အမှန်တရား မဟုတ်နိုင်ပါ
Vol. 15 Ch. 143
ထိုစကားကို ကြားလိုက်ရသည်နှင့် ကျန်းယွင်နန်မှာ လက်ထဲမှ ပစ္စည်းများပင် ပြုတ်ကျလုနီးပါး ဖြစ်သွားရလေသည်။
အကယ်၍ နျိုနျိုသာ သူမ၏ မိဘအရင်းများကို ပြန်ရှာတွေ့ခဲ့လျှင် သူမအား ချစ်ပေးမည့် မိဘ နောက်တစ်စုံ တိုးလာသဖြင့် ကောင်းမွန်သော ကိစ္စဟု သူမ သိထားပေသည်။
သို့သော်လည်း ထိုကိစ္စမှာ သူမ၏ မျက်စိရှေ့တွင် အမှန်တကယ် ဖြစ်လာသောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ နျိုနျိုကို ခေါ်ကာ အဝေးသို့ ထွက်ပြေးသွားရန်သာ ဖြစ်နေလေတော့သည်။
ကျန်းယွင်နန်တွင် အခြားသော သမီး မရှိချေ။
သူမ၏ စိတ်ထဲတွင် နျိုနျိုမှာ အကောင်းဆုံးသော သမီးငယ်လေး ဖြစ်ပေသည်။
သူမသည် စိတ်ကို အတင်း ထိန်းချုပ်လိုက်ပြီး မေးလိုက်၏။
“အားယန်... ဒါကို ဘာလို့ တွေးမိတာလဲ... မေမေ့ကို အစအဆုံး သေချာ ပြောပြပါဦး...”
ကုယန်က ခုနက ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ပြောပြလေသည်။ ကျန်းယွင်နန်သည် ထိုစကားများကို နားထောင်ပြီးနောက် ရင်ထဲတွင် ရှုပ်ထွေးသွားရလေတော့သည်။
“ဒီလောက်ထိ တိုက်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... တစ်ခုခု နားလည်မှုလွဲနေတာ ဖြစ်ရမယ်...”
ကျန်းယွင်နန်က တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ကုယန်မှာမူ ညီမလေးအား မိမိတို့ထံမှ ခွဲခွာမသွားစေလိုသဖြင့် တိုးတိုးလေး မေးလိုက်၏။
“မေမေ... တကယ်လို့ ဒါက အမှန်တရား ဖြစ်နေရင် ဘယ်လိုလုပ်မလဲဟင်...”
ကျန်းယွင်နန်၏ မျက်နှာတွင် တွေဝေမှုများ ထင်ဟပ်နေလေသည်။ အချိန်အတော်ကြာမှ သူမသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်လေသည်။
“တကယ်လို့ သူတို့မှာ အခက်အခဲ ရှိခဲ့လို့ဖြစ်ဖြစ်၊ ညီမလေးအပေါ် နောင်ကျရင် ကောင်းကောင်းမွန်မွန် ပြန်လုပ်ပေးချင်လို့ပဲ ဖြစ်ဖြစ် ဆိုရင်တော့... ဒီမိသားစုက နျိုနျိုလေးကို ပြန်ခေါ်ဖို့ မေမေ သဘောတူပါတယ်...”
သို့သော်လည်း အကယ်၍ သူတို့သည် နျိုနျိုအပေါ် မကောင်းခဲ့လျှင်မူ ဤလျှို့ဝှက်ချက်ကို သူမသည် မြေကြီးထဲအထိ ယူဆောင်သွားပေလိမ့်မည်။
ရင်ထဲတွင် အတွေးပေါင်း များစွာ ရှိနေသော်လည်း ကလေးနှစ်ဦးကို မြင်သောအခါ သူမသည် စိတ်ကို ထိန်းချုပ်လိုက်ရလေသည်။
ကုကျောက်မှာမူ စာသင်ရာတွင် အာရုံမရှိတော့ပေ။ သူသည် ခေါင်းလေးစောင်းကာ ကျန်းယွင်နန်အား အကြာကြီး စိုက်ကြည့်ပြီးနောက် ပြောလိုက်၏။
“မေမေ... မေမေ့ရဲ့ မျက်နှာက အရမ်း ထူးဆန်းနေတယ်... ငါးသည်းခြေ ဆယ်ပိဿာလောက် စားထားရသလိုမျိုးပဲ...”
ကျန်းယွင်နန်သည် နျိုနျိုကို သေချာ စိုက်ကြည့်လိုက်လေသည်။ သမီးဖြစ်သူမှာ စာကို လေးလေးနက်နက် ရေးနေသည်ကို မြင်ရသောအခါ သူမ သက်ပြင်းချလိုက်မိ၏။ နျိုနျို၏ လိမ္မာပုံကို တွေးမိပြီးနောက် သူမသည် ကုကျောက်အား လှည့်၍ စိုက်ကြည့်လိုက်လေသည်။
“စာသင်လို့ ပြီးပြီလား... ဖေဖေ ပြန်လာရင် စစ်မှာနော်...”
ကျန်းယွင်နန်က ပြောလိုက်လေသည်။
ကုကျောက်သည် အလျင်အမြန်ပင် ခေါင်းငုံ့ကာ စာဆက်ရေးရလေတော့သည်။
အဓိက အိမ်ဆောင်တွင်မူ လီယွမ်ဝေ သည် ယိမ်းထိုးလျက် ဝင်လာသော အဘွားအိုကို မြင်လိုက်ရ၏။ ခေါင်းတွင် အဖုအထစ်များဖြင့် အဝတ်အစားများမှာလည်း စုတ်ပြတ်နေသော ဤထူးဆန်းသော သတ္တဝါကို မြင်လိုက်ရသဖြင့် သူသည် လန့်သွားရလေသည်။
“ဘယ်သူလဲ...”
လီယွမ်ဝေ က နောက်သို့ နှစ်လှမ်းဆုတ်ကာ မေးမြန်းလိုက်၏။
“သခင်ကြီး... ကျွန်မပါ...”
အဘွားအိုက ဝေဝေဝါးဝါးဖြင့် ပြန်ပြောလိုက်လေသည်။
သခင်နှင့် အစေခံ နှစ်ဦးမှာ အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်တွင်မှ ဤအရာမှာ သူ ဧည့်သည်ဆောင်သို့ လွှတ်လိုက်သော အဘွားအို ဖြစ်ကြောင်း လီယွမ်ဝေ သိလိုက်ရလေသည်။
“ဘာလို့ ဒီလောက်ထိ ဖြစ်နေရတာလဲ... သရဲ တစ်ကောင်နဲ့ တူနေတာပဲ...”
လီယွမ်ဝေ က မေးမြန်းလိုက်၏။
အဘွားအိုမှာမူ ထိုစကားကို ကြားသောအခါ မျက်ရည်ပင် ကျလာရလေတော့သည်။
“ကျွန်မ ဒီနေ့ ကံမကောင်းဘူး ထင်ပါတယ်... ဧည့်သည်ဆောင်မှာ ခဏခဏ လဲနေခဲ့တာလေ... ခုနက အိမ်ထဲဝင်တော့လည်း တံခါးခုံကို မမြင်ဘဲ ခလုတ်တိုက်ပြီး ထပ်လဲပြန်တာပေါ့...”
အဘွားအို၏ ခေါင်းမှာ ယခုအခါ ဖောင်းတက်နေပြီး သွေးများလည်း ထွက်နေလေသည်။ ခြေထောက်တစ်ဖက်မှာလည်း နာနေပြီး လက်မောင်းတစ်ဖက်ကိုလည်း မမနိုင် ဖြစ်နေရှာ၏။
အဘွားအိုသည် ရင်ဖွင့်ပြီးနောက် လီယွမ်ဝေ အား မျှော်လင့်တကြီး စိုက်ကြည့်နေမိလေသည်။ သူ ကတိပေးထားသော ဆုလာဘ်ကို မပေးမှာကို သူမ စိုးရိမ်နေမိခြင်းပင်။
လီယွမ်ဝေမှာမူ သူမ၏ စိုက်ကြည့်မှုကို စိတ်ပျက်နေမိ၏။ ငွေ တစ်တုံး ဆိုသည်မှာ သူ့အတွက် ဘာမှ မဟုတ်သော်လည်း သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေဆဲ ဖြစ်၏။ သူက ထပ်မံ မေးလိုက်လေသည်။
“အဲ့ဒီ ကလေးမလေးရဲ့ ကိုယ်မှာ မှဲ့ပါ၊ မပါ သေချာ ကြည့်ခဲ့ရဲ့လား...”
အဘွားအိုက ခေါင်းကို တွင်တွင်ညိတ်ကာ ပြန်ပြောလိုက်လေသည်။
“သခင်ကြီး... ကျွန်မ သေချာ ကြည့်ခဲ့ပါတယ်... သုံးခါ လေးခါလောက်တောင် ကြည့်တာပါ... သူ့မှာ မှဲ့ လုံးဝ မပါပါဘူး...”
လီယွမ်ဝေသည် သူမ၏ ကတိစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သော်လည်း ငွေ တစ်တုံးကိုမူ ပေးလိုက်လေသည်။
အဘွားအိုသည် ပိုက်ဆံကို ရရှိသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရလေ၏။ သူမသည် အဓိက အိမ်ဆောင်မှ ထွက်လာသည်နှင့် သူမ၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ ခံနိုင်ရည် မရှိတော့ဘဲ မြေပြင်ပေါ်သို့ ခေါင်းနှင့် ဆောင့်ကာ လဲကျသွားပြန်လေသည်။ ထိုသို့ လဲကျပြီးနောက် သူမသည် သတိမေ့သွားရလေတော့သည်။
ကုမင်တာ့သည် အပြင်သို့ ထွက်သွားပြီး နှစ်နာရီခန့် ကြာမှ ပြန်လည် ရောက်ရှိလာလေသည်။
ကျန်းယွင်နန်သည် ခင်ပွန်းဖြစ်သူ စိုစိုရွှဲရွှဲနှင့် ပြန်လာသည်ကို မြင်သောအခါ အဝတ်အစား အသန့်များကို အလျင်အမြန် ယူဆောင်လာပြီး သူ၏ ဆံပင်မှ ရေများကို ပုဝါဖြင့် သေချာ သုတ်ပေးလိုက်လေသည်။ ထို့နောက် ခြံထဲတွင် အမှုထမ်းနေသော အခြား အဘွားအို တစ်ဦးအား ရေနွေး သွားယူခိုင်းလိုက်လေ၏။
“ကလေးတွေ လိမ္မာကြရဲ့လား...”
ကုမင်တာ့က ကျန်းယွင်နန်အား မေးမြန်းလိုက်လေသည်။
“အားကျောက် ကတော့ ထုံးစံအတိုင်းပါပဲ... စာသင်ရင် အမြဲတမ်း ပျင်းချင်နေတာလေ... အားယန် နဲ့ နျိုနျို ကတော့ ကျွန်မကို စိတ်မပူရအောင် နေကြပါတယ်...”
ကျန်းယွင်နန်က ပြန်ပြောလိုက်၏။
ကုမင်တာ့သည် သူမ၏ လက်ကို ရုတ်တရက် ဆွဲလိုက်လေသည်။
“ယွင်နန်... မင်းမှာ တစ်ခုခု စိုးရိမ်နေတာ ရှိလို့လား...”
ကျန်းယွင်နန်သည် ခင်ပွန်းဖြစ်သူ ရေချိုးပြီးမှ ထိုအကြောင်းကို ပြောရန် ကြံရွယ်ထားသော်လည်း သူမ၏ ထူးခြားသော အမူအရာများကို ခင်ပွန်းဖြစ်သူထံမှ ဖုံးကွယ်၍ မရနိုင်မှန်း သိလိုက်ရလေသည်။
ကုမင်တာ့သည် ဇနီးဖြစ်သူအား ညင်သာစွာ ဆွဲကာ ရှေ့တွင် ထိုင်ခိုင်းလိုက်၏။
“ယွင်နန်... ဘာဖြစ်လို့လဲဆိုတာ ပြောပါဦး...”
ကျန်းယွင်နန်သည် ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ခုနက ဖြစ်ပျက်ခဲ့သည်များကို ရင်ဖွင့်လေတော့သည်။
“ကျွန်မ တစ်နှစ်ပတ်လုံး ပြုစုလာတဲ့ သမီးလေးက အရမ်း လိမ္မာပြီး ချစ်စရာကောင်းတာလေ... သူ့ကို တခြားလူဆီ မပေးချင်ပါဘူး... ဒါပေမဲ့ သူ့ရဲ့ ရှေ့ရေးကိုလည်း ထိခိုက်မှာ စိုးရိမ်မိတယ်လေ...”
ကျန်းယွင်နန်က ပြောရင်းနှင့်ပင် မျက်ရည်များ ကျလာရလေတော့သည်။
ကုမင်တာ့သည် ဇနီးဖြစ်သူ၏ ကျောကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်လေသည်။
“ယွင်နန်... ကိစ္စတွေက မင်း ထင်သလို မဟုတ်တာလည်း ဖြစ်နိုင်တာပဲလေ... ကိုယ့်ကိုယ်ကိုယ် မခြောက်ပါနဲ့ဦး... နျိုနျိုက မင်းကို ဘယ်လောက် ချစ်လဲဆိုတာ တို့တွေ သိနေတာပဲလေ... သူလည်း မင်းနဲ့ မခွဲချင်ပါဘူး...”
ကျန်းယွင်နန်မှာမူ မနည်း ပြုံးပြလိုက်ရ၏။
ကုမင်တာ့က ဆက်ပြောလိုက်လေသည်။
“လီမိသားစု က အပေါ်ယံ မြင်ရသလိုမျိုး ရိုးရှင်းတဲ့ သူတွေ မဟုတ်ဘူးနော်...”
ကျန်းယွင်နန်သည် ထိုစကားကြောင့် ချက်ချင်းပင် စိတ်ဝင်စားသွားပြီး မေးလိုက်၏။
“သူတို့ မိသားစုမှာ ဘာပြဿနာ ရှိလို့လဲဟင်...”
ကုမင်တာ့က ရှင်းပြလိုက်လေသည်။
“ကိုယ် ခုနက အပြင်ထွက်တုန်းက ခေါင်းဆောင် ချင် နဲ့ စကားပြောခဲ့တာလေ... အဲ့ဒီမှာ စာပို့သမား အိမ်ကိုလည်း တစ်ခါတည်း ဝင်ခဲ့တာပေါ့...”
စာပို့သမားမှာ ဤရွာမှ ဖြစ်ပြီး သူ၏ အဖေမှာ ရွာသူကြီး ဖြစ်သဖြင့် ၎င်းတို့ မိသားစုမှာ ရွာ၏ အကြောင်းစုံကို သိရှိထားကြသူများ ဖြစ်ပေသည်။
“သေချာ ပြောရရင် လီယွမ်ဝေ တို့ မိသားစုက ဒီရွာက လူတွေ မဟုတ်ကြဘူးလေ... လီယွမ်ဝေ ရဲ့ ယောက္ခမက ဒီရွာက ဝမ်မိသားစုရဲ့ သမီးလေ... အဲ့ဒီတုန်းက ဝမ်မိသားစုမှာ သားသမီးတွေ များလွန်းလို့ မကျွေးနိုင်တာနဲ့ သူ့သမီးကို သူများဆီ ရောင်းစားလိုက်တာပေါ့...”
“သူ့ယောက္ခမကတော့ ကံကောင်းပါတယ်... ကွမ်လင်း ပြည်နယ်က သူဌေးအိမ် တစ်ခုမှာ ရောင်းစားခံရပြီး သခင်မကြီးရဲ့ အပါးတော်မြဲ ဖြစ်ခဲ့တာလေ...”
“ရွာသားတွေ ပြောတာတော့... သူက သခင်မကြီးရဲ့ အလေးပေးခြင်းကို ခံရလို့... သခင်မကြီးနဲ့အတူ မြို့တော်ကို အခြွေအရံအဖြစ် လိုက်သွားခဲ့ရတာတဲ့... အဲ့ဒီမှာ အိမ်ထိန်း တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး လီယွမ်ဝေ ရဲ့ ဇနီးကို မွေးဖွားခဲ့တာပေါ့...”
“လီယွမ်ဝေ တို့ လင်မယားက လွန်ခဲ့တဲ့ ခြောက်နှစ်ကမှ ရွာကို ရုတ်တရက် ပြန်လာကြတာလေ... ပြန်လာပြီးတော့ လယ်ယာမြေတွေ၊ ပိုင်ဆိုင်မှုတွေ အများကြီး ဝယ်ယူပြီး ရက်ရက်ရောရော နေထိုင်ကြတာပေါ့... အခုထိ မြို့တော်ကို ပြန်မသွားကြတာကို ကြည့်ရင်... ဒီမှာပဲ သူဌေးကြီးတွေအဖြစ် အခြေချချင်နေတဲ့ ပုံပဲ...”
ထိုစကားများကို နားထောင်ပြီးနောက် ကျန်းယွင်နန်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာရလေသည်။
ကုမင်တာ့က အသံနှိမ့်ကာ ဆက်ပြောလိုက်၏။
“ရွာသူကြီးရဲ့ ဇနီးက တို့အဖေလိုပဲ စိတ်မနှံ့တဲ့ ရောဂါ ရှိနေတာလေ... ဒါပေမဲ့ ကိုယ် သူတို့အိမ် ရောက်နေတုန်းမှာ သူက ရုတ်တရက်ကြီး စကားတစ်ခွန်း ပြောလိုက်တယ်...”
“ဘာပြောလိုက်တာလဲဟင်...”
ကျန်းယွင်နန်က ထိုစကားမှာ အရေးကြီးသည်ဟု ခံစားရသဖြင့် မေးမြန်းလိုက်လေသည်။
“လီယွမ်ဝေ တို့ လင်မယား ပြန်လာတုန်းက ကလေးလေး တစ်ယောက်ကို ပွေ့ချီလာကြတာတဲ့...”
ကုမင်တာ့က ပြောလိုက်လေသည်။
ကျန်းယွင်နန်မှာ ထိုစကားကြောင့် လေအေး တစ်ချက် ရှူသွင်းလိုက်မိ၏။
လီယွမ်ဝေ တို့ လင်မယား ရွာကို ပြန်လာသည်မှာ လွန်ခဲ့သော ခြောက်နှစ်က ဖြစ်ပေသည်။
နျိုနျိုသည်လည်း ယခုအခါ အသက် ခြောက်နှစ် ရှိနေပြီ ဖြစ်ရာ အချိန်ကာလမှာ အလွန်ပင် တိုက်ဆိုင်နေသည် မဟုတ်ပါလား။
“ဒါပေမဲ့ ရွာသူကြီးက သူ့မိန်းမကို ဆက်မပြောခိုင်းတော့ဘဲ... လီယွမ်ဝေ တို့ လင်မယားက ကလေး ပါမလာပါဘူးလို့ ကိုယ့်ကို အကြိမ်ကြိမ် အတည်ပြုပြောဆိုခဲ့တယ်လေ...”
ကုမင်တာ့က ဆက်လက် ပြောပြလေသည်။
ကျန်းယွင်နန်သည် အမှန်တရားကို သိလိုစိတ် ပြင်းပြနေမိ၏။
ကုမင်တာ့ကလည်း အကြောင်းစုံကို ဆက်လက် ပြောပြလေသည်။
“ကိုယ် စာပို့သမားကို သီးသန့် ခေါ်မေးကြည့်တော့မှ ကိစ္စတစ်ခု သိရတယ်လေ...”
“လီယွမ်ဝေ တို့ မိသားစု ရွာကို ရောက်လာကတည်းက လူအများနှင့် မဆက်ဆံဘဲ သီးခြားစီ နေထိုင်ကြတာလေ... ဒါကြောင့် အပြင်ကလူတွေက သူတို့အကြောင်းကို အမျိုးမျိုး ပြောဆိုနေကြတာပေါ့...”
“စာပို့သမား ပြောတာတော့... ရွာသားတွေက လီယွမ်ဝေ တို့ မိသားစု ရုတ်တရက်ကြီး ချမ်းသာလာတာကို သံသယ ရှိနေကြတာတဲ့... သူတို့က သခင်အိမ်က ပိုက်ဆံတွေကို ခိုးလာတာလား၊ ဒါမှမဟုတ် အခုလို ချမ်းသာဖို့အတွက် ကလေးကို မြစ်နတ်မင်းဆီမှာ ပူဇော်လိုက်တာလား ဆိုပြီးတော့ပေါ့...”
ကျန်းယွင်နန်မှာ ထိတ်လန့်သွားရ၏။
“မြစ်နတ်မင်းဆီမှာ ပူဇော်တယ် ဟုတ်လား...”
သူမသည် ထိုစကားကို ကြားသောအခါ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်သွားရလေသည်။