ဆောင်းဦးစာမေးပွဲ
Vol. 15 Ch. 147
“အဖေစွန်း ပြောသလိုပဲလေ... လက်ရှိ အခိုက်အတန့်မှာ ပျော်ပျော်နေရမယ်... ကိုယ်ကြိုက်တာကို ဝယ်ရမယ်... ပြီးတော့ ကိုယ်ချစ်တဲ့သူတွေအတွက် ပိုက်ဆံသုံးရမယ်လေ...”
နျိုနျိုက ပြောလိုက်၏။
ထိုစကားကြောင့် စွန်းကျားရှင်းမှာမူ ဆွံ့အသွားရလေတော့သည်။
နျိုနျိုသည် ယောကျ်ားဝတ် ဆံထိုးများကို ရွေးချယ်ပြီးနောက် အမျိုးသမီးဝတ် ဆံထိုးများကိုလည်း ထပ်မံ ရွေးချယ်ပြန်၏။
ကျန်းယွင်နန်၊ အဖွားကုနှင့် လျူရှောင်ရူ တို့အတွက် ရွှေဆံထိုး တစ်ခုစီကို သူမက ရွေးချယ်ပေးလိုက်လေသည်။ သူမသည် ငြင်းဆန်နေသော အားကျောက် အတွက်လည်း သူ၏ နှစ်ဖွား ရုပ်တုပါသော ရွှေဆွဲပြား တစ်ခုကို ဝယ်ပေးလိုက်သေး၏။
သေချာသည်မှာ ရတနာဆိုင်မှ ထွက်လာချိန်တွင် နျိုနျို၏ ပိုက်ဆံအိတ်လေးမှာ လုံးဝ နီးပါး ဟာလာဟင်းလင်း ဖြစ်သွားရခြင်းပင် ။
စွန်းကျားရှင်းသည် သူမအား လမ်းပေါ်တွင် ဆက်လက် ခေါ်မသွားတော့ဘဲ ယနေ့ သွားရမည့် နောက်ဆုံး နေရာဖြစ်သော မြို့ဝန်ရုံးသို့ ခေါ်ဆောင်သွားလေတော့သည်။
သူသည် မြို့ဝန်ရုံးသို့ ရောက်သည်နှင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပြောပြလိုက်ရာ လူတစ်ယောက်က ချက်ချင်းပင် အထဲသို့ ခေါ်ဆောင်သွားလေသည်။ ထိုသူမှာ ကြိုတင် နှုတ်ဆက်ထားခြင်း ခံရသူ ဖြစ်ဟန် ရှိပေသည်။
နျိုနျိုမှာမူ ဇဝေဇဝါ ဖြစ်နေပြီး မေးမြန်းလိုက်၏။
“အဖေစွန်း... အဖေ တွေ့ချင်တဲ့လူက အရာရှိကြီး တစ်ယောက်လားဟင်...”
စွန်းကျားရှင်းက ခေါင်းညိတ်ပြလေသည်။
မကြာခင်မှာပင် သူတို့နှစ်ဦးသည် အသက် ၄၀ ဝန်းကျင်ခန့် ရှိပြီး ကြင်နာတတ်သော မျက်နှာထားရှိသည့် စာရေးကြီးတစ်ဦးနှင့် တွေ့ဆုံကြလေ၏။
“ဒီကလေးမလေးလား...”
စာရေးကြီးက စွန်းကျားရှင်းအား ပြုံးလျက် မေးမြန်းလိုက်လေသည်။
စွန်းကျားရှင်းက ခေါင်းညိတ်ပြပြီး စက္ကူပါးလေး တစ်ရွက်ကို ကမ်းပေးကာ ပြောလိုက်၏။
“အစ်ကိုကြီးကို အပူပေးရပြန်ပြီနော်...”
စာရေးကြီးသည် စုတ်တံကို ယူကာ စက္ကူပေါ်တွင် တစ်ခုခုကို ရေးသားလိုက်ပြီးနောက်ဂတံဆိပ်တုံးကြီး တစ်ခုကို ယူကာ ရိုက်နှိပ်လိုက်လေသည်။
လုပ်ငန်းစဉ် အဆင့်ဆင့်မှာ အလွန်ပင် ရှုပ်ထွေးလှသဖြင့် သာမန်ကလေးများသာ ဆိုလျှင်မူ စိတ်မရှည် ဖြစ်နေကြမည်မှာ သေချာလှပေသည်။ သို့သော်လည်း နျိုနျိုမှာမူ ဘေးနားတွင် လိမ္မာစွာ စောင့်ဆိုင်းနေပြီး ပျင်းလာသောအခါတွင်လည်း သူမ၏ လက်ချောင်းလေးများကိုသာ ကစားနေပြီး မည်သည့် ဆူညံသံမျှ မပြုလုပ်ခဲ့ချေ။
အချိန်အတော်ကြာမှ စာရေးကြီးသည် အလုပ်ပြီးသွားပြီး စွန်းကျားရှင်းနှင့် စကားအနည်းငယ် ပြောဆိုကာ မှင်ခြောက်စပြုနေသော စက္ကူတစ်ရွက်ကို စွန်းကျားရှင်းအား ကမ်းပေးလိုက်လေတော့သည်။
စွန်းကျားရှင်းသည် နျိုနျိုကို ခေါ်ကာ နှုတ်ဆက်၍ ထွက်ခွာလာခဲ့၏။
စာရေးကြီးသည် ထိုနှစ်ဦး ထွက်သွားသည်ကို ပြုံးလျက် ကြည့်ကျန်ရစ်လေသည်။
နျိုနျို အိမ်ပြန်ရောက်သောအခါမှသာ စွန်းကျားရှင်းသည် အပြင်ထွက်ရာ၌ ဘာတွေ လုပ်ဆောင်ခဲ့သည်ကို သိလိုက်ရလေတော့သည်။
ကုမင်တာ့သည် ထိုစက္ကူပါးလေးကို လက်ခံရရှိပြီးနောက် နေရာတွင်ပင် မတ်တပ်ရပ်လိုက်မိ၏။
“အစ်ကိုစွန်း... ခင်ဗျား ဒါ ဘာလုပ်လိုက်တာလဲဗျာ...”
စွန်းကျားရှင်းမှာမူ တည်ငြိမ်စွာဖြင့်ပင် ပြန်ဖြေလိုက်လေသည်။
“ငါက အဖေတစ်ယောက်ပဲလေ... ငါ့သမီးလေးအတွက် နည်းနည်းလောက် စဉ်းစားပေးတာ ဘာမှ မမှားပါဘူး...”
“ခင်ဗျားဆီက ဂရုစိုက်မှုတွေ အများကြီး ရထားပြီးသားလေ... အခု ကျန်းကျိုးပြည်နယ် က အိမ်ကိုပါ ဘာလို့ ပေးရတာလဲဟင်...”
ကုမင်တာ့သည် စွန်းကျားရှင်း တစ်ယောက် ရူးသွားပြီဟုပင် ထင်မှတ်နေမိလေသည်။
ယခုအခါ ကုမိသားစု အခြေချ နေထိုင်နေသော ကျန်းကျိုးပြည်နယ်မှ ဒုတိယအိမ်ကို စွန်းကျားရှင်းသည် မြို့ဝန်ရုံးတွင် အိမ်ဂရန် အမည်ပြောင်းလဲကာ နျိုနျို၏ အမည်ပေါက် ပြုလုပ်ပေးခဲ့ခြင်းပင်။
စွန်းကျားရှင်းက ပြောလိုက်လေသည်။
“ဒီကိစ္စကို ခရီးမထွက်ခင်ကတည်းက ငါ့ဇနီးနဲ့ တိုင်ပင်ထားတာပါ... ငါက သမီးအဖြစ် လက်ခံထားမှတော့... ဘာမှ မလုပ်ပေးဘဲနဲ့တော့ မဖြစ်ဘူးလေ...”
ကျန်းကျိုးပြည်နယ်မှ ဤကဲ့သို့ စာမေးပွဲ စင်တာနှင့် နီးသော နေရာရှိ အိမ်တစ်လုံးကို အမှန်တကယ် ရောင်းချမည် ဆိုလျှင်မူ အနည်းဆုံး ငွေတုံး ရှစ်ရာခန့် ရရှိနိုင်ပေသည်။
ကုမင်တာ့က ခေါင်းခါလိုက်၏။
“အရင်က ပေးခဲ့တဲ့ ရွှေလည်ဆွဲ ကလည်း အဖိုးတန်လွန်းလှပါပြီ...”
သို့သော်လည်း စွန်းကျားရှင်းက ပြန်ပြောလိုက်လေသည်။
“ရွှေလည်ဆွဲ ဆိုတာက တွေ့ဆုံခြင်း အမှတ်တရ လက်ဆောင်သက်သက်ပါ... အခု ပေးတဲ့ ပိုင်ဆိုင်မှုကမှ စစ်မှန်တဲ့ လက်ဆောင်ပေါ့...”
သူသည် မူလက လယ်ယာမြေများ ပေးရန် ကြံစည်ခဲ့သော်လည်း နျိုနျိုမှာ ငယ်သေးသဖြင့် သူမအနေဖြင့် စီမံခန့်ခွဲနိုင်လိမ့်မည် မဟုတ်ကြောင်း တွေးတောမိကာ အိမ်တစ်လုံးကိုသာ အစုံအလင် ပေးလိုက်ခြင်း က ပို၍ ကောင်းမွန်မည်ဟု ယူဆခဲ့ခြင်းပင်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်က အမည်ပြောင်းပြီးသွားပြီလေ... မင်းတို့ အိမ်လခ ပေးချင်တယ် ဆိုရင်လည်း နျိုနျို လက်ထဲကိုပဲ ထည့်လိုက်ပေါ့... ငါကတော့ ဂရုမစိုက်တော့ဘူး...”
စွန်းကျားရှင်းက ထိုသို့ပြောပြီးနောက် မတ်တပ်ရပ်ကာ ထွက်ခွာသွားလေတော့သည်။
ကုမင်တာ့နှင့် ကျန်းယွင်နန်တို့မှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်ကာ သက်ပြင်းချလိုက်ကြကုန်၏။
“အစ်ကိုစွန်း ကတော့ တကယ်ကို ရက်ရောတာပဲ... ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူးဗျာ...”
ကျန်းယွင်နန်ကမူ သူ့ထက် ပို၍ တည်ငြိမ်ပုံရပြီး မေးလိုက်လေသည်။
“ရှင်က ဘာလို့ ကျေးဇူးဆပ်ဖို့ကိုပဲ အမြဲ တွေးနေရတာလဲဟင်...”
ကုမင်တာ့မှာ ကြောင်သွားရရှာ၏။
ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်လေသည်။
“သူက နျိုနျိုကို သမီးအရင်းလို တကယ် ချစ်တာလေ... သူ လက်ဆောင်ပေးတာက တို့တွေကြောင့် မဟုတ်ဘဲ နျိုနျိုကြောင့် ပေးတာပါ... ဒါက နျိုနျိုရဲ့ လူမှုရေးရာ ဆက်ဆံရေးပဲ မဟုတ်လား...”
“နျိုနျိုလို အရွယ်လေးက ဒီလောက်ကြီးမားတဲ့ လက်ဆောင်ကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲဟင်...”
ကုမင်တာ့က ပြောလိုက်လေသည်။
နျိုနျိုသည်လည်း ဘေးမှနေ၍ ခေါင်းညိတ်ပြကာ မျက်နှာလေး ညိုးငယ်လျက် ပြောလိုက်၏။
“ဒီအိမ်က အရမ်း ဈေးကြီးတာလေ... နျိုနျိုကို ရောင်းရင်တောင် ဒီလောက် ရပါ့မလား မသိဘူး...”
ကျန်းယွင်နန်က သမီးဖြစ်သူ၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်လေသည်။
“သူ သမီးကို အိမ်ပေးတာက... သမီးဆီက ကျေးဇူးသိတတ်မှုကို မျှော်လင့်လို့ မဟုတ်ပါဘူး...”
နျိုနျိုသည် ထိုစကားကို ကြားသောအခါ ခေါင်းလေးစောင်းကာ စဉ်းစားနေမိ၏။
ကျန်းယွင်နန်က ဆက်လက် ရှင်းပြလေသည်။
“လိမ္မာတဲ့ကလေးလေး... သူက သမီးကို သူ့ရဲ့ သမီးအရင်း တစ်ယောက်လို တကယ် ဖြစ်စေချင်တာလေ... သမီးက သူ့အပေါ်မှာ သမီး တစ်ယောက်လိုပဲ ကျေးဇူးသိတတ်ရင် ရပါပြီ... သိလား...”
နျိုနျိုက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“သမီး သိပါပြီ... သူကလည်း သမီးရဲ့ မိသားစုပဲလေ...”
ကျန်းယွင်နန်သည် ကုမင်တာ့၏ စိတ်ထဲမှ နေရခက်မှုကို နားလည်သဖြင့် ညင်သာစွာ ပြောလိုက်၏။
“ယောက်ျားရယ်... လူအများကြီးက နျိုနျိုကို ချစ်ကြတာဟာ တို့တွေအတွက်လည်း ကောင်းတဲ့ ကိစ္စပဲလေ... တို့တွေက စွန်းမိသားစုနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခြင်းအားဖြင့်... သူ နျိုနျိုအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားရာ ရောက်တာပေါ့...”
ကုမင်တာ့က သက်ပြင်းချလိုက်လေသည်။ စွန်းကျားရှင်းမှာ နျိုနျိုအပေါ် ဤမျှအထိ ကောင်းမွန်နေသဖြင့် သူသည်လည်း ပို၍ တော်အောင် ကြိုးစားကာ နျိုနျို၏ စိတ်ထဲတွင် သူ၏ နေရာကို ထိန်းသိမ်းထားရမည်ဟု စိတ်ပိုင်းဖြတ်လိုက်လေတော့သည်။
စွန်းကျားရှင်းသည် ပိုင်ဆိုင်မှု ကိစ္စများကို ဖြေရှင်းပြီးနောက် ကျန်းကျိုးပြည်နယ်တွင် နှစ်ရက်ခန့် ထပ်မံ နေထိုင်ခဲ့ပြီးမှ အိမ်ပြန်သွားခဲ့လေသည်။
သူ မထွက်ခွာမီတွင် နျိုနျိုအား သူ၏အိမ်သို့ ခေတ္တ ခေါ်သွားလိုသော်လည်း နျိုနျိုက ငြင်းဆန်ခဲ့၏။ ကုမိသားစုဝင်များကလည်း ထိုသို့ ခေါ်သွားခြင်းကို သဘောတူကြသော်လည်း နျိုနျိုမှာမူ စိတ်မပါခဲ့ချေ။
“အဖေစွန်း... သမီးဖေဖေ စာမေးပွဲ ဖြေပြီးသွားရင်... အဖေစွန်း နဲ့ မွေးစားမေမေ ဆီကို သမီး လာလည်ပါ့မယ်...”
နျိုနျိုက လေးလေးနက်နက် ကတိပေးလိုက်လေသည်။
စွန်းကျားရှင်းက သူ၏လက်ကို ကမ်းပေးလိုက်၏။
“ဒါဆို တို့တွေ ကတိပြုကြမယ်နော်... မလာတဲ့သူက ခွေးပေါက်လေး ဖြစ်ရကြေးပဲ...”
ငါးနှစ်အရွယ် နျိုနျိုသည် ကတိပြုခြင်းမှာ လေးနက်သည်ဟု ထင်ခဲ့သော်လည်း ယခု ခြောက်နှစ်အရွယ် နျိုနျိုအတွက်မူ ဤကဲ့သို့ ကတိပြုခြင်းမှာ ကလေးဆန်သည်ဟု ခံစားနေရလေသည်။
သူမသည် စွန်းကျားရှင်းအား မတတ်သာဟန်ဖြင့် ကြည့်ကာ ပြောလိုက်၏။
“အဖေစွန်း အတွက် ကတိပြုဖို့က ဒီလောက်အထိ အရေးကြီးနေမှတော့... နျိုနျိုလည်း အဖေနဲ့ ကတိပြုပါ့မယ်နော်...”
စွန်းကျားရှင်းသည် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“လိမ္မာတဲ့ကလေးလေး... ကျေးဇူးတင်ပါတယ်ဗျာ...”
ကတိပြုပြီးနောက်တွင်လည်း စွန်းကျားရှင်းမှာ မြင်းလှည်းပေါ် တက်သည့်တိုင်အောင် ခြေလှမ်းတိုင်းတွင် နောက်သို့ လှည့်ကြည့်ကာ နျိုနျိုအား ထပ်မံ အတည်ပြုခိုင်းနေလေသည်။
“သေချာပေါက် လာရမယ်နော်... ငါ့ကို မလိမ်ရဘူးနော်...”
နျိုနျိုမှာမူ မတတ်သာဘဲ ခေါင်းညိတ်ကာ ကတိပေးနေရရှာလေတော့သည်။
စွန်းကျားရှင်း ထွက်သွားပြီးနောက် အိမ်တစ်ခုလုံးမှာ တိတ်ဆိတ်သွားသကဲ့သို့ ရှိနေပေသည်။
ကုမင်တာ့၏ ဆောင်းဦးစာမေးပွဲမှာ နီးကပ်လာပြီ ဖြစ်ရာ ကလေးများမှာလည်း လူကြီးများ၏ ညွှန်ကြားချက် မရှိဘဲ မည်သည့် ဆူညံသံမျှ မပြုလုပ်ကြတော့ချေ။
နှစ်ရက်အကြာ မနက်ခင်း တစ်ခုတွင် မိုးမလင်းမီမှာပင် ကုမင်တာ့သည် အိပ်ရာမှ ထလိုက်လေသည်။
ဆောင်းဦးစာမေးပွဲကို သုံးကြိမ် ခွဲ၍ ဖြေဆိုရမည် ဖြစ်ပြီး စုစုပေါင်း ကိုးရက် ကြာမြင့်မည် ဖြစ်၏။
ပြီးခဲ့တဲ့တစ်ခေါက် စာမေးပွဲတုန်းက ကဲ့သို့ အခက်အခဲများ မရှိဘဲ ယခုတစ်ကြိမ် ဆောင်းဦးစာမေးပွဲမှာမူ အံ့သြစရာ ကောင်းလောက်အောင် ချောမွေ့နေလေသည်။
သူ့အား နှောင့်ယှက်မည့်သူလည်း မရှိသလို၊ အတင်းအဖျင်းများလည်း မထွက်ပေါ်ခဲ့ချေ။
အိမ်မှ စာစစ်ဌာန သို့ သွားရာ လမ်းတစ်လျှောက်တွင်လည်း မည်သည့် အနှောင့်အယှက်မျှ မကြုံတွေ့ခဲ့ရပေ။
ကုမင်တာ့သည် စာစစ်ဌာန အဝင်ဝသို့ ရောက်ရှိချိန်တွင် အခြားသော ကျောင်းသားများကဲ့သို့ အပြင်တွင် တန်းစီ စောင့်ဆိုင်းနေစရာ မလိုခဲ့ပေ။
သူ ရောက်လာချိန်မှာပင် တံခါးပွင့်လာပြီး စစ်ဆေးမှု လုပ်ငန်းစဉ်များမှာလည်း အလွန်ပင် ချောမွေ့နေခဲ့လေသည်။ သူ အထဲဝင်သည်နှင့် ပုံမှန် စာမေးပွဲ ဖြေဆိုရမည့် နေရာသို့ ရောက်ရှိသွားလေတော့သည်။
ထိုသို့ ချောမွေ့နေသော်လည်း ကုမင်တာ့မှာမူ ပေါ့ပေါ့ဆဆ မနေဘဲ အလွန်ပင် သတိထား၍ လုပ်ဆောင်လေသည်။
ဤစာမေးပွဲတွင် ထူးခြားချက်မှာ အဘယ်နည်း။
၎င်းမှာ စာမေးပွဲ မေးခွန်းများပင်။
ဤဆောင်းဦးစာမေးပွဲမှ မေးခွန်းများမှာ အလွန်ပင် ခက်ခဲနက်နဲလှသဖြင့် အသက် ရှစ်ဆယ်၊ ကိုးဆယ် အရွယ် ပညာရှိအိုကြီး တစ်ဦးက ထောင့်တစ်နေရာမှ ရှာဖွေ ဖော်ထုတ်ထားသော မေးခွန်းများကဲ့သို့ပင် ရှိနေပေသည်။
ထိုသူသည် သူ၏ ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ဤစာမေးပွဲတွင် ပညာသင်များအား ကလဲ့စားချေရန်အတွက် ထည့်သွင်းထားသကဲ့သို့ ရှိနေလေတော့သည်။
ကုမင်တာ့သည် စာမေးပွဲ ခြင်းတောင်းကို ကိုင်ကာ ပင်ပန်းနွမ်းနယ်သော မျက်နှာထားဖြင့် စာမေးပွဲခန်းမမှ ထွက်လာခဲ့၏။ သူ၏ ဘေးပတ်ဝန်းကျင်တွင်မူ ကျောင်းသားများ၏ မကျေမနပ် ညည်းတွားသံများမှာ ဖုံးလွှမ်းနေလေသည်။
ကုမင်တာ့၏ ပခုံးကို တစ်စုံတစ်ယောက်က လှမ်းပုတ်လိုက်ရာ လှည့်ကြည့်လိုက်သောအခါ ပြီးခဲ့တဲ့တစ်ခေါက် စာမေးပွဲတွင် သူနှင့်အတူ အောင်မြင်ခဲ့သော ကျန့်ချီဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“အစ်ကိုကု... ကျွန်တော်ကတော့ ဒီတစ်ခါ ကျပြီ ထင်တယ်ဗျာ... ကျမ်းစာ မေးခွန်းတွေနဲ့ မူဝါဒ ဆွေးနွေးချက်တွေကို ကျွန်တော် သေချာ မဖြေနိုင်ခဲ့ဘူးလေ... ကဗျာ တစ်ပုဒ်ကိုပဲ သေချာ ရေးနိုင်ခဲ့တာပါ... အခုက ဂန္ဓမာပန်းတွေ မွှေးနေတဲ့ အချိန်ဆိုတော့... ကျွန်တော်လည်း ဂန္ဓမာပန်း အကြောင်းကိုပဲ နတ်ဝင်သလိုမျိုး အစွမ်းကုန် ရေးခဲ့တာပေါ့...”
ကျန့်ချီက မျက်နှာပျက်ပျက်ဖြင့် ပြောပြလေသည်။
ကုမင်တာ့က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်၏။
“အဲ့ဒီ ကဗျာမေးခွန်းက ပန်းဝါလေးတွေ အကြောင်းကို ရေးခိုင်းတာလေ... မင်းက ဂန္ဓမာပန်း အကြောင်း ရေးလိုက်တာလားဟင်...”
ကျန့်ချီက ခေါင်းကို တွင်တွင်ညိတ်ပြလေသည်။
ကုမင်တာ့က သက်ပြင်းချကာ ပြောလိုက်လေသည်။
“'သစ်ကိုင်းပေါ်မှာသာ ကြွေကျပြီး... တစ်ဝက်လောက်ကတော့ ဝါနေဆဲပါ' ဆိုတဲ့ ကဗျာကလေ... အထီးကျန်တဲ့ အဓိပ္ပာယ်ကို ရေးထားတာ မှန်ပေမဲ့... အဲ့ဒါက ဂန္ဓမာပန်း မဟုတ်ဘူး... မုန်ညင်းပန်းအကြောင်းကို ပြောတာပါ...”
ကျန့်ချီမှာမူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းသွားရလေတော့သည်။
“ဗျာ... ကျွန်တော် သေချာ ဖြေနိုင်တယ်ဆိုတဲ့ တစ်ခုတည်းသော မေးခွန်းက... အစကတည်းက မှားနေတာလားဟင်...”