ရွှေဆံထိုး ရရှိခြင်း
Vol. 14 Ch. 131
“ဒီဘက်ကို မလာပါနဲ့တော့...” ဟု မျက်နှာတွင် အထင်းသား ရေးထားသော ဆိုင်ရှင်ကို ကြည့်ပြီး ကျန်းယွင်နန်မှာ ရယ်ချင်စိတ်ကို အောင့်ထားရလေသည်။
“အစ်ကို... ဟိုကလေးလေး ရောက်လာပြီဗျ...”
ဆိုင်ရှင်၏ ညီဖြစ်သူက သတိပေးလိုက်၏။
ဆိုင်ရှင်သည် ထိုစကားကို ကြားသောအခါ အူတူတူ ညီဖြစ်သူကို လှည့်၍ စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်လေသည်။
“မင်း ပြောမှ ငါ သိမှာလား... ငါ့မှာလည်း ကြည့်တတ်တဲ့ မျက်စိ ပါပါတယ်...”
ညီဖြစ်သူက ရယ်မောပြီးနောက် ဆက်ပြောပြန်၏။
“ဒီတစ်ခါကော သူ ပထမဆုကြီး ထပ်ပေါက်ဦးမလား မသိဘူးနော်...”
ဆိုင်ရှင်မှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ကောက်သွားတော့မည့်အလားပင်။
“မင်းက အကောင်း မတွေးနိုင်တော့ဘူးလား...”
နျိုနျိုသည် လူအုပ်ကြားမှ ခက်ခက်ခဲခဲ တိုးဝင်ကာ ဆိုင်ရှင်အား ပိုက်ဆံ ပေးရန် ပြင်လေသည်။
ဆိုင်ရှင်သည် အခြားသူများ၏ ပိုက်ဆံကို အရင်ယူကာ ကစားစေပြီးနောက် နျိုနျိုအား တိုးတိုးလေး ကပ်ပြောရှာ၏။
“လိမ္မာတဲ့ကလေးလေး... တို့တွေ ညှိကြရအောင်လေ... သမီးလေးက နောက်မှ ဆော့ပါလား... သမီးလေးရဲ့ ကံက အရမ်း ကောင်းလွန်းတော့ တစ်ခါတည်းနဲ့ ဆုကြီးတွေ အကုန် ပါသွားရင် ဦးမှာ အမြတ် မကျန်တော့ဘူးလေ...”
နျိုနျိုသည် အလိုက်သိတတ်သော ကလေးမလေး ဖြစ်ပေသည်။ တဖက်လူက အသည်းအသန် တောင်းပန်နေသည်ကို မြင်သောအခါ အတင်းအကျပ် မလုပ်တော့ဘဲ ပြန်ပြောလိုက်လေသည်။
“ဒါဆို သမီး မိသားစုဝင်တွေကို အရင် ပေးဆော့လိုက်ပါ... သမီးက နောက်ဆုံးမှ ဆော့မယ်လေ... သမီး မလောပါဘူး...”
ထိုစကားကို ကြားသောအခါ ဆိုင်ရှင်မှာ ခဏတာ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်ရ၏။ နျိုနျိုတစ်ယောက်တည်းသာ ကံကောင်းခြင်း ဖြစ်မည်၊ တစ်မိသားစုလုံး ကံကောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူးဟု သူ စိတ်ထဲမှ ကြိတ်၍ တွေးနေမိလေသည်။
နျိုနျိုမှလွဲလျှင် ကုကျောက်မှာ အငယ်ဆုံး ဖြစ်ပေသည်။ သူသည် ညီမဖြစ်သူ ပထမဆုကြီး ပေါက်ခဲ့သည့် အကြောင်းကို အိမ်တွင် ခဏခဏ ကြားဖူးထားသဖြင့် ယခုအခါ ကိုယ်တိုင် စမ်းသပ်ကြည့်ချင်နေချေပြီ။
“နျိုနျို... နင် ရွေးပြီးပြီလား... ဘယ်ဟာကို လိုချင်တာလဲ...”
ကုကျောက်က မေးလိုက်၏။
ဆိုင်ရှင်မှာမူ ကုကျောက် မေးလိုက်သည်ကို ကြားသည်နှင့် ရင်တထိတ်ထိတ် ဖြစ်သွားရလေသည်။ နျိုနျိုက ဈေးအကြီးဆုံး ရွှေဆံထိုးကို တောင်းလိုက်မှာကို သူ အလွန် ကြောက်နေမိခြင်းပင်။
“နှင်းမုန့်... သမီး အဲ့ဒါ စားချင်တယ်...”
နျိုနျိုက ရှင်းလင်းသော အသံဖြင့် ပြောလိုက်လေသည်။
ဆိုင်ရှင်မှာမူ သက်ပြင်းချနိုင်သွားတော့၏။ နှင်းမုန့် တစ်ထုပ်လျှင် ကြေးပြား နှစ်ဆယ်၊ သုံးဆယ်ခန့်သာ တန်ဖိုးရှိသဖြင့် သူ လက်ခံနိုင်သော အခြေအနေ ဖြစ်ပေသည်။
ကုကျောက်မှာ ပထမဆုံးအကြိမ် ဆော့ခြင်း ဖြစ်သော်လည်း နျိုနျိုထက် အားပိုရှိသဖြင့် လူကြီး အကူအညီ မပါဘဲ ဒိုင်ခွက်ပေါ်သို့ မြားကို လှမ်းပစ်နိုင်လေသည်။
ပထမ နှစ်ကြိမ်စလုံးမှာ လွဲချော်သွားခဲ့၏။
တတိယအကြိမ် ရောက်သောအခါ ကုကျောက်မှာ စိတ်ပျက်လက်ပျက်ဖြင့် ပစ်လိုက်သော်လည်း မြားမှာ မုန့်ပုံဆွဲထားသော အကွက်ထဲသို့ တည့်တည့် စိုက်ဝင်သွားလေတော့သည်။
ဆိုင်ရှင်သည် နှင်းမုန့်တစ်ထုပ်ကို ကုကျောက်အား အလျင်အမြန် ကမ်းပေးလိုက်ပြီး ပြောလိုက်၏။
“မြေးလေးက ကံကောင်းတာပဲ... ထပ်ဆော့ဦးမလား...”
ကုကျောက်က ခေါင်းခါလိုက်ပြီး ပိုက်ဆံ မရှိတော့ကြောင်း အမှန်အတိုင်း ပြောပြလေသည်။ ထို့နောက် သူ ရရှိလာသော မုန့်ကို နျိုနျိုအား ပေးကာ ဝမ်းမြောက်ဝမ်းသာ မေးလိုက်၏။
“ငါက အတော်ဆုံး ကိုကို မဟုတ်ဘူးလား...”
နျိုနျိုက နူးညံ့စွာ ပြန်ဖြေလိုက်လေသည်။
“ကိုကိုလတ်က အကောင်းဆုံးပဲ...”
ကုကျောက်က ကုယန်ကို ဂုဏ်ယူစွာဖြင့် မျက်စိမှိတ် ပြလိုက်၏။
အမြဲတမ်း တည်ငြိမ်နေတတ်သော ကုယန်သည်လည်း ယခုအခါ စိတ်လှုပ်ရှားလာပုံ ရပေသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်လေသည်။
လူငယ်လေးသည် ဒိုင်ခွက်ပေါ်တွင် ဆွဲထားသော ပန်းပုံ နှစ်ပုံကို အာရုံစိုက် စိုက်ကြည့်နေမိ၏။
ဒိုင်ခွက် လည်ပတ်လာချိန်တွင် လူငယ်လေးသည် မြားသုံးစင်းကို ရှေ့ဆင့်နောက်ဆင့် ပစ်လိုက်လေသည်။
ဒိုင်ခွက်မှာ တဖြည်းဖြည်းချင်း ရပ်တန့်သွား၏။
“အို... ဒီညီလေးလည်း ကံကောင်းတာပဲ... သုံးစင်းမှာ နှစ်စင်း ထိတယ်... ပိုးပန်းလေးနှစ်ပွင့် ရသွားပြီဗျို့...”
ဆိုင်ရှင်က ပြုံးလျက် ကြေညာလိုက်လေသည်။
သူသည် စိတ်ထဲမှ စာရင်းတွက်ကြည့်ရာ ယခုအချိန်အထိမူ သူ အမြတ်ရနေသေးပေသည်။
ကုယန်မှာမူ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိလှပေသည်။ ဆိုင်ရှင်က ထပ်မံ ဆော့ကစားရန် သွေးဆောင်သော်လည်း သူသည် စိတ်မပါတော့ချေ။ ဆိုင်ရှိ ပန်းရောင် ပိုးပန်းလေး နှစ်ပွင့်ကို ရွေးချယ်ပြီးနောက် နျိုနျိုထံသို့ သွားပေးလိုက်လေသည်။
“တစ်ဖက်စီ ပန်ထားလိုက်နော်...”
ကုယန်က နျိုနျို၏ ခေါင်းပေါ်မှ ဆံပင်စလေးများကို ကြည့်ကာ ပြောလိုက်၏။
ကျန်းယွင်နန်သည် သမီးဖြစ်သူကို ပွေ့ချီကာ ပိုးပန်းလေးများကို နေရာတွင်ပင် ဆင်မြန်းပေးလိုက်လေသည်။ နျိုနျိုသည် ပျော်ရွှင်စွာ ပတ်ချာလည်ပြပြီး မေးလိုက်၏။
“လှလားဟင်...”
ကျန်းယွင်နန်က ခေါင်းညိတ်ပြလေသည်။
“လှတာပေါ့... တို့ရဲ့ လိမ္မာတဲ့ကလေးလေးထက် လှတဲ့သူ မရှိပါဘူး...”
လျူရှောင်ရူက ဘေးမှနေ၍ မြှောက်ပင့်လိုက်ပြန်၏။
ကုယန်မှာမူ စောင့်စားနေဆဲပင်။
နျိုနျိုသည် အကြိမ်အနည်းငယ် ပတ်ပြပြီးနောက် ရပ်လိုက်ပြီး သူ့အား ပြောလိုက်လေသည်။
“ကိုကိုကြီး... သမီးအပေါ် အရမ်း ကောင်းတာပဲ...”
ကုယန်သည် ညာဘက်လက်သီးကို ပါးစပ်တွင် တေ့ကာ ဘာမှ မဟုတ်သလို ဟန်ဆောင်၍ ပြောလိုက်၏။
“နျိုနျိုလေး သဘောကျရင် ပြီးတာပါပဲ...”
သို့သော်လည်း သူ၏ မျက်ဝန်းထောင့်မှ အပြုံးရိပ်များကမူ သူ၏ စိတ်ရင်းကို ဖော်ပြနေကြကုန်၏။
အဖွားကုသည် မြေးဖြစ်သူများ တစ်ဦးပြီးတစ်ဦး ဆုလက်ဆောင်များ ရနေသည်ကို ကြည့်ပြီး ကိုယ်တိုင်လည်း စမ်းကြည့်ချင်စိတ် ပေါက်လာလေသည်။ မြားသုံးစင်း ရရှိသောအခါ သူမက တတွတ်တွတ် ရေရွတ်နေတော့၏။
“ရွှေဆံထိုး... ရွှေဆံထိုး... ငါ ရွှေဆံထိုး လိုချင်တယ်...”
ဆိုင်ရှင်မှာမူ ရင်တုန်နေရချေပြီ။
သို့သော် ရလဒ်မှာမူ ဆိုင်ရှင်ကို ပျော်ရွှင်စေခဲ့လေသည်။ အဖွားကုသည် သုံးကြိမ်စလုံး ပစ်သော်လည်း လက်ကိုင်ပဝါ တစ်ထည်သာ ရရှိခဲ့၏။
“ဘာလို့ မထိရတာလဲ...”
အဖွားကုက တိုးတိုးလေး ညည်းတွားလိုက်လေသည်။
ဆိုင်ရှင်က ဝမ်းမြောက်ဝမ်းသာ အားပေးလိုက်၏။
“အဒေါ်ကြီးက ကံကောင်းမယ့် ပုံပဲဗျ... နောက်တစ်ခါဆိုရင်တော့ သေချာပေါက် ပေါက်မှာပါ... ထပ်စမ်းကြည့်ပါလား...”
အဖွားကုမှာ တကယ်ပင် စိတ်လှုပ်ရှားသွားဟန် ရှိပေသည်။
ယောက္ခမဖြစ်သူက ပိုက်ဆံ ထပ်ထုတ်တော့မည်ကို မြင်သောအခါ ကျန်းယွင်နန်က လှမ်းတားလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“အမေ... ကလေးတွေ ကြည့်နေကြတယ်လေ...”
အဖွားကု လှည့်ကြည့်လိုက်သောအခါ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေသော မြေးသုံးယောက်ကို တွေ့လိုက်ရလေသည်။
အဘွားအိုသည် သူမ၏ သားများကို လောင်းကစား မလုပ်ရန် အကြိမ်ကြိမ် ဆုံးမခဲ့ဖူးသည်ကို သတိရသွား၏။ ထို့ကြောင့် သူမသည် အသိတရား ဝင်လာပြီး ပိုက်ဆံအိတ်ကို ပြန်သိမ်းလိုက်လေသည်။ သူမက မြေးများကို လှည့်ပြောလိုက်၏။
“တွေ့လား... လောင်းကစားက ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ... ငါ့လိုလူတောင် မထိန်းနိုင်ဖြစ်သွားတာ... မင်းတို့လည်း သတိထားကြနော်...”
မြေးသုံးယောက်စလုံးက လိမ္မာစွာ ကတိပေးကြကုန်၏။
“အဘွား စိတ်မပူပါနဲ့... သားတို့က သုံးကြိမ်ပဲ ဆော့မှာပါ... လောဘ မကြီးပါဘူး...”
ကျန်းယွင်နန်သည် စံပြအနေဖြင့် တစ်ကြိမ်မျှ မကစားခဲ့ပေ။ လျူရှောင်ရူသည်လည်း ကျန်းယွင်နန် မကစားသည်ကို မြင်သောအခါ ဝင်မဆော့တော့ချေ။
“နျိုနျို... မြေးအလှည့် ရောက်ပြီ...”
အဖွားကုက တိုက်တွန်းလိုက်လေသည်။
နျိုနျိုသည် ချက်ချင်း ရှေ့သို့ မတိုးသေးဘဲ ဘေးဘီကို ဝေ့ကြည့်ကာ ပြောလိုက်၏။
“အဘိုး မဆော့ရသေးဘူးလေ...”
အဘိုးကုမှာ တစ်နှစ်ပတ်လုံး စိတ်မနှံ့ဘဲ ရှိနေသဖြင့် မိသားစုဝင်များမှာ သူ၏ အတွေးအမြင်များကို ဂရုမစိုက်မိကြပေ။ ယနေ့လည်း သူ့ကို ချန်လှပ်ထားမိကြခြင်းပင်။
အဖွားကုက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
“နင့်အဘိုးက မဆော့တတ်ပါဘူး...”
သို့သော် သူမ စကားမဆုံးခင်မှာပင် အဘိုးကုသည် ရှေ့သို့ နှစ်လှမ်း တိုးလိုက်ပြီး အင်္ကျီအိတ်ကို စမ်းနေတော့၏။ သူသည် သူ၏ ပိုက်ဆံများကို ရှာမတွေ့ ဖြစ်နေရှာပေသည်။
နျိုနျိုက အမြန် ပြေးသွားပြီး အဘိုးဖြစ်သူအတွက် ပိုက်ဆံ ပေးလိုက်လေသည်။
အဘိုးကုသည် မြားသုံးစင်းကို ကိုင်ကာ ဘာလုပ်ရမှန်း မသိသလို ကြည့်နေမိ၏။
နျိုနျိုက ဘေးမှနေ၍ လိမ္မာစွာ လမ်းညွှန်ပေးလိုက်လေသည်။
“အဘိုး... မြားကို ဒိုင်ခွက်ပေါ် ပစ်ရမှာလေ... ဒိုင်ခွက်က အရမ်း မြန်နေတော့ ဘယ်ဟာ ထိမလဲ မသိနိုင်ဘူး... ကံတရားအတိုင်းပဲပေါ့...”
အဘိုးကုသည် မြားကို ယူကာ ဖြည်းဖြည်းချင်း လှမ်းပစ်လိုက်လေသည်။
ဒိုင်ခွက်မှာ ရပ်တန့်သွား၏။
ကြည့်နေသူ အားလုံးမှာ ဟုန်းခနဲ ဆူညံသွားကြကုန်သည်။
“ပထမဆုကြီးဟ... အဘိုးကြီးက ဆုကြီး ပေါက်သွားပြီဗျို့...”
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
ကြည့်တတ်သောသူတိုင်း အဘိုးကု၏ အခြေအနေမှာ ပုံမှန် မဟုတ်ကြောင်း သိနိုင်ကြပေသည်။ လူအများမှာ ဤမိသားစုသည် စိတ်မနှံ့သော အဘိုးကြီး တစ်ဦးအတွက် ကြေးပြား ခြောက်ဆယ်ကို အလကား အဖြုန်းခံရဲသည်ဟု တွေးတောနေမိကြ၏။ သို့သော်လည်း ထိုအဘိုးကြီးမှာ အစစ်အမှန် ကံကောင်းသူ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
ဆိုင်ရှင်မှာမူ မျက်နှာပျက်ပျက်နှင့် ငိုချင်စိတ်ပင် ပေါက်နေရရှာ၏။ သူသည် ကံကောင်းျသာ ကလေးတင်မကဘဲ ကံကောင်းစေတဲ့ အဘိုးကြီး တစ်ဦးပါ ပါလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤမိသားစုမှာ သူနှင့် ကံမပါသူများ ဖြစ်ကြပုံ ရပေသည်။
သူ စိတ်သက်သာရာ ရသွားသည်မှာ အဘိုးကုသည် တစ်ကြိမ်သာ ထိမှန်ခဲ့ပြီး ကျန်နှစ်ကြိမ်မှာ လွဲချော်သွားခဲ့ခြင်းပင်။
အဘိုးကုသည် ရွှေဆံထိုးကို ရရှိသောအခါ အဖွားကုထံသို့ ဖြည်းဖြည်းချင်း သွားပေးလိုက်လေသည်။
“မိန်းမ... ပန်... ပန်ထားလိုက်... ရွှေဆံထိုး...”
အဘိုးကုက ဝေဝေဝါးဝါးဖြင့် ပြောလိုက်၏။
အဖွားကုမှာ မျက်ရည်ပင် ဝေ့သီလာရပြီး မိသားစုဝင်များကို ရှင်းပြရှာလေသည်။
“အဲ့ဒီနှစ်တုန်းက အဘိုးကြီးက အရက်ချက်ပြီး ပိုက်ဆံအများကြီး ရခဲ့တယ်လေ... ငါ့ကို ရွှေဆံထိုး ဝယ်ပေးပြီး မြေပိုင်ရှင် အဘွားကြီးလို ဖြစ်ရစေမယ်လို့ ပြောခဲ့တာ... ဒါပေမဲ့ သူ ဖျားသွားတော့ အိမ်က ပိုက်ဆံတွေ အကုန် သုံးလိုက်ရတယ်... အဲ့ဒီနောက်ပိုင်း ပိုက်ဆံ အဲ့လောက်အထိ ထပ်မစုမိတော့ဘူးလေ...”
ကျန်းယွင်နန်က နူးညံ့သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
“အမေရယ်... အဖေက အမေ့ကို အမြဲ တမ်း တမ်းတနေတာပဲနော်... သူ စိတ်မနှံ့တော့ရင်တောင် ဒါကို မှတ်မိနေသေးတာပဲ...”
အဖွားကုသည် ပြုံးပျော်နေပြီး ကုမင်တာ့ကို ကြည့်သော မျက်လုံးများမှာလည်း အလွန်ပင် နူးညံ့နေတော့၏။
နှမြောစရာ ကောင်းသည်မှာ ထိုနူးညံ့သော အကြည့်များကို အဘိုးကုကမူ သတိမထားမိခြင်း ပင်။ သူသည် ဇနီးသည်၏ ဆံပင်ကြားသို့ ရွှေဆံထိုးကို ကိုယ်တိုင် ထိုးပေးလိုက်သော်လည်း နောက်မှ ဆက်ပြောလိုက်သည်။
“နောက်ကျရင်... နျိုနျိုကို ပေးရမယ်နော်...”
ထိုစကားကို ကြားသောအခါ အဖွားကု၏ နူးညံ့နေသော မျက်လုံးများမှာ ချက်ချင်းပင် စူးရှသွားပြန်လေသည်။
“ဒါကို နျိုနျိုကို ပေးမှာပေါ့... ရှင့်စကားက အပိုပဲ... ဟူး... လူကို ဘယ်လို ပျော်အောင် လုပ်ရမလဲဆိုတာတောင် မသိဘူး...”
အဘိုးကုမှာ ဇနီးသည်၏ ဆူပူမှုကို ခံလိုက်ရသဖြင့် နောက်ကျိသော မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်သွားရရှာ၏။ ထို့နောက် သူက ဘာမှ မသိသလိုပင် ပြန်ပြောလိုက်လေသည်။
“လှတယ်...”