မှင်ဆေးအိုး
Vol. 14 Ch. 132
အဖွားကုသည် သူ့ကို ကြည့်ပြီး စိတ်ဆိုးရမလို ရယ်ရမလို ဖြစ်နေတော့၏။
“ထားလိုက်ပါတော့... ထားလိုက်ပါတော့... စိတ်မနှံ့တဲ့ အဘိုးကြီးကို ငါက ဘာတွေ လိုက်ပြောနေမိတာလဲ...”
အဖွားကုက ထိုသို့ပြောပြီးနောက် အိတ်ထဲမှ ပိုက်ဆံကို ထုတ်ကာ နျိုနျိုအား တိတ်တဆိတ် ကမ်းပေးလိုက်လေသည်။
နျိုနျိုသည် အဘိုးဖြစ်သူ မြားပစ်ရန်အတွက် ကြေးပြား ခြောက်ဆယ် စိုက်ထုတ်ပေးခဲ့သည် မဟုတ်ပါလား။ အဖွားကုသည် အဝတ်အစားများ ရရှိထားပြီး ဖြစ်သဖြင့် ကလေးဆီက အမြတ်မထုတ်လိုတော့ဘဲ ထိုပိုက်ဆံများကို နျိုနျိုအား ပြန်ပေးလိုက်ခြင်းပင်။
ရွှေဆံထိုး တစ်ခု ဆုံးရှုံးလိုက်ရသော ဆိုင်ရှင်သည် အဘိုးကုကို တစ်ချက် ကြည့်လိုက်ပြီးနောက် မြားပစ်ရန် စောင့်နေသော နျိုနျိုကို ထပ်မံ ကြည့်လိုက်လေသည်။ ကြည့်နေသူများ၏ စိတ်အားထက်သန်မှုကို မတားဆီးနိုင်တော့သဖြင့် သူသည် အံကြိတ်ကာ ရွှေဆံထိုး အသစ်တစ်ခုကို ထပ်မံ ထုတ်လိုက်ရလေတော့သည်။
အဖွားကု၏ မျက်လုံးများ အရောင်တောက်လာပြီး နျိုနျိုကို အမြန် တိုက်တွန်းလိုက်၏။
“နျိုနျို... မြေးအလှည့် ရောက်ပြီလေ...”
နျိုနျိုက ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်လေသည်။
“မဆော့တော့ပါဘူး အဘွား... သမီး အထူးတလည် လိုချင်တာ မရှိတော့လို့ပါ...”
နျိုနျိုသည် ဆိုင်ရှင်၏ သူမအပေါ် ကြောက်ရွံ့နေသည့် စိတ်ကို ရိပ်မိနေသဖြင့် ဤကဲ့သို့ ပြုမူခြင်းပင်။ သူမသည် ထိုသို့သော အခြေအနေကို မနှစ်သက်ပေ။
အဖွားကုမှာမူ နှမြောတသဟန်ဖြင့် ပြောလိုက်၏။
“တို့ရဲ့ လိမ္မာတဲ့ကလေးလေးက အရမ်း တော်တာပဲ... မြေးလေးသာ ဆော့ရင် ဆုကြီး ထပ်ပေါက်မှာ သေချာတယ်...”
နျိုနျိုက မျက်နှာလေး မော့ကာ ပြုံးလျက် ပြောလိုက်လေသည်။
“တို့မိသားစုက ဆုကြီး ပေါက်ပြီးပြီပဲလေ... တခြားသူတွေကိုလည်း အခွင့်အရေး ပေးရမှာပေါ့...”
ကလေးက ထိုသို့ ပြောမှတော့ အဖွားကုလည်း နှမြောနေသော်လည်း အတင်း မတိုက်တွန်းတော့ချေ။
နျိုနျိုတို့ မိသားစု ထွက်ခွာသွားသည်ကို မြင်သောအခါ ဆိုင်ရှင်မှာမူ သက်ပြင်းချနိုင်သွားတော့၏။
“ကျွန်တော် ဆော့မယ်... ကျွန်တော် ဆော့မယ်...”
“ငါ အရင် လာတာလေ... အဘိုးကြီး ပြီးရင် ငါ့အလှည့်ပဲ ဖြစ်ရမယ်...”
နျိုနျို၏ နောက်မှ လိုက်ဆော့ပြီး ရွှေရရှိခဲ့သော ဖြစ်ရပ်ကို လူတိုင်း မှတ်မိနေကြဆဲ ဖြစ်ရာ ယခုအခါတွင်လည်း လူအများမှာ ကံကောင်းခြင်းများကို ရယူရန် အပြိုင်အဆိုင် တိုးဝှေ့နေကြလေတော့သည်။
ကုမိသားစုဝင်များမှာမူ သူတို့၏ နောက်ကွယ်မှ အဖြစ်အပျက်များကို ဂရုမစိုက်တော့ဘဲ ဈေးအတွင်း ဆက်လက် လည်ပတ်နေကြကုန်၏။
နဂါးလှေပွဲတော်နေ့ ဖြစ်သဖြင့် ဈေးအတွင်း၌ ပို၍ စည်ကားလှပေသည်။ သေချာ တွက်ချက်ကြည့်လျှင် နျိုနျိုအတွက် မျက်လှည့်ပြပွဲ ကြည့်ရခြင်းမှာ ယခု ပထမဆုံးအကြိမ် ပင် ဖြစ်လေသည်။
ကလေးမလေးသည် မီးမှုတ်ပြပွဲကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေမိ၏။ ကောင်းကွက် တစ်ခုမျှ မလွတ်စေရန် သူမ အသေအချာ အာရုံစိုက်နေခြင်းပင်။
နေပူရှိန်ကြောင့် မျက်နှာလေး နီမြန်းနေသော်လည်း နျိုနျိုမှာမူ ခြေလှမ်း တစ်လှမ်းမျှ မရွေ့ဘဲ ရှိနေလေသည်။ သူမ၏ မျက်လုံးများမှာ တောက်ပနေပြီး လက်ခုပ်တီးရာတွင်လည်း အားအရှိဆုံးပင်။
ပြပွဲအပြီးတွင် နျိုနျိုမှာမူ အားမရသေးသော မျက်နှာထားဖြင့် ရှိနေဆဲသာ။
မျက်လှည့်ဆရာများက ဗန်းကိုင်ကာ ဆုလာဘ် တောင်းခံသောအခါ နျိုနျိုသည် မရေမတွက်ဘဲ လက်ထဲရှိသမျှ ကြေးပြား တစ်ဆုပ်ကို ထည့်ပေးလိုက်လေသည်။ ထိုလုပ်ရပ်ကြောင့် အဖွားကုမှာ မျက်ခုံးပင် လှုပ်သွားရ၏။
“ကလေးလေးရယ်... နှစ်ပြား သုံးပြားလောက် ပေးရင် ရပါတယ်... အဲ့ဒီလောက် အများကြီး ပေးစရာ မလိုပါဘူး...”
အဖွားကုက မနေနိုင်ဘဲ နျိုနျိုအား တိုးတိုးလေး ပြောလိုက်လေသည်။
နျိုနျိုက နားမလည်နိုင်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။
“သူတို့ ပြတာက တကယ်ပဲ စိတ်လှုပ်ရှားဖို့ ကောင်းတာလေ... ရင်ဘတ်ပေါ် ကျောက်တုံးတင်ပြီး ထုပြတဲ့ ဦးလေး၊ မီးမှုတ်ပြတဲ့ အစ်မနဲ့ စက်ဝိုင်းပေါ်လည်ပြတဲ့ ကလေးလေးတို့က အရမ်း ပင်ပန်းကြတာလေ... သမီး ထင်တာတော့ သူတို့က ဒီပိုက်ဆံတွေနဲ့ တန်ပါတယ်...”
အဖွားကုသည် ထိုစကားကို ကြားသောအခါ ကြောင်သွားရ၏။ နျိုနျိုတွင် သူမကိုယ်ပိုင် သုံးစွဲမှု အတွေးအခေါ် ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထို့ကြောင့် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရလေတော့သည်။
နျိုနျိုက ထပ်ပြောလိုက်ပြန်၏။
“အဘွား... သမီး နောက်ကျရင် ပိုက်ဆံတွေ အများကြီး ရှာပြီး အဘွားကို လုပ်ကျွေးမယ်လေ... ဒီပိုက်ဆံ အနည်းအကျဉ်းအတွက် စိတ်မပူပါနဲ့နော်...”
အဖွားကုမှာ မြေးမလေး၏ ချော့မော့စကားကြောင့် ကြောင်အသွားရပြန်၏။ ပိုက်ဆံ ပိုသုံးလေ ပိုရှာနိုင်လေ ဟူသော အတွေးအခေါ်မှာလည်း မှားသည်ဟု မဆိုနိုင်ပေ။
နောက်ဆုံးတွင် မြေးမလေးအပေါ် ထားရှိသော အချစ်က အသာစီး ရသွားလေသည်။ အဖွားကုက ပြုံးလျက် ပြောလိုက်၏။
“အေးပါ... တို့ရဲ့ လိမ္မာတဲ့ကလေးလေးက ရက်ရောပြီး ဉာဏ်လည်း ကောင်းတာပဲ... ငါ့လို ကပ်စေးနည်းတဲ့ အဘွားကြီးနဲ့တော့ မတူဘူးပေါ့လေ...”
နျိုနျိုက အဖွားကုကို ဖက်ကာ ချော့လိုက်လေသည်။
“အဘွားက ကပ်စေးနည်းတာ မဟုတ်ပါဘူး... အဘွားက အကောင်းဆုံး အဘွားပါ...”
နျိုနျို၏ ပါးစပ်ထဲတွင်မူ မိသားစုဝင် အားလုံးမှာ အကောင်းဆုံးများချည်း ဖြစ်နေကြကုန်၏။ မိသားစုဝင်များမှာလည်း ထိုစကားများကို သဘောကျပြီး နျိုနျို၏ ချော့မော့မှုအောက်တွင် အမြဲတမ်း မိန်းမောသွားကြရလေသည်။
ဈေးအတွင်းမှာမူ ပို၍ စည်ကားလာလေပြီ။ ရှေ့သို့ နှစ်လှမ်းခန့် တိုးလိုက်သောအခါ အထွေထွေ ပစ္စည်းများ ရောင်းချနေသော ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရ၏။ လူအချို့မှာ ဆိုင်ရှေ့တွင် လက်ညှိုးထိုးကာ ပြောဆိုနေကြသော်လည်း ဝယ်ယူသူမှာမူ နည်းပါးလှပေသည်။
“ကျန့်မိသားစုက လူလေ... ဘာလို့ နေ့တိုင်း ဆိုင်ထွက်ပြီး ပစ္စည်းတွေ ရောင်းနေရတာလဲ... သူ့အိမ်က ပစ္စည်းတွေ မကုန်သေးဘူးလား မသိဘူး...”
“ဒါကို နင် မသိသေးလို့ပါ... အရင်တုန်းက လူတစ်ယောက်က သူ့ဆိုင်မှာ ရှေးဟောင်း စာမူတစ်ခုကို မတော်တဆ ဝယ်သွားပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းလိုက်ရတယ်လေ... အဲ့ဒါကြောင့် သူက အသုံးမကျတဲ့ ပစ္စည်းတွေ အကုန် လိုက်ဝယ်ပြီး အစစ်နဲ့ အတု ရောရောင်းနေတာပေါ့...”
ထိုစကားကို ကြားသောအခါ ကုမိသားစုဝင်များမှာလည်း အမြင်ကျယ်သွားကြရလေသည်။
နျိုနျိုနှင့် ကျန်းယွင်နန်တို့ နှစ်ဦးစလုံး ကျန့်တာ့ထိုကို မှတ်မိနေကြ၏။ နျိုနျို မြို့ကို စရောက်စဉ်က ကျန့်တာ့ထိုး၏ ဆိုင်တွင် အပေါ်ယံ၌ အမည်းရောင် ဆေးသုတ်ထားသော ရွှေလိပ်ကလေးကို ဝယ်ယူခဲ့ဖူးသည် မဟုတ်ပါလား။ ထိုကိစ္စကို ကျန်းယွင်နန်တို့ လင်မယားမှာ ဘယ်သူ့ကိုမျှ ထုတ်မပြောခဲ့ကြပေ။
အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားလျှင် ကျန့်တာ့ထို၏ ဆိုင်မှာ လူတိုးမပေါက်အောင် စည်ကားသွားပေလိမ့်မည်။
ကျန်းယွင်နန်သည် နျိုနျို ကံစမ်းသည့် အကြိမ်အရေအတွက်ကိုသာ ဂရုစိုက်ပြီး အခြား ပိုက်ဆံသုံးစွဲမှုများကိုမူ မတားမြစ်ပေ။ သူမသည် နျိုနျို မျက်လှည့်ဆရာများကို ဆုလာဘ် ပေးခဲ့သည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ ယခုအခါ နျိုနျိုသည် ကျန့်မိသားစု ဆိုင်ရှေ့တွင် ထိုင်ကာ ရှေးဟောင်း ပစ္စည်းများကို လေ့လာနေလေတော့သည်။
ကုယန်နှင့် ကုကျောက်တို့မှာလည်း ညီမလေးအား ကူညီရန် အနားတွင် ထိုင်လိုက်ကြပြီး ကျန်မိသားစုဝင်များမှာမူ စိတ်ရှည်စွာ စောင့်ဆိုင်းနေကြကုန်၏။
အဖွားကုသည် ထိုနေရာတွင် ရပ်ကာ မြေးမလေးကို တစ်ချက်ကြည့်၊ သူမ၏ ခေါင်းပေါ်မှ ရွှေဆံထိုးကို တစ်ချက် စမ်းကြည့်ကာ ရံဖန်ရံခါ ခိုး၍ ပြုံးနေမိလေသည်။
နျိုနျိုသည် ပစ္စည်းများကို အကြာကြီး လှန်လှောကြည့်ရှုသော်လည်း စာမူနှင့် ပန်းချီကားများကိုမူ နားမလည်ပေ။ သို့သော် သူမသည် ပြာလဲ့လဲ့ ကြွေရောင်ရှိသော မှင်ဆေးအိုးလေး တစ်ခုကို သဘောကျသွားလေတော့သည်။
“ဒါ ဘယ်လောက်လဲဟင်...”
နျိုနျိုက ဆိုင်ရှင် ကျန့်တာ့ထိုအား ရှင်းလင်းသော အသံဖြင့် မေးလိုက်၏။
ကျန့်တာ့ထိုသည် နေ့တိုင်း ဆိုင်ထွက်ပြီး ရသမျှ ပိုက်ဆံများကို လောင်းကစား လုပ်လေ့ရှိသူ ဖြစ်ပေသည်။ ပိုက်ဆံကုန်လျှင် ဆိုင်ပြန်ထွက်ကာ ပစ္စည်းများ ထပ်မံ ရောင်းချလေသည်။ သူ၏ဆိုင်သို့ လူအဝင်အထွက် များပြားသဖြင့် မနှစ်က ပစ္စည်းဝယ်သွားသော နျိုနျိုကို သူ မမှတ်မိတော့ပေ။
“ဒါက ဝန်ကြီးချုပ် လုပ်ခဲ့တဲ့ ငါ့အဘိုး သုံးခဲ့တဲ့ မှင်ဆေးအိုးလေ... မြေးလေးက ကလေးဆိုတော့ ငါ မလိမ်ပါဘူး... ငွေ သုံးဆယ်ပဲ ပေးပါ...”
ကျန့်တာ့ထိုက ပါးစပ်ထဲ ရှိရာ ပြောလိုက်လေတော့သည်။
ဘေးမှ ကြည့်နေသူများကမူ လက်ညှိုးထိုးကာ ကဲ့ရဲ့ကြကုန်၏။
“ကျန့်တာ့ထိုကတော့ တကယ်ကို လူမဟုတ်ဘူး... ကလေးကိုတောင် လိမ်နေသေးတယ်...”
ကျန့်တာ့ထိုကမူ ဘေးစကားများကို ဂရုမစိုက်ဘဲ ဈေးကို စိတ်ထင်ရာ ခေါ်လိုက်ခြင်း ဖြစ်၏။ သို့သော်လည်း ကလေးမလေး တစ်ယောက်က ထိုဈေးကို ပေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
နျိုနျိုသည် ထိုဈေးကို ချက်ချင်း မငြင်းသေးဘဲ ဘေးနားမှ ကုယန်အား တိုးတိုးလေး မေးလိုက်လေသည်။
“ကိုကို... ၁၀ ရယ်၊ ၁၅ ရယ်၊ ၇ ရယ် ပေါင်းရင် ဘယ်လောက်လဲဟင်...”
နျိုနျိုသည် ယနေ့ ငွေ လေးဆယ် ရရှိထားသော်လည်း မိသားစုဝင်များက သူမအား ပိုက်ဆံ အများကြီး ပေးမသုံးသဖြင့် လက်ထဲတွင် အများကြီး ကျန်ရှိနေသေးပေသည်။ သူမတွင် လက်ချောင်း ဆယ်ချောင်းသာ ရှိသဖြင့် စာရင်းကို ချက်ချင်း မတွက်နိုင် ဖြစ်နေခြင်း ပင်။
“သုံးဆယ့်နှစ်တုံးလေ...”
ကုယန်က တိုးတိုးလေး ပြန်ပြောလိုက်၏။
ကျန့်တာ့ထိုသည် ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း တက်ကြွလာလေတော့သည်။ ဤကလေးမလေးမှာ အဝတ်အစား ဆင်ယင်မှုအရ လူလတ်တန်းစား မိသားစုမှ ဖြစ်ပုံရသော်လည်း တကယ်တမ်းတွင်မူ အလွန် ချမ်းသာသူ ဖြစ်နေသည် မဟုတ်ပါလား။
“ကလေးမလေး... ငါ့ရဲ့ ရတနာက အရမ်း လူကြိုက်များတာနော်... ဒီအခွင့်အရေး လက်လွတ်သွားရင် နောက်တစ်ခါ ရှာမတွေ့တော့ဘူးနော်...”
ကျန့်တာ့ထိုက လူကို စိတ်လှုပ်ရှားအောင် လုပ်လိုက်လေသည်။
နျိုနျို စကားမပြောရသေးမီ အဖွားကုသည် စောစောက မျက်လှည့်ဆရာများကို နျိုနျို ပိုက်ဆံပေးခဲ့သည်ကို သတိရသွားပြီး သူမ၏ မြေးမလေးမှာ သဘောကျလျှင် ပိုက်ဆံကို မနှမြောဘဲ သုံးတတ်သူ ဖြစ်ကြောင်း တွေးမိလိုက်၏။
နျိုနျို အလိမ်ခံရမှာကို စိုးရိမ်သဖြင့် အဖွားကုသည် ချက်ချင်း ရှေ့သို့ တိုးလာကာ ကျန့်တာ့ထိုအား ဆဲဆိုလိုက်လေတော့သည်။
“နင်ကတော့ တကယ်ကို ကိုယ်ကျင့်တရား မရှိတဲ့လူပဲ... ငါ့မြေးကို လိမ်ရဲတယ်ပေါ့... ဒီ စုတ်ပြတ်နေတဲ့ မှင်ဆေးအိုးကို ဘယ်က ကောက်ရလာမှန်းလည်း မသိဘဲနဲ့... အဘိုးအဘွားတွေ ဆီက ရလာတာတဲ့လား... ရွှေနဲ့ လုပ်ထားတယ် ထင်နေလို့လား... ငွေ သုံးဆယ်တောင် ခေါ်ရဲတယ်ပေါ့...”
“ငါ ပြောလိုက်မယ်... ကြေးပြား ငါးပြားနဲ့ ရောင်းပေးရင်တောင် ငါတို့ ဝယ်ချင်မှ ဝယ်မှာ...”
နျိုနျိုသည် မြေကြီးပေါ်တွင် ထိုင်လျက် ပါးစပ်အဟောင်းသားနှင့် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားလှသော အဖွားကုကို ကြည့်ကာ ကြောင်အနေမိလေတော့သည်။
“ကလေးလေး... လာ... သွားကြရအောင်... အဘွား နောက်ဆိုင်မှာ ပိုကောင်းတဲ့ စုတ်ဆေးအိုး ဝယ်ပေးမယ်...”
အဖွားကုက နျိုနျိုကို ဆွဲကာ ထွက်သွားရန် ပြင်လေသည်။
နျိုနျိုက တိုးတိုးလေး ပြောရှာ၏။
“အဘွား... သမီး ဒါလေးကို တကယ် သဘောကျလို့ပါ...”
သို့သော်လည်း အဖွားကုမှာမူ ပြတ်သားလှပေသည်။
“မရဘူး... တို့တွေ အလိမ်မခံနိုင်ဘူး... မှင်ဆေးအိုး တစ်ခုကို ကြေးပြား နည်းနည်းပဲ ပေးရတာလေ... အဘွား မြေးလေးကို ပိုကောင်းတာ ဝယ်ပေးမယ်...”
နျိုနျိုသည် ဆိုင်ပေါ်မှ ပြာလဲ့လဲ့ မှင်ဆေးအိုးလေးကို နှမြောတသစွာ ကြည့်လိုက်သော်လည်း မိသားစုဝင်များကို ပို၍ ဂရုစိုက်သူ ဖြစ်ပေသည်။ ထို့ကြောင့် ခေတ္တမျှ တွန့်ဆုတ်ပြီးနောက် လိမ္မာစွာ ခေါင်းညိတ်လိုက်လေသည်။
“ကောင်းပြီလေ... တခြားနေရာမှာပဲ ဝယ်ကြတာပေါ့...”
ကျန့်တာ့ထိုသည် ရခဲလှသော အခွင့်အရေးကြီး လက်လွတ်တော့မည်ကို မြင်သောအခါ အလွန် စိုးရိမ်သွားရ၏။ သူက အမြန် ပြောလိုက်လေသည်။
“အဘွားကြီးရယ်... ပြောစရာရှိတာကို အေးအေးဆေးဆေး ပြောပါ... စစချင်းမှာပဲ မဆဲပါနဲ့ဦး... ဈေးက ညှိလို့ ရပါတယ်ဗျ...”
အဖွားကုသည် လောင်းကစားသမားများမှာ တကယ်ကို သိက္ခာမရှိသူများ ဖြစ်သည်ဟု တွေးမိလိုက်၏။ သူမက ထိုမျှ ဆဲဆိုနေသော်လည်း လောင်းကစားဖို့ ပိုက်ဆံရရန်အတွက် ကျန့်တာ့ထိုမှာမူ မျက်နှာပြောင်တိုက်ကာ သူမအား ဈေးညှိရန် ဖျောင်းဖျနေသည် မဟုတ်ပါလား။
သို့သော် သူမသည် ခြေလှမ်း ရပ်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
“မင်းလည်း စီးပွားရေးကို ကောင်းကောင်း လုပ်စမ်းပါဦး... ဒီလို လိမ်ညာနေတဲ့ နည်းလမ်းတွေနဲ့ဆိုရင် ကြာရှည် ခံမှာ မဟုတ်ဘူး...”
ကျန့်တာ့ထိုကမူ ပြုံးလျက် ပြန်ပြောလိုက်၏။
“အဘွား ပြောတာ မှန်ပါတယ်... ကျွန်တော် နောက်ကျရင် ကောင်းကောင်း လုပ်ပါ့မယ်... ငွေ ဆယ်တုံးဆိုရင်ကော ဘယ်လိုလဲဗျ...”
အဘွားကုက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။
“ကြေးပြား ငါးပြားနဲ့ရောင်းပေးရင်တောင် ငါ့မှာ ပေးဖို့ပိုက်ဆံ အပိုမရှိဘူး...”
ကျန့်တာ့ထိုက အလျင်အမြန်ပင် ပြောလိုက်ရရှာ၏။
“ကောင်းပါပြီ... ငါးပြားဆိုလည်း ငါးပြားပေါ့ဗျာ...”