← Chapters

ပြန်လည်ဆုံတွေ့ခြင်း

Vol. 15 Ch. 150

ပြန်လည်ဆုံတွေ့ခြင်း

Vol. 15 Ch. 150

ကျဲ့ယွမ် ဆိုသည်မှာ ဆောင်းဦးစာမေးပွဲတွင် ပထမ ရရှိသူကို ခေါ်ဆိုခြင်းပင်။ ကုမိသားစုဝင်များမှာ လူအုပ်၏ အပြင်ဘက်တွင် ရပ်နေကြသော်လည်း ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံးက ကုမင်တာ့အား လှည့်ကြည့်လိုက်ကြကုန်၏။

“ဖေဖေ ပထမ ရတာပေါ့နော်...”

နျိုနျိုက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ကျန်းယွင်နန်မှာမူ ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်နေမိ၏။ သူမ၏ ခင်ပွန်းမှာ ငယ်စဉ်ကတည်းက ပါရမီရှင်ဟု နာမည်ကြီးခဲ့သော်လည်း ဘဝ၏ ပထမတစ်ဝက်လုံးမှာမူ ပညာသင် တစ်ဦးအဖြစ်သာ ကုန်ဆုံးခဲ့ရသည် မဟုတ်ပါလား။

ပြင်ပလူများက အမျိုးမျိုး ကဲ့ရဲ့ခဲ့ကြသော်လည်း သူမ၏ ခင်ပွန်းမှာမူ မည်သည့် တုံ့ပြန်မှုမှ မပြခဲ့ပေ။ သို့သော်လည်း ကျန်းယွင်နန်၏ ရင်ထဲတွင်မူ သူ မည်မျှ ခံစားခဲ့ရမည်ကို သိနေပေသည်။

ယခုအခါတွင်မူ အခက်အခဲများ အကုန် ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် သူမ၏ ခင်ပွန်းမှာ နောက်နောင်တွင် ကဲ့ရဲ့စကားများကို ဂုဏ်စိုက်နေစရာ မလိုတော့ချေ။

ကုမင်တာ့သည် နေရာတွင် ငြိမ်ချက်သားကောင်းနေပြီး ခဏတာ ကြောင်အသွားရ၏။ သူ စာမေးပွဲ အောင်မြင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ပထမ ရလိမ့်မည်ဟုမူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

အချိန်အတော်ကြာမှ သူသည် စိတ်ကို ပြန်ထိန်းလိုက်နိုင်ပြီး ကျန်းယွင်နန်အား ပြောလိုက်လေသည်။

“အိမ်ပြန်ကြရအောင်... မကြာခင်မှာ အရာရှိတွေက အိမ်ကို သတင်းလာပို့ကြတော့မှာလေ... အိမ်မှာ လူမရှိရင် သူတို့တွေ စိတ်ပျက်ကုန်ကြလိမ့်မယ်...”

ကျန်းယွင်နန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

“မုန့်ဖိုးပေးဖို့ ပိုက်ဆံအိတ်တွေကို ကျွန်မ စောစောကတည်းက ပြင်ထားတာပါ... အခုတော့ ပထမ ရပြီဆိုတော့ နောက်ထပ် ၂၀ ရာခိုင်နှုန်းလောက် ထပ်တိုးပေးရမှာပေါ့...”

သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အသိမိတ်ဆွေ တစ်ဦးက ကုမင်တာ့အား မှတ်မိသွားလေသည်။

“ညီလေးကု... ဂုဏ်ပြုပါတယ်ဗျာ... အခုတော့ တစ်မြို့လုံး သိအောင် လုပ်လိုက်ပြီပေါ့... ပထမ ရခဲ့တာ တကယ်ကို လေးစားဖို့ ကောင်းပါတယ်ဗျာ...”

ထိုအသိမိတ်ဆွေက ကုမင်တာ့အား ဆွဲထားလေတော့သည်။

ဘေးနားရှိ လူများကလည်း ထိုစကားကို ကြားသည်နှင့် ကုမင်တာ့အား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဝိုင်းအုံလာကြကုန်၏။ ချီးကျူးစကားများမှာ မဆုံးနိုင်အောင် ထွက်ပေါ်လာပြီး လူအုပ်ကြီးမှာ ကုမင်တာ့အား ကောင်းကင်သို့ မြှောက်ပင့်ကာ၊ ထမင်းကျွေး၊ အရက်တိုက်ရန် ဖိတ်ခေါ်သူများဖြင့် ဝိုင်းရံနေတော့၏။

အကယ်၍သာ စိတ်ဓာတ်မခိုင်မာသော လူငယ်တစ်ဦး ဆိုလျှင်မူ ဤကဲ့သို့ အခြေအနေမျိုးတွင် ဘဝင်မြင့်သွားနိုင်သော်လည်း ကုမင်တာ့မှာမူ မငယ်တော့ပေ။ သူသည် ဘေးမှ ပညာရှိများအား အားနာသော မျက်နှာထားဖြင့် လက်အုပ်ချီကာ ပြောလိုက်လေသည်။

“တောင်းပန်ပါတယ်ဗျာ... အိမ်မှာ တခြား ကိစ္စရှိလို့ပါ... ဒီနေ့တော့ မအားနိုင်တော့ပါဘူး...”

အသိမိတ်ဆွေ တစ်ဦးက သူ့ကို ဆွဲကာ ပြောလိုက်၏။

“ညီလေးကုရယ်... အောင်စာရင်းမှာ နာမည်ပါတာတင် မကဘူး... ပထမတောင် ရတာလေ... အခုအချိန်မှာ အိမ်ကိစ္စထက် ဒါကို အောင်ပွဲခံဖို့က ပိုအရေးကြီးတာ မဟုတ်ဘူးလားဟင်... ဒါက အကြောင်းပြချက် ပေးတာပဲ ဖြစ်ရမယ်... ဒီနေ့လို နေ့မျိုးမှာ လူကြီးမင်းတို့ စိတ်မပျက်ပါစေနဲ့ဗျာ...”

ကုမင်တာ့သည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားမိ၏။ သူ၏ ရှေ့မှ လူများမှာ အရမ်း နားငြီးဖို့ ကောင်းနေသည်ဟု သူ ခံစားနေရသော်လည်း ယခုအခါ မျက်နှာပျက်အောင် လုပ်လိုက်လျှင်မူ သူ ဘဝင်မြင့်နေသည်ဟု သတင်းများ ထွက်လာမှာကို သူ စိုးရိမ်နေမိပြန်လေသည်။

“ဖေဖေ... အိမ်ပြန်ပြီး ရန်ထိုက်ကျုံး ရဲ့ ပုံပြင် ပြောပြမယ် ဆို... ဖေဖေ ကတိမတည်ဘူးလားဟင်...”

နျိုနျိုက ရုတ်တရက် ဝင်ပြောလိုက်လေသည်။

ကုမင်တာ့သည် မည်သို့ အကြောင်းပြရမည်ကို စဉ်းစားနေစဉ်မှာပင် နျိုနျိုအား ချက်ချင်း ပွေ့ချီလိုက်ပြီး အသိမိတ်ဆွေအား ကြည့်ကာ ပြောလိုက်လေသည်။

“ကျွန်တော် တကယ်ကို မတတ်သာလို့ပါဗျာ... သမီးက အလျင်လိုနေလို့ အိမ်ကို အမြန် ပြန်ရပါမယ်...”

အသိမိတ်ဆွေကမူ ဆွဲထားဆဲ ပင် ဖြစ်၏။

“ကလေးပြောတာကို ဘာလို့ အလေးအနက် ထားနေရတာလဲ ညီလေးကုရယ်... ပုံပြင်ဆိုတာ နောက်မှ ပြောလည်း ရတာပဲကို... ရက်နည်းနည်းလောက် စောင့်ခိုင်းလိုက်ပေါ့...”

နျိုနျိုက ကလေးသံလေးဖြင့် ထပ်မံ မေးမြန်းလိုက်ပြန်လေသည်။

“ဖေဖေ... အရင်က သမီးကို ဝေစိန့် ရဲ့ ပုံပြင် ပြောပြဖူးတယ်လေ... သူက တိုင်ကို ဖက်ပြီး ကတိတည်ခဲ့တာ မဟုတ်လား... အဲ့ဒီပုံပြင်လေး ထပ်ပြောပြပါဦးနော်...”

ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ သတိဝင်လာသကဲ့သို့ ရှိနေပြီး ရှိနေသူ ပညာရှိများအား ရှက်ရွံ့သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

“ဝေစိန့် က ကတိတည်ဖို့အတွက် အသက်တောင် ပေးခဲ့တာလေ... ကျွန်တော်က ဒီနေ့ ကလေးတစ်ယောက်အပေါ် ကတိပျက်ခဲ့မယ် ဆိုရင်တော့... နှစ်ပေါင်းများစွာ စာဖတ်လာခဲ့တာဟာ အလကား ဖြစ်သွားမှာပေါ့... ပညာရှိ ဆိုတဲ့ စကားလုံးနဲ့တောင် မတန်တော့ပါဘူးဗျာ...”

ကုမင်တာ့သည် ထိုသို့ လေးလေးနက်နက် ပြောဆိုလိုက်သောအခါ ဘေးမှ ပညာရှိများမှာလည်း ထပ်မံ၍ မဖျောင်းဖျရဲကြတော့ချေ။

ကုမိသားစုဝင်များ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က မနာလိုစွာဖြင့် ကဲ့ရဲ့စကား ဆိုလိုက်လေသည်။

“ကုကျဲ့ယွမ် က တို့တွေကို မနှစ်သက်တာပဲ...”

“သူ အခုတော့ ဂုဏ်ရှိနေဦးမှာပေါ့... တစ်သက်လုံးတော့ ဘယ်ဟုတ်ပါ့မလဲ...”

“သူက လူမှုဆက်ဆံရေး မကောင်းဘူးလေ... စာပဲ အတင်း သင်နေတာ... နောက်ကျရင် အရာရှိ ဖြစ်လာရင်တောင် ကြာရှည် ခံမှာ မဟုတ်ပါဘူး...”

ကုမိသားစုဝင်များမှာမူ ထိုကွယ်ရာမှ အတင်းအဖျင်းများကို မသိကြချေ။ ကျန်းယွင်နန်က ညင်သာစွာ ပြောလိုက်၏။

“ယောက်ျားရယ်... လပေါင်းများစွာ စာကြိုးစားလာခဲ့တာဆိုတော့... နည်းနည်းလောက်တော့ အနားယူသင့်တာပေါ့... သူတို့နဲ့အတူ အရက်နည်းနည်းလောက် သောက်တာက ဘာမှ မဖြစ်ပါဘူး...”

သို့သော်လည်း ကုမင်တာ့က ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်လေသည်။

“ယွင်နန်... မင်း ချန်ဆန်းလောင် ကို မှတ်မိသေးလား...”

ကျန်းယွင်နန်က ခေါင်းညိတ်ပြလေသည်။ ချန်ဆန်းလောင် မှာ ကုမင်တာ့၏ အတန်းဖော်ဟောင်း တစ်ဦး ဖြစ်ပြီး ပညာအရည်အချင်းလည်း ကောင်းမွန်သူ ဖြစ်ပေသည်။ သူသည် ကုမင်တာ့ကဲ့သို့ အခက်အခဲများ မကြုံတွေ့ရဘဲ စာမေးပွဲများကို တစ်ခါတည်းနှင့် အောင်မြင်ခဲ့သူပင်။ သူသည် ပညာသင်စာမေးပွဲတွင် တတိယ ရရှိခဲ့ဖူးလေသည်။ ထိုစဉ်က ဆရာဖြစ်သူ အပါအဝင် လူတိုင်းက ချန်ဆန်းလောင် သည် တစ်နေ့တွင် အရာရှိကြီး ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့ကြပေသည်။

“ဒါပေမဲ့ သူ ပညာရှိ ဖြစ်သွားပြီး မကြာခင်မှာပဲ... ချန်ဆန်းလောင် ဟာ လုံးဝ ပြောင်းလဲသွားခဲ့တယ် မဟုတ်လား...”

“အကြောင်းရင်းကတော့ စာမေးပွဲ ရလဒ်ထွက်ပြီးနောက်မှာ... သူဟာ သူများတွေရဲ့ သွေးထိုးမှုကြောင့် အရက်ဝိုင်းတွေထဲ ရောက်သွားခဲ့လို့ပဲလေ...”

“အစတုန်းကတော့ အရက်သောက်တာပဲလို့ သူ ထင်ခဲ့တာပေါ့... သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု ရထားတော့ အပျော်အပါး မက်သွားတာ မဆန်းပါဘူး... ဘယ်သူမှလည်း ဒါကို အလေးမထားခဲ့ကြဘူးလေ...”

“ဒါပေမဲ့ အဲ့ဒီလူတွေက သူ့ကို အရက်သောက်ဖို့တင် မကဘဲ အပျော်အပါး နယ်ပယ်တွေထဲအထိ ခေါ်သွားကြတာလေ... လောင်းကစားဝိုင်းတွေထဲမှာ အသက်နဲ့ရင်းပြီး ဆော့လာကြတဲ့အထိပေါ့... အဲ့ဒီနောက်မှာတော့ သူဟာ စာကို အာရုံမစိုက်နိုင်တော့ဘဲ... အခုထိ စိတ်ကစဉ့်ကလျား ဖြစ်နေရတုန်းပဲလေ...”

ကုမင်တာ့၏ စကားများကို နားထောင်ပြီးနောက် ကျန်းယွင်နန်မှာ ထိတ်လန့်သွားရ၏။

“ဒါဆို အဲ့ဒီလူတွေက တမင် လုပ်တာပေါ့လေ...”

ကုမင်တာ့က ညင်သာစွာ ခေါင်းညိတ်လိုက်လေသည်။

“စာမေးပွဲခန်းမ အပြင်ဘက်မှာ အဲ့လိုလူမျိုးတွေ အမြဲ ရှိတတ်တာပဲလေ... သူတို့ကိုယ်တိုင်က စာမေးပွဲ ကျရှုံးနေတဲ့သူတွေ ဖြစ်သဖြင့်... သူတစ်ပါး အောင်မြင်နေတာကို မကြည့်နိုင်ကြဘူး... ဒါကြောင့် တမင်တကာ နည်းမျိုးစုံနဲ့ အနက်ရှိုင်းဆုံး ချောက်ထဲကို ဆွဲချဖို့ ကြိုးစားကြတာပေါ့...”

အကယ်၍ စစ်မှန်သော သူငယ်ချင်းများသာ ဆိုလျှင်မူ တစ်ဖက်လူက မအားဟု ပြောလျှင် ဤမျှအထိ နှောင့်ယှက်နေကြလိမ့်မည် မဟုတ်ပေ။

ထိုလူအုပ်ကြီးမှာမူ သူတို့၏ မနာလိုစိတ်ကို မဖုံးကွယ်နိုင်ဘဲ တပါးသူကိုပါ လမ်းမှားရောက်အောင် အစွမ်းကုန် ကြိုးစားနေကြခြင်းပင်။

ကျန်းယွင်နန်သည် နျိုနျိုအား လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။

“တို့ရဲ့ သမီးလေး မှာ နည်းလမ်း ရှိလို့သာပေါ့... မဟုတ်ရင် ဖေဖေ လွတ်ဖို့ လွယ်မှာ မဟုတ်ဘူးနော်...”

နျိုနျိုက ပြုံးလျက် ပြောလိုက်လေသည်။

“သမီးက ဖေဖေ့ကို ကြည့်နေတာလေ... ဖေဖေက မျက်မှောင်ကြုတ်နေတာဆိုတော့... အဲ့ဒီလူတွေကို မကြိုက်မှန်း သိတာပေါ့...”

ကုမင်တာ့က သမီးဖြစ်သူ၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်၏။

“အိမ်ရောက်ရင်... ဖေဖေ ရန်ထိုက်ကျုံး အကြောင်း ဆက်ပြောပြမယ်နော်...”

နျိုနျို ဝမ်းသာလွန်းသဖြင့် ခုန်ဆွခုန်ဆွ လုပ်ကာ ပြောလိုက်လေသည်။

“ဖေဖေက အကောင်းဆုံးပဲ...”

ကုမိသားစု အိမ်ပြန်ရောက်ပြီး မကြာခင်မှာပင် အရာရှိတစ်ဦးက သတင်းကောင်း လာရောက် ပို့ဆောင်လေသည်။ မင်္ဂလာစကားများမှာ မကုန်နိုင်အောင် ထွက်ပေါ်လာသဖြင့် ကျန်းယွင်နန်သည် ဝမ်းသာလွန်းသဖြင့် မုန့်ဖိုးများကို ပို၍ပင် ရက်ရက်ရောရော ပေးလိုက်လေတော့သည်။

ကုမင်တာ့သည် ကျန်းကျိုးပြည်နယ်တွင် အကြာကြီး နေရန် အစီအစဉ် မရှိပေ။ သူသည် အစိုးရက ကျင်းပသော စားသောက်ပွဲသို့ တက်ရောက်ပြီးနောက်တွင်မူ ရက်အနည်းငယ် စောင့်ဆိုင်းကာ ကွမ်အန်းမြို့နယ်ဘက်သို့ သွားမည့် ကုန်သည်အဖွဲ့နှင့်အတူ အိမ်ပြန်ရန် ခရီးစတင်ခဲ့လေသည်။

သူ အိမ်ပြန်ရာတွင် တမင် ရှောင်လွှဲခြင်း မရှိခဲ့သော်လည်း ကံတရားကြောင့်ပင် သူ လိုက်ပါလာသော ကုန်သည်အဖွဲ့မှာ လီယွမ်ဝေ ရှိရာ ရွာတွင်ပင် ထပ်မံ နားခိုရန် ရွေးချယ်ခဲ့လေသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုရွာမှာ ဧည့်ဝတ်ကျေပွန်မည့် ပုံ မရှိတော့ချေ။

ရွာသားများမှာ တစ်ဦးစီ ထိတ်လန့်နေကြပြီး ကုန်သည်အဖွဲ့၏ တည်းခိုခွင့် တောင်းဆိုမှုကိုလည်း ငြင်းဆန်နေကြလေသည်။ ကုန်သည်အဖွဲ့က ဈေးကို အဆမတန် တိုးမြှင့်ပေးသော်လည်း သူတို့ကမူ လက်မခံကြချေ။

“မြန်မြန် ထွက်သွားကြစမ်းပါ... တို့ရွာမှာ ဧည့်သည်တွေ ညအိပ် လက်မခံဘူးဗျို့...”

ရွာသူကြီးအိုကြီးက ဦးဆောင်ကာ နှင်ထုတ်လေတော့သည်။

ကုန်သည်အဖွဲ့ ခေါင်းဆောင်မှာ ဤကဲ့သို့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ပေသည်။

“အချိန်ကလည်း နောက်ကျနေပြီလေ... တို့တွေ ဒီရွာမှာ မနားရင်... တောထဲမှာပဲ အိပ်ရတော့မှာပေါ့...”

ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ ဥပမာအားဖြင့် ယခုကဲ့သို့ အေးစက်သော ရာသီဥတုတွင် ခရီးသွားများမှာ ကောင်းမွန်စွာ မနားရလျှင်မူ အအေးမိ ဝေဒနာ ခံစားရနိုင်သည် မဟုတ်ပါလား။

ကုမင်တာ့သည် မြင်းလှည်းပေါ်မှ ဆင်းကာ ရွာသူကြီး၏ ရှေ့သို့ လျှောက်သွားပြီး ပြောလိုက်လေသည်။

“ရွာသူကြီး... ကျွန်တော်ပါ... ပညာရှိကု လေ... မှတ်မိသေးလားဟင်... ပြီးခဲ့တဲ့တစ်ခေါက်က တို့တွေ ဒီမှာ လာတည်းခဲ့ကြသေးတယ်လေ...”

ရွာသူကြီးသည် ကုမင်တာ့အား မြင်လိုက်ရသောအခါ မျက်လုံးများတွင် ကြင်နာမှု အရိပ်အယောင်များ ပေါ်လာပြီးနောက် မေးမြန်းလိုက်၏။

“ပညာရှိကု... ကျန်းကျိုးပြည်နယ် ကို စာမေးပွဲ သွားဖြေတာ... အောင်ခဲ့ရဲ့လားဟင်...”

ကုမင်တာ့ မဖြေရသေးမီမှာပင် ဘေးနားရှိ ကုန်သည်အဖွဲ့ ခေါင်းဆောင်က ဦးအောင် ပြောလိုက်လေသည်။

“ရွာသူကြီး... လူကြီးမင်းကု က ဆောင်းဦးစာမေးပွဲမှာ ပထမ ရခဲ့တာဗျို့...”

ရွာသူကြီး၏ မျက်နှာတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာလေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက မေးလိုက်၏။

“လူကြီးမင်းကု... ကျွန်တော်က လူကြီးမင်းကိုပဲ မေးချင်ပါတယ်... ဒီ ကုန်သည်အဖွဲ့က လူကြီးမင်းနဲ့အတူ ပါလာတဲ့... တရားဝင် အဖွဲ့တစ်ခု ဟုတ်ရဲ့လားဟင်...”

All Chapters