← Chapters

နတ်ဘုရားရာထူးနာမည်ပြောင်းလဲရန်

Vol. 21 Ch. 284

နတ်ဘုရားရာထူးနာမည်ပြောင်းလဲရန်

Vol. 21 Ch. 284

အခန်း (၂၈၄) နတ်ဘုရားရာထူးနာမည်ပြောင်းလဲရန်

"မင်းက…"

မြောက်နျန်က သွေးမှုံများကြားတွင်ရှိနေသည့် ကျန်းလန်ကို တည်ငြိမ်စွာပင် လှမ်းကြည့်လိုက်သည်။

"အံ့သြစရာပဲ"

မြောက်နျန်၏ အမူအရာက တည်ငြိမ်လွန်းသည်။

တစ်ဖက်လူက ဖုကျယ်သေဆုံးသွားသည့်အတွက် လုံး၀ အံ့သြတုန်လှုပ်ခြင်း မရှိကြောင်း ကျန်းလန် သိလိုက်သည်။

ကျန်းလန်က ချက်ချင်းပင် တုံ့ဆိုင်းမနေဘဲ မြောက်နျန်ရှိရာသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

"ဘုန်း"

လက်သီးတစ်ချက်တည်းဖြင့် ကျယ်လောင်သည့် စွမ်းအားပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

သွေးမှုံများထွက်ပေါ်လာမည်ဟု ကျန်းလန် ထင်လိုက်သော်လည်း သူ့အထင်မှားယွင်းသွားခဲ့သည်။

သူ့လက်သီးက စက္ကူတစ်စကိုသာ ထိုးနှက်မိခြင်းဖြစ်ပြီး အင်းစက္ကူတစ်ရွက် ဖြစ်လေသည်။

"အင်းစက္ကူတစ်ရွက်နဲ့ ကိုယ်ခွဲချန်ထားခဲ့ပြီး ထွက်ပြေးသွားတာလား ၊ ဒီလိုလုပ်လို့ရသတဲ့လား"

ကျန်းလန် အံ့အားသင့်သွားသော်လည်း စိတ်ရှုတ်ထွေးသွားခြင်း မရှိပေ။

သူက ဘေးဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး နေရာမှ ချက်ချင်းထွက်ခွာသွားသည်။ ထိုနေရာတွင် သူ ပြုလုပ်ထားသည့် အစီအရင်များ ရှိလေသည်။

ရန်သူထွက်ပြေးသွားသည်နှင့် အစီအရင်များက ချက်ချင်းတုံ့ပြန်မည် ဖြစ်သည်။

အချိန်တစ်စက္ကန့်အတွင်း…

ကျန်းလန် အစီအရင်များ ပြုလုပ်ထားရာနေရာသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် အင်မော်တယ်နှောင်ကြိုးဖြင့် တုတ်နှောင်ခံထားရသည့် မြောက်နျန်ကို တွေ့ရ၏။

ပတ်ဝန်းကျင်တစ်ခုလုံးရှိ အစီအရင်များက မြောက်နျန်ကို ထိန်းချုပ်ထားပြီး ဝိညာဉ်ရိုက်ကြာပွတ်သည်လည်း မြောက်နျန်၏ ဝိညာဉ်ကို ရိုက်နှက်လျှက် ရှိ၏။

စနစ်တွင်မှတ်ပုံတင်ခြင်းမှ ထိုသို့သောမှော်ဝင်ပစ္စည်းများ သူ့ထံတွင် များစွာရှိသည်။

မြောက်နျန်အနေဖြင့် စွမ်းအားမြှင့် လွှတ်မြောက်ရေးနည်းလမ်းများ ရှိနေလျှင်ပင် လွတ်အောင်ပြေးနိုင်မည် မဟုတ်ပေ။ သူ အစီအရင်များ ကြိုတင်ပြုလုပ်ထားသည်မှာ မှန်ကန်သွားသည်ဟု ကျန်းလန် တွေးလိုက်သည်။

သို့ရာတွင် မြောက်နျန်မှာ အစီအရင်ထဲတွင်ပိတ်မိနေသည့်တိုင် တည်ငြိမ်အေးဆေးနေပြီး ကြောက်ရွံ့တုန်လှုပ်ဟန် တစ်စက်မပြသလို ရုန်းကန်လှုပ်ရှားခြင်းလည်း မရှိပေ။

သူ့အတွက် အရာရာက ပုံမှန်ကဲ့သို့ပင် ဖြစ်သည်။

ကျန်းလန်က…

"မင်းမှာ ခံစားချက်တွေ ကုန်ဆုံးနေပြီလား"

မြောက်နျန်၏ အနေအထားကိုကြည့်ရသည်မှာ စိတ်ခံစားမှုပျောက်ဆုံးနေဟန်ရှိသည် မဟုတ်ပါလား။

ထို့ကြောင့်ပင် ပညာရှိကျမ်းစာကို ကျန်းလန် မကျင့်ကြံလိုခဲ့ခြင်း ဖြစ်သည်။

ဆရာဖြစ်သူနှင့် လုန်ယွိက သူ့ကို တစ်ယောက်တည်း သီးသန့်နေတတ်သည်ဟု ပြောသော်လည်း သူက ခံစားချက် ပျောက်ကွယ်နေသူ မဟုတ်ပေ။

သူ့တွင်လည်း မာန ၊ ဒေါသနှင့် ဆန္ဒများစွာ ရှိသည်။ သို့သော် သူက ထိုခံစားချက်များကို ထိန်းချုပ်နိုင်ခဲ့ခြင်းသာပင်။

ခံစားချက်များအားလုံးကို ဖယ်ရှားပစ်ရန်ဆိုသည်ကတော့ တဆိတ်လွန်လွန်းသည်ဟု သူ ထင်သည်။ ခံစားချက်များ မရှိတော့လျှင် ချစ်ခြင်းမုန်းခြင်းလည်း ကွယ်ပျောက်သွားပြီး စိတ်အနှောက်အယှက်ဖြစ်စရာ မလိုတော့ပေ။

သို့ဆိုလျှင်တော့ အတော်လေး နှလုံးသားကင်းမဲ့ရာကျပေမည်။

သူသာ နှလုံးသားကင်းမဲ့သူတစ်ယောက်ဖြစ်သွားမည်ဆိုလျှင် ဆရာဖြစ်သူကို ကာကွယ်ပေးပြီး ကျေးဇူးဆပ်မည်ဆိုသည့် ခံစားချက်မျိုးလည်း ရှိတော့မည် မဟုတ်သလို ရှောင်ယွိကိုလည်း ပျော်ရွှင်အောင် လုပ်ပေးဖြစ်တော့မည် မဟုတ်ပေ။

ခံစားချက်ပျောက်ကွယ်သွားသူတစ်ယောက်သည် အခြားသူများနှင့်မတူညီစွာ လုံး၀ ပြောင်းလဲသွားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခံစားချက်ကင်းမဲ့သွားသောကြောင့် ဖြစ်၏။

"ကောင်းကင်ဧကရာဇ်ကျမ်းစာ" က အလွန်တရာ အစွန်းအစွန်းရောက်သော်လည်း နတ်လူသားမျိုးနွယ်များ၏ ကျင့်ကြံခြင်းလမ်းစဉ်တစ်ခု ဖြစ်နေဆဲပင်။

မြောက်နျန်က ခေါင်းခါယမ်းလိုက်ရင်း…

"ကျုပ်က အဲဒီ ပါရမီရှင် မဟုတ်ပါဘူး"

ခဏနားပြီးမှ သူက ဆက်ပြောသည်။

"ကျုပ် နောင်တရမိတာက မင်းအကြောင်းတွေကို ကျုပ်လူတွေကို ပြန်ပြီး သတင်းမပို့နိုင်တော့တာပါပဲ"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

"ဒါတော့ တကယ်စိတ်မကောင်းစရာပါပဲ ၊ ဟိုနှစ်ယောက်တော့ သေလမ်းမှာ မင်းကို စောင့်နေလောက်ပြီ ၊ မင်းကိုလည်း ကျုပ်ပို့ပေးပါ့မယ်"

မြောက်နျန်ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးပဲ"

"ရပါတယ်ဗျာ"

ကျန်းလန်က မြောက်နျန်ရှေ့သို့  ရောက်လာပြီး ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။

"အရမ်းမြန်မြန်ကြီး မသွားနဲ့ ၊ နောက်ကနေ လူတွေအများကြီး လိုက်လာကြဦးမှာ ၊ မိသားစုတွေဆိုတော့ အတူတူသွားကြတာ ပိုကောင်းတယ်လေ"

ထို့နောက် သူ့လက်ချောင်းများက မြောက်နျန်၏ ဦးခေါင်းကို ဆွဲလှည့်ပစ်လိုက်သည်။

ပြင်းထန်လှသည့် စွမ်းအားကြီးကြောင့် မြောက်နျန်၏ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ဖြစ်သွား၏။

"ဘန်း"

သွေးမှုံများ နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး မြောက်နျန်၏ ခန္ဓာကိုယ်ရုပ်အလောင်းပင် မကျန်ရစ်ခဲ့ပေ။

အန္တရယ်များသည့်ခံစားချက်တစ်ခုကို မြောက်နျန်ထံမှ ခံစားရသဖြင့် ကျန်းလန် ထိုသူနှင့်ပတ်သက်ပြီး မည်သည့်သဲလွန်စမှ ချန်မထားလိုခဲ့ပေ။

သို့သော် သူ တစ်စုံတစ်ခုကို သတိရသွားမိသည်။

ဧကရာဇ်ရှီးဟယ်က မြောက်နျန်၏အလောင်းကို လိုချင်သည် မဟုတ်လား။

"…………"

ကျန်းလန် ဘာလုပ်ရမှန်းမသိ ဖြစ်သွားစဉ်မှာပင် သူရှိရာသို့ ကြည့်လာသည့် တန်ခိုးစွမ်းအားကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် ထွက်ပြေးရန် စဉ်းစားလိုက်သည်။

ကြီးမားသည့် တန်ခိုးစွမ်းအားကြီးတစ်ခုက ဒီရေပမာ မြင့်တက်လာသည်။ ထိုတန်ခိုးစွမ်းအားကြီးနှင့်ယှဉ်လျှင် ကျန်းလန်က သာမန်လူတစ်ယောက်ပမာသာ ဖြစ်သည်။

ယခု မပြေးလျှင် သူ့အတွက် အခွင့်အရေးရတော့မည် မဟုတ်ပေ။

"ကျုပ်ပါ…"

ဧကရာဇ်ရှီးဟယ်၏ အသံကြီးက ပျံ့လွင့်ထွက်ပေါ်လာသည်။

"ရန်သူတွေထက် ခင်ဗျားက ပိုပြီး အန္တရယ်များတာပဲ"

ကျန်းလန် တွေးလိုက်သည်။

သို့သော် သူက ထွက်မပြေးတော့ဘဲ ဧကရာဇ်ရှီးဟယ် ရောက်လာသည့် အရပ်ဆီသို့ မျက်နှာချင်းဆိုင်လိုက်သည်။

ဧကရာဇ်ရှီးဟယ်က ကြီးမားလှသည့် တန်ခိုးစွမ်းအားရောင်ဝါတစ်ခုအဖြစ်ရောက်ရှိလာခြင်းဖြစ်ပြီး သူ၏ အသွင်သဏ္ဌန်ကို တွေ့မြင်ရခြင်း မရှိပေ။

ထိုတန်ခိုးစွမ်းအားရောင်ဝါက သွေးမှုံများအဖြစ်ပြောင်းလွဲားသည့် မြောက်နျန်ကို ကြည့်နေပုံရသည်။

ထို့နောက် ဧကရာဇ်ရှီးဟယ်၏ ရောင်ဝါက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့နေသည့် မြောက်နျန်၏ သွေးမှုံများကို စုပ်ယူပစ်လိုက်သည်။ သွေးမှုံတစ်စပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။

ဤသို့သောအဖြစ်အပျက်မျိုးကို တစ်နေရာတွင် တွေ့မြင်ဖူးသည်ဟု ကျန်းလန် ခံစားလိုက်ရသည်။

သူ ချက်ချင်းပင် မှတ်မိသွားသည်။

ပထမတောင်ထွတ်၏တောင်သခင်နှင့် ဒုတိယတောင်ထွတ်၏တောင်သခင်တို့ ရွှေပြဒါးအမြုတေအဆင့် သူလျှိုတစ်ယောက်ကို သတ်ဖြတ်လိုက်စဉ်က မြင်ကွင်းမျိုး ဖြစ်သည်။

သို့ဆိုလျှင် သူလျှို၏ အသွေးအသားများကို လိုချင်သည့်အတွက် ထိုသူလျှိုကို တောင်သခင်များကိုယ်တိုင် လာရောက်သတ်ဖြတ်ခြင်းလေလား။

အခြားသူလျှိုများကိုတော့ ဂိုဏ်းတူအစ်ကိုပေဖန်းကသာ သတ်ဖြတ်ခဲ့ပြီး ထိုသူလျှိုတစ်ယောက်တည်းကိုသာ တောင်သခင် (၂)ပါးက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသူလျှိုတွင် ထူးခြားမှုတစ်ခုခု ရှိသောကြောင့် ဖြစ်နိုင်ပေ၏။

"ကောင်လေး… မင်း သတ်ဖြတ်တဲ့ပုံစံကို ပြောင်းဖို့မစဉ်းစားတော့ဘူးလား"

ဧကရာဇ်ရှီးဟယ်၏အသံ ထွက်ပေါ်လာသည်။

ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း…

"ဒါက အမြန်ဆုံးနဲ့ အသေချာဆုံးနည်းလမ်းလေ"

ထို့နောက် ကျန်းလန် မည်သည့်စကားမှ ထပ်မပြောတော့ပေ။

လက်သီးဖြင့်ထိုးနှက်သတ်ဖြတ်သည့်နည်းလမ်းကို ပြောင်းလဲရန်လည်း ရည်ရွယ်ချက် မရှိပေ။

ကျန်းလန်က ထိုနည်းလမ်းကို ပြောင်းလဲရန် ရည်ရွယ်ချက် မရှိပေ။

"မင်း အဲဒီရောင်ဝါကို ခံစားရလား"

ဧကရာဇ်ရှီးဟယ်၏ အသံ ထွက်ပေါ်လာသည်။

ကျန်းလန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့… နည်းနည်းပါးပါး ခံစားရပါတယ်"

ဟုတ်ပေ၏။

သူ အနည်းငယ် ခံစား၍ ရလေသည်။

မြောက်နျန်ကို သတ်ဖြတ်လိုက်ချိန်တွင် ထိုသူထံတွင်ရှိနေသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါအခိုးအငွေ့လေးက ကျန်းလန်ထံသို့ ရောက်ရှိလာသည်။

ထိုရောင်ဝါက သူ့ကို ပြောင်းလဲမှုအနည်းငယ် ဖြစ်ပေါ်စေပြီး သူ ထိန်းချုပ်မရနိုင်သည့် နတ်ဘုရားရာထူးကို အနည်းငယ် ထိန်းချုပ်နိုင်စွမ်း ရှိလာစေသည်။

ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်ရင်း…

"မင်းရဲ့ တန်ခိုးစွမ်းအားသာ မနည်းပါးဘူးဆိုရင် မင်းက ခွန်လွန်တောင်မှာ ဒီထက်မြန်မြန် တိုးတက်လာနိုင်မှာပဲ"

ခဏနားပြီးမှ သူက ဆက်ပြော၏။

"ကောင်လေး ၊ မင်းက စွမ်းအားကြီးမားလွန်းတယ် ၊ ပြီးတော့ မင်းမှာ ကျုပ်မသိမြင်နိုင်တဲ့ လျှို့ဝှက်ချက်တွေလည်း ရှိနေတယ် ၊ ဆိုတော့ ကျုပ်တို့ သဘောတူညီမှုတစ်ခု လုပ်ကြရအောင် ၊ သဘောတူညီမှုအတွက် လိုအပ်ချက်ကတော့ မင်း ခွန်လွန်တောင်ကို ဘယ်တော့မှ မဆန့်ကျင်ရဘူး ၊ သစ္စာမဖောက်ရဘူး ဆိုတာပါပဲ ၊ ဒါပေမဲ့ မင်းက ခွန်လွန်တောင်က တပည့်ရင်းတစ်ယောက် ဖြစ်နေသရွေ့ အခက်အခဲရှိမယ် မထင်ပါဘူး"

ကျန်းလန်က သတိထားနေရင်းဖြင့်…

"ဘာသဘောတူညီချက်များလဲ ဆရာကြီး"

သဘောတူညီချက်က ဘာဖြစ်မည်ကို ကျန်းလန် စိတ်ဝင်စားလေသည်။

ထိုသဘောတူညီချက်က သူ့ကို ထိခိုက်စေနိုင်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည် မဟုတ်ပါလား။

ဧကရာဇ်ရှီးဟယ်က…

"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က တစ္ဆေတိုင်းပြည်ရဲ့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ဆိုတဲ့ နာမည်နဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ"

ကျန်းလန် တစ်ခဏမျှတွေးလိုက်ပြီးနောက် တိုးလျသည့်လေသံဖြင့်...

"ကျွန်တော်က အဲဒီနာမည်ကို မထင်မှတ်ဘဲ ရခဲ့တာပါ ၊ နာမည်ရွေးချိန်တောင် မရလိုက်ပါဘူး ၊ ဒါပေမဲ့ မကောင်းဘူးလို့တော့ မခံစားရပါဘူး"

ဧကရာဇ်ရှီးဟယ်က…

"မင်း နာမည်ကို မပြောင်းချင်ဘူးလား"

သူက ဆက်ပြောသည်။

"ကျုပ်တို့ သဘောတူညီမှုလုပ်မယ်ဆိုတာက ကျုပ်က မင်းရဲ့ နတ်ဘုရားရာထူးနာမည်ကို ဘယ်လိုပြောင်းရမလဲဆိုတာ သင်ပေးမယ် ၊ မင်းလုပ်ဖို့လိုတာကတော့ … အင်း… မင်းက အခု ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသေးတယ် ၊ မင်း ကျင့်ကြံခြင်းအဆင့်မြင့်မားလာအောင် အပြင်းအထန် ကြိုးစားရမယ် ၊ ဒါက မင်းအတွက်လည်း အကျိုးရှိပါတယ်လေ"

ခဏနားပြီးမှ ဧကရာဇ်ရှီးဟယ်က ဆက်ပြောသည်။

"ဒါနဲ့ စကားမစပ်… မင်းကို အသိပေးစရာတစ်ခု ရှိတယ် ၊ ဒီ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ နတ်ဘုရားရာထူးကို ပိုင်ဆိုင်တဲ့သူ (၃)ယောက်ပဲ ရှိတယ်ကွ"

ထို့နောက် ဧကရာဇ်ရှီးဟယ်၏ ရောင်ဝါက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဧကရာဇ်ရှီးဟယ် ထွက်ခွာသွားသည်နှင့် ကျန်းလန်လည်း တောအုပ်ထဲတွင် ဆက်မနေတော့ဘဲ ချက်ချင်းထွက်ခွာလာခဲ့သည်။

သူက ခြေရာဖျောက်နိုင်ရန်အတွက် သားရိုင်းများပေါများသည့် တောင်ငယ်ဆီသို့ ထွက်ခွာလာခဲ့ပြီး ခဏမျှ အနားယူရန် ဆုံးဖြတ်လိုက်သည်။

တောင်ငယ်ဆီသို့ ရောက်သည်နှင့် ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ဖယ်ရှားလိုက်သည်။

"ဧကရာဇ်ရှီးဟယ်က အဲဒီလူရဲ့ အသွေးအသားတွေကို လိုချင်တာလား"

ကျန်းလန် နားမလည်နိုင် ဖြစ်နေ၏။

မည်သို့ပင်ဖြစ်စေ ထိုသူထံမှ ရရှိသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက သူ့အတွက် အတော်လေး အကျိုးကျေးဇူး ရှိခဲ့သည်။

သူ၏ နတ်ဘုရားရာထူးကို ထိန်းချုပ်ရာတွင် များစွာ တိုးတက်လာခဲသည်။ အမှန်ဆိုလျှင် နောင် နှစ်ပေါင်း (၂၀၀) အတွင်းမှာပင် ထိုသို့ ထိန်းချုပ်နိုင်ရန်မှာ မဖြစ်နိုင်သေးပေ။

သို့ဆိုလျှင် အခြားသူများရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါများက သူ၏ နတ်ဘုရားရာထူးကို ထိန်းချုပ်ရန် အမှန်တကယ်ပင် အရေးကြီးသည်ဟု ဆိုရမည်လား။

အဋ္ဌမမင်းသားဆိုလျှင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၂)ခုတောင် ရှိသည်။ သို့သော် ထိုအတွက်ကြောင့်တော့ဖြင့် သူက အဋ္ဌမမင်းသားကို တိုက်ခိုက်မည် မဟုတ်ပေ။

သို့သော် လက်ရှိတွင် သူ စိုးရိမ်နေသည်မှာ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် နတ်ဘုရားရာထူး (၃)ခုသာ ရှိသည်ဆိုသည့် အချက်ဖြစ်သည်။ သူက ထိုနတ်ဘုရား (၃)ပါးထဲမှ တစ်ပါး ဖြစ်နေ၏။

ကျန် နတ်ဘုရား (၂)ပါးမှာ ဧကရာဇ်ရှိးဟယ်နှင့် ဧကရာဇ်ချုန်းကိုးတို့ ဖြစ်သည်။

ထို့ကြောင့် လောလောဆယ်တွင် သူ့ကို အန္တရယ်ပြုမည့်သူများမှာ နတ်မိစ္ဆာများသာ ဖြစ်ပေလိမ့်မည်။ ခွန်လွန်တောင်သည်လည်း သူနှင့်ပတ်သက်ပြီး အခြားသောရည်ရွယ်ချက်များစွာ ရှိနေနိုင်၏။

"ဧကရာဇ်ရှီးဟယ်က ငါတို့သဘောတူညီချက်ကို အသေးစိတ် ပြောမပြသေးဘူး ၊ သူက ငါ့ကို တန်ခိုးစွမ်းအား မြင့်မားအောင် ကျင့်ကြံဖို့ပဲ ပြောလာတယ် ၊ ဒါပေမဲ့ တန်ခိုးစွမ်းအားမြင့်မားအောင် ကျင့်ကြံရမယ်ဆိုတာက ဘယ်အဆင့်ထိရောက်အောင် ကျင့်ကြံရမှာလဲ မသိဘူး"

ယခုအချိန်တွင်တော့ သူ လှုပ်ရှားရန် မသင့်တော်သေးပေ။

သူ၏ ကျင့်ကြံခြင်းအဆင့်က ဧကရာဇ်ရှီးဟယ်ထက် ကျော်လွန်သည့်အချိန်ရောက်မှ ဧကရာဇ်ရှီးဟယ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် စဉ်းစားရမည် ဖြစ်သည်။

သို့မှသာ သူ ပိုပြီး အန္တရယ်ကင်းနိုင်မည် ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်ကို လျှော့မတွက်သင့်ပေ။ သူနှင့် ဧကရာဇ်ရှီးဟယ် ကျင့်ကြံခြင်းအဆင့် တူညီသွားလျှင်တောင်မှ ထိုပုဂ္ဂိုလ်က အတော်လေး အန္တရယ်များနေဆဲ ဖြစ်သည်။

သူ၏ နတ်ဘုရားရာထူးနာမည်ကို ပြောင်းလဲဖို့ကတော့…

သူ နာမည်ပြောင်းကတ်ပြားကို အသုံးပြုရမည်လား မပြောတတ်ပေ။

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား" ဆိုသည့်နာမည်က သိပ်မလှသော်လည်း အလကားရထားခြင်း ဖြစ်သည်။ အလကားရခြင်းကို အပြစ်ဆို၍ မဖြစ်ပေ။

သို့ရာတွင် ကျန်းလန် ပဟေဠိဖြစ်နေသည့် ကိစ္စတစ်ခု ရှိနေသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် များစွာသော အင်အားကြီးအုပ်စုများသည် နှစ်ပေါင်းရာနှင့်ချီပြီး တိုက်ခိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲများမှာ နတ်ဘုရားရာထူးတစ်ခု ရရှိရန် တိုက်ခိုက်ကြခြင်း ဖြစ်ပြီးနောက်ဆုံးတွင် နတ်မိစ္ဆာများက နတ်ဘုရားရာထူးတစ်ခု ရရှိခဲ့ကြသည်။

သို့သော် သူကတော့ ဘာမှ မပြုလုပ်ခဲ့ပါဘဲ နတ်ဘုရားရာထူးတစ်ခုကို မည်သို့သိမ်းပိုက်နိုင်ခဲ့ပါသနည်း။

အရင်ကလည်း ထိုကိစ္စကို ပဟေဠိ ဖြစ်နေခဲ့သည်ပင်။ ယခုတော့ ပိုပြီး ပဟေဠိ ဖြစ်လာရပြီ ဖြစ်သည်။

ခွန်လွန်တောင်က အမှန်တကယ် ထူးခြားသည်ဟု ဆိုနိုင်သည်။ ဧကရာဇ်ရှီးဟယ်သည် အားလုံးထက်အရင် နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့သည်။

"ခွန်လွန်တောင်က ဘယ်သူမှ မရိပ်မှုအောင် အားလုံးထက်အရင် ခြေတစ်လှမ်းကြိုလှမ်းပြီး လှုပ်ရှားမှု ပြုလုပ်ထားတာမျိုးလည်း ဖြစ်နိုင်တယ်" ဟု လုန်ရဲ့ ပြောသည့်စကားမှာ အမှန်ပင် ဖြစ်သည်။

ထိုပြင် နတ်လူသားမျိုးနွယ်များသည်လည်း ခွန်လွန်တောင်တွင် အကျိုးအမြတ်များစွာ ရှိနေသည်ကို တွေ့ရှိခဲ့ကြမည်ပဲ ဖြစ်သည်။

နောက်ထပ်စစ်ပွဲများ ထပ်မံဖြစ်ပေါ်လာဦးမည်လား မပြောတတ်ပေ။

သူ့အနေဖြင့် မြန်နိုင်သမျှမြန်မြန် တန်ခိုးစွမ်းအားမြင့်မားလာအောင် ကျင့်ကြံရမည် ဖြစ်သည်။ မဟုတ်ပါက စစ်ပွဲများအလယ် သူ အန္တရယ်ကင်းနိုင်မည် မဟုတ်ပေ။

All Chapters