← Chapters

အိပ်မက်ဆိုးများ

Vol. 14 Ch. 137

အိပ်မက်ဆိုးများ

Vol. 14 Ch. 137

ကုမင်တာ့သည် ထိုစကားကို ကြားလိုက်ရသည်နှင့် သူ၏ လက်သီးများမှာ ချက်ချင်းပင် တင်းခနဲ ဖြစ်သွားလေတော့သည်။

စွန်းကျားရှင်းသည် သူ၏ သူငယ်ချင်း မျက်နှာပျက်သွားသည်ကို မြင်လိုက်ရသဖြင့် စကားကို ချက်ချင်း ပြင်လိုက်လေသည်။

“ညီလေးကု... သမီးအရင်း အဖြစ် မဟုတ်ရင်တောင်... မွေးစားသမီးအဖြစ် လက်ခံခွင့် ပေးပါဦးဗျာ...”

နျိုနျိုသည် သူ၏ အသက်ကိုသာမက သူ၏ ဇနီးနှင့် သားလေး၏ အသက်ကိုပါ ကယ်တင်ပေးခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့ကြားတွင် တရားဝင် ပတ်သက်မှုတစ်ခု ရှိနေလျှင် သူတို့လင်မယား အနေဖြင့် နျိုနျိုအပေါ် အတင်းအဖျင်းများ မကြောက်ဘဲ ပို၍ ကောင်းမွန်စွာ ဆက်ဆံနိုင်မည်ဟု သူက ယူဆထားပေသည်။

ကျန်းယွင်နန်က ကုမင်တာ့၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်လေသည်။

ကုမင်တာ့ အနည်းငယ် စိတ်အေးသွားမှ ပြောလိုက်၏။

“နျိုနျို သဘောတူ မတူကို အရင်မေးရမှာပေါ့...”

နျိုနျိုသည် လူကြီးများကို ဒုက္ခပေးမည့် ကလေးမျိုး မဟုတ်ပေ။ စွန်းကျားရှင်းက ကမ်းလှမ်းလာမှတော့ သူမကလည်း ငြင်းဆန်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ကုမင်တာ့မှာမူ သူ၏ သူငယ်ချင်းအား မိမိ၏ ကလေးကို လုယူမည့်သူ တစ်ဦးကဲ့သို့ မကြည်မလင် ကြည့်နေဆဲပင်။

စွန်းကျားရှင်းမှာမူ အပြစ်ရှိသလို ခံစားနေရသော်လည်း မွေးစားသမီးတစ်ဦး ရရှိလိုက်သဖြင့် ပျော်ရွှင်နေလေသည်။ ယခုအခါ ကတိစကား အရင်ပေးထားကြပြီး ကုမင်တာ့ စာမေးပွဲ အောင်မြင်ပြီးနောက်မှသာ နှစ်ဖက်မိသားစု တရားဝင် ဧည့်ခံပွဲ လုပ်ရန် သဘောတူလိုက်ကြကုန်၏။

ကုမိသားစုဝင်များ အထုပ်အပိုး ပြင်ဆင်နေချိန်တွင် ဧည့်သည်ဖြစ်သူ စွန်းကျားရှင်းမှာမူ ကလေးကို ချော့မြူနေခြင်း၌သာ အာရုံရောက်နေလေသည်။

“လိမ္မာတဲ့ကလေးလေး... အဖေ လို့ တစ်ခါလောက် ထပ်ခေါ်ပါဦးလေ...”

စွန်းကျားရှင်းက နျိုနျိုကို ဆွဲကာ မလွှတ်တမ်း ပြောနေလေသည်။

နျိုနျိုကမူ စိတ်မရှည်ဘဲ ခေါ်ပေးလိုက်ရှာ၏။

“သမီးရဲ့ မွေးစားအဖေ..”

စွန်းကျားရှင်းသည် ကုမင်တာ့ သတိမထားမိချိန်တွင် တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

“နျိုနျိုလေး... အဖေ လို့ပဲ ခေါ်ပါဦး...”

နျိုနျိုသည် မွေးစားသမီးအဖြစ် လက်ခံထားသော်လည်း သူမ၏ စိတ်ထဲတွင် ပထမဆုံးသော အဖေမှာ ကုမင်တာ့သာ ဖြစ်ပေသည်။

“မရဘူးလေ... ဖေဖေက မှာထားတယ်... ဦးလေးကို သမီးရဲ့ မွေးစားအဖေ လို့ပဲ ခေါ်ရမယ်တဲ့...”

စွန်းကျားရှင်းသည် ကုမင်တာ့က ကြိုတင် ကာကွယ်ထားမှန်း မသိသဖြင့် နှမြောတသ ဖြစ်သွားရရှာ၏။

စွန်းကျားရှင်းသည် ကုမိသားစုနှင့်အတူ အကြာကြီး နေရန် အစီအစဉ် မရှိဘဲ ကျန်းကျိုးပြည်နယ်သို့ အလုပ်ကိစ္စဖြင့် သွားရန် ရှိသဖြင့် အတူတူ လိုက်ပါလာခြင်း သာ ဖြစ်ပေသည်။

ကုမင်တာ့သည် အထုပ်အပိုးများ ပြင်ဆင်ပြီးနောက် မြို့ဝန်ရုံးသို့ သွားကာ မြို့ဝန်မင်း ဝူ အား နှုတ်ဆက်လိုက်ပြီး၊ ကလေးများကိုလည်း လော်မိသားစုထံ ခေါ်သွားကာ နှုတ်ဆက်ခိုင်းလေသည်။

ကိစ္စအဝဝ ပြေလည်သွားသောအခါ ကုမိသားစုဝင်များမှာ ခရီးစတင်ခဲ့ကြကုန်၏။

အဘိုးအိုလင်မယားနှင့် လျူရှောင်ရူတို့မှာ မိသားစုဝင်များ ထွက်ခွာသွားသည်ကို မြို့ပြင်မှနေ၍ လိုက်လံ ကြည့်ရှုနေကြလေသည်။

ယခုတစ်ကြိမ် ခရီးစဉ်မှာလည်း ကုန်သည်အဖွဲ့နှင့်အတူ လိုက်ပါခြင်း ဖြစ်သော်လည်း လမ်းကြောင်းမှာ ကျန်းကျိုးပြည်နယ်ဘက်သို့ဖြစ်၏။

နျိုနျိုက နှမြောတသဟန်ဖြင့် ပြောလိုက်လေသည်။

“အဖေစွန်း ရဲ့ အိမ်ကို ဝင်လည်ပြီး ချန်ရှိုးလေးကို တွေ့ရမယ်လို့ ထင်နေတာ... သူ့အတွက် လက်ဆောင်တောင် ပြင်ထားတာကို...”

စွန်းကျားရှင်းက ပြုံးလျက် မေးလိုက်၏။

“လိမ္မာတဲ့ကလေးလေးက ဘာလက်ဆောင် ပြင်ထားတာလဲဟင်... အဖေ့ကို ပြပါဦး...”

သူကိုယ်သူ "အဖေ" ဟု သုံးနှုန်းလိုက်သည်နှင့် ကုမင်တာ့ထံမှ စူးရှသော အကြည့်တစ်ချက်ကို စွန်းကျားရှင်း ရရှိလိုက်သော်လည်း သူကမူ ဂရုမစိုက်ဘဲ ဆက်လက် ဆော့ကစားနေလေသည်။

နျိုနျိုသည် သူမနှင့်အတူ ပါလာသော အထုပ်ငယ်လေးကို ဖွင့်ပြလိုက်ရာ အတွင်း၌ သစ်သားဖြင့် လုပ်ထားသော ဘေးကင်း အဆောင်တစ်ခု ပါရှိလေသည်။

“ဒါက အဘိုးကို ထွင်းခိုင်းထားတာလေ... ချန်ရှိုးလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပါစေလို့ ဆုတောင်းပေးမလို့ပါ...”

နျိုနျိုက ပြောပြလေသည်။

ထိုအဆောင်မှာ ကြေးပြား နှစ်ပြားခန့် အရွယ်အစားရှိပြီး ပါးလွှာကာ အနီရောင်ကြိုးလေးဖြင့် သီထားလေသည်။ တန်ဖိုးကြီး သစ်သား မဟုတ်သော်လည်း လက်ရာမှာမူ အလွန် အနုစိတ်ပြီး စေတနာ အပြည့်ပါဝင်ကြောင်း သိသာလှပေသည်။

ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်၏။

“အဖေ သစ်ထွင်းဓားနဲ့ သစ်သားတွေ ခြစ်နေတာကို ခဏခဏ မြင်သားပဲ... ဘာတွေ ထွင်းနေမှန်း မသိခဲ့ဘူး... အခုမှ သိတော့တယ်... သမီးအတွက်တွေ ထွင်းပေးနေတာကိုး...”

နျိုနျိုက ရှင်းပြလိုက်လေသည်။

“မေမေ... အဘိုးက သမီး တစ်ယောက်တည်းအတွက် ထွင်းပေးတာ မဟုတ်ပါဘူး... တချို့ဟာတွေကို ရောင်းပြီး တို့တွေအတွက် မုန့်တွေ ဝယ်ပေးတာလေ...”

နျိုနျို ဤအိမ်သို့ ရောက်လာကတည်းက စိတ်မနှံ့သော အဘိုးကုမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ကျန်းမာ လန်းဆန်းလာခဲ့သည် မဟုတ်ပါလား။

အရင်တုန်းက ရွာမှာဆိုလျှင် အဘိုးအိုသည် စိတ်မနှံ့သော အချိန်က များပြီး ယခုအခါတွင်မူ သတိရှိသော အချိန်က ပို၍ များပြားလာချေပြီ။

စွန်းကျားရှင်းသည် ထိုအဆောင်ကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ပြောလိုက်လေသည်။

“ဒါဆိုရင် အဖေက ချန်ရှိုးလေးကိုယ်စား နျိုနျိုလေးကို ကျေးဇူးတင်ပါတယ်နော်...”

စွန်းကျားရှင်းသည် ကလေးလုသည့် ကိစ္စမှလွဲလျှင် အလွန် စကားပြောကောင်းသူ တစ်ဦး ဖြစ်ပေသည်။ သူသည် ဗဟုသုတ ကြွယ်ဝပြီး အတိတ်၊ ပစ္စုပ္ပန် အကြောင်းအရာများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်လေသည်။ သူသည် သမိုင်းကြောင်းများကို ပုံပြင်သဖွယ် ပြောပြတတ်သဖြင့် ကုကျောက်နှင့် နျိုနျိုတို့မှာ သူ့အား ဝိုင်းအုံနေကြကုန်၏။

ထိုအခြေအနေကြောင့် ကုမင်တာ့မှာ မနာလို ဖြစ်နေသော်လည်း အောင့်သက်သက်နှင့် ဘာမှ မပြောဘဲ အောင့်ထားရလေတော့သည်။

တည်းခိုခန်းတစ်ခုသို့ ရောက်၍ အနားယူချိန်တွင် ကျန်းယွင်နန်က တိုးတိုးလေး ပြောလိုက်၏။

“လိမ္မာတဲ့ကလေးလေး... သမီးက အဖေစွန်း အနားမှာပဲ ကပ်နေတော့... သမီးဖေဖေက စိတ်ကောက်နေပြီလေ...”

နျိုနျို မျက်လုံးပြူးသွားပြီး မေးလိုက်လေသည်။

“ဖေဖေက ဘာလို့ စိတ်ကောက်တာလဲဟင်... သမီးက နှစ်ယောက်စလုံးကို အချစ်ဆုံးပဲလေ...”

ကျန်းယွင်နန်သည် ထိုစကားကြောင့် စိတ်လက် ပေါ့ပါးသွားသော်လည်း ဆက်ပြောလိုက်၏။

“ဖေဖေက သမီး စိတ်ထဲမှာ အဖေစွန်းက သူ့ထက် ပိုတော်တယ်လို့ ထင်သွားမှာကို ကြောက်နေတာလေ...”

နျိုနျိုသည် ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းယွင်နန်၏ ရင်ခွင်ထဲမှ ဆင်းကာ ကုမင်တာ့ ရှိရာ အခန်းသို့ ပြေးဝင်သွားလေတော့သည်။

ကုမင်တာ့သည် စာစီစာကုံး တစ်ပုဒ် ရေးသားနေစဉ်မှာပင် ပန်းရောင် ဝတ်စုံလေးနှင့် အလုံးလေး တစ်လုံးမှာ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာလေ၏။

“ဖေဖေ... ဖေဖေက သမီး အချစ်ဆုံး ဖေဖေပဲနော်...”

နျိုနျိုက ကလေးသံလေးဖြင့် ပြောလိုက်လေသည်။

ကုမင်တာ့မှာ ထိုစကားကြောင့် ကြောင်အသွားရရှာ၏။

“ဖေဖေ... ပျော်ပျော်နေနော်...”

နျိုနျိုက ပြုံးလျက် ပြောလိုက်လေသည်။

ကုမင်တာ့သည် နျိုနျိုကို ပွေ့ချီလိုက်ပြီး တံခါးဝတွင် ပြုံးလျက် ရပ်နေသော ကျန်းယွင်နန်ကို လှမ်းကြည့်လိုက်လေသည်။

နှစ်ပေါင်းများစွာအတွင်း လင်မယားနှစ်ယောက်မှာ တစ်ဦး၏ အတွေးကို တစ်ဦးက စကားပြောစရာ မလိုဘဲ သိနားလည်နေကြပြီ ဖြစ်ပေသည်။

ကုမင်တာ့သည် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူ ဖြစ်သော်လည်း စွန်းကျားရှင်းနှင့် တွေ့သောအခါ တဖက်လူမှာ ဒုတိယဆု ရထားသူ ဖြစ်ပြီး ပညာလည်း တတ်၊ စကားလည်း ပြောတတ်သဖြင့် နျိုနျို၏ စိတ်ထဲတွင် နှိုင်းယှဉ်ခံရမှာကို စိုးရိမ်နေမိခြင်းပင်။

ယခုအခါ ကုမင်တာ့၏ စိုးရိမ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားရလေတော့၏။ သူသည် သူ၏ ဇနီးအား စိတ်ထဲမှနေ၍ ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်လေသည်။

ညဘက်တွင် နျိုနျိုသည် မိဘနှစ်ပါး၏ ကြားတွင် အိပ်စက်လေသည်။

သို့သော်လည်း ထိုညတွင် ကလေးမလေးမှာ ကောင်းမွန်စွာ မအိပ်စက်နိုင်ဘဲ ရှိနေ၏။

သန်းခေါင်ယံအချိန်တွင် သူမသည် ရုတ်တရက် ငိုယိုကာ နိုးလာလေတော့သည်။

“နျိုနျို... ထတော့လေ... ထတော့...”

ကျန်းယွင်နန်သည် သမီးဖြစ်သူအား ညင်သာစွာ နှိုးလိုက်လေသည်။

နျိုနျို မျက်လုံးဖွင့်လိုက်ပြီးနောက် မှောင်မိုက်နေသော အခန်းထဲတွင် မိခင်ဖြစ်သူ၏ ရနံ့ကို ရလိုက်သည်နှင့် သူမ၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်လိုက်လေ၏။

“လိမ္မာတယ်... မကြောက်နဲ့တော့နော်... မေမေတို့က သမီး ဘေးမှာ ရှိနေတာပဲလေ...”

ကျန်းယွင်နန်က နူးညံ့စွာ ချော့မော့လိုက်လေသည်။

ကုမင်တာ့သည်လည်း သမီးဖြစ်သူ၏ ကျောလေးကို ညင်သာစွာ ပုတ်ပေးနေမိ၏။

“သမီး အိပ်မက်ဆိုး မက်လို့ပါ... ဟီး...”

နျိုနျိုသည် အိပ်မက်ထဲမှ အဖြစ်အပျက်များကို ပြန်တွေးမိပြီး ဆက်လက် ငိုယိုနေမိလေသည်။

နျိုနျို၏ ထူးခြားသော အစွမ်းကို ထားလိုက်ဦး၊ ကလေးဖြစ်သူ ဤမျှအထိ ဝမ်းနည်းနေသည်ကို မြင်ရလျှင် မိဘများမှာလည်း စိတ်မကောင်း ဖြစ်ရသည်မှာ သဘာဝကျပေသည်။

“အိပ်မက်ဆိုတာ လက်တွေ့နဲ့ ပြောင်းပြန် ဖြစ်တတ်တာပဲလေ... မကြောက်နဲ့တော့နော်...”

ကျန်းယွင်နန်က ဆက်လက် ချော့မော့နေမိ၏။

နျိုနျိုသည် အကြာကြီး ရှိုက်ငိုနေပြီးမှ အကြောင်းကိစ္စကို သတိရဟန်ဖြင့် ပြောလိုက်လေသည်။

“မနက်ဖြန် မနက်ကျရင် မိုးသည်းသည်းထန်ထန် ရွာလိမ့်မယ်... သမီးတို့တွေ ဒီမှာ ပိတ်မိသွားလိမ့်မယ်... တောင်ပြိုပြီး လူတွေ အများကြီး မြေပိကုန်လိမ့်မယ်...”

ကုမင်တာ့သည် ထိုစကားကို ကြားလိုက်ရသည်နှင့် အိပ်ရာထဲတွင် ဆက်မနေနိုင်တော့ဘဲ အဝတ်အစားများကို ချက်ချင်း ဝတ်ဆင်ကာ ထလိုက်လေသည်။

“ကိုယ် အခုပဲ အဖွဲ့ခေါင်းဆောင် ချင်ကို သွားခေါ်လိုက်မယ်... တို့တွေ အခုချက်ချင်း ခရီးဆက်ပြီး နောက်ထပ် နားလို့ရမယ့် နေရာအထိ အမြန် သွားကြရအောင်... လမ်းဘေးက တည်းခိုစခန်းက လူတွေကိုလည်း ကြိုတင် ရှောင်ရှားနိုင်အောင် အသိပေးလိုက်မယ်လေ...”

ကုမင်တာ့က ပြောလိုက်၏။

သူသည် ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ပွားလိမ့်မည်ဟု မယုံကြည်လိုသော်လည်း၊ သမီးဖြစ်သူ၏ အိပ်မက်များမှာ အမြဲတမ်း မှန်ကန်နေတတ်သည် မဟုတ်ပါလား။ တည်းခိုစခန်းတွင်လည်း လူအနည်းငယ်သာ ရှိသဖြင့် ဖျောင်းဖျရန် မခက်ခဲလှပေ။

ကျန်းယွင်နန်ကလည်း ချက်ချင်းပင် ပြောလိုက်လေသည်။

“မိုးမလင်းခင်မှာပဲ ခရီးထွက်ကြမှာဆိုတော့... ကျွန်မ ပစ္စည်းတွေကို အမြန် သိမ်းလိုက်ပါ့မယ်... ပြီးမှ ကလေးတွေကို နှိုးလိုက်မယ်လေ...”

လင်မယားနှစ်ယောက်မှာ အချိန်တိုအတွင်းမှာပင် ဆုံးဖြတ်ချက် ချမှတ်လိုက်ကြကုန်၏။ တစ်ဦးနှင့်တစ်ဦး ငြင်းခုံခြင်း မရှိဘဲ ပြတ်သားစွာ လုပ်ဆောင်ကြလေတော့သည်။

ကုမင်တာ့ ပထမဆုံး သွားနှိုးသောသူမှာ စွန်းကျားရှင်း ဖြစ်ပေသည်။

“အခုပဲ သွားကြမလို့လား... ညီလေးကု... မင်း စိတ်များ ကစဉ့်ကလျား ဖြစ်နေတာလားဟင်...”

စွန်းကျားရှင်းသည် စောင်ကို ခြုံလျက် တံခါးကို မနည်း ဖွင့်ပေးပြီးနောက် ကုတင်ပေါ်သို့ ပြန်လှဲရန် ပြင်လိုက်လေသည်။

ကုမင်တာ့ကမူ တိုတိုရှင်းရှင်းပင် ပြောလိုက်၏။

“နျိုနျို အိပ်မက်ဆိုး မက်လို့ပါ...”

စွန်းကျားရှင်း၏ အိပ်ချင်စိတ်များမှာ ချက်ချင်းပင် လွင့်ပါးသွားတော့၏။ သူသည် ကုတင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး ပြောလိုက်လေသည်။

“သွားကြမယ်... မြန်မြန် သွားကြမယ်... ဒီနေရာမှာ နေလို့ လုံးဝ မဖြစ်တော့ဘူး...”

All Chapters