ရေချိုးခြင်း
Vol. 14 Ch. 140
“အဟွတ်... အဟွတ်... အဟွတ်...”
အမျိုးသမီး တစ်ဦး၏ ချောင်းဆိုးသံမှာ လီယွမ်ဝေ၏ နားထဲသို့ တိုးဝင်လာလေသည်။
လီယွမ်ဝေသည် အလျင်အမြန် ဝင်သွားပြီး ဘေးနားရှိ အစေခံမလေး၏ လက်ထဲမှ ဆေးခွက်ကို ယူကာ ကုတင်ပေါ်တွင် နာမကျန်းစွာ ထိုင်နေသော အမျိုးသမီးအား ဂရုတစိုက် တိုက်ကျွေးလိုက်လေ၏။
ဟူမျိုးနွယ် အမျိုးသမီးသည် ဆေးတစ်ခွက်ကို လိမ္မာစွာ သောက်ပြီးနောက် ညင်သာစွာ မေးလိုက်လေသည်။
“မောင်ကြီး... တို့အိမ်မှာ ဧည့်သည်တွေ လာတည်းတယ်လို့ ကြားတယ်... နန်းတွင်း ပညာရှိ လူကြီးမင်း တစ်ဦးတောင် ပါတယ်ဆို...”
လီယွမ်ဝေက ခေါင်းညိတ်ပြပြီး ယနေ့ ဖြစ်ပျက်ခဲ့သည်များကို ပြောပြကာ စွန်းကျားရှင်းနှင့် သူတို့ကြား ဆွေးနွေးခဲ့သည်များကိုလည်း ပြန်လည် ဖောက်သည်ချလေသည်။
သူမ၏ သားများ ချီးကျူးခံရသည်ကို ကြားသောအခါ မျက်နှာက ထူးခြားစွာ တောက်ပလာပြီး ပြောလိုက်လေသည်။
“ကောင်းလိုက်တာ... နန်းတွင်း ပညာရှိ လူကြီးမင်းကတော့ လိမ်မှာ မဟုတ်ပါဘူး... သူက အဲ့လို ပြောမှတော့ တို့သားတွေဟာ နောင်ကျရင် သေချာပေါက် အောင်မြင်ကြမှာပါ...”
လီယွမ်ဝေကလည်း ထောက်ခံလိုက်၏။
“ဒီကလေးတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာမှာပါ... မင်းလည်း ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပြီး မြန်မြန် နေကောင်းအောင် လုပ်ပါဦး... အဲ့ကျရင် မင်းလည်း အရာရှိ ကတော် တစ်ဦး ဖြစ်လာမှာပေါ့...”
သူမ က ခက်ခက်ခဲခဲ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“မောင်ကြီးရယ်... ကျွန်မမှာ အဲ့ဒီလို ကံမျိုး ရှိမယ် မထင်ပါဘူး...”
လီယွမ်ဝေသည် သူ၏ ဇနီးဖြစ်သူ၏ ကျဆင်းနေသော ပုံစံကို ကြည့်ပြီး ရင်ထဲတွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာရ၏။ သူတို့သည် ရွယ်တူများ ဖြစ်ကြသော်လည်း သူ၏ ဇနီးမှာ တစ်နှစ်ပတ်လုံး ဖျားနာနေသဖြင့် ယခုအခါ မျိုးဆက် နှစ်ဆက် ကွာခြားသကဲ့သို့ ထင်ရလေသည်။
“အားရွှမ်း... စိတ်ဓာတ်ကျမယ့် စကားတွေ မပြောပါနဲ့ဦး...”
လီယွမ်ဝေက နှစ်သိမ့်လိုက်လေသည်။
သူမက ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“မောင်ကြီး... ကျွန်မ မရှိတော့တဲ့ အခါကျရင်... ဟုန်အာကို အဆင့်မြှင့်ပေးလိုက်ပါ... သူက တာဝန်သိတတ်တဲ့သူဆိုတော့... မောင်ကြီးနဲ့ ကလေးတွေကို သေချာပေါက် ဂရုစိုက်ပေးမှာပါ...”
လီယွမ်ဝေမှာ နေရခက်သွားသော်လည်း သူ၏ ဇနီးသည်မှာ ဆီကုန်ခမ်းတော့မည့် မီးအိမ် တစ်လုံးကဲ့သို့ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ သိနေပေသည်။
သူသည် နောင်ရေးများကို ဆက်လက် မပြောလိုတော့ဘဲ ယနေ့ မြင်တွေ့ခဲ့ရသော နျိုနျိုကို သတိရသွားကာ မေးလိုက်လေသည်။
“အားရွှမ်း... မှတ်မိသေးလား... အဲ့ဒီတုန်းက ကလေးလေးလေ... သူ့မှာ ထူးခြားချက် တစ်ခုခု ရှိလားဟင်...”
ထိုအကြောင်းကို ကြားလိုက်ရသည်နှင့် ဇနီးဖြစ်သူ၏ မျက်နှာတွင် တွေဝေသွားဟန် ပေါ်လာလေသည်။
“မှဲ့လေ... သူ့ရဲ့ လက်မောင်းမှာ အနီရောင် မှဲ့လေး တစ်ခု ပါတယ်... သေးသေးလေးနဲ့ ငါးလေး တစ်ကောင်နဲ့ တူတာလေ...”
လီယွမ်ဝေ၏ မျက်နှာမှာ ပို၍ နေရခက်သွားရ၏။
“မောင်ကြီး... ဘာလို့ အဲ့ဒီကလေး အကြောင်း ရုတ်တရက် မေးရတာလဲဟင်... တစ်ခုခု ဖြစ်လို့လား...”
ဇနီးဖြစ်သူက မေးမြန်းလိုက်လေသည်။
“ငါ ဒီနေ့ မြို့တော်က ကလေးမလေး တစ်ယောက်နဲ့ အရမ်း တူတဲ့ ကလေးကို မြင်လိုက်လို့ပါ... ထားလိုက်ပါတော့... မဖြစ်နိုင်ပါဘူး... အဲ့ဒီကလေးက အခုဆို အသက် ခုနစ်နှစ် ရှိနေပြီလေ... အဲ့ဒီတုန်းက တို့တွေ ကြည့်နေရင်းနဲ့တင် မြစ်ထဲကို နစ်သွားတာ မဟုတ်လား... သူ မဖြစ်နိုင်ပါဘူး... မဖြစ်နိုင်ပါဘူး...”
လီယွမ်ဝေက ပြောလိုက်လေသည်။
မျက်နှာပေါ်မှ ဝေခွဲမရသော ပုံစံကို ကြည့်ပြီး သူမက သူမ၏ ခင်ပွန်းလက်ကို လှမ်းဆွဲကာ ပြောလိုက်၏။
“မောင်ကြီး... အများကြီး မစဉ်းစားပါနဲ့တော့... အဲ့ဒီကလေး အသက်ရှင်နေဖို့ မဖြစ်နိုင်ပါဘူး... မောင်ကြီး မြင်တဲ့ ကလေးနဲ့ကလည်း အသက်က မကိုက်ပါဘူး...”
လီယွမ်ဝေသည် ခေါင်းကို တွင်တွင်ညိတ်လိုက်ပြီးနောက် ဇနီးသည်ကို ကြည့်ကာ ပြောလိုက်လေသည်။
“အားရွှမ်း... တို့တွေသာ အဲ့ဒီတုန်းက အဲ့လိုမျိုး မလုပ်ခဲ့ရင်.. မင်းလည်း အခုထိ ကျန်းကျန်းမာမာ ရှိနေမှာ... ကလေးတွေလည်း အဆင်ပြေနေမှာပါနော်...”
သူမက ခါးသက်စွာ ပြုံးလိုက်ပြီး ပြောလိုက်၏။
“မောင်ကြီးရယ်... တို့တွေ မှားခဲ့တာ ဒါတင်မှ မဟုတ်တာ... တကယ်လို့ ဝဋ်လည်မယ် ဆိုရင်လည်း ကျွန်မ တစ်ယောက်တည်းပဲ ခံပါရစေ... မောင်ကြီးနဲ့ ကလေးတွေကိုတော့ မထိခိုက်ပါစေနဲ့...”
လီယွမ်ဝေသည် ဇနီးသည်၏ အခန်းမှ ထွက်လာပြီးနောက်တွင်လည်း သူ၏ ရင်ထဲတွင် ပူလောင်နေဆဲပင်။ သူသည် လက်ဝှေ့ယမ်းကာ အိမ်တွင် အမှုထမ်းနေသော အဘွားအို တစ်ဦးအား ခေါ်ယူပြီး တိုးတိုးလေး မှာကြားလိုက်လေတော့သည်။
ဧည့်သည်ဆောင်တွင်မူ နျိုနျိုသည် လီယွမ်ဝေ၏ ကိစ္စများကို မေ့သွားပုံ ရချေပြီ။ သူမသည် ယခုအခါ အလွန် တက်ကြွနေပြီး အိမ်ထဲတွင် ဆော့ကစားနေလေတော့သည်။
ကုမင်တာ့သည် မိုးသည်းထန်နေသော်လည်း အပြင်သို့ ထွက်သွားပြီး ခေါင်းဆောင် ချင် နှင့် ကိစ္စရပ်များကို ဆွေးနွေးမည်ဟု ပြောခဲ့လေသည်။
ကုယန်သည် စာအုပ်ကို ကိုင်ကာ ဖတ်နေရုံသာမက သူ၏ ညီလေးနှင့် ညီမလေးကိုပါ အတူတူ စာဖတ်ရန် တိုက်တွန်းနေလေသည်။
ကုကျောက်မှာမူ စာမဖတ်ချင်သဖြင့် မျက်လုံးလေး ကစားကာ စွန်းကျားရှင်းအား ဆွဲထားလိုက်၏။
“ဦးလေးစွန်း... ကျိုချူဟယ်အကြောင်း ပုံပြင်လေး တစ်ခါလောက် ထပ်ပြောပြပါဦး... သား အရမ်း နားထောင်ချင်လို့ပါ...”
သူသည် စွန်းကျားရှင်းက ငြင်းမှာ စိုးရိမ်သဖြင့် နျိုနျိုကိုပါ ဆွဲခေါ်လိုက်လေသည်။
“ညီမလေးလည်း နားထောင်ချင်တယ်လေ... ဟုတ်တယ်မလား...”
ကုကျောက်အတွက်မူ စာမဖတ်ရလျှင် မည်သည့်အရာမဆို လုပ်နိုင်စွမ်း ရှိပေသည်။
စွန်းကျားရှင်းသည် ကုယန်ကို လှမ်းကြည့်လိုက်ရာ လူငယ်လေးက ခေါင်းညိတ်ပြသဖြင့် ပြောလိုက်လေသည်။
“ငါ ကျိုချူဟယ် အကြောင်း ပုံပြင် ဆက်ပြောပြမယ်လေ... ဒါပေမဲ့ နားထောင်ပြီးရင် စာလုံးအကြီးကြီးတွေ ကျင့်ရမယ်နော်... ရမလား...”
နျိုနျိုမှာမူ စာသင်ရမှာကို မငြင်းဆန်သော်လည်း ပုံပြင် နားထောင်ရမှာကို ပို၍ ပျော်ရွှင်နေမိ၏။
ကုကျောက်မှာမူ မျက်နှာလေး ရှုံ့မဲ့ကာ ပြောလိုက်လေသည်။
“ဦးလေးစွန်းကလည်း... ဘာလို့ အလဲအလှယ် လုပ်နေတာလဲဟင်...”
စွန်းကျားရှင်းက ထိုလူအူတူတူလေး၏ ခေါင်းကို တောက်လိုက်ပြီး ပြောလိုက်၏။
“မင်း အဲ့လို ပြောမယ်ဆိုရင်တော့ ငါ ပုံပြင် မပြောတော့ဘူးနော်...”
ကုကျောက်မှာမူ ချက်ချင်းပင် ငြိမ်ကျသွားရလေတော့သည်။
စွန်းကျားရှင်းက စတင် ပြောပြလေသည်။
“ကျိုချူဟယ် ဟာ လင်းကျိုးကနေ စတင်ပြီး မြို့နယ် ၉ ခုကို ဖြတ်သန်းသွားကာ နောက်ဆုံး မြို့တော်ကို ရောက်ရှိတာလေ... မင်းတို့ ကွမ်အန်းမြို့နယ်က ကွမ်အန်းမြစ်ဟာလည်း ကျိုချူဟယ် ရဲ့ မြစ်လက်တက် တစ်ခုပဲ ဖြစ်ရမယ်...”
“တို့တွေ ဒီနေ့ ရွာထဲကို ဝင်လာတုန်းက မြင်ခဲ့တဲ့ မြစ်ကလည်း ကျိုချူဟယ် ရဲ့ မြစ်လက်တက် တစ်ခုပါပဲ...”
“တို့ရဲ့ ကွမ်လင်းပြည်နယ်မှာ ကျိုချူဟယ် ရဲ့ မြစ်လက်တက် အကြီးအသေး ၁၀ ခု ရှိတာလေ... အဲ့ဒီ မြစ်တွေဟာ သီးခြားစီ ရှိနေကြပေမဲ့ နောက်ဆုံးမှာတော့ ကျိုချူဟယ် ထဲမှာပဲ လာဆုံကြတာပေါ့...”
ကုကျောက်သည် ထိုစကားကို ကြားသောအခါ တစ်ခုခုကို သဘောပေါက်သွားပြီး မေးလိုက်လေသည်။
“ဦးလေးစွန်း... တို့တွေ ခရီးထွက်လာတာ ရက်တော်တော် ကြာပြီလေ... အခုထိ ကွမ်လင်း ပြည်နယ်ထဲမှာပဲ ရှိနေသေးတာလားဟင်...”
စွန်းကျားရှင်းက ပြန်ပြောလိုက်၏။
“မင်းက ဘယ်လို ထင်လို့လဲ... ကွမ်လင်း ပြည်နယ်ဟာ မင်း ထင်ထားတာထက် အများကြီး ပိုကျယ်တာလေ...”
ကုကျောက်မှာမူ အံ့သြစွာ ရေရွတ်လိုက်လေသည်။
စွန်းကျားရှင်းမှာ စိတ်ပါလာသဖြင့် သမိုင်းအကြောင်းအရာများကို ဆက်လက် ပြောပြလေသည်။
“ဒဏ္ဍာရီတွေ အရဆိုရင်... အရင်မင်းဆက် မုကျုံးဧကရာဇ် လက်ထက်တုန်းက မြစ်ရေကြီးပြီး ကမ်းပါးတွေ ပြိုကျခဲ့တာလေ... အဲ့ဒီတုန်းက အသက် တစ်လပဲ ရှိသေးတဲ့ သူရဲကောင်းကြီး ချန်ဖန်က သူ့မိခင်နဲ့အတူ သစ်သားဇလုံ တစ်ခုထဲမှာ တင်ပြီး ကျိုချူဟယ် တစ်လျှောက် လင်းကျိုး ကနေ မြို့တော်အထိ မျောပါလာခဲ့တာတဲ့လေ...”
နျိုနျိုသည် စိတ်ဝင်တစား နားထောင်နေပြီး ပြောလိုက်လေသည်။
“ဒါက တကယ့်ကို အံ့သြဖို့ ကောင်းတာပဲနော်... အဲ့ဒီလောက် ငယ်တဲ့ ကလေးက မြစ်ထဲမှာ အကြာကြီး မျောပါနိုင်တယ်ဆိုတာ... သူက တကယ်ပဲ ကံကောင်းပြီး အသက်ကို နတ်စောင့်တာ ဖြစ်ရမယ်...”
စွန်းကျားရှင်းက ပြုံးလျက် ပြောလိုက်၏။
“သူရဲကောင်းကြီးတွေ ဆိုတာ ငယ်ငယ်တုန်းက ထူးခြားတဲ့ အတွေ့အကြုံတွေ ရှိတတ်ကြတာပဲလေ... အမှန်တရားကတော့ ဘယ်လိုလဲဆိုတာ တို့ နောက်လူတွေ မသိနိုင်တော့ပါဘူး...”
နျိုနျိုက သူမ၏ ပါးလေးကို လက်ဖြင့် ထောက်ကာ ပြောလိုက်လေသည်။
“သစ်သားဇလုံထဲမှာ မျောနေရတဲ့ ကလေးလေးကို တွေးမိရင်... သူ သနားစရာ ကောင်းလိုက်တာနော်... တော်ပါသေးရဲ့ တို့တွေ တည်းခိုစခန်းကနေ ထွက်လာခဲ့လို့... မဟုတ်ရင် တို့တွေလည်း အခုဆိုရင် သစ်သားဇလုံထဲမှာ ထိုင်ပြီး ခရီးထွက်နေရမလား မသိဘူးနော်...”
သို့သော်လည်း ကုကျောက်က ဝင်ပြောလိုက်လေသည်။
“ညီမလေး... ငါ အရင်က ဟိုဆိုးသွမ်းတဲ့ ဦးလေးတွေဆီက ကြားဖူးတာတော့... ညီမလေးကို ကောက်ရတုန်းကလည်း သစ်သားဇလုံ တစ်ခု ပါတယ်တဲ့လေ... ညီမလေး မိသားစုကလည်း ညီမလေးကို သစ်သားဇလုံထဲ ထည့်ပြီး မြစ်ထဲ မျှောလိုက်တာ ဖြစ်မှာ...”
နျိုနျိုက ထိုစကားကို ကြားသောအခါ ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
“ဒါပေမဲ့ သူတို့က သမီးကို မြက်ခင်းပြင်ပေါ်မှာ ကောက်ရတာလို့ ပြောတာပဲလေ... မြစ်ထဲကနေ ကမ်းပေါ် ရောက်လာတာလားဟင်...”
ကုကျောက်သည်လည်း မသေချာသဖြင့် အခန်းထဲတွင် ဉာဏ်အကောင်းဆုံးဟု သူ ထင်မှတ်ထားသော စွန်းကျားရှင်း အား လှည့်ကြည့်လိုက်လေသည်။
စွန်းကျားရှင်းမှာ ထိုကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သူ မဟုတ်သဖြင့် အတိတ်က ကိစ္စများကို မည်သို့ ရှင်းပြနိုင်မည်နည်း။ သူက တည်ငြိမ်စွာပင် ပြောလိုက်လေသည်။
“နျိုနျိုလေး... တောင်းပန်ပါတယ်... အဖေလည်း ဒါကို ရှင်းရှင်းလင်းလင်း မသိဘူး...”
နျိုနျိုမှာမူ စိတ်ပျက်ခြင်း မရှိဘဲ ပြန်ပြောလိုက်၏။
“အဖေစွန်း... ဆရာက ပြောဖူးတယ်လေ... လူတိုင်းမှာ အကန့်အသတ် ရှိတယ်တဲ့... ဒါက သဘာဝကျပါတယ်... သမီးတို့တွေ အားလုံးက အရာရာကို မသိနိုင်ကြဘူး မဟုတ်လားဟင်...”
စွန်းကျားရှင်းသည် ပုံပြင်ပြောပြပြီးနောက် ကလေးနှစ်ဦးကို စာရေးကျင့်ရန် တိုက်တွန်းလိုက်လေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာ၏။ အဘွားအို တစ်ဦးသည် ရေနွေးပုံး တစ်ခုကို သယ်ဆောင်လာပြီး ပြုံးလျက် ဝင်လာလေသည်။
“လူကြီးမင်းစွန်း... သခင်လေးနဲ့ သခင်မလေးတို့... တို့ သခင်ကြီး က ကလေးတွေ မိုးမိလို့ နေမကောင်း ဖြစ်မှာ စိုးရိမ်လို့လေ... ကျွန်မကို ရေနွေးတွေ ပြင်ခိုင်းလိုက်တာပါ... ကလေးတွေကို ရေချိုးပေးဖို့ ကျွန်မ လာကူပေးတာပါ...”
ကုယန်သည် သားအကြီးဆုံး ပီပီ အမြဲတမ်း နှိမ့်ချတတ်သူ ဖြစ်ရာ တန်းပြီး ပြောလိုက်လေသည်။
“ညီမလေးကို အရင် ချိုးပေးလိုက်ပါ...”
ထိုအဘွားအိုသည် ထိုစကားကို ကြားသောအခါ သူမ၏ မျက်လုံးများထဲတွင် ဝမ်းမြောက်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။