← Chapters

အခန်း (၃၂၄-၃၂၅)

Vol. 30 Ch. 324-325

အခန်း (၃၂၄-၃၂၅)

Vol. 30 Ch. 324-325

📝အပိုင်း - ၃၂၄

ဘာသာပြန် - Na Gar🐉

"မှန်ပါတယ်၊ ဒါပေမဲ့ ဒီအခြေအနေမှာ အကျိုးကျေးဇူးတွေလည်း ရှိနေပါတယ်"

လီဂုန်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည် "သူတို့ကထင်ထားတာထက် ပိုမြန်ပြီးဟူလောင်တောင်ကြားကို ရောက်လာကြလိမ့်မယ်။ ရှန်လူမျိုး

တွေကအခုဆိုရင် လိုင်ပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီ ဆိုပေမဲ့ သူတို့မှာ အတောင်ပံတွေ ရှိနေတာ မဟုတ်ပါဘူး။ တပ်တွေကို စုစည်းဖို့၊ အင်အားတွေ စုဆောင်းဖို့နဲ့ အမိန့်တွေ ထုတ်ပြန်ဖို့အတွက် အချိန်ယူရဦးမှာပါ"

"ဒါ့အပြင် သူတို့ကလူအင်အား အများအပြားကို အစိမ်းရောင်တောင်တန်းဆီကို အရင်ဆုံး ပို့ထားရမှာဖြစ်သလို၊ ငါ့ကို ဝန်းရံထားတဲ့သူတွေကလည်း သူတို့ရဲ့ အရေအတွက်ကို လျှော့ချရဲမှာ မဟုတ်ပါဘူး။ အများဆုံးဆိုရင် လူအနည်းငယ်လောက်ပဲ ဟူလောင်တောင်ကြားဆီကို စေလွှတ်နိုင်ပါလိမ့်မယ်"

"နန်ရွှီရဲ့ စစ်သည် တစ်သိန်းရှိတဲ့ တပ်မတော်ကြီးကို..."

"လူအနည်းငယ်လောက်နဲ့ သူတို့ တားနိုင်ပါ့မလား"

"အားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ အားသာချက်က ငါတို့ဘက်မှာ ရှိနေဆဲပါပဲ၊ ရှန်လူမျိုးတွေဘက်ကတော့ လှုပ်ရှားဖို့ အခွင့်အရေးလေး တစ်ခု ရသွားတာပဲ ရှိပါတယ်"

"ငါ့အမိန့်ကို ထုတ်ပြန်လိုက်ပါ၊ တပ်တွေအားလုံး အသင့်ပြင်ထားကြပြီး

ရှန်လူမျိုးတွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခုခံဖို့ ပြင်ဆင်ထားကြစမ်း။ ပြီးတော့..."

"တိန့်ဖုန်း ဆီကို သတင်းရောက်အောင် ပို့ပြီး သူ့ကိုယ်သူ အမြန်ဆုံး အဆုံးစီရင်ခိုင်းလိုက်ပါ။ ဒီမှာ ဆက်ပြီး အရှက်ခွဲခံနေဖို့ မလိုတော့ဘူး။ နက်နဲပုံရိပ်အဆင့် ပြည့်စုံခြင်းကိုရောက်နေပြီး နောက်ထပ် နှစ်နှစ်ဆိုရင် စစ်

နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မယ့်သူက မဟာသွေးကြောအဆင့်ဗိုလ်ချုပ်လေးတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာ၊ ဘယ်လိုမျက်နှာနဲ့ အခုထိ အသက်ရှင်နေရတာလဲ"

"အမိန့်အတိုင်းပါ"

...

မြို့ပြင်ရှိ ဒါရှန် စစ်စခန်း။

"အိမ်ရှေ့မင်းသား ကိုယ်တိုင် စစ်မြေပြင်ကို လာနေပြီး နောက်ထပ် ရက်ဝက်လောက်ဆိုရင် ရောက်လာတော့မယ်"

မုန့်ချူကျီ သည် အခုလေးတင် ရရှိထားသော သတင်းကို ကြည့်ရင်း မျက်နှာပျက်နေသည်။ "ဒီလို အချိန်ကျမှ ငါတို့က တပ်ဆုတ်ရတော့မယ်ဆိုတော့..."

"ဟုတ်ပါတယ်"

ကျန်းထောင်မင် က "ဒါကအိမ်ရှေ့မင်းသားရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေမှာပေါ့"

ဟူပန်တပ်မတော်၏ ဗိုလ်ချုပ် ဖန်ထျန်ဖား က ပြောလိုက်သည်။ "စစ်သေနာပတိချုပ် မုန့်... ငါတို့ နောက်ထပ် ခဏလောက် ထပ်တောင့်ခံကြည့်ရင်ရော ဘယ်လိုလဲ"

"ထပ်တောင့်ခံလို့ မရတော့ဘူး"

မုန့်ချူကျီ က မြေပုံကို ညွှန်ပြရင်း"သေသေချာချာ ကြည့်လိုက်ပါ။ အခု တပ်မဆုတ်ရင် နောက်ကျသွားလိမ့်မယ်။ အရင်ဆုံး တပ်ဆုတ်ပြီး အခြေအနေကို ပြန်သုံးသပ်ကြတာပေါ့။ ဖြစ်နိုင်ရင် ပြန်တိုက်ဖို့ အခွင့်အရေး ရှိဦးမှာပါ။ ဧကရာဇ်ဆီက ဖိအားတွေကိုတော့ ငါတစ်ယောက်တည်း ခံယူပါ့မယ်။ အရင်က ပြောခဲ့သလိုပဲ၊ အရှုံးမရှိမှသာ ရန်သူ့ရဲ့ အားနည်းချက်ကို ရှာဖွေဖို့ အခွင့်အရေး ရမှာပါ"

"ဒါပေမဲ့..."

"အချိန်ကို ကြည့်မယ်ဆိုရင် ရှာဝမ်လုံ တို့က ချန်ဆန်းရှီ ကို ဘာလို့ အခုထိ ပြန်မခေါ်လာကြသေးတာလဲ။ ငါတို့မှာ စောင့်နေဖို့ အချိန်မရှိဘူး"

"သတင်းပို့ပါတယ်"

"စစ်သေနာပတိချုပ်...မင်းသားချောင်ဖန် မြင်းတပ်သား ၂၀ ကျော်နဲ့အတူ ပြန်ရောက်လာပါပြီ"

"လူ ၂၀ ပဲ ဟုတ်လား" မုန့်ချူကျီ စစ်တဲအတွင်းမှ ပြေးထွက်လာခဲ့သည်။

"စစ်သေနာပတိချုပ် မုန့်" ချောင်ဖန် မြင်းပေါ်မှ ဆင်းကာ နှုတ်ဆက်လိုက်သည်။

"ကျန်တဲ့သူတွေ ဘယ်မှာလဲ" မုန့်ချူကျီ က နောက်ဘက်သို့ လှမ်းကြည့်ရင်း မေးသည်။

"စစ်သေနာပတိချုပ်... တခြားသူတွေ မပါလာပါဘူး" ချောင်ဖန် က ပြန်ဖြေသည်။

"ကျောက်ထုံ စီရင်စု ကို... သိမ်းပိုက်နိုင်ခဲ့ပါပြီ"

"..."

"သီချင်းသံတွေကြားမှာ အရှုံးပေးသွားပြီး တိန့်ဖုန်း ကို အရှင်ဖမ်းမိခဲ့တယ် ဟုတ်လား"

ဤသတင်းကို ကြားပြီးနောက် မုန့်ချူကျီ၊ ဖန်ထျန်ဖား နှင့် ကျန်းထောင်မင်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ တိန့်ဖုန်း မသေဘဲနှင့် ကျောက်ထုံမြို့ကို တစ်ညအတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဆိုခြင်းမှာ သူတို့အတွက် ယုံရခက်နေခြင်းပင်။

"ကောင်းတယ်..." အသေးစိတ် ရှင်းပြချက်များကို ကြားပြီးနောက် မုန့်ချူကျီ ပြုံးလိုက်မိသည်။

"ဒီကောင်လေးကတော့ တကယ့်ကို ထူးထူးခြားခြား လုပ်နိုင်ခဲ့တာပဲ"

မနီးမဝေးတွင်ရှိသော ဖန်ချင်းယွမ် လည်း သက်ပြင်းချနိုင်လိုက်သည်။ သူ၏ ညီငယ်လေးအပေါ် မည်မျှပင် ယုံကြည်စေကာမူ ကိုယ်တိုင် ရှိမနေသည့်အတွက် အချိန်တွေ ကြာလာသည်နှင့်အမျှ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပေ။

သူက ချီးကျူးစကား ဆိုလိုက်သည်။

"ဗိုလ်ချုပ်တိန့် ကတော့ တကယ့်ကို ထူးခြားတဲ့သူပါပဲ၊ လိုင်ပြည်နယ်ရဲ့ အရှုံးပေးလိုတဲ့ စိတ်ဓာတ်ကို သူတစ်ယောက်တည်းရဲ့ အစွမ်းနဲ့ တားဆီးထားနိုင်ခဲ့တာ။ ကျွန်တော်တို့ရဲ့ အရင်က ကြိုးစားမှုတွေ အားလုံးဟာ လက်တစ်လုံးခြားလေးနဲ့ ပျက်စီးသွားမလို ဖြစ်ခဲ့တာပါ"

"ဟုတ်ပါတယ်" ဖန်ထျန်ဖား ကလည်း သဘောတူသည်။

"ဒါ့အပြင် ဒီလူကို ဖမ်းဆီးနိုင်တာက ရှေ့လျှောက် အခြေအနေတွေအတွက် ငါတို့ကို အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်"

"နှမြောစရာပါပဲ"

ကျန်းထောင်မင် က စိတ်မကောင်းစွာဖြင့် "ဒီလူက သစ္စာရှိလွန်းပြီး ဖြောင့်မတ်လွန်းတယ်။ အဖမ်းခံရရင်တောင် ငါတို့ ဒါရှန်ဆီမှာ သစ္စာခံမှာ မဟုတ်ဘူး။ စည်းကမ်းအရဆိုရင်တော့ စစ်သုံ့ပန်းအရာရှိတစ်ဦးဟာ ခုနစ်ရက်အတွင်း အရှုံးမပေးဘဲ ဘာသတင်းအချက်အလက်မှလည်း မရနိုင်တော့ဘူးဆိုရင် သူ့ကို ချက်ချင်း ကွပ်မျက်ရမှာပါ"

"ဒါတွေ အားလုံးက ဗိုလ်ချုပ်ဖန် ရဲ့ အသည်းအသန် ဖျောင်းဖျပေးမှုကြောင့်ပါပဲ" မုန့်ချူကျီ က ခံစားချက်အပြည့်ဖြင့် ပြောသည်။

"မဟုတ်ရင် ငါတို့ အမှားကြီး မှားသွားနိုင်တယ်"

"အခြေအနေကတော့ အခုထိ စိတ်ချရတာ မဟုတ်သေးဘူး"

ဖန်ချင်းယွမ် က အားလုံးကို လက်ရှိ အကြောင်းအရာဆီသို့ ပြန်ခေါ်လာသည် "ရှေ့လျှောက် အစီအစဉ်တွေကို သေသေချာချာ ပြင်ဆင်ကြရဦးမှာပါ"

"မှန်တယ်"

မုန့်ချူကျီ သည် ဖန်ချင်းယွမ် ကို သူ၏ ဝှီးချဲနှင့်အတူ မြှောက်မလိုက်ပြီး ဗဟိုစစ်တဲအတွင်းရှိ မြေပုံရှေ့သို့ အမြန်သွားလိုက်သည်။

"ဗိုလ်ချုပ်ဖန်... အခု ငါတို့မှာ အဓိက တာဝန် နှစ်ခု ရှိတယ်"

"ပထမတစ်ခုက ယုံလဲ့စီရင်စုမှာရှိတဲ့ လီဂုန်း ကို သိမ်းပိုက်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းနဲ့ ကြိုးစားရမယ်။"

"ဒုတိယတစ်ခုကတော့ အစိမ်းရောင်တောင်တန်းက လာမယ့် တပ်မတော်ကို ဟန့်တားဖို့ပဲ။"

"ငါ သိထားသလောက်တော့ ချင်နိုင်ငံရဲ့ စစ်နတ်ဘုရားတွေဟာ အခုဆိုရင် အရေအတွက် အလွန်နည်းသွားပြီ။ သူတို့ရဲ့ နယ်စပ်တွေကိုလည်း တခြားရန်သူတွေရန်ကနေ ကာကွယ်နေရတာဆိုတော့ လူပို မရှိတော့ဘူး။ ဒါကြောင့်လည်း ချင်ဧကရာဇ်က ကိုယ်တိုင် စစ်မြေပြင်ကို ထွက်လာရတာပဲ။

"ချွေချုံယီ အပြင် ဗိုလ်ချုပ်ဖန် ကလည်း အစိမ်းရောင်တောင်တန်းဆီကို အမြန်ဆုံး သွားရပါမယ်။"

"ဒီမှာကတော့ အိမ်ရှေ့မင်းသားရဲ့ စစ်ကူတွေ ရောက်လာမှသာ ယုံလဲ့စီရင်စုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လို့ ရလိမ့်မယ်။ ဒါပေမဲ့ ပြဿနာက..."

"ဟူလောင်တောင်ကြားကိစ္စက ဘယ်လိုလဲ"

"နန်ရွှီနိုင်ငံရဲ့ စစ်သည် တစ်သိန်းရှိတဲ့ တပ်ကြီးက မကြာခင် ရောက်လာတော့မှာ။ ငါတို့ ဘယ်လို တုံ့ပြန်ကြမလဲ။ တောင်ဘက်က ကျန့်နန်မင်းသား ကတော့ သူတို့ရဲ့ စစ်နတ်ဘုရား နှစ်ယောက်နဲ့ အထူးတပ်ဖွဲ့တွေကို ဟန့်တားထားနိုင်ပေမယ့်၊ အခုလာနေတဲ့ စစ်သည် တစ်သိန်းရဲ့ ခေါင်းဆောင်တွေကတော့ နန်ရွှီ က မင်းသား နှစ်ပါးဖြစ်ပြီး နက်နဲပုံရိပ်အဆင့်မှာပဲ ရှိကြသေးတယ်။"

"ဒါပေမဲ့ ငါတို့ဘက်မှာ နက်နဲပုံရိပ်အဆင့် ရှိတဲ့သူက မလုံလောက်သလို၊ အရင်က တိုက်စစ်ကိုပဲ အာရုံစိုက်ခဲ့တာကြောင့် ဟူလောင်တောင်ကြားမှာ ခံစစ်က လုံးဝ မရှိသလောက်ပဲ။"

"အမြန်ဆုံး တွက်ချက်ကြည့်မယ်ဆိုရင် ဟူလောင်တောင်ကြားကို အမြန်ဆုံး ရောက်နိုင်တာက ဗိုလ်ချုပ်ချန် ရဲ့ အနက်ရောင်သံချပ်ကာတပ်သား သုံးထောင်ပဲ ရှိတယ်။ ကျန်တဲ့ တပ်မတော်ကြီးကတော့ စုစည်းပြီး နေရာချဖို့ အနည်းဆုံး သုံးလလောက် ကြာလိမ့်မယ်။"

"ဒီတိုက်ပွဲကတော့ တကယ့်ကို ခက်ခဲလိမ့်မယ်"

"ခက်ခဲပေမယ့်လည်း ငါတို့ တိုက်ရမှာပဲ" ဖန်ချင်းယွမ် က ပလွေကို ကိုင်ရင်း ဟူလောင်တောင်ကြား တည်နေရာကို ညွှန်ပြလိုက်သည်။

"ဒီတောင်ကြားဟာ တစ်ကမ္ဘာလုံးမှာ အခိုင်မာဆုံး တောင်ကြား လေးခုထဲမှာ ပါဝင်ပြီး လူတစ်ယောက် စောင့်ရုံနဲ့ လူတစ်သောင်း မကျော်နိုင်ဘူး လို့ ကျော်ကြားတဲ့ နေရာပဲ။ စစ်သည် တစ်သိန်းရှိတဲ့ တပ်ကြီးမှာလည်းအသစ်

စုဆောင်းထားတဲ့ စစ်သည်တွေ ပါဝင်နေတာဆိုတော့ အနက်ရောင်သံချပ်ကာတပ်သား သုံးထောင်ဟာ အဲ့ဒီမှာ သုံးလလောက်တော့ တောင့်ခံနိုင်ပါလိမ့်မယ်"

"ဒါကတော့ စွန့်စားမှု အလွန်ကြီးလိမ့်မယ်"

"စွန့်စားမှု ကြီးလေလေ၊ ရလဒ်က ပိုကောင်းလေလေပါပဲ"

"ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ ဟူလောင်တောင်ကြားကို စွန့်လွှတ်လိုက်ပြီး ကျောက်ထုံ စီရင်စုကိုပဲ ရန်သူနဲ့ တိုက်ခိုက်ရမယ့် အဓိက နေရာအဖြစ် သတ်မှတ်ဖို့ပါ"

"အဲ့ဒီလိုဆိုရင်တော့ ဒီစစ်ပွဲက နောက်ထပ် အနည်းဆုံး နှစ်နှစ်လောက် ကြာသွားလိမ့်မယ်။ အဲ့ဒီ နှစ်နှစ်အတွင်းမှာ ရိက္ခာတွေ ဘယ်လောက် ကုန်မလဲ၊ ဘဏ္ဍာတိုက်ထဲက ငွေတွေ ဘယ်လောက် သုံးရမလဲ။ အခြားတစ်ဖက်မှာတော့ ဟူလောင်တောင်ကြားကသာ သုံးလလောက် တောင့်ခံနိုင်မယ်ဆိုရင် အဲ့ဒီအချိန်အတွင်းမှာ လီဂုန်းရဲ့ တပ်တွေကို သိမ်းပိုက်နိုင်မှာဖြစ်သလို အစိမ်းရောင်တောင်တန်းက ချင်ဧကရာဇ်လည်း နောက်ဆုတ်သွားမှာ သေချာတယ်။ နန်ရွှီ နိုင်ငံကလည်း သူတို့ရဲ့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်ရုံကလွဲရင် အခြားမရှိတော့ဘူး။ ဒါကြောင့် ဟူလောင်တောင်ကြားကို ကာကွယ်တာဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ"

📝အပိုင်း - ၃၂၅

ဘာသာပြန် - Na Gar🐉

"တကယ်လို့ ငါတို့ ဟူလောင်တောင်ကြားကို သုံးလအထိ တောင့်မခံနိုင်ခဲ့ရင်ရော။ ဗိုလ်ချုပ်ဖန် အနေနဲ့ တကယ်ပဲ ခုခံနိုင်မယ်လို့ အာမခံနိုင်ပါသလား"

မုန့်ချူကျီ၏ မေးခွန်းကို ဖန်ချင်းယွမ်က အခုတစ်ခေါက်တွင်တော့ အသေအချာ အဖြေမပေးနိုင်တော့ပေ။

"တကယ်လို့ မခုခံနိုင်ခဲ့ရင်တော့ အောင်မြင်နိုင်ခြေက ငါးဆယ်ရာခိုင်နှုန်းပဲ ရှိပါလိမ့်မယ်" ဟု သူက ဆိုသည်။

"ဒါပေါ့"

မုန့်ချူကျီက ဆက်ပြောသည် "အောင်မြင်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းဆိုတာဟာ အံ့အားသင့်ဖွယ် ဗျူဟာတွေကို သုံးရတာ ဝါသနာပါတဲ့ ဗိုလ်ချုပ်ဖန် အတွက်တောင်မှ အရမ်းနည်းလွန်းနေတယ် မဟုတ်လား"

"စစ်သေနာပတိချုပ် မုန့်။ ဒီကိစ္စက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ နှစ်ယောက်တည်း ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ဒါကြောင့် အခုလိုပဲ လုပ်ကြရအောင်" ဖန်ချင်းယွမ်က အကြံပြုသည်။

"ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့မင်းသားတို့ဆီကို သတင်းပို့ပြီး သူတို့ရဲ့ သဘောထားကို တောင်းခံကြတာပေါ့။ ရေရှည်စီမံကိန်းကို သုံးမလား၊ ဒါမှမဟုတ် ဟူလောင်တောင်ကြားကို ကာကွယ်ပြီး ယုံလဲ့စီရင်စုကို အမြန်သိမ်းပိုက်မလားဆိုတာ ဧကရာဇ်မင်းမြတ်ကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်"

"ကောင်းပြီ" မုန့်ချူကျီကလည်း မငြင်းဆိုပေ။

"အိမ်ရှေ့မင်းသားက ငါတို့နဲ့ သိပ်မဝေးသလို၊ ဧကရာဇ်မင်းမြတ်ကလည်း ဒီအချိန်ဆို ခွန်လွန်တောင်မှာ တရားကျင့်နေတာဆိုတော့ မြို့တော်ထက်စာရင် ပိုနီးပါတယ်။ အိမ်ရှေ့မင်းသားရဲ့ နတ်လင်းယုန်ကို သုံးမယ်ဆိုရင် ပိုမြန်လိမ့်မယ်။ အချိန်လည်း လုံလောက်တာမို့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့"

...

ထုံနန် စီရင်စု။

အိမ်ရှေ့မင်းသား စံအိမ်။

အသက် ၆၀ ကျော်ရှိပြီဖြစ်သော အိမ်ရှေ့မင်းသားသည် ဝတ်ရုံနက်ဝတ် ဘုန်းတော်ကြီးတစ်ပါးနှင့်အတူ စစ်တုရင် ကစားနေသည်။

ကစားပွဲအတွင်း အစေခံတစ်ဦးက ထမင်းဝိုင်းကို ယူဆောင်လာပြီး စစ်တုရင်ခုံဘေးတွင် အသာအယာ ချထားပေးသည်။ နိုင်ငံတော်ကို ကြီးကြပ်နေရသော အိမ်ရှေ့မင်းသား၏ ထမင်းဝိုင်းမှာ အလွန်တရာ ရိုးရှင်းလှပြီး ဟင်းသီးဟင်းရွက် နှစ်ပွဲနှင့် ထမင်းတစ်လုံးသာ ပါဝင်သည်။

"နှစ်တွေ အများကြီး ကြာသွားပေမဲ့ မင်းသားကတော့ ချွေတာဆဲပါပဲလား" ဘုန်းတော်ကြီးက သူ၏ ပုတီးကို လှည့်ရင်း အသာအယာ ဆိုသည်။ "ကျွန်ုပ်လို ဘုန်းကြီးထက်တောင် မင်းသားက ပိုပြီး ရိုးရိုးရှင်းရှင်း စားသောက်နေတာပဲ"

"ငါက မချွေတာရင် အရာရှိတွေနဲ့ ငါ့သားကို ဘယ်လို စံနမူနာပြရမှာလဲ။ လူတိုင်းကသာ ဖြုန်းတီးနေကြမယ်ဆိုရင် ဒီစစ်ပွဲအတွက် ငွေတွေ ဘယ်က ရမှာလဲ" အိမ်ရှေ့မင်းသားက သူ၏ ထမင်းလုံး တစ်ဝက်ကို အခြားတစ်ဖက်သို့ ဖယ်လိုက်ပြီးမှ စတင် စားသောက်လေသည်။

ဝတ်ရုံနက်ဝတ် ဘုန်းတော်ကြီးက သူ့ကို လေးနက်သော မျက်ဝန်းများဖြင့် ကြည့်ကာ "နှစ်အနည်းငယ် ကြာပြီးနောက်မှာ မင်းသားက ထမင်းတစ်လုံးကိုတောင် ကုန်အောင် မစားနိုင်တော့ဘူးလား" ဟု မေးသည်။

"အသက်ကြီးလာပြီဆိုတော့လည်း..." အိမ်ရှေ့မင်းသားက မျက်နှာလွှဲ၍ ချောင်းအနည်းငယ် ဆိုးလိုက်ပြီးနောက် "ကိစ္စမရှိပါဘူး၊ ဆက်ကစားကြတာပေါ့။ ထမင်းစားတာက ကစားပွဲကို မနှောင့်နှေးစေပါဘူး" ဟု ဆိုသည်။

"မင်းသားက နိုင်ငံတော်ကို စတင် ကြီးကြပ်ကတည်းက နေ့ရောညပါ အလုပ်တွေ လုပ်နေခဲ့တာဆိုတော့ ကိုယ်ခန္ဓာက အတော်လေး ပင်ပန်းနေရှာပြီ" ဘုန်းတော်ကြီးက နယ်ရုပ်ဖြူတစ်ခုကို အသာအယာ ရွှေ့လိုက်သည်။

"မင်းသား"

"နတ်လင်းယုန်ဆီက အရေးကြီးသတင်း ရောက်လာပါတယ်"

"ဖတ်ပြစမ်း"

အိမ်ရှေ့မင်းသားက စစ်တုရင်ခုံကို ကြည့်ရင်း ထမင်းကို ဖြည်းည်းချင်း စားနေသည်။ အစေခံက စာကိုဖွင့်၍ တစ်လုံးချင်း ဖတ်ပြလေသည်။

သတင်းအသေးစိတ်ကို ကြားရသောအခါ အိမ်ရှေ့မင်းသားနှင့် ဘုန်းတော်ကြီးတို့၏ မျက်နှာများမှာ ပြောင်းလဲသွားပြီး ရှေ့က စစ်တုရင်ပွဲကိုပင် ခေတ္တ မေ့သွားကြသည်။

"တကယ့်ကို ပါရမီရှင်ပဲ။ ချန်ဆန်းရှီ ကတော့ ကောင်းကင်က ပေးလိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ" အိမ်ရှေ့မင်းသားက ချီးကျူးစကား ဆိုသည်။ "ယွီဝမ်မင်းသားကို ဖမ်းဆီးခဲ့တာကနေ အခု သီချင်းသံတွေနဲ့ မြို့ကို သိမ်းပိုက်ခဲ့တာအထိ၊ အဖြစ်အပျက်တိုင်းဟာ သမိုင်းမှာ မကြုံစဖူးတဲ့ အောင်မြင်မှုတွေပဲ။ ဒီလုပ်ရပ်တွေဟာ ငါ ဒါမှမဟုတ် ငါ့ခမည်းတော်ထက်တောင် သမိုင်းမှာ ပိုပြီး အရှည်တည်တံ့နေလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

"မင်းသားက ဘာလို့ အဲ့ဒီလို ပြောရတာလဲ" ဘုန်းတော်ကြီးက နယ်ရုပ်တစ်ခုကို ချလိုက်သည်။ "ကျွန်ုပ် ဒီမှာ ရှိနေသရွေ့ မင်းသားလည်း သမိုင်းမှာ အရှည်တည်တံ့နိုင်ပါတယ်"

"ဆရာကြီး ယောင်..." အိမ်ရှေ့မင်းသားက သူ၏ ထမင်းစားတံကို ချလိုက်ပြီး သက်ပြင်းချသည်။

"ငါက ငါ့ခမည်းတော်လိုမျိုး ထာဝရအသက်ကို မမက်မောခဲ့ပါဘူး။ ငါ့ရဲ့ ဒီဘဝမှာ တစ်ခုခုကို ပြီးမြောက်အောင် လုပ်ချင်တာပါ။ စစ်ပွဲတွေ နှစ်ပေါင်းများစွာ ဖြစ်နေတယ်၊ မငြိမ်မသက်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ ကျင့်စဉ်ဂိုဏ်းတွေက ပြည်သူတွေကို နှိပ်စက်နေတာတွေ၊ ဒါတွေ အားလုံးကို ပြန်လည် တည့်မတ်ပေးဖို့ လိုအပ်နေပြီ။ ဒါပေမဲ့ ငါက ရှေ့ဆက်ဖို့ အင်အား မလုံလောက်ဘူး ဖြစ်နေတယ်"

ဘုန်းတော်ကြီးက မေးသည်"ဒါဆိုရင် မင်းသားအနေနဲ့ ဟူလောင်တောင်ကြားကို ကာကွယ်ပြီး လိုင်ပြည်နယ်ကို သိမ်းမလား၊ ဒါမှမဟုတ် အဆုံးအရှုံးတွေကို လက်ခံပြီး နယ်စပ်ကို ပြန်ဆုတ်မလား"

"နယ်စပ်ကို ပြန်ဆုတ်ဖို့ စဉ်းစားမယ်ဆိုရင် အနည်းဆုံး နှစ်နှစ်လောက် ကြာသွားလိမ့်မယ်။ ဘဏ္ဍာတိုက်ထဲက ငွေတွေကလည်း အကန့်အသတ် ရှိတယ်။ ဒီ ၄၀ နှစ်အတွင်း စုဆောင်းထားတာတွေဟာ အလွယ်တကူ ရခဲ့တာ မဟုတ်ဘူး။ အကယ်လို့သာ စစ်ပွဲက နှစ်ရှည်လောက် ကြာသွားမယ်ဆိုရင် ပြန်လည် ထူထောင်ဖို့ ဆယ်စုနှစ်တစ်ခုလောက် ကြာသွားနိုင်တယ်။ နယ်စပ်ကို ဆုတ်လိုက်မယ်ဆိုရင် နောက်ထပ် အခွင့်အရေးက ဘယ်တော့ ရဦးမလဲဆိုတာ မသိနိုင်တော့ဘူး"

အိမ်ရှေ့မင်းသားက ဆုံးဖြတ်ချက် ချလိုက်သည် "ဟူလောင်တောင်ကြားကို ကာကွယ်တာက စမ်းကြည့်ဖို့ ထိုက်တန်ပါတယ်။ ခုခံနိုင်မလား၊ မခုခံနိုင်ဘူးလားဆိုတာကတော့ နောက်ကိစ္စပေါ့။ ဒါပေမဲ့ ငါ တစ်ခုပဲ မေးချင်တယ်၊ အကယ်လို့ ငါတို့ ပြည်နယ် သုံးခုကို ပြန်ရခဲ့မယ်ဆိုရင် ဇီဝေတောင် မှာ ငါတို့ အောင်မြင်ဖို့ အခွင့်အလမ်း ဘယ်လောက် ရှိမလဲ"

"မြို့တော်မှာဆိုရင်တော့ ငါတို့ မနိုင်နိုင်ဘူး" ဘုန်းတော်ကြီးက တွက်ချက်ကြည့်သည်။

"ဒါပေမဲ့ ဇီဝေတောင် မှာဆိုရင်တော့ ငါတို့ အောင်မြင်ဖို့ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါဟာ သေချာပေါက် အနိုင်ရမယ်လို့တော့ မဆိုလိုပါဘူး။ မင်းသား အနေနဲ့ သေသေချာချာ စဉ်းစားပါ။ ဆုံးဖြတ်ချက် ပြောင်းဖို့ဆိုရင် အခုထိ မနောက်ကျသေးပါဘူး"

ဤနေရာသို့ ရောက်သောအခါ အိမ်ရှေ့မင်းသားက စကားမပြောတော့ဘဲ စစ်တုရင်ခုံကိုသာ စိုက်ကြည့်ရင်း ထမင်းကို ကုန်အောင် စားလိုက်သည်။ ထို့နောက် လက်ကျန် ဟင်းရည်တွေကို လက်ဖက်ရည်နှင့် ရော၍ သောက်လိုက်လေသည်။

သူသည် သူ၏ ထမင်းပန်းကန်ကို ချလိုက်ပြီး နယ်ရုပ်နက်တစ်ခုကို ကိုင်ကာ ခဏမျှ တွန့်ဆုတ်နေပြီးနောက် စစ်တုရင်ခုံ တုန်ခါသွားသည့်အထိ ပြတ်သားစွာ ရွှေ့လိုက်သည်။ "စစ်တုရင် ကစားမယ်ဆိုမှတော့ အဆုံးအထိ အပြတ်ကစားကြတာပေါ့"

...

ခွန်လွန်တောင်။

ဤနေရာသည် နဂိုက သဘာဝအတိုင်း ရှိနေသော ဂူတစ်ခု ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက လုံချင်ဧကရာဇ် သည် တောင်တက်ခရီး ထွက်ရင်း ဤဂူအတွင်း ခေတ္တ အနားယူခဲ့သည်။ ထိုဂူအတွင်းမှာပင် ဧကရာဇ်သည် နတ်မင်းတစ်ပါးကို အိပ်မက်မက်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ လုံချင်ဧကရာဇ် သည် လက်မှုပညာသည်များကို စေခိုင်းကာ ဂူကို တောင်တွင်း နန်းတော်တစ်ခုအဖြစ် ပြောင်းလဲစေခဲ့ပြီး နှစ်စဉ် ဤနေရာသို့ လာရောက်ကာ အချိန်အနည်းငယ် နေထိုင်လေ့ ရှိသည်။

"အရှင်မင်းကြီး"

အခမ်းအနားကြီးကြပ်ရေး အရာရှိဖြစ်သော မိန်းမစိုး ဟွမ်ဟုန် က အပြေးအလွှား ရောက်လာပြီး သတင်းပို့သည် "အရှေ့ဘက် နယ်မြေက စစ်မြေပြင် သတင်း ရောက်လာပါတယ်"

လုံချင်ဧကရာဇ် သည် ရိုးရှင်းသော်လည်း အလွန်တရာ ကောင်းမွန်လှသော တာအိုဝတ်ရုံကို ဝတ်ဆင်ကာ တင်ပျဉ်ခွေ ထိုင်နေသည်။ သူသည် မိန်းမစိုး၏ စကားကို ကြားသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မပြုဘဲ မျက်မှောင်ကြုတ်၍ တရားမှတ်နေဆဲ ဖြစ်သည်။ ဟွမ်ဟုန် ကလည်း နားလည်စွာဖြင့် သတင်းများကို တိုးညှင်းသော အသံဖြင့် စတင် ဖတ်ပြလေတော့သည်။

All Chapters