← Chapters

မိုးသည်းထန်စွာ ရွာသွန်းခြင်း

Vol. 14 Ch. 138

မိုးသည်းထန်စွာ ရွာသွန်းခြင်း

Vol. 14 Ch. 138

စွန်းကျားရှင်း၏ တုံ့ပြန်မှုမှာ ကုမင်တာ့ မျှော်လင့်ထားသည်ထက် ပို၍ မြန်ဆန်လှပေသည်။

“အစ်ကိုစွန်း... အထုပ်အပိုးတွေ သိမ်းဖို့ မလောပါနဲ့ဦး... ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါဦး... အဖွဲ့ခေါင်းဆောင် ချင် နဲ့ တည်းခိုစန်းမှူး တို့ကို အတူတူ သွားဖျောင်းဖျကြရအောင်...”

ကုမင်တာ့သည် စွန်းကျားရှင်းကို အဖော်ခေါ်ရခြင်းမှာ အကြောင်းရင်း ရှိပေသည်။ စွန်းကျားရှင်းသည် အစိုးရစာမေးပွဲတွင် ဒုတိယဆု ရရှိထားသော ပညာရှိတစ်ဦး ဖြစ်သဖြင့် မျက်နှာပန်းပွင့်လှရာ အခြားသူများကို ပြောဆိုရာတွင် ပို၍ လွယ်ကူစေရန်ပင်။

စွန်းကျားရှင်းသည် အထုပ်ပြင်နေသော လက်များကို ရပ်တန့်လိုက်ပြီး မေးလိုက်လေသည်။

“ကျုံးတယ်... သူတို့ကို ဘယ်လို ဖျောင်းဖျမလို့လဲ... နျိုနျို အကြောင်းတော့ ထည့်မပြောဘူး မဟုတ်လား...”

စွန်းကျားရှင်းသည် နျိုနျို၏ ထူးခြားသော အစွမ်းကို သိထားသူ ဖြစ်ပေသည်။ သူသည် နျိုနျိုအား လူအများ၏ အာရုံစိုက်ခြင်းကို မခံစေလိုသလို သူ၏ မွေးစားသမီးလေးအား အန္တရာယ်နှင့်လည်း မတွေ့စေလိုချေ။ အကယ်၍ ထိုပညာရှိကြီးများသာ နျိုနျိုတွင် ဤကဲ့သို့ စွမ်းအားရှိကြောင်း သိသွားပါက မည်သို့ ပြုမူကြမည်ကို မည်သူမျှ ခန့်မှန်းနိုင်ခြင်း မရှိပေ။

ကုမင်တာ့သည်လည်း စွန်းကျားရှင်းထက်ပင် နျိုနျိုကို ပို၍ ချစ်မြတ်နိုးသူ ဖြစ်ရာ ထိုအမှန်တရားကို ကောင်းစွာ နားလည်ထားလေသည်။

“ကျွန်တော်ပဲ အိပ်မက်ဆိုး မက်တယ်လို့ ပြောလိုက်ပါ့မယ်...”

စွန်းကျားရှင်းသည် ထိုစကားကို ကြားသောအခါ ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်၏။

“မဟုတ်ဘူး... ငါပဲ အိပ်မက်မက်တယ်လို့ ပြောလိုက်တာက ပိုကောင်းလိမ့်မယ်...”

ကုမင်တာ့မှာ ထိုစကားကြောင့် ကြောင်အသွားရရှာလေသည်။

“အစ်ကိုစွန်း... အဲ့ဒီလောက်အထိ လုပ်စရာ မလိုပါဘူးဗျာ...”

စွန်းကျားရှင်းက ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်လေသည်။

“ငါ ပြောတာက သူတို့အတွက် ပိုပြီး အလေးအနက် ရှိသွားမှာလေ...”

ကုမင်တာ့သည် သူငယ်ချင်းဖြစ်သူက နျိုနျိုအပေါ် ဤမျှအထိ သံယောဇဉ်ကြီးမားနေသည်ကို တွေ့ရသဖြင့် ကျေနပ်မိသော်လည်းဂသူငယ်ချင်းအား အန္တရာယ်ထဲသို့ အတင်း မတွန်းပို့လိုချေ။

ကုမင်တာ့က ငြင်းပယ်ရန် ပြင်နေစဉ်မှာပင် စွန်းကျားရှင်းက ပြတ်သားစွာ ပြောလိုက်၏။

“ကျုံးတယ်... အခုက အားနာနေရမယ့် အချိန် မဟုတ်ဘူးလေ... လူ့အသက်နဲ့ ဆိုင်တဲ့ ကိစ္စပဲ... ငါ့ကို အားမနာစမ်းပါနဲ့...”

ထို့နောက် သူတို့နှစ်ဦးသည် ကုန်သည်အဖွဲ့ ခေါင်းဆောင် ချင် အား သွားရောက် ရှာဖွေကြပြီး တည်းခိုခန်းမှူး ကိုလည်း အတူတူ ခေါ်ယူလိုက်ကြကုန်၏။

“ကျွန်တော် အိပ်မက်မက်တယ်... မနက်ဖြန် မနက်မှာ မိုးသည်းသည်းထန်ထန် ရွာလိမ့်မယ်... ခရီးသွားလို့ မရတဲ့အထိ ရွာမှာလေ... အဲ့ဒီမိုးကြောင့် အနောက်ဘက် တောင်ကုန်းကြီး ပြိုကျလာပြီး တို့တွေ အားလုံး မြေပိကုန်လိမ့်မယ်...”

သန်းခေါင်ယံအချိန်တွင် စွန်းကျားရှင်း၏ ထိုစကားများကြောင့် ခေါင်းဆောင် ချင် နှင့် တည်းခိုခန်းမှူးတို့မှာ အိပ်ချင်စိတ်များပင် ပြေးသွားရလေတော့သည်။

“လူကြီးမင်းစွန်း... နောက်မနေပါနဲ့ဗျာ...”

ခေါင်းဆောင် ချင် က ပြောလိုက်လေသည်။

စွန်းကျားရှင်းက ခေါင်းခါလိုက်ပြီး တည်ကြည်စွာ ပြောလိုက်၏။

“ကျွန်တော် အလေးအနက် ပြောနေတာပါ...”

“လူကြီးမင်းစွန်းရယ်... တို့ တည်းခိုစခန်းက တောင်ကို ကျောပေးထားတာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော် ဒီမှာ တည်းခိုခန်းမှူး လုပ်လာတာ အနှစ်သုံးဆယ် ရှိပါပြီ... တောင်ပြိုတဲ့အထိ မိုးရွာတာမျိုး တစ်ခါမှ မကြုံဖူးပါဘူး... စိတ်အေးအေးထားပြီး ဆက်အိပ်ပါဗျာ...”

ထိုအချိန်တွင် စခန်းမှူးက စွန်းကျားရှင်းမှာ အစိုးရစာမေးပွဲ အောင်မြင်ထားသဖြင့် အားနေပြီး သူတို့အား လာရောက် နောက်ပြောင်နေသည်ဟုသာ ထင်မှတ်နေမိလေသည်။

ခေါင်းဆောင် ချင် ကလည်း ထပ်မံ ပြောဆိုလေသည်။

“လူကြီးမင်းစွန်း... ကျွန်တော်တို့ အဖွဲ့ထဲက ယွီအာရှန်းဆိုတာ နက္ခတ်ဗေဒင် ကြည့်တတ်တဲ့သူလေ... သူကတော့ ဒီနေ့ ရာသီဥတု သာယာလိမ့်မယ်၊ မိုးမရွာနိုင်ဘူးလို့ ပြောထားတာပဲ...”

သူတို့နှစ်ဦးစလုံးမှာ ထိုစကားများကို စိတ်ထဲတွင် လုံးဝ အလေးမထားကြသည်မှာ သိသာလှပေသည်။

ခေါင်းဆောင် ချင် နှင့် စခန်းမှူးတို့မှာ တစ်နေ့လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ထားရသဖြင့် သန်းခေါင်ယံအချိန်တွင် အနှိုးခံရသောကြောင့် ဒေါသထွက်နေကြချေပြီ။ စွန်းကျားရှင်းမှာ အနာဂတ်တောက်ပမည့် ပညာရှိတစ်ဦး ဖြစ်နေသဖြင့်သာ သည်းခံနေကြခြင်းပင်။

စွန်းကျားရှင်းသည် သူတို့၏ စကားများကို ကြားသောအခါ အံ့သြခြင်း မရှိဘဲ ဆက်ပြောလိုက်လေသည်။

“ဒီနှစ်အစတုန်းက မြို့တော်က ကျောက်ယွဲ့ တည်းခိုခန်းမှာ မီးလောင်တဲ့ ကိစ္စကို ခင်ဗျားတို့ ကြားဖူးကြလား...”

မြို့တော်မှာ ဝေးလံလှသဖြင့် သတင်းများမှာ အခြားနေရာများသို့ ရောက်ရှိရန် ခက်ခဲလှပေသည်။ သို့သော်လည်း သူ၏ ရှေ့မှ လူနှစ်ဦးမှာ တစ်ဦးက ကုန်သည်အဖွဲ့ ခေါင်းဆောင် ဖြစ်ပြီး အခြားတစ်ဦးမှာ အရာရှိများကို ကြိုဆို နှုတ်ဆက်နေရသော တည်းခိုခန်းမှူး ဖြစ်ပေသည်။

ကုန်သည်အဖွဲ့များမှာ တောင်နှင့် မြောက်သို့ ကူးသန်း သွားလာနေကြသူများ ဖြစ်သလို စခန်းမှူးမှာလည်း သတင်းအချက်အလက် ကြွယ်ဝသူများပင်။

“သဲ့သဲ့တော့ ကြားဖူးပါတယ်...”

တည်းခိုခန်းမှူးအိုကြီးက သတိထားကာ ပြန်ပြောလိုက်လေသည်။

စွန်းကျားရှင်းက ရှင်းပြလိုက်၏။

“ကျွန်တော် အဲ့ဒီနေ့က ကျောက်ယွဲ့ တည်းခိုခန်းမှာ တည်းဖို့ လုပ်ခဲ့တာလေ... ဒါပေမဲ့ အထဲဝင်လိုက်တာနဲ့ ရင်ထဲမှာ တစ်ခုခု ဖြစ်နေသလို ခံစားရတာနဲ့ နေရာပြောင်းလိုက်တာ... အဲ့ဒါကြောင့်ပဲ အန္တရာယ်ကနေ လွတ်ခဲ့တာပေါ့... နှမြောစရာ ကောင်းတာက ကျွန်တော့် သူငယ်ချင်းကတော့ အဲ့ဒီမီးထဲမှာ ပါသွားရှာတယ်... စာမေးပွဲလည်း မဖြေလိုက်ရဘူးလေ...”

စွန်းကျားရှင်းသည် နျိုနျို၏ အကြောင်းကို ထပ်မံ ဖုံးကွယ်ထားလိုက်လေသည်။

“အခုလည်း ကျွန်တော့် မျက်ခုံးတွေက လှုပ်နေပြီး ရင်ထဲမှာ ပူလောင်နေပြန်ပြီ... ပြီးတော့ ဒီလို အိပ်မက်မျိုးလည်း ထပ်မက်တယ်လေ... ခင်ဗျားတို့ မယုံရင်လည်း ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ကျုံးတယ် နဲ့ ကျွန်တော်ကတော့ အခုပဲ ခရီးစတော့မှာမို့လို့ပါ...”

စွန်းကျားရှင်းသည် ပြောပြီးသည်နှင့် ကုမင်တာ့အား လှမ်းကြည့်လိုက်၏။ နှစ်ဦးစလုံးမှာ ဉာဏ်ကောင်းသူများ ဖြစ်ကြသဖြင့် ထပ်မံ၍ စကားများများ မပြောကြတော့ပေ။

သို့သော်လည်း ထိုကဲ့သို့ တိတ်ဆိတ်သွားမှုက ခေါင်းဆောင် ချင် နှင့် စခန်းမှူးတို့ကို ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။ သူတို့၏ မျက်နှာများမှာ သံသယများဖြင့် ပြည့်နှက်နေတော့၏။

“ကျွန်တော်လည်း ပြီးခဲ့တဲ့လကမှ မြေးမလေး တစ်ယောက် ရထားတာလေ... ထားလိုက်ပါတော့... ဒီတစ်ခါတော့ သူ့စကားကို ယုံကြည့်လိုက်ပါ့မယ်... နာရီအနည်းငယ်လောက် ရှောင်နေရတာ ဘာမှ မဖြစ်ပါဘူး...”

တည်းခိုခန်းမှူးအိုကြီးမှာ တုန်တုန်ယင်ယင်ဖြင့် ပစ္စည်းများကို ပြန်လည် သိမ်းဆည်းရန် ပြင်လေတော့သည်။

ခေါင်းဆောင် ချင် ကလည်း သူ၏ လက်ထောက်ကို လှမ်းခေါ်လိုက်၏။

လက်ထောက်ဖြစ်သူမှာ အိပ်ငိုက်နေဆဲ ဖြစ်သဖြင့် ပြောလိုက်လေသည်။

“အစ်ကိုကြီးရယ်... ယွီအာက တို့နဲ့အတူ ရှိနေတာ ကြာပြီလေ... သူ့ရဲ့ နက္ခတ်ဗေဒင်က တစ်ခါမှ မမှားဖူးပါဘူး... ဘာလို့ သူများစကားကို နားထောင်နေရတာလဲ... ညီအစ်ကိုတွေက တစ်နေ့လုံး ခရီးနှင်လာရလို့ အခုမှ လှဲရုံရှိသေးတာကို... ပြန်နှိုးရင် သူတို့တွေ ခံနိုင်ပါ့မလား...”

ခေါင်းဆောင် ချင် ၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် မေးလိုက်လေသည်။

“တို့ အဖွဲ့ထဲမှာ လူ ဘယ်နှယောက် ရှိလဲ...”

လက်ထောက်က ပြန်ဖြေလိုက်၏။

“လူ လေးဆယ် ရှိတာလေ... အစ်ကိုကြီးကလည်း ဒါကို မေ့နေတာလား...”

ခေါင်းဆောင် ချင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

“အဲ့ဒီ လူလေးဆယ်ရဲ့ နောက်ကွယ်မှာ ဇနီးမယားနဲ့ သားသမီးတွေ လေးဆယ်စီ ရှိနေကြတာလေ... တို့တွေ လောင်းကြေး မထပ်နိုင်ဘူး...”

လက်ထောက်မှာ ထိုစကားကြောင့် လန့်သွားသော်လည်း ဤမျှအထိ လုပ်စရာ မလိုဟု ထင်နေဆဲ ပင်။

ခေါင်းဆောင် ချင် က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

“ငါလည်း အစကတော့ မယုံပါဘူး... ဒါပေမဲ့ လူကြီးမင်းစွန်း က မြို့တော်က အဖြစ်အပျက်ကို ပြောလိုက်တော့မှ ငါ့ရင်ထဲမှာ ပူလောင်လာလို့ပါ... ညီအစ်ကိုတွေ မနားရမှာ စိုးရိမ်တယ် ဆိုရင်တော့... နောက်တစ်နေရာ ရောက်တဲ့အခါ တစ်ရက်လောက် ပိုနားလိုက်ကြတာပေါ့... ငါ ကုန်သည်အဖွဲ့ကို ဦးဆောင်လာတာ ဆယ်နှစ် ရှိပြီလေ... တို့လို အလုပ်မျိုးမှာ ဂရုစိုက်တာ ဘယ်တော့မှ မမှားဘူး...”

မှောင်မိုက်နေသော တည်းခိုစခန်းမှာ ခဏချင်းအတွင်း မီးများ လင်းထိန်သွားပြီး လူတိုင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။ သို့သော်လည်း လူတိုင်း၏ မျက်နှာပေါ်တွင် အိပ်ငိုက်နေသည့် ပုံစံနှင့် စိတ်မရှည်သည့် ပုံရိပ်များ ထင်ဟပ်နေပြီး ရံဖန်ရံခါတွင်လည်း တိုးတိုးလေး ကျိန်ဆဲသံများ ထွက်ပေါ်နေလေသည်။

နျိုနျိုသည် ကျန်းယွင်နန်၏ ရင်ခွင်ထဲတွင် ရှိနေစဉ် အပြင်ဘက်မှ အသံများကို နားထောင်ရင်း တိုးတိုးလေး မေးလိုက်လေသည်။

“မေမေ... သမီးရဲ့ အိပ်မက်က တကယ် မဟုတ်ခဲ့ရင်... အဖေစွန်း ကို ထိခိုက်မလားဟင်...”

ကလေးမလေးသည် စွန်းကျားရှင်းက သူမကိုယ်စား အပြစ်တင်ခံရန် လုပ်ဆောင်နေခြင်းကို သိရှိနေချေပြီ။

ကျန်းယွင်နန်က ပြန်ပြောလိုက်၏။

“သမီးရဲ့ အဖေစွန်း က သမီးကို အပြစ်မတင်ပါဘူး... ဘာလို့လဲဆိုတော့ သမီးက စေတနာနဲ့ လုပ်တာလေ... ဟုတ်တယ်မလား...”

နျိုနျိုက မနည်း ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေဆဲ ပင်။

ကျန်းယွင်နန်က သက်ပြင်းချကာ ပြောလိုက်လေသည်။

“သမီးရဲ့ အဖေစွန်း က ဒီကိစ္စတွေကို သမီးအတွက် လုပ်ပေးနေတာဟာ... သူ့ရင်ထဲမှာ သမီးကို သမီးအရင်းလို သဘောထားလို့ပဲလေ... သူက သမီးကို ချစ်လို့ အကျိုးဆက်တွေကို ခံယူပေးတာပေါ့... သမီးသာ ဒီလောက်အထိ စိတ်မကောင်း ဖြစ်နေတာကို သူ သိရင်တော့... သူလည်း ဝမ်းနည်းသွားမှာ သေချာတယ်...”

နျိုနျိုက အတင်း ပြုံးလိုက်ပြီး ပြောလိုက်၏။

“သမီး သူ့ကို ဝမ်းမနည်းစေချင်ပါဘူး...”

လူပေါင်း ငါးဆယ်ကျော်သည် မှောင်မိုက်သော ညဉ့်ဦးယံတွင် မြင်းလှည်းများဖြင့် ခရီးစတင်ခဲ့ကြရာ မိုးလင်းသည့်တိုင်အောင် နောက်ထပ် နားခိုမည့် နေရာသို့ မရောက်ရှိနိုင်ကြသေးပေ။

လူများမှာ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်ရာ ကုန်သည်အဖွဲ့ဝင် အချို့မှာမူ အသံကျယ်ကျယ်ဖြင့် စတင် ကဲ့ရဲ့နေကြလေတော့သည်။

“ဒီလောက် သာယာနေတဲ့ နေ့မှာ မိုးရွာမယ်တဲ့လား... တကယ်ပဲ လူကို ဒုက္ခပေးနေတာပဲ...”

“တောင်ပြိုလို့ သေမှာထက်... ပင်ပန်းပြီး သေရမှာက ပိုမြန်ဦးမယ်...”

သူတို့သည် စွန်းကျားရှင်း၏ အဆင့်အတန်းကို ကြောက်ရွံ့သဖြင့် အလွန်အကျွံ မပြောရဲကြသော်လည်း ကုန်သည်အဖွဲ့အတွင်းရှိ လေထုမှာမူ ယနေ့တွင် အလွန် ဆိုးရွားနေပေသည်။

စွန်းကျားရှင်းမှာမူ အမြဲတမ်း တည်ငြိမ်စွာဖြင့်ပင် ရှိနေ၏။

ကုမင်တာ့က သူ၏ ပခုံးကို ပုတ်ကာ ညင်သာစွာ နှစ်သိမ့်လိုက်လေသည်။

စွန်းကျားရှင်းက ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

“ကိစ္စမရှိပါဘူး... ငါ နျိုနျိုကို ယုံတယ်...”

ကုမင်တာ့က သက်ပြင်းချကာ ပြောလိုက်လေသည်။

“အစ်ကိုစွန်း သာ ဒီကိစ္စကို ဦးဆောင်ပြီး မလုပ်ခဲ့ရင်... အခု အဆဲခံနေရမှာက ကျွန်တော် ဖြစ်မှာလေ... အစ်ကို့ကို ဒုက္ခပေးမိသလို ဖြစ်သွားပြီ...”

စွန်းကျားရှင်းက မကျေမနပ် ဖြစ်ဟန်ဖြင့် ပြောလိုက်၏။

“ကျုံးတယ်... ငါက ငါ့သမီးလေးအတွက် လုပ်တာပါ... မင်းအတွက် မဟုတ်ဘူးနော်...”

သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကုန်သည်အဖွဲ့ထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

“ဝမ်ရှောင်ရှီ မြင်းပေါ်က ပြုတ်ကျသွားပြီဗျို့...”

ကုန်သည်အဖွဲ့မှာ ခြေလှမ်း ရပ်တန့်သွားရလေတော့သည်။

ဝမ်ရှောင်ရှီ မှာ ကုန်သည်အဖွဲ့ လက်ထောက်၏ တူ ဖြစ်ပေသည်။ လူငယ်လေးမှာ ရိုးသားပြီး ကြိုးစားအားထုတ်သူ ဖြစ်၏။ သူသည် အဖွဲ့ထဲသို့ အသစ်ဝင်လာသူ ဖြစ်သဖြင့် အစွမ်းကုန် ကြိုးစားနေသူလည်း ဖြစ်ပေသည်။ သူသည် နေ့ဘက်တွင် အလုပ်များလွန်းသဖြင့် သန်းခေါင်ယံအချိန်တွင် ခရီးဆက်ရသောအခါ အိပ်ငိုက်ပြီး မတော်တဆ ပြုတ်ကျသွားခြင်း ဖြစ်၏။ ယခုအခါ သူသည် သူ၏ ခြေထောက်ကို ကိုင်ကာ နာကျင်စွာ အော်ဟစ်နေလေတော့သည်။

“အစ်ကိုကြီး... ကျွန်တော် အဲ့ဒီ စွန်း မျိုးရိုးနဲ့လူကို သွားရှာတော့မယ်... သူ အရာရှိ ဖြစ်နေရင်တောင် ကျွန်တော် မကြောက်ဘူး... ရှောင်ရှီလေး တော်တော် နာနေတာဗျ... ခြေထောက် ကျိုးသွားပြီလားတောင် မသိဘူး...”

လက်ထောက်ဖြစ်သူမှာ ခေါင်းဆောင် ချင် ၏ တားမြစ်မှုကို ဂရုမစိုက်ဘဲ စွန်းကျားရှင်းနှင့် ကုမင်တာ့တို့ ရှိရာ မြင်းလှည်းဆီသို့ ပြေးဝင်လာလေတော့သည်။

“မိုးလင်းနေပြီလေ... မိုးသည်းသည်းထန်ထန် ရွာမယ်ဆိုတာ ဘယ်မှာလဲ... နေတောင် ထွက်နေပြီ မဟုတ်လား... ငါ့တူလေး ခြေထောက် ကျိုးတော့မယ်... ဘယ်သူ လျော်မှာလဲဟင်...”

လက်ထောက်သည် မျက်လုံးများ နီရဲလျက် မြင်းလှည်းလိုက်ကာကို ဆွဲဖွင့်ကာ အကျိုးအကြောင်း ရှင်းရန် ပြင်နေတော့၏။

ကုမင်တာ့သည် စွန်းကျားရှင်းကို သူ၏နောက်သို့ အမြန် ကာကွယ်လိုက်လေသည်။ သူ ပြန်လည် မချေပရသေးမီမှာပင် သူ၏ နားထဲတွင် တပေါက်ပေါက် ကျလာသော အသံကို ကြားလိုက်ရလေတော့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုမှာ မည်သည့် နိမိတ်မှ မရှိဘဲ ရုတ်တရက် ကျရောက်လာရာ ကုန်သည်အဖွဲ့ လက်ထောက်မှာ မျက်နှာကို မိုးရေများ ဆောင့်မှန်သဖြင့် ကြောင်အကာ ငြိမ်ချက်သားကောင်းနေလေတော့သည်။

All Chapters