← Chapters

အကြည့်ပြိုင်ပွဲတွင် အရှုံးကို မသိသေးသူ

Vol. 10 Ch. 920

အကြည့်ပြိုင်ပွဲတွင် အရှုံးကို မသိသေးသူ

Vol. 10 Ch. 920

ထိုအချက်အလက်ကို ကြားသိလိုက်ရသောအခါ ပိုင်ရှောင်ချန်းသည် အင်မော်တယ်ဝိညာဥ် သခင်ကြီးနှင့် သူ၏ဘေးတွင်ရပ်နေသည့် မာနကြီးပုံရသော လူငယ်တို့အား လှမ်းကြည့်လိုက်သည်။

" နောက်ထပ် သတိထားရမဲ့တစ်ယောက်က တောင်ပိုင်း အဏ္ဏဝါနဂါးဝိညာဥ်ဂိုဏ်းကပဲ။ အနက်ရောင်နဂါးဝိညာဥ်ပေါ်မှာ ထိုင်နေတဲ့ ကျင့်ကြံသူကိုတွေ့လား။ သူက နှစ်တစ်ထောင်သရဲသခင်။ နှစ်ပေါင်းတစ်ထောင်အထိ နေခဲ့တဲ့ သရဲအိုကြီးတစ်ကောင်ဖြစ်နေလို့ သူ့တာအိုနာမည်က အဲဒီလိုဖြစ်နေတာ။ သူက သရဲတာအိုအတတ်ကို ကျင့်ကြံခဲ့လို့ ကောင်းကင်ကို ဖီဆန်နိုင်ပြီး နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သွားခဲ့တယ်။ သူ့အတိုက်အခိုက်စွမ်းရည်က သူ့ကျင့်ကြံခြင်းအဆင့်ထက် သာလွန်ပြီး သူ့ဆံပင်တွေလို့ထင်ရတဲ့ မီးခိုးမျှင်ပေါင်း တစ်ထောင်ထဲက မီးခိုးမျှင်တိုင်းမှာ အသက်အန္တရာယ်ပြုနိုင်လောက်အောင် အစွမ်းထက်တဲ့ တာအိုမှော်အတတ်တစ်ခုစီပါတယ် "

" အဏ္ဏဝါနဂါးဝိညာဥ်ဂိုဏ်းက အသွင်ပြောင်းအတတ်ပညာမှာ ကျွမ်းကျင်ကြတယ်။ သူတို့က ကြောက်မက်ဖွယ် သားရဲကြီးတွေအဖြစ် အသွင်ပြောင်းလိုက်ပြီဆိုရင် သူတို့ရဲ့ တိုက်ပွဲစွမ်းရည်တွေက တမုဟုတ်ခြင်း မြင့်တက်သွားတယ်။ ပြီးတော့ နှစ်တစ်ထောင်သရဲသခင်လိုမျိုးပဲ အဲဒီဂိုဏ်းသားတွေအားလုံးက သရဲတာအိုအတတ်ကိုကျင့်ကြံထားကြလို့ ထူးခြားဆန်းပြားပြီး နက်နဲလွန်းလှတဲ့ မှော်အတတ်တွေကို ပိုင်ဆိုင်ထားကြတယ် "

" အဲဒီသင်္ဘောပေါ်က ကျင့်ကြံသူအများစုက ဝရမ်းပြေးကျင့်ကြံသူတွေ ဆိုပေမဲ့ အဏ္ဏဝါနဂါးဝိညာဥ်ဂိုဏ်းမှာ အခြားလူတိုင်းထက် သာလွန်နေတဲ့ လက်ရွေးစင်တစ်ယောက်ရှိတယ်။ သူ့နာမည်က စွန်းဝူတဲ့။ အဲဒီဝူက ကင်းခြေများဆိုတဲ့ စာလုံးပေါင်းထဲမှာ ပါတဲ့ 'ဝူ' ဆိုတဲ့ စာလုံးနဲ့အတူတူပဲ။ ကြည့်လိုက်၊ သူက ပင်မကုန်းပတ်ပေါ်မှာ ရပ်နေတာ။ သူ့အရေပြားက မိစ္ဆာသရဲတစ်ကောင်လို စိမ်းနေတာလေ။ အဲဒါ သူပဲ။ "

တောင်ဘက်မှလာနေသည့် သင်္ဘောကြီးကို ကြည့်လိုက်သောအခါ အနက်ရောင်နဂါးကြီးပေါ်တွင် ထိုင်နေသည့် နှစ်တစ်ထောင်သရဲသခင်ကို ပိုင်ရှောင်ချန်း တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအချို့မှာ ဝေဝါးကာမသဲမကွဲဖြစ်နေပြီး သူ့ထံမှ ကြောက်မက်ဖွယ်အေးစက်စက် အငွေ့အသက်တစ်ခု ပေါ်ထွက်နေသည်။ ပိုင်ရှောင်ချန်းက သူ့အားကြည့်လိုက်သည်နှင့် သူက သတိထားမိသွားဟန်တူပြီး ဓားသွားအလား စူးရှပြတ်သားေသာအကြည့်ဖြင့် ပြန်၍လှမ်းကြည့်လိုက်သည်။ တချိန်ထဲမှာပင် သူ၏အငွေ့အသက်က ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စစ်သင်္ဘောပေါ်ရှိ လူတိုင်းအပေါ်သို့ ကျရောက်လာသည့်အလား ဖြစ်သွား၏။

" ငါ့ကိုစိုက်ကြည့်တာလောက်ကတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ငါနဲ့အတူပါလာတဲ့ လူတိုင်းကိုပါ ဘာလို့ခြိမ်းခြောက်နေရတာလဲဟ "

ထိုကျင့်ကြံသူက ထင်သလောက် အံ့အားသင့်ဖွယ်ကောင်းမည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်းက ယူဆလိုက်သည်။ ထို့အပြင် ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ အလွယ်တကူ ခြိမ်းခြောက်၍ မရနိုင်သောလူတစ်ယောက်ဟု မှတ်ယူထားသည်ဖြစ်လေရာ ချက်ချင်းပင် ပြန်၍စိုက်ကြည့်လိုက်သည်။ အဆင့်မြင့် အကြည့်ခြင်းယှဥ်ပြိုင်သည့်ပွဲများတွင် သူ တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးသဖြင့် သူ့ကိုယ်သူယုံကြည်မှု အပြည့်ရှိနေခြင်းလည်းဖြစ်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာဖြစ်စေ၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာဖြစ်စေ၊ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ဖြစ်စေ၊မြေရိုင်းဒေသမှာဖြစ်စေ အကြည့်ချင်းပြိုင်သည့်ပွဲများတွင် သူ့ကိုယှဥ်နိုင်မည့်လူမရှိဟု သူက ယုံကြည်ထားခဲ့သည်။

လူအချို့က ထိုအချင်းအရာကို မယုံကြည်တတ်ကြပေ။ သို့သော် ထိုသို့သောလူများနှင့်ဆုံတိုင်း သူသည် သူ၏အကြည့်ကိုအသုံးချ၍ သူမည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ထိုလူများအား သတိပေးခဲ့သည်သာဖြစ်သည်။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် လျှပ်စီးများ ကိန်းအောင်းနေသည့်အလား သူနှင့် အကြည့်ချင်းဆုံသွားသောလူမှလွဲ၍ အခြားမည်သူမှမကြားနိုင်မည့် မိုးခြိမ်းသံများပင် ပေါ်ထွက်လာတတ်သည်။

ထိုကြောက်မက်ဖွယ် မိုးခြိမ်းသံကြီးကြောင့် ပိုင်ရှောင်ချန်းက ရုတ်တရက် ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့်ပုံ ပေါ်သွားတော့သည်။ သူ၏စွမ်းအင်အားလုံးက သူ၏မျက်လုံးများထဲတွင် စုစည်းနေကြပြီး ထိုမျက်လုံးနှစ်လုံးမှာ လေကိုခွင်း၍ လမ်းတွင်ရှိသမျှ အရာအားလုံးကိုခုတ်ထစ်ပစ်ကာ သူ၏ရှေ့တွင်ရှိနေသည့် သက်ရှိအရာအားလုံးကို ချေမှုန်းပစ်မည့် စူးရှချွန်ထက်သော ဓားနှစ်လက်အသွင်ပြောင်းလဲသွားပြီး နှစ်တစ်ထောင်သရဲသခင်၏ မျက်လုံးအိမ်များထဲသို့ စိုက်ဝင်သွားတော့သည်။

" အကြည့်ချင်းပြိုင်ကြတာပေါ့ကွာ "

ဤအခန်းကဏ္ဍတွင် သူသည် တစ်မိုးအောက်တွင် ပြိုင်စံရှားဟု မှတ်ယူထားသည်ဖြစ်၍ သူ၏နှလုံးသားထဲတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေတော့သည်။

နှစ်တစ်ထောင်သရဲသခင်မှာ လုံးဝအံ့အားသင့်သွားတော့သည်။ သူသည် သရဲအိုကြီးတစ်ကောင်အဖြစ် နှစ်တစ်ထောင်ခန့် နေထိုင်ခဲ့ပြီးပြီဖြစ်သော်လည်း ရိုးတွင်းချဥ်ဆီတိုင်အောင် တုန်လှုပ်သွားရသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှ အနှီနတ်အဆင့်ကျင့်ကြံသူကို သူမြင်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်၍ သူတို့နှစ်ယောက်အကြားတွင် ယခင်က မည်သည့်ပြဿနာမှလည်း မရှိခဲ့ဖူးပေ။ သို့သော်လည်း ထိုလူကား သူ့ကို မိစ္ဆာတစ်ကောင်အလား စူးစူးရဲရဲ ကြည့်နေပေသည်။ ထိုလူ၏စူးရှသောအကြည့်နှင့် အံကိုကြိတ်ထားသည့်ပုံစံကြောင့် နှစ်တစ်ထောင်သရဲသခင်၏ ရင်ထဲတွင် ယခင်က သူ လုံးဝမခံစားဖူးခဲ့သည့် မအီမသာခံစားချက်ကြီးတစ်ခုဖြင့် ပြည့်နှက်သွားတော့သည်။

သူသည် ခေတ္တမျှဆက်၍ စိုက်ကြည့်လိုက်ပြီးနောက် ချောင်းဟန့်ကာ အကြည့်လွှဲလိုက်တော့သည်။

နှစ်တစ်ထောင်သရဲသခင်က သူ၏အကြည့်ကိုမယှဥ်နိုင်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်ရသောအခါ သူ၏နှလုံးသားထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ သူက ကုန်းပတ်ပေါ်တွင်ရပ်၍ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး မေးငေါ့ကာ ပြိုင်ဘက်ကင်းသူရဲကောင်းတစ်ယောက်ပုံစံ ဖမ်းလိုက်တော့သည်။

" အေးပေါ့ သူကငါ့ကို ဘယ်လိုလုပ်ယှဥ်နိုင်ပါ့မလဲ။ အိမ်း၊ ငါနဲ့ အဆင့်တူတဲ့လူနဲ့ ကြုံရောကြုံဦးမှာလား သိချင်လိုက်တာကွာ။ တစ်ရက်ရက်တော့ ငါ့ကိုအနိုင်ယူနိုင်တဲ့လူတစ်ယောက်လောက် ပေါ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ် "

သူက ထိုသို့သက်ပြင်းချကာ မတ်တတ်ရပ်နေစဥ် ယခုလေးတင် သူနှင့် နှစ်တစ်ထောင်သရဲသခင်တို့ ကြီးကျယ်ခမ်းနားလှသော အကြည့်ချင်းပြိုင်သည့်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြောင်း အခြားမည်သည့်ကျင့်ကြံသူကမှ သတိမထားမိခဲ့ကြပေ။

စုန့်ချွဲမှလွဲ၍ ဖြစ်ပေသည်။ စုန့်ချွဲသည် ပိုင်ရှောင်ချန်းအကြောင်း ကောင်းကောင်းသိထားသဖြင့် မကြာသေးမီက တစ်ချက်ခိုးကြည့်ခဲ့ခြင်းဖြစ်သည်။ ဖြစ်ပျက်နေသည့် အချင်းအရာများကို သူသတိထားမိလိုက်သောအခါ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာပြီး သူ၏ပါးကို သူပြန်မရိုက်မိစေရန် မနည်းထိန်းလိုက်ရတော့သည်။

" သူတို့နှစ်ယောက်စလုံးက နတ်အဆင့်ကျင့်ကြံသူတွေလေ။ အဲဒါတောင် အကြည့်ချင်းပြိုင်နေကြတုံးလား "

ပိုင်ရှောင်ချန်းနေထိုင်နေသည့် ကမ္ဘာကြီးကို စုန့်ချွဲ နားမလည်နိုင်လောက်အောင် ဖြစ်နေတော့သည်။

ထိုစဥ် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ယင်ယန်ဝိညာဥ်အဆင့် အကြီးအကဲကြီးမှာ ဆက်၍ မိတ်ဆက်ပေးနေတော့သည်။

" နောက်ဆုံးကတော့ မြောက်ပိုင်းက ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းပဲ "

" ငါ အရင်တုံးက အဲဒီဂိုဏ်းဆီကနေ သတင်းအချက်အလက် စုဆောင်းရတဲ့ တာဝန်တစ်ခုထမ်းဆောင်ဖူးတယ်။ အဲဒါကြောင့် သူတို့က ပိုင်နက်အများကြီး ပိုင်ဆိုင်ထားတာကို သိခဲ့ရတယ်။ လူဦးရေကတော့ ခပ်ပါးပါးပါပဲ။ သူတို့ဆီက ရာသီဥတုက ဆိုးဝါးလွန်းတယ်။ မြေရိုင်းဒေသလောက်အထိတော့ မဆိုးဝါးပေမဲ့ အအေးဓာတ်ပြင်းလွန်းလို့ အဲဒီနေရာကလူတွေက အံ့သြစရာအရမ်းကောင်းတဲ့ ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားကြတယ်။ တစ်ကမ္ဘာလုံးမှာတောင် အကောင်းဆုံးလို့ပြောလို့ရတယ် "

" သူတို့ရဲ့ တမူထူးခြားတဲ့ တည်နေရာကြောင့် ငါတို့လို အရှေ့၊အနောက်နဲ့ တောင်ပိုင်းမှာရှိတဲ့ အခြားလူတွေနဲ့ သူတို့က လုံးဝမတူပဲဖြစ်နေရတာ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် မြောက်ပိုင်းမှာရှိတဲ့ နယ်မြေအားလုံးကို ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ထိန်းချုပ်ထားတာကွ။ အဲဒီနေရာတစ်ဝိုက်မှာ ကျင့်ကြံသူမျိုးနွယ်စုတွေ အများကြီးရှိတယ်။ အဲဒီမျိုးနွယ်စုတွေဆီကနေ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ဂိုဏ်းသားတွေကို ခေါ်ယူကြတာ။ "

" ကောင်းကင်ဘုံတွေကို ပုံကြမ်းဆွဲထားတဲ့နည်းလမ်းနဲ့ အဲဒီဂိုဏ်းကိုဖွဲ့စည်းထားတာ။ ဂိုဏ်းသားတွေက ပထမကောင်းကင်ဘုံကနေစရပြီး နဝမကောင်းကင်ဘုံအထိ တစ်ဆင့်ပြီးတစ်ဆင့်တက်တက်သွားရတယ်။ "

ထိုအချိန်တွင် ရှင်းပြနေသည့် ယင်ယန်ဝိညာဥ်အဆင့် အကြီးအကဲကြီးမှာ သူ၏လေသံကိုလျှော့လိုက်သည်။

" ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းရဲ့ စစ်သင်္ဘောကြီးကိုကြည့်လိုက်။ အရှေ့ပိုင်းမှာရှိတဲ့ ခပ်ထွားထွားလူကြီးကိုမြင်လား။ သူ့ပုံစံက လူတစ်ယောက်ထဲလို့ ထင်ရပေမဲ့ မဟုတ်ဘူးနော်။ လူနှစ်ယောက်ကို တစ်ယောက်ထဲဖြစ်အောင် ပေါင်းစည်းထားတာ။ "

ထိုအခါ ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားပြီး မျက်လုံးမှေးကြီးများဖြင့် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းသို့ လှမ်းကြည့်လိုက်သည်။ ထိုသို့ကြည့်လိုက်သောအခါ...

စစ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်ရှိ ခပ်ထွားထွားလူကြီးမှာ လူတစ်ယောက်ထဲမဟုတ်ကြောင်းကို သူသိလိုက်ရသည်။ ထိုလူမှာ ထူးခြားသောပုံစံတစ်ခုဖြင့် လူနှစ်ယောက်အား ပေါင်းစပ်ထားခြင်းသာဖြစ်သည်။

သူတို့ထဲမှ တစ်ယောက်က အလွန်တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ဘယ်ခြမ်းကို ပိုင်ဆိုင်ထားသည်။ သူ၏ ဘယ်ဘက်လက်၊ ဘယ်ဘက်ခြေထောက်၊ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းနှင့် ဦးခေါင်းတို့မှာ အလွန်တုတ်ခိုင်သန်မာလှသည်။ သို့သော် သူ၏ညာဘက်အခြမ်းမှာ ခြောက်သွေ့ကာတွန့်လိမ်နေ၏။ ထို့ကြောင့် သူသည် အလွန်ပုံပျက်ပန်းပျက်ဖြစ်နေပြီး အိုမင်းနေသည့်ပုံပေါက်နေသည်။

အခြားလူတစ်ယောက်မှာလည်း ထိုနည်းတူပင်ဖြစ်ပြီး ဘယ်ဘက်ညာဘက်သာ ပြောင်းလဲသွားသည်။ သူ၏ညာဘက်ခြမ်းမှာ တုတ်ခိုင်သန်မာလှပြီး ဘယ်ဘက်ခြမ်းမှာ ခြောက်သွေ့နေသည်။ ထိုလူနှစ်ယောက် အတူတကွ မတ်တတ်ရပ်လိုက်သောအခါ လူတစ်ယောက်ထဲကဲ့သို့ ဖြစ်သွားတော့သည်။

ထို့အပြင် သူတို့၏ မျက်နှာအသွင်အပြင်များသည်လည်း တစ်ပုံစံထဲပင်။

ပိုင်ရှောင်ချန်းမှာ လှမ်းကြည့်နေရင်း ထိုနှစ်ယောက်စလုံးက အလယ်ပိုင်းနတ်အဆင့်ကျင့်ကြံခြင်းအခြေခံများကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသောအခါ တုန်လှုပ်သွားတော့သည်။

" သူတို့နှစ်ယောက်ပေါင်းပြီးတော့ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းရဲ့ နာမည်ကြီး လျှပ်စီးတိမ်တိုက်သခင်ဆိုပြီး ဖြစ်လာတာပဲ "

" လျှပ်စီးတိမ်တိုက်သခင်က အရင်တုံးက လူတစ်ယောက်ထဲလို့တော့ပြောကြတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ မှော်အတတ်တစ်ခုကို ကျင့်ကြံမိလို့ နှောင်းပိုင်းနတ်အဆင့်ကို ဖောက်ထွက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ ကျရှုံးခဲ့တယ်။ အဲဒီကျရှုံးမှုရဲ့ တန်ပြန်ဒဏ်ကြောင့် သူ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားပြီး တစ်ခြမ်းစီမှာ အသိစိတ်တစ်ခုစီ ဖြစ်သွားတယ် "

" ဒါပေမဲ့ အဲဒီ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်က လျှပ်စီးတိမ်တိုက်သခင်အစစ်အဖြစ် ယာယီပြန်ပေါင်းစည်းနိုင်တဲ့ လျှို့ဝှက်မှော်အတတ်တစ်ခုကို ပိုင်ဆိုင်ထားတယ်။ အဲဒီလို သူတို့ ပေါင်းစည်းလိုက်ပြီဆိုရင် သူ့ကျင့်ကြံခြင်းအခြေခံက နှောင်းပိုင်းနတ်အဆင့်အထိ မြင့်တက်သွားတယ် "

ထိုရှင်းပြချက်များကိုနားထောင်ကာ ပိုင်ရှောင်ချန်း၏မျက်လုံးများ ပို၍ပြူးကျယ်လာရတော့သည်။ အခြားဂိုဏ်းနှစ်ဂိုဏ်းမှ နတ်အဆင့်ကျင့်ကြံသူများမှာ အလယ်ပိုင်းနတ်အဆင့်တွင်သာရှိနေကြသဖြင့် ကြောက်စရာ မကောင်းလှပေ။ သို့သော် ထို လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်သာ ပေါင်းစည်းသွားပြီး နှောင်းပိုင်းနတ်အဆင့်သို့ ရောက်သွားပါက သတိထားရတော့မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် အလယ်ပိုင်းနတ်အဆင့်တွင်ရှိသော လူတစ်ယောက်ကို အနိုင်ယူနိုင်ပါသော်လည်း နှောင်းပိုင်းနတ်အဆင့်တွင် ရှိနေသောလူကိုမူ အနိုင်တိုက်နိုင်ရန်မှာ မသေချာပေ။

" လျှပ်စီးတိမ်တိုက်သခင်နောက်မှာ ရပ်နေတဲ့လူသုံးယောက်ကို ကြည့်လိုက်။ သူတို့အားလုံးက နဝမမြောက်ကောင်းကင်ဘုံအဆင့်မှာရှိပြီး ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းကို ရောက်နေကြတဲ့ ကျင့်ကြံသူတွေချည်းပဲ။ သူတို့နာမည်တွေက ဟန်ယွဲ့မေ၊ ကျုံးကျိမ်ရှန်၊ ရှေးဦးလျှပ်စီးသခင်တို့ပဲ။ ရှေးဦးလျှပ်စီးသခင်က လျှပ်စီးတိမ်တိုက်သခင်ရဲ့ တစ်ဦးထဲသော ထိပ်တန်းအဆင့်တပည့်လေ။ ကြည့်လိုက်၊ လျှပ်စီးတိမ်တိုက်သခင်ရဲ့ နောက်တည့်တည့်မှာရပ်နေပြီး မျောက်တစ်ကောင်လိုခါးကုန်းနေတဲ့ လူပိန်လေးက သူပဲ "

" သူ့အနားရောက်ရင် အရမ်းသတိထားမှရမယ်နော်။ သူက ဟန်ယွဲ့မေနဲ့ ကျုံးကျိမ်ရှန်တို့ထက် ပိုပြီး အန္တရာယ်များတယ်။ ပြီးတော့ သူက အငြှိုးအတေး သေးသေးလေးကအစ အထအနကောက်ပြီး လက်စားချေတတ်တဲ့အကျင့်ရှိတယ်။ စာနာသနားစိတ် လုံးဝမရှိလောက်အောင် ရက်စက်ကြမ်းကြုတ်တဲ့သူဆိုပြီး သူက နာမည်ကြီးတယ်။ မင်းတို့သူ့ကို ပေါ့ပေါ့တန်တန်သဘောထားပြီး ဇယားသွားမရှုပ်ကြနဲ့ "

ယခုတွင်မူ လူတိုင်းသည် အခြားဂိုဏ်းသုံးဂိုဏ်းအကြောင်းကို ပို၍သိလာကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းအား အချိန်အတော်အတန်ကြာအောင် လှမ်းကြည့်နေလိုက်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး သူ့အား ပြောပြခဲ့သည့်စကားကို သူ လုံးဝမမေ့သေးပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ယခင်က မြောက်ပိုင်းမှ ဟန်ဇောင်ကျောင်းတော်ဖြစ်ခဲ့ဖူးသည်။ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းသည် ဟန်ဇောင်ကျောင်းတော်ကိုဖျက်ဆီးပြီးမှသာ ပေါ်ပေါက်လာခဲ့သည်ဖြစ်ပြီး သူတို့၏ မဟာရန်သူကြီးဖြစ်သည်။

ပိုင်ရှောင်ချန်းက ထိုဂိုဏ်းကိုလုံးဝအထင်မကြီးပေ။ သူ၏ နှုတ်ခမ်းက ကွေးညွှတ်လာကာ ဆိုလိုက်လေသည်။

" သူတို့ရဲ့ နတ်အဆင့်ကျင့်ကြံသူက သူ့ကိုယ်သူ အရူးနှစ်ကောင်အဖြစ် ခွဲသွားအောင် ကျင့်ကြံခဲ့သေးတယ်။ နဝမမြောက်ကောင်းကင်ဘုံအဆင့်မှာရှိတဲ့ ကြောက်စရာအကောင်းဆုံး ကျင့်ကြံသူ ရှေးဦးလျှပ်စီးသခင်ကလည်း မျောက်တစ်ကောင်နဲ့တူနေလိုက်တာ။ ဘယ်လိုရူးကြောင်ကြောင် ဂိုဏ်းလဲကွာ "

ထိုအချိန်တွင် စစ်သင်္ဘောလေးစင်းမှာ ဆိပ်ကမ်းအနားသို့ရောက်လာကြသည်။ ထို့နောက် ဆိပ်ကမ်းကပ်လိုက်ကြသဖြင့် ထစ်ချုန်းသံများမြည်ဟည်းသွားကြတော့သည်။

သင်္ဘောကြီးများ လုံးဝရပ်တန့်သွားပြီးနောက် မြစ်လက်တက်လေးခုမှ ကျင့်ကြံသူများမှာ စိုးရိမ်တကြီးဖြင့် တုန်တုန်ရီရီဆင်းသက်လာကြသည်။

ကျင့်ကြံသူများစွာက သူတို့၏ပြိုင်ဘက်ဂိုဏ်းသားများကို သင်္ဘောပေါ်တွင် ရှိနေစဥ်ကထက်ပင် ပို၍အကဲခတ်နေကြတော့သည်။ အခြားဂိုဏ်းသုံးဂိုဏ်းမှာလည်း သူတို့၏ ဂိုဏ်းသားများအား မိတ်ဆက်မှုများလုပ်ခဲ့ကြသည့် ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲများ ရှိနေကြသည်။

ပိုင်ရှောင်ချန်းသည် လူများစွာက သူ့အား စိုက်ကြည့်နေသည်ကို သိလိုက်ရသဖြင့် သူ၏စပ်စုလိုစိတ်များ ပြင်းပြလာတော့သည်။ ထို့ကြောင့် သူ၏နတ်ဘုရားအာရုံအချို့ကို ထုတ်လွှတ်လိုက်ပြီး အခြားလူများပြောဆိုနေကြသည့် စကားများကို ခိုး၍နားစွင့်နေလိုက်တော့သည်။

All Chapters