ကြီးကျယ်မြင့်မြတ်သော တုလင်ဖေး
Vol. 10 Ch. 921
" ရှင်းကုံကျစ်တာအိုဂိုဏ်းက ပိုင်ရှောင်ချန်းဆိုတဲ့ကောင်ကို မင်းတို့အားလုံး သတိထားကြနော်။ သူကနတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေလို့ဆိုပြီး ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတွေကို မတိုက်ခိုက်ပဲ နေမှာမဟုတ်ဘူး။ အဲဒီလိုထင်ရင်တော့ မင်းတို့သိပ်မှားသွားမယ်။ ငါတို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သူက သူ့ထက်အားနည်းတဲ့လူတွေကို အနိုင်ကျင့်ရတာကို နှစ်ခြိုက်တတ်ပြီး မူမမှန်တဲ့ လူတစ်ယောက်တဲ့။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ သူကစွမ်းအားအကြီးဆုံး နတ်အဆင့်ကျင့်ကြံသူဖြစ်နေတာတောင် သူ့တစ်ဘဝလုံး သူ့ထက် ကျင့်ကြံခြင်းအခြေခံအဆင့်နိမ့်တဲ့လူတွေကိုပဲ အနိုင်ကျင့်လာတာတဲ့။ သူ့ကို အရှက်မရှိတဲ့နေရာမှာ စံနမူနာထားရတယ်။ မင်းတို့အားလုံး သူ့အနားရောက်ရင် သတိကြီးကြီးထားကြ "
" ပိုင်ရှောင်ချန်းနဲ့တွေ့ရင် မင်းတို့တွေ သတိရှိရှိနေကြနော်။ သူ့ဘဝတစ်လျှောက်လုံး သူက ထူးဆန်းတဲ့အရာတွေအများကြီး လုပ်ခဲ့တာ။ သူက မဟာတံတိုင်းပေါ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ဆယ်စုနှစ်များစွာတိုင်အောင် မြေရိုင်းဒေသထဲကို ပျောက်ကွယ်သွားခဲ့တယ်။ ဘေးမသီရန်မခ ပြန်ရောက်လာတဲ့အချိန်ကျတော့ သူက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ။ သူနဲ့ပတ်သတ်ရင် ကြောက်စရာအကောင်းက သူ့ ကျင့်ကြံခြင်းအခြေခံမဟုတ်ဘူး။ သူ့ဆေးလုံးတွေပဲ။ ငါတို့ အတတ်နိုင်ဆုံး ရယူနိုင်ခဲ့တဲ့ သတင်းအချက်အလက်တွေအရဆို သူသာ အခွင့်အရေးကောင်းကောင်းတစ်ခုခု ရလိုက်မယ်ဆိုရင် သူဆေးဖော်စပ်တဲ့နည်းလမ်းတွေက မြစ်ဝဂိုဏ်းတစ်ဂိုဏ်းလုံးကိုပါ ဖျက်ဆီးနိုင်စွမ်းရှိတယ်တဲ့ "
" မင်းတို့တွေ ပိုင်ရှောင်ချန်းအကြောင်း ကြားဖူးချင်မှ ကြားဖူးလိမ့်မယ်။ ဒါပေမဲ့ အရှေ့ဘက်ကောင်းကင်တံတားမြစ်ကနေ ရတဲ့ မူးယစ်ဆေးလုံးတွေအကြောင်းတော့ ကြားဖူးကြမှာပေါ့။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုံးက အဲဒီဆေးလုံးတွေကြောင့် ဖြစ်ခဲ့ရတဲ့ ကပ်ဘေးကြီးတွေကို မှတ်မိတယ်မလား။ အေး... အဲဒီကောင်က အဲဒီဆေးလုံးတွေကိုဖန်တီးခဲ့တဲ့ အော့နှလုံးနာဖို့ကောင်းတဲ့ လူဆိုးကြီးပဲကွ "
အခြားမြစ်လက်တက်သုံးခုမှ လူအများ ပြောဆိုနေကြသည့် သူ၏အကြောင်းများကို ပိုင်ရှောင်ချန်းက ကြားလိုက်ရသောအခါ သူ၏မျက်နှာပေါ်တွင် ထူးဆန်းကာ အနည်းငယ်အရှက်ရသွားသည့် အမူအရာတစ်ခု ပေါ်ထွက်လာတော့သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်တော့သည်။
" ငါဒီလောက် နာမည်ကြီးနေတယ်ဆိုတာ ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး။ ငါ့ မူးယစ်ဆေးလုံးတွေက ဘယ်တုံးကများ အနောက်ဘက်အထိ ရောက်သွားရတာလဲ။ ကုံမြို့တော်က ဆေးလုံးတွေနဲ့ရော တူများတူရဲ့လား။ ပြီးတော့ ငါက ငါ့ထက်ကျင့်ကြံခြင်းအခြေခံအဆင့်နိမ့်တဲ့ လူတွေကိုအနိုင်ကျင့်ရတာကြိုက်တယ်လို့ ဘယ်ကောင်က ဖွခဲ့တာတုံး။ အဲ့ဒါကို ဘေးကင်းအောင်နေတယ်လို့ ခေါ်တယ်ကွ "
သူသည် အနည်းငယ်မခံမရပ်နိုင်အောင် ဖြစ်သွားပါသော်လည်း သူ၏နာမည်ကျော်ကြားမှုကြောင့် ကျေနပ်နေ၏။ သူ၏နာမည်မှာ ထိုမျှအထိ ပျံ့နှံ့သွားလိမ့်မည်ဟု သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။
" ဟမ့်၊ ငါ့ရဲ့ယောက္ခမကြီးက သရဲကြီးဘုရင်၊ ငါ့တပည့်က ငရဲဧကရာဇ်ဆိုတာကိုသာ သူတို့သိသွားလို့ကတော့ အသိစိတ်ပျောက်လုမတတ် သွေးပျက်သွားကြမယ်နဲ့တူတယ် "
ထိုသို့တွေးတောမိလိုက်သောအခါ သူသည် ပို၍ပင်ကျေနပ်နေတော့သည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှ လူများ၏ စကားသံများကို သူ ရုတ်တရက် ကြားလိုက်ရတော့သည်။
" ပိုင်ရှောင်ချန်းဟုတ်လား။ ဟမ့်၊ သူက ကံကောင်းပြီးတော့ နတ်အဆင့်ကို ထင်ထားတာထက် ပိုပြီးစောစောရောက်သွားတာပဲရှိတာပါ။ မကြာခင်မှာ ငါနတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်တော့မှာ။ အဲဒီအခါ သူ့ကို တိုက်ပွဲမှာ သေချာပေါက်အနိုင်ယူပြမယ် "
" သူက တော်တော်လေး ရုပ်ချောတာပဲ။ ယောက်ျားတစ်ယောက်ဖြစ်နေတာ ဆိုးသကွာ "
ထိုစကားများကို ပြောနေကြသူများမှာ ယင်ယန်ဝိညာဥ်အဆင့်မှ ကျင့်ကြံသူများဖြစ်ကြပြီး ထိုစကားလုံးများမှာ ပိုင်ရှောင်ချန်းအတွက်မူ အနည်းငယ်လေးမျှပင် နားဝင်ချိုမနေခဲ့ကြပေ။ သူသည် ချက်ချင်းပင် ထိုဘက်သို့ စိုက်ကြည့်လိုက်သောအခါ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်က သတိထားမိသွားသဖြင့် သူတို့နှစ်ယောက်သည် သူ့ဘက်သို့ ပြန်၍စိုက်ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားသည်နှင့် ပိုင်ရှောင်ချန်း၏ စိတ်ဓာတ်များ တက်ကြွသွားတော့သည်။
" ဟေဟေး။ နောက်ထပ် အကြည့်ချင်းပြိုင်ဦးမယ်ပေါ့ ဟုတ်လား "
ပိုင်ရှောင်ချန်းမှာ သူ၏ဝါသနာနှင့် ပတ်သတ်လာလျှင် မည်သည့်အခါမှ အကျောခံမည်မဟုတ်ပေ။ ထို့ကြောင့် ပို၍အားပါပါ စိုက်ကြည့်လိုက်တော့သည်။ သို့သော် အနည်းငယ်အကြာတွင် လျှပ်စီးတိမ်တိုက်သခင်မှာ အလွန်ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း သိလိုက်ရသဖြင့် သူ တုန်လှုပ်သွားရတော့သည်။
" သောက်ကျိုးနည်း၊ သူတို့က နှစ်ယောက်တောင်လေကွာ "
လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်မှာ သူ့အား မျက်ဝန်းနှစ်စုံဖြင့် စိုက်ကြည့်နေကြ၏။ သူတို့၏အကြည့်မှာ အလွန်စူးရှပြတ်သားလွန်းလှသည်ဖြစ်ရာ ပိုင်ရှောင်ချန်းမှာ တစ်ယောက်ထဲပြန်ကြည့်နေရသဖြင့် အခက်တွေ့နေရတော့သည်။ ထို့ကြောင့် သူသည် စုန့်ချွဲအားလှမ်း၍ အကူအညီတောင်းလိုက်တော့သည်။ သို့သော် သူတို့နှစ်ယောက် မပူးပေါင်းနိုင်ခင်မှာပင် စစ်သင်္ဘောလေးစင်းစလုံးမှ ကျင့်ကြံသူများအားလုံး တိတ်ဆိတ်သွားကြတော့သည်။
ထိုအချိန်တွင် ကောင်းကင်တံတားကျွန်း၏ အဓိကအစိတ်အပိုင်းနှင့် ဆက်သွယ်ထားသည့် ခမ်းနားကြီးကျယ်လှသော တောင်တန်းများဆီမှ ထွက်ပေါ်လာကြသည့် လူတစ်စုက ကမ်းခြေဆီသို့ ခြေချလာကြောင်း ပိုင်ရှောင်ချန်း သတိထားမိလိုက်သည်။
ရှေ့ဆုံးတွင် ရှိနေသူမှာ ဖီးနစ်ငှက်ကိုးကောင်ပုံကို ထိုးထားသည့် ခရမ်းရောင်ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားသည့် ချောမောလှပသော မိန်းမပျိုတစ်ဦးဖြစ်သည်။ သူမ၏ နဖူးပေါ်တွင် အနီရောင်အမှတ်အသားတစ်ခုရှိနေပြီး သူမသည် ဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသည့်ပုံစံ ပေါ်နေသည်။ လူတိုင်းကို ကြည့်လိုက်သည့် သူမ၏အကြည့်မှာ မည်သူကမှ မလွန်ဆန်နိုင်မည့် အကြည့်မျိုးပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းက သူမကိုမြင်လိုက်ရသည်နှင့် တုန်လှုပ်သွားပြီး သူ၏နှလုံးသားထဲတွင် ရှုပ်ထွေးသောခံစားချက်များ နိုးထလာတော့သည်။ ရုတ်တရက် သူသည် လျှပ်စီးတိမ်တိုက်သခင်နှင့် အကြည့်ချင်းပြိုင်လိုစိတ်ပင် မရှိတော့ပေ။ ထို မိန်းမပျိုလေးကိုသာ တိတ်ဆိတ်စွာစိုက်ကြည့်နေမိတော့သည်။
သူမကား တုလင်ဖေးပင်ဖြစ်သည်။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ အချိန်များစွာကြာမြင့်နေပြီဖြစ်ပြီး မည်သည့်အကြောင်းကြောင့်မသိပါသော်လည်း သူမသည် ယခင်ကထက်ပင် ပို၍မြင့်မြတ်နေသည့်ပုံစံ ပေါ်နေသည်။ ထိုကမ်းခြေပေါ်တွင် ရပ်နေသည့် သူမကား မျက်ဝန်းတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရမည်မှာ သိသာထင်ရှားလှသည်။
သူမသည် ယခင်ကနှင့် အနည်းငယ်ကွဲပြားနေသဖြင့် သူ့အတွက် သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။
တုလင်ဖေး၏ ဘေးနှစ်ဖက်တွင် ကျင့်ကြံသူအုပ်စု နှစ်စုရှိနေသည်။ သူမ၏ ဘယ်ဖက်တွင် အနီရောင်အဝတ်အစားများဆင်မြန်းထားသည့် မိန်းမပျိုေလးများရှိပြီး ညာဖက်တွင် အပြာရောင်အဝတ်အစားများ ဆင်မြန်းထားသည့် လူငယ်လေးများရှိနေသည်။ သူတို့အားလုံးက ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ရုပ်ရည်ချောမောလှပကြသည်။
ထိုကျင့်ကြံသူ အုပ်စုနှစ်စုကို တစ်ချက် ကြည့်လိုက်မိသည်နှင့် မျက်လုံးများ အရည်လဲ့လာမည်မှာ ဧကန်ပင်။ သူတို့အားလုံးမှာ အသေးစိတ်ကလေးအထိ တူညီအောင် အဝတ်အစားများဆင်မြန်းထားကြသည်ဖြစ်ပြီး အဆင့်အလိုက် စနစ်တကျ နေရာချထားသည်လည်းဖြစ်သည်။ ထို့အပြင် သူတို့သည် ကောင်းကင်တံတားကျွန်းကြီး၏ တန်ခိုးစွမ်းအားများကို စုပ်ယူသုံးစွဲနိုင်သည့်အလား အံ့သြဖွယ်စွမ်းအင်များကို ထုတ်လွှတ်နေကြသည်။ ခြုံငုံကြည့်လိုက်လျှင် သူတို့က အထင်ကြီးစရာ ကောင်းနေတော့သည်။
ပိုင်ရှောင်ချန်းသည် အဖွဲ့တစ်ဖွဲ့ထဲတွင် ဟိုရှောင်မေ့အား တွေ့လိုက်ရပြီး အခြားတစ်ဖွဲ့ထဲတွင် ဝိညာဥ်စွယ်အား တွေ့လိုက်ရသည်။
တချိန်ထဲမှာပင် ဟိုရှောင်မေ့သည်လည်း သူ့အားတွေ့လိုက်သဖြင့် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် မသိမသာ ပေါ်ထွက်လာသည်။ သူမ၏မျက်ဝန်းထဲတွင်လည်း ပျော်ရွှင်မှုများဖြင့် တောက်ပနေသည်ကို မြင်နိုင်သည်။ သူမ၏ပခုံးများထက်သို့ ကျရောက်နေသည့် လေးနက်လှသော တာဝန်များကြောင့်သာ မဟုတ်လျှင် သူမသည် အပြေးလာပြီး ပိုင်ရှောင်ချန်းကို ဖက်လိုက်မည်မှာ သေချာသည်။
ဝိညာဥ်စွယ်မှာလည်း ပိုင်ရှောင်ချန်းအား သတိထားမိလိုက်သည်။ သို့သော် သူ၏မျက်နှာအမူအရာ ပြောင်းလဲမသွားသလို ပိုင်ရှောင်ချန်းအား တစ်ချက်မျှသာ ကြည့်လိုက်သည်။
ဟိုရှောင်မေ့က ဘေးကင်းစွာရှိနေသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်တော့သည်။ သို့သော် တုလင်ဖေးကြောင့် သူ၏ရင်ထဲတွင်နိုးထလာရသည့် ရှုပ်ထွေးလှသောခံစားချက်များကိုမူ မငြှိမ်းသက်နိုင်သေးပေ။
ထိုအချိန်တွင် တုလင်ဖေးသည် ပြုံး၍ ဆိုလိုက်သည်။
" မင်္ဂလာပါ တာအိုရောင်းရင်းတို့။ ကောင်းကင်တံတားကျွန်းက ကြိုဆိုပါတယ် "
သူမ၏စကားသံမှာ ကောင်းကင်တံတားကျွန်း၏ တန်ခိုးစွမ်းအားတစ်ခုက အားဖြည့်ပေးထားသော ဂုဏ်အရှိန်အဝါတစ်မျိုး ပါဝင်နေသဖြင့် ရှိရှိသမျှ လူတိုင်း၏ အသိစိတ်နှင့် နှလုံးသားများထဲသို့ ဖောက်ထွင်း၍ တိုးဝင်သွားလေသည်။
ရှိရှိသမျှ ကျင့်ကြံသူများအားလုံး၏ မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သော အမူအရာများပေါ်ထွက်လာသည်။ နတ်အဆင့်ကျင့်ကြံသူများက ရှေ့သို့ထွက်လာကြပြီး လက်ယှက်ကာ ဦးညွှတ်လိုက်ကြတော့သည်။
" မင်္ဂလာပါ တမန်တော်ခင်ဗျား "
ထိုရိုသေလေးစားမှုအပြည့်ပါသော စကားသံများကား လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်၊ အင်မော်တယ်ဝိညာဥ်သခင်နှင့် နှစ်တစ်ထောင်သရဲသခင်တို့၏ နှုတ်မှထွက်လာကြခြင်း ဖြစ်သည်။ သူတို့အားလုံးမှာ တုလင်ဖေးအား ယခင်ကလုံးဝမမြင်ဖူးကြသော်လည်း သူမ၏ ရာထူးအဆင့်အတန်းမှာ မြင့်မားမည်ဖြစ်ကြောင်း ရိပ်မိကြသဖြင့် သူမအား အမျက်ထွက်သွားစေနိုင်သည့် စကားတစ်ခွန်းတစ်လေကိုပင် မဆိုရဲကြပေ။
ပိုင်ရှောင်ချန်းကမူ ရှေ့သို့လုံးဝထွက်မလာချင်ပေ။ သို့သော် သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ အဖွဲ့ကို ကိုယ်စားပြုနေသည့် နတ်အဆင့်ကျင့်ကြံသူ ဖြစ်သဖြင့် ထွက်ရမည်ဖြစ်ကြောင်း သိသည်။ ထို့ကြောင့် သူသည်သက်ပြင်းချလိုက်ပြီး ဦးညွှတ်လိုက်တော့သည်။ သို့သော် မည်သည့်စကားလုံးများ ဆိုရမည်ကို မသိနိုင်လောက်အောင်ဖြစ်နေရတော့သည်။
ထိုအချင်းအရာကို အခြားနတ်အဆင့် ကျင့်ကြံသူများက သတိထားမိလိုက်ကြသောအခါ သူတို့အားလုံးမှာ စိတ်ထဲတွင် တုန်လှုပ်သွားကြတော့သည်။ သို့သော် ပိုင်ရှောင်ချန်းက သူမအား ဦးညွှတ်နေသည်ကိုမြင်လိုက်ရသောအခါ တုလင်ဖေး၏အမူအရာ အနည်းငယ်ပျော့ပျောင်းသွားပြီး ပြုံးလာတော့သည်။ သို့သော် သူမသည် မည်သည့်စကားကိုမှ မဆိုလိုက်ပေ။ မြစ်လေးစင်းမှ ဧည့်သည်များအားလုံးကို ကြိုဆိုရန်အတွက် သူမ၏အထူးအစောင့်များကိုသာ စီစဥ်ပေးလိုက်သည်။
မြစ်လက်တက်တစ်ခုချင်းစီမှ ဂိုဏ်းသား ရာဂဏန်းအနည်းငယ်ခန့် ခေါ်ဆောင်လာခဲ့သည်ဖြစ်၍ စုစုပေါင်းတွင် လူအယောက်တစ်ထောင်ဝန်းကျင်ခန့် ရှိနေသောကြောင့် ကမ်းခြေမှာ လူအတော်အတန် ပြည့်ကြပ်နေတော့သည်။ သို့သော် တုလင်ဖေး၏ စီစဥ်မှုများကြောင့် ရှုပ်ယှက်ခတ်မနေပေ။
" တာအိုရောင်းရင်းတို့ရှင့်။ နောက်ကျနေပြီဆိုတော့ ရှင်တို့ရဲ့ အိပ်ခန်းတွေဆီ သွားဖို့ ဒီအထူးအစောင့်တွေနောက်က လိုက်သွားလိုက်ကြပါ။ အခုည အနားယူလိုက်ပြီး မနက်ရောက်လို့ ခေါင်းလောင်းခုနစ်ချက်ထိုးတဲ့အချိန်ရောက်ရင် ကောင်းကင်ဧကရာဇ်နဲ့တွေ့ဆုံဖို့အတွက် ရှင်တို့ကို လူတွေလာခေါ်ကြပါလိမ့်မယ် "
သူမသည် အနည်းငယ်ထပ်၍ တွေးတောလိုက်ပြီးနောက် ထပ်လောင်းပြောဆိုလိုက်သည်။
" ပြီးတော့ ကောင်းကင်တံတားကျွန်းပေါ်မှာက တားမြစ်ထားတဲ့နေရာတွေအများကြီးရှိတယ်။ ကြိုတင်မမြင်နိုင်တဲ့ အခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ဒီတစ်ညလုံး အခန်းတွေထဲမှာပဲနေဖို့ တောင်းဆိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အဲဒီနေရာတွေမှာရှိနေတဲ့ အစောင့်တွေက ရှင်တို့ကို ဒဏ်ရာရအောင်လုပ်ရင်လုပ်၊ မလုပ်ရင် သတ်ပစ်နိုင်တာဆိုတော့ ကျွန်မတို့လည်း အဲဒီလိုတော့ မဖြစ်စေချင်လို့ပါ "
တုလင်ဖေး၏ စကားပြောဆိုဟန်မှာ ခြိမ်းခြောက်နေသည့်အမူအရာ လုံးဝမပါပေ။ သူမ၏လေသံမှာ နွေးထွေး၍ ကြင်နာမှုအပြည့်ပင် ပါနေသေးသည်။ သို့သော် ထိုစကားလုံးများကြောင့် ရှိရှိသမျှ ကျင့်ကြံသူများအားလုံး၏ ရင်ထဲတွင် အကြောက်တရားများ ကိန်းအောင်းသွားကြတော့သည်။
နတ်အဆင့်ကျင့်ကြံသူများပင်လျှင် တုန်လှုပ်သွားကြရသည်။
ကောင်းကင်တံတားကျွန်းသည် ကောင်းကင်တံတားနယ်မြေအားလုံး၏ အချက်အချာဖြစ်ပြီး ကောင်းကင်ဧကရာဇ်၏ တာအိုနန်းတော်မှာ အလွန်မကြီးမားလှပါသော်လည်း နဂါးတစ်ကောင်၏ရေအိုင် သို့မဟုတ် ကျားရဲတစ်ကောင်၏သားရဲတွင်း ကဲ့သို့ အန္တရာယ်ကြီးမားလှသည်။ မဆင်မခြင်ပြုမူသည့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများပင်လျှင် ချက်ချင်းအသတ်ခံလိုက်ရမည်ဖြစ်သည်။
ထို့ကြောင့် ဧည့်သည်များမှာ စည်းကမ်းတကျနေရန်အတွက် တုလင်ဖေး၏ သတိပေးချက်များကိုပင် မလိုပေ။
သူတို့အတွက် စီစဥ်ပေးထားသည့် နေစရာအခန်းများမှာ ကျွန်း၏ ကြီးမားသောအစိတ်အပိုင်းပေါ်တွင်မဟုတ်ပဲ ကမ်းခြေအားဝန်းရံနေသည့် စံအိမ်များထဲတွင်ဖြစ်သည်။ စံအိမ်များကို အဓိကနေရာ လေးနေရာအထိ တည်ဆောက်ထားသည်ဖြစ်ပြီး တိုင်းရေးပြည်ရေးကိစ္စကြောင့် လာရောက်လည်ပတ်ကြသူများအတွက် သီးသန့်ထားရှိထားသည့် စံအိမ်ကြီးများလည်း ပါဝင်သည်။
ကျွန်း၏ အဓိကအစိတ်အပိုင်းကိုမူ ကောင်းကင်ဧကရာဇ်၏ ဖိတ်ခေါ်ခြင်းမပါပဲ မည်သူမှ ဝင်ခွင့်မရှိပေ။ သူတို့က အဝေးမှနေ၍ တောင်ထိပ်သုံးခုနှင့် မရေမတွက်နိုက်သော နန်းတော်များကြားထဲတွင် ရံခါဖန်ခါ လှည့်ပတ်နေကြသည့် အထူးအစောင့်များကိုသာ လှမ်းကြည့်နိုင်ကြသည်။
ကောင်းကင်တံတားကျွန်း၏ အထူးအစောင့်များမှာ စီစဥ်မှုများပြုလုပ်နေကြစဥ် ပိုင်ရှောင်ချန်းက စကားတစ်ခွန်းမှ မပြောပေ။ ဟိုရှောင်မေ့သည် သူ့ဆီသို့ လာချင်ပါသော်လည်း သူမသည် အခြားအုပ်စုတစ်ခုတွင် တာဝန်ကျသွားခဲ့သည်ဖြစ်၍ သူ့အား လူအုပ်ကြီးကိုဖြတ်၍သာ ငေးကြည့်နေတော့သည်။
ညနေခင်းအချိန်ရောက်သော် အထူးအစောင့်များမှာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူအယောက်တစ်ထောင်ကျော်ကို သူတို့၏ အခန်းများသို့ ခေါ်ဆောင်ပြီးသွားကြပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာမူ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ ကျွန်း၏တောင်တန်းများဆီသို့ လမ်းပေါက်သည့် ပင်မဝင်ပေါက်ကြီးနှင့် ပို၍နီးသော ခြံဝန်းတစ်ခုပါရှိသည့် အထူးနေအိမ်တစ်ခုကိုရရှိခဲ့သည်။
ဤကျွန်းပေါ်ရှိ စိတ်စွမ်းအင်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းထက်ပင် များစွာပို၍ အားကောင်းလှသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ကျင့်ကြံလိုစိတ်မရှိပေ။ ကောင်းကင်ကြီးမှောင်လာသောအခါ သူသည် တင်ပျဥ်ခွေထိုင်၍ စောင့်နေတော့သည်။
ဤညတွင် တုလင်ဖေးက သူ့အား လာရောက်တွေ့ဆုံလိမ့်မည်ဟု သူ ယုံကြည်ထားသည်။