← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 30 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 30 Ch. 328-330

📝အပိုင်း - ၃၂၈

ဘာသာပြန် - Na Gar🐉

ကံကောင်းထောက်မစွာဖြင့် ယွမ်ကျိုး တွင် ဧကရာဇ်ကိုယ်တိုင် ဓားဖြင့်ထိုးနှက်ခဲ့သည့် အခြေအနေမျိုးနှင့်မတူဘဲ ဤနေရာတွင်မူ မိမိ၏ အရည်အချင်းများကို လွတ်လပ်စွာ အစွမ်းကုန် အသုံးချနိုင်မည်မှာ သေချာလှသည်။

သူ၏ တွက်ချက်မှုအရ အရှေ့ဘက်နယ်မြေ၏ အခြေအနေမှာ အကောင်းမြင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ စစ်သည်အင်အားဖြစ်စေ၊ အဆင့်မြင့် ဗိုလ်ချုပ်များဖြစ်စေ ဒါရှန်တွင် အားနည်းချက်များ ရှိနေသည်။ စာရွက်ပေါ်တွင် ဒါရှန်မှာ အင်အားအကြီးဆုံး ဖြစ်နေသည်မှာ မှန်သော်လည်း အရပ်မျက်နှာအသီးသီးမှ ရန်သူများ ဝိုင်းရံနေခြင်းနှင့် စစ်မျက်နှာတိုင်းကို ဂရုစိုက်နေရခြင်းမှာ အလွန်ပင်ပန်းခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။

ထို တိန့်ဖုန်း သာ...

အကယ်၍ သူသာ အရှုံးပေးခဲ့မည်ဆိုလျှင် ရှေ့လျှောက် အခြေအနေများအတွက် များစွာ အထောက်အကူ ဖြစ်စေပါလိမ့်မည်။

ထို့အပြင် ချန်ဆန်းရှီသည် သေသေချာချာ စုံစမ်းစစ်ဆေးထားပြီး ဖြစ်သည်။ ဤလူသည် တန်ဖိုးရှိသော စရိုက်လက္ခဏာရှိသူ ဖြစ်ပြီး ပြည်သူများကို မနှိပ်စက်၊ အကျင့်ပျက် ခြစားမှု မလုပ်သည့် ဤခေတ်၏ လူနည်းစု အရာရှိကောင်းများထဲမှ တစ်ဦး ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် မြို့တော်မှ နယ်စပ်ဒေသသို့ နယ်နှင်ဒဏ် ပေးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

သူသည် လူကောင်းတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော လူမျိုးများသည် များသောအားဖြင့် မာကျောသော ကျောရိုးရှိတတ်ကြသည်။

အကယ်၍ ချန်ဆန်းရှီသာ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ချွေချုံယီ နှင့် ရှာဝမ်လုံ တို့ကို အတူခေါ်မသွားခဲ့လျှင် သူသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွင် အောင်မြင်သွားပေလိမ့်မည်။ သူ့ကို အရှုံးပေးရန် ဖျောင်းဖျနိုင်မလားဆိုသည်မှာလည်း စမ်းသပ်ကြည့်ရုံသာ ရှိသေးသည်။ အကယ်၍ မအောင်မြင်ခဲ့လျှင်လည်း ကံကြမ္မာအတိုင်းသာ ဖြစ်ပေတော့မည်။ စစ်မြေပြင်တွင် မိတ်ဆွေမဖြစ်နိုင်လျှင် ရန်သူသာ ဖြစ်ရပေလိမ့်မည်။

မိမိ၏ တဲသို့ ပြန်ရောက်ပြီးနောက် ချန်ဆန်းရှီသည် အချိန်မဖြုန်းဘဲ တစ်ညလုံး ဓားချီမန္တန်ကိုသာ အပြင်းအထန် ကျင့်ကြံနေတော့သည်။

[မန္တန် - ဓားချီမန္တန် (ကျွမ်းကျင်)]

[တိုးတက်မှု့ - ၈၅၅/၁၀၀၀]

နောက်တစ်နေ့ မိုးသောက်ချိန် ရောက်မှသာ သူ စကားပြောတော့သည်။

"ရှာချုံ ဗိုလ်ချုပ်တိန့်ရဲ့ မှတ်တမ်းတွေနဲ့ သူ့ဘဝတစ်လျှောက် လုပ်ဆောင်ခဲ့တဲ့ အကြောင်းအရာ အားလုံးကို ငါ့အတွက် သွားယူခဲ့စမ်း"

"ဟုတ်ကဲ့ပါ"

...

"ဗိုလ်ချုပ်တိန့် ဘာလို့ အရှုံးမပေးတာလဲ။ ဒါဟာ လူတိုင်းအတွက် အကျိုးရှိမှာပါ"

ရှာဝမ်လုံသည် လက်ထဲတွင် ဆူးပါသော သံကြိမ်လုံးကို ကိုင်ထားရင်း ချပ်ဝတ်တန်ဆာများကို ချွတ်ထားကာ သွေးစွန်းနေသော အတွင်းခံအင်္ကျီဖြင့်သာ ကျန်ရှိတော့သည့် တိန့်ဖုန်းကို စိတ်မရှည်စွာ ကြည့်လျက် ပြောလိုက်သည်။ "မင်း စည်းကမ်းကို သိမှာပါ။ အဆင့်မြင့် ဗိုလ်ချုပ်တွေကို အကျဉ်းချထားရတာ အလုပ်ရှုပ်တယ်၊ ဒါကြောင့် များသောအားဖြင့် ခုနစ်ရက်အတွင်း အရှုံးမပေးရင် ခေါင်းဖြတ်ပြီး လူအများရှေ့မှာ ပြသလေ့ရှိတယ်"

တိန့်ဖုန်းသည် လျှို့ဝှက်သံကြိုးများဖြင့် ချုပ်နှောင်ခံထားရရုံသာမက သူ၏ ခြေလက်များကိုလည်း ကြက်ခြေခတ် သစ်သားတိုင်တွင် သံမှိုဖြင့် ရိုက်ထားခြင်း ခံရသည်။ သူသည် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး စကားတစ်ခွန်းမျှ မပြောပေ။

"တိန့်ဖုန်း" ရှာဝမ်လုံက ကြိမ်းမောင်းလိုက်သည်။

"မင်းက ရှုံးနိမ့်သွားတဲ့ ဗိုလ်ချုပ်တစ်ယောက်ပဲ၊ ဒါတောင် ဒါရှန်နိုင်ငံက မင်းကို မြို့စားဘွဲ့ ပေးမယ်လို့ ကတိပေးထားသေးတယ်။ မင်း ဘာကို မကျေနပ်နိုင်သေးတာလဲ။ ကောင်းပြီ၊ မင်းရဲ့ ခေါင်းမာမှုကို ငါသိတယ်။ မင်းရဲ့ မိသားစုကရော။ တိန့်မိသားစုဝင်တွေကို ခေါ်လာခဲ့ကြစမ်း"

မကြာမီမှာပင် သားနှစ်ယောက်၊ သမီးသုံးယောက်နှင့် အိုမင်းမစွမ်းဖြစ်နေသော မိခင်အိုကြီး၊ မယားငယ်များ အပါအဝင် မိသားစုဝင် ၁၀ ယောက်ကျော်ကို စစ်တဲအတွင်းသို့ အတင်းအကျပ် တွန်းပို့လိုက်ကြသည်။ တိန့်ဖုန်းမှာတော့ မကြားချင်ယောင် ဆောင်နေမြဲ ဖြစ်သည်။

"ဗိုလ်ချုပ်တိန့်"

ရှာဝမ်လုံက "မင်းတစ်ယောက်တည်း သေတာက ကိစ္စမရှိပေမဲ့ မင်းရဲ့ မိန်းမနဲ့ ကလေးတွေကိုပါ မင်းနဲ့အတူ မြေမြှုပ်ခံစေချင်တာလား"

ဤတစ်ကြိမ်တွင်တော့ တိန့်ဖုန်းသည် နောက်ဆုံးတွင် မျက်လုံးများ ပွင့်လာသည်။ သို့သော် အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်မည့်အစား သူက လှောင်ပြောင်လျက် ပြောလိုက်သည်။ "မြန်မြန် သတ်လိုက်ကြစမ်း၊ အားလုံးကို ငါနဲ့အတူ သတ်ပစ်လိုက်ကြ"

"မင်း..." ရှာဝမ်လုံမှာ မှင်တက်သွားသည်။ ဤနည်းလမ်းသည်ပင် အလုပ်မဖြစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ။

"သတ်လိုက်ကြလေ" တိန့်ဖုန်းက သူတို့ကို အတင်းအကျပ် တိုက်တွန်းနေသည်။ "သူတို့ အသက်ရှင်စဉ်မှာ ငါ့ရဲ့ ကျေးဇူးကြောင့် နေထိုင်ခဲ့ကြတာ။ အခု ငါရှုံးသွားပြီဆိုတော့ ငါနဲ့အတူ သေကြရမှာက တရားမျှတပါတယ်။ ဘာလို့ ငါတို့ကို မသတ်ကြသေးတာလဲ"

"ကောင်းပြီ။ မင်းရှေ့မှာတင် သူတို့ကို ငါသတ်ပြမယ်" ရှာဝမ်လုံသည် ဒေါသများ ပြည့်လျှံနေသဖြင့် တစ်ခုခုကို လုပ်ဆောင်ရန် ပြင်လိုက်စဉ် ဝတ်ရုံဖြူဝတ် လူငယ်လေးတစ်ဦး စစ်တဲအတွင်းသို့ လမ်းလျှောက်ဝင်လာသည်။

"ရှာဝမ်လုံ။ တော်တော့"

"ချန်ဆန်း... ဗိုလ်ချုပ်ချန်" ရှာဝမ်လုံသည် သူ့ကို နာမည်တိုက်ရိုက်ခေါ်ခြင်းမှ ထိန်းချုပ်လိုက်ရင်း "တိန့်ဖုန်းက အရှုံးမပေးဘူး၊ သူ့ကို သတ်လိုက်ရုံပဲရှိတာပေါ့" ဟု ဆိုသည်။

"မင်း ထွက်သွားလို့ ရပြီ။ ဗိုလ်ချုပ်တိန့်ရဲ့ မိသားစုကို သေသေချာချာ စောင့်ရှောက်ထားဖို့ အမိန့်ပေးလိုက်တယ်" ချန်ဆန်းရှီက ညွှန်ကြားလိုက်သည်။ "ဘယ်သူမဆို၊ အထူးသဖြင့် အမျိုးသမီးတွေကို အနည်းငယ်မျှ စော်ကားတာမျိုး ရှိခဲ့ရင် ငါ တင်ပြစာ ပို့ပြီး မင်းရဲ့ မိသားစု တစ်စုလုံးကို ကွပ်မျက်ခိုင်းလိမ့်မယ်"

"နားလည်ပါပြီ" ရှာဝမ်လုံသည် ဒေါသကို မြိုသိပ်ကာ တိန့်မိသားစုဝင်များကို ခေါ်ဆောင်၍ ထွက်ခွာသွားသည်။

ထို့နောက် ချန်ဆန်းရှီသည် ရှာချုံ နှင့် အခြားသူများကို စစ်တဲနှင့် ခြေလှမ်း နှစ်ရာအကွာတွင် နေရန်နှင့် မည်သူမျှ အနားမကပ်ရန် အမိန့်ပေးလိုက်သည်။

"ချန်ဆန်းရှီ"

တိန့်ဖုန်းက လှောင်ပြောင်ပြီး "ငါ့မိသားစုကို စောင့်ရှောက်ပေးရုံနဲ့ မင်း ငါ့ကို သိမ်းသွင်းနိုင်မယ်လို့ ထင်နေတာလား"

"မဟုတ်ပါဘူး။ ဒီလိုမျိုးနဲ့ မင်းရဲ့ သစ္စာရှိမှုကို ဝယ်ယူဖို့ ငါ မရည်ရွယ်ပါဘူး။ မင်းကို သတ်လိုက်ရတာ အဓိပ္ပာယ်မရှိမှန်း ငါသိလို့ မင်းကို အသက်

ရှင်ခွင့် ပေးထားတာပါ။ ခုနစ်ရက်အကြာမှာ မင်းနဲ့အတူ သတ်ပစ်ဖို့ ရည်ရွယ်ထားတယ်၊ ဒါဟာ မင်းကို လေးစားတဲ့ အနေနဲ့ပါ"

ချန်ဆန်းရှီသည် စစ်တဲအတွင်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး မှတ်တမ်းအချို့ကို စတင် ဖတ်ရှုနေသည်။ သူသည် စကားဆက်ပြောရန် အလျင်မလိုပေ။

ဆန့်ကျင်ဘက်အနေဖြင့် တိန့်ဖုန်းမှာတော့ မအောင့်နိုင်တော့ပေ။ သူက မကျေမနပ်ဖြင့် ပြောလိုက်သည် "ချန်ဆန်းရှီ ငါ မင်းကို တစ်နာရီတည်းနဲ့ ရှုံးသွားတာပါ။ မိုးလင်းတာနဲ့ မင်းတို့ တပ်ဆုတ်ဖို့ ပြင်နေကြတယ် မဟုတ်လား။ ဆိုလိုတာက နောက်ထပ် တစ်နာရီလောက်သာ မြို့ထဲမှာ ဆူပူမှုမဖြစ်ခဲ့ရင် မင်း ရှုံးမှာပဲ"

"မှန်ပါတယ်။ မင်း ပြောတာတွေ အားလုံး မှန်တယ်" ချန်ဆန်းရှီက ခဏရပ်လိုက်သည်။

"ဒါပေမဲ့ ဒီတစ်နာရီဆိုတာ မင်း ဘယ်လိုမှ မကျော်လွှားနိုင်တဲ့ ကမ္ဘာခြားသလို ကွာခြားချက်ကြီးပဲ။ မင်း ရှုံးဖို့ ကံပါလာပြီးသားပါ"

ဤတိုက်ပွဲ...

သူ၏ ယုံကြည်မှုမှာ ဘယ်ကလာသည်ကို သူကိုယ်တိုင် မသိသော်လည်း သူသည် စစ်ဗျူဟာ တစ်မျိုးကို အမှန်တကယ် ဆုပ်ကိုင်မိခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ပညာရှိများ၏ လုပ်ရပ်များမှသာမက သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော တိုက်ပွဲငယ်ပေါင်းများစွာမှ ရရှိခဲ့သည့် နားလည်မှု ဖြစ်သည်။ ထိုအချိန်က အခြေအနေအရ ပြည်သူများနှင့် မြို့စောင့်တပ်မှာ အသက်ရှင်သန်ရန် လမ်းစကိုသာ ရှာဖွေနေကြခြင်း ဖြစ်သည်။ ထိုထွက်ပေါက်ကို ပေးလိုက်ပြီးပြီဖြစ်ရာ ဆက်လက် ခုခံနေရန် အကြောင်းမရှိတော့ပေ။

တိန့်ဖုန်း၏ ဂုဏ်သတင်း အလွန်ကြီးမားနေခြင်းကြောင့်သာ သူတို့သည် နောက်တစ်နေ့တွင် မြို့တံခါးကို မဖွင့်ခဲ့ကြခြင်း ဖြစ်သည်။ တကယ်တော့ သူတို့ဘက်က အရပ်မျက်နှာအသီးသီးမှ တိုက်ခိုက်မည့် ဗျူဟာကိုပင် အသုံးပြုရန် မလိုအပ်ခဲ့ပေ။

"တော်ပြီ" တိန့်ဖုန်းသည် ငြင်းခုံရသည်ကို ငြီးငွေ့သွားပုံရသည်။

"နိုင်တဲ့သူက မင်းပဲ၊ ရှုံးတဲ့သူက ဓားပြပဲ။ သတ်ချင်ရင် သတ်လိုက်ပါ။ ငါ တိန့်ဖုန်း ကတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး"

"သစ္စာရှိမှုနဲ့ ရိုးသားမှုဆိုတာ မွန်မြတ်တဲ့ ဂုဏ်ဒြပ်တွေပါပဲ" ချန်ဆန်းရှီသည် မှတ်တမ်းကို ကိုင်လျက် ဖတ်လိုက်သည်။

"ဗိုလ်ချုပ်တိန့် ငါ မင်းကို တစ်ခု မေးပါရစေ။ မင်း မြို့ကို ကာကွယ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

"ဒါပေါ့... ပြည်သူတွေကို ကာကွယ်ဖို့ပဲ"

"အခု မြို့ကျသွားပြီ၊ ပြည်သူတွေ ထိခိုက်တာမျိုး ရှိခဲ့လား။ ဒီမနက်မှာတင် မင်းအရင်က နန်းတော်ရဲ့ အရှိန်အဝါကြောင့် မထိရဲခဲ့တဲ့ အကျင့်ပျက် အရာရှိအချို့ကို ငါ သတ်ပစ်ခဲ့ပြီးပြီ၊ ပြည်သူတွေကတော့ ဝမ်းသာနေကြတယ်။ ဒါဟာ ပြည်သူတွေအတွက် အခြေအနေ ပိုကောင်းသွားတယ်လို့ မဆိုလိုဘူးလား"

တိန့်ဖုန်းမှာ နှုတ်ဆိတ်သွားသည်။

"ဒါမှမဟုတ် ဗိုလ်ချုပ်တိန့်က ပြည်သူတွေကို ကာကွယ်ဖို့အတွက် တိုက်ပွဲကို ဆက်တိုက်ပြီး ပြည်သူတွေ ပိုသေတာကို မြင်ချင်နေတာလား"

တိန့်ဖုန်းက စကားလမ်းကြောင်း ပြောင်းလိုက်သည် "ငါ ဒါကို လုပ်တာဟာ နန်းတော်ကို အလုပ်အကျွေး ပြုဖို့ပဲ"

"အော်"

ချန်ဆန်းရှီက မှတ်တမ်းကို ကိုင်လျက် ဆိုသည် "ချင်လီခေတ် ၁၉၂ ခုနှစ်မှာ ဗိုလ်ချုပ်တိန့် အသက် ၁၆ နှစ်ပဲ ရှိသေးပြီး အလုပ်စဝင်တဲ့ အချိန်မှာ စာပေလောကကို တုန်လှုပ်စေခဲ့တဲ့ ကဗျာတစ်ပုဒ်ကို မင်း ရေးခဲ့တယ်"

"ပြည်သူတွေဘက်က ရပ်တည်ဖို့ ပညာရှိတွေရဲ့ အဆုံးအမကို ကြိုးစားသင်ယူတယ်၊ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းဖို့ ပျောက်ကွယ်နေတဲ့ ပညာရပ်တွေကို ဆက်ခံတယ်"

"သုံးပေရှိတဲ့ စိမ်းလန်းသော ဓားကို ကိုင်စွဲပြီး လောကမှာရှိတဲ့ အကျင့်ပျက်သူတွေ အားလုံးကို ရှင်းလင်းမယ်"

"ဒါကြောင့် ငါ မေးချင်တာက ဗိုလ်ချုပ်တိန့်အတွက် ဘာက ပိုအရေးကြီးသလဲ။ နန်းတော်ကို အလုပ်အကျွေး ပြုဖို့လား၊ ဒါမှမဟုတ် မင်းတစ်ချိန်က ကိုယ့်ဘာကိုယ် ချမှတ်ခဲ့တဲ့ ဒီကြီးမြတ်တဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့လား"

တိန့်ဖုန်းက မျက်မှောင်ကြုတ်လိုက်သည် "ဒါတွေက ပဋိပက္ခ ဖြစ်နေလို့လား"

"ဒါပေါ့ ပဋိပက္ခ ဖြစ်နေတာပေါ့"

ချန်ဆန်းရှီက ဆက်ပြောသည် "ငါသိသလောက်တော့ ချင်နိုင်ငံမှာ အကျင့်ပျက် ခြစားမှုတွေက နေရာအနှံ့ပဲ၊ အခွန်တွေကလည်း နှစ်စဉ် တိုးနေတယ်၊ ပြည်သူတွေကတော့ ပြောမပြနိုင်လောက်အောင် ဆင်းရဲဒုက္ခ ရောက်နေရပြီး တစ်နှစ်ကို ပုန်ကန်မှု အနည်းဆုံး ဆယ်ကြိမ်လောက် ရှိတယ်။ ဒီလောက်အထိ အမြစ်တွယ်ပြီး ပုပ်ပွနေတဲ့ နန်းတော်မှာ မင်း ပြောခဲ့တဲ့ ထာဝရ ငြိမ်းချမ်းမှုဆိုတာကို ရနိုင်မယ်လို့ ထင်နေတာလား။ ပြည်သူတွေအတွက် တရားမျှတတဲ့ လူ့အဖွဲ့အစည်းကို တည်ထောင်ဖို့နဲ့ အကျင့်ပျက်သူတွေကို ရှင်းလင်းဖို့ဆိုတာတောင် မဖြစ်နိုင်ဘူး မဟုတ်လား။ မဟုတ်ရင် မြို့ထဲက အရာရှိတွေကို ငါသတ်ပေးတဲ့အထိ မင်း စောင့်နေစရာ မလိုပါဘူး"

"ဒါကြောင့် နန်းတော်ကို အလုပ်အကျွေး ပြုတာနဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့ဆိုတာ ဆန့်ကျင်ဘက် ဖြစ်နေတယ် မဟုတ်လား"

"ချင်နိုင်ငံကို ဆက်ပြီး အလုပ်အကျွေး ပြုနေခြင်းအားဖြင့် မင်းရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေကို မင်းကိုယ်တိုင် ဖျက်ဆီးနေတာ မဟုတ်ဘူးလား"

"ဒါမှမဟုတ်ရင်..."

သူက ခဏရပ်လိုက်ပြီး အသံကို ရုတ်တရက် မြှင့်လိုက်သည် "ဗိုလ်ချုပ်တိန့် ဆိုတာ ဂုဏ်ဒြပ်ကို မက်မောတဲ့၊ ဟန်ဆောင်ကောင်းတဲ့ လူလိမ်တစ်ယောက်

ပဲ။ မင်းရဲ့ လုပ်ရပ်တွေ အားလုံးဟာ 'မျိုးဆက်ခြောက်ဆက်တိုင်တိုင် သစ္စာရှိတဲ့ မိသားစု' ဆိုတဲ့ နာမည်ကောင်းကို ထိန်းသိမ်းဖို့အတွက်ပဲ မဟုတ်လား"

"မင်း လျှောက်ပြောနေတာပဲ" အခုထိ ခွေးသေတစ်ကောင်လို ငြိမ်နေသော တိန့်ဖုန်းသည် နောက်ဆုံးတွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ့ကို ဒီလိုပြောဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ"

"ဒါ အမှန်တရား မဟုတ်ဘူးလား" ချန်ဆန်းရှီက မတ်တတ်ရပ်လိုက်သည်။ "အကယ်လို့ ဗိုလ်ချုပ်တိန့်ရဲ့ ရဲရင့်တဲ့ ခုခံမှုကြောင့် ကျောက်ထုံ စီရင်စုမြို့က မကျခဲ့ဘူး ဆိုပါစို့။ ဒါဆိုရင် ချင်နိုင်ငံရဲ့ တော်ဝင်မိသားစုနဲ့ နွယ်နေတဲ့ အဲ့ဒီ အကျင့်ပျက် အရာရှိတွေဟာ ပြည်သူတွေကို ဆက်ပြီး နှိပ်စက်နေဦးမှာပဲ၊ အမျိုးသမီးတွေကို စော်ကားနေဦးမှာပဲ။ မင်း တိုင်စာတွေ ဘယ်လောက် ပို့ပို့ ဘာထူးမှာလဲ။ အဆိုးဆုံးဆိုရင် သူတို့ နေရာရွှေ့ခံရမယ် ဒါမှမဟုတ် ဒဏ်ရိုက်ခံရမယ်၊ ပြီးရင် တခြားတစ်နေရာမှာ သူတို့ရဲ့ မကောင်းမှုတွေကို ဆက်လုပ်နေကြဦးမှာပဲ"

"အဲ့ဒီ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကရော ဗိုလ်ချုပ်တိန့်ရဲ့ ခုခံမှုကြောင့် သူတို့ ဒုက္ခရောက်နေရတာလို့ မတွေးမိကြဘူးလား"

"ဒါကြောင့် ချင်နန်းတော်ကို အလုပ်အကျွေး ပြုတာနဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကို တည်ဆောက်ဖို့ ကြိုးစားတာက ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား"

"ဗိုလ်ချုပ်တိန့် အနေနဲ့ ချင်နိုင်ငံရဲ့ ဗိုလ်ချုပ်အဖြစ် ဆက်ရှိနေသရွေ့တော့ နှစ်ပေါင်း တစ်ထောင် ကြာရင်တောင် မင်းရဲ့ ဆန္ဒတွေ ပြည့်ဝမှာ မဟုတ်ပါဘူး"

"ရယ်စရာပဲ... တကယ့်ကို ရယ်စရာပဲ" တိန့်ဖုန်းသည် ဟာကွက်တစ်ခုကို ရှာတွေ့သွားပြီး ပြန်လည် တိုက်စစ်ဆင်လိုက်သည်။

"ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာ ငါ့ကို အရှုံးပေးခိုင်းချင်လို့ မဟုတ်လား။ ချင်နိုင်ငံမှာ အကျင့်ပျက်မှုတွေ ရှိမယ်၊ ပြည်သူတွေ ဒုက္ခရောက်မယ် ဆိုပါစို့။ ဒါဆို ရှန်နိုင်ငံကရော။ ယွမ်ကျိုး တစ်နေရာတည်းမှာတင် ဆယ်ရက်အတွင်း ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ငါတောင် သိနေတာပဲ။ အဲ့ဒါ လူပေါင်း တစ်သန်းနီးပါးပဲ။ မင်းက ပုပ်ပွနေတာကို ပြောချင်တယ်ဆိုရင် ရှန်နိုင်ငံက ပိုပြီး ဆိုးဝါးတာပေါ့"

"ဗိုလ်ချုပ်တိန့်"

ချန်ဆန်းရှီက စကားလုံး တစ်လုံးချင်းကို ပြတ်သားစွာ ပြောလိုက်သည် "ငါက ဒါရှန်အပေါ်မှာ သစ္စာရှိတယ်လို့ တစ်ခါလောက် ပြောခဲ့ဖူးလို့လား၊ ဒါမှမဟုတ် ဒါရှန် အတွက် သစ္စာရှိတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ချင်တယ်လို့ ကြွားဝါခဲ့ဖူးလို့လား"

ဝုန်း..

ထိုစကားလုံးများသည် တိန့်ဖုန်း၏ စိတ်ထဲတွင် ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်လိုက်သကဲ့သို့ ပေါက်ကွဲသွားတော့သည်။

"မင်း... မင်း ဘာကို ဆိုလိုတာလဲ"

📝အပိုင်း - ၃၂၉

ဘာသာပြန် - Na Gar🐉

"ဗိုလ်ချုပ်တိန့်... ဘာလို့ ဒီလောက်တောင် အံ့ဩနေရတာလဲ"

ချန်ဆန်းရှီက နောက်ပြောင်သလို ပြောလိုက်သည် "ငါက ဒါရှန်အပေါ်မှာ အသက်ပေးရလောက်အောင် သစ္စာရှိတဲ့သူလို့ မင်း တကယ်ထင်နေတာလား"

"ဒီလို မဟုတ်ဘူးလား" တိန့်ဖုန်းက လေးနက်စွာ မေးသည်။

"မင်းမှာရှိသမျှ အရာအားလုံးဟာ ရှန်နိုင်ငံရဲ့ ဧကရာဇ်ပေးသနားခဲ့တာပဲ မဟုတ်လား"

"ငါ့ကို ပေးသနားခဲ့တာ ဟုတ်လား။ မှန်ပါတယ်... သူ ငါ့ကို အဆိပ်တစ်ခွက် ပေးသနားခဲ့တယ်" ချန်ဆန်းရှီက ရယ်ချင်စရာကောင်းသည်ဟု မှတ်ချက်ပြုလိုက်သည်။

"ငါ့ရဲ့ မူလအိပ်မက်က ငွေရှာဖို့ အမဲလိုက်မယ်၊ စစ်ပညာအချို့ သင်မယ်၊ ပြီးရင် ကြွယ်ဝတဲ့ သူဌေးတစ်ယောက်အဖြစ် အေးအေးဆေးဆေး နေမယ်၊ ဒါပဲ။ ဒါပေမဲ့ ဘာဖြစ်ခဲ့လဲ။ သူတို့က ငါ့ကို အခုလို အခြေအနေမျိုးရောက်အောင် တစ်ဆင့်ပြီးတစ်ဆင့် တွန်းပို့ခဲ့ကြတာ။ လူမိုက်တွေက ပြည်သူတွေကို အနှောင့်အယှက်ပေးနေတာကို ဘယ်သူမှ မတားဘူး၊ သိုင်းပညာခန်းမမှာ လူသတ်မှုဖြစ်တာကိုလည်း ဘယ်သူမှ စုံစမ်းစစ်ဆေးခြင်း မရှိဘူး၊ နောက်ဆုံး စစ်တပ်ထဲ ဝင်လာတဲ့အခါမှာလည်း ငါ့ရဲ့ ရာထူးတက်လမ်းကို ပိတ်ပင်ဖို့ ကြိုးစားတဲ့သူတွေ ရှိနေခဲ့တာပဲ"

"မင်းပြောခဲ့တဲ့ ယွမ်ကျိုး မှာ ဆယ်ရက်တာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေမှာလည်း တကယ်ပဲ ပြဿနာကြီးကြီးမားမား ရှိခဲ့တာပါ"

"ဒီလောက်ကြီးမားတဲ့ ကိစ္စမျိုးကို ရာထူးအာဏာ အလွန်ကြီးမားတဲ့သူတစ်ယောက်ကပဲ လုပ်နိုင်တာဆိုတာ ငါက အထူးတလည် ပြောနေဖို့ မလိုတော့ဘူး မဟုတ်လား"

"ယွမ်ကျိုး ကနေ ယူပြည်နယ်ဆီကို ခြေကျင်လျှောက်လာတဲ့ လမ်းတစ်လျှောက်မှာ ငါ့ရဲ့ ညီအစ်ကိုတွေ ဘယ်လောက်တောင် သေခဲ့ရလဲ၊ သူတို့ရဲ့ နာမည်တိုင်းကို ငါ မှတ်မိနေတယ်။ ပြည်သူတွေကို မြစ်တစ်ဖက်ကမ်း ကူးပေးရတဲ့ ကိစ္စကရော... ငါက ဒါကို လုပ်ချင်လို့ လုပ်ခဲ့တာလို့ မင်း ထင်နေတာလား။ ငါ အတင်းအကျပ် အကျပ်ကိုင်ခံခဲ့ရတာပါ"

"ဒီလိုမျိုး နန်းတော်ကို..."

"ငါ့ကို သစ္စာရှိတဲ့ ကျွန်တစ်ယောက် ဖြစ်စေချင်တာလား၊ သူတို့က အဲ့ဒီလို သစ္စာရှိမှုမျိုးနဲ့ ထိုက်တန်လို့လား"

တိန့်ဖုန်းမှာ မှင်တက်သွားတော့သည်။

သူ မယုံနိုင်အောင် ဖြစ်နေရသည်။ စစ်တပ်ထဲ ရောက်ပြီး နှစ်နှစ်အတွင်းမှာတင် တစ်ကမ္ဘာလုံး ကျော်ကြားသွားခဲ့တဲ့ ဒီ ဒါရှန် ဗိုလ်ချုပ်လေးဟာ တကယ်တော့ နန်းတော်ကို အလေးအနက် လုံးဝမထားတာ ဖြစ်နေသည်။

"ဗိုလ်ချုပ်တိန့်"

"အခု ငါပြောမယ့် စကားတွေသာ တစ်ပါးသူ သိသွားရင် ငါ့ရဲ့ ဆွေမျိုးခုနစ်ဆက်ကို သတ်နိုင်တဲ့ ပြစ်မှုမျိုး ဖြစ်နေပေမဲ့ မင်းနဲ့တော့ ဆွေးနွေးဖို့ လိုအပ်တယ်"

ချန်ဆန်းရှီက အနားသို့ တိုးကပ်သွားသည်။ သူ၏ အသံမှာ မကျယ်

သော်လည်း နားထဲတွင်တော့ ဟိန်းထွက်နေသကဲ့သို့ ရှိနေသည်။

"ချင်နိုင်ငံ ဖြစ်စေ၊ ဒါရှန် ဖြစ်စေ၊ နန်ရွှီ ဖြစ်စေ၊ နောက်ဆုံး လူရိုင်းမျိုးနွယ်တွေပဲဖြစ်ဖြစ်... အမှန်တော့ သူတို့ အားလုံးဟာ အမြစ်ကနေ ပုပ်ပွနေကြတာ။ ငါက ရှန်နိုင်ငံရဲ့ ဗိုလ်ချုပ်အဖြစ် အမှုထမ်းနေပေမဲ့ ငါလုပ်သမျှ အရာအားလုံးဟာ နန်းတော် ဆိုတဲ့ အရာအတွက် တစ်ခါမှ မဟုတ်ခဲ့ဘူး"

"ပထမဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် အတွက်ပဲ၊ ဒုတိယကတော့ ငါ့ရဲ့ စွမ်းဆောင်ရည်အတွင်းမှာ ငါ လုံးဝ သည်းမခံနိုင်တဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ပဲ။ ဥပမာ - ဂိုဏ်းတပည့်တွေ၊ အကျင့်ပျက် အရာရှိတွေ... ဒါပေမဲ့ ဒါကလည်း မလုံလောက်သေးဘူး၊ ငါ မဖြေရှင်းနိုင်သေးတဲ့ အရာတွေ အများကြီး ရှိနေသေးတယ်"

"မင်းပြောခဲ့တဲ့ ယွမ်ကျိုး က ဆယ်ရက်တာ ကိစ္စလိုမျိုးပေါ့"

"ဒါဟာ လှည့်စားမှုတစ်ခုမှန်း ငါသိနေရင်တောင် ငါ ဘာလုပ်နိုင်မှာလဲ။ မသိချင်ယောင်ဆောင်နေရုံပဲ ရှိတာပေါ့"

"ငါ လုပ်နိုင်တာကတော့ ငါ့ရဲ့ စွမ်းအားကို ဆက်တိုက် မြှင့်တင်နေဖို့ပဲ။ ဘယ်သူမှ ငါ့ကို မနှိပ်စက်နိုင်တော့တဲ့အထိ၊ ဘယ်သူမှ ငါ့လမ်းကို မပိတ်

နိုင်တော့တဲ့အထိပေါ့။ အဲ့ဒီအချိန်ကျမှသာ 'သုံးပေရှိတဲ့ စိမ်းလန်းတဲ့ဓားကို ကိုင်စွဲပြီး လောကမှာရှိတဲ့ အကျင့်ပျက်သူတွေ အားလုံးကို ရှင်းလင်းမယ်' ဆိုတဲ့ စကားကို ငါ တကယ် လုပ်နိုင်မှာပါ"

"ငါ မင်းကို ဒီလောက်အထိ ပြောပြနေရတာဟာ မင်းက 'သစ္စာရှိမှု' ဆိုတဲ့ အရာမှာ မျက်စိကန်းနေပြီး ဒီလောကရဲ့ တကယ့် ရောဂါဆိုးဟာ မင်း သစ္စာရှိနေတဲ့ နန်းတော်တွေထဲမှာ ရှိနေတာကို မမြင်နိုင်မှာ စိုးလို့ပဲ"

ထိုအချိန်တွင်...

ငယ်စဉ်ကတည်းက ပညာရှိကျမ်းစာတွေကို ဖတ်ရှုပြီး နိုင်ငံတော်အပေါ် သစ္စာရှိဖို့ သင်ယူခဲ့တဲ့ စစ်သည်တော်ကြီး တိန့်ဖုန်း တစ်ယောက်မှာတော့ ဒီစကားတွေကို ကြားရတဲ့အခါ သူ၏ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ခံစားချက်အားလုံးကို ခေတ္တဘေးဖယ်ထားပြီး သူ မအောင့်နိုင်ဘဲ မေးလိုက်

မိသည်။

"မင်းက ပုန်ကန်ဖို့ ကြံစည်နေတာလား ဘယ်တော့လဲ"

ချန်ဆန်းရှီမှာ စကားထစ်သွားရတော့သည်။ သူသည်လည်း ဤပြဿနာကို ယခုအချိန်အထိ မစဉ်းစားခဲ့မိပေ။

ဒါပေမဲ့...

သူ အခုလေးတင် ပြောလိုက်သော စကားများမှာ ထိုအဓိပ္ပာယ်မျိုး သက်ရောက်နေသည်မှာ အမှန်ပင်။ ဧကရာဇ်အိုကြီး ပေးခဲ့သော အဆိပ်ခွက်အတွက် လက်စားချေဖို့ကတော့ သူ ကျိန်းသေပေါက် ရည်ရွယ်ထားပြီးသား ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ ထိုပန်းတိုင်မှာ ဝေးကွာနေဆဲ ဖြစ်သည်။ လက်တွေ့ကျကျ ပြောရလျှင် သူ၏ နောက်ထပ် ပန်းတိုင်မှာ စစ်သေနာပတိချုပ် ရာထူးသာ ဖြစ်သည်။

နောက်ဆုံးတော့...

သူသည် နက်နဲပုံရိပ်အဆင့် သို့ပင် မရောက်သေးသလို၊ စစ်နတ်ဘုရား လည်း မဟုတ်သေးပေ။ ဧကရာဇ်မှာမူ မသေမျိုး တစ်ဦး ဖြစ်သည်။ သူတို့အကြားက ကွာဟချက်မှာ အလွန်ကြီးမားလွန်းလှသည်။

"ဗိုလ်ချုပ်တိန့်"

ချန်ဆန်းရှီက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ငါပြောတာကို မင်း နားလည်ရဲ့လား"

"ငါ..." တိန့်ဖုန်း၏ မျက်နှာမှာ အလွန် လေးနက်နေပြီး ဤအချက်ကို လက်ခံနိုင်ရန် အသည်းအသန် ကြိုးစားနေရပုံရသည်။

"ချန်ဆန်းရှီ... မင်းရဲ့ အဆိုအရဆိုရင် ဒီကမ္ဘာကြီး ဆင်းရဲဒုက္ခရောက်နေရတာဟာ နန်းတော်တွေ ပုပ်ပွနေလို့ပေါ့ ဟုတ်လား။ အကျင့်ပျက် အရာရှိတွေကြောင့် မဟုတ်ဘူးလား"

"ဒါကြောင့်"

ချန်ဆန်းရှီက ပြောလိုက်သည် "ဗိုလ်ချုပ်တိန့်ရဲ့ 'သစ္စာရှိမှုနဲ့ ဖြောင့်မတ်မှု' ဆိုတာဟာ ပြည်သူတွေအတွက် တကယ်ပဲလား၊ ဒါမှမဟုတ် မိသားစုတစ်ခုခု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ သစ္စာရှိမှုအတွက်ပဲလား"

"မဟုတ်ဘူး... မင်း မှားနေတယ်" တိန့်ဖုန်းက နာကျင်စွာ အော်ဟစ်သည်။ "ပညာရှိကျမ်းစာတွေထဲမှာ အဲ့ဒီလို မဖော်ပြထားဘူး။ အရှင်သခင်ရဲ့ ကျေးဇူးကို ခံယူပြီး သစ္စာရှိရှိ အလုပ်အကျွေးပြုတာဟာ စစ်မှန်တဲ့ အမှန်တရားပဲ"

"အရှင်သခင်ရဲ့ ကျေးဇူးကို ခံယူတာ ဟုတ်လား"

ချန်ဆန်းရှီက ထပ်မံ မေးခွန်းထုတ်လိုက်သည် "ဧကရာဇ်က မင်းကို ပေးနေတဲ့ လစာတွေဟာ ဘယ်ကလာတာလဲ"

ဝုန်း

တိန့်ဖုန်းသည် နောက်တစ်ကြိမ် မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြန်သည်။

"ပညာရှိကျမ်းစာတွေဆိုတာ လူတွေ ရေးထားတာပဲ။ စစ်နတ်ဘုရားဆိုတာလည်း လူသားတစ်ယောက်ပဲ၊ ဒါကြောင့် သူတို့ပြောတဲ့ စကားတိုင်းဟာ အမှန်တရား ဖြစ်နိုင်ပါ့မလား"

ဤနေရာတွင် ချန်ဆန်းရှီက စကားကို ရုတ်တရက် ရပ်လိုက်သည်။ "သေသေချာချာ စဉ်းစားပါ ဗိုလ်ချုပ်။ မင်း ချင်နိုင်ငံအပေါ်မှာ ဆက်ပြီး သစ္စာရှိနေခြင်းအားဖြင့် မျိုးဆက်ခြောက်ဆက်တိုင်တိုင် သစ္စာရှိခဲ့တဲ့ မိသားစုဆိုတဲ့ အပေါ်ယံ နာမည်ကောင်းကလွဲရင် တခြား ဘာရနိုင်ဦးမှာလဲ"

"အဲ့ဒါကြောင့်..."

"ငါ မင်းကို ဆက်ပြီး ဖျောင်းဖျနေတော့မှာ မဟုတ်ဘူး"

"အကယ်လို့ ခုနစ်ရက်အကြာမှာ မင်းဟာ ချင်နိုင်ငံရဲ့ တိန့်မိသားစုနဲ့ တော်ဝင်မိသားစုရဲ့ သစ္စာရှိ ကျွန်တစ်ယောက်အဖြစ် ဆက်ပြီး ကြေညာနေဦးမယ်ဆိုရင်တော့ ငါ မင်းကို အထင်ကြီးခဲ့မိတာပဲ။ မင်းဟာ နာမည်ဂုဏ်သတင်းကိုပဲ မက်မောတဲ့သူ ဖြစ်သွားပြီ။ အဲ့ဒီအခါကျရင် မင်းနဲ့ မင်းရဲ့ မိသားစုကို ခေါင်းဖြတ်ပြီး မြို့ရိုးမှာ ချိတ်ဆွဲထားဖို့ ငါ ခိုင်းရလိမ့်မယ်"

"ဒါမှမဟုတ်..."

"မင်း အမှန်တရားကို သိမြင်ပြီး အသက်ရှင်နေထိုင်ဖို့ ရွေးချယ်မလား၊ ပြီးတော့ 'လောကရဲ့ အညစ်အကြေးတွေကို ရှင်းလင်းမယ့်' တစ်နေ့ကို စောင့်မလား"

"ဆုံးဖြတ်ချက်ကတော့ မင်းအပေါ်မှာပဲ မူတည်တယ် ဗိုလ်ချုပ်"

"ငါသွားပြီ"

ထိုသို့ ပြောပြီးနောက် သူသည် စစ်တဲအတွင်းမှ ထွက်ခွာခဲ့သည်။

တိန့်ဖုန်းကိုတော့ သွေးစွန်းနေသော ခန္ဓာကိုယ်ဖြင့် သစ်သားတိုင်တွင် ချည်နှောင်ခံထားရလျက်၊ အဆုံးမဲ့သော ထိတ်လန့်တုန်လှုပ်မှုနှင့် ဝေခွဲမရမှုများကြားတွင် ထားရစ်ခဲ့လေသည်။

'ဒီလိုလူမျိုးကို နန်းတော်တစ်ခုကနေ နောက်တစ်ခုကို ပြောင်းပြီး သစ္စာရှိဖို့ မျှော်လင့်တာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ'

ချန်ဆန်းရှီက ဒါကို ကောင်းကောင်း သိသည်။ ထို့ကြောင့် သူ၏ ရပ်တည်ချက်ကို ပြတ်သားစွာ ပြောပြခဲ့ခြင်း ဖြစ်သည်။

ကျင့်ကြံရမည်။

သူ မြို့ထဲသို့ ပြန်လာခဲ့ပြီး နေ့ရောညပါ လှံသိုင်းပညာကို အားစိုက် ကျင့်ကြံနေတော့သည်။

ဤအတောအတွင်း သူသည် ရှာချုံ ကဲ့သို့သော သူများကို စေလွှတ်၍ ကျန်ရှိသော စီရင်စု ရှစ်ခုကို အရှုံးပေးရန် ဖျောင်းဖျခိုင်းခဲ့သည်။

ကျောက်ထုံ စီရင်စု အရှုံးပေးသွားပြီဖြစ်ကြောင်း သိရသောအခါ ကျန်စီရင်စုများမှာလည်း အနည်းငယ်မျှ ခုခံခြင်းမရှိဘဲ ဒါရှန် တပ်မတော်ကို ကြိုဆိုရန် မြို့တံခါးများကို ဝမ်းမြောက်ဝမ်းသာ ဖွင့်ပေးခဲ့ကြသည်။ သို့ဖြစ်ရာ ယုံလဲ့စီရင်စု တစ်ခုသာ ကျန်ရှိတော့သည်။

ယုံလဲ့စီရင်စုတွင် လီဂုန်းကိုယ်တိုင် ပြုစုပျိုးထောင်ထားသော အထူးတပ်ဖွဲ့ ငါးသောင်း ရှိသလို၊ ရိက္ခာနှင့် စစ်လက်နက် ပစ္စည်းများလည်း အလုံအလောက် ရှိနေသည်။ ထို့ကြောင့် သူတို့၏ စိတ်ဓာတ်မှာ လွယ်လွယ်နှင့် ယိုင်လဲမည် မဟုတ်သဖြင့် အရှုံးပေးရန်မှာ မဖြစ်နိုင်သေးပေ။

📝အပိုင်း - ၃၃၀

ဘာသာပြန် - Na Gar🐉

လက်ရှိ အခြေအနေ။

"အရှင်... မြေပုံ လိုချင်ပါသလား"

ရှာချုံက အသင့်ပြင်ထားပြီးသား ဖြစ်သည်။

"အင်း"

ချန်ဆန်းရှီက ခေါင်းညိတ်လိုက်သည်။ ရှာချုံက မြေပုံကို ချက်ချင်း ဖြန့်ခင်းလိုက်သည်။

"အစိမ်းရောင်တောင်တန်းမှာ ချင်ဧကရာဇ်ကလွဲလို့ တခြား ဘယ်လို စစ်

နတ်ဘုရားတွေ ရှိနေဦးမလဲဆိုတာ ငါ မသေချာဘူး။ ဒါကြောင့် သူတို့ကို လိုင်ပြည်နယ် အပြင်ဘက်မှာပဲ ဟန့်တားထားနိုင်ဖို့ ကြီးမားတဲ့ စစ်အင်အားကို ခံစစ်အတွက် ချထားရလိမ့်မယ်"

"ဒါ့အပြင် ဘယ်အချိန်မှာမဆို ပေါ်လာနိုင်တဲ့ နန်ရွှီနိုင်ငံရဲ့ တပ်မတော်ကြီးကိုလည်း ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရမယ်"

"တစ်ခုကတော့ သီးခြား အုပ်ချုပ်ဖို့၊ ဒါမှမဟုတ်ရင်..."

"ဟူလောင်တောင်ကြားကို သုံးလကနေ ငါးလအထိ တောင့်ခံထားပြီး ယုံလဲ့စီရင်စုကို ဝါးမြိုပစ်ဖို့ စောင့်ရမယ်။ အဲ့ဒီအခါမှ ရန်သူတွေ ဆုတ်ခွာသွားလိမ့်မယ်"

"ဒါဟာ အကောင်းဆုံး နည်းလမ်းပဲ..."

"ဒါပေမဲ့ လိုင်ပြည်နယ်အတွင်းက လက်ရှိ အခြေအနေကို ကြည့်ရင်တော့ တပ်သားအနည်းငယ်ပဲ အချိန်တိုအတွင်း စုစည်းနိုင်သေးတယ်၊ အဲ့ဒီတပ်သားတွေကလည်း—"

"ငါပဲ"

ချန်ဆန်းရှီသည် စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေသည်။

သူသည် အဖြေတစ်ခုကို လျင်မြန်စွာ ရရှိလိုက်သည်။ အကယ်၍ ဟူလောင်တောင်ကြားကို ကာကွယ်ရမည်ဆိုလျှင် အသက်အန္တရာယ် အလွန်ကြီးမားသော ဤတာဝန်သည် သူ့အပေါ်သို့သာ ကျရောက်လာပေလိမ့်မည်။

သီးခြား အုပ်ချုပ်မည်လား၊ သို့မဟုတ် ဟူလောင်တောင်ကြားကို ကာကွယ်

မည်လား ဆိုသည်မှာ ဧကရာဇ်သည် ဇီဝေတောင်ကို မည်မျှအထိ ရလိုသနည်း ဆိုသည့်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ( မဟာသွေးကြောအဆင့် - ကျွမ်းကျင်)]

[တိုးတက်မှု့ - ၄၉၆/၁၀၀၀]

...

[မန္တန် - ဓားချီမန္တန် (ကျွမ်းကျင်)]

[တိုးတက်မှု့ - ၉၅၅/၁၀၀၀]

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ချန်ဆန်းရှီ၏ လှံသိုင်းပညာမှာ တစ်ဝက်နီးပါး ရောက်ရှိနေပြီဖြစ်ပြီး သူ၏ ဓားချီမန္တန်မှာလည်း အဆင့်တက်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။

တတိယမြောက်နေ့ မနက်ခင်းတွင်...

သူသည် အဆောင်အတွင်းမှ ထွက်လာရုံရှိသေးသော်လည်း ယိုကျိခယ် က သတင်းပို့ရန် ရောက်လာသည်။

"အရှင်"

"ဟူပန်တပ်သား နှစ်သောင်းဟာ ယုံယွဲ စီရင်စုဆီကနေ အပြင်းအထန် လာနေကြပါပြီ။ ဗိုလ်ချုပ် ဖန်ထျန်ဖား က အရှင်အတွက် စစ်မိန့်ကို ယူဆောင်လာပါတယ်"

"ရှောင်ရှင်း"

ချန်ဆန်းရှီက ခေါ်လိုက်ပြီး မြင်းပေါ်သို့ တက်ကာ မြို့တံခါးဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

"ချန်ဆန်းရှီ... စစ်မိန့်ကို နားထောင်"

စစ်သေနာပတိချုပ်၏ တံဆိပ်ကို ကိုင်ထားသော ဗိုလ်ချုပ် ဖန်ထျန်ဖား က ပြောလိုက်သည် "နန်ရွှီ နိုင်ငံရဲ့ တပ်မတော်ကြီးဟာ ဟူလောင်တောင်ကြားကို ခြိမ်းခြောက်နေပြီ။ စစ်သေနာပတိချုပ်က မင်းကို မင်းရဲ့ အနက်ရောင်သံချပ်ကာတပ်သား သုံးထောင်နဲ့အတူ ဆယ်ရက်အတွင်း ဟူလောင်တောင်ကြားကို သွားဖို့ အမိန့်ပေးလိုက်တယ်။ ဘယ်လိုကုန်ကျစရိတ်မျိုးနဲ့မဆို ဟူလောင်တောင်ကြားကို ရက်ပေါင်း တစ်ရာ တောင့်ခံထားရမယ်။ မအောင်မြင်ဘူးဆိုရင်တော့ မင်းရဲ့ ခေါင်းကို ယူပြီး ငါ့ဆီ လာခဲ့တော့"

မျှော်လင့်ထားသည့်အတိုင်းပင်...

ဤကြီးလေးသော တာဝန်မှာ သူ့အပေါ်သို့ ထပ်မံ ကျရောက်လာပြန်ပြီ ဖြစ်သည်။ ချန်ဆန်းရှီသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သဖြင့် "ကျွန်တော်မျိုး ချန်ဆန်းရှီ... စစ်မိန့်ကို နာခံပါတယ်" ဟု ဆိုလိုက်သည်။

"အင်း"

ဗိုလ်ချုပ်ဖန်က မေးသည်"ဗိုလ်ချုပ်ဖန်(ဖန်ချင်းယွမ်)က မင်းကို ဗျူဟာတွေ ကူညီချပေးဖို့ မကြာခင် ရောက်လာလိမ့်မယ်။ ဒါ့အပြင် တခြား လိုအပ်တာ ရှိသေးလား... တကယ်တော့ မေးနေလည်း အပိုပါပဲ။ လက်ရှိ အခြေအနေအရ ရိက္ခာပို့ဖို့တောင် အချိန်အများကြီး ယူနေရတာဆိုတော့ ငါလည်း မင်းကို အများကြီး မကူညီနိုင်ဘူး။ ငါ တတ်နိုင်သလောက်တော့ ကြိုးစားပေးပါ့မယ်"

"ကျွန်တော့်မှာ ဗိုလ်ချုပ်တစ်ယောက် လိုနေတယ်"

ချန်ဆန်းရှီက ခေါင်းညိတ်ပြလိုက်သည် "ဗိုလ်ချုပ်ဖန်... ကျွန်တော်က မဟာသွေးကြောအဆင့်ပဲ ရှိသေးတာ။ ဟူလောင်တောင်ကြားက ဗျူဟာအရ ဘယ်လောက်ပဲ အရေးပါပါစေ၊ နက်နဲပုံရိပ်အဆင့်ဗိုလ်ချုပ်တစ်ယောက် မရှိဘဲနဲ့တော့ ခုခံဖို့ ခက်ခဲပါလိမ့်မယ်။ အကယ်၍ တခြားသူကို ပြောင်းရွှေ့ပေးဖို့ တကယ် မဖြစ်နိုင်ဘူးဆိုရင်တော့ ရှာဝမ်လုံ ကို ကျွန်တော့်ဆီ ပို့ပေးပါ"

"ကောင်းပြီ... ငါ သဘောတူတယ်"

ဗိုလ်ချုပ်ဖန်က မငြင်းဆိုပေ "ရှာဝမ်လုံရဲ့ တပ်တွေက ငါနဲ့အတူ အစိမ်းရောင်တောင်တန်းကို ချက်ချင်း လိုက်ရမှာ ဖြစ်ပေမဲ့ သူကိုယ်တိုင်ကတော့ မင်းနဲ့အတူ ဟူလောင်တောင်ကြားကို လိုက်ရလိမ့်မယ်"

"ဗိုလ်ချုပ်ဖန်"

ဘေးနားမှ ရှာဝမ်လုံမှာ လွှတ်ခနဲ အော်မိမလို ဖြစ်သွားသည်။ သူသည် ကျောက်ထုံ စီရင်စု ကျဆုံးသွားသည်အထိ အနိုင်နိုင် အောင့်အီးသည်းခံခဲ့ရသည်ကို၊ အခု မဟာသွေးကြောအဆင့် ဗိုလ်ချုပ်လေးတစ်ယောက်ရဲ့ အမိန့်အောက်မှာ ဆက်ပြီး နေရဦးမည် ဟုတ်လား။

"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ဖန်"

ချန်ဆန်းရှီသည်လည်း ထိုလူကို မနှစ်သက်ပေ။ သို့သော် ရွေးချယ်စရာ မရှိ၊ သူသည် လူအင်အား လိုအပ်နေသည်။ လက်ရှိ အခြေအနေအရ အိမ်ရှေ့မင်းသားရော ဧကရာဇ်ပါ ဇီဝေတောင်ကို ပြန်လိုချင်နေကြသဖြင့် ရှာဝမ်လုံသည် သူ၏ သခင်အတွက် အကျိုးရှိစေရန် စစ်မြေပြင်တွင် အမိန့်ကို နာခံနေဦးမည် ဖြစ်သည်။

ဗိုလ်ချုပ်ဖန်က လေးနက်စွာ ပြောလိုက်သည်"မင်းတို့နှစ်ယောက် ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပြီး ဒီတိုက်ပွဲရဲ့ အကြီးမားဆုံးသော သူရဲကောင်းဘွဲ့ကို ရယူနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

"ဗိုလ်ချုပ်ဖန်"

ဗိုလ်ချုပ်ဖန်၏ နောက်မှ လိုက်သွားရင်း ဘယ်သူမှ မရှိသည့် အချိန်တွင် ရှာဝမ်လုံက ထပ်ပြောပြန်သည်။

"တခြား တစ်ယောက်ယောက်နဲ့ လဲလို့ မရဘူးလား၊ ချွေချုံယီ ဆိုရင်တောင် ရပါတယ်။ ကျွန်တော် ဟူလောင်တောင်ကြားကို မသွားချင်ဘူး။ အဲ့ဒီအစား စစ်မြေပြင်မှာပဲ အသေခံလိုက်ချင်ပါတယ်"

"ဗိုလ်ချုပ်ရှာ" ဗိုလ်ချုပ်ဖန်က သတိပေးလိုက်သည်။

"အခုက ကလေးကလား လုပ်နေရမယ့် အချိန်မဟုတ်ဘူး။ ပြည်နယ် သုံးခုကို အမြန် ပြန်ရယူနိုင်ဖို့ဆိုတာ ဒါရှန်ရဲ့ အနာဂတ်အတွက်တင်မကဘဲ မင်းသားရဲ့ အရေးကြီးတဲ့ ကိစ္စတွေနဲ့လည်း ဆက်စပ်နေတယ်။ မင်းသာ ချန်ဆန်းရှီ နောက်ကို လိုက်သွားပြီး တကယ်ပဲ တောင့်ခံနိုင်ခဲ့ရင် ဒါဟာ ဘယ်လောက်ကြီးမားတဲ့ အောင်မြင်မှု့ ဖြစ်မလဲဆိုတာ မင်းသိပါတယ်။ စစ်မိန့်ကို နာခံစမ်းပါ"

"နားလည်ပါပြီ" ရှာဝမ်လုံမှာ ဆက်ပြီး မငြင်းနိုင်တော့ပေ။

"သူက ဒီအခွင့်အရေးကို သုံးပြီး ကိုယ်ရေးကိုယ်တာ ရန်ငြိုးနဲ့ လက်စားချေမှာကိုပဲ ကျွန်တော် စိုးရိမ်တာပါ"

"ကိုယ်ရေးကိုယ်တာ ရန်ငြိုး ဟုတ်လား" ဗိုလ်ချုပ်ဖန်က ပြန်မေးသည်။ "ပြောစမ်းပါဦး... မင်းတို့နှစ်ယောက်ကြားမှာ ဘာရန်ငြိုးတွေ ရှိလို့လဲ"

"ကျွန်တော်..." ရှာဝမ်လုံမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။

"တော်တော့" ဗိုလ်ချုပ်ဖန်က သူ၏ ပုခုံးကို ပုတ်လိုက်သည်။

"တကယ်လို့ သူက ကိုယ်ရေးကိုယ်တာ ရန်ငြိုးနဲ့ လက်စားချေရဲတယ်ဆိုရင် စစ်ပွဲပြီးတဲ့အခါ မင်း သူ့ကို တိုင်လို့ရတာပဲ၊ ဒါဟာ ကြီးလေးတဲ့ ပြစ်မှုလေ။ ကဲ... သွားပြီး ပြင်ဆင်တော့"

"သွားစို့"

သူသည် သူ၏ တပ်များကို စုစည်းပြီး ထွက်ခွာသွားလေတော့သည်။

...

"စီနီယာ အစ်ကို"

ချန်ဆန်းရှီသည် သွားလာရခက်ခဲနေသော ဖန်ချင်းယွမ်ကို ကြိုဆိုရန် မြို့ပြင် ငါးမိုင်အထိ ကိုယ်တိုင် မြင်းစီး၍ ထွက်လာခဲ့သည်။

ဖန်ချင်းယွမ်က ပလွေကို ကိုင်လျက် နောက်ပြောင်လိုက်သည် "ဂျူနီယာ ညီလေး... မင်းရဲ့ ခန့်ညားတဲ့ အရှိန်အဝါက တကယ့်ကို အားကျဖို့ ကောင်းပါတယ်။ ငါ့အတွက်တော့ မျက်စိပွင့်သွားရတာပဲ"

"အစ်ကိုကလည်း ကျွန်တော့်ကို မြောက်ပင့်နေပြန်ပြီ"

ချန်ဆန်းရှီက သူ့ကို စစ်တဲအတွင်းသို့ တွန်းပို့ပေးလိုက်ပြီး"နောက်ထပ် နှစ်ရက်ပဲ ကျန်တော့တယ်၊ ဟူလောင်တောင်ကြားရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ကျွန်တော့်အတွက် ကူညီပြီး ခွဲခြမ်းစိတ်ဖြာပေးပါဦး။ အစ်ကိုက ကျွန်တော့်ထက် အသေးစိတ် ပိုသိမှာပါ"

မြေပုံကို ဖြန့်ခင်းလိုက်ပြီး သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

"ဒီတစ်ခါ နန်ရွှီ နိုင်ငံက အခွင့်ကောင်းယူပြီး စစ်သည် တစ်သိန်းနဲ့ ကျူးကျော်လာတာပဲ" ဖန်ချင်းယွမ်က ပြောပြသည်။

"ဒီ တစ်သိန်းထဲမှာ ငါးသောင်းက အထူးတပ်ဖွဲ့တွေ ဖြစ်ပြီး မဟာသွေးကြောအဆင့် ရှိသူတွေ အများကြီး ပါဝင်တယ်။ ကျန်တဲ့ ငါးသောင်းကတော့ လေ့ကျင့်မှု သိပ်မရှိသေးပေမဲ့ စစ်အင်အားအနေနဲ့တော့ ပြည့်စုံတယ်။ တကယ့်ကို တားဆီးဖို့ ခက်ခဲတဲ့ အရှိန်အဟုန်ကြီးပါပဲ"

"ရန်သူရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ သူတို့မှာ စစ်နတ်ဘုရား မပါတာပဲ၊ ဒါပေမဲ့ နက်နဲပုံရိပ်အဆင့် ရှိသူ လေးယောက်တော့ ပါလာတယ်။

"အဲ့ဒီ လေးယောက်ထဲမှာ နှစ်ယောက်က မင်းသားတွေပဲ၊ အဓိက တပ်မှူးတွေဖြစ်တဲ့ ဖန်ရှုကျိန်း နဲ့ ဖန်ကျိုရှောင် တို့ပေါ့။ သူတို့က နန်ရွှီ ဧကရာဇ်ရဲ့ သားတော် ၁၄ ပါးထဲမှာ ၈ ယောက်မြောက်နဲ့ ၁၄ ယောက်မြောက် သားတော်တွေပဲ။ ဒါ့အပြင် မြို့စားတစ်ယောက်နဲ့ ဗိုလ်ချုပ် နှစ်ယောက်လည်း ပါသေးတယ်။

"ဗိုလ်ချုပ်တွေထဲမှာတော့ ရန်ကျင်ရွှမ် အကြောင်းကို အနည်းငယ် ပြောပြဖို့ လိုမယ်။ ညီလေး... မင်း သူ့ကို သိသလား"

"သိတာပေါ့" ချန်ဆန်းရှီက ပြောလိုက်သည်။

"လောကမှာ ထိပ်တန်း စစ်ဗျူဟာရှင် တစ်ယောက်လေ၊ ဝူလုံနဲ့ ဖီးနစ် တို့ရဲ့ နောက်မှာ ရှိတဲ့သူပေါ့။ 'လင်းရွှမ်'လို့ အမည်ပြောင်ရထားတဲ့ ဒီလူဟာ နန်ရွှီရဲ့ ထိပ်တန်း စစ်ဗျူဟာရှင် 'ကျန့်ဟူ'ရဲ့ သားပဲ မဟုတ်လား"

All Chapters