အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း ၁၂၉ - သဲလွန်စများ
လူသေကောင်များ စုပုံမြှုပ်နှံထားသည့် သင်္ချိုင်းကုန်းအတွင်းရှိ နတ်ဆိုးချီဓာတ်များမှာ ပိုမို၍ သိပ်သည်းလာခဲ့၏။
အနီးသို့ပင် မကပ်ရသေးမီ ချန်လော့တစ်ယောက် ချမ်းစိမ့်စိမ့်ကို ခံစားလိုက်ရ၏။ မီးခိုးရောင် မြူခိုးများလွင့်မျောနေပြီး အဖြူအမည်း သရဲတစ္ဆေ အရိပ်အယောင်များကလည်း ထိုအထဲတွင် တဖျတ်ဖျတ် လှုပ်ရှားနေကြသည်။
"ဒီနေရာက ပိုပြီးတော့တောင် ထူးဆန်းလာပြီပဲ။"
ချန်လော့သည် အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။ထိုသင်္ချိုင်းမြေသို့ သူရောက်လာသည့် အကြိမ်တိုင်း၌ တစ်ခုခု ထူးခြားပြောင်းလဲနေသည်ကို သူခံစားရသည်။
သေခြင်းမဲ့ တစ္ဆေအိုကြီးက ၎င်း၏ ကျင့်ကြံခြင်းအတွက် ဤနေရာကိုရွေးချယ်ခဲ့သည်ဆိုတော့ သူ၏အတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရှိနေ၍သာ ဖြစ်ပေမည်။
ယခုဆိုလျှင် အတွင်းဘက်ရှိ နတ်ဆိူချီဓာတ်များကြောင့် အုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ပင်လျှင် အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ရန် မသေချာတော့ပေ။
ပြီးခဲ့သည့် အကြိမ်အနည်းငယ် သူလာစဉ်ကပင် အတွင်းဘက်ရှိ တစ္ဆေမများက သူ့ကို ရန်စရဲသေးသည်ဆိုတော့ ယခုအခါ ၎င်းတို့မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေလောက်ပြီ ဖြစ်သည်။
အတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် အေးစက်သော လေပြင်းတစ်ချက်က သူ့အပေါ်သို့ တိုက်ခတ်သွား၏။
သင်္ချိုင်းမြေအတွင်း မြင်ကွင်းမှာ ပို၍ပင်ဆိုးရွားလာပြီး သာမန်မျက်စိဖြင့် ကြည့်လျှင် သုံးမီတာပင် မပြည့်နိုင်တော့ချေ။ အလှမ်းဝေးသော မြူခိုးများကြားတွင်တော့မရေမတွက်နိုင်သော မျက်လုံးအစုံများက ချောင်းကြည့်နေကြသည်။
လတ်ဆတ်သော သွေးများကို တပ်မက်နေသည့် လောဘရမ္မက်အပြည့်နှင့် နီရဲနေသော မျက်လုံးများပင်။
ဟီးဟီး...
ကလေးဆန်ဆန် နောက်ပြောင်နေသော ရယ်သံတစ်သံက မြူခိုးများကြားထဲမှ ပဲ့တင်ထပ်လာ၏။ သူ မလှုပ်ရှားရသေးခင်မှာပင် မီးခိုးဖြူရောင် ကလေးငယ်တစ်ယောက်အရွယ် လက်တစ်ဖက်က သူ့ခြေသလုံးကို ဆွဲကိုင်လိုက်ပြီး ရေခဲတမျှအေးစက်မှုက သူ့ထံသို့ ချက်ချင်း ကျူးကျော်ဝင်ရောက်လာတော့သည်။
"ထွက်သွားစမ်း"
ချန်လော့၏ မျက်လုံးများက တဖျတ်ဖျတ် လက်သွားပြီး ချီသန့်စင်ခြင်းအဆင့် ၁၃ ၏ ဝိညာဉ်စွမ်းအင်များက တောက်ပသော နေမင်းကြီးတစ်စင်းပမာ တဟုန်ထိုးထွက်ပေါ်လာကာ စူးရှသော အော်ဟစ်သံ အချို့လည်း ထွက်ပေါ်လာသည်။
ရေခဲနှင့် နှင်းများ အရည်ပျော်သွားသည့် အသံများ ထွက်ပေါ်လာပြီးနောက် သူ့ပတ်လည်ရှိ မြူခိုးများ ချက်ချင်း ရှင်းလင်းသွား၏။ ခွန်အားကိုပင် သေချာမခွဲခြားနိုင်သေးသော ဤအောက်တန်းစား အရာများသည်များသောအားဖြင့် ညှို့ယူမှုနှင့် နာကြည်းချက်များ စုဝေးနေခြင်းသာဖြစ်ပြီး စစ်မှန်သော သရဲတစ္ဆေများ မဟုတ်ကြသေးပေ။
သူသည် လမ်းဟောင်းအတိုင်း အချိန်အနည်းငယ် ဆက်လျှောက်လာခဲ့ပြီး သေခြင်းမဲ့ တစ္ဆေအိုကြီး တံခါးပိတ်ကျင့်ကြံနေသော သင်္ချိုင်းဂူသို့ မကြာမီ ရောက်ရှိသွားသည်။
ဤနေရာကို ပိတ်ထားသည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်သဖြင့်ပေါင်းပင်များ ဖုံးလွှမ်းနေပြီး အဝင်ဝမှာလည်းပြိုကျနေသော မြေကြီးများဖြင့် ဖုံးကွယ်နေသည်။
အကယ်၍ ချန်လော့သာ အကြိမ်အနည်းငယ် မလာခဲ့ဖူးပါက ဤနေရာကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
"တာအိုညီအစ်ကို၊ နိုးထရမယ့် အချိန်ရောက်ပြီ။"
ချန်လော့က သင်္ချိုင်းဂူ အဝင်ဝကို ညင်သာစွာ အကြိမ်အနည်းငယ် ခေါက်လိုက်၏။
ဝိညာဉ်စွမ်းအင်များ ရောနှောနေသော သူ၏အသံသည် သင်္ချိုင်းစင်္ကြံမှတစ်ဆင့် အောက်ဘက်ရှိ သင်္ချိုင်းခန်းမဆီသို့ ပျံ့လွင့်သွားသည်။
သင်္ချိုင်းဂူ၏ နက်ရှိုင်းသော နေရာတွင်...
စိမ်းလဲ့လဲ့ မီးတောက်တစ်ခုက ဝှစ်ခနဲ လင်းလက်သွားပြီး ကျောက်ခေါင်းတလားထဲမှ ကန်းရှီက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူသည် နတ်ဆိုးချီများကို တစ်ချက် မှုတ်ထုတ်လိုက်ရာ အထက်ရှိကျောက်ခေါင်းတလား အဖုံးပေါ်တွင် နှင်းခဲလွှာတစ်ခု ဖြစ်တည်သွားစေစ။
"ဒီလောက် မြန်တာလား"
အချိန်ကြာမြင့်စွာအိပ်စက်ခဲ့ရသဖြင့် သေခြင်းမဲ့ တစ္ဆေအိုကြီး၏ အသိစိတ်မှာ အနည်းငယ် ဝေဝါးနေပြီး အပြည့်အဝပြန်လည်သက်သာလာစေရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
သူ၏ ခန္ဓာကိုယ် အခြေအနေကို အာရုံခံကြည့်လိုက်ပြီးနောက် မျက်မှောင်အနည်းငယ် ကုတ်သွား၏။
ပြန်လည်သက်သာလာမှု အခြေအနေမှာ မျှော်လင့်ထားသည်ထက် အနည်းငယ်ဆိုးရွားနေသော်လည်း တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာရန်တော့ ခဲယဉ်းလှသည် မဟုတ်ပေ။
ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီးနောက် လက်လှမ်းကာ ကျောက်ခေါင်းတလား အဖုံးကို ညင်သာစွာ တွန်းဖယ်လိုက်သည်။
ဂျိ... ဂျိ...
ကျောက်တုံးများ ပွတ်တိုက်သံ ထွက်ပေါ်လာပြီးနောက် သူသည် ဖြည်းညှင်းစွာ ထိုင်လိုက်သည်။
သင်္ချိုင်းခန်းမမှာ သူ မအိပ်စက်မီက အတိုင်းပင်ဖြစ်ပြီး ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိသလောက်ပင်။ သေခြင်းမဲ့ကောင် နှစ်ကောင်မှာ အနီးအနားတွင် ယင်ချီများကို ဝါးမျိုနေဆဲ ဖြစ်သည်။
သံမဏိခန္ဓာကိုယ်ပညာရပ်ကျင့်ကြံထားသော သေခြင်းမဲ့ကောင်မှာ အထွတ်အထိပ် အဆင့်သို့ ပြန်လည်ရောက်ရှိနေပြီး ၎င်း၏ ကိုယ်ပေါ်ရှိ နတ်ဆိုးချီများမှာလည်း ပိုမိုတိုးတက်လာကာ တစ်ကိုယ်လုံး အမည်းရောင်အမွေးအမျှင်များ ဖုံးလွှမ်းလာပြီး သံမဏိဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲလာမည့် အရိပ်အယောင်များ ပြသနေသည်။
ဂိုဏ်းတူညီလေးကို အသုံးပြု၍ ဖန်တီးထားသော အခြားဖုတ်ကောင်ရုပ်သေးမှာလည်း ဆင့်ကဲပြောင်းလဲလာပြီး ၎င်း၏ ကိုယ်ပေါ်တွင် အမည်းရောင်အမွေးအမျှင် အချို့စတင်ပေါက်ရောက်လာကာ သေခြင်းမဲ့နှောင်းပိုင်းအဆင့်၏ ခွန်အားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
"ကျုပ်ဆင်းလာပြီ။"
အပြင်ဘက်မှ အသံ ထပ်မံထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းပင် တစ်စုံတစ်ယောက်က သင်္ချိုင်းခန်းမအဝင်ဝကို အင်အားသုံး၍ ဖွင့်လိုက်သံကို ကြားလိုက်ရပြီး အပြင်ဘက်မှ လူရိပ်တစ်ခု ဆင်းသက်လာ၏။
၎င်းမှာ ချန်လော့ပင် ဖြစ်သည်။
သံမဏိခန္ဓာကိုယ်ပညာရပ်ကို ကြီးမားသောအောင်မြင်မှုအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ခွန်အားမှာ သာမန် ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်ထက် မလျော့ကျတော့ပေ။
သာမန် သင်္ချိုင်းစင်္ကြံ တံခါးလောက်ကိုတော့ လက်တစ်ဖက်တည်းဖြင့်ပင် မတင်နိုင်လေ၏။
'ချီသန့်စင်ခြင်းအဆင့် ၁၃'
ဆင်းသက်လာသော ချန်လော့ကို ကြည့်ရင်း သေခြင်းမဲ့ တစ္ဆေအိုကြီး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွား၏။ ချန်လော့သည်လည်း သူနှင့် တူညီသော အဆင့်သို့ ရောက်ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
တစ်ဖက်လူ၏ အရှိန်အဝါ ပြည့်ဝမှုကို ကြည့်ခြင်းအားဖြင့် သူ၏ဝိညာဉ်စွမ်းအင်မှာ သူ့ထက် မလျော့နည်းတော့ကြောင်း သိနိုင်ပေသည်။ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်အောက်တွင်တော့အထွတ်အထိပ်ဟု သတ်မှတ်၍ ရနေပြီဖြစ်သည်။
"ငါးနှစ်တောင် ကုန်သွားပြီလား"
သေခြင်းမဲ့ တစ္ဆေအိုကြီးက အက်ကွဲကွဲ အသံဖြင့် မေးလိုက်သည်။
ပြီးခဲ့သည့် အကြိမ် သူ မအိပ်စက်မီက ငါးနှစ်ကြာ အိပ်စက်မည်ဟု ချန်လော့ကို ပြောခဲ့ဖူးသည်။
ယခု တစ်ဖက်လူက သူ့ကို လာနှိုးနေပြီဆိုတော့ အချိန်စေ့သွားပြီ ဖြစ်ရမည်။
"ခန့်မှန်းခြေပေါ့။"
ချန်လော့က ခေါင်းညိတ်လိုက်၏။
သုံးနှစ်ဖြစ်ဖြစ် ငါးနှစ်ဖြစ်ဖြစ် ခန့်မှန်းခြေတော့ တူတူလောက်ပင်။ တာအိုညီအစ်ကို ကန်းရှီ အနေနဲ့လည်း ရက်အနည်းငယ် ကွာဟသွားတာကို စိတ်ထဲထားမှာ မဟုတ်ပါဘူး။
သူက ကောင်းကောင်း နာလန်ထလာပုံရတော့ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ဖို့ လိုအပ်ငည့် ပစ္စည်းတွေ အကုန်လွှဲပြောင်းပေးရမည့် အချိန်ရောက်ပြီဖြစ်၏။
"မင်းရဲ့ကျင့်ကြံခြင်းက နည်းနည်း မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ။"
သေခြင်းမဲ့ တစ္ဆေအိုကြီးသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်၏။ သုံးနှစ်ကျော်ကြာ မလှုပ်မရှား နေခဲ့ရသဖြင့် သူ၏ အဆစ်အမြစ်များစွာမှာ သံချေးတက်နေသလို ဖြစ်နေသည်။
သူတို့ ယန်ရှီဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်က ကာကွယ်ပေးထား၍သာ တော်တော့သည်။ အကယ်၍ အခြားသူ တစ်ယောက်သာ ဤနေရာတွင် သုံးနှစ်ကြာအိပ်စက်နေပါက တောင့်တင်းခိုင်မာနေလောက်ပြီ ဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က ဆေးပညာရှင်ပဲလေ။ ဆေးလုံးတွေများများစားရင် ကျင့်ကြံခြင်းကလည်း သဘာဝကျကျ တိုးတက်လာမှာပေါ့။"
ချန်လော့က ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။
သေခြင်းမဲ့ တစ္ဆေအိုကြီးက ငြိမ်သက်နေ၏။
ဆေးလုံးများ ပိုမိုစားသုံးခြင်းက ကျင့်ကြံခြင်းကို အမှန်တကယ် လျင်မြန်စွာတိုးတက်စေနိုင်သော်လည်း ၎င်းမှာ သင့်တွင် ပါရမီအလုံအလောက်ရှိရန်နှင့် တိုးတက်မှုရပ်တန့်နေသော အတားအဆီး မရှိရန် လိုအပ်သည်။
သေခြင်းမဲ့ တစ္ဆေအိုကြီးသည် ချန်လော့၏ ပါရမီကို ယခင်ကတည်းက နားလည်ထားပြီးဖြစ်ကာ အလယ်အလတ် ဝိညာဉ်အမြစ်သုံးခုသာ ရှိသည်။
ထိုသို့သော ပါရမီရှိသူ တစ်ယောက်က ပြီးပြည့်စုံခြင်းအဆင့်တွင် အဘယ်ကြောင့် ဤမျှလျင်မြန်စွာ တိုးတက်နေရသနည်း။ ဤအခြေအနေမှာ ယုတ္တိမတန်တော့ပေ။
သို့သော် ၎င်းတို့မှာ ပူးပေါင်းထားသူများ ဖြစ်သည့်အတွက် သူ ဆက်မမေးတော့ပေ။ ချန်လော့ ပိုသန်စွမ်းလာခြင်းက သူ့အတွက်လည်း အကျိုးရှိစေပြီး အနည်းဆုံးတော့ ဆေးဖော်စပ်စဉ်အတွင်း တည်ငြိမ်မှုကို ပိုမိုရရှိစေကာ ဆေးဖော်စပ်နေစဉ် တစ်ဝက်တစ်ပျက်တွင် ဝိညာဉ်စွမ်းအင်ရုတ်တရက် မလုံမလောက် ဖြစ်သွားခြင်းမျိုးမှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
"ခင်ဗျားအရင်က ကျုပ်ကိုပြောထားတဲ့ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို ဖော်စပ်ရမယ့်အချိန်ရောက်ပြီ။ ဝိညာဉ်ဆေးပင်တွေကို ထုတ်ပေး၊ ကျုပ်ခင်ဗျားအတွက် တွက်ချက်ပေးမယ်။"
သူ၏ ဆေးဖော်စပ်မှု စွမ်းရည်ကို သက်သေပြရန်အတွက်ချန်လော့သည် လွန်ခဲ့သည့် သုံးနှစ်အတွင်း သူ အဆက်မပြတ် ဖော်စပ်ထားသည့် ပုံမှန်မဟုတ်သော အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများကိုလည်း ထုတ်ယူလိုက်သည်။
"ဒါတွေက ကျုပ် စမ်းသပ်ဖော်စပ်ထားတဲ့ ဆေးလုံးတွေပဲ။ အောင်မြင်မှုနှုန်းကို ရာခိုင်နှုန်းပြည့် အာမခံနိုင်ပြီ။"
ဆေးလုံးဖြစ်တည်မှုနှုန်းမှာ အမှန်တကယ်ပင် ရာခိုင်နှုန်းပြည့် ဖြစ်သော်လည်း ဆေးအာနိသင်မှာ အနည်းငယ် ပြင်းထန်လွန်းနေသည်။
ဖုတ်ကောင် အစ်ကိုကြီးကတော့ ဒီအချက်ကို စိတ်ထဲထားမှာ မဟုတ်ပါဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးပညာရှင်ချန်က လိမ်ညာနေတာမှ မဟုတ်တာ၊ ဆေးလုံးဖြစ်တည်မှုနှုန်းက တကယ်ပဲ ရာခိုင်နှုန်းပြည့်လေ။
အဲဒီလောက်တောင် မြင့်တာလား။
သေခြင်းမဲ့ တစ္ဆေအိုကြီး အံ့အားသင့်သွားပြီး ချန်လော့လက်ထဲရှိ ဆေးလုံးများပေါ်သို့ အကြည့်ရောက်သွား၏။ သူသည် ဆေးပညာရှင် တစ်ယောက်မဟုတ်သဖြင့် အတွင်းပိုင်းရှိ သိမ်မွေ့မှုများကို မခွဲခြားနိုင်သော်လည်း ဆေးလုံးများ၏ ပုံပန်းသဏ္ဍာန်မှာ အတော်လေး လုံးဝန်းနေပြီး အသွင်အပြင် ကောင်းမွန်ကြောင်းကိုမူ သတိပြုမိလိုက်သည်။
"မင်း အဲဒါကို စမ်းသပ်ဖို့ လူရှာတွေ့ခဲ့လား"
သတိထားသည့် အနေဖြင့် သေခြင်းမဲ့ တစ္ဆေအိုကြီးက ထပ်မံမေးမြန်းလိုက်သေး၏။
"အင်း၊တွေ့ခဲ့တယ်။ သောက်သုံးခဲ့တဲ့ လူတွေက ဘာမှ မကျေမနပ် ပြောတာမရှိဘူး။"
ချန်လော့က ဆေးလုံးများကို ပြန်သိမ်းလိုက်၏။
ထိုသည်ကို မြင်သောအခါ သေခြင်းမဲ့ တစ္ဆေအိုကြီးက ဆက်မမေးတော့သော်လည်း တစ်ခုခု မှားယွင်းနေကြောင်းကိုမူ ရေးရေးလေး ခံစားမိနေသည်။
သို့သော် သူ၏ လက်ရှိ အခက်အခဲများအရ ရွေးချယ်စရာသိပ်များများစားစား မရှိပေ။ ဆေးပညာရှင် တစ်ယောက်ကို ရှာဖွေရန်မှာ ထိုမျှ မလွယ်ကူသလို အပြင်ဘက်တွင် အလွယ်တကူ ရှာတွေ့ခဲ့လျှင်ပင် ထိုသူ၏ ဆေးဖော်စပ်မှု စွမ်းရည်မှာ ချန်လော့လောက် ကောင်းချင်မှ ကောင်းမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ချန်လော့နှင့် ရင်းနှီးလာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပြီး သူ၏ ဆေးဖော်စပ်မှု စွမ်းရည်ကိုလည်း အတိုင်းအတာ တစ်ခုအထိ နားလည်ထားပြီး ဖြစ်သည်။
ထိုသို့တွေးမိပြီးနောက် သေခြင်းမဲ့ တစ္ဆေအိုကြီးက လှမ်းကာ သူ၏သိုလှောင်အိတ်ကို ထုတ်ယူလိုက်ပြီး လက်တစ်ဖက်တည်းဖြင့် လှန်လှောလိုက်၏။
တန်ဖိုးကြီးမားသော ဆေးဖက်ဝင်ပစ္စည်း အမြောက်အမြား သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။
ဤဝိညာဉ်အပင် အများစုမှာ ညှိုးနွမ်းနေပြီ ဖြစ်သော်လည်း အချို့မှာမူ ရှင်သန်လန်းဆန်းနေဆဲ ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် သေခြင်းမဲ့ တစ္ဆေအိုကြီးသည် ဤပစ္စည်းများကို စုဆောင်းရန်အတွက် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရပြီးကြားကာလမှာလည်း ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းကို သိမြင်နိုင်ပေသည်။
"ကျိလင်မြက်၊ နှစ်တစ်ရာသက်တမ်း ခရမ်းရွှေရောင်နွယ်ပင်၊ နှစ်တစ်ထောင်သက်တမ်း ဝိညာဉ်ဂျင်ဆင်း..."
ချန်လော့သည် ဆေးပင်များပါသော အိတ်ကို ယူလိုက်ပြီး သူ ယခင်က မစုဆောင်းရသေးသော ပစ္စည်းများစွာကို တွေ့လိုက်ရသည်။ သေခြင်းမဲ့ တစ္ဆေအိုကြီးသည် အဓိက ဆေးဖက်ဝင်ပစ္စည်း ငါးမျိုးအနက်မှ လေးမျိုးကို စုဆောင်းထားပြီး အကူဆေးဖက်ဝင်ပစ္စည်း တစ်ခုမျှလည်း လိုအပ်မနေပေ။ အများစုမှာ အပိုပင် ပါသေးသည်။
"နင်ရှန်းမြက် မပါဘူးလား"
ဆေးပင်များကို စစ်ဆေးပြီးနောက် ချန်လော့က သေခြင်းမဲ့ တစ္ဆေအိုကြီးကို ကြည့်ကာ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
သူသည် ကြီးမားသော မျှော်လင့်ချက်ဖြင့် ရောက်လာခဲ့သော်လည်း သေခြင်းမဲ့ တစ္ဆေအိုကြီးထံတွင် နင်ရှန်းမြက် မရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အဓိက ဆေးဖက်ဝင်ပစ္စည်း လေးမျိုး ရှိနေသော်လည်း ချန်လော့ အလိုချင်ဆုံးမှာ နင်ရှန်းမြက်ပင် ဖြစ်သည်။
"နင်ရှန်းမြက်က ထိန်းချုပ်ထားတဲ့ ဝိညာဉ်ပစ္စည်းတစ်ခုပဲ၊ ရဖို့ အဲဒီလောက် မလွယ်ဘူး။"
သေခြင်းမဲ့ တစ္ဆေအိုကြီးက နှစ်ချက်မျှ ချောင်းဆိုးလိုက်သည်။ စောစောစီးစီး နိုးလာရသဖြင့် သူ၏ ဒဏ်ရာများမှာ အပြည့်အဝ မသက်သာသေးပေ။
ယခင်က ဂိုဏ်းတူညီလေးနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အလွန်အန္တရာယ်များလွန်းလှပြီး သူသည် ဂိုဏ်းတူညီလေး၏ သေခြင်းမဲ့ကောင် ဖြစ်သွားလုနီးပါးပင် ဖြစ်ခဲ့သည်။
"ဒါပေမယ့် ငါ့ဆီမှာ နင်ရှန်းမြက်နဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခုတော့ ရှိတယ်။"
သေခြင်းမဲ့ တစ္ဆေအိုကြီးက စကားကို ဤနေရာတွင် ရပ်လိုက်၏။ ဤသည်မှာ သူ ပြန်လည်အသက်ဝင်လာရန်အတွက်နောက်ဆုံး ဖဲချပ်ဖြစ်သောကြောင့် သာမန်ကာလျှံကာ ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။
ချန်လော့မှာ သူ၏ ပူးပေါင်းထားသူ ဖြစ်နေသည့်တိုင် သတိထားရမည်သာ ဖြစ်သည်။
"ငါ့ဒဏ်ရာတွေ အပြည့်အဝ မသက်သာသေးဘူး။ နောက်ထပ်သုံးလနေရင် မင်းဆီကို ငါ ထပ်လာခဲ့မယ်၊ ပြီးရင် နင်ရှန်းမြက် သွားရှာကြတာပေါ့။"
"ကောင်းပြီလေ။"
ချန်လော့မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း လက်ခံနိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ သဲလွန်စတစ်ခု ရှိနေခြင်းကပင် ကောင်းမွန်ပါသည်။
သူ နင်ရှန်းမြက်ကိုသာ ရှာတွေ့ခဲ့မည်ဆိုလျှင် သေခြင်းမဲ့ တစ္ဆေအိုကြီး နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဝိညာဉ်ဆေးပင်များနှင့် ပေါင်းစပ်ကာ အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများကို သူ ဖော်စပ်နိုင်မည်ဟု ယုံကြည်မှုရှိနေပြီး တစ်လုံးတည်းတော့ ဖြစ်မည်မဟုတ်ပေ။
"မင်းဆီမှာ အတွင်းကလီစာတွေကို အားဖြည့်ပေးနိုင်တဲ့ ဆေးလုံးတွေ ရှိလား"
ချန်လော့ ထွက်ခွာရန် ပြင်ဆင်နေသည်ကို မြင်သောအခါ သေခြင်းမဲ့ တစ္ဆေအိုကြီးက ချက်ချင်း လှမ်းပြောလိုက်၏။
သုံးလအတွင်း အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် သူသည် ဆေးလုံးအချို့၏ အကူအညီ လိုအပ်ပေသည်။
"ရှိတယ်။"
"ငါ့ကို နည်းနည်းပေး။"
"ငါတို့က မိတ်ဆွေဟောင်းတွေ ဖြစ်ပေမယ့် ခင်မင်မှုက ခင်မင်မှုပဲ၊ စီးပွားရေးက စီးပွားရေးပဲ။ ကုန်ကျစရိတ်တော့ ပြန်လိုချင်သေးတယ်။"
ချန်လော့က လက်ကိုလှန်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ကြွေပုလင်းငယ် တစ်လုံးကို ထုတ်ယူလိုက်သည်။
"ဝိညာဉ်ကျောက်တုံး သုံးရာ။"
အားဖြည့်ဆေးလုံး ဆယ်လုံးပါသော ပုလင်းတစ်ပုလင်းအတွက် ကုန်ကြမ်းစရိတ်မှာ ဝိညာဉ်ကျောက်တုံးငါးဆယ်ဖြစ်ပြီး ဈေးကွက်ထဲတွင် ဝိညာဉ်ကျောက်တုံး သုံးရာ့ငါးဆယ်ဖြင့် ရောင်းချသည်။
သုံးရာဆိုသည်မှာ မိတ်ဆွေဈေးပင် ဖြစ်နေပြီဖြစ်သည်။
သေခြင်းမဲ့ တစ္ဆေအိုကြီးသည် မျက်တောင်ပင် မခတ်ဘဲ အနီးရှိ သိုလှောင်အိတ်တစ်ခုထဲမှ ဝိညာဉ်ကျောက်တုံးတစ်ထောင်ကို ထုတ်ယူကာ ချန်လော့ထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်၏။
ချန်လော့က ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုက်ပြီး ကြွေပုလင်းကို ပစ်ပေးလိုက်သည်။
အရောင်းအဝယ် ကိစ္စပြီးစီးပြီးနောက် ချန်လော့ ဆက်မနေတော့ပေ။
သေခြင်းမဲ့ တစ္ဆေအိုကြီးသည်လည်း သူ၏ ပြန်လည်နာလန်ထူရေး လုပ်ငန်းစဉ်ကို စတင်လိုက်သည်။
သုံးလဆိုသော အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။
မကြာမီမှာပင် သေခြင်းမဲ့ တစ္ဆေအိုကြီးသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသည်။
နိုးနိုးချင်း သူ ပထမဆုံး လုပ်ခဲ့သည့်အရာမှာ ချန်လော့ကို ရှာဖွေခြင်းပင် ဖြစ်သည်။ သူ ရောက်လာချိန်တွင် ချန်လော့မှာ ခြံဝင်းအတွင်း၌ မှော်လက်နက် သန့်စင်ခြင်းပညာရပ်ကို လေ့လာနေလေသည်။
ချီသန့်စင်ခြင်းအဆင့် ၁၃ သို့ ရောက်ရှိပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီဓာတ် တိုးတက်မှုမှာ ရပ်တန့်သွား၏။ ချန်လော့သည် အချိန်မဖြုန်းဘဲ ဤအခွင့်အရေးကို အသုံးချကာ မှော်လက်နက် သန့်စင်ခြင်းပညာရပ်ကို လေ့လာခဲ့သည်။
ရှဲ့တိုင်းပြည် တော်ဝင်ဂူသင်္လျိုင်းမှ ငှားရမ်းလာသော ဘိုးဘေးကြီး၏ ဦးနှောက်ကြောင့် ချန်လော့သည် လျင်မြန်စွာပင် နားလည်သဘောပေါက်သွားခဲ့၏။
သူလွှင့်ပစ်ခဲ့သော မှော်လက်နက် ဓားမှာ ယခုအခါ ပြုပြင်ပြီးစီးသွားပြီ ဖြစ်သည်။
မှော်လက်နက် ဓား၏ မာကျောမှုကို ပိုမိုခိုင်မာစေရန်အတွက် သူသည် လေလွင့်ကျင့်ကြံသူ ဝမ်မင်၏ လျှို့ဝှက်ဖဲချပ်ဖြစ်သော သံအပ်မှော်လက်နက်ကိုပါ အရည်ကျို၍ ထည့်သွင်းထားလိုက်သေးသည်။
"မင်းက မှော်လက်နက်တောင် ဖန်တီးနိုင်တာလား"
ယခုမှ ဝင်လာသော သေခြင်းမဲ့ တစ္ဆေအိုကြီးမှာ အံ့အားသင့်သွားသည်။
"လျှောက်စမ်းကြည့်နေတာပါ၊ စစ်မှန်တဲ့ မှော်လက်နက်ဖန်တီးမှု ပညာရပ်နဲ့တော့ အဝေးကြီး လိုပါသေးတယ်။"
ချန်လော့သည် သူ၏ ဝိညာဉ်မီးတောက်ကို ရုပ်သိမ်းလိုက်ပြီးပြုပြင်ထားသော မှော်လက်နက် ဓားကို သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်၏။
"အထွတ်အထိပ်အဆင့်ကို ပြန်ရောက်လာတဲ့အတွက် ဂုဏ်ပြုပါတယ် ညီအစ်ကို။"
ချန်လော့သည် သေခြင်းမဲ့ တစ္ဆေအိုကြီး၏ အခြေအနေကို အာရုံခံမိပြီး ဂုဏ်ပြုစကား ဆိုလိုက်၏။
"အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို မရောက်သရွေ့တော့ ပုရွက်ဆိတ်တစ်ကောင်သာသာပဲရှိတာ မင်းက သေမျိုးကင်းလွတ်ခြင်းလမ်းစဉ်ရဲ့ တံခါးဝကိုတောင် မထိရသေးဘူးဆိုတော့ ဂုဏ်ပြုစရာ ဘာမှမရှိပါဘူး။"
သေခြင်းမဲ့ တစ္ဆေအိုကြီးသည် အရာအားလုံးကို နားလည်သဘောပေါက်ထား၏။ ယခု သူ အလိုချင်ဆုံးအရာမှာ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ ဖောက်ထွက်ရန်ပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ပြီးနောက် သူ ဆက်မစောင့်ချင်တော့ပေ။ ချန်လော့ ပေါ်လာခြင်းက အထောက်အကူတစ်ခုဖြစ်စေခဲ့ပြီး စွန့်စားကြည့်ရန် သူ၏ ယုံကြည်မှုကို ပိုမို ခိုင်မာသွားစေခဲ့သည်။
"မင်းရဲ့ ပြင်ဆင်မှုတွေ ဘယ်လိုနေလဲ"
"အလျိန်မရွေးထွက် ဖို့အဆင့်သင့်ဘဲ"
ချန်လော့သည် သူ၏ ပစ္စည်းများကို ထုပ်ပိုးထားပြီးဖြစ်သည်။ ဤစစ်ဆင်ရေးအတွက် သူသည် အပြောင်းအလဲများကို ရင်ဆိုင်နိုင်ရန် ဝိညာဉ်အဆောင်အမြောက်အမြားကို ရေးဆွဲထား၏။
ဤတစ်ကြိမ် အစီအစဉ်ပြင်ပမှ မမျှော်လင့်ထားသော အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့ရလျှင်ပင် ပြီးခဲ့သည့် အကြိမ်ကဲ့သို့ ဘာမှမရဘဲ ဦးနှောက်တစ်ခု ကောက်ရလာရုံလောက်နှင့်တော့ အဆုံးသတ်သွားမည် မဟုတ်ပေ။
"ဒါဆို သွားကြစို့။ နင်ရှန်းမြက် ရှိတဲ့နေရာက နည်းနည်း အန္တရာယ်များတယ်။"
သေခြင်းမဲ့ တစ္ဆေအိုကြီးက ကျောက်စိမ်းပြား တစ်ခုကိုထုတ်ယူကာ အခြေခံ အချက်အလက်များကို ချန်လော့ထံသို့ ပေးပို့လိုက်သည်။
မဟာဂိုဏ်းသုံးဂိုဏ်း၏ ဝိညာဉ်ပစ္စည်းထိန်းချုပ်မှု ကို ရှောင်ကွင်းနိုင်သော နေရာဆိုသည်မှာ သာမန်နေရာတစ်ခုတော့ သေချာပေါက် မဟုတ်နိုင်ပေ။
"ကောရှန်း ကောင်တီ"
ချန်လော့က လက်ဖြင့် ညှစ်လိုက်ရာ ကျောက်စိမ်းပြားအတွင်းရှိ အကြောင်းအရာများက သူ၏ စိတ်ထဲသို့လျင်မြန်စွာ စီးဝင်လာပြီး နင်ရှန်းမြက်နှင့် ပတ်သက်သည့် အချက်အလက်များ လျင်မြန်စွာ ထွက်ပေါ်လာ၏။
ကောရှန်းကောင်တီသည် မူရှန်းမြို့နှင့် မဝေးလှသောခေါင်ဖျားသည့် ကောင်တီမြို့လေး တစ်မြို့ ဖြစ်သည်။
မူရှန်းမြို့သည် ၎င်းနှင့် အနီးဆုံး မြို့ပင်။
သေခြင်းမဲ့ တစ္ဆေအိုကြီးသည် ဤနေရာတွင် နေထိုင်နေခဲ့ခြင်းမှာရန်သူများကို ရှောင်ရှားရန်နှင့် လူသေကောင်များ စုပုံမြှုပ်နှံထားသည့် သင်္ချိုင်းကုန်းရှိချီသန့်စင်ခြင်းအတွက် သင့်လျော်သောပတ်ဝန်းကျင်ကြောင့်သာမက အရေးအကြီးဆုံးမှာ ဤလျှို့ဝှက်ချက်ကို ကာကွယ်စောင့်ရှောက်ရန်ပင် ဖြစ်သည်။
အခန်း ၁၃၀ - ကောင်းကင်မိစ္ဆာ၏ သာယာခြင်းခြောက်ပါး ကျင့်စဉ်
မူရှန်းမြို့မှ ထွက်ခွာလာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ခြောက်ကပ်လာပြီး နေရာအနှံ့ ပေါင်းပင်များ၊ ဆူးပင်များဖြင့် ဖုံးလွှမ်းနေကာ လူသွားလမ်းဟူ၍ပင် မရှိတော့ချေ။
ကံကောင်းသည်မှာ ချန်လော့နှင့် သေခြင်းမဲ့ တစ္ဆေအိုကြီးတို့သည် သာမန်လူများ မဟုတ်ကြခြင်းပင်။ ၎င်းတို့သည် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ လေပေါ်တွင်ပေါ့ပါးစွာ ပျံသန်းနေကြပြီး ရံဖန်ရံခါမှသာ သစ်ပင်ထိပ်ဖျားများကို အမှီပြု၍ အရှိန်ယူကြသည်။
"ဒီကောရှန်းကောင်တီက အရင်တုန်းကတော့ သင့်တင့်လျောက်ပတ်တဲ့ မြို့ငယ်လေးတစ်မြို့ပဲ၊ ဝိညာဉ်သတ္တုတွင်း အသေးစားလေးလည်း ရှိသလို ဂိုဏ်းငယ်လေးအချို့လည်း အခြေစိုက်ခဲ့ကြတယ်"
လေပေါ်တွင် ပျံသန်းနေစဉ် သေခြင်းမဲ့ တစ္ဆေအိုကြီးက ကောရှန်းကောင်တီ၏ နောက်ခံသမိုင်းကြောင်းကို ချန်လော့အား ပြန်လည်ပြောပြနေသည်။
သူ့ထံတွင်ရှိသော နင်ရှန်းမြက်နှင့် ပတ်သက်သည့် သဲလွန်စမှာ ဤကောရှန်းကောင်တီတွင် ရှိနေခြင်းဖြစ်သည်။
"နောက်ပိုင်း ဘာဖြစ်သွားလဲ"
ချန်လော့သည် ကျောက်စိမ်းပြားပေါ်ရှိ အချက်အလက်များကို ဖတ်ရှုပြီးစီးသွားပြီဖြစ်၍ ကောရှန်းကောင်တီအကြောင်း အခြေခံအားဖြင့် နားလည်ထားပြီးဖြစ်သည်။ ထိုနေရာမှာ အလွန်ထူးဆန်းလှ၏။
သူ ယခင်က မြို့တော်သို့ သွားစဉ်အခါက ရှဲ့နိုင်ငံ၏ မြေပုံပေါ်တွင် ကောရှန်းကောင်တီကို မတွေ့ခဲ့ရပေ။ ထိုနေရာမှာ သေးငယ်လွန်း၍လား သို့မဟုတ် တည်ရှိခြင်း မရှိတော့၍လား ဆိုသည်ကို သူ မသိခဲ့ချေ။
"နောက်ပိုင်းမှာတော့ မိစ္ဆာကျင့်ကြံသူတစ်စု ကောရှန်းကောင်တီကို ရောက်လာခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာတော့ အဲဒီနေရာဟာ ရှဲ့တိုင်းပြည်ရဲ့ မြေပုံပေါ်ကနေ ပျောက်ကွယ်သွားတော့တာပဲ။ အရှင်တွေ ပျောက်ဆုံးကုန်ပြီး အသေတွေကိုတောင် ရှာဖို့ခက်သွားတယ်"
သေခြင်းမဲ့ တစ္ဆေအိုကြီးက သူသိထားသော အချက်အလက်များကို တည်ငြိမ်စွာပြန်ပြောပြနေသည်။
မိစ္ဆာကျင့်ကြံသူတွေလား။
ယန်ရှီဂိုဏ်းကရော အဲဒီအထဲမှာ မပါဘူးလား။
ချန်လော့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ ယန်ရှီဂိုဏ်း၏ လက်ရှိ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ မည်သို့မျှတရားသောဂိုဏ်းများနှင့် ဆက်စပ်နိုင်မည် မဟုတ်ပေ။
"တကယ့် မိစ္ဆာကျင့်ကြံသူတွေက ငါတို့ ယန်ရှီဂိုဏ်းဝင်တွေထက် အများကြီး ပိုပြီးတော့ထူးဆန်းတယ်" ချန်လော့၏ အတွေးကို သိနေသည့်အလား ရှေ့မှ ပျံသန်းနေသော တစ္ဆေအိုကြီးက ခေါင်းမလှည့်ဘဲ ပြောလိုက်သည်။
"မိစ္ဆာကျင့်ကြံသူတွေက ဝိညာဉ်စွမ်းအင်ပညာရပ်၊ ပုံရိပ်ယောင်ပညာရပ်၊ မိစ္ဆာအတတ်နဲ့ သရဲတစ္ဆေအတတ်ပညာတွေမှာ အကျွမ်းကျင်ဆုံးပဲ"
ချန်လော့က တိတ်တဆိတ် နားထောင်နေလိုက်သည်။ ဗဟုသုတပိုင်းတွင်တော့ သေခြင်းမဲ့ တစ္ဆေအိုကြီးက သူ့ထက် အတွေ့အကြုံအများကြီး ပိုရှိပြီး သူပြောသော အကြောင်းအရာ အတော်များများကို စာအုပ်များထဲတွင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
"ငါတို့ ယန်ရှီဂိုဏ်းကတော့ အများဆုံးရှိလှ ဖုတ်ကောင်ဖန်တီးတာနဲ့ သင်္ချိုင်းတူးတာလောက်ပဲ ရှိတယ်။ ငါတို့ရဲ့ အဓိက ကျင့်စဉ်ကတော့ ကျင့်ကြံခြင်းလောကရဲ့ယေဘုယျ လမ်းစဉ်နဲ့ ကိုက်ညီနေတုန်းပဲ။ ဒါပေမယ့် မိစ္ဆာကျင့်ကြံသူတွေကတော့ မတူဘူး၊သူတို့ရဲ့ ကျင့်စဉ်တွေက ရှေးဟောင်းနည်းလမ်းတွေနဲ့ ပိုတူတယ်၊ အခုခေတ် ချီသန့်စင်ခြင်း နည်းလမ်းတွေနဲ့ လုံးဝကို သဟဇာတ မဖြစ်တာ။သူတို့ရဲ့ အုတ်မြစ်တည်ဆောက်ခြင်း နည်းလမ်းတွေကလည်း ငါတို့လို ပုံမှန်ကျင့်ကြံသူတွေနဲ့ မတူဘူး"
"ဘယ်လိုမျိုး ကွာခြားတာလဲ"
ရှေးဟောင်းနည်းလမ်းများအကြောင်း ကြားရသောအခါ ချန်လော့ စိတ်ဝင်စားသွား၏။ ယွဲ့နိုင်ငံရှိ ဂူသင်္ချိုင်းကြီးတွင် သူလေ့လာခဲ့သော ပညာရပ်မှာလည်း ရှေးဟောင်းနည်းလမ်းအမျိုးအစားတစ်ခုပင် ဖြစ်သည်။
"မင်း ကောင်းကင်မိစ္ဆာရဲ့ သာယာခြင်းခြောက်ပါး ကျင့်စဉ်အကြောင်း ကြားဖူးလား"
"မကြားဖူးဘူး"
ချန်လော့သည် ဝူဝေဆရာသခင် သင်ကြားပေးခဲ့သော နှလုံးသားမိစ္ဆာ ကျင့်စဉ်ကို ပြန်လည်စဉ်းစားမိပြီး ဝူတောက်တောင်ထိပ်တွင် အဓိက လေ့လာခဲ့ရသော ဝိညာဉ်ပညာရပ်များနှင့် ပေါင်းစပ်ကာ တွေးတောမိသည်။
ကောရှန်းကောင်တီရှိ မိစ္ဆာကျင့်ကြံသူများမှာ သူ၏ ဆရာသခင် ဝူဝေကို ရည်ညွှန်းနေခြင်း ဖြစ်နိုင်မည်လော။
"ကောရှန်းကောင်တီမှာရှိတဲ့ မိစ္ဆာကျင့်ကြံသူတစ်စုဟာ ကောင်းကင်မိစ္ဆာရဲ့ သာယာခြင်းခြောက်ပါး ကျင့်စဉ်ကို ကျင့်ကြံကြတာ။ အဲဒီကျင့်စဉ်ကို ကျင့်တဲ့သူတွေဟာ ချီသန့်စင်ခြင်းအဆင့် ၁၃ အထွတ်အထိပ်ကိုရောက်ပြီးရင် အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးရဲ့ ကန့်သတ်ချက်တွေကိုကျော်လွန်ပြီး စိတ်ခံစားမှု သာယာခြင်းတွေကို စုပ်ယူပြီး အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းနိုင်ကြတယ်"
"အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး မလိုဘဲ တက်နိုင်တဲ့ နည်းလမ်း ရှိတာလား"
ချန်လော့ မမေးဘဲ မနေနိုင်တော့ချေ။ လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံး ရင်ဆိုင်နေရသော ပြဿနာမှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ခဲယဉ်းနေခြင်း ဖြစ်သည်။
အကယ်၍ ဤကဲ့သို့ ကောင်းမွန်သော နည်းလမ်းရှိပါသေခြင်းမဲ့ တစ္ဆေအိုကြီးက အဘယ်ကြောင့် အသုံးမပြုရသနည်း။ အဘယ်ကြောင့် အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးဖော်စပ်ရန် နင်ရှန်းမြက်ကို ဤမျှပင်ပင်ပန်းပန်းလိုက်ရှာနေရသနည်း။
"လူတွေကို ဝါးမျိုပြီးတာအိုကို တည်ဆောက်တာပဲ၊ ရှေ့ဆက်ရမယ့်လမ်းကတော့ ပြတ်တောက်သွားပြီ"
သေခြင်းမဲ့ တစ္ဆေအိုကြီးက ခပ်အေးအေးပင် ပြောလိုက်သည်။
"ဒီသာယာခြင်းခြောက်ပါး ကျင့်စဉ်ဟာ မူလကတည်းက အခုခေတ်ကျင့်ကြံခြင်းလောကနဲ့ ကိုက်ညီမှု မရှိဘူး။ ဒီကျင့်စဉ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့သူတွေဟာ လေလွင့်ကျင့်ကြံသူတစ်စုပဲ။ သူတို့မှာ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို တက်ဖို့ မျှော်လင့်ချက် မရှိကြဘူး၊ အဲဒီတော့ ဒီလိုမျိုး ထူးခြားတဲ့ စွမ်းရည်အကြောင်း သိလိုက်ရတဲ့အခါ ဘယ်လိုလုပ် မကျင့်ဘဲနေပါ့မလဲ။ အဲဒီအချိန်မှာ ဒီကျင့်စဉ်ကို ကျင့်ကြံတဲ့သူ စုစုပေါင်းငါးယောက် ရှိခဲ့တယ်။ နေရာအတော်များများမှာ ရှာဖွေပြီးတဲ့နောက် သူတို့ဟာ ကောရှန်းကောင်တီမှာ အခြေချဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊ အဲဒီမြို့ထဲမှာရှိတဲ့ လူသောင်းနဲ့ချီကို သူတို့ရဲ့တိုးတက်မှုအတွက် ဆေးလုံးကြီးအဖြစ် အသုံးပြုဖို့ ပြင်ဆင်ခဲ့ကြတာ"
ချန်လော့သည် ဤကဲ့သို့သော လျှို့ဝှက်ချက်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ၎င်းကို မည်သည့် ဂိုဏ်းစာအုပ်များတွင်မျှ မှတ်တမ်းတင်ထားခြင်း မရှိပေ။
စစ်မှန်သော ကျင့်ကြံခြင်းလောကမှာ အပြင်ပန်း မြင်တွေ့နေရသလို လှပနေသည်မဟုတ်ဘဲ ပိုမို၍ အေးစက်ရက်စက်လှ၏။
"သာယာခြင်းခြောက်ပါး ဆိုတာကတော့ - ပထမ ကာမဂုဏ်၊ ဒုတိယ ရုပ်အသွင်အပြင်၊ တတိယ အမူအရာနဲ့ ကိုယ်နေဟန်ထား၊ စတုတ္ထ စကားအသံ၊ ပဉ္စမ အထိအတွေ့ ခံစားမှုနဲ့ ဆဋ္ဌမ လူမှုဆက်ဆံရေးတို့ပဲ။ သာမန်လူတွေက ဒီလို စွမ်းရည်တွေကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ။ရက်သတ္တပတ် တစ်ဝက်တောင် မပြည့်ခင်မှာ မြို့ထဲကလူအားလုံးဟာ သာယာခြင်းခြောက်ပါး ကျင့်စဉ်ရဲ့အာနိသင်အောက်မှာ သူတို့ရဲ့အသိစိတ်တွေ ပျောက်ဆုံးကုန်ကြတယ်။ သာမန်မိန်းမတွေက အလှအပအတွက် သူတို့ရဲ့ခင်ပွန်းတွေကို သတ်၊ ကလေးတွေကို မြှုပ်နှံပြီး သူတို့ရဲ့ အရေပြားကို လဲလှယ်ပြီး သရဲတစ္ဆေတွေဖြစ်ကုန်ကြတယ်။အရာရှိတွေကတော့ အာဏာစက်အတွက် သာမန်ပြည်သူတွေကို မတရားသတ်ဖြတ်ပြီး မိစ္ဆာတွေ ဖြစ်ကုန်ကြတယ်။ ဒါကို မြင်တဲ့သူတွေကလည်း မခံမရပ်နိုင်ဖြစ်ပြီး ဒေါသတွေ စုပုံလာကာ သတ်ဖြတ်ခြင်းလမ်းစဉ်ပေါ် ရောက်ကုန်ကြတယ်"
စကားလုံး အနည်းငယ်မျှသာဖြစ်သော်လည်း ထိုအချိန်က မြို့အတွင်းရှိ ရှုပ်ထွေးမှုနှင့်သွေးထွက်သံယိုမှုများကို ချန်လော့ ကြားယောင်နေမိသည်။
သာယာမှုများကို အတိုင်းအဆမရှိ စုပေါင်းလိုက်သည့်အချိန်တွင် ထွက်ပေါ်လာသည့်အရာမှာ အတိုင်းအဆမရှိသော မကောင်းမှုများသာဖြစ်၏။
ထို့အတူ ထို မကောင်းမှုများဟာ သာယာခြင်းခြောက်ပါး ကျင့်စဉ်ကို ကျင့်ကြံသူများအတွက် အုတ်မြစ်တည်ဆောက်ခြင်း အရင်းအမြစ်များ ဖြစ်လာခဲ့တော့သည်။
"ဂိုဏ်းကြီးသုံးဂိုဏ်းက သိလိုက်ရတဲ့ အချိန်မှာတော့ ကောရှန်းကောင်တီတစ်ခုလုံးဟာ လောင်ကျွမ်းနေတဲ့ မြေပြင်ဖြစ်နေပြီ၊ လူတိုင်းရဲ့ သာယာမှုတွေကလည်း အဆုံးစွန်ထိ ရောက်နေခဲ့ပြီ။ အဲဒီ လေလွင့်ကျင့်ကြံသူငါးယောက်ဟာ တစ်မြို့လုံးရဲ့ သာယာမှုတွေကို စုစည်းပြီး အုတ်မြစ်တည်ဆောက်ခြင်း အတားအဆီးကို တစ်ဟုန်ထိုး ကျော်ဖြတ်ကာ သူတို့ရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ကြတယ်"
"ဒီလောက်ကြီးမားတဲ့ အဖြစ်အပျက်ကြီးကို ကျွန်တော် ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"
ချန်လော့က တစ္ဆေအိုကြီး၏ စကားကို ဖြတ်ပြီး မေးလိုက်သည်။
သူ နတ်ဘုရားရေကန်မသေမျိုးဂိုဏ်း၏ ဝူတောက်တောင်ထိပ်မှာ ရှိစဉ်က ရတနာခန်းမထဲရှိ စာအုပ်အတော်များများကို ဖတ်ခဲ့ဖူးသည်။ အကယ်၍ ဤ သာယာခြင်းခြောက်ပါး ကျင့်စဉ်ကြောင့် အမှန်တကယ် ဤမျှဆူပူလှုပ်ရှားမှု ဖြစ်ခဲ့ပါက ဂိုဏ်းတွင် မှတ်တမ်းများ ရှိသင့်သည်၊ သို့မဟုတ်လျှင်လည်း နောင်လာနောက်သား ကျင့်ကြံသူများ သတိထားနိုင်ရန် သဲလွန်စအချို့ ကျန်ရှိနေသင့်သည်။
"တောက်ပပြီးခမ်းနားတဲ့ လုပ်ရပ်တွေကိုတော့ နောက်လူတွေ ချီးကျူးဖို့ စာအုပ်တွေထဲမှာ ရေးကြတာပေါ့။ မှောင်မိုက်ပြီး စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တွေကိုတော့ ဂိုဏ်းတစ်ခုချင်းစီရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ အရိပ်ထဲမှာပဲ မီးရှို့ဖျောက်ပစ်လိုက်ကြတာ" သေခြင်းမဲ့ တစ္ဆေအိုကြီးက လှောင်ပြောင်သည့် အမူအရာဖြင့် အကဲဖြတ်စကားဆိုလိုက်သည်။
"အဲဒီ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရောက်သွားတဲ့ လေလွင့်ကျင့်ကြံသူ ငါးယောက် ဘာဖြစ်သွားလဲ"
"ဘာဖြစ်ရမလဲ သေချာတာပေါ့၊ သူတို့ရဲ့ ရုပ်ခန္ဓာတွေပျက်စီးပြီး ဝိညာဉ်တွေလွင့်စင်ကာ ဖုန်မှုန့်တွေအဖြစ် ကြိတ်ခြေခံလိုက်ရတာပေါ့"
သေခြင်းမဲ့ တစ္ဆေအိုကြီးက အသေးစိတ် သိထားသည်။ ယခု သူတို့ နင်ရှန်းမြက်ကို သွားယူရန် ပူးပေါင်းနေကြပြီဖြစ်၍ နောက်ပိုင်းတွင် နားလည်မှုလွဲခြင်းမရှိစေရန် သံသယအချို့ကို စောစောစီးစီး ရှင်းလင်းထားရမည် ဖြစ်သည်။
"ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ရွှေအမြုတေအဆင့် ဘိုးဘေးတွေ ရှိတယ်။ သာမန် အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ပါ့မလား၊ တိုက်ပွဲတစ်ခုအပြီးမှာ ကောရှန်းကောင်တီဟာ ပျောက်ကွယ်သွားခဲ့တယ်၊ မြို့ထဲက လူအားလုံး မြှုပ်နှံခံလိုက်ရပြီး ကောရှန်းကောင်တီဟာ ဂိုဏ်းကြီးသုံးဂိုဏ်းက ပူးပေါင်းဖျက်ဆီးလိုက်တဲ့ မေ့လျော့ခံနယ်မြေတစ်ခု ဖြစ်သွားခဲ့တာပေါ့"
ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ယောက် ကိုယ်တိုင်လှုပ်ရှားခဲ့တာဆိုတော့ ဒီလောက်အထိ သန့်ရှင်းသွားတာ မဆန်းပါဘူးလေ။
"ဒီအဖြစ်အပျက် ဖြစ်ပြီးနှစ်ပေါင်း နှစ်ဆယ်ကျော်ကြာမှ ဒီနေရာမှာ နင်ရှန်းမြက် ရှိတယ်ဆိုတာကို ငါ သိခဲ့တာ။ ဘယ်လိုသိခဲ့လဲဆိုတဲ့ အသေးစိတ်ကိုတော့ ငါမပြောတော့ဘူး၊ ဒါပေမယ့် ကောရှန်းကောင်တီကို ရှာတွေ့ခဲ့တာက ငါ့ရဲ့ သေခြင်းမဲ့ကောင်တွေနဲ့ အများကြီး သက်ဆိုင်တယ်ဆိုတာကိုတော့ မင်းကို ပြောပြနိုင်ပါတယ်"
ဤနေရာသို့ ရောက်လာရသည့် အကြောင်းရင်းနှင့် ရလဒ်များကို အထိုက်အလျောက် ရှင်းပြပြီးသွားပြီဖြစ်သည်။ ထို့ထက်ပို၍ သေခြင်းမဲ့ တစ္ဆေအိုကြီး၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ပါဝင်နေသဖြင့် ချန်လော့ ဆက်မမေးတော့ပေ။
၎င်းတို့နှစ်ဦးသည် လေဟုန်စီး၍ ဆက်လက် ထွက်ခွာလာခဲ့ကြ၏။
ရက်အနည်းငယ် ကြာပြီးနောက်...
၎င်းတို့နှစ်ဦးသည် တောင်တန်းတစ်ခုကို ဖြတ်ကျော်လိုက်ရာ ရှေ့မှ ကောင်းကင်ယံမှာ မှောင်မိုက်လာသည်။ ခေါင်းပေါ်တွင် မည်းမှောင်နေသော တိမ်တိုက်များ စုဝေးနေပြီး လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်နေ၏။
ဝုန်း
ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။
အေးစက်သော လေပြင်းများ တိုက်ခတ်လာပြီး တောင်ပေါ်ရှိ သစ်ပင်များ ယိမ်းထိုးနေကြ၏။ မိုးစတင် ရွာသွန်းလာခဲ့ပြီ။
"နားဖို့နေရာ အရင်ရှာကြရအောင်"
ရှေ့မှ ပျံသန်းနေသော သေခြင်းမဲ့ တစ္ဆေအိုကြီးက မျက်မှောင်ကုတ်ကာ ကောင်းကင်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု အချို့ ဖြတ်ပြေးသွားသည်။ သူတို့ကဲ့သို့ သေခြင်းမဲ့ ကျင့်ကြံသူတွေဟာ ကောင်းကင်မိုးကြိုးကို အကြောက်ဆုံးပင်။
ကောင်းကင်နှင့် မြေပြင်ကြားရှိ အင်အားကြီးမားသော မိုးကြိုးများသည် သူတို့ ယန်ရှီဂိုဏ်း၏ ယင်မိုးကြိုးအတတ်နှင့် လုံးဝကွာခြားပြီး ထိမှန်သွားပါက အသက်အန္တရာယ် ရှိနိုင်ပေသည်။
"ကောင်းပါပြီ"
ချန်လော့လည်း အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ ရက်ပေါင်းများစွာ အနားမယူဘဲ ခရီးနှင်လာခဲ့ကြရာ မူရှန်းမြို့နှင့် မည်မျှဝေးသွားပြီဆိုသည်ကို မသိတော့ချေ။
သူတို့ လေလွင့်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ ဆေးပညာရှင်က စကားတစ်ခွန်းမျှ မပြောဘဲ ထွက်ပြေးသွားသဖြင့် ကျူးကျဲတစ်ယောက် ရူးသွားမလားဆိုတာကိုပင် သူ စဉ်းစားနေမိသည်။
တောအုပ်အတွင်း အချိန်အနည်းငယ် ပျံသန်းပြီးနောက် တောင်စောင့်နတ်ကျောင်း တစ်ခုကို တွေ့လိုက်ရ၏။
ဤနေရာမှာ လူသူကင်းမဲ့သော တောနက်အတွင်းဖြစ်ပြီး အနီးအနားတွင် ကျေးရွာ သို့မဟုတ် ဆိုင်ခန်းများလည်း မရှိသဖြင့် မည်သူက ဤတောင်စောင့်နတ်ကျောင်းကို ဆောက်လုပ်ခဲ့သလဲ ဆိုသည်မှာ မရှင်းလင်းပေ။
နတ်ကျောင်းအတွင်းဝင်ပြီး မကြာမီမှာပင် အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းတော့သည်။ ငွေရောင်မိုးကာ လွှာကြီးမှာ မိုးခြိမ်းသံများအောက်တွင် ထူးခြားစွာ လင်းလက်နေ၏။
ရွှံ့နွံများ ရောနှောနေသော တောင်ကျစမ်းချောင်းများမှာ နိမ့်ရာအရပ်သို့ စီးဆင်းသွားပြီး အချို့ ပျော့ပျောင်းသော မြေနေရာများမှာ စတင်ပြိုကျနေပြီ ဖြစ်သည်။
မိုးက ရုတ်တရက် အချိန်ဆိုင်းမနေဘဲ ရွာချလိုက်သဖြင့် မြေပြိုမှုများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်၏။
နတ်ကျောင်းအတွင်း၌...
တောင်စောင့်နတ်ရုပ် တစ်ခုတည်းသာ ပလ္လင်ပေါ်တွင် ရှိနေသည်။ တောင်စောင့်နတ်ရုပ်၏ ပုံသဏ္ဍာန်မှာ ဘာကို အခြေခံပြီး ထုလုပ်ထားမှန်း မသိရဘဲ ရက္ခိုသ်နှင့် တူနေသလိုလို ရှိသော်လည်း မတူပြန်ပေ။
လျှပ်စီးလက်သည့် အချိန်တိုင်းတွင် နတ်ရုပ်မှာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းအောင် မြင်တွေ့နေရသည်။
ညာဘက်ခြမ်းရှိ ပြတင်းပေါက်မှာ ပျက်စီးနေပြီး လေနှင့်မိုးဒဏ်ကြောင့် ကျိ... ကျိ...အသံများ အမြဲတစေထွက်ပေါ်နေကာ အချိန်မရွေး ပြုတ်ကျသွားနိုင်မည့် အခြေအနေတွင် ရှိနေ၏။
အမိုးပေါ်ရှိ အုတ်ကြွပ်များမှာ အတော်လေး ကောင်းမွန်နေပြီး သိသာထင်ရှားသော ပျက်စီးမှုများမရှိသော်လည်း အချို့ အဆက်နေရာများတွင်တော့ ယိုစိမ့်နေသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးအောက်တွင် ရေစီးကြောင်းများမှာ အတွင်းဘက်သို့ လျင်မြန်စွာ စီးဝင်လာပြီး ကြမ်းပြင်ကို စိုစွတ်စေကာ ပုပ်သိုးနေသော သစ်ပင်သစ်ရွက်နံ့များ ထွက်ပေါ်လာစေသည်။
ဘယ်ဘက်ထောင့် မိုးမယိုသော နေရာတစ်ခုတွင်တော့ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးနှင့် စာသင်သားလူငယ်တစ်ဦးတို့မှာ အေးစက်လှသောအအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်နှင့် ကပ်ပြီး ထိုင်နေကြ၏။
ထိုနှစ်ယောက်မှာ အလွန်ထူးဆန်းလှ၏။ သူတို့ ဝင်လာသည်ကို မြင်သော်လည်း စကားတစ်ခွန်းမျှ မပြောဘဲမမြင်သည့်အလား ပြုမူနေကြသည်။
"လူတွေလား"
ချန်လော့နှင့် သေခြင်းမဲ့ တစ္ဆေအိုကြီးတို့ တစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြသည်။
ယခင်က သူတို့ ဝင်လာစဉ်က မည်သည့် သက်ရှိအာရုံကိုမျှ မခံစားခဲ့ရပေ။
သူတို့၏ အာရုံခံမှုကို ရှောင်ကွင်းနိုင်သော ဤလူနှစ်ဦးမှာ သေချာပေါက် သာမန်လူများ မဟုတ်ကြပေ။
"တောင်ပေါ်ကကိစ္စတွေက ငါတို့နဲ့ မဆိုင်ဘူး"
သေခြင်းမဲ့ တစ္ဆေအိုကြီး၏ အမူအရာမှာ တည်ငြိမ်နေသည်။ ခဏမျှ ကြည့်ပြီးနောက် သူ၏ အကြည့်ကို လွှဲလိုက်၏။ သူသည် နတ်ကျောင်း၏ အခြားတစ်ဖက်သို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။
သူတို့ ယန်ရှီဂိုဏ်းက လူများကတော့ နေရာမရွေးပေ။ ယခင်က သင်္ချိုင်းများထဲမှာပင် အိပ်ခဲ့ဖူးသည်မို့ ကြမ်းပြင်ပေါ်မှ ပုပ်သိုးနေသည့် အရွက်များနှင့် ရေအိုင်များကတော့ သူတို့အတွက် ဘာမှမဟုတ်တော့ချေ။
ချန်လော့လည်း ဆက်မကြည့်တော့ပေ။ ထိုအမျိုးသားနှင့် အမျိုးသမီးမှာ ဘာပဲဖြစ်ဖြစ် သူ ဂရုမစိုက်ပါ၊ သူ့ကို လာပြီး ရန်မစသရွေ့ပင်။
သေခြင်းမဲ့ တစ္ဆေအိုကြီးနှင့် မတူသည်မှာ သူက တောင်စောင့်နတ်ကျောင်းအတွင်း လှည့်လည်ကြည့်ရှုနေခြင်း ဖြစ်သည်။
ရှေ့ဘက် ခန်းမဆောင်ကို ဖြတ်ကျော်ပြီးနောက် တောင်စောင့်နတ်ရုပ်၏ နောက်ကွယ်တွင် ဘေးခန်းမဆောင်တစ်ခု ရှိနေသည်ကို ချန်လော့ တွေ့လိုက်ရ၏။
ဤနေရာတွင် ဖုန်မှုန့်များမှာ ပိုမိုထူထပ်နေပြီး ခြေတစ်လှမ်းချလိုက်တိုင်း နက်ရှိုင်းသော ခြေရာတစ်ခု ကျန်ရစ်ခဲ့သည်။ ခြေထောက်အောက်ရှိ သစ်သားကြမ်းပြင်မှာ ပိုမိုဆွေးမြည့်နေပြီး လမ်းလျှောက်လိုက်တိုင်း ကျိ... ကျိ...အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
ဘေးခန်းမအတွင်းရှိ ပရိဘောဂများမှာ အတော်လေး ရိုးရှင်းလှ၏။ ပူဇော်သက္ကာပစ္စည်းအချို့မှလွဲ၍ စာအုပ်စင်နှစ်ခုသာ ကျန်ရှိတော့သည်။
ချန်လော့သည် စာအုပ်စင်ပေါ်တွင် အတော်လေး ကောင်းမွန်နေသေးသော ဝါးစာပြား အချို့ကို တွေ့လိုက်ရ၏။
'ကောရှန်း တောင်စောင့်နတ် မှတ်တမ်းများ'
ဝါးစာချပ်တစ်လိပ်ကို ယူလိုက်သောအခါ ချန်လော့သည် ဘေးဘက်မှ ဤစာလိပ်များ၏ အမည်ကို မြင်လိုက်ရ၏။
'တောင်စောင့်နတ်မင်းသည် သူ၏ နတ်လက်နက်ကို ကိုင်ဆောင်ကာ မိစ္ဆာဆိုးကို ထိုးနှက်လိုက်သည်။ ထိမှန်သွားသော ရေနတ်သမီးလေးမှာ ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်သွားခဲ့၏။ သူမ အချစ်ဆုံးသူက ထိုပုရွက်ဆိတ်လေးတွေအတွက် သူမကို နာကျင်စေလိမ့်မယ်လို့ သူမ မယုံကြည်နိုင်ခဲ့ပေ'
ဝါးစာချပ်များမှာ အလွန်ဟောင်းနွမ်းနေပြီး အတွင်းရှိ စာလုံးများမှာလည်း ရှေးဟောင်းစာပေများဖြစ်ကာ နေရာအတော်များများတွင် စာသားများမှာ ဝေဝါးနေသည်။
ချန်လော့မှာ ဦးနှောက်ပေါင်း တစ်ရာကျော်ကို ပိုင်ဆိုင်ထားပြီး ဝူတောက်တောင်ထိပ်တွင် ထိုကဲ့သို့ ခက်ခဲပြီး လူသိနည်းသောဘာသာရပ်များကို လေ့လာခဲ့ဖူး၍သာ နားလည်နိုင်ခြင်း ဖြစ်သည်။
အခြားသူ တစ်ယောက်သာဆိုလျှင် နားလည်နိုင်မည် မဟုတ်ပေ။
အခြား စာလိပ်အချို့ကို ထပ်မံလှန်လှောကြည့်ရာ ၎င်းတို့အားလုံးမှာ ကောရှန်းတောင်စောင့်နတ်၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း ချန်လော့ တွေ့ရှိခဲ့သည်။
ကောရှန်းကောင်နီရှိ နေထိုင်သူများကို အခက်အခဲများမှ ဦးဆောင်ကာ ကျော်ဖြတ်စေခဲ့သည့် ပုံပြင်များ၊ လူထု၏ စိတ်နှလုံး တည်ငြိမ်စေရန် မိစ္ဆာများကို နှိမ်နင်းခဲ့သည့် ဇာတ်လမ်းများ ပါဝင်သည်။
ချဲ့ကားထားသော ဖော်ပြချက်များ များပြားလှသဖြင့်စာလိပ်နှစ်လိပ် ဖတ်ပြီးနောက် ချန်လော့ ဆက်မဖတ်တော့ပေ။
ရှေ့ခန်းမဆောင်သို့ ပြန်ရောက်လာသောအခါ ချန်လော့သည် နတ်ကျောင်းအတွင်းရှိ လူသုံးယောက်ကို တစ်ချက် ကြည့်လိုက်၏။
သေခြင်းမဲ့ တစ္ဆေအိုကြီးမှာ မျက်လုံးမှိတ်၍ တစ်ကိုယ်တည်း ကျင့်ကြံနေသည်။
ထောင့်ရှိ ထူးဆန်းသော အမျိုးသားနှင့် အမျိုးသမီးမှာလည်း ကပ်ပြီးထိုင်နေဆဲဖြစ်သော်လည်း လက်ရှိအချိန်တွင်တော့ စာသင်သားလူငယ်၏ လက်မှာ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ စကတ်အတွင်းသို့ လျှိုဝင်သွားခဲ့ပြီ ဖြစ်သည်။