တုလင်ဖေးဆိုတာ ဘယ်သူလဲ
Vol. 10 Ch. 922
ညချမ်းအခါသမယသို့ ကျရောက်လာလေပြီ။ ကမ်းခြေသို့ ရိုက်ခတ်နေသော လှိုင်းသံလေးများမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ကြီးစိုးထား၏။
ပိုင်ရှောင်ချန်းက တင်ပျဥ်ခွေကာ တရားထိုင်နေ၍ သူ၏နှလုံးသားက တဖြည်းဖြည်းတည်ငြိမ်လာ၏။ သူက သင်္ဘောပေါ်တွင် ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်သည်။ ကောင်းကင်တံတားကျွန်းဆွယ်သို့ သူခရီးထွက်လာရသည့်အကြောင်းရင်းမှာ သက်ရှည်ဆေးလုံးရရန်၊ ဟိုရှောင်မေ့အန္တရာယ်ကင်းကြောင်း သေချာစေရန်နှင့် တုလင်ဖေးအား မည်သည့်အတွက်ကြောင့် အရူးအမူး စွဲလမ်းနေခဲ့ရကြောင်းကို သိရှိနိုင်ရန်လည်း ဖြစ်သည်။
သူက အတိတ်အကြောင်း ပြန်ပြောင်းစဥ်းစားနေခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာသာ စောင့်နေ၏။
စောစောက ဖိအားကြီးသည် ကျွန်းဆွယ်ပေါ်သို့ ကျရောက်လာပြီး လှိုင်းသံများမှတစ်ပါး အခြားမည်သည့်ဆူညံသံမှ မရှိခြင်းက ၄င်းဖိအားကို ပို၍ ပြင်းထန်စေသည်။ ထို့ကြောင့် ဧည့်သည်များအားလုံး ပို၍ ကြောက်လန့်တုန်လှုပ်သွားတော့သည်။
ထိုကဲ့သို့ ခံစားချက်များမှာ ပိုမိုမြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသည့် လူများအကြားတွင် ပို၍ပြင်းထန်လေသည်။ အကြောင်းပြချက်ကား သူတို့က သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို မတည်မငြိမ်ဖြစ်စေကာ သူတို့၏ခေါင်းများ ချာချာလည်သွားစေသည့် အရှိန်အဝါတစ်ခုကို ပို၍ ပြတ်ပြတ်သားသား အာရုံလိုက်သောကြောင့် ဖြစ်ပေသည်။ ထိုအရှိန်အဝါက သူတို့အား အလိုရှိသလို ချေမှုန်းပစ်နိုင်လေသည်။
ယင်းမှာ ကောင်းကင်ကြီးပင် ခြောက်လှန့်၍ မရနိုင်သော အမြင့်မားဆုံး အရှိန်အဝါဖြစ်ပေသည်။ အမှန်ဆိုရလျှင် ကောင်းကင်ကြီးသည်ပင် ထိုအရှိန်အဝါ၏ရင်းမြစ်အား ဦးခိုက်ရန်ပင် အဆင်သင့်ဖြစ်နေဟန်တူသည်။
ထိုကဲ့သို့ သြဇာအာဏာကြီးမားပြီး မြင့်မြတ်သော အရှိန်အဝါသည်ကား ကောင်းကင်တံတားဒေသရှိ တစ်ဦးတည်းသော ကောင်းကင်ဧကရာဇ်နှင့်သာ သက်ဆိုင်နိုင်သည်။
ထိုအသိက မြစ်လေးစင်း၏ ကျင့်ကြံသူများအား ယခင်ကထက်ပင်ပို၍ စိတ်အားတက်ကြွသွားစေ၏။ ကောင်းကင်ဧကရာဇ်၏ တပည့်ဖြစ်လာမည့်အတွေးလေးကပင် သူတို့ကို အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားေစသည်။
နတ်အဆင့်ကျင့်ကြံသူများပင် သူတို့၏ ခံစားချက်များအား မထိန်းချုပ်နိုင်ကြပေ။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများသာ တပည့်ဖြစ်ရန် အခွင့်အရေးအား ရရှိနိုင်သည်ဟု စည်းမျဥ်းများ မပြဌာန်းထားသည် မဟုတ်ပါလော။
တစ်ခုသည်းသော လိုအပ်ချက်က နတ်မီးလျှံစမ်းသပ်ပွဲမှ ပထမဆုံးထွက်လာသည့်လူ ဖြစ်ရန်ပင်။
လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံအဆင့်သည် ထိုကိစ္စရပ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသော်လည်း ကံကြမ္မာက ပို၍အရေးကြီးသည်။ သို့ဖြစ်၍ နတ်အဆင့်ကျင့်ကြံသူများက အရေးသာသော်လည်း ထိုအရေးသာခြင်းက သူတို့အား အတိုင်းအတာတစ်ခုထိသာ ကူညီမည်ဖြစ်သည်။
အမှောင်ထု ကြီးစိုးလာသည်နှင့်အမျှ ဧည့်သည့်ကျင့်ကြံသူအများစုသည် ကျင့်ကြံအားထုတ်ခြင်းတွင် နစ်မျောသွားကြတော့သည်။ တစ်ယောက်မှ သူတို့၏ နေထိုင်ရာ တန်းလျားများမှ မထွက်ကြပေ။ ထိုသည်က သူတို့မလုပ်ချင်၍ မဟုတ်ဘဲ မလုပ်ရဲသောကြောင့်ပင် ဖြစ်သည်။
တုလင်ဖေးက သတိပေးချက်ကို ထုတ်ပြန်ခဲ့သည့်သာမက သက်ရောက်နေသော ဖိအားက သေကြောင်းကြံမည့်လူကိုသာ အပြင်ထွက်စေမည် ဖြစ်သည်။
ပိုင်ရှောင်ချန်းက တူညီသောဆုံးဖြတ်ချက်ချလိုက်ပြီး ထိုင်၍သာ စောင့်နေလိုက်သည်။
ညဥ့်ဦးယံသို့ ရောက်သောအခါ သူ၏မျက်လုံးများ ပွင့်လာပြီး အရှေ့တံခါးကို လှမ်းကြည့်လိုက်သည်။
" ငါ ဝင်လာလို့ရမလား"
ထိုစကားတစ်ခွန်းသာ ထွက်ပေါ်လာပြီး မည်သည့်အသံမှ ထပ်မံ ထွက်ပေါ်မလာချေ။ ပိုင်ရှောင်ချန်းက တံခါးထံ သူ၏ နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသော တုလင်ဖေးကို မြင်လိုက်ရသည်။ သူမက နေ့အတောအတွင်းကကဲ့သို့ ဝတ်ဆင်မထားပေ။ သူမသည် စောစောက ဝတ်ရုံကဲ့သို့ ထင်ပေါ်မနေသည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်ဖြစ်ရာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိခဲ့စဥ်ကနေ့ရက်များကဲ့သို့ ထင်ဟပ်သွားစေသည်။
ထိုသည်က ပိုင်ရှောင်ချန်းအား ခဏတာ တွေဝေသွားစေ၏။ တခဏကြာသော် သူက လက်ကိုဝှေ့ယမ်း၍ တံခါးကိုဖွင့်လိုက်ရာ ပြုံးပြုံးကလေးရပ်နေသော တုလင်ဖေးပေါ်လာတော့သည်။
သူတို့ အကြည့်ချင်းဆုံသွား၏။
သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကအတိုင်းပင်။ သို့သော် ဤအကြိမ်တွင် ပိုင်ရှောင်ချန်းက သူမကို 'တုတုလေး'ဟု မခေါ်ရန် ရွေးချယ်လိုက်သည်။
" တော်တော်တောင် ကြာခဲ့ပြီပဲ"
သူမက ပြော၏။ ပိုင်ရှောင်ချန်းက တစ်ခုခုပြန်ပြောရန် စိတ်မပါသည်ကို သူမ မြင်သောအခါ သူမက ခပ်တိုးတိုးလေးရယ်လိုက်ပြီးနောက် အထဲလျှောက်ဝင်လာ၏။ သူမက ဆံနွယ်လေးကို နားနောက်သပ်ရင်း ပြောသည်။
" ဘာလို့ ဘာမှ မပြောတာလဲ"
ကောင်းကင်ယံမှ အေးစက်သော လရောင်လေးများက သူမအပေါ် ဖြာကျနေရာ သူမအား သန့်စင်သောကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့နေစေသည်။ သူမ၏အသွင်က လှပချောမောကာ ကြည်လင်သန့်ရှင်းနေသည်။
ပိုင်ရှောင်ချန်းက သူမ၏ကိုယ်သင်းရနံ့လေးကို ရလိုက်သောအခါ ရင်ခုန်သံတို့ အနည်းငယ် မြန်ဆန်သွား၏။ တခဏကြာ တုံ့ဆိုင်းနေပြီးနောက် သူက အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။
" ငါ ဘာပြောရမလဲ မသိဘူး "
သူက ထိုင်မြဲထိုင်နေသည်ကို မြင်သောအခါ သူမက သူ့ရှေ့တွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး သူမ၏လက်ကလေးများကို ဒူးပေါ်တင်လိုက်သည်။
" နင်ရဲ့ မြေရိုင်းဒေသက အချိန်တွေကို ဘာလို့မပြောပြတာလဲ"
သူမက စိတ်တိုနေသည့်လေသံမပေါက်အောင် ထိန်း၍ ပြောသည်။
သူက အသက်တစ်ချက် ရှိုက်လိုက်ပြီး သူမ၏ကိုယ်သင်းရနံ့လေးကို ရှူရှိုက်ကာ ပြောသည်။
" အဲဒီနတ်ဝိညာဥ်အတွက် ကျေးဇူးတင်ပါတယ် "
သူက သူမကို ကောင်းကင်တာအိုယင်ယန်ဝိညာဥ်ဖြစ်တည်ခဲ့သည့်အကြောင်း မပြောပြသည့်အပြင် သူ၏ မြေရိုင်းဒေသစွန့်စားခန်းများအတွင်းက အဓိကဖြစ်ရပ်များကိုသာ ပုံမှန်အတိုင်း ပြောပြလိုက်သည်။ သူမက အသေးစိတ်မမေးပေ။ သူတို့နှစ်ယောက်လုံးမှာ အမှန်တကယ် ပြောချင်သည့် ရင်ထဲက စကားများကို မျိုသိပ်နေသည့်အလား။
နောက်ဆုံး၌ သူတို့နှစ်ယောက် တိတ်ဆိတ်သွား၏။ သူတို့က လရောင်ကို နောက်ခံထား၍ လှပသော ပန်းချီကားလေးတစ်ချပ်အလား ရှိနေပါသော်လည်း နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် သူစိမ်းများပမာ ခံစားနေရသည်။
သူတို့အား ဝန်းရံနေသည့် လှိုင်းသံများက သူတို့နှစ်ယောက်အား နီးကပ်ရန် ဆွဲငင်နေသည့်တိုင် ကျရှုံးနေဟန်တူသည်။
အချိန်အနည်းငယ်ကြာသော် ပိုင်ရှောင်ချန်းက ရုတ်တရက် မေးလိုက်သည်။
" မင်းက ဘယ်သူလဲ "
မဟာတံတိုင်းဆီ ထွက်မသွားခင် တူညီသောမေးခွန်းကို သူ မေးခဲ့လေသည်။ ထိုစဥ်က သူမသည် သူ့ကို သူပြန်လာသည့်အခါ အမှန်အတိုင်း ပြောပြမည်ဟု ပြောခဲ့လေသည်။
ထို့ကြောင့် သူက နောက်ဆုံးတွင် မေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။
တုလင်ဖေးက သူ မေးမည်ကို စောင့်ဆိုင်းနေခဲ့သည့်အလား အံအားသင့်သွားဟန်မတူပေ။ ပထမဦးစွာ သူမက စကားမဆိုသေးဘဲ သူ့ကိုပင် မကြည့်ပေ။ သို့သော် တဒင်္ဂကြာပြီးနောက် သူမက သူ၏မျက်လုံးများထဲသို့ ကြည့်ကာ ပြောလိုက်သည်။
" ကောင်းကင်ဧကရာဇ်က.... ငါ့အဖေ "
ပိုင်ရှောင်ချန်းက ဤကိစ္စကို အချိန်အတော်ကြာကတည်းက သံသယရှိခဲ့ပါသော်လည်း ထိုစကားများအား ကိုယ်တိုင်ကိုယ်ကျ ကြားသိလိုက်ရပြီး သူ၏သံသယများအား အတည်ပြုပြီးသောအခါ သူ့ရင်ထဲတွင် ခံစားချက်လှိုင်းတံပိုးများ ထကြွလာတော့သည်။
အစတွင် သူက သူ၏အသက်ရှုသံများကို မထိန်းချုပ်နိုင်လိုက်ပေ။ သူသည် ဖြစ်နိုင်ချေကို စဥ်းစားခဲ့သည့်တိုင် ယခုတွင် အမှန်တရားအား သိလိုက်ရာတွင် အကြောင်းကိစ္စများစွာ ရုတ်တရက် ကျိုးကြောင်းညီညွှတ်သွားတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် တုလင်ဖေးသည် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ အထူးအဆင့်အတန်းတစ်ခုရှိနေကြောင်း အဓိပ္ပါယ်ရှိသွားသည်။ မြစ်ဝဂိုဏ်းလေးဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးများက ကောင်းကင်ဧကရာဇ်၏ တပည့်များဖြစ်သည်ဟူသော ကောလဟာလများသာ အမှန်ဆိုလျှင် တုလင်ဖေးသည် သူတို့၏ ညီမငယ်လေးဖြစ်သည်။
ထိုကဲ့သို့ နောက်ခံအထောက်အထားတစ်ခုဖြင့် တုလင်ဖေးသည် ကောင်းကင်တံတားဒေသတွင် အတိုင်းထက်အလွန်ပြိုင်ဘက်ကင်းသော အဆင်အတန်းတစ်ခုကို ပိုင်ဆိုင်ထား၏။ သူမသည် အနှိုင်းမဲ့သော အရည်အသွေးများဖြင့် ပြည့်ဝနေသော ပုလဲလုံးလေးတစ်လုံးအလား။
သို့သော် မဖြေရသေးသော မေးခွန်းများစွာ ရှိသေးသည်။ မယုံနိုင်စရာကောင်းသော အဆင့်အတန်းနှင့် ကောင်းကင်ဧကရာဇ်၏ သမီးက မည်သည့်အတွက်ကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ရောက်ခဲ့ရသနည်း။ထို့နောက် မည်သည့်အတွက်ကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ပြန်ပေါ်လာပြန်ပါသနည်း။
သူ့ခေါင်းထဲတွင် ထိုအတွေးများ ပေါ်လာပြီး မေးခွန်းပေါင်းများစွာ ဦးတည်သွားတော့သည်။ ထို့နောက် ရုတ်တရက် သူ အဖြစ်အပျက်တစ်ခုကို မှတ်မိလိုက်ကာ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတော့သည်။
၎င်းသည်ကား ကောင်းကင်ဧကရာဇ်ထံမှ သွေးဆံခြည်တစ်မျှင်ကို သူ စုပ်ယူခဲ့ခြင်းပင် ဖြစ်ပေသည်။
ထိုသို့လုပ်ခဲ့စဥ်က သူ ချီတုံချတုံဖြစ်ခဲ့သည်။ သို့သော် ထိုအချိန်က ကောင်းကင်ဧကရာဇ်သည် သူစိမ်းတစ်ယောက်ဖြစ်ခဲ့ပြီး သချိုင်းစောင့်ကြီးက ဆံပင်ကို ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူက သူ့ကိုယ်သူအားတင်း၍ စုပ်ယူခဲ့သည်။
သို့သော် ယခုတွင် သူက ကောင်းကင်ဧကရာဇ်၏ တံခါးဝတွင်ဖြစ်ပြီး တုလင်ဖေးက ကောင်းကင်ဧကရာဇ်၏ သမီးဖြစ်သည်။
" သိပြီ " သူက တွေးလိုက်၏။
" အခု ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ နတ်အဆင့်ခေါင်းဆောင်ကြီးက ငါ ဆေးဖော်ရင်း ပြဿနာရှာခဲ့တုန်းက ဘာလို့သတိပဲပေးခဲ့တာလဲဆိုတာ အဓိပ္ပာယ်ရှိသွားပြီ "
သူက အတွေးများကို တည်ငြိမ်အောင်လုပ်၍ မေးလိုက်သည်။
“ ဟိုရှောင်မေ့ကို ဒီကိုရောက်အောင် မင်း လုပ်လိုက်တာလား"
သူမက သူ၏အမေးကို တည့်တိုးမဖြေဘဲ သူ့ကိုသာ ကြည့်လိုက်ပြီး လောချိန်တောင်တန်းတွင် ပြုံးခဲ့သည့်အတိုင်း ပြုံးပြလိုက်သည်။ သူမက ထရပ်လိုက်ပြီး သူ့ဆီသို့လျှောက်လာကာ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို လုပ်ပေးသည့်အတိုင်း သူ၏အဝတ်အစားများကို ပြုပြင်ပေးလေသည်။
သူမနှင့် နီးကပ်နေခြင်းက သူမ၏ကိုယ်သင်းရနံ့လေးကို ပို၍ ရှုရှိုက်နေရလေရာ သူ၏ရင်ခုန်သံတို့ ဆူညံသွားရသည်။
သူ၏ဝတ်ရုံများကို သေသေသပ်သပ်ဖြစ်အောင် လုပ်ပေးပြီးနောက် သူ၏မျက်လုံးများထဲသို့ စိုက်ကြည့်လာသော သူမ၏မျက်ဝန်းများထဲတွင် ရောထွေးသော ခံစားချက်များ ဖြစ်တည်နေသည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်းသည် သူမ၏ဘဝက ထင်ထားသည့်အတိုင်း ပျော်ရွှင်ဖွယ်မကောင်းဘဲ လွတ်လွတ်လပ်လပ်မရှိကြောင်း ခံစားလိုက်ရသည်။အမှန်တွင် သူမကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေဟန်တူပြီး အထီးကျန်နေသည့်အသွင်ရှိသည်။
သူ့ကိုကြည့်နေသော သူမ၏အသွင်က အတိတ်မှ အမှတ်တရများကို တူးဖော်လိုက်ရာ ရုတ်တရက် သူသည် ဟိုးအရင်အချိန်များကကဲ့သို့ သူမကို လွှတ်ခနဲ ခေါ်လိုက်လေသည်။
“ တုတုလေး "
သူမမှာ သူမ၏အတွေးများထဲတွင် အမှတ်တရများ ကြီးစိုးသွားသည့်အတွက် တုန်ရီသွား၏။ တခဏကြာပြီးနောက် သူမက ရှေ့သို့ကိုင်းလာကာ သူ၏နားဆီသို့ သူမ၏နှုတ်ခမ်းလေးကို ကပ်၍ အတိုးတကာ့ အတိုးဆုံးလေသံလေးဖြင့် ပြောလိုက်သည်။
" ရှောင်ချန်း၊ ဟိုရှောင်မေ့ကို သတိထားနော် "
ထို့နောက် သူမက သူ့မျက်လုံးများကို တစ်ချက် စူးစိုက်ကြည့်လိုက်ပြီးနောက် လှည့်ပြီး လေထဲ ပျောက်ကွယ်သွားတော့သည်။