← Chapters

အခန်း (၃၂၂-၃၂၃)

Vol. 30 Ch. 322-323

အခန်း (၃၂၂-၃၂၃)

Vol. 30 Ch. 322-323

📝အပိုင်း - ၃၂၂

ဘာသာပြန် - Na Gar🐉

ပထမဆုံး အသုတ်အနေဖြင့် အရာရှိများက လမ်းပြလျက် ဗိုလ်ချုပ်များသည် မြို့ပြင်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော မြင်းဖြူစီး ဝတ်ရုံဖြူရှင်ထံသို့ သွားရောက် တွေ့ဆုံကြသည်။

"ဗိုလ်ချုပ်ချန် မြို့ကို မတိုက်ပါနဲ့တော့"

"ကျွန်တော်တို့ အရှုံးပေးပါတယ်"

မြို့တစ်ခုလုံးမှာ လုံးဝ ပရမ်းပတာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ချင်နိုင်ငံမှ စစ်သည် အမြောက်အမြားမှာ တိန့်ဖုန်း ကို ကျော်ဖြတ်ကာ မြို့ပြင်သို့ တိုးဝှေ့ ထွက်ခွာသွားကြသည်။ သူတို့မှာ တစ်ခဏလေး နောက်ကျသွားပါက အရှုံးပေးခွင့် ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြသည့်အလား ဖြစ်သည်။

ဆုန်ဟုန်ပြောင်း နှင့် အခြားသော ယုံကြည်စိတ်ချရသည့် ဗိုလ်ချုပ်အနည်းငယ်သာ တွန့်ဆုတ်စွာ ကျန်ရစ်သော်လည်း သူတို့၏ မျက်ဝန်းများမှာလည်း မတည်မငြိမ် ဖြစ်နေကြသည်။

"ဟားဟားဟားဟား"

ထိုအချိန်တွင် တိန့်ဖုန်း သည် ကောင်းကင်ကို ကြည့်ကာ မောဟိုက်သွားသည့်အထိ လှောင်ပြောင် ရယ်မောလိုက်သည်။ ထို့နောက် တုန်ရင်နေသော အသံဖြင့် ဟစ်အော်လိုက်သည်။

"ငါ... ရှုံးသွားပြီ"

သူ့ကို ကျော်ဖြတ်သွားသော လူအုပ်ကြီးကို ကြည့်ရင်း စစ်ပညာ ကျွမ်းကျင်လှသော သူသည်ပင် ထိုပညာများကို အသုံးချရန် အခွင့်အရေး မရတော့ပေ။ သူသည် အသက်ရှူရ ကျပ်လောက်အောင် ပြင်းထန်သော စိတ်ပျက်အားငယ်မှုထဲတွင် နစ်မွန်းသွားရတော့သည်။

သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ နဂါးလခြမ်းဓားကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ခါးတွင် ချိတ်ထားသော ဓားကို ဆွဲထုတ်ကာ သူ၏ လည်ပင်းကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

ဤလုပ်ရပ်ကြောင့်ပင် မြို့ထဲက ဆူပူသောင်းကျန်းမှုများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။

"ဗိုလ်ချုပ်"

"မလုပ်ပါနဲ့ ဗိုလ်ချုပ်"

ဆုန်ဟုန်ပြောင်း နှင့် ရင်းနှီးသော ဗိုလ်ချုပ်များမှာ သူ့အနားသို့ အပြေးအလွှား ရောက်လာပြီး ဝိုင်းရံထားလိုက်ကြသည် "ဗိုလ်ချုပ် သေချင်တယ်ဆိုရင် ကျွန်တော်တို့ကို အရင်သတ်ပါ"

"တိန့်ချင်ထျန်း(ချင်ထျန်း- တရားမျှတတဲ့အရာရှိ)" ပြည်သူများလည်း မှင်တက်သွားကြသည်။

မြို့တံခါးဖွင့်၍ အရှုံးပေးရုံနှင့် ဘာကြောင့် တိန့်ချင်ထျန်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ကြပေ။ သူတို့ အသည်းအသန် အရှုံးပေးလိုခြင်းမှာ မိမိတို့ အသက်ကို ကယ်တင်ရန်သာ ဖြစ်ပြီး ဗိုလ်ချုပ်တိန့် ကို သေစေလိုသည့် ဆန္ဒ လုံးဝ မရှိကြပေ။

ချန်ဆန်းရှီ ကလည်း ကတိပေးထားသည် မဟုတ်လား။ မြို့ကို အရှုံးပေးလျှင် ဗိုလ်ချုပ်ဖြစ်စေ၊ ပြည်သူဖြစ်စေ၊ စစ်သည်ဖြစ်စေ မည်သူ့ကိုမျှ သတ်မည်မဟုတ်ဟု ဆိုထားသည်။ မည်သူမျှ သေစရာမလိုလျှင် ဘာကြောင့် အရှုံးမပေးနိုင်ရမည်နည်း။

ဘာကြောင့် ဒီအခြေအနေအထိ ရောက်ရသနည်း။

"ဗိုလ်ချုပ်တိန့်"

"အရှင်"

ခဏချင်းမှာပင် ပြည်သူများနှင့် စစ်သည်များမှာ ဒူးထောက်လိုက်ကြပြီး မည်သူမျှ မြို့တံခါးဆီသို့ ဆက်မပြေးကြတော့ပေ။ မိမိတို့ အသက်ရှင်ဖို့ အရှုံးပေးမည့် ကိစ္စကိုပင် မေ့သွားကြသည့်အလား ရှိနေသည်။

"မင်းတို့ အရှုံးပေးချင်ရင်လည်း သွားကြလေ၊ ငါ့ဆီက ဘာလိုချင်နေကြသေးတာလဲ"

တိန့်ဖုန်း၏ မျက်လုံးများမှာ နီမြန်းနေသည် "မျိုးဆက်ခြောက်ဆက်တိုင်

တိုင် တိန့်မိသားစုဟာ ချင်နိုင်ငံအပေါ်မှာ သစ္စာရှိခဲ့တာ။ ငါ တိန့်ဖုန်း က ဘယ်လိုလုပ်ပြီး အရှက်မရှိတဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်နိုင်မှာလဲ။ ငါ့ကိုယ်ငါ မသတ်ရင် ဘိုးဘေးတွေကို ငါ ဘယ်လို မျက်နှာပြရမှာလဲ"

ဝုန်း...

သူ၏ ဂန်းချီများမှာ ပေါက်ကွဲထွက်လာပြီး သူ့အနားက လက်အောက်ငယ်သား အချို့ကို လွင့်ထွက်သွားစေသည်။ သူသည် မိမိကိုယ်ကို အဆုံးစီရင်ရန် ထပ်မံ ပြင်ဆင်လိုက်သည်။

ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။

"ဗိုလ်ချုပ်တိန့် ဘာလို့ ဒီလိုစကားတွေ ပြောရတာလဲ"

မြင်းဖြူစီး၍ ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ဗိုလ်ချုပ်မှာ အလျင်အမြန် ရောက်ရှိလာသည်။ သူနှင့်အတူ နက်နဲပုံရိပ်အဆင့် ပြည့်စုံခြင်းသို့ ရောက်ရှိထားသော ရှာဝမ်လုံ နှင့် ချွေချုံယီ တို့လည်း ပါဝင်လာကြပြီး ဟူပန်

တပ်မတော် နှင့် အနက်ရောင်သံချပ်ကာတပ်မတော် တို့က သူတို့ကို ဝန်းရံလိုက်ကြသည်။

ချွေချုံယီ နှင့် အခြားသူများ၏ မျက်နှာတွင် အခုထိ ထိတ်လန့်မှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။

လွန်ခဲ့သော ခဏလေးကတင်...

သူတို့သည် ဓားများကို ဆွဲထုတ်ကာ ချန်ဆန်းရှီ၏ တပ်များကို တိုက်ခိုက်ရန် အသင့်ပြင်နေခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် သတင်း ရောက်ရှိလာခဲ့သည်။

ကျောက်ထုံ စီရင်စုတွင် ဆူပူမှုများ ဖြစ်ပွားနေပြီး အရှေ့ဘက် မြို့တံခါး ပွင့်သွားပြီဟူသော သတင်းပင် ဖြစ်သည်။

သူတို့ တပ်တွေကို ဦးဆောင်ကာ ဝင်လာသည့်အခါတွင်လည်း မည်သည့် ခုခံမှုမျှ မတွေ့ခဲ့ရဘဲ သံချပ်ကာ စစ်သည် ထောင်ပေါင်းများစွာမှာ လက်နက်ချ၍ အညံ့ခံခဲ့ကြသည်။

ချန်ဆန်းရှီ တကယ်ပဲ လုပ်နိုင်ခဲ့ပြီ။

တစ်ခါက မည်သည့်နည်းနှင့်မျှ မဖောက်ထွင်းနိုင်ဟု ယူဆထားသော ကျောက်ထုံ စီရင်စုသည် မယုံနိုင်စရာကောင်းလောက်အောင် တစ်ညအတွင်းမှာတင် အရှုံးပေးခဲ့သည်။ ထို့ပြင် အဓိက ဗိုလ်ချုပ်ဖြစ်သူ တိန့်ဖုန်း က အရှုံးပေးရန် ဆန္ဒမရှိသော်လည်း မြို့ထဲက ပရမ်းပတာ အခြေအနေများကို သူ မထိန်းချုပ်နိုင်ခဲ့ပေ။

တိန့်ဖုန်း ၏ ဂုဏ်သတင်းနှင့်ဆိုလျှင် အခြေအနေများ ဤသို့ ဖြစ်လာမည်ဟု စိတ်ကူးရန်ပင် ခက်ခဲလှသည်။

ဘာကြောင့်လဲ။

မနေ့ညက ချန်ဆန်းရှီ အညံ့ခံစစ်သည်တွေကို သီချင်းဆိုခိုင်းပြီး စကားအချို့ ပြောခိုင်းရုံနဲ့ ဒီလို ဖြစ်သွားရတာလား။

ရှင်းနေသည်မှာ ချန်ဆန်းရှီ ပြောသည့် စကားများမှာ သူတို့ အရင်က ပြောခဲ့သည့် စကားများနှင့် ဘာမှ မကွာခြားလှပေ။ သို့သော် သူတို့ပြောစဉ်က မအောင်မြင်ဘဲ ချန်ဆန်းရှီ ပြောသည့်အခါမှ ဘာကြောင့် အောင်မြင်သွားရသနည်း။

အခုဆိုလျှင် ဗိုလ်ချုပ်အများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး တပ်မတော် တစ်ခုလုံးလည်း မြို့ထဲသို့ ဝင်ရောက်ကာ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

ဆိုလိုသည်မှာ ကျောက်ထုံ စီရင်စုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

မဖြစ်နိုင်ဟု ထင်ရသည့် နောက်ဆုံးအချိန်လေးမှာမှ သူတို့ အရှုံးပေးခဲ့ကြခြင်းပင်။

ချောင်ဖန် မှာတော့ အံ့ဩလွန်းသဖြင့် မှင်တက်နေတော့သည်။ သူသည် တော်ဝင်မိသားစုဝင် မင်းသားတစ်ပါး ဖြစ်သော်လည်း မိမိနှင့် ရွယ်တူဖြစ်သော ဤဗိုလ်ချုပ်ကို မည်သို့ ကြည့်ရမည်ကိုပင် တွန့်ဆုတ်နေမိသည်။

တကယ့်ကို အရှက်ရဖို့ ကောင်းလှသည်။

"ချန်ဆန်းရှီ"

ဒါရှန် သံချပ်ကာ မြင်းတပ်ကြီး ချဉ်းကပ်လာသည်ကို ကြည့်ရင်း တိန့်ဖုန်း မှာ ကြိမ်းမောင်းလိုက်သည်။

"မင်းကယုတ်မာလှချေလား။ မြို့တံခါး ပွင့်သွားအောင် ဒီလို နိမ့်ကျတဲ့ နည်းလမ်းတွေကို သုံးပြီး လှည့်စားတာ ဘာထူးခြားလို့လဲ။ မင်းမှာ အရည်အချင်း ရှိရင် ကိုယ်တိုင် ဘာလို့ တက်မတိုက်တာလဲ"

သူ ကြိမ်းမောင်းနေစဉ်မှာပင် ဤစကားများသည် အဓိပ္ပာယ်မရှိမှန်း သူကိုယ်တိုင် သိနေသည်။

သူ၏ စိတ်ထဲတွင် သိနေသည်မှာ ဒါဟာ လှည့်ကွက် သက်သက် မဟုတ်ဘဲ သူကိုယ်တိုင်ပင် မတားဆီးနိုင်သော ကြီးမားလှသည့် အရှိန်အဟုန် တစ်ခု ဖြစ်ကြောင်းပင်။

အသက် ၁၈၊ ၁၉ နှစ်သာ ရှိသေးသော ဤဗိုလ်ချုပ်သည် စစ်မြေပြင်တွင် တစ်ခါမျှ မတွေ့ဖူးသေးသော ထူးခြားသည့် ဗျူဟာကို အသုံးချတတ်နေခဲ့ပြီ။

သူ့ကို အထင်သေးခဲ့မိတာပဲ။

တော်ပြီ။

မြို့တံခါး ကျိုးသွားပြီဖြစ်သလို မြို့ထဲက ပြည်သူတွေကိုလည်း ထိခိုက်မှာ မဟုတ်တော့ပေ။ စကားတွေ အများကြီး ပြောနေလည်း မထူးတော့ဘဲ သေခြင်းတရားကသာ အဖြေဖြစ်ပေလိမ့်မည်။

"ဗိုလ်ချုပ်တိန့်"

ချန်ဆန်းရှီ က ချက်ချင်း အမိန့်ပေးလိုက်သည် "ချွေချုံယီ၊ ရှာဝမ်လုံ... သူ့ကို ချက်ချင်း ထိန်းသိမ်းလိုက်ကြစမ်း။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာမျိုး မဖြစ်စေနဲ့"

"အမိန့်အတိုင်းပါ"

ယခု ကျောက်ထုံ စီရင်စု အရှုံးပေးသွားပြီ ဖြစ်သဖြင့် ချန်ဆန်းရှီ မှာ တပ်မှူးအဖြစ် ဆက်လက် တည်ရှိနေပြီး သူ၏ အမိန့်ကို နာခံကြရမည် ဖြစ်သည်။

"မင်းတို့ လူမိုက်နှစ်ယောက်က သေဖို့ လာတာလား"

တိန့်ဖုန်း ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်နေသည်။ သူသည် မြေကြီးကို ဆောင့်နင်းလိုက်ပြီး နဂါးလခြမ်းဓား ကိုပြန်လည် ဆုပ်ကိုင်

လိုက်သည်။ ပြင်းထန်လှသော ဂန်းချီများမှာ နဂါးများအလား ထွက်ပေါ်လာပြီး ထိုလူနှစ်ယောက်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

"တိန့်ဖုန်း မင်း ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ"

ချွေချုံယီ က အေးစက်စွာ သတိပေးလိုက်သည် "မင်း အရှုံးပေးပြီးမှ ပုန်ကန်ချင်နေတာလား။ မင်းရဲ့ လက်အောက်ငယ်သားတွေကိုပါ မင်းနဲ့အတူ အသေခံစေချင်တာလား"

"မင်း... မင်း..."

တိန့်ဖုန်း သိနေသည်မှာ သူတစ်ယောက်တည်း အနေဖြင့် ချွေချုံယီ နှင့် ရှာဝမ်လုံ တို့ကို အနိုင်ယူနိုင်သော်လည်း သူကိုယ်တိုင်လည်း ဒဏ်ရာရမည် ဖြစ်သည်။ ထို့ပြင် သူတို့နောက်မှာ စစ်သည် ထောင်ပေါင်းများစွာ ရှိနေသဖြင့် သူ၏ လက်ကျန် စစ်သည်များနှင့် ပြည်သူများကိုပါ ထိခိုက်စေနိုင်ပါသည်။

ဆိုလိုသည်မှာ ခုခံခြင်းဖြင့် မြို့ကို ပြန်မရနိုင်ဘဲ ပြည်သူတွေကို သတ်ဖြတ်မိသလိုသာ ဖြစ်သွားပါလိမ့်မည်။

အဆင့်မြင့် ကျင့်ကြံသူများအကြား တိုက်ပွဲမှာ ခဏချင်းပင် ဆုံးဖြတ်နိုင်သည်။

ရှာဝမ်လုံ နှင့် ချွေချုံယီ တို့မှာ ရှေ့သို့ အပြေးအလွှား ရောက်လာကြပြီး အဆင့်မြင့် ကျင့်ကြံသူများကို ထိန်းချုပ်ရန် အထူးပြုလုပ်ထားသော လျှို့ဝှက် သံကြိုးများဖြင့် တိန့်ဖုန်း ၏ ခန္ဓာကိုယ်ရှိ အရေးကြီးသော အချက်များကို ရစ်ပတ် ထိန်းချုပ်လိုက်ကြသည်။ သူ၏ စွမ်းအားများကို အသုံးပြု၍ မရအောင် လုံးဝ ချုပ်နှောင်လိုက်ခြင်းပင် ဖြစ်သည်။

ဤအခြေအနေတွင် စစ်နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ဦးပင်လျှင် ရုန်းထွက်နိုင်မည် မဟုတ်ပေ။

အလွန်အမင်း နာကျင်နေသော်လည်း တိန့်ဖုန်း မှာ အံကြိတ်ထားပြီး အော်ဟစ်သံ တစ်စွန်းတစ်စမျှ ထွက်မလာပေ။

"သူ့ကို ခေါ်သွားကြ"

ချွေချုံယီ က မဟာသွေးကြောအဆင့် ရှိသော လက်ထောက်ဗိုလ်ချုပ် နှစ်ဦးကို အမိန့်ပေးလိုက်သည်။

"သူ့ကို သေသေချာချာ စောင့်ကြပ်ထားကြ"

📝အပိုင်း - ၃၂၃

ဘာသာပြန် - Na Gar🐉

"ဗိုလ်ချုပ်တိန့်"

ဗိုလ်ချုပ်တိန့်ဖုန်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည်ကို ကြည့်ပြီး စစ်သည်များနှင့် ပြည်သူများမှာ တစ်ခဲနက် အော်ဟစ်လိုက်ကြသည်။

"ဗိုလ်ချုပ်ချန်... အရှုံးပေးတဲ့သူတွေကို မသတ်ဘူးလို့ ဗိုလ်ချုပ်ကိုယ်တိုင် ကတိပေးခဲ့တာပဲ မဟုတ်လား။ ကျေးဇူးပြုပြီး ဗိုလ်ချုပ်တိန့် ရဲ့ အသက်ကိုတော့ ချမ်းသာပေးပါခင်ဗျာ"

"ဟုတ်ပါတယ်... ဗိုလ်ချုပ်တိန့် ရဲ့ ဂုဏ်သတင်းက ကောင်းကင်အထိ ကျော်ကြားပါတယ်။ သူ လိုင်ပြည်နယ် ကို ရောက်ကတည်းက ပြည်သူတွေအတွက် ကောင်းမှုတွေ အများကြီး လုပ်ပေးခဲ့တာပါ"

"အားလုံး ပါးစပ်ပိတ်ထားကြစမ်း"

ရှာဝမ်လုံ က စိတ်မရှည်စွာဖြင့် ကြိမ်းမောင်းလိုက်သည်"သူ သေမလား ရှင်မလားဆိုတာ မင်းတို့ ဆွေးနွေးရမယ့် ကိစ္စလား"

"ချွေချုံယီ... ရှာဝမ်လုံ"

ချန်ဆန်းရှီ က အမိန့်များ ထုတ်ပြန်လိုက်သည် "အခု ကျောက်ထုံ က အရှုံးပေးသွားပြီဆိုတော့ ငါတို့ရဲ့ နောက်ကျောအတွက် စိုးရိမ်စရာ မရှိတော့ဘူး။ ဒါကြောင့် ချွေချုံယီ အနေနဲ့ ဟူပန် တပ်မတော် ကို ဦးဆောင်ပြီး အစိမ်းရောင်တောင်တန်းမှာ စခန်းချပါ။ ချင်နိုင်ငံက လာမယ့် စစ်ကူတွေကို အဲ့ဒီကနေ ဟန့်တားရမယ်။ ရှာဝမ်လုံ ကတော့ စစ်သည် သုံးထောင်ကို ခေါ်ပြီး အညံ့ခံထားတဲ့ စစ်သည်တွေကို မြို့ပြင် သုံးဆယ်မိုင်အကွာက စခန်းမှာ နေရာချထားပါ။ ငါ့အမိန့်မရဘဲ မြို့ထဲကို ပေးမဝင်ဘူး။ နောက်ပြီး မင်းသား ချောင်ဖန် ကတော့ မြင်းတပ်သား ၂၀ ကျော်ကို ခေါ်ပြီး ယုံယွဲ စီရင်စု ကို အမြန်ဆုံးပြန်ပြီး စစ်သေနာပတိချုပ် မုန့် ဆီကို သတင်းပို့ပါ။ ကျန်တဲ့သူတွေကတော့ ငါနဲ့အတူ မြို့ထဲမှာ အသင့်အနေအထားနဲ့ နေကြမယ်။ အော်... တိန့်ဖုန်း ကိုလည်း မြို့ထဲမှာပဲ ထားခဲ့လိုက်ပါ"

"အမိန့်အတိုင်းပါ"

ချွေချုံယီ သည် မကျေမနပ်ဖြင့် အမိန့်ကို နာခံကာ ထွက်ခွာသွားသည်။

"ငါ့ကို မြို့ထဲ ပေးမဝင်ဘူး ဟုတ်လား" ရှာဝမ်လုံ က စိတ်ထဲမှ ကြိမ်းမောင်းနေသော်လည်း နာခံရုံမှတစ်ပါး အခြားမရှိပေ။

သူနှင့် ချောင်ဖန် တို့ မြို့တံခါးဝသို့ ရောက်သည့်အခါ ရှာဝမ်လုံ က စိုးရိမ်တကြီး ပြောလိုက်သည်။ "မင်းသား... ချန်ဆန်းရှီ က မင်းသားကို မြင်းတပ်သား ၂၀ ကျော်လေးနဲ့ ယုံယွဲ စီရင်စု ကို ပြန်ခိုင်းတာဟာ တစ်ခုခု ရည်ရွယ်ချက် ရှိနေမလား"

ချောင်ဖန် မှာ ထိုစကားကြောင့် ကျောချမ်းသွားသည် "သူက အဲ့ဒီလို လုပ်ရဲပါ့မလား"

"ဘာလို့ မလုပ်ရဲရမှာလဲ။ သူက ကျွန်တော်တို့ကို လူစုခွဲပစ်ချင်နေတာ ရှင်းနေတာပဲ"

"စိုးရိမ်စရာ မရှိပါဘူး"

မှောင်ရိပ်ထဲမှ လူရိပ်တစ်ခု ဖြည်းည်းချင်း ထွက်ပေါ်လာသည်။ ဖေထျန်နန် က ဦးညွှတ်လိုက်ရင်း "မင်းသား... ကျွန်တော်ကိုယ်တိုင် မင်းသားနဲ့အတူ ယုံလဲ့စီရင်စု ကို လိုက်ပါပြီး သတင်းပို့ပေးပါ့မယ်" ဟု ဆိုသည်။

ချောင်ဖန် က မေးသည် "ဒါဆို မြို့ထဲက ကိစ္စတွေကရော"

"အမွှေးတိုင်အလှူခံတဲ့ ကိစ္စကတော့ ယွန်းရှောင် နဲ့ တခြားသူတွေကိုပဲ လွှဲထားလိုက်ပါတော့မယ်။ ကျောက်ထုံ စီရင်စု ကိစ္စကတော့ အခုအချိန်မှာ အရေးယူဖို့ မလွယ်သေးတော့ တခြားနေရာကိုပဲ ရွေးချယ်တာ ပိုကောင်းပါလိမ့်မယ်" ဟု ပြုံးနေသောကျား ဖေထျန်နန် က ဆိုသည်။

"ဒါက အကောင်းဆုံးပါပဲ" ရှာဝမ်လုံ ကလည်း သဘောတူလိုက်သည်။

မကြာမီမှာပင် လူတိုင်းသည် မိမိတို့ တာဝန်ရှိရာ နေရာအသီးသီးသို့ ထွက်ခွာသွားကြသည်။ ချွေချုံယီ က ရှေ့တန်းတပ်ကို ဦးဆောင်ကာ အစိမ်းရောင်တောင်တန်းသို့ ဦးတည်သွားသည်။ ရှာဝမ်လုံ က မြို့ပြင်တွင် အညံ့ခံစစ်သည်များကို စောင့်ကြပ်နေသည်။ ချောင်ဖန် ကတော့ လူ ၂၀ နှင့်အတူ ယုံလဲ့စီရင်စု သို့ ထွက်ခွာသွားသည်။

ချန်ဆန်းရှီ သည် ထိုအခြင်းအရာများကို ကိုယ်တိုင် ကြည့်ရှုနေခဲ့သည်။ ချောင်ဖန် တို့အဖွဲ့ထဲတွင် အလွန်တရာ အစွမ်းထက်သော အရှိန်ဝါတစ်ခု ပါသွားသည်ကို သူ သတိပြုမိလိုက်သည်။ ထိုသူမှာ စစ်နတ်ဘုရားဖေထျန်နန် ဖြစ်ရမည်။

ဆိုလိုသည်မှာ အခု မြို့ထဲတွင် စီယွင်ဘုရားကျောင်းက တာအိုဘုန်းကြီး နှစ်ပါးသာ ကျန်ရှိတော့သည်။

သူ၏ မှတ်ဉာဏ်အရ ထိုဘုန်းကြီး နှစ်ပါးမှာ တစ်ပါးက အစွမ်းထက်ပြီး တစ်ပါးက အားနည်းသည်။ တစ်ပါးမှာ မဟာသွေးကြောအဆင့် ရှိပြီး ခရမ်းရောင်ချီများကို အသုံးပြုတတ်သည်။ အခြားတစ်ပါးမှာမူ ဟွာကျင်း အဆင့်သာ ရှိသည်။

အခုဆိုလျှင် ချန်ဆန်းရှီ သည် မဟာသွေးကြောအဆင့်နှင့် ဓားမန္တန်ကို ကျွမ်းကျင်နေပြီဖြစ်ရာ ထိုသူနှစ်ဦးကို ကိုင်တွယ်ရန်မှာ မခက်ခဲပေ။

မြို့ထဲတွင် တပ်များကို စနစ်တကျ နေရာချထားပြီးနောက် ချန်ဆန်းရှီ သည် ကျောက်ထုံ စီရင်စုရှိ ကွမ်ယင် ဘုရားကျောင်းသို့ တိတ်တဆိတ် ထွက်ခွာခဲ့လေတော့သည်။

...

ယုံလဲ့ စီရင်စု။

ထန်ဘုရင်လီဂုန်း သည် ချပ်ဝတ်တန်ဆာ အပြည့်အစုံဖြင့် ရှိနေပြီး မြို့ထဲတွင် သံချပ်ကာ မြင်းတပ်သား နှစ်ထောင် အသင့်ရှိနေသည်။ ထို့အပြင် ခြေလျင်စစ်သည် သုံးသောင်းကျော်မှာလည်း နေရာယူထားကြသည်။

စစ်စည်သံများနှင့် စစ်သည်များ၏ ကြွေးကြော်သံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေသည်။

လက်ထောက်ဗိုလ်ချုပ်က အပြေးအလွှား ရောက်လာပြီး သတင်းပို့သည်။ "မင်းသား... သတင်းကောင်းပါ။ မြို့ပြင်က မုန့်ချူကျီ တို့ တပ်ဆုတ်နေကြပါပြီ။ မြို့သိမ်းလက်နက်တွေနဲ့ ရိက္ခာတွေအများကြီးတောင် ထားခဲ့ကြပါတယ်"

"ကောင်းပြီ... ဆက်ပြီး စောင့်ကြည့်နေ။ သူတို့ တပ်ဆုတ်တာနဲ့ တစ်ပြိုင်နက် ငါတို့ မြို့ထဲကနေ ထွက်ပြီး အပြင်းအထန် လိုက်တိုက်ကြမယ်"

လီဂုန်းက သူ၏ ဓားကို မြှောက်ကာ အမိန့်ပေးရန် ပြင်ဆင်နေစဉ် စွန်နက်တစ်ကောင်သည် သူ၏ လက်မောင်းပေါ်သို့ ပျံသန်း ဆင်းသက်လာခဲ့သည်။

"ဒါက..."

"ဒါ တိန့်ဖုန်း ဆီက သတင်းလား။ ဘာလို့ အခုလို အချိန်ကြီးမှ ပို့တာလဲ၊ တစ်ခုခု အရေးကြီးလို့လား"

သူသည် စာကို ဖွင့်ဖတ်လိုက်သည်။ စာသားများမှာ အလွန်အမင်း အလျင်စလို ရေးထားပုံရပြီး မင်ရည်အစား သွေးဖြင့် ရေးသားထားခြင်း ဖြစ်သည်။

"တိန့်ဖုန်း အရည်အချင်း မပြည့်ဝလို့ ကျောက်ထုံ စီရင်စုကို တောင့်မခံနိုင်တော့ပါဘူး။ တိန့်ဖုန်း အနေနဲ့ သေခြင်းတရားနဲ့ပဲ အပြစ်ဝန်ခံပါ့မယ်။ မင်းသားအနေနဲ့လည်း သတိကြီးစွာ လုပ်ဆောင်ပါ"

မြို့ကျသွားပြီ ဟုတ်လား။

စာကို ဖတ်ပြီးနောက် လီကုန်း ၏ နားထဲတွင် အသံများ မြည်ဟည်းသွားပြီး သူ၏ မျက်နှာမှာလည်း ပျက်သွားတော့သည်။ "မြို့ကျသွားပြီ ဟုတ်လား။ တိန့်ဖုန်း ငါ့ကို ဘာတွေ လာပြောနေတာလဲ။ မနေ့ကအထိ အားလုံး အဆင်ပြေနေတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး တစ်ညတည်းနဲ့ ကျောက်ထုံမြို့က ကျသွားရတာလဲ"

"ဘာပြောတယ်" လက်ထောက်ဗိုလ်ချုပ်မှာလည်း ထိတ်လန့်သွားသည်။ "မင်းသား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တစ်ညတည်းနဲ့ဆိုတော့... မြို့ရိုးတွေ ပြိုကျသွားတာလား"

"ဒါမှမဟုတ်" လီဂုန်း၏ မျက်ခုံးများ လှုပ်ခတ်သွားသည်။

"သူ အရှုံးပေးလိုက်တာလား"

"ဒါကတော့ ပိုပြီး မဖြစ်နိုင်တာပဲ" လက်ထောက်ဗိုလ်ချုပ်က သွေးဖြင့် ရေးထားသောစာကို ကိုင်ရင်း ပြောသည်။

"သူသာ အရှုံးပေးခဲ့ရင် ဘာလို့ သေခြင်းတရားနဲ့ အပြစ်ဝန်ခံမယ်လို့ ပြောရမှာလဲ"

"သတင်းပို့ပါတယ်"

"မင်းသား... တခြားစီရင်စုတွေဆီက သတင်းတွေ ရောက်လာပါပြီ"

"မနေ့ညက ကျောက်ထုံ စီရင်စုမြို့ထဲမှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဗိုလ်ချုပ်တိန့် အနေနဲ့ အစွမ်းကုန် ထိန်းချုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ချန်ဆန်းရှီ ရဲ့ အရှင်ဖမ်းဆီးခြင်းကို ခံလိုက်ရပါပြီ။ အခုတော့ စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းခံထားရပါတယ်"

"ကျန်တဲ့ စီရင်စု ရှစ်ခုကလည်း အကယ်၍ စစ်ကူတွေ ရောက်မလာဘူးဆိုရင် သူတို့လည်း အရှုံးပေးဖို့ ပြင်နေကြပါတယ်တဲ့"

"ဒီကောင်တွေ ငါ့ကို ဒီလို ပြောရဲတယ်ပေါ့... သောက်သုံးမကျတဲ့ကောင်တွေ"

လီဂုန်းသည် ဒေါသကို မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည် "ဗိုလ်ချုပ်က အရှုံးမပေးသေးဘဲ မြို့ထဲမှာ အရင် ဆူပူမှုတွေ ဖြစ်တယ်ဆိုတော့ ငါတို့က တိန့်ဖုန်း ကို အထင်ကြီးခဲ့မိတာလား၊ ဒါမှမဟုတ် အဲ့ဒီ ချန်ဆန်းရှီ ဆိုတဲ့ကောင်က မှော်အတတ်တွေ သုံးနေတာလား"

"မင်းသား... ဒေါသကို ထိန်းပါဦး" လက်ထောက်ဗိုလ်ချုပ်က သက်ပြင်းချလိုက်သည်။

"ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ တိန့်ဖုန်း ကျသွားပြီဆိုတော့ ကျန်တဲ့ စီရင်စု ရှစ်ခုကလည်း အရင် စီရင်စု ၂၇ ခုလိုပဲ အရှုံးပေးကြမှာ သေချာတယ်။ အဲ့ဒီအခါ ကျွန်တော်တို့က အထီးကျန်မြို့တစ်မြို့ပဲ ကျန်တော့မှာ..."

"ဘာကို ကြောက်နေတာလဲ။ ဧကရာဇ်မင်းမြတ် လာနေပြီပဲ"

လီဂုန်းသည် စစ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည့်အလျောက် တည်ငြိမ်မှုကို ချက်ချင်း ပြန်လည်ရရှိခဲ့သည်။

"ဒါ့အပြင် ငါ ခုလေးတင် သတင်းရတာက နန်ရွှီ နိုင်ငံက ကောင်တွေဟာ ငါတို့ရဲ့ ခွင့်ပြုချက်မပါဘဲ ချင်နယ်မြေထဲကို ဝင်လာနေကြပြီတဲ့"

လက်ထောက်ဗိုလ်ချုပ်က ထိုစကားကို ကြားသောအခါ ရွံရှာသော မျက်နှာဖြင့် "အဲ့ဒီ နန်ရွှီ က ကောင်တွေဟာ တကယ့်ကို သွေးဆာနေတဲ့ တောခွေးတွေလိုပဲ" ဟု ဆိုလေသည်။

All Chapters