေးလွှားနေသည့် ကျန်းလန်၏ ပုံရိပ်ကို တွေ့မြင်ရမည် ဖြစ်သည်။

လျှင်မြန်လွန်းသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးနှင့်ပင် ရောယှက်နေသည့်အလား ထင်မှတ်ရသည်။

အမှန်တော့ ကောင်းကင်ထက်တွင် ပျံသန်းခြင်းက အလျှင်မြန်ဆုံးနည်းလမ်းဖြစ်သော်လည်း အခြားသူများ သတိပြုမိရန် လွယ်ကူသောကြောင့် ကျန်းလန်က ထိုနည်းလမ်းကို အသုံးမပြုခဲ့ပေ။

ကောင်းကင်ထက်တွင် ပျံသန်းပါက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားသည့်တိုင် သူ့ကို လွယ်လွယ်နှင့် သတိပြုမိသွားမည် ဖြစ်သည်။ ပတ်ဝန်းကျင်တွင် မည်သို့သောရန်သူမျိုး ရှိနေသည်ကို မသိနိုင်လေရာ သတိထားသည်က အကောင်းဆုံး ဖြစ်သည်။

အထူးသဖြင့် နတ်လူသားမျိုးနွယ်များနှင့် နတ်မိစ္ဆာများ သူ့ကို ရှာဖွေတွေ့ရှိသွားပါက သေချာပေါက် ဒုက္ခရောက်မည် ဖြစ်၏။

အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူများထဲတွင် သူနှင့် ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာ ရှိသည်။ သို့သော် ရန်သူကို လျှော့တွက်ခြင်းက ပြဿနာ၏ အစဖြစ်သည်။

ထို့ကြောင့် သူ သတိတစ်ချက် မလွတ်ရဲပေ။ ရန်သူက ကျင့်ကြံခြင်းအဆင့် မည်သို့ပင်ရှိပါစေ အစွမ်းကုန် သတိထားရမည် ဖြစ်သည်။

ရန်သူက မရှိမှုအာကာသအဆင့် ဖြစ်နိုင်သော်လည်း သူ့လိုပင် ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ထားသူ ဖြစ်ကောင်းဖြစ်နေနိုင်သည်။

ပြေးလွှားနေရင်းဖြင့်…

ကျန်းလန် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်ကာ ကောင်းကင်ထက် မော့ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်က သူ့ကို တိတ်တဆိတ်အာရုံခံကြည့်ရှုနေကြောင်း ခံစားလိုက်မိသောကြောင့် ဖြစ်၏။

"ငါ မရဏဂူထဲမှာ ရှိတုန်းက ငါ့ကို ထိုးဖောက်ကြည့်နေတဲ့သူနဲ့ မတူဘူးပဲ ၊ ပြီးတော့ ဒီလိုခံစားချက်မျိုးကို ငါ အရင်က ခံစားဖူးသလိုပဲ"

ကျန်းလန် တွေးလိုက်သည်။

ဤသို့သော အာရုံခံကြည့်ရှုပုံမျိုးက ယခင်က နတ်လူသားမျိုးနွယ်မှ မြောက်ရှိုး ကြည့်ရှုသည့်ပုံစံနှင့် ဆင်တူနေသည်ကို ချက်ချင်း မှတ်မိသွားသည်။

"နတ်လူသားမျိုးနွယ်တွေ ငါ့ကို ရှာဖွေပြီး ရှင်းပစ်ဖို့ စီစဉ်နေကြပြန်ပြီလား"

ထိုသို့တွေးမိသည်နှင့် ကျန်းလန်က ချက်ချင်းပင် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို ထုတ်ဖော်အသုံးပြုလိုက်သည်။

သူ့ကို အာရုံခံကြည့်ရှုနေကြသူများအနေဖြင့် မရှိမှုအာကာသ ၊ ကနဦးအဆင့် ကျန်းလန်မှာ ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲတွင် ရျိနေသည်ဟု ထင်မှတ်သွားကြမည် ဖြစ်သည်။ ဤသည်က နာမ်ဝိညာဉ်ရောင်ပြန်ပညာ၏ လှည့်စားမှုပင်။

သို့ရာတွင် သူ့ကို ကြည့်နေသည့် ခံစားချက်က ခဏချင်းပင် ပျောက်ကွယ်သွားသည်။ ရန်သူက သူ့ကို တစ်ချက်မျှ ကြည့်လိုက်ခြင်းသာ ဖြစ်နိုင်သည်။

အကြည့်က အလွန်တရာ လျှင်မြန်လှသောကြောင့် ရန်သူများ၏ တည်နေရာကိုပင် ကျန်းလန် မခန့်မှန်းလိုက်နိုင်ပေ။ ယခင်က မြောက်ရှိုးက သူ့ကို အချိန်ကြာမြင့်စွာ ကြည့်ရှုနေခဲ့လေရာ တည်နေရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

ယခုတော့ သူ၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားက တစ်ဖက်လူ၏ တည်နေရာကို ပုံဖော်ပေးနိုင်ခြင်း မရှိပေ။ သို့သော် ပြဿနာ မရှိပေ။

တစ်ဖက်လူက သူ့ကို တံခါးလာခေါက်မည့်အချိန်ကိုသာ စောင့်ဆိုင်းရမည် ဖြစ်သည်။

"ငါက သူတို့ကို ရှာမတွေ့နိုင်တော့ဘူးလို့ ထင်ခဲ့မိတာ ၊ ဒါပေမဲ့ သူတို့က ငါ့ကိုလာရှာမယ်ဆိုတော့ … ဒါ မတော်တဆတိုက်ဆိုင်တာတော့ မဟုတ်လောက်ဘူး"

စဉ်းစားရင်း ကျန်းလန်က အရှိန်ကို မြှင့်ကာ ဆက်လက်ပြေးလွှားနေလိုက်သည်။

ရောက်လာမည့်ရန်သူများကို ကြိုတင်စောင့်ဆိုင်ရန် ရေခဲပုစဉ်းရင်ကွဲတောအုပ်သို့ အရင်ဆုံး ရောက်ရှိနေရန် လိုအပ်သည် မဟုတ်ပါလား။

နေ့လည်ခင်းတွင်တော့…

ကျန်းလန်တစ်ယောက် ရေခဲပုစဉ်းရင်ကွဲတောအုပ်သို့သွားရာ လမ်းမကြီးထက်တွင် အေးအေးဆေးဆေး လမ်းလျှောက်လျှက် ရှိသည်။

အချိန် (၂)ရက်အတွင်း သူ နတ်ဆိုးတစ်ယောက်ကိုသာ သတ်ဖြတ်နိုင်ခဲ့သေးသည်။ ထိုခံစားချက်က သိပ်ပြီး မကောင်းလှပေ။

တစ်ယောက်တည်းလျှောက်သွားနေသည့် နတ်ဆိုးများကို မည်သို့ရှာဖွေရမလဲ သူ တွေးနေမိသည်။

နတ်ဆိုးများစွာနှင့်ရင်ဆိုင်ရလျှင် နွားရိုးကိုးကောင်စွမ်းအားဖြင့် တိုက်ခိုက်ရမည်ဖြစ်ရာ တိုက်ပွဲများကို မှတ်တမ်းတင်နိုင်မည် မဟုတ်ပေ။

နတ်ဆိုးတစ်ယောက်တည်းတွေ့မှသာ ခုနစ်စဉ်ကြယ်ဓားသိုင်းဖြင့် တိုက်ခိုက်ပြီး မှော်ဝင်ပစ္စည်းတွင် အောင်မြင်မှုအဖြစ် မှတ်တမ်းတင်နိုင်မည် ဖြစ်သည်။

လက်သီးဖြင့် ထိုးနှက်သတ်ဖြတ်ခြင်းနှင့် ဓားနှင့်သတ်ဖြတ်ခြင်းကြားတွင် ကွာခြားချက်များစွာ ရှိသည် မဟုတ်ပါလား။

***

"သူတို့ကို ငါ ဒီနေရာမှာပဲ စောင့်နေမယ်"

အတွေးနှင့်အတူ ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်အစွန်အဖျားတွင် ရပ်နေလိုက်သည်။

ဤနေရာက နာမ်ဝိညာဉ်ရောင်ပြန်ပညာဖြင့် သူ ရှိသည့်နေရာကို ရန်သူများအား ပြသထားရာ နေရာဖြစ်သည်။ ထို့ကြောင့် ရန်သူများရောက်လာသည်အထိ သူ ဤနေရာတွင် စောင့်ဆိုင်းရမည် ဖြစ်သည်။

"သူတို့မှာ တခြားရည်ရွယ်ချက်လည်း ရှိနိုင်တယ် ၊ ဒါမှမဟုတ် သူတို့လူတစ်ယောက် အသတ်ခံရလို့ အကြောင်းပြချက်အနေနဲ့ ငါ့ကို ရှာတာမျိုးလည်း ဖြစ်နိုင်တယ်"

ကျန်းလန် တွေးလိုက်သည်။

ဖြစ်လာမှတော့ အချိန် (၂)ရက်ခန့် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အချိန် (၂)ရက် ကုန်ဆုံးလျှင်တော့ နတ်ဆိုးများကို သတ်ဖြတ်ပြီး တိုက်ပွဲအောင်မြင်မှုများကို မှတ်တမ်းတင်မှော်ဝင်ပစ္စည်းတွင် စာရင်းသွင်းရဦးမည် ဖြစ်သည်။

မဟုတ်ပါက…

သူ့အကြောင်းက သိပ်ကိုပေါ်လွင်နေပေလိမ့်မည်။

ကျန်းလန် နေရာတွင်ပင် မတ်တတ်ရပ်ပြီး စောင့်နေ၏။ သူက ကျင့်ကြံခြင်း ပြုလုပ်ခြင်းမရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံးကို အကဲခတ်လေ့နေသည်။

မျက်စိတစ်မှိတ်အတွင်း အချိန် (၅)ရက် ကုန်ဆုံးသွားသည်။ အချိန် (၂)ရက်သာ စောင့်ဆိုင်းရန် ရည်ရွယ်ခဲ့သော်လည်း မထင်မှတ်စွာ အချိန်ကြာမြင့်သွားခဲ့သည်။

သို့တိုင် မည်သူတစ်ဦးတစ်ယောက်မှ ရောက်လာခြင်း မရှိပေ။ သို့ပေသိ ကျန်းလန်က စိတ်လှုပ်ရှားခြင်း မရှိဘဲ သစ်ပင်ကိုမှီကာ ဆက်စောင့်နေဆဲပင်။

နောက်ဆုံးတော့…

တောအုပ်ဆီသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာကြောင်း အာရုံခံလိုက်မိသည်။ သို့သော် သူက လှုပ်လှုပ်ရှားရှား ဖြစ်သွားခြင်း မရှိဘဲ သစ်ပင်ကိုမှီရင်း တိတ်ဆိတ်စွာပင် စောင့်နေခဲ့သည်။

သူ့စိတ်အစဉ်သည်လည်း ခါတိုင်းလိုပင် တည်ငြိမ်လျှက် ရှိသည်။

တောအုပ်အတွင်းသို့ ဖုကျယ်နှင့် မြောက်နျန် လမ်းလျှောက်ဝင်လာသည်။

ဖုကျယ်က…

"မင်း ခံစားနေရတဲ့ ထူးခြားတဲ့ခံစားချက်က ဘာလဲဆိုတာ အဖြေရှာလို့ရပြီလား"

မြောက်နျန်က…

"ကြည့်ရတာ ခွန်လွန်တောင်မှာ ထူးခြားတဲ့ တန်ခိုးစွမ်းအားတစ်ခု ရှိပုံရတယ် ၊ ကျုပ်ရရှိထားတဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါလိုမျိုး တန်ခိုးစွမ်းအားတွေက ဒီနေရာမှာ အပြည့်ပဲ ၊ အတော်လေး ထူးဆန်းတာပဲ ၊ ခွန်လွန်တောင်က ကျုပ်တို့မျိုးနွယ်စုကို အမှန်တကယ် အကူအညီ ဖြစ်စေလိမ့်မယ်"

သူ့အသံတွင် မည်သည့်ခံစားချက်မှ မပါဝင်ပေ။

ခွန်လွန်တောင်နှင့်နီးလာလေ ၊ သူက ပိုပြီး တည်ငြိမ်လာလေ ဖြစ်သည်။

"ဒါပေမဲ့ ကျုပ်တို့ရောက်လာတာကို သူတို့ဘက်က သိနှင့်ပြီးနေပြီထင်တယ် ၊ ကျုပ်တို့ လုပ်စရာရှိတာ လုပ်ပြီးသွားတာနဲ့ ဒီတောအုပ်ထဲက ချက်ချင်း ထွက်သွားကြတာပေါ့"

မြောက်နျန်၏အသံက ထပ်မံ ထွက်ပေါ်လာသည်။

သူ့ပုံစံက သာမန်ကိစ္စတစ်ခုကို ပြောနေသည့်အလား အေးအေးဆေးဆေးပင် ရှိသည်။

ဖုကျယ်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

မြောက်နျန်က …

"နဝမတောင်ထွတ်ကလူကို အရင်ဆုံး ရှာရအောင် ၊ သူ ထွက်များသွားပြီလား မသိဘူး"

ကျန်းလန်ကို သတ်ဖြတ်ပြီးလျှင် ဤနေရာမှထွက်ခွာပြီး သူတို့အလုပ်တာဝန်ကို ပြီးဆုံးအောင် ဆက်လုပ်ရမည် ဖြစ်သည်။

ကျန်သည့်ကိစ္စများက သူတို့နှင့် ပတ်သက်ခြင်း မရှိပေ။ သဘာဝအတိုင်း သူ့သဘောသူဆောင်မည် ဖြစ်သည်။

"မင်းတို့ ကျုပ်ကို ရှာနေတာလား"

ရုတ်တရက် သူတို့နောက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

မြောက်နျန်နှင့် ဖုကျယ်လှည့်ကြည့်လိုက်သည့်အခါ သစ်ပင်တစ်ပင်ကိုမှီကာ မတ်တတ်ရပ်နေသည့် လူငယ်တစ်ယောက်ကို တွေ့မြင်လိုက်ရသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လျှက်ရှိပြီး ထိုလူငယ်က ပတ်ဝန်းကျင်တစ်ခုလုံးနှင့် တစ်သားတည်းကျနေသည့်အလား ထင်မှတ်ရသည်။

ထိုလူငယ်တွင် ရောင်ဝါတစ်ခု ရှိနေသည်။ သူတို့ ထိုလူငယ်ကို စောစောက အာရုံခံကြည့်ရှုစဉ်က ထိုရောင်ဝါကို သတိမထားခဲ့မိကြပေ။

မြောက်နျန်က ကျန်းလန်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက ခံစားချက်ကင်းမဲ့တဲ့အဆင့် ရောက်နေပြီလား"

ထိုစကားကြောင့် ဖုကျယ်က မြောက်နျန်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။

ဤကျန်းလန်ဆိုသူက တကယ်ပဲ ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံခဲ့ပြီး ခံစားချက်ကင်းမဲ့သည့်အဆင့်သို့ ရောက်ရှိနေခဲ့သည်လား။

ကျန်းလန်က မြောက်နျန်ကို ကြည့်လိုက်ရင်း…

"ကျုပ်က အဲဒီလို အဓိပ္ပါယ်မရှိတဲ့ ကျင့်စဉ်မျိုးကို မကျင့်ကြံဘူး"

မြောက်နျန်သည်လည်း အလွန်တည်ငြိမ်သူဖြစ်ကြောင်း ကျန်းလန် ခံစားမိသည်။

ဤသူက ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံအောင်မြင်ထားသည့် ပါရမီရှင်ဆိုသူနှင့် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနိုင်သည်ဟု ကျန်းလန် ခန့်မှန်းလိုက်သည်။

မြောက်နျန်က ကျန်းလန်၏စကားကို မယုံကြည်ဟန်ဖြင့်…

"မင်းက သိပ်တည်ငြိမ်လွန်းတယ် ၊ မင်းအဆင့်နဲ့ ဒီလောက်တည်ငြိမ်တာ မဖြစ်သင့်ဘူး"

ကျန်းလန်က သူတို့ိကိုကြည့်လိုက်ပြီး တိုးလျသည့်လေ့သံဖြင့်…

"မင်းတို့ တခြားသူတွေကို သွားမေးကြည့်လေ ၊ ကျုပ် ကောင်းကင်ဧကရာဇ်ကျမ်းစာကို မသိပါဘူးဆိုတာ သူတို့ကို ပြောပြထားပြီးသားပဲ"

ဖုကျယ်က မျက်မှောင်ကြုတ်လိုက်ရင်း…

"တခြားသူတွေ ဟုတ်လား ၊ ဘယ်သူတွေလဲ ၊ သူတို့က ဘယ်မှာလဲ"

ကျန်းလန်က…

"သေလမ်းရောက်နေကြပြီ"

သူက ဆက်ပြောသည်။

"ဒါပေမဲ့ လမ်းမှာ မင်းတို့ကိုစောင့်နေဖို့ ကျုပ် မှာလိုက်တယ် ၊ အခုချိန်ဆို သူတို့ အတော်ဝေးဝေးရောက်နေကြပြီလားတော့ မပြောတတ်ဘူး ၊ ဒါပေမဲ့ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် နည်းနည်းလောက် အရှိန်တင်လိုက်တာနဲ့ သူတို့ကို လိုက်မီနိုင်ပါတယ်လေ"

မြောက်နျန်က…

"မင်း စကားက ဘာဓိပ္ပါယ်လဲ"

ကျန်းလန်၏ စကားများက ထူးဆန်းပြီး အဆက်အစပ်မရှိဟု သူ ခံစားရသည်။

ထို့ပြင် သူ တို့က ကျန်းလန်ကို သတ်ဖြတ်ရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်၏။

သို့ပေသိ ဘာကြောင့်များ…

သူတို့ အသတ်ခံရတော့မည်ဟု ခံစားနေရပါသနည်း။

ဤသည်က ထူးဆန်းသည့် ခံစားချက်တစ်ခုမျှသာ ဖြစ်သော်လည်း မြောက်နျန် လျစ်လျူမရှုဝံ့ပေ။

မြောက်နျန်က ဖုကျယ်ကို ရုတ်တရက် ပြောလိုက်သည်။

"ဘာထူးခြားချက်ရှိလဲ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်စမ်း"

ဖုကျယ်က ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံးကို အာရုံခံကြည့်လိုက်သည်။ သို့သော် မည်သည့်ထူးခြားချက်မှ မတွေ့ရှိရပေ။

ဖုကျယ်က…

"ဘယ်သူမှ အနားမှာ မရှိပါဘူး ၊ သူတစ်ယောက်ပဲ ရှိတာပါ"

သို့သော် သူတို့ စိတ်မအေးနိုင်ကြပေ။

မြောက်နျန်က ကျန်းလန်ကို စေ့စေ့ကြည့်လိုက်သည်။ ကျန်းလန်က ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။

သူ့မျက်ဝန်းများက ခံစားချက်ကင်းမဲ့နေသော်လည်း ထူးဆန်းသောခံစားချက်တစ်ခုကို ပေးစွမ်းသည်။

ကျန်းလန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရင်း…

"ကျုပ်ရဲ့ ရည်ရွယ်ချက်ကတော့ မင်းတို့ကို သေလမ်းပို့ပေးချင်တာပါပဲ ၊ အဲဒါက တခြားသူတွေကို အရင်က ကျုပ် ကတိပေးခဲ့တဲ့ကိစ္စပဲလေ"

ပြောပြီးသည်နှင့် ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

မြောက်နျန်က ကောင်းကင်ဧကရာဇ်ကျမ်းစာနှင့်ပတ်သက်ပြီး အတော်လေး အဆင့်မြင့်မြင့် ရောက်ရှိနေပြီဟု ကျန်းလန် ခန့်မှန်းမိသည်။

ထို့ပြင် ဤသူတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အခိုးအငွေ့လေးများ ရှိနေသည်ကို တွေ့မြင်ရလေရာ ဧကရာဇ်ရှီးဟယ် သတ်ဖြတ်လိုသူဖြစ်ကြောင်း သေချာသည်။

ထို့ကြောင့် သူက မြောက်နျန်ကို သတ်ဖြတ်လိုက်သည်နှင့် ဧကရာဇ်ရှီးဟယ်က သူ့ကို အာရုံခံကြည့်ရှုလာနိုင်သည်။ သို့ဖြစ်ရာ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားမှ တော်ကာကျမည် ဖြစ်သည်။

ဖုကျယ်က မျက်မှောင်ကြုတ်လိုက်ရင်း…

"ကျုပ်တို့ကို သေလမ်းပို့မယ် ဟုတ်လား"

ဖုကျယ်ထံမှ တန်ခိုးစွမ်းအားများ တဟုန်ထိုးမြင့်တက်လာပြီး ကျန်းလန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

"မင်းကလား ကျုပ်တို့ကို သေလမ်းပို့မှာ ၊ ကျုပ်တို့ မင်းအကြောင်းတွေကို အမြဲစုံစမ်းထားတာပဲ ၊ မင်းက ခွန်လွန်တောင်ရောက်တာ နှစ်ပေါင်း (၄၀၀) လောက်ပဲ ရှိသေးတယ် မဟုတ်လား ၊ မင်း ဘယ်လောက်ပဲ တော်ပါစေ အဲဒီလောက်အချိန်အတွင်း ဘယ်လိုမှ အင်မော်တယ် ဖြစ်မလာနိုင်ဘူး ၊ ကျုပ်တို့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိလဲ ဆိုတာ မင်း သိရရဲ့လား ၊ သိပ်တော့ မာန်တက်မနေနဲ့ဟေ့"

ပြောပြီးသည်နှင့် ဖုကျယ်က အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားများကို ထုတ်ဖော်လိုက်သည်။

သူ့အနေဖြင့် ကျန်းလန်ကို သတ်ဖြတ်ရန်အတွက် တန်ခိုးစွမ်းအား အကုန်လုံးကို အသုံပြုရန် မလိုအပ်ပေ။ သို့သော် မတော်တဆဖြစ်ရပ်များကိုကာကွယ်ရန် တန်ခိုးစွမ်းအားများအားလုံးကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

သို့သော် သူက ကိုယ်ခွဲတစ်ထောင်စွမ်းအားကို ထုတ်ဖော်တော့မည့်အချိန်တွင် ကျန်းလန် သူ့ရှေ့သို့ ရုတ်တရက် ရောက်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူ့မျက်လုံးများထဲတွင် သွေးမှုံများကို တွေ့မြင်လိုက်ရပြီး သူ့ခန္ဓာကိုယ်က လက်သီးချက်တစ်ချက်တည်းဖြင့် ကွဲကြေသွားပြီ ဖြစ်ကြောင်း ထိတ်လန့်စွာဖြင့် သိလိုက်ရသည်။

ဒါက…

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။

သွေးမှုံများက လေထုထဲတွင် ပျံ့ကျဲလျှက် ရှိသည်။

ဖုကျယ်မှာ လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်၏။

ကျန်းလန်က…

"ကိုယ်ခွဲတစ်ထောင်စွမ်းအားကို ထုတ်ဖော်လိုက်ပြီဆိုတာနဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားက သိသိသာသာ တိုးတက်လာလိမ့်မယ် ၊ အဲဒီစွမ်းအားကိုသာ အပြည့်အ၀ ထုတ်ဖော်အသုံးပြုနိုင်ပြီဆိုရင် တစ်ဖက်လူအနေနဲ့ အတော်လေး ရင်ဆိုင်ရခက်ပြီး ဒုက္ခရောက်လိမ့်မယ်"

သူက ဆက်ပြောသည်။

"ကျုပ်လည်း ဆုံးရှုံးမှုအတော်လေး ခံစားခဲ့ရပြီးမှ ဒီစွမ်းအားကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ နားလည်သွားခဲ့တယ် ၊ အဲဒါကတော့ အဲဒီတန်ခိုးစွမ်းအား အသုံးမပြုနိုင်ခင်မှာ ရန်သူကို သတ်ပစ်လိုက်ဖို့ပဲ"

စကားဆုံးသွားသည်နှင့် ကျန်းလန်က မြောက်နျန်ကို လှမ်းကြည့်လိုက်ပြီး…

"မင်းရော ဘယ်လိုထင်လဲ"

All Chapters