ယောက္ခမကြီး၏ သွေးဆံနွယ်
Vol. 10 Ch. 924
ခေါင်းလောင်းခုနစ်ချက်ထိုးနေပြီဖြစ်၍ မြစ်လေးစင်းမှ ကျင့်ကြံသူများကို ကောင်းကင်ဧကရာဇ်အား သွားတွေ့ရန် ဆင့်ခေါ်နေခြင်းဖြစ်ကြောင်း သိနိုင်သည်။
ထိုခေါင်းလောင်းသံနှင့်အတူ ရွှေရောင်ပင်လယ်ရေပြင်မှ အလင်းပြန်နေသည့် မျက်စိကျိန်းမတတ် စူးရှသော နေရောင်ခြည်များမှာ ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။
ပင်မကျွန်း၏အလယ်ရှိ တောင်ထိပ်သုံးခုမှာလည်း နေရောင်ခြည်များကို ပြန်လည်ထင်ဟပ်နေသဖြင့် မျက်စိပသာဒဖြစ်စေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေ၏။ တချိန်ထဲမှာပင် အသံတိတ်ဖိအားကြီးသည်လည်း ပို၍အားကောင်းလာတော့သည်။
ထိုအချိန်တွင် ကျင့်ကြံသူအုပ်စုများအား ပင်မကျွန်းဆီသို့ ခေါ်ဆောင်သွားရန်အတွက် တာဝန်ကျနေသည့် အထူးအစောင့်များမှာ အခန်းများ၏ ရှေ့တွင် ပေါ်ထွက်လာကြသည်။ ပိုင်ရှောင်ချန်းအား လာရောက်ခေါ်ဆောင်သည့် အစောင့်မှာ ချောမောလှပသည့် မိန်းမပျိုတစ်ယောက်ဖြစ်ပြီး မနေ့က သူ့အား ဤအခန်းသို့ လမ်းပြပေးခဲ့သည့် ကျင့်ကြံသူ မဟုတ်ပေ။
သူမသည် မည်သည့်မြစ်လက်တက်မှ ရောက်လာခဲ့သည်ကို အတိအကျသိနိုင်မည်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူမသည် သူ့အား ရိုသေလေးစားမှုအပြည့်ဖြင့် ဆက်ဆံနေသည်။ သူမသည် ကောင်းကင်တံတားကျွန်းပေါ်ရှိ အထူးအစောင့်အသစ်တစ်ယောက်ဖြစ်ပါသော်လည်း နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ရှေ့တွင်မူ မတော်တရော်မပြုမူရဲပေ။
အထူးအစောင့်အသစ်များမှာ အမြုတေအဆင့်တွင်သာ ရှိကြသေးသည်ဖြစ်သော်လည်း ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများပင် သူတို့အား တရိုတသေဆက်ဆံရသည်။ သို့သော်လည်း အစောင့်များမှာ သူတို့၏ ရာထူးအဆင့်အတန်းကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချ၍ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်အား မတော်တရော် မဆက်ဆံရဲကြပေ။
နတ်အဆင့်ကျင့်ကြံသူများမှာ ကောင်းကင်ဧကရာဇ်အတွက်ဆိုလျှင် အထူးအစောင့်အသစ်များထက် အလွန်အရေးပါသော လူများဖြစ်နေကြသည် မဟုတ်ပါလော။
ထိုမိန်းမပျိုသည် ပိုင်ရှောင်ချန်းအား ကွေ့ကောက်နေသည့်လမ်းတစ်ခုအတိုင်း ဦးဆောင်သွားပြီး တောင်တန်းများထဲသို့ ခေါ်ဆောင်သွားတော့သည်။
သူတို့ ဦးတည်နေသည့် နေရာတွင် တေးသွားများသီဆိုနေကြသည့် ကျေးငှက်များရှိနေပြီး ပန်းပွင့်ပေါင်းစုံဖူးပွင့်နေသည့် ကောင်းကင်နတ်နန်းတစ်ခုနှင့် တူနေသည်။ နေရာတိုင်းတွင် စိမ်းလည်းစိုပြည်လှသော သစ်ပင်ပန်းမန်များစွာ ပေါက်ရောက်နေကြပြီး စိတ်စွမ်းအင်မှာလည်း ပေါကြွယ်ဝနေ၏။ ထိုစိမ်းလန်းလှသော သစ်ပင်ချုံပင်များအကြားတွင် ပြေးလွှားနေကြသည့် ဝိညာဥ်သားရဲများလည်း ရှိနေသေးသည်။
ထို့အပြင် ပိုင်ရှောင်ချန်းသည် လွန်စွာ ရှားပါးလှသော ဝိညာဥ်အပင်မျိုးစိတ်အနည်းငယ်ကိုပါ တွေ့လိုက်ရသည်။
ပြင်ပကမ္ဘာတွင် ၎င်းတို့ကိုရှာတွေ့နိုင်ရန်မှာ မဖြစ်နိုင်သလောက် ခဲယဥ်းနေမည်ဖြစ်သော်လည်း ဤကောင်းကင်တံတားကျွန်းပေါ်တွင်မူ ၎င်းတို့မှာ နေရာတိုင်းတွင် ပေါက်ရောက်နေကြသည်။
သူ အလွန် အံ့အားသင့်သွားရတော့သည်။ မျိုးတုံးပြီဟု သူထင်ထားသည့် ဆေးပင်အချို့ကိုပင် အံ့သြဖွယ်ကောင်းလောက်အောင် တွေ့လိုက်ရသေးသည်။ ထိုအပင်များထဲမှ တစ်မျိုးမျိုးကိုသာ ပြင်ပကမ္ဘာသို့ သူ ယူဆောင်သွားပါက ထိုကမ္ဘာထဲမှ လူတိုင်း ရူးသွပ်သွားကြမည်သာဖြစ်သည်။
" ခမ်းနားကြီးကျယ်လိုက်တာ "
သူက စိတ်ထဲတွင် တွေးနေမိတော့သည်။ သူ၏ဘဝတွင် အလွန်ထူးခြားသော အရာပေါင်းများစွာ မြင်တွေ့ခဲ့ပြီးဖြစ်ပါသော်လည်း ယခုတွင်မူ အံ့အားသင့်လွန်းလှသဖြင့် တံတွေးများမျိုချနေရပြီး ထိုအပင်အချို့အား ခူးယူပစ်ချင်သည့်စိတ်များကို မနည်းထိန်းထားရ၏။
သူက ရှေ့သို့ဆက်၍လျှောက်လှမ်းလာသည်နှင့်အမျှ ရှားပါးဝိညာဥ်အပင်များကို ထပ်၍မြင်တွေ့ခဲ့ရသည့်အပြင် တမူထူးခြားသော မှော်ပစ္စည်းများကိုပါ မြင်လိုက်ရသေးသည်။
၎င်းတို့ထဲမှ အချို့ဆိုလျှင် ဝိညာဥ်အလိုအလျောက်စနစ်များ ပိုင်ဆိုင်ထားကြသဖြင့် သက်ဝင်လှုပ်ရှားနေသည့်အလား အုပ်စုများဖွဲ့၍ ပျံသန်းနေကြသည်။ ထိုမြင်ကွင်းမှာ အလွန်အံ့အားသင့်ဖွယ် ကောင်းလှပေသည်။
ရွှေရောင်ရေများမဟုတ်ပဲ ခရမ်းရောင်ရေများ စီးဆင်းနေသည့် မြစ်ငယ်များနှင့် စမ်းချောင်းကလေးများကိုလည်း ရံခါဖန်ခါ မြင်တွေ့ရသေးသည်။ ပိုင်ရှောင်ချန်း အာရုံခံမိသလောက်ဆိုလျှင် ထိုခရမ်းရောင်ရေထဲရှိ စိတ်စွမ်းအင်များမှာ ရွှေရောင်ပင်လယ်ရေများထက်ပင် များစွာသာလွန်နေသည်။
ထိုမြစ်ငယ်များနှင့် စမ်းချောင်းများ၏အနီးရှိ အလွန်အံ့အားသင့်ဖွယ်ကောင်းသည့် မယုံကြည်နိုင်ဖွယ်အငွေ့အသက်များကိုလည်း သူ ခံစားမိသည်။ သူ၏ အတွေ့အကြုံအရဆိုလျှင် ထိုအငွေ့အသက်များ၏ ပိုင်ရှင်များမှာ အပင်များ၊ မှော်ပစ္စည်းများနှင့် နတ်အဆင့်ရှိသော ဝိညာဥ်သားရဲများပင် ဖြစ်နေနိုင်သည်။
သူ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကြောင့် ဤနေရာကြီးမှာ အံ့သြဖွယ်ကောင်းလောက်အောင် ခမ်းနားကြီးကျယ်သည့် နေရာကြီးတစ်ခုဖြစ်နေကြောင်း ပို၍ သေချာသွားတော့သည်။ မြေရိုင်းဒေသထဲရှိ ဗဟိုဧကရာဇ်မြို့တော်မှာ အထင်ကြီးစရာကောင်းပါသော်လည်း ဤနေရာကို လုံးဝယှဥ်နိုင်မည်မဟုတ်ပေ။
ဤကျွန်းကြီးမှာ အမှန်တကယ်ပင် နတ်ဘုံနတ်နန်းတစ်ခု ဖြစ်နေသည်။
သူ့ကိုလမ်းပြနေသည့် အထူးအစောင့်အသစ်မှာ သူ့အားအကဲခတ်ရန်အတွက် ရံခါဖန်ခါ လှမ်းလှမ်းကြည့်နေသည်။ သူအလွန်အံ့အားသင့်နေသည်ကို မြင်လိုက်ရသောအခါ သူမ အလွန်ကျေနပ်တော့သည်။ သူမသည် အထူးအစောင့်အသစ်တစ်ယောက်ဖြစ်ရသည်ကို အလွန်ဂုဏ်ယူနေပြီး အချိန်အပြည့်တာဝန်ထမ်းဆောင်ရသည့် အထူးအစောင့်တစ်ယောက်အဖြစ် ရာထူးတိုးခံရမည့်နေ့ရက်ကို စောင့်မျှော်နေသည်ဖြစ်သည်။
သူမ၏ အမူအရာပြောင်းလဲသွားမှုကို ပိုင်ရှောင်ချန်း သတိမထားမိလိုက်ပေ။ တန်ဖိုးကြီးပစ္စည်းများနှင့် ပြည့်နှက်နေသည့် တောင်ကြီးတစ်လုံးပေါ်တွင်ရောက်နေသည်ဆိုသော အတွေးတစ်ခုသာလျှင် သူ၏ခေါင်းထဲတွင်ပြည့်နှက်နေ၏။ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးနီးပါးမှာ သူ၏ကျင့်ကြံခြင်းကို အဆင့်မြှင့်တင်ပေးနိုင်ပြီး သူ၏သက်တမ်းကို တိုးပွားစေနိုင်စွမ်း ရှိနေကြသည်။ လမ်းခုလတ်တစ်နေရာတွင် ပိုင်ရှောင်ချန်းသည် သူတို့နှစ်ယောက်က မမြင်နိုင်သော အကာအရံတစ်ခုကို ဖြတ်လျှောက်လိုက်သည့်အလား သိသာထင်ရှားသော ခံစားချက်ကြီးတစ်ခုကို ခံစားမိလိုက်သည်။
အဆက်မပြတ်စီးဆင်းနေသည့် ရေတံခွန်တစ်ခုနှင့်တူသော အသံတစ်သံ သူ၏နားထဲသို့ဝင်ရောက်လာသဖြင့် မော့ကြည့်လိုက်သောအခါ သူ လုံးဝထင်မှတ်မထားသည့် အရာတစ်ခုကို တွေ့လိုက်ရသည်။
ဘယ်ဖက်နှင့် ညာဖက်ရှိ တောင်နှစ်လုံး၏ထိပ်မှ ရေများကျဆင်းနေသည်။ အမြင့်ဆုံးရှိကောင်းကင်ယံမှ ရေများက ရေတံခွန်တစ်ခုကဲ့သို့ သွယ်ဖြာစီးဆင်းလာပြီးနောက် ကျွန်း၏အလယ်ရှိ ဧရာမရေကန်ကြီးထဲတွင် စုဝေးသွားကြသည့်အတိုင်းပင်။
ကောင်းကင်တံတားကျွန်း၏ အလယ်ဗဟိုတည့်တည့်မှာ မြေပြန့်တစ်ခုမဟုတ်ပဲ ဧရာမရေကန်ကြီးတစ်ကန် ဖြစ်နေသည်။
၎င်းမှာ ခရမ်းရောင်ရေများဖြင့် ပြည့်နေသည့်ရေကန်ကြီးတစ်ကန်ဖြစ်ပြီး ၎င်း၏အလယ်တည့်တည့်မှနေ၍ မိုးထိုးနေသည့် တောင်ထိပ်သုံးခုက အထက်သို့မြင့်တက်နေခြင်းဖြစ်သည်။ ဘေးနှစ်ဖက်ရှိတောင်နှစ်တောင်မှ စီးကျလာသော ရေတံခွန်မှရေများသည် ရေကန်ထဲသို့ကျဆင်းနေသဖြင့် မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်သံ ထွက်ပေါ်လာရုံသာမက ရေငွေ့အမြောက်အမြားပါ ထနေတော့သည်။
ထိုမြူခိုးများအကြားတွင် တောင်ထိပ်သုံးခုနှင့်အတူ မရေမတွက်နိုင်သော နန်းတော်များစွာကိုမြင်တွေ့နိုင်သည်။
ထိုတောင်သုံးလုံးပေါ်တွင်လည်း ပိုင်ရှောင်ချန်းက မရေမတွက်နိုင်လောက်အောင် တည်ဆောက်ထားသည့် ခမ်းနားကြီးကျယ်သော နန်းတော်များစွာ ရှိနေသေးသည်ကို မြင်လိုက်ရသည်။
အလယ်တောင်ထိပ်ပေါ်တွင် ဧရာမရုပ်ထုကြီးတစ်ခုရှိပြီး ပိုင်ရှောင်ချန်းက ၎င်းကို ချက်ချင်းပင် မျက်မှန်းတန်းမိလိုက်သည်။ ထိုရုပ်ထုကြီးမှာ ကောင်းကင်ဧကရာဇ်၏ပုံကို ထုဆစ်ထားခြင်းဖြစ်သည်။
ထိုရုပ်ထုကြီး၏ အောက်ခြေ၌ ကောင်းကင်တံတားဒေသတွင် အကြီးမားဆုံးနှင့် အခမ်းနားဆုံးသော နန်းတော်ကြီးတစ်ဆောင်ရှိသည်။
ကောင်းကင်ဧကရာဇ်၏ နန်းတော်ပင်ဖြစ်သည်။
ထိုနေရာတစ်ခုလုံးကိုစုပေါင်း၍ ထူးခြားသောနာမည်တစ်ခုပေးထားသည်ကား တာအိုနန်းတော်ဟူ၍ ဖြစ်ပေသည်။
ပိုင်ရှောင်ချန်းမှာ လုံးဝအံ့အားသင့်နေရတော့သည်။ မြူခိုးများမှာ ထူထဲလှသဖြင့် တာအိုနန်းတော်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် မရေမတွက်နိုင်သော အမျိုးသမီးအစေခံများနှင့် အထူးအစောင့်များစွာက ဂုဏ်ယူဝင့်ကြွားနေသည့် မျက်ဝန်းများဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကြသည်မြင်ကွင်းကို ခပ်ရေးရေးမြင်နိုင်ပေသည်။
အမျိုးသမီး ကျင့်ကြံသူက ပိုင်ရှောင်ချန်းအား ပင်မတောင်ထိပ်ကြီး၏ မျက်စောင်းထိုးတွင်ရှိသော ရေကန်အစွန်းရှိ ဧရာမကွင်းပြင်ကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာမှဆိုလျှင် ကောင်းကင်ဘုံအထိ ထိုးထွက်နေသည်ဟုပင် ထင်ရသည့် ကောင်းကင်ဧကရာဇ်၏ ရုပ်ထုကြီးကို မော့ကြည့်နိုင်သည်။
ထိုကွင်းပြင်ထဲတွင် စုဝေးနေကြသည့် ကျင့်ကြံသူအနည်းငယ် ရှိနေပြီဖြစ်ပြီး သူတို့အားလုံးမှာ ရိုသေလေးစားမှုများ တောက်ပနေကြသည့် မျက်ဝန်းများဖြင့် ထိုရုပ်ထုကြီးအား မော့ကြည့်နေကြသည်။
ဖက်တီးကျန်းကြီးနှင့် ပိုင်ရှောင်ချန်း၏ မိတ်ဆွေများမှာ ထိုနေရာသို့ ရောက်နေကြပြီဖြစ်ပြီး သူတို့အားလုံး၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ လွှမ်းမိုးထားတော့သည်။ သူတို့အုပ်စုနှင့် အရှေ့ဘက်ကောင်းကင်တံတားမြစ်မှ အခြားကျင့်ကြံသူများက ပိုင်ရှောင်ချန်းအားတွေ့လိုက်သောအခါ သူ့ထံသို့ ပြေးလာကြသည်။
" တာအိုနန်းတော်က ငါ့ဘဝတစ်လျှောက် မြင်ဖူးသမျှ နန်းတော်တွေထဲမှာ အခမ်းနားဆုံးနဲ့ အကြီးကျယ်ဆုံးပဲ "
" မင်းတို့တွေ ဆေးပင်တွေကို မြင်ခဲ့တယ်မလား။ ငါဆို လမ်းမှာ အင်မော်တယ် အသူရာသစ်ခွပန်းတစ်ပွင့်ကို တွေ့ခဲ့တာကွ။ ဘုရားရေ။ အဲဒီသစ်ခွပန်းတွေက ဟိုးရှေးခေတ်တုံးကပဲ ပွင့်တာလေ။ သာမန်လူတစ်ယောက်က အဲဒီပန်းပွင့်တစ်ပွင့်ကိုစားလိုက်မယ်ဆိုရင် အမြုတေအဆင့်ကို ချက်ချင်းရောက်သွားနိုင်တယ်တဲ့ "
" အဲဒါ ဘာဟုတ်သေးလို့လဲ။ ငါဆို ခေါင်းနှစ်လုံးနဂါးတစ်ကောင်ကို တွေ့ခဲ့တာ။ ငါပြောတာ ကြားလား။ ခေါင်းနှစ်လုံးပါတဲ့ နဂါးတစ်ကောင်ကွ။ တကယ့်လက်တွေ့ဘဝမှာဆို အဲဒီလိုတွေကို တွေ့ရဖို့က မဖြစ်နိုင်ဘူး "
လူတိုင်းမှာ အလွန် စိတ်လှုပ်ရှားနေကြပြီး သူတို့မြင်တွေ့ခဲ့ရသည့် အရာအားလုံး၏အကြောင်းများကို ပြောမဆုံးနိုင်လောက်အောင်ဖြစ်နေကြသည်။
တာအိုနန်းတော်မှာ အမှန်တကယ် အလွန်အံ့သြဖွယ်ကောင်းသည့် နေရာတစ်ခုဖြစ်သည်။
ပိုင်ရှောင်ချန်းသည် လက်ဖျားခါရလောက်အောင် အသက်ဝင်နေသည်ဟု ထင်ရသည့် ကောင်းကင်ဧကရာဇ်၏ ရုပ်ထုကြီးကိုမော့ကြည့်လိုက်သည်။ ကောင်းကင်ဧကရာဇ်အား သူမှတ်မိသလောက်ဆိုလျှင် ထိုရုပ်ထုကြီးမှာ သူနှင့် နေရာတိုင်းတွင် တစ်ပုံစံထဲတူနေသည်။
ရုပ်ထုကြီး၏ နဖူးပေါ်ရှိ သွေးနီရောင် ဆံခွေတစ်ခွေကိုပင် သူသတိထားမိလိုက်သေးသည်။
ထိုအခါ သူသည်ရုတ်တရက် တုန်ရီသွား၏။ တချိန်ထဲမှာပင် အနီးနားရှိ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း၏ ကျင့်ကြံသူများထဲမှ ကျယ်လောင်စွာစကားပြောနေသည့်အသံတစ်သံကို သူကြားလိုက်လေသည်။ ထိုသို့ပြောဆိုနေသူမှာ လျှပ်စီးတိမ်တိုက်သခင်ဖြစ်သည်။
" မြင့်မြတ်လှတဲ့ ကောင်းကင်ဧကရာဇ်ကြီးရဲ့ နဖူးပေါ်က သွေးနီရောင်ဆံခွေကို တွေ့လား။ ဒဏ္ဍာရီတွေအရဆိုရင် အဲဒီဆံခွေက ကောင်းကင်ဧကရာဇ်ကိုယ်တိုင် ဖန်တီးခဲ့ပြီး သက်စောင့်အားတွေပါတဲ့ တန်ဖိုးကြီးရတနာတစ်ခုတဲ့ကွ။ အဲဒီဆံခွေထဲမှာ အဆုံးမရှိတဲ့ စွမ်းအားတွေပါဝင်နေပြီး နားလည်ရခက်ခဲတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေအများကြီး ကိန်းအောင်းနေတဲ့ ရှားမှရှား ရတနာတစ်ခုပဲ။ "
လျှပ်စီးတိမ်တိုက်သခင်က အခြားကျင့်ကြံသူများအား ထိုသွေးနီရောင် ဆံခွေအကြောင်းရှင်းပြနေသည်ကို ကြားလိုက်ရသည်နှင့် ပိုင်ရှောင်ချန်း၏ စိုးရိမ်မှုများနှင့် ကိုယ့်ကိုကိုယ် လိပ်ပြာမလုံသလိုဖြစ်နေမှုများ ကြီးထွားလာတော့သည်။
သူသည် အနည်းငယ်အပြစ်ရှိနေသလိုပင် ခံစားလိုက်ရတော့သည်။ ထို့အပြင် ထို သွေးနီရောင်ဆံခွေအား သူစုပ်ယူလိုက်ပြီဖြစ်ကြောင်းကို ကောင်းကင်ဧကရာဇ်သာ သိသွားပါက ထိုဆံခွေကို အစားထိုးရန်အတွက် ပိုင်ရှောင်ချန်းအား သန့်စင်မွမ်းမံနိုင်ခြေ အများကြီးရှိနေမည်ပင်ဖြစ်သည်။
" အဲဒီ သွေးနီရောင် ဆံခွေက လျှပ်စီးတိမ်တိုက်သခင် ပြောသလောက် မစွမ်းပါဘူးကွာ။ ငါ့ကို ထာဝရအရိုး မဟာစက်ဝန်းအထိပဲ တွန်းပို့နိုင်ခဲ့တာကို "
အကယ်၍ သူနှင့်တုလင်ဖေးတို့၏ ဆက်ဆံရေးသာ နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့ပါက ဆက်ဖြစ်သွားနိုင်သည့်အရာများနှင့် ကောင်းကင်ဧကရာဇ်မှာ သူ၏ယောက္ခမကြီးဖြစ်သွားနိုင်သည့်အကြောင်းကို သူ ရုတ်တရက် တွေးတောမိလိုက်တော့သည်။
ထိုဆံပင်အား သူ စုပ်ယူခဲ့သည်ကို သိရှိသွားမည့်လူက သူ၏ယောက္ခမကြီးသာဖြစ်နေပါက ပြဿနာမှာ ယခင်ကလောက်ကြီးမားနိုင်တော့မည်မဟုတ်ပေ။
သူသည် ထိုသို့ဆက်စပ်တွေးတောလိုက်ပြီးနောက် မျက်တောင်တဖျတ်ဖျတ် ခတ်၍ တုလင်ဖေးအား လိုက်ရှာနေတော့သည်။