ကြွားဝါခြင်း
Vol. 14 Ch. 134
ကုမင်တာ့သည် ဤမှင်ဆေးအိုးမှာ မည်မျှ အဖိုးတန်ကြောင်း သက်သေပြရန် စကားများစွာ ပြောခဲ့သော်လည်း နျိုနျိုကမူ ထိုပစ္စည်းကို ဖခင်ဖြစ်သူအား လက်ဆောင်အဖြစ်သာ အတင်း ပေးနေလေတော့သည်။
“လိမ္မာတဲ့ကလေးလေး... ဒီစုတ်ဆေးအိုးကို ရောင်းလိုက်ရင် ငွေတုံး တစ်သောင်း နှစ်သောင်းလောက် ရနိုင်တယ်လေ... နားလည်တတ်တဲ့သူနဲ့ တွေ့ရင် ဒီထက်တောင် ပိုရနိုင်သေးတယ်... ဒီပိုက်ဆံတွေရှိရင် သမီး ရှေ့လျှောက် ဘဝမှာ စားဝတ်နေရေးအတွက် ဘာမှ ပူစရာ မလိုတော့ဘူးလေ...”
ကုမင်တာ့က သမီးဖြစ်သူအား ထပ်မံ ရှင်းပြလိုက်ပြန်၏။
နျိုနျိုကမူ ခေါင်းမာလှပေသည်။
“ဘယ်လောက်ပဲ တန်ဖိုးရှိရှိ... ဒါက လက်ဆောင်ပဲလေ... နျိုနျိုက ဖေဖေ့ကို ပေးတာကို... ဖေဖေက ပိုက်ဆံအတွက် ပြန်ရောင်းမှာလားဟင်...”
ကုမင်တာ့မှာမူ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရရှာ၏။
နျိုနျိုက ထပ်မေးလိုက်ပြန်လေသည်။
“ဖေဖေက ရန်မင်းဆက် ထိုက်ကျုံး အကြောင်းတွေကို ဒီလောက် သိနေတာဆိုတော့... သူ့ကို အရမ်း သဘောကျတာ မဟုတ်လားဟင်...”
ကုမင်တာ့သည် သမီးဖြစ်သူ၏ ပါးနပ်မှုကို မမျှော်လင့်ထားဘဲ ပြန်ပြောလိုက်၏။
“ဖေဖေက မင်းဆက် မှားပြီး မွေးခဲ့မိတာကိုပဲ နောင်တရနေမိတာပါ... အကယ်၍ လွန်ခဲ့တဲ့ အနှစ်နှစ်ရာကသာ မွေးခဲ့ရင်... ဖေဖေ စာပေတွေကို ပစ်ထားခဲ့ပြီး စစ်ထဲဝင်မှာ သေချာတယ်... ထိုက်ကျုံး ဧကရာဇ်ရဲ့ လက်အောက်မှာ အမှုထမ်းပြီး မြက်ခင်းပြင်က လူတွေကို အတူတူ သွားတိုက်မှာပေါ့...”
နျိုနျိုသည် ကုမင်တာ့ စုတ်ဆေးအိုးကို ကြည့်နေသော မြတ်နိုးသည့် အကြည့်များကို မြင်တွေ့လိုက်ရသဖြင့် ပြောလိုက်လေသည်။
“ဒါကြောင့် နျိုနျို ဝယ်လာတဲ့ စုတ်ဆေးအိုးက မှန်ကန်တဲ့ လူဆီကို ရောက်သွားတာပေါ့... ဖေဖေက ဒီလက်ဆောင်ကို သေချာပေါက် တန်ဖိုးထားမှာပါ...”
သမီးဖြစ်သူမှာ တကယ်ကို အလိုက်သိလွန်းလှပေသည်။ ငွေတုံး ထောင်ချီတန်သော ပစ္စည်းမှာ သူမ၏ မျက်လုံးထဲတွင် ဖခင်ဖြစ်သူ သဘောကျမည့် လက်ဆောင်တစ်ခုသာ ဖြစ်နေသည် မဟုတ်ပါလား။
ဤမှင်ဆေးအိုးကို ကုမင်တာ့သည် ဗီရိုထဲတွင် ဂရုတစိုက် သိမ်းဆည်းထားလိုက်ပြီး စာဖတ်၍ ပင်ပန်းချိန်တွင်မှ ထုတ်ယူကြည့်ရှုလေ့ ရှိပေသည်။
ကျန်းယွင်နန်မှလွဲ၍ အခြားသူ မည်သူမျှ ဤမှင်ဆေးအိုးမှာ ငွေတုံး ထောင်ချီတန်သော ရှေးဟောင်း ပစ္စည်း ဖြစ်ကြောင်း မသိကြချေ
နဂါးလှေပွဲတော်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ကုမိသားစုဝင် အားလုံးမှာ ခရီးထွက်ရန် ပြင်ဆင်ကြလေသည်။ ကုယွင်သည် မြို့ဝန်ရုံးမှ ခွင့်ယူထားပြီး ကုမင်တာ့သည်လည်း စာအုပ်များကို ခေတ္တ ပိတ်ထားလိုက်၏။
မနက်စောစောစီးစီးတွင် မိသားစုဝင်များမှာ မြင်းလှည်းဖြင့် ချင်းရွှေရွာသို့ ပြန်လာခဲ့ကြကုန်သည်။
ချင်းရွှေရွာတွင် ကုမိသားစုဝင်များမှာ အလုပ်ရှုပ်နေကြချေပြီ။ ယနေ့သည် ညီလေးကုနောက်အိမ်ထောင်ပြုမည့် နေ့ ဖြစ်ပေသည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း ကုရှောင်ယာနှင့် ကုရှောင်ပေါင်တို့မှာ ကျန့်ချွေ့အာ နှင့် များစွာ ထိတွေ့မှု ရှိခဲ့ကြလေသည်။
ကုရှောင်ယာမှာမူ သူမ၏ ဖခင် နောက်အိမ်ထောင်ပြုခြင်းကို မကန့်ကွက်သော်လည်း ကုရှောင်ပေါင်မှာမူ မိခင်ဖြစ်သူ လျူအာနီကို ရုတ်တရက် ခွဲခွာလိုက်ရသဖြင့် ရက်အနည်းငယ်ကြာ ငိုယိုခဲ့သော်လည်း မကြာခင်မှာပင် ပြန်လည် ချော့မော့နိုင်ခဲ့လေသည်။
လျူမိသားစုမှာမူ စေတနာကောင်း မရှိကြပေ။ တစ်ရွာတည်းသားများ ဖြစ်ကြသဖြင့် လျူအာနီအား တောင်ပေါ်ရွာသို့ ဇနီးအဖြစ် မျှဝေသုံးစွဲရန် ရက်စက်စွာ ရောင်းစားခဲ့ကြသော်လည်း အားလပ်ချိန်များတွင် ကလေးနှစ်ဦးအား သွေးထိုးပေးရန် မမေ့ကြချေ။
သူတို့၏ စကားများထဲတွင် ညီလေးကုနှင့် ကျန့်ချွေ့အာ တို့ကိုသာ အပြစ်ပုံချနေကြခြင်းပင်။
ယနေ့ ကုမိသားစုမှာ ပျော်ရွှင်နေကြသော်လည်း လျူမိသားစုမှာမူ ဖိတ်ကြားခြင်း မခံရပေ။ သို့သော်လည်း သူတို့သည် အခွင့်အရေးရှာကာ ကလေးနှစ်ဦးအား ဖမ်းဆွဲပြီး ပေါက်ကရများ ပြောဆိုနေကြလေသည်။
“မိထွေး ရှိလာရင် ပထွေးလည်း ရှိလာမှာပဲ... နင်တို့ ဘဝကတော့ နောက်ကျရင် ဆိုးရွားတော့မှာပါပဲ...”
လျူအဖွားကြီးက ပြောရင်းနှင့်ပင် မျက်ရည်သုတ်ကာ သူတို့အား သနားသလို ဟန်ဆောင်နေလေသည်။
ကုရှောင်ပေါင်မှာ ငယ်သေးသဖြင့် စကားနားယောင်လွယ်သူ ဖြစ်ရာ ထိုစကားကို ကြားသောအခါ မျက်ရည်များ ဝေ့သီလျက် အစ်မဖြစ်သူ ကုရှောင်ယာအား လှမ်းကြည့်လိုက်လေသည်။
ကုရှောင်ယာမှာမူ နေရာတွင်ပင် မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်၏။
“တို့ရဲ့ မိထွေးက လူကောင်းပါ... သူက အရင်တုန်းက နျိုနျိုကိုတောင် အလုပ်တွေ ကူလုပ်ပေးဖူးတာလေ... သူ တို့အပေါ် မရက်စက်နိုင်ဘူးလို့ ငါ နင့်ကို အကြိမ်ပေါင်း ဆယ်ကျော်အောင် ပြောပြီးပြီလေ... ဘာလို့ ပြန်ငိုနေရပြန်တာလဲ...”
လျူအဖွားကြီးက ထပ်ပြောလိုက်ပြန်၏။
“နင်တို့ အဖေက ဒီလောက် မြန်မြန် နောက်အိမ်ထောင်ပြုတာ... ကျန့်ချွေ့အာ နဲ့ ကွယ်ရာမှာ ဘာတွေ ဖြစ်နေလဲ ဘယ်သူသိမှာလဲ... ငါ့သမီးလေးကိုပဲ သနားပါတယ်... သူ ဘာမှ အမှားမလုပ်ဘဲနဲ့ အိမ်က နှင်ထုတ်ခံလိုက်ရတာလေ...”
ကုရှောင်ယာသည် ထိုစကားများကို နားငြီးနေပြီဖြစ်ရာ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်လေသည်။
“သူ ဘယ်လောက် မြန်မြန် ယူယူ... အမေ့လောက်တော့ မမြန်ပါဘူး... အမေက အိမ်က ပိုက်ဆံတွေကို ခိုးသွားလို့ အိမ်က ထွက်သွားရတာလေ... အဲ့ဒါ အမေ့အမှားပဲ... အမေ့ရဲ့ အကြီးမားဆုံး အမှားကတော့ အဘွားရဲ့ သမီး ဖြစ်နေတာပဲ... နေ့တိုင်း ဦးလေးတွေအတွက် ပစ္စည်းတွေ ခိုးပေးနေတာကိုး...”
လျူအဖွားကြီးသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းမှ မီးခိုးထွက်လုနီးပါး ဖြစ်သွားပြီး ပြောလိုက်လေသည်။
“ဒီကလေး... လူကြီးကို ဘယ်လို စကားပြောနေတာလဲ...”
လျူအဖွားကြီးသည် သူမ၏ သမီးအရင်းကိုပင် တန်ဖိုးမထားသူ ဖြစ်ရာ မြေးမလေးကိုလည်း ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သူမသည် လက်မြှောက်ကာ ရိုက်ရန် ပြင်လိုက်လေတော့သည်။
ကုရှောင်ယာ ထွက်မပြေးနိုင်မီမှာပင် သူမ၏ ဘေးမှ လူရိပ်တစ်ခု ပြေးထွက်လာလေသည်။
“သွားစမ်း... တို့မိသားစုနှစ်ခုက ဆက်ဆံရေး ပြတ်သွားတာ ကြာပြီလေ... ငါ့မြေးမလေးကို ဖမ်းဆွဲပြီး ပေါက်ကရတွေ လာပြောမနေနဲ့...”
နျိုနျိုက အစ်မရှောင်ယာကို ရှာမတွေ့ကြောင်း မပြောခဲ့လျှင် အဖွားကုသည် လာရှာဖို့ စဉ်းစားမိမှာ မဟုတ်ပေ။
အဘွားအိုသည် လျူအဖွားကြီးကို မြင်သည်နှင့် ရင်ထဲမှ ဒေါသများ ထွက်ပေါ်လာပြီး တံမြက်စည်းကို ဆွဲကာ ရိုက်နှက်လေတော့သည်။
လျူအဖွားကြီးမှာ မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်၏။
“ဒီ အယုတ်တမာအဘွားကြီး... နင်တို့အိမ်မှာ ဒီနေ့ မင်္ဂလာပွဲ ရှိနေတာကို ဘာလို့ လူကို လာရိုက်နေတာလဲ... ရွာသားတွေကို သွားတိုင်လိုက်မယ်...”
အဖွားကုမှာမူ သူမ၏ စကားကို နားထောင်ရန် စိတ်မရှည်တော့ပေ။ ဘာပဲဖြစ်ဖြစ် မိသားစု နှစ်ခုမှာ ရန်သူလို ဖြစ်နေကြပြီ မဟုတ်ပါလား။ မြေးများကလည်း ဤအဘွားကို အဘွားဟု မသတ်မှတ်ကြတော့သဖြင့် သူမသည် တံမြက်စည်းဖြင့် ဆက်လက် ရိုက်နှက်လေတော့သည်။
နျိုနျိုက ဘေးမှနေ၍ အော်ဟစ်လိုက်လေသည်။
“သမီးအဘွားက အယုတ်တမာအဘွားကြီး မဟုတ်ဘူး... အဘွားကမှ အယုတ်တမာအဘွားကြီးပဲ... အစ်မရှောင်ယာကို အနိုင်ကျင့်နေလို့ အဘွားက ရိုက်တာပဲ...”
ကုရှောင်ယာက နျိုနျိုကို တင်းကျပ်စွာ ဆွဲမထားလျှင် နျိုနျိုသည်လည်း တံမြက်စည်း တစ်ခု ရှာပြီး စစ်မြေပြင်ထဲ ဝင်ရောက်သွားပေလိမ့်မည်။
အဖွားကုသည် လျူအဖွားကြီးကို မိုင်ဝက်ခန့်အထိ အတင်း လိုက်လံ ရိုက်နှက်လေသည်။ လူများ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း သိလိုက်ရမှ တံမြက်စည်းကို ကိုင်ကာ အားပါပါဖြင့် ပြန်လျှောက်လာခဲ့လေ၏။
အိမ်ရှေ့သို့ ရောက်သောအခါ နေပူစာလှုံရင်း မင်္ဂလာအရက်ကို စောင့်စားနေကြသော အဘွားအိုတစ်စုကို တွေ့လိုက်ရလေသည်။
အဖွားကုသည် တံမြက်စည်းကို ချလိုက်ပြီး ပြောလိုက်၏။
“ဖယ်ကြစမ်း... ဖယ်ကြစမ်း...”
အဘွားအိုများမှာ ကျွမ်းကျင်စွာပင် ဘေးသို့ တိုးပေးလိုက်ကြပြီး အဖွားကု ထိုင်ရန် နေရာပေးလိုက်ကြကုန်၏။
“ပညာရှိအမေကြီး... အခုတော့ ကောင်းစားနေရပြီပေါ့နော်... သားနောက်ကို လိုက်ပြီး မြို့ထဲကိုတောင် ရောက်နေပြီဆိုတော့...”
“ဘဝက ကောင်းလွန်းတော့ အားလုံးက ဝကစ်နေကြတာပဲနော်...”
“အို... အင်္ကျီကလည်း ကြည့်လို့ အရမ်းကောင်းတာပဲ... ဈေးမပေါလောက်ဘူး မဟုတ်လား...”
အဘွားအိုများက တစ်ဦးတစ်ပေါက် ဝိုင်း၍ ပြောဆိုနေကြလေသည်။
အဖွားကုသည် ခေါင်းကို အနည်းငယ် မော့ထားလိုက်၏။ သူမသည် အဝတ်အစား အသစ်များဖြင့် ရွာကို ပြန်လာခြင်းမှာ သားဖြစ်သူ၏ မင်္ဂလာအရက် သောက်ရန် သက်သက်သာ မဟုတ်ပေ။
ဤအခိုက်အတန့်တွင် ရွာမှ အဘွားအိုများကို သူမသည် ယခုအခါ မြို့သူ တစ်ဦး ဖြစ်နေပြီ ဖြစ်ကြောင်း ကြွားဝါလိုခြင်း ပင် ဖြစ်ချေသည်။ သူမသည် တကယ်ကို ကြီးကျယ်နေချေပြီ။
“ဒီအင်္ကျီက နျိုနျိုလေးက ကျေးဇူးဆပ်တဲ့အနေနဲ့ ဝယ်ပေးတာလေ... မဝယ်ပါနဲ့လို့ တားတာကို... ဒီကလေးက ဇွဲကောင်းလွန်းလို့လေ... ဒီအင်္ကျီက ဈေးကြီးလိုက်တာ... ငွေ နှစ်တုံးတောင် ပေးရတာလေ... အမှန်တော့ မြို့ထဲမှာ နေရတာလည်း သိပ်မကောင်းပါဘူး... စားတာကအစ အကုန် ပိုက်ဆံပေးဝယ်နေရတာဆိုတော့... ကုန်ကျစရိတ်က အများကြီးပဲလေ...”
အဖွားကုက ညည်းတွားသလို ဟန်ဆောင်ကာ အစွမ်းကုန် ကြွားဝါလေတော့သည်။
“ညည်းဘဝကတော့ ကံကောင်းပါတယ်... ယောက်ျားကလည်း ချစ်၊ သားကလည်း လိမ္မာတယ်လေ...”
“နျိုနျိုလေးကလည်း အခုဆိုရင် တကယ် တော်နေပြီနော်... ခုနက မြင်လိုက်တာတောင် မမှတ်မိတော့ဘူး... မျက်နှာလေးက ဖြူဖွေးပြီး ဝတ်စားထားတာလည်း သန့်ပြန့်နေတာပဲ... ဆံပင်မှာလည်း ငွေခေါင်းလောင်းလေး ချိတ်ထားသေးတယ်... မြို့က သူဌေးအိမ်က သခင်မလေးလို့တောင် ထင်ရတယ်လေ...”
“ဟုတ်တယ်... ဘယ်သူက ထင်မှာလဲ... ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးမလေးကို အဲ့ဒီ လူယုတ်မာ ကျန်းကွမ်ကျုံး က သတ်မလို့ လုပ်ခဲ့တာကိုး... ငါ ပြောချင်တာကတော့... ညည်းတို့ မိသားစုက စိတ်ထားကောင်းလို့သာ ကလေးကို ဒီလောက်အထိ ကောင်းအောင် ပြုစုနိုင်တာပေါ့...”
ကျန်းကွမ်ကျုံး၏ နာမည်ကို ရုတ်တရက် ကြားလိုက်ရသဖြင့် အဖွားကုမှာ ခဏတာ ကြောင်သွားပြီးနောက် ထိုသူ၏ ကံကြမ္မာကို ပြန်လည် စဉ်းစားမိသောအခါ အရာအားလုံးမှာ အတိတ်ဘဝက အဖြစ်အပျက်များကဲ့သို့ ခံစားလိုက်ရလေသည်။
“တို့ နျိုနျိုလေးက ကံကောင်းစေတဲ့ ကလေးလေးလေ... ဘယ်အိမ်ကိုပဲ ရောက်ရောက် စီးပွားတက်စေတာပေါ့...”
အဖွားကုက နျိုနျိုနှင့် ကျန်းမိသားစုကို ပတ်သက်ပြောဆိုသည်ကို မနှစ်သက်သဖြင့် ပြန်ပြောလိုက်လေသည်။
အဘွားအို တစ်စုက သက်ပြင်းချလိုက်ကြ၏။
“ဒါလည်း ညည်းတို့က စိတ်ထားကောင်းပြီး နျိုနျိုအပေါ် စိတ်ရင်းနဲ့ ကောင်းခဲ့လို့ပါ... အခု အဖွားစိုင် ဘယ်လောက် သနားစရာကောင်းနေလဲဆိုတာ ညည်းတို့ မသိဘူး မဟုတ်လား... သူ့သားက နယ်နှင်ဒဏ် ခံရ၊ မြေးကလည်း ပျောက်သွား၊ သမီးနဲ့ သမက်ကိုလည်း အားကိုးလို့ မရဘူးလေ... ပြီးခဲ့တဲ့လက သူ့ရဲ့ သားကို သွားရှာမယ်ဆိုပြီး... အိမ်က အုတ်တွေကို ဈေးပေါပေါနဲ့ ရောင်းလိုက်ရတယ်လေ... အသက်ကြီးမှ အမြစ်ပြတ် သွားရရှာတာပေါ့...”
အဖွားစိုင် အကြောင်းကို ပြောမိသောအခါ လူတိုင်းမှာ သက်ပြင်းချလိုက်မိကြကုန်၏။ အဘွားအို တစ်ဦးအနေဖြင့် အသက်ကြီးမှ ကိုယ့်ရပ်ကိုယ်ရွာကို စွန့်ခွာသွားရခြင်းမှာမူ မည်သည့်နေရာတွင် သေဆုံးပြီး မြေမြှုပ်ခံရမည်ကိုပင် မသိနိုင်တော့ချေ။
အဖွားကုမှာမူ ဤကဲ့သို့ ပျော်ရွှင်စရာ နေ့ကောင်းရက်မြတ်တွင် မကောင်းသော စကားများကို မကြားချင်တော့ပေ။ သူမသည် ဆံပင်ကို မသိမသာ သပ်လိုက်ပြီး သူမ၏ ဦးခေါင်းပေါ်မှ ရွှေဆံထိုးကို လူတိုင်း မြင်တွေ့နိုင်အောင် လုပ်ဆောင်လိုက်လေသည်။
“အို... ဒါ ရွှေဆံထိုးကြီး မဟုတ်လား... ညည်းကတော့ တကယ်ပဲ မြေပိုင်ရှင် အဘွားကြီးထက်တောင် ပိုပြီး ဝတ်စားနိုင်နေပြီနော်...”
အဘွားအို တစ်စုမှာ အဖွားကုကို ဝိုင်းအုံကာ မေးမြန်းနေကြတော့၏။
သူငယ်ချင်းဟောင်းများ၏ အားကျမှုကို ရရှိပြီးနောက် အဖွားကုမှာ အားမရသေးဘဲ တမင်တကာ ပြောလိုက်ပြန်လေသည်။
“ငါလည်း အသက်ကြီးပါပြီ... ရွှေတွေ ငွေတွေ မဆင်ချင်တော့ပါဘူး... ဒါပေမဲ့ ငါ့အဘိုးကြီးက ငါ့ကို အလှပြင်ခိုင်းချင်နေတာလေ... ဒီရွှေဆံထိုးက ကွမ်ဖူကစားရင်းနဲ့ ရခဲ့တာလေ... ညည်းတို့ ကွမ်ဖူ ဆိုတာကို နားလည်ကြရဲ့လား...”
အဖွားကု ဂုဏ်ယူဝင့်ကြွားနေစဉ်မှာပင် တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
“ထမင်းဝိုင်း စပြီဗျို့...”
အဘွားအို တစ်စုမှာမူ အဖွားကု ကြွားဝါနေသည်ကို ဆက်လက် နားမထောင်တော့ဘဲ ချက်ချင်းပင် ခြံဝင်းအတွင်းရှိ စားသောက်ပွဲသို့ အလုအယက် တိုးဝှေ့ ဝင်ရောက်သွားကြလေတော့သည်။