← Chapters

ဟိုးအရင်ကာလများဆီသို့

Vol. 10 Ch. 923

ဟိုးအရင်ကာလများဆီသို့

Vol. 10 Ch. 923

တုလင်ဖေး၏ စကားလုံးများကို ကြားလိုက်ရပြီးနော် ပိုင်ရှောင်ချန်းမှာ ရုတ်တရက် မဆိုစလောက် ခန္ဓာကိုယ်မတ်သွားသည်။ သူက ယခုလေးတင် သူမ ပျောက်ကွယ်သွားခဲ့သည့်နေရာကို လှည့်ကြည့်လိုက်သည်။ သူမသည် ကောင်းကင်တံတားကျွန်းဆွယ်၏ စွမ်းအားကို အသုံးပြု၍ ပျောက်ကွယ်သွားပါသော်လည်း သူမ၏ခပ်ဖျော့ဖျော့ပုံရိပ်လေးကို သူ မြင်လိုက်နိုင်သေးသည်။

သူက သူမ၏နောက်သို့လိုက်၍ မေးခွန်းများမေးရန် စဥ်းစားလိုက်သော်လည်း သူမသည် ကျွန်း၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားလေပြီ။

" သူ ဘာဆိုလိုတာလဲ။ ငါက ဟိုရှောင်မေ့ကို သတိထားရမှာလား "

ထိုအကြောင်းကို သူတွေးကြည့်မိသည်နှင့်အမျှ ပို၍ သံသယဝင်စရာကောင်းလာတော့သည်။ ထိုမျှသာမက သူမ ရိုးသားလား၊ မရိုးသားလားဆိုသည်ကို သူ မပြောနိုင်ပေ။

မည်သို့ပင်ဆိုစေ သူ၏ရင်ထဲတွင် ဟိုရှောင်မေ့က ကောင်းကင်တံတားကျွန်းဆွယ်တွင် အထူးအစောင့်တစ်ယောက်ဖြစ်လာခဲ့သည်အချက်နှင့်ပတ်သက်သော မတင်မကျဖြစ်နေခြင်းက ယခင်ထက်ပို၍ ပြင်းထန်လာတော့သည်။

" ငါက ဘာလို့ ဟိုရှောင်မေ့ကို သတိထားရမှာလဲ"

သူသည် ထိုနေ့က သူမအား တွေ့ခဲ့သည့် အချိန်ကို ပြန်တွေးမိလိုက်ပြီး သူမှတ်မိသည်မှာ သူမက အတိတ်ကနှင့် ကွဲပြားသွားခြင်းမရှိပေ။ သူ့ကို မြင်လိုက်သည့်အချိန် သူမ၏မျက်လုံးများထဲရှိ ပျော်ရွှင်မှုလေးက စစ်မှန်နေခဲ့သည်။

သို့သော် စောစောက တုလင်ဖေး၏ပြောစကားကို သူ မတွေးဘဲမနေနိုင်အောင် ဖြစ်လာရသည်။ ထိုသို့ဖြင့် သူ၏ရင်ထဲတွင် စိတ်အနှောင့်အယှက်ဖြစ်ခြင်းများ ကြီးထွားလာတော့သည်။ အမှန်က သူ ကောင်းကင်တံတားကျွန်းဆွယ်ပေါ်တွင် ရှိနေသည့်တချိန်လုံး စိတ်မသက်မသာဖြစ်နေရသည်။

သူက အတန်ငယ်တွေးတောပြီးနောက် သက်ပြင်းချလိုက်သည်။ အကောင်းဆုံးသည်ကား ဟိုရှောင်မေ့နှင့် စကားပြောဖို့ အခွင်အရေးရှာရန်ပင်။ သူက ထိုသို့ တွေးတောနေစဥ် သူ၏အမူအရာသည် ဝင်းပသွားပြီး မော့ကြည့်လိုက်သည်။

အချိန်အနည်းငယ်ကြာသော် အမှောင်ထုကို ထိုးခွင်း၍ သူ့ဆီလာနေသော အလင်းတန်းတစ်တန်းကို တွေ့လိုက်ရသည်။

ယင်းက သူ၏နေအိမ်အပြင်ဘက်တွင် ရပ်သွားပြီး လူတစ်ယောက်အသွင်စုဆုံသွားကာ ချိုမြိန်၍ လွမ်းဆွတ်တမ်းတသော အသံလေး ထွက်ပေါ်လာသည်။

" ကိုကြီးရှောင်ချန်း "

ယင်းကား ဟိုရှောင်မေ့ကလွဲ၍ တခြားမဟုတ်ပေ။ သူမက နေ့အတောအတွင်းက ဝတ်ခဲ့သည့် ရှည်လျားသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမ၏နဂိုဖြူဖွေးသော မျက်နှာလေးသည် ပျော်ရွှင်မှုများဖြင့် နီမြန်းနေပြီး သူမ၏မျက်လုံးလေးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ရွှန်းလဲ့တောက်ပနေသည်။

ဟိုရှောင်မေ့ကို မြင်လိုက်ရသောအခါ စောစောက တုလင်ဖေး ပြောခဲ့သည့်စကားများနှင့် သူ့ရင်ထဲတွင် တနုံ့နုံ့ဖြစ်နေသော သံသယများ တခဏတာ ပျောက်ကွယ်သွားလေသည်။ ဟိုရှောင်မေ့သည် နေ့လည်ကအတိုင်း တစ်ထပ်တည်းတူပြီး သူအတိတ်က မှတ်မိသည့် သူမနှင့် အတူတူပင် ဖြစ်သည်။ ဤသည်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် စတင်သောနေ့ရက်များကတည်းက သူ့အနားတွင် ရှိနေခဲ့သော မိန်းကလေး ဖြစ်ပေသည်။ သူမကား ရှောင်မေ့သာဖြစ်ပြီး အမှန်တွင် အစစအရာရာ ပြီးပြည့်စုံနေသော ငယ်သူငယ်ချင်းကောင်မလေးတစ်ယောက်အလား ဖြစ်ပေသည်။

တုလင်ဖေးကို မြင်ရသည့်အချိန်က တင်းမာသော အပြုအမူနှင့် ဆန့်ကျင်ဖက် ပိုင်ရှောင်ချန်းက ထရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်များကို ဖြန့်လိုက်သည်။ သူက မျက်စိမှိတ်ပြကာ ကျီစယ်သော သဘောသဖြင့် ပြုံးကာ ပြောလိုက်သည်။

" မတွေ့ရတာကြာပြီ ရှောင်မေ့ရေ။ လာ လာ ကိုကြီးရှောင်ချန်းကို ဖက်ပါဦး "

သူမ၏မျက်နှာပေါ်ဝယ် ထင်ဟပ်နေသော ပျော်ရွှင်ခြင်းအရိပ်ယောင်လေးက ချက်ချင်းပင် နီမြန်းသွားတော့သည်။ သူမက သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း တချိန်တည်းမှာပင် ပြေးကာ သူ့ကို ဖက်ပြီး သူ၏လည်တိုင်တွင် မျက်နှာအပ်လိုက်လေသည်။

အစက သူမသည် သူ့ကို အသာအယာဖက်ထားပါသော်လည်း အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး ဤကျွန်းကို ရောက်ခဲ့ကတည်းက သူမမည်မျှ အထီးကျန်ခဲ့ရသည်ကို ပြန်တွေးမိကာ သူမမှာ သူ့ကို လွှတ်မပေးချင်သည့်အလား တင်းတင်းကြပ်ကြပ်ဖက်လိုက်တော့သည်။

သူသည် သူမက မည်မျှတင်းကြပ်စွာ ဖက်နေသည်က်ု ခံစားလိုက်ရသောအခါ သူ၏မချိုမချဥ်အပြုံး ပျောက်ကွယ်သွားပြီး နူးညံ့သော အပြုံးဖြစ်သွားလေသည်။ သူက သူမကို ရစ်သိုင်းဖက်လိုက်ကာ သူမ၏ ရှည်လျားသော အနက်ရောက်ဆံနွယ်လေးများကို ပွတ်သပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏ကိုယ်သင်းရနံ့က တုလင်ဖေးနှင့် လုံးဝကွဲပြားလေသည်။

သူသည် ပထမဆုံး ဟိုရှောင်မေ့ကို မျက်စိကျခဲ့သည့် အချိန်အား ရုတ်တရက် တွေးမိလိုက်သည်။ သူမက သူ၏အာရုံကို အမှန်တကယ် ဖမ်းစားခဲ့သည့် ပထမဆုံး မိန်းကလေးဖြစ်ခဲ့ပါသော်လည်း သူမအပေါ် မည်သို့ ခံစားရသည်နှင့် ပတ်သက်၍ သူ အမြဲတွေဝေခဲ့ရသည်။ မည်သည့်အတွက်ကြောင့်ဆိုသည်ကို မသိခဲ့သည့်တိုင် ယခုအခါ သူ သိလာသမျှကတော့ သူမကို သူ သဘောကျနေသည်မှာ အသေအချာပင်။

သူမကို သိခဲ့သည့် နှစ်ပေါင်းများစွာ တောက်လျှောက် သူမသည် အခြားသူများကို ငရုတ်သီးတောင့်လေးလို ပြုမူခဲ့ပါသော်လည်း သူ့ကိုတော့ စွဲလမ်းတပ်မက်နေခဲ့သည်။ ထိုသည်က သူ့ကို သူ့ကိုယ်သူ အလွန်ကျေနပ်သွားစေခဲ့သည်။

သူက ဟိုရှောင်မေ့ကို ဖက်ထားစဥ် သူမနှင့်ပတ်သက်၍ သာမန်ထက်ထူးခြားနေသည့်အရာ တစ်ခုကိုမှ မတွေ့ရပေ။ သူမကား ပြောင်းလဲသွားခြင်းမရှိ။ ယခင်ကအတိုင်း သူမနှင့် တစ်ထပ်တည်းပင်။

သူမက သူ၏ရင်ခွင်အတွင်းမှီပြီးနောက် ခပ်တိုးတိုးရေရွတ်လိုက်သည်။

" ကိုကြီးရှောင်ချန်း နှစ်တွေ ကြာသွားပြီဆိုတော့ ကိုကြီးက ညီမကို မှတ်မိမယ်တောင် မထင်ခဲ့ဘူး "

သူမ၏ အသွင်မှာ ဝမ်းနည်းညှိုးငယ်လာလေသည်။

ပိုင်ရှောင်ချန်းက သူမနှင့်အတူ အမြန်ထိုင်လိုက်ပြီး မြေရိုင်းဒေသနှင့် ပတ်သက်သည့် သူ့ဇာတ်လမ်းများအား စတင်ပြောပြတော့သည်။ သူက အသေးစိတ်အကုန်မဟုတ်ဘဲ စိတ်ဝင်စားဖွယ် အပိုင်းများသာ ပြောပြလေသည်။ မကြာမီ ဟိုရှောင်မေ့၏ ခံစားချက်များ ကောင်းမွန်လာပြီး သူမက တခစ်ခစ် ရယ်မောလာတော့သည်။

သူမက နှုတ်ခမ်းလေးကိုလက်ဖြင့်ကာ၍ ပြုံးလိုက်ပြီး ပြောသည်။

" ကိုကြီး နတ်အဆင့်ကျင့်ကြံသူတွေကို ဆရာလိုက်လုပ်တာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး "

သူမက မယုံကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်သောအခါ နှိမ့်ချမနေတော့ရန် ဆုံးဖြတ်လိုက်သည်။ သူက သူမကို စူးစူးဝါးဝါးကြည့်ရင်း ရင်ဘတ်ကို ပုတ်ကာ ပြောသည်။

" အဲဒါက ဘာမှမဟုတ်ဘူး။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က အစ်ကို့ကို သူ့သမီးနဲ့လက်ထပ်ပေးတယ်။ ဗဟိုဧကရာဇ်မြို့တော် မင်းမျိုးနွယ်အထက်တန်းလွှာတွေအားလုံး အစ်ကို့ကို တုန်နေအောင် ကြောက်ကြရတာကွ"

ဟိုရှောင်မေ့က ရယ်လိုက်သည်။

“ ကောင်းပါပြီ ကောင်းပါပြီ။ ညီမ ယုံပါတယ်။ ဟုတ်ပြီလား။ ကိုကြီးက တကယ့်ကို အံ့သြစရာကောင်းတာပါ။ ညီမရဲ့ကိုကြီးက တစ်မိုးအောက်မှာ လက်ဖျားခါရလောက်အောင် အံ့သြစရာအကောင်းဆုံးလူသား "

ပိုင်ရှောင်ချန်းက သူမ၏ရယ်သံလွင်လွင်လေးနှင့် သူမ၏မျက်လုံးများထဲရှိ အလင်းကို မြင်သောအခါ ရုတ်တရက် ရင်ခုန်လာပြီး သူအထင်မှားခဲ့ကြောင်း သိလိုက်သည်။ ဟိုရှောင်မေ့ကား ပြောင်းလဲသွားလေပြီ။ သူမ၏ မရင့်ကျက်မှုများ ပျောက်ကွယ်သွားပြီး နှစ်လိုဖွယ်ကောင်းသော ဆွဲဆောင်မှုနှင့် ညှို့ဓာတ်က အစားထိုးဝင်ရောက်လာသည်။

" နောက်ထပ်မြေခွေးမပဲ "

ပိုင်ရှောင်ချန်းက စိတ်ထဲတွင် ကောက်ချက်ချလိုက်သည်။

" ငါ ဒါကို အရင်က ဘယ်လိုကြောင့် မမြင်ခဲ့တာလဲ "

သူက တံတွေးကိုမနည်းမြိုချကာ အမှန်တွင် ဟိုရှောင်မေ့ကား စုန့်ကျင်းဝမ်းအား မည်သို့ကျော်သွားလောက်မည်ကို စဥ်းစားလိုက်သည်။

သို့သော် သူ ရင်ခုန်သွားရသည့် အကြောင်းမှာ သူမက သူ့ကို စိုက်ကြည့်နေခြင်းက အတော်လေး ရှက်စရာကောင်းသောကြောင့်ပင်။ သူက ချောင်းဟန့်၍ စကားလမ်းကြောင်းလွှဲရန် ဆုံးဖြတ်လိုက်ပြီး မည်သည့်အတွက်ကြောင့် ကောင်းကင်တံတားကျွန်းဆွယ်ကို သွားရန် ရွေးချယ်ခဲ့ကြောင်း ဟိုရှောင်မေ့ကို မေးလိုက်သည်။

သူမက ချက်ချင်းပင် စိတ်တိုတိုနှင့် နှာမှုတ်လိုက်သည်။

" ဘာလဲ၊ ညီမကို စုန့်ကျင်းဝမ်လို ထင်နေတာလား။ အဲဒီ ရုပ်ဆိုးဆိုးအဖွားကြီးက ကိုကြီးကို ရဖို့ နှစ်ပေါင်းများစွာ ကြံစည်နေခဲ့တာနော် ကိုကြီးရှောင်ချန်း။ သူက ညီမကို ဂရုစိုက်ပုံပြပေမယ့် ညီမကို ရိုက်ချပစ်ဖို့ သူ့သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ အလယ်တောင်ထိပ်ရဲ့ ခေါင်းဆောင်ရာထူးကို ထပ်ခါထပ်ခါ သုံးခဲ့တယ် "

" ဘယ်လို "

ပိုင်ရှောင်ချန်းမှာ တအံ့တသြလွှတ်ခနဲ ထွက်သွား၏။ သူသည် စုန့်ကျင်းဝမ်အား ထိုကဲ့သို့လူစားမျိုးအနေဖြင့် တွေး၍မရသောကြောင့် ရှင်းပြရန် ပါးစပ်ဟလိုက်သည်။ သို့သော် ဟိုရှောင်မေ့က သူ မည်သို့လုပ်တော့မည်ကို သတိပြုမိလိုက်ပုံရပြီး သူ မပြောခင်မှာပင် ဆက်ပြောလိုက်သည်။

" ကိုကြီးရှောင်ချန်း၊ ကိုကြီးတကယ် မသိပါဘူး။ အဲဒီ ရုပ်ဆိုးဆိုးအဖွားကြီး စုန့်ကျင်းဝမ်ကလေ အခွင့်ရေးရရင် ရသလို ကြွားနေတာ။ ညီမက သူနဲ့ကို စကားမပြောနိုင်ဘူး။ သူ့အတွက် ညီမက စိတ်ပျက်စရာသက်သက်ပဲ "

" ဒီကိုလာဖို့ ပြိုင်ပွဲတုန်းက သူနဲ့ ညီမ အကြိုဗိုလ်လုပွဲမှာ နှစ်ယောက်ချင်း တိုက်ခိုက်ရတယ်။ သူ့ ကျင့်ကြံခြင်းအခြေခံက ညီမထက် မြင့်ပြီးတော့ ပွဲတွေအများကြီး နိုင်ပြီးသား။ သူ ညီမကို ရှုံးရင်တောင်မှ သူက ဆက်သွားလို့ရသေးတယ်။ ဒါပေမဲ့ ဒါက ညီမ နောက်ဆုံးအခွင့်အရေးလေ။ ညီမရှုံးရင် ထွက်ရမှာ။ သူကလေ နည်းနည်းလေးတောင် မသက်ညှာပေးဘူး ကိုကြီးယုံလား။ သူ့ကို အကုန်ရှင်းပြတာတောင်မှ သူက ညီမကို တိုက်ခိုက်သေးတာ"

ဟိုရှောင်မေ့က စကားဆက်ပြောလာသည်နှင့်အမျှ ပို၍ ဒေါသထွက်လာတော့သည်။

" ကံကောင်းတာက ကောင်းကင်တံတားကျွန်းဆွယ်က တာဝန်ရှိတဲ့ အကြီးအကဲက ညီမဆီမှာ ကောင်းကင်တံတားကျွန်းဆွယ်ရဲ့ နတ်ဘုရားစွမ်းရည်နဲ့ သင့်တော်တဲ့ ထူးခြားတာတစ်ခု မြင်လိုက်တယ်။ အဲဒါကြောင့် နောက်ဆုံးမှာ ညီမ ရွေးချယ်ခံလိုက်ရပြီး ရုပ်ဆိုးဆိုးအဖွားကြီးကတော့ မခံလိုက်ရဘူးလေ"

ဟိုရှောင်မေ့က စုန့်ကျင်းဝမ်အပေါ် သူမ၏ စွပ်စွဲချက်များအားလုံးကို ပြောနေရာ ပိုင်ရှောင်ချန်းမှာ ခေါင်းကိုက်လာတော့သည်။

သူပြောနိုင်သည်မှာ စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့ကား မည်သည့်နေရာတွင်မှ သဘောထားချင်း မတိုက်ဆိုင်ကြပေ။

ထိုအရာအားလုံးကား စစ်ပွဲပြီးနောက် သူတို့နှစ်ဦးက သူ့အား သေရွာမှပြန်ရောက်လာအောင် ပြုစုစောင့်ရှောက်ပေးခဲ့သည့် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ နေ့ရက်များမှ ဇာတ်လမ်းစခဲ့ပေသည်။

သူက ချက်ချင်းပင် သူတို့နှစ်ယောက်က သူ့အတွက် ဆေးဖော်ခဲ့ပြီး သူက ဘယ်တစ်ယောက် ရွေးမည်အား စောင့်ကြည့်ခဲ့သည်ကို ရုတ်တရက် ပြန်တွေးမိလိုက်သည်။ ထို့နောက် တစ်ခါက သူတို့နှစ်ယောက်က သူ တံခါးအပြင်သို့ ဘယ်ခြေထောက်ဖြင့် ခြေချမည်ကို ကြည့်ရန် စောင့်နေခဲ့သည့် အဖြစ်အား သတိရလိုက်သဖြင့် ရင်တုန်သွားတော့သည်။

ဟိုရှောင်မေ့က သူ့အား တွေ့ရသည်ကို ပျော်ရွှင်နေသောကြောင့် သူစကားလမ်းကြောင်းလွှဲလိုက်သည်ကို စိတ်ထဲမထားပေ။ သူမက သူ့ဘေးတွင် ထိုင်ပြီး သူ မရှိသည့်အချိန်က ဖြစ်ပွားခဲ့သည့် စိတ်ဝင်စားစရာ၊ ရယ်စရာကောင်းသော အရာများအား ပြောပြလေသည်။

သူမက သူ့ကို ကောင်းကင်တံတားကျွန်းဆွယ်အကြောင်းလည်း ပြောပြသည်။ ပိုင်ရှောင်ချန်းမှာ ရံဖန်ရံခါ ချီးကျူးပြီး တခါတရံသူ့ကိုယ်သူ ကြွားလုံးထုတ်ကာ ပြုံးနေလေသည်။ နောက်ဆုံးတွင် မိုးသောက်ချိန်နီးကပ်လာပြီဖြစ်၍ ဟိုရှောင်မေ့မှာ မပြန်ချင့် ပြန်ချင်နှင့် ပြန်သွားရလေသည်။

များမကြာမီ မြစ်လေးစင်းမှ ကျင့်ကြံသူများက ကောင်းကင်ဧကရာဇ်ထံ သွားရောက်ဂါဝရပြုကြရမည်ဖြစ်သည်။ အရေးပါသော ပွဲတစ်ပွဲဖြစ်သည့်အတွက် ဟိုရှောင်မေ့တွင် တက်ရောက်ရန် တာဝန်များရှိသည်။

ဟိုရှောင်မေ့ထွက်ခွာသွားပြီးနောက် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး သူမလည်ပတ်ခဲ့သည်ကို ပြန်တွေးလိုက်သည်။ သူ မည်သို့ ကြည့်စေကာမူ မသင်္ကာစရာကောင်းသည့်အရိပ်အယောင်တစ်ခုကိုမှ မတွေးမိပေ။

အမှန်တွင် ထိုသည်က သူ့ကို တုလင်းဖေ၏ စကားများအား သံသယဝင်သွားစေသည်။

" ဟိုရှောင်မေ့ကို သတိထားဖို့ သူဘာလို့ ငါ့ကိုပြောတာလဲ"

မည်မျှတွေးသည်ဖြစ်စေ ဘာမှပေါ်မလာပေ။ နောက်ဆုံးတွင် အရှေ့အရပ်မှ နေမင်းကြီး ထွက်ပေါ်တော့သည်။

ပထမဆုံး ရောင်ခြည်တန်းက ရွှေရောင်ကောင်းကင်တံတားပင်လယ်ကို ဖြတ်၍ ထွန်းလင်းလာစဥ် ရှေးဆန်သော အသံကြီးတစ်သံက ကျွန်းဆွယ်တလျှောက် မြည်ဟည်းသွားလေသည်။

All Chapters