← Chapters

တည်းခိုခြင်း

Vol. 14 Ch. 139

တည်းခိုခြင်း

Vol. 14 Ch. 139

ကုန်သည်အဖွဲ့ လက်ထောက်မှာ မိုးရေထဲတွင် စိုရွှဲလျက် နေရာတွင်ပင် တောင့်တောင့်ကြီး ဖြစ်နေရှာ၏။

သို့သော်လည်း ခေါင်းဆောင် ချင် ကမူ ထိုသူကို အမြန် ပြန်ဆွဲခေါ်လိုက်ပြီး စွန်းကျားရှင်းနှင့် ကုမင်တာ့တို့ကို မတတ်သာဘဲ လျော်ကြေးစကား ဆိုလိုက်ရလေသည်။

“လူကြီးမင်းစွန်း နဲ့ ပညာရှိကု... ခွင့်လွှတ်ပါဗျာ... ရှောင်ရှီလေးက သူ့ရဲ့ တူအရင်း ဖြစ်နေတော့... စိတ်လောသွားလို့ပါ... စော်ကားချင်တဲ့ စိတ် မရှိပါဘူး... ခွင့်လွှတ်ပေးကြပါဦး...”

ခေါင်းဆောင် ချင် က ပြောပြီးနောက် သူ၏ လက်ထောက်ကိုလည်း စွန်းကျားရှင်းအား တောင်းပန်ခိုင်းလိုက်လေသည်။

စွန်းကျားရှင်းကမူ လက်ဝှေ့ယမ်းပြလိုက်၏။

“ကိစ္စမရှိပါဘူး... ခေါင်းဆောင် ချင်... အခု အရေးကြီးဆုံးက အမြန်ဆုံး နားခိုမယ့် နေရာကို ရှာဖို့ပါပဲ...”

ခေါင်းဆောင် ချင် သည် ဤကုန်သွယ်ရေး လမ်းကြောင်းတွင် သွားလာနေသည်မှာ ကြာပြီဖြစ်၍ လမ်းတစ်လျှောက် အခြေအနေများကို ကောင်းစွာ သိရှိထားလေသည်။

“ရှေ့မှာ သိပ်မဝေးတဲ့ နေရာမှာ ရွာတစ်ရွာ ရှိတယ်လေ... အဲ့ဒီမှာ စာပို့သမား အိမ်လည်း ရှိပါတယ်... ကျွန်တော် သူ့ကို သွားညှိလိုက်ပါ့မယ်... တို့တွေ အဲ့ဒီရွာမှာ တစ်ညလောက် နားကြတာပေါ့...”

မိုးမှာမူ မြင်ကွင်းများ ဝေဝါးသွားသည်အထိ သည်းထန်စွာ ရွာသွန်းနေသော်လည်း အဖွဲ့သားများမှာမူ မိုးထဲလေထဲတွင် ရွာဆီသို့ ခရီးဆက်ခဲ့ကြကုန်၏။

မိုင်အနည်းငယ်သာ ဝေးသော ခရီးကို ပုံမှန်အားဖြင့် ၁၅ မိနစ်ခန့်သာ ကြာသော်ငြား ယခုအခါ မိုးသည်းထန်နေသဖြင့် တစ်နာရီခန့် ကြာမြင့်မှသာ ရွာသို့ ရောက်ရှိနိုင်ခဲ့ကြလေသည်။

ကုန်သည်အဖွဲ့ လာရောက် တည်းခိုလျှင် ရွာသားများအတွက် ဝင်ငွေ ရရှိနိုင်သဖြင့် မည်သူမျှ ငြင်းဆန်ခြင်း မရှိကြပေ။

“လူကြီးမင်းစွန်း... ဒီရွာမှာ အကောင်းဆုံး အိမ်ကတော့ လီယွမ်ဝေရဲ့ အိမ်ပါပဲ... လူကြီးမင်းတို့ လာမယ်ဆိုလို့ သူက အိမ်ကိုတောင် ပြင်ဆင်ထားပြီးပါပြီ...”

စာပို့သမားက တက်ကြွစွာ ပြောဆိုလေသည်။

စွန်းကျားရှင်းသည် ယခုအခါ နန်းတွင်း ပညာရပ်ဆိုင်ရာအရာရှိ တစ်ဦး ဖြစ်ပြီး အသက် ၃၀ ခန့်သာ ရှိသေးသဖြင့် ရှေ့ရေးမှာ အလွန် တောက်ပနေသူ ဖြစ်ပေသည်။

ဤမျှ ငယ်ရွယ်သော အရာရှိတစ်ဦးနှင့် ရင်းနှီးခွင့်ရခြင်းမှာ ဒေသခံ လူကုံထံများအတွက်မူ ဝမ်းမြောက်စရာ ကိစ္စတစ်ခုပင်။

စွန်းကျားရှင်း၏ မိသားစုမှာ ချမ်းသာကြွယ်ဝသဖြင့် သူသည် ပိုက်ဆံကို နှမြောခြင်း မရှိပေ။ သူသည် လက်ဆောင်များ ပေးကာ ဧည့်ခံရန် စီစဉ်ပြီးနောက် ကုမိသားစုဝင်များကို ထီးမိုးပေးလျက် ထိုအိမ်သို့ အမြန် သွားကြလေတော့သည်။

ကျေးလက်မှ သာမန် ရွှံ့အိမ်များ နှင့် မတူဘဲ လီယွမ်ဝေ၏ အိမ်မှာမူ အလွန် ချမ်းသာကြွယ်ဝကြောင်း သိသာလှပေသည်။ သူသည် ရွာအစွန်တွင် နေရာအကျယ်ကြီး ယူထားရုံသာမက အုတ်တိုက်ကြီး သုံးလုံးကိုလည်း ဆောက်လုပ်ထားလေသည်။

လီယွမ်ဝေမှာ အသက် ၃၀ ဝန်းကျင်ခန့်ရှိသော လူငယ်တစ်ဦး ဖြစ်ပေသည်။ သူ၏ စကားပြောဆိုပုံမှာ ယဉ်ကျေးပြီး သာမန် တောသားတစ်ဦးနှင့် မတူလှချေ။

“ကျွန်တော်တို့ မိသားစုက ပညာတတ်တွေကို အမြဲတမ်း လေးစားတာပါ... ပြောရရင် ကျွန်တော်လည်း အရင်တုန်းက အစိုးရစာမေးပွဲ ဖြေဖို့ ကြံစည်ခဲ့ဖူးတယ်လေ... ဒါပေမဲ့ ကျွန်တော့်မှာ ပါရမီ မပါတော့... ဆရာနဲ့ အကြာကြီး သင်ခဲ့ပေမဲ့ ဘာမှ မသိခဲ့ပါဘူး...”

လီယွမ်ဝေက ပြုံးလျက် ပြောလိုက်လေသည်။

သူတစ်ပါးက ဤမျှအထိ ဖော်ဖော်ရွေရွေ ရှိနေမှတော့ တည်းခိုရသူများ အနေဖြင့်လည်း နေရခက်စရာ မရှိတော့ချေ။

စွန်းကျားရှင်းသည် လီယွမ်ဝေ၏ အိမ်မှ ကလေးများကို လှမ်းကြည့်လိုက်ရာ တစ်ဦးစီမှာ နေမကောင်းသည့် ပုံစံနှင့် ကြောင်တောင်တောင်ဖြစ်နေသကဲ့သို့ ထင်ရ၏။

စွန်းကျားရှင်းကမူ မျက်စိမှိတ်၍ ချီးကျူးလိုက်လေသည်။

“ခင်ဗျားအိမ်က သခင်လေးတွေက ကြည့်ရတာ ပါရမီရှိမယ့် ပုံပဲနော်... နောင်ကျရင် ပညာရေးမှာ သေချာပေါက် အောင်မြင်မှာပါ...”

လီယွမ်ဝေမှာ အလွန် ပျော်ရွှင်သွားပြီး ပြောလိုက်လေသည်။

“လူကြီးမင်းစွန်း... လူကြီးမင်းရဲ့ အဲ့ဒီစကားက ကျွန်တော့်အတွက် တကယ့်ကို ကံကောင်းခြင်းပါပဲဗျာ...”

လီယွမ်ဝေသည် ကြိုတင် စုံစမ်းထားသဖြင့် စွန်းကျားရှင်းသည် သူ၏ မိသားစုနှင့်အတူ လာခြင်း မဟုတ်ဘဲ သူ အလွန် ချစ်မြတ်နိုးသော မွေးစားသမီးလေးနှင့်အတူ လာခြင်း ဖြစ်ကြောင်း သိထားပေသည်။

သူ၏ အကြည့်မှာ အဖွဲ့ထဲမှ တစ်ဦးတည်းသော မိန်းကလေးငယ် ဖြစ်သူ နျိုနျိုထံသို့ ကျရောက်သွားရာ ရုတ်တရက် သူ၏ မျက်လုံးများမှာ ရပ်တန့်သွားရလေတော့သည်။

နျိုနျိုသည် ဘာကြောင့်မှန်း မသိဘဲ ထိုသူကို မြင်လိုက်သည်နှင့် နေရခက်သလို ခံစားရသဖြင့် ကျန်းယွင်နန်၏ နောက်သို့ ပြေးပုန်းလိုက်လေ၏။

ကျန်းယွင်နန်သည် သမီးဖြစ်သူမှာ အပြင်တွင် အမြဲတမ်း ဖော်ရွေစွာ နေတတ်သည်ကို မှတ်မိနေပေသည်။ ယခုအခါ သမီးဖြစ်သူ ဘာကြောင့် ရုတ်တရက် ရှက်ကြောက်သွားသလဲ ဆိုသည်ကို မသေချာသော်လည်း သူမသည် သမီးကို နောက်ကွယ်တွင် ကွယ်ပေးထားလိုက်လေသည်။

“လူကြီးမင်းစွန်းရဲ့ မွေးစားသမီးလေးက တကယ်ပဲ ထူးချွန်ထက်မြက်မယ့် ပုံပဲနော်... သာမန်လူတွေက ဒီလို ထူးခြားတဲ့ ကလေးမျိုးကို ဘယ်တွေ့ဖူးမှာလဲ...”

လီယွမ်ဝေက အားတက်သရော ချီးကျူးလိုက်လေသည်။

သူသည် စောစောက မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်စိကိုပင် သူ မယုံနိုင်အောင် ဖြစ်နေရ၏။ သူသည် ထပ်မံ၍ သေချာ ကြည့်လိုသော်လည်း ကျန်းယွင်နန်ကမူ သမီးကို သေချာ ကွယ်ထားလေတော့သည်။

စွန်းကျားရှင်းသည် ဤကဲ့သို့သော လေထု၏ အပြောင်းအလဲကို သတိမပြုမိပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူတစ်ပါးက နျိုနျိုကို ချီးကျူးနေသဖြင့် သူသည် ဂုဏ်ယူနေမိပြီး ပြောလိုက်လေသည်။

“တို့ရဲ့ ကလေးလေးက ကမ္ဘာပေါ်မှာ အဉာဏ်အကောင်းဆုံး မိန်းကလေးပါ... ကျွန်တော် သူ့ကို သစ္စာတရား ၂၄ ပါး အကြောင်း ပြောပြဖူးတယ်လေ... တစ်ခါတည်းနဲ့ သူ အကုန် မှတ်မိပြီး ကျွန်တော့်ကိုတောင် ပြန်ပြောပြနိုင်တယ်...”

သူသည် လျူရှောင်ရူနှင့် တူလှပေသည်။ နှစ်ဦးစလုံးမှာ နျိုနျိုကို အစွမ်းကုန် ချီးမွမ်းတတ်သူများ ဖြစ်ကြ၏။ ကလေးမလေး၏ အကြောင်းကို ပြောမည်ဆိုလျှင် သူသည် မထပ်စေဘဲ နာရီပေါင်းများစွာ ပြောဆိုနိုင်လေသည်။

လီယွမ်ဝေကလည်း အံ့သြဟန်ဖြင့် ပူးပေါင်းပေးလိုက်၏။

“တကယ်ကို အံ့သြဖို့ ကောင်းတာပဲ... နှမြောစရာ ကောင်းတာက မိန်းကလေး ဖြစ်နေတာပဲ...”

စွန်းကျားရှင်းကမူ ထိုသို့ နှမြောတသခြင်း မရှိဘဲ ပြန်ပြောလိုက်လေသည်။

“မိန်းကလေး ဖြစ်တော့လည်း မိန်းကလေးရဲ့ အကျိုးကျေးဇူး ရှိတာပေါ့ဗျာ... ဒီလောက် အလိုက်သိတဲ့ ကလေးမလေးမျိုးကို ရမယ်ဆိုရင်... ကျွန်တော့်ကို သား ဆယ်ယောက် ပေးရင်တောင် မလဲနိုင်ပါဘူး...”

လီယွမ်ဝေသည် စကားလမ်းကြောင်းကို နျိုနျိုထံသို့ တမင် ဆွဲခေါ်သွားပြီး နျိုနျို၏ မွေးသက္ကရာဇ်ကို မသိမသာ စုံစမ်းလေတော့သည်။

ကျန်းယွင်နန်သည် ပုံမှန်အားဖြင့် စကားဖြတ်ပြောလေ့ မရှိသော်လည်း နျိုနျို၏ ထူးဆန်းသော အပြုအမူကြောင့် စွန်းကျားရှင်း စကားမပြောမီမှာပင် ဝင်ပြောလိုက်၏။

“ဒီကလေးက ပြီးခဲ့တဲ့လကမှ အသက် ခုနစ်နှစ် ပြည့်တာပါ...”

လီယွမ်ဝေက ပြုံးလျက် ပြောလိုက်လေသည်။

“ကြည့်ရတာ ငါးနှစ် ခြောက်နှစ်လောက်ပဲ ရှိဦးမယ် ထင်နေတာ... ခုနစ်နှစ်တောင် ရှိပြီဆိုတော့ မထင်ရဘူးနော်...”

ကျန်းယွင်နန်က မနည်း ပြုံးပြလိုက်ပြီး ပြောလိုက်၏။

“ဒီကလေးက ကြီးထွားတာ နှေးတော့... အရွယ်လေးက ငယ်နေတာပါ...”

စွန်းကျားရှင်းသည် နျိုနျိုကို မွေးစားသမီးအဖြစ် လက်ခံထားသဖြင့် နျိုနျို၏ မွေးနေ့ကို ကောင်းစွာ သိထားပေသည်။ ထိုအချိန်တွင် ကျန်းယွင်နန်၏ စကားကို ကြားသောအခါ သူသည် ဘာကြောင့်မှန်း နားမလည်သော်လည်း နေရာတွင်ပင် ချက်ချင်း ဖော်ထုတ်ခြင်း မရှိခဲ့ချေ။

လီယွမ်ဝေသည် နျိုနျိုအကြောင်းကို ဆက်လက် စုံစမ်းနေသော်လည်း ကျန်းယွင်နန်ကမူ စကားလမ်းကြောင်းကို မသိမသာ လွှဲပြောင်းပစ်လိုက်လေတော့သည်။

လီယွမ်ဝေနှင့် နှုတ်ဆက်စကား ပြောဆိုခြင်းများ ပြီးဆုံးသွားပြီး ဧည့်ခန်းဆောင်သို့ ရောက်သောအခါ စွန်းကျားရှင်းက မနေနိုင်ဘဲ မေးလိုက်လေသည်။

“မရီး... ခုနက ကျွန်တော် တစ်ခုခု မှားပြောမိလို့လားဟင်... ကျွန်တော့်ရဲ့ အခြေအနေကိုလည်း မရီး သိသားနဲ့... သားသမီး ရဖို့ အကြာကြီး မျှော်လင့်ခဲ့ရတာလေ... ကလေးရဲ့ မွေးနေ့ကို သူများကို အလွယ်တကူ ပြောပြလို့ မရတာမျိုးလား... ကျွန်တော် နားမလည်တဲ့ အယူအဆတွေ ရှိနေလို့လားဟင်...”

စွန်းကျားရှင်းသည် ကျန်းယွင်နန်က သူ့ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု မထင်ဘဲ ထူးခြားသော ဓလေ့တစ်ခုခုကြောင့် ဖြစ်လိမ့်မည်ဟုသာ တွေးတောနေမိလေသည်။

ကျန်းယွင်နန်က ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်၏။

“တကယ်တော့ ကျွန်မလည်း ဘာလို့ အဲ့လို လုပ်မိလဲဆိုတာ မသိပါဘူး...”

စွန်းကျားရှင်းမှာ ကြောင်အသွားရလေသည်။

ကျန်းယွင်နန်က ဆက်လက် ရှင်းပြလေသည်။

“နျိုနျိုက ဒီ လီယွမ်ဝေ ကို ကြောက်နေတဲ့ ပုံပေါက်နေလို့လေ... ဒါကြောင့် သူ့ကို နျိုနျို အကြောင်းတွေ အများကြီး မသိစေချင်တာပါ...”

စွန်းကျားရှင်းသည် ထိုအကြောင်းရင်းကို မမျှော်လင့်ထားပေ။ သူသည် ထိုင်ချလိုက်ပြီး နျိုနျိုကို ကြည့်ကာ ညင်သာစွာ မေးလိုက်၏။

“လိမ္မာတဲ့ကလေးလေး... သမီးက အဲ့ဒီ လီယွမ်ဝေ ကို ဘာလို့ ကြောက်တာလဲဟင်... သူက သမီးကို တစ်ခုခု လုပ်လို့လား...”

နျိုနျိုက ခေါင်းခါလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။

“သမီးလည်း မသိဘူး... ဒါပေမဲ့ သူ့ကို မြင်လိုက်တာနဲ့ ပုန်းချင်စိတ် ပေါက်လာလို့ပါ... သူ့အိမ်မှာ ခိုလှုံနေပြီးတော့... သူ့ကွယ်ရာမှာ ဒီလိုပြောနေတာက မကောင်းဘူး မဟုတ်လားဟင်...”

စွန်းကျားရှင်းသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ကလေးမလေး၏ ဆံပင်စလေးများကို ပုတ်ကာ ပြောလိုက်လေသည်။

“တို့တွေက ဒီမှာ တည်းတာ မှန်ပေမဲ့... တို့တွေက ပိုက်ဆံပေးထားတာလေ... သူ့အပေါ် အကြွေးတင်နေတာမှ မဟုတ်တာ...”

နျိုနျို စိတ်အေးသွားရလေသည်။

စွန်းကျားရှင်းက ထပ်ပြောလိုက်၏။

“သမီးက သူ့ကို ကြောက်တယ်ဆိုမှတော့... အဲ့ဒါ သူ့ပြဿနာပဲ ဖြစ်ရမယ်... တို့ရဲ့ သမီးလေးကတော့ မှားမှာမဟုတ်ဘူး...”

နျိုနျို မျက်လုံးလေးများ ပြူးသွားရ၏။ ဆွေမျိုးများက သူမကို အစွမ်းကုန် ကာကွယ်ပေးထားသဖြင့် ပျော်ရွှင်မိသော်လည်း သူမက ပြန်ပြောလိုက်လေသည်။

“အဖေစွန်း... လူတိုင်းမှာ အမှားရှိနိုင်ပါတယ်... ပညာရှိကြီးတွေတောင် မှားတတ်တာပဲလေ...”

စွန်းကျားရှင်းက ပြန်ပြောလိုက်၏။

“ငါ့ရင်ထဲမှာတော့... နျိုနျို လုပ်သမျှ အကုန် မှန်တယ်...”

အဓိက အိမ်ဆောင်တွင် ရှိနေသော လီယွမ်ဝေမှာမူ စောစောက မြင်တွေ့ခဲ့ရသော မျက်နှာကို ပြန်တွေးမိပြီး စိတ်မအေး ဖြစ်နေလေသည်။

သူသည် မိုးသည်းထန်နေသော်လည်း နောက်ဖေးခြံဝင်းသို့ အမြန် သွားကာ ဆေးနံ့များ နံစော်နေသော အခန်းတစ်ခုအတွင်းသို့ ဝင်သွားလေတော့သည်။

All Chapters