← Chapters

အခန်း (၃၂၀-၃၂၁)

Vol. 30 Ch. 320-321

အခန်း (၃၂၀-၃၂၁)

Vol. 30 Ch. 320-321

📝အပိုင်း - ၃၂၀

ဘာသာပြန် - Na Gar🐉

"ရိက္ခာတွေက တကယ်ပဲ လုံလောက်ရဲ့လား"

မြင်းပေါ်တွင် ထိုင်နေသော ချန်ဆန်းရှီ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ ထင်ဟပ်နေခြင်း မရှိသော်လည်း သူ၏ အသံမှာမူ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။

"ငါဒီအထိ လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ လိုင်ပြည်နယ်ရဲ့ နေရာ တော်တော်များများ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ကြုံတွေ့နေရတာကို မြင်ခဲ့ရတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ စစ်ပွဲစကတည်းက စစ်ဆင်ရေးတွေ အဆက်မပြတ် ရှိခဲ့ပြီး မြို့တိုင်းအတွက် ရိက္ခာနဲ့ မြက်ခြောက်တွေကို ပြည်သူတွေဆီကနေပဲ အတင်းအကျပ် သိမ်းယူခဲ့ကြတာ မဟုတ်လား။ ဒါကြောင့် ပြည်သူတွေမှာ ပြောမပြနိုင်လောက်အောင် ဆင်းရဲဒုက္ခရောက်နေကြရပြီ"

"ကျောက်ထုံ စီရင်စုက လိုင်ပြည်နယ်မှာ ဒုတိယအကြီးဆုံး စပါးကျီ ဖြစ်တာကြောင့် စစ်သည် ရှစ်ထောင်ကို တစ်နှစ်ခွဲလောက် ကျွေးဖို့ ရိက္ခာ အလုံအလောက် ရှိသင့်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်တိန့် က ပြည်သူတွေကို မိမိသားသမီးလို ချစ်တဲ့သူဖြစ်တာကြောင့် မြို့ထဲက ရိက္ခာတွေကို ပြည်သူတွေအတွက် ခွဲဝေပေးခဲ့မှာ သေချာပါတယ်"

"မြို့ထဲမှာ ပြည်သူ သိန်းနဲ့ချီ ရှိနေတာဆိုတော့ ကျောက်ထုံရဲ့ ရိက္ခာတွေကလည်း လုံလောက်မှာ မဟုတ်တော့ဘူး မဟုတ်လား"

"အဓိပ္ပာယ်မရှိတာ၊ မင်းရဲ့ လိမ်ညာလှည့်ဖြားမှုတွေနဲ့ ငါ့ကို လာမမြောက်ပင့်နဲ့"

တိန့်ဖုန်းက ပြန်လည် တုံ့ပြန်လိုက်သည် "မြို့ထဲမှာ ရိက္ခာတွေ အပြည့်ရှိတယ်။ မြို့ထဲက ညီအစ်ကိုတွေလည်း ခုလေးတင်ပဲ ဝဝလင်လင် စားထားကြတာ။ ချန်ဆန်းရှီ... မင်း ဒီမှာ လာပြီး ကောလာဟလတွေ လာမဖြန့်နဲ့"

"ရိက္ခာကိစ္စကတော့ စပါးကျီတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အလွယ်တကူ အတည်ပြုနိုင်တာပဲ။ အကြွင်းအကျန် ရှိနေဦးမယ် ဆိုရင်တောင် အများကြီးတော့ ကျန်မှာ မဟုတ်တော့ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဗိုလ်ချုပ်တိန့် အနေနဲ့ မိမိကိုယ်ကိုယ်ရော တခြားသူတွေကိုပါ လိမ်ညာချင်နေဦးမယ်ဆိုရင်လည်း ရိက္ခာကိစ္စကို ခဏထားပြီး စစ်အင်အားအကြောင်းကို ပြောကြတာပေါ့"

ချန်ဆန်းရှီက ဆက်ပြောသည် "အခုဆိုရင် စီရင်စု ရှစ်ခုလုံးက သစ္စာခံလိုက်ပြီတင်မကဘူး၊ လွန်ခဲ့တဲ့ နှစ်နာရီကတင် ယုံလဲ့ စီရင်စုလည်း ကျဆုံးသွားပြီ။ ထန်ဘုရင် လီဂုန်း ရဲ့ ဦးခေါင်းဟာလည်း အခုဆို ယုံလဲ့ စီရင်စု မြို့ရိုးပေါ်မှာ ချိတ်ဆွဲခံထားရပြီ"

"ဆိုလိုတာက ခင်ဗျားတို့ရဲ့ ကျောက်ထုံမြို့ဟာ လုံးဝ အထီးကျန်သွားတဲ့ မြို့တစ်မြို့ ဖြစ်သွားပြီ"

"စခန်းထဲမှာ သီချင်းဆိုနေကြတဲ့သူတွေဟာ စီရင်စု ရှစ်ခုနဲ့ ယုံလဲ့ စီရင်စုကနေ အညံ့ခံခဲ့တဲ့ ချင်နိုင်ငံသား စစ်သည်တွေပဲ။ သူတို့က သူတို့ရဲ့ ညီအစ်ကို အချင်းချင်း သတ်ဖြတ်တာကို မလိုလားလို့ သီချင်းနဲ့ တောင်းဆိုနေကြတာ။ ခင်ဗျားတို့ တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ချင်နေကြတာလား။ ခင်ဗျားတို့ထဲမှာ အချင်းချင်း သိနေတဲ့သူတွေ၊ ဒါမှမဟုတ် တစ်ရွာတည်းသားတွေတောင် ပါနေနိုင်တာပဲ"

ထိုစကားများကြောင့် လူအုပ်အတွင်း၌ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။

"ငါတို့မှာ စားစရာ မရှိတော့ဘူးလား"

"မြို့ထဲက စပါးကျီတွေ အကုန် ပြောင်နေပြီလား"

"မနေ့ညက ငါတို့ကို ဘာလို့ အစားအသောက်တွေ ကောင်းကောင်းကျွေးတာလဲဆိုတာ အခုမှ သိတော့တယ်။ ဒါဟာ ငါတို့အတွက် နောက်ဆုံး ကျွေးတဲ့ ထမင်းဝိုင်းပဲ ဖြစ်ရမယ်"

"ယုံလဲ့ စီရင်စုလည်း ကျသွားပြီလား"

"ထန်ဘုရင်တောင် သေသွားပြီတဲ့"

"ဒါဆိုရင် လိုင်ပြည်နယ်မှာ ငါတို့ပဲ ကျန်တော့တာပေါ့။ စစ်သည် တစ်သိန်းခွဲရှိတဲ့ တပ်ကြီးက ငါတို့ကို တိုက်တော့မှာလား"

ချန်ဆန်းရှီက ထပ်မံ ပြောကြားလိုက်သည် "ဗိုလ်ချုပ်တိန့် ငါပြောခဲ့တာတွေ အားလုံးကို ခင်ဗျား အသေအချာ သိနေမှာပါ။ ဒါပေမဲ့ ဘာလို့ ခင်ဗျားရဲ့ ညီအစ်ကိုတွေနဲ့ ပြည်သူတွေကို ဆက်ပြီး လိမ်နေရတာလဲ။ ဒါရှန် တပ်မတော်က အင်အားတွေ ပိုစုစည်းပြီး မြို့ကို သိမ်းပိုက်လိုက်တဲ့အထိ၊ မြို့ထဲမှာ အလောင်းတွေ ပြည့်နှက်သွားတဲ့အထိ စောင့်ပြီးမှ ခေါင်းငုံ့ချင်တာလား"

"ငါက ဘာကို သိနေရမှာလဲ"

တည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ တိန့်ဖုန်းက အော်ဟစ်လိုက်သည် "သူ့ရဲ့ စကားတွေကို နားမထောင်ကြနဲ့။ ငါ ဒါတွေ ဘာမှမသိဘူး။ မဟုတ်ဘူး... ငါပြောတာက သူ့ပါးစပ်ကထွက်တဲ့ စကားတိုင်းမှာ အမှန်တရား တစ်ခွန်းမှ မပါဘူး"

"ဗိုလ်ချုပ်တိန့်"

ချန်ဆန်းရှီက အသံကို မြှင့်လိုက်သည် "ဗိုလ်ချုပ်တိန့် ရဲ့ သစ္စာရှိမှုကို ငါသိပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ သစ္စာရှိမှုကြောင့် မြို့တစ်မြို့လုံးကို ခင်ဗျားနဲ့အတူ မြေမြှုပ်ခံအောင်တော့ မလုပ်သင့်ဘူး မဟုတ်လား"

"ငါစစ်မိန့် ရထားပြီးပြီ။ စစ်သေနာပတိချုပ်မုန့် က မိုးလင်းတာနဲ့ တိုက်ခိုက်ဖို့ ကျွန်တော့်ကို အမိန့်ပေးထားတယ်။ ဒါကြောင့် ခင်ဗျားမှာ စဉ်းစားဖို့ အချိန်အများကြီး မကျန်တော့ဘူး"

"ငါပြောစရာရှိတာ ပြောပြီးပြီ"

"မြို့ထဲက ညီအစ်ကိုတွေနဲ့ ပြည်သူတွေလည်း ဗိုလ်ချုပ်တိန့် ကို ဝိုင်းပြီး ဖျောင်းဖျပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငါသွားတော့မယ်"

ထိုသို့ ပြောပြီးနောက် သူသည် မြင်းကို လှည့်၍ စစ်စခန်းရှိရာသို့ ပြန်လည် ထွက်ခွာသွားလေသည်။

မြို့ရိုးပေါ်တွင်တော့ ပြည်သူများနှင့် စစ်သည်များမှာ ဆူညံပွက်လောရိုက်နေကြသည်။

"ဗိုလ်ချုပ်"

"စီရင်စု ရှစ်ခုအကြောင်းကိုတော့ ကျွန်တော်တို့ မသိနိုင်ပေမယ့် စပါးကျီတွေကရော ဘယ်လိုလဲ"

လူအုပ်ကြီးက မေးမြန်းကြသည် "တကယ်ပဲ ပြောင်နေပြီလား"

"ကျွန်တော်တို့ စပါးကျီတွေကို သွားကြည့်လို့ ရမလား"

"ပြောင်နေပြီ။ စပါးကျီတွေက တကယ် ပြောင်နေပြီ"

ပြဿနာရှာရသည်ကို နှစ်သက်သော လူတစ်ဦးသည် စကားဝိုင်းကို ကြားပြီးနောက် ခိုးထွက်သွားရာမှ အခုတော့ အပြေးအလွှား ပြန်ရောက်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

"အရင်က စပါးကျီတွေက ခိုးယူလို့မရအောင်ပဲ တားထားတာ၊ သွားကြည့်လို့တော့ ရသေးတယ်။ အခုတော့ စပါးကျီတွေကို စစ်သားတွေ အများကြီး စောင့်နေကြပြီး အနားတောင် အကပ်မခံတော့ဘူး"

ဒါဟာ လုံလောက်တဲ့ သက်သေ မဟုတ်ဘူးလား။

"စပါးကျီတွေက ပြောင်နေပြီ"

တိန့်ဖုန်း အနေဖြင့် ဝန်ခံရန် အတင်းအကျပ် အကျပ်ကိုင်ခံလိုက်ရသည်။ "ပြောင်နေတော့ ဘာဖြစ်လဲ။ စပါးကျီကလွဲရင် ကျန်တာ သူပြောတာတွေ အားလုံး အလိမ်အညာတွေပဲ။ မြို့ပြင်က သီချင်းဆိုနေတဲ့သူတွေ ဘယ်က ရောက်လာလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ငါ့အသက်နဲ့ ရင်းပြီး ကတိပေးရဲတာကတော့ အဲ့ဒီ စီရင်စု ရှစ်ခုဟာ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူးဆိုတာပဲ။ မင်းတို့ တကယ် မယုံဘူးဆိုရင်တော့ အပြင်ကို ဖောက်ထွက်ပြီး အခြေအနေကို သွားကြည့်ကြလေ"

"ဗိုလ်ချုပ်"

"အနီးဆုံးမြို့ကို သွားပြီး ပြန်လာဖို့ကတင် နှစ်ရက် ကြာမှာလေ။ ဒါပေမဲ့ ဗိုလ်ချုပ်ကိုယ်တိုင် ပြောတာက စစ်ကူတွေက မနက်ဖြန် မနက် ရောက်မယ်ဆို။ အဲ့ဒီ စီရင်စု ရှစ်ခုက တကယ် အရှုံးပေးသွားပြီဆိုရင်တောင် သွားပြီး အတည်ပြုဖို့ လိုသေးလို့လား။ မိုးလင်းတာနဲ့ စစ်ကူတွေ ရောက်လာတော့မှာပဲ မဟုတ်လား"

"ဗိုလ်ချုပ် ငါတို့ကို လိမ်နေတာလား"

"ဝုန်း"

တိန့်ဖုန်း စကားပြောရာတွင် ဟာကွက်ဖြစ်သွားသည်ကို အခွင့်ကောင်းယူပြီး လူအုပ်ကြီးက သူ့ကို မေးခွန်းများဖြင့် ဆက်တိုက် ဖိအားပေးကြတော့သည်။

တိန့်ဖုန်း မှာ ဘာပြန်ပြောရမှန်း မသိဘဲ စကားထစ်နေတော့သည်။ သူသည် ချန်ဆန်းရှီ ကို စိတ်ထဲမှ ကြိမ်းမောင်းနေမိသည်။ ယုတ်မာညစ်ပတ်သော လူယုတ်မာဟုလည်း တံဆိပ်ကပ်နေမိသည်။

ပထမဦးဆုံး အနေဖြင့် သူသည် အညံ့ခံထားသော စစ်သည်များ၏ သီချင်းသံကို သုံးပြီး စစ်သည်များ၏ စိတ်ဓာတ်ကို တုန်လှုပ်အောင် လုပ်ခဲ့သည်။ ထို့နောက် အပြစ်အားလုံးကို သူ့အပေါ် ပုံချလိုက်ပြီး လက်အောက်ငယ်သားများနှင့် ပြည်သူများအကြား မကျေနပ်မှုများကို လှုံ့ဆော်ခဲ့သည်။ ဤနည်းဖြင့် သူ့ကို ခုခံနိုင်စွမ်းမရှိသော အခြေအနေသို့ တွန်းပို့ခဲ့ခြင်းပင်။

"ငါ ပြောချင်တာက စီရင်စု ရှစ်ခု အရှုံးမပေးသေးဘူးဆိုတာကို သက်သေပြဖို့ပဲ။ စစ်ကူတွေ မလာတော့ဘူးလို့ ငါ မပြောခဲ့ဘူး"

တိန့်ဖုန်း က ဝန်မခံလိုသော်လည်း ပြောလိုက်ရသည် "မနက်ဖြန် မနက်မှာ စစ်ကူတွေ... အချိန်မီ ရောက်လာလိမ့်မယ်"

"ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ဗိုလ်ချုပ်ကို နောက်တစ်ကြိမ် ထပ်ယုံကြည့်ပါ့မယ်"

"ညီအစ်ကိုတို့... မနက်ဖြန် မနက်အထိ တောင့်ခံလိုက်ကြစို့"

လူအုပ်ကြီးမှာ တဖြည်းဖြည်း လူစုကွဲသွားသော်လည်း မတည်ငြိမ်မှုများကတော့ ပျောက်ကွယ်မသွားပေ။

ဒုတိယဗိုလ်ချုပ် ဆုန်ဟုန်ပြောင်း က စိုးရိမ်တကြီး ပြောသည်။ "ဗိုလ်ချုပ်... စစ်ကူတွေ မိုးလင်းတဲ့အထိ ရောက်မလာနိုင်မှန်း သိရက်နဲ့ ဘာလို့ အဲ့ဒီလို ပြောလိုက်ရတာလဲ"

"မိုးလင်းပြီး တိုက်ပွဲ စတင်သွားတာနဲ့ အရှုံးပေးဖို့ အခွင့်အရေး မရှိတော့ဘူး။ အဲ့ဒီအခါ စစ်သည်တွေနဲ့ ပြည်သူတွေအားလုံးဟာ အသက်ရှင်ဖို့အတွက် အသေအလဲ ပြန်တိုက်ကြရလိမ့်မယ်။ ဒါကြောင့် ငါတို့ မိုးလင်းတဲ့အထိ တောင့်ခံထားဖို့ပဲ လိုတယ်" ဟု တိန့်ဖုန်း က ဆိုသည်။

သူ့မှာ အခြား ရွေးချယ်စရာ မရှိပေ။ အကယ်၍ အခုသာ အမှန်အတိုင်း ဝန်ခံလိုက်လျှင် မြို့ထဲတွင် ချက်ချင်းပင် ဆူပူသောင်းကျန်းမှုများ ဖြစ်လာပါလိမ့်မည်။

📝အပိုင်း - ၃၂၁

ဘာသာပြန် - Na Gar🐉

"ဗိုလ်ချုပ်"

ဆုန်ဟုန်ပြောင်းက မျက်မှောင်ကြုတ်လိုက်ပြီး တွန့်ဆုတ်နေသော လေသံဖြင့် ပြောလိုက်သည် "ဒါပေမဲ့ အဲ့ဒီလိုသာဆိုရင် မြို့ထဲမှာရှိတဲ့ ညီအစ်ကိုတွေအတွက် ထွက်ပေါက်မရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်လား"

"မင်း ဘာကို ဆိုလိုတာလဲ" တိန့်ဖုန်းက တစ်ခုခု လွဲချော်နေသည်ကို ခံစားမိသွားသည်။

"မင်း အရှုံးပေးဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။ ငါ ပြောခဲ့ပြီးပြီလေ၊ နောက်ထပ် ငါးရက်လောက်ဆိုရင် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် တပ်မတော်ကြီးကို ဦးဆောင်ပြီး ငါတို့ကို ကယ်ဖို့ လာလိမ့်မယ်လို့"

"တကယ်ပဲလား" ဆုန်ဟုန်ပြောင်းက သတ္တိမွေးပြီး မေးလိုက်သည်။ "ဗိုလ်ချုပ်... ကျွန်တော်တို့ကို အမှန်အတိုင်းပဲ ပြောပြပါ၊ ငါးရက်အတွင်း စစ်ကူတွေ တကယ် ရောက်လာမှာလား"

သူ၏ အမြင်တွင် စီရင်စု ရှစ်ခုလုံး အရှုံးပေးသွားပြီဆိုသည့် သတင်းနှင့် ရိက္ခာကိစ္စများကို လျှို့ဝှက်ထားသည့် အခြေအနေများအောက်တွင် စစ်ကူများ ရောက်ရှိလာမည်ဆိုခြင်းမှာလည်း အလိမ်အညာများ ဖြစ်နေနိုင်မလားဟု သံသယ ဝင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းအချက်အလက်များမှာ ဗိုလ်ချုပ်ထံသို့ အရင်ဆုံး ရောက်ရှိပြီးမှသာ သူတို့ သိရခြင်းကြောင့် ဖြစ်သည်။

"မင်း... မင်းက ငါ့ကို မယုံကြည်ဘူးလား"

တိန့်ဖုန်းက အခိုင်အမာ ငြင်းဆိုလိုက်သည်"ဆုန်ဟုန်ပြောင်း... ငါ မင်းကို မေးပါရစေ၊ ယုံလဲ့ စီရင်စုက အခုထိ ရှိနေသေးတာပဲ၊ ဧကရာဇ်မင်းမြတ်က လိုင်ပြည်နယ် ကို စွန့်ပစ်လိမ့်မယ်လို့ မင်း ထင်နေတာလား"

"ဒါပေမဲ့..." ဆုန့်ဟုန်ပြောင်းက သူ၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုသည်။ "ခုနက ဒါရှန် လူမျိုးတွေ ပြောတာတော့ ယုံလဲ့ စီရင်စုလည်း ကျဆုံးသွားပြီ ဆို"

"မင်းတောင် အလိမ်ခံလိုက်ရတာလား" တိန့်ဖုန်းက စိတ်ထဲမှ ထပ်မံ ကြိမ်းမောင်းနေမိသည်။

ချန်ဆန်းရှီက အလွန်တရာ ယုတ်မာလှသည်။ သူသည် ၁၅ ရက်ဆိုသည့် သတ်မှတ်ချိန်ကို အသုံးချပြီး ဒီလို အရေးကြီးသည့် အချိန်တွင် မည်သည့် သတင်းအချက်အလက်ကိုမျှ အတည်ပြု၍ မရအောင် လုပ်ဆောင်သွားခဲ့သည်။ တိန့်ဖုန်း အနေဖြင့် ထိုသတင်းများမှာ အလိမ်အညာများ ဖြစ်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေသော်လည်း အခြားသူများကမူ ယုံကြည်သွားကြမည် ဖြစ်သည်။

"အရှက်မရှိလိုက်တာ... တကယ့်ကို အရှက်မရှိတဲ့လူပဲ" တိန့်ဖုန်းမှာ အလွန်တရာ စိတ်ပျက်အားငယ်မှုကို ခံစားနေရသည်။

မြို့ပြင်မှ သီချင်းသံများမှာ ဆက်လက် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

"ခရီးလမ်းက နှေးကွေးလို့၊ ရေငတ် ဗိုက်ဆာမှုတွေနဲ့အတူ။ ငါ့နှလုံးသားဟာ ပူဆွေးမှုတွေနဲ့ ပြည့်နေပေမဲ့၊ ဘယ်သူမှတော့ ငါ့ရဲ့ ဒုက္ခကို သတိမပြုမိကြပါလား"

တစ်ညလုံး သီဆိုနေသော ထိုလွမ်းမောဖွယ် သီချင်းသံများသည် မိုးဖွဲဖွဲလေးကဲ့သို့ လူတိုင်း၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အဆက်မပြတ် စိုစွတ်စေခဲ့သည်။ မြို့ထဲရှိ လူပေါင်း ထောင်သောင်းချီ၊ အထူးသဖြင့် မြို့စောင့်စစ်သည် ရှစ်ထောင်မှာတော့ အချိန်ကြာလာသည်နှင့်အမျှ ဝမ်းနည်းပူဆွေးမှုများ ပိုမို ပြင်းထန်လာကြသည်။ သူတို့တွင် တိုက်လိုခိုက်လိုစိတ်များ ကုန်ဆုံးသွားပြီး မိုးလင်းချိန်တွင် တစ်စုံတစ်ယောက်က သူတို့ကို လာရောက်ကယ်တင်ရန်သာ မျှော်လင့်နေကြတော့သည်။

ညအချိန်မှာ ဝေဝါးစွာ ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် ကြယ်များ ရွေ့လျားသွားပြီး နေ့နှင့်ည၏ အနှစ်သာရများ ပြောင်းလဲသွားခဲ့သည်။

မိုးသောက်အလင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

တစ်ညလုံး ထွန်းညှိထားသော မီးအိမ်များ တဖြည်းဖြည်း မှိန်သွားပြီးနောက် နီမြန်းသော အလင်းတန်းနှင့်အတူ နေမင်းကြီးသည် ဖြည်းည်းချင်း ထွက်ပေါ်လာသည်။ လူပေါင်း ထောင်သောင်းချီမှာ မြို့ရိုးပေါ်သို့ တက်လာကြပြီး သူတို့၏ မြင်ကွင်းအတွင်းသို့ "ချင်"အလံတော် ရောက်လာမလားဟု မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။

သို့သော်လည်း ချင်တပ်မတော်၏ အလံတော်ကို မမြင်ရရုံတင်မကဘဲ ဒါရှန် တပ်မတော်၏ အလံတော်များမှာသာ အရပ်မျက်နှာ အသီးသီးမှ ပိုမို ထွက်ပေါ်လာခဲ့သည်။ ဖုန်လုံးကြီးများနှင့်အတူ စစ်သည်များနှင့် မြင်းများမှာ အရေအတွက် မည်မျှရှိသည်ကို မသိနိုင်လောက်အောင် မြို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေကြသည်။

"ဗိုလ်ချုပ်... စစ်ကူတွေ ဘယ်မှာလဲ"

"စစ်ကူတွေ လာလိမ့်မယ်လို့ ဗိုလ်ချုပ် ကတိပေးခဲ့တယ် မဟုတ်လား"

"တကယ်တော့ ဒီနေ့နဲ့ဆိုရင် ၁၆ ရက်တောင် ရှိသွားပြီ"

"စစ်ကူတွေ ရောက်မလာသေးဘူး"

"ဗိုလ်ချုပ်... အရှုံးပေးပြီး မြို့ထဲကနေ ထွက်သွားကြရအောင်"

"နောက်ကျသွားပြီ"

အားလုံး၏ ကြည့်ရှုနေမှုအောက်တွင် တိန့်ဖုန်းသည် မြင့်မားသော စင်မြင့်ပေါ်သို့ တက်လာပြီး အပြစ်မကင်းသော လေသံဖြင့် ပြောလိုက်သည်။ "အမှန်တော့... စစ်ကူတွေ ရောက်ဖို့ နောက်ထပ် ငါးရက်လောက် လိုပါသေးတယ်"

"နောက်ထပ် ငါးရက် ဟုတ်လား"

"အားလုံး နားထောင်ကြ" တိန့်ဖုန်းက သူ၏ ဓားကို မြှောက်လိုက်သည်။

"အရင်က ၁၅ ရက်လို့ ငါပြောခဲ့တာက လူတိုင်းရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးချင်လို့ပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ အမှန်ပဲ၊ နောက်ထပ် ငါးရက်ထက် မပိုတဲ့ အချိန်မှာ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် အစိမ်းရောင်တောင်တန်း ကို ရောက်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မြို့ပြင်က ဟူပန် တပ်မတော်နဲ့ အနက်ရောင်သံချပ်ကာတပ်မတော်တို့ဟာ ကျိန်းသေပေါက် တပ်ဆုတ်သွားကြလိမ့်မယ်"

"ဗိုလ်ချုပ်... ကျွန်တော် ပြောရဲတာကတော့ ဗိုလ်ချုပ်က အရင်တစ်ခေါက်ကလည်း ဒီလိုပဲ ပြောခဲ့တာပါ"

"ရိက္ခာတွေကရော..."

"ဗိုလ်ချုပ်က ငါတို့ကို အကြိမ်ကြိမ် လိမ်ခဲ့ပြီးပြီပဲ"

"ဗိုလ်ချုပ်... ဒီငါးရက် ကုန်သွားရင်လည်း နောက်ထပ် ငါးရက်လို့ ထပ်ပြောဦးမှာပဲ မဟုတ်လား"

"စစ်ကူတွေဆိုတာ တကယ်မရှိတာပါ"

"မကောင်းတော့ဘူး... အားလုံး မြန်မြန်ကြည့်ကြဦး"

"ဒါရှန် လူမျိုးတွေ မြို့ကို တိုက်ဖို့ ပြင်နေကြပြီ"

"သတ်မှတ်ထားတဲ့ အချိန်ရောက်ဖို့ ရေနွေးတစ်အိုးစာ အချိန်ပဲ ကျန်တော့တယ်"

မြို့ပြင်ရှိ သီချင်းသံများမှာ ရုတ်တရက် ရပ်တန့်သွားပြီး ထိုနေရာတွင် မြေကြီးတုန်ဟိန်းစေမည့် စစ်စည်သံများ၊ ခရုသင်းသံများက အစားထိုး ဝင်ရောက်လာသည်။ လေပြင်းများကြားတွင် စစ်အလံများမှာ တဖျတ်ဖျတ် လွင့်ပျံနေပြီး စစ်သည်များမှာ စနစ်တကျ နေရာယူထားကြသည်။ ၎င်းအပြင် မြို့တံခါးဖျက်စက်များ၊ လှေကားများ၊ နှင့် အခြားသော မြို့သိမ်းလက်နက်ကြီးများကိုလည်း ရှေ့တန်းသို့ တွန်းထုတ်လာကြသည်။

"ငါတို့ ဘာလုပ်ကြမလဲ"

"အခု အရှုံးမပေးရင် နောက်ကျသွားလိမ့်မယ်"

"ဗိုလ်ချုပ်... စစ်ကူတွေလည်း မရှိတော့မှတော့ အရှုံးပေးလိုက်ကြရအောင်"

"အရှုံးမပေးရဘူး... အရှုံးမပေးရဘူး။ ငါ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်၊ စစ်ကူတွေက ငါးရက်အတွင်းမှာ တကယ် ရောက်လာမှာပါ" တိန့်ဖုန်းက အစွမ်းကုန် အော်ဟစ်လိုက်သော်လည်း မည်သူမျှ နားမထောင်ချင်ကြတော့ပေ။ ထပ်တလဲလဲ လိမ်ညာမှုများကြောင့် သူ၏ ယုံကြည်ကိုးစားမှုမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး သူ၏ စကားလုံးများမှာလည်း အားနည်းပြီး အစွမ်းမဲ့နေတော့သည်။

"ဗိုလ်ချုပ်"

"မကောင်းတော့ဘူး"

"အရှေ့ဘက် မြို့တံခါးက တပ်မှူးက တံခါးဖွင့်ဖို့ ကြိုးစားနေတယ်"

"သေချင်နေတာလား"

တိန့်ဖုန်းသည် ပြင်းထန်သော ကျားတစ်ကောင်ကဲ့သို့ မြို့ရိုးပေါ်မှ ခုန်ဆင်းသွားပြီး အရှိန်အဟုန်ဖြင့် အရှေ့ဘက် မြို့တံခါးသို့ သွားကာ ထိုတပ်မှူးကို ဓားဖြင့် ခုတ်သတ်လိုက်သည်။ သူ၏ ဓားကို ပြန်သိမ်းရုံရှိသေးသော်လည်း သူ၏ လက်အောက်ငယ်သားများထံမှ နောက်ထပ် သတင်းများ ရောက်ရှိလာပြန်သည်။

"တောင်ဘက် မြို့တံခါးက တပ်မှူးက တံခါးကို မီးရှို့နေတယ်"

"သေပေတော့" တိန့်ဖုန်းက အရင်အတိုင်းပင် မညှာမတာ သတ်ဖြတ်လိုက်သည်။

"ဗိုလ်ချုပ်... မကောင်းတော့ဘူး။ တပ်မှူး ဝမ်လင်းအန် ရော... တပ်မှူး ကျောက် ရော..."

"ဒါက ဆိုးလှချေလား၊ ပြည်သူတွေက..."

သို့သော်လည်း တိန့်ဖုန်း မည်မျှပင် လုပ်ဆောင်စေကာမူ လူအများ၏ လုပ်ရပ်ကို သူ မတားဆီးနိုင်တော့ပေ။ သူသည် မြေပြိုမှုကြီးနှင့် လှိုင်းလုံးကြီးများကို ရင်ဆိုင်နေရသကဲ့သို့ အလွန်အမင်း အစွမ်းမဲ့မှုကို ခံစားနေရသည်။ သူသည် ကျင့်စဉ်အဆင့် မြင့်မားသော်လည်း သာမန်လူတစ်ယောက်သာ ဖြစ်သဖြင့် သဘာဝတရား၏ အရှိန်အဟုန်ကို မတားဆီးနိုင်ခဲ့ပေ။

ဤကြီးမားလှသော အရှိန်အဟုန်မှာ အစကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မြောက်ဘက်နယ်မြေမှ စတင်လာခဲ့ပြီး တစ်ခါက သူ၏ အစွမ်းဖြင့် ခေတ္တ တားဆီးနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ တားမရတော့ပေ။ ချန်ဆန်းရှီ၏ တစ်ဆင့်ပြီးတစ်ဆင့် စိတ်ဓာတ်ကို ဝန်းရံတိုက်ခိုက်မှုအောက်တွင် ယနေ့ ထွက်ပေါ်လာသော နေမင်းကြီးသည် ကုလားအုတ်ကျောပေါ်က နောက်ဆုံးတင်လိုက်သော ကောက်ရိုးတစ်မျှင် ဖြစ်သွားခဲ့သည်။

ဒီအချိန်ကစပြီး အရှုံးပေးလိုသည့် စိတ်ဓာတ်မှာ မြို့ထဲတွင် တားမရသော ကူးစက်ရောဂါလို ပျံ့နှံ့သွားခဲ့သည်။ မြို့ကို ကာကွယ်ခြင်းဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရသည့် ကိစ္စမဟုတ်ပေ။ သူသည် နက်ဲပုံရိပ်အဆင့် ရဲ့ပြည့်စုံခြင်းအဆင့်မှာ ရှိနေပါစေ၊ သို့မဟုတ် အခုချက်ချင်းပင် စစ်နတ်ဘုရားအဆင့်သို့ ရောက်သွားပါစေ၊ အရပ်မျက်နှာတိုင်းက အရှုံးပေးဖို့ အသင့်ဖြစ်နေသည့် အခြေအနေတွင် သူ ဘာလုပ်နိုင်ပါမည်နည်း။ သူသည် မြို့ထဲက ပြည်သူ တစ်သိန်းလုံးကို သတ်ပစ်နိုင်ပါမည်လော။

ဝုန်း...

နောက်ဆုံးတွင် သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားခဲ့ပြီး ဘာမှ မလုပ်နိုင်တော့ပေ။ တောင်ဘက် မြို့တံခါးကြီးမှာ ကျယ်လောင်သော အသံနှင့်အတူ ပွင့်ထွက်သွားလေတော့သည်။

All Chapters