နတ်မီးလျှံစမ်းသပ်ပွဲ စတင်စေ
Vol. 10 Ch. 925
ပိုင်ရှောင်ချန်းက တုလင်ဖေးကို ရှာဖွေနေစဥ် ပင်မတောင်ထိပ်ပေါ်ရှိ ခန်းမထဲမှ လူတစ်ယောက်က အောက်ဘက်ရှိမြေပြင်များကို ငုံ့ကြည့်လိုက်သောအခါ ကောင်းကင်ကြီးမှာ မှေးမှိန်သွားပြီး လေပြင်းတစ်ချက်တိုက်ခတ်လာတော့သည်။
ကောင်ကင်းတံတားပင်လယ်ကြီးက ငြိမ်သက်သွားပြီး ရေကန်၏ မျက်နှာပြင်ပေါ်ရှိ ရေတံခွန်များသည်လည်း ထိုနည်းတူပင်။ ထိုအကြည့်တစ်ချက်ကြောင့် ကျွန်းကြီးတစ်ကျွန်းလုံး တုန်ရီစပြုလာတော့သည်။
ပိုင်ရှောင်ချန်း အပါအဝင် ရင်ပြင်ထဲရှိလူတိုင်းမှာ အသိစိတ်များ ချာချာလည်သွားကြတော့သည်။ သူတို့အားလုံးပေါ်သို့ ဖော်ပြ၍မရနိုင်သည့် ဖိအားကြီးတစ်ခု ရုတ်တရက်ကျရောက်လာသဖြင့် စကားသံများအားလုံး တိတ်ဆိတ်သွားကြပြီး လူတိုင်း ရင်တဒိန်းဒိန်းခုန်နေကြတော့သည်။
ထိုဖိအားကြီးမှာ အားကောင်းလွန်းလှ၍ မည်သူမျှ ကြွက်သားတစ်ခုတစ်လေပင် မလှုပ်နိုင်ချေ။
ပိုင်ရှောင်ချန်းနှင့် အခြားနတ်အဆင့်ကျင့်ကြံသူများပင် မလှုပ်ရှားနိုင်ကြပေ။ သူတို့အပေါ်သက်ရောက်နေသည့် ဖိအားကြီးမှာ ပြင်းထန်လွန်းလှသဖြင့် သူတို့၏ခန္ဓာကိုယ်များထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်နေတော့သည်။
" ကောင်းကင်ဧကရာဇ်ပဲ "
ကောင်းကင်ဧကရာဇ်၏ ဘုန်းတန်ခိုးကို ပိုင်ရှောင်ချန်း ကြုံတွေ့ဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်မဟုတ်ပေ။ မြေရိုင်းဒေသထဲတွင် ရှိခဲ့စဥ်ကလည်း ထိုကဲ့သို့ဖိအားနှင့် တစ်ပုံစံထဲတူသည့်ဖိအားမျိုးကို သူ ခံစားခဲ့ရသည်။
သို့သော် ယခုတွင်မူ အခြေအနေများက မြေရိုင်းဒေသတွင်ရှိစဥ်ကနှင့် မတူတော့ပေ။ ကောင်းကင်ဧကရာဇ်၏ အငွေ့အသက်များက ပိုင်ရှောင်ချန်းကို သူ၏အတွင်းကလီစာများတုန်ရီနေသည်အထိ ခံစားနေရသည့်တိုင်အောင် ပို၍ပေါက်ကွဲအားပြင်းထန်နေသည်။
၎င်းမှာ နတ်အဆင့်ထက် အဆပေါင်းများစွာ သာလွန်နေပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကိုပင် ကျော်လွန်နေသည့် စွမ်းအင်မျိုးဖြစ်သည်။ ဤကမ္ဘာကြီးထဲတွင် ထိပ်ဆုံးအဆင့်သို့ရောက်နေသော စွမ်းအင်မျိုးပင်ဖြစ်သည်။
" သူဒဏ်ရာရမနေဘူးလား "
ပိုင်ရှောင်ချန်းမှာ တုန်တုန်ရီရီနှင့် တွေးလိုက်တော့သည်။ အခြားနတ်အဆင့်ကျင့်ကြံသူများသည်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ရီနေကြသဖြင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများဆိုလျှင် ဖော်ပြနေစရာပင် မလိုတော့ပေ။ သူတို့မှာအသိစိတ်များပျောက်လုနီးပါး ဖြစ်နေရပြီဖြစ်သည်။
ထိုအချိန်တွင် ရုပ်ထုကြီး၏ အောက်ခြေရှိ နန်းတော်ထဲမှ မိန်းမပျိုတစ်ဦး လမ်းလျှောက်၍ထွက်လာသည်။ သူမသည် ဖီးနစ်ငှက်များဖြင့် တန်ဆာဆင်ထားသည့် အဝတ်အစားများကို ဆင်မြန်းထားပြီး ခမ်းနားကြီးကျယ်သော အရှိန်အဝါတစ်ခု သူမ၏ခန္ဓာကိုယ်မှ ပေါ်ထွက်နေသည်။ သူမကား တုလင်ဖေးပင်ဖြစ်သည်။
သူမသည် ဧရာမရုပ်ထုကြီးကို ကျောပေး၍လေပေါ်တွင် ဝဲပျံနေပြီး အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားစေသည့် သြဇာအပြည့်ပါသော လေသံဖြင့် အမိန့်ပေးလိုက်တော့သည်။
" ဦးညွှတ်ကြ "
ထိုစကားသံထွက်လာသောအခါ ပိုင်ရှောင်ချန်းအပါအဝင် ရင်ပြင်ထဲရှိလူတိုင်းမှာ ချက်ချင်းပင် မသိစိတ်မှ အလိုအလျောက် လက်များယှက်လျက်သားဖြစ်သွားကြပြီး ကောင်းကင်ဧကရာဇ်ရုပ်ထုကြီးအား တရိုတသေ ဦးညွှတ်လိုက်ကြတော့သည်။
" မင်္ဂလာပါ ကောင်းကင်ဧကရာဇ်ခင်ဗျား "
သူတို့အားလုံး၏ အသံများပူးပေါင်းသွားသောအခါ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ရီသွားစေသည့် အသံလှိုင်းကြီးတစ်လှိုင်း ပေါ်ထွက်လာတော့သည်။ အဆင့်အမြင့်ဆုံးသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်အပေါ်တွင်ထားရှိသော အကြွင်းမဲ့ လေးစားမှုများ၊ စိတ်အားထက်သန်မှုများဖြင့် သူတို့၏ အသံများမှာ တုန်ရီနေကြ၏။
လူတိုင်းက ဦးညွှတ်နေကြစဥ် တုလင်ဖေးမှာ တရိုတသေဖြင့် ဘေးဘက်သို့လှည့်လိုက်သည်။ ထို့နောက် အောက်ဘက်ရှိလူအုပ်ကြီး အရိုအသေပေးပြီးသွားသောအခါ သူမသည် ရှေ့သို့ ပြန်လှည့်၍ လူအုပ်ကြီးအားပြန်ကြည့်လိုက်သည်။ သူမ၏အကြည့်မှာ ပိုင်ရှောင်ချန်းအပေါ်သို့ ခေတ္တမျှသာ ရောက်သွားပြီး မျက်မှန်းတမ်းမိသည့်အရိပ်အယောင် အနည်းငယ်လေးမျှပင် ပေါ်မလာပေ။
" တာအိုရောင်းရင်းတို့ရှင့်။ ဒီစမ်းသပ်ပွဲရဲ့ စည်းမျဥ်းတွေကို ရှင်တို့ သိပြီးသားဖြစ်မှာပါ "
သူမသည် တည်ကြည်စွာဆိုလိုက်သည်။
" ပထမဦးဆုံး ထွက်လာနိုင်တဲ့တစ်ယောက်က ကောင်းကင်ဧကရာဇ်ရဲ့ တပည့်အသစ်အဖြစ် ခစားနိုင်မှာပါ "
" အချိန်အကန့်အသတ်ကတော့ မရှိပါဘူး။ "
ထိုသို့ဆို၍ သူမသည် လက်ကို ဝှေ့ယမ်းလိုက်သောအခါ ရင်ပြင်ထဲရှိ အထူးအစောင့်များမှာ ကျင့်ကြံသူများအား ကျောက်စိမ်းပေလွှာများ ဝေလိုက်ကြတော့သည်။
" အဲဒီ ကျောက်စိမ်းပေလွှာတွေက နတ်မီးလျှံစမ်းသပ်ပွဲထဲမှာ ရှင်တို့ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားမှာဖြစ်ပြီး ရှင်တို့ ထွက်ပေါက်ရှာတွေ့တဲ့အခါ ရှင်တို့ရဲ့ အောင်မြင်မှုကို သက်သေထူပေးမဲ့ အထောက်အထားပစ္စည်းတစ်ခုအဖြစ် တာဝန်ထမ်းရွက်ပေးမှာပါ "
ထိုသို့ရှင်းပြလိုက်ပြီးနောက် သူမသည် လက်ကိုဆန့်ထုတ်၍ ခရမ်းရောင်ကျောက်တုံးတစ်တုံးကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုကျောက်တုံးအား အောက်ဘက်ရှိ ရေကန်ထဲသို့ လွှတ်ချလိုက်တော့သည်။
ထိုကျောက်တုံးမှာ ခရမ်းရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး ကန်ရေပြင်ကို ထိလုဆဲဆဲတွင် ပေါက်ကွဲသွားတော့သည်။ ထိုအခါ ရေများမှာ အရပ်မျက်နှာအနှံ့သို့ ပန်းထွက်သွားကြပြီး ရေကန်၏အောက်ခြေမှ ဧရာမကျောက်တံခါးကြီးတစ်ချပ် မြင့်တက်လာတော့သည်။
၎င်းမှာ မီတာသုံးရာအထိမြင့်မားပြီး အလွန်ရှေးဆန်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းပြီး မာန်ဖီနေဟန်ရှိသည့် မျက်နှာများကို မရေမတွက်နိုင်လောက်အောင် ရေးထိုးထားသည်။ ထိုမျက်နှာများမှာ လွန်စွာအသက်ဝင်လှသဖြင့် ၎င်းတို့၏ မာန်ဖီနေသံများကိုပင် ကြားနေရသည့်အလား ထင်မှတ်ရသည်။
ထိုတံခါးကြီး၏ မျက်နှာပြင်မှ အနက်ရောင် မြူခိုးများ ရစ်ဝဲ၍ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ကို တုန်ခါသွားစေနိုင်လောက်သည်အထိ မာန်ဖီဟိန်းဟောက်နေကြသော အနက်ရောင်နဂါးကြီး ကိုးဆယ့်ကိုးကောင်အသွင် ပြောင်းလဲသွား၏။ နဂါးတစ်ကောင်ချင်းစီက မီတာသုံးထောင်အထိရှည်လျားပြီး ကောင်းကင်ဘုံ၏ အလွန်တွင်ရှိသော နေရာများဆီသို့ ဖောက်ထွက်သွားချင်နေသည့်အလား ၎င်းတို့က တွန့်လိမ်၍ ကောင်းကင်ယံထဲသို့ ပျံတက်သွားကြသည်။
ထိုနဂါးများနှင့် ယှဥ်ကြည့်လိုက်ပါက ထိုကျောက်တံခါးမှာ စာမဖွဲ့လောက်သည့်အလား သေးငယ်နေတော့သည်။
ကွင်းပြင်ထဲရှိလူတိုင်းမှာ ထိုမြင်ကွင်းများကြောင့် ရိုးတွင်းချဥ်ဆီထဲအထိ တုန်လှုပ်သွားကြတော့သည်။
ထိုနဂါးများ ဟိန်းဟောက်နေကြစဥ် ကောင်းကင်ဧကရာဇ်ရုပ်ထုကြီးထံမှ အေးစက်စက်နှာမှုတ်သံတစ်သံ ပေါ်ထွက်လာသည်။ ထိုနှာမှုတ်သံမှာ ကောင်းကင်ဘုံမှ လျှပ်စီးတန်းတစ်တန်းကဲ့သို့ ကောင်းကင်ကြီးကိုဆုတ်ဖြဲနိုင်ပြီး မြေပြင်ကို အမှုန့်ချေပစ်နိုင်သည့် အစွမ်းများကို ပိုင်ဆိုင်ထားသည်။
နဂါးများ၏ ဒေါသတကြီးအော်ဟစ် ဟိန်းဟောက်သံများမှာ မျှော်လင့်ချက်ကင်းမဲ့စွာနှင့် သနားစဖွယ်ကောင်းစွာ ငိုကြွေးနေကြသည့်အသံများအဖြစ် ပြောင်းလဲသွားပြီးနောက် ထိုနဂါးများမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားကြတော့သည်။
ထိုဖြစ်စဥ်တစ်ခုလုံးမှာ အသက်ရှူကြိမ်အနည်းငယ်မျှသာ ကြာလိုက်သည်။ နဂါးများမှာ အနက်ရောင်မြူခိုးများအသွင်ပြိုကွဲသွားကြပြီး ကျောက်တံခါး၏ပတ်ပတ်လည်တွင် ရစ်ဝဲကာ ဧရာမလေပွေကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ထိုလေပွေကြီး စတင်လည်ပတ်လာသောအခါ ကြီးမားသောအားကြီးတစ်ခုက ကျောက်တံခါးကြီးအား ဆွဲညှစ်လိုက်သဖြင့် ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာတော့သည်။
တချိန်ထဲမှာပင် ထိုအက်ကွဲကြောင်းများထဲမှ မည်းမှောင်၍ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု စိမ့်ထွက်လာသဖြင့် မြေပြင်တစ်ခုလုံးက ဆောင်းရာသီ၏ အအေးထုကြီးထဲသို့ ရောက်သွားသည့်အလား ဖြစ်နေတော့သည်။
၎င်းမှာ ဝိညာဥ်များကိုပင် အေးခဲသွားစေနိုင်သည့် အေးစိမ့်ချီ တစ်မျိုးဖြစ်သည်။ ပိုင်ရှောင်ချန်းပင် တုန်တုန်ရီရီနှင့် ထိုအက်ကွဲကြောင်းများကိုကြည့်လိုက်မိတော့သည်။ ၎င်းအက်ကွဲကြောင်းများမှာ အလွန်ကြီးမားသောပုံစံ မပေါ်ပါသော်လည်း မီတာဒါဇင်ပေါင်းများစွာ ကျယ်နေသည်။
သူ၏ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံ စွမ်းအင်အကုန် ထုတ်သုံးလိုက်သည့်တိုင်အောင် ထိုအက်ကွဲကြောင်းများ၏ အလွန်တွင်ရှိနေသည့် ကမ္ဘာကြီးကို လှမ်းမမြင်ရပေ။
သို့သော်လည်း ဤနတ်မီးလျှံစမ်းသပ်ပွဲမှာ အလွန်ခဲယဥ်းနေမည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းသာမက အခြားလူအားလုံး သိလိုက်ကြသည်။ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်၊ နှစ်တစ်ထောင်သရဲသခင်နှင့် အင်မော်တယ်ဝိညာဥ်သခင်တို့၏ မျက်နှာများပေါ်တွင် အလွန်စိုးရိမ်နေသည့် အမူအရာများကို မြင်နိုင်သည်။ အမျိုးမျိုးသော ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင် ဖြစ်နေကြသည်။
စုန့်ချွဲ၊ ပိုင်လင်း၊ ဇောင်ထျန်ကျောက်၊ ဟီရတစ် နှင့်အခြားလူတိုင်း အလွန်အမင်းတုန်လှုပ်နေကြတော့သည်။
နတ်မီးလျှံစမ်းသပ်ပွဲထဲသို့ ဝင်ရမည့် တံခါးပေါက်မှာ အလွန် ထူးခြားဆန်းပြားနေပြီး တချိန်ထဲမှာပင် လူတိုင်းနီးပါး၏ အတွေးထဲတွင် မေးခွန်းတစ်ခုဝင်ရောက်လာတော့သည်။ မည်သည့်အတွက်ကြောင့် ကောင်းကင်ဧကရာဇ်က တပည့်အသစ်တစ်ယောက်ရွေးချယ်ရန်အတွက် ထိုကဲ့သို့ စည်းမျဥ်းများနှင့် ထိုကဲ့သို့အန္တရာယ်ကြီးမားသော နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုကို သုံးနေရပါသနည်း ဟူသည့် မေးခွန်းပင်ဖြစ်သည်။
ဤနတ်မီးလျှံစမ်းစပ်ပွဲတွင် ဝင်ရောက်ဆင်နွဲကြမည့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ အဆင့်နိမ့်ကျင့်ကြံသူများထက် လျှို့ဝှက်ကြံစည်ခြင်းအတတ်ကို ပို၍သိရှိနားလည်ထားကြသော ကောက်ကျစ်စဥ်းလဲသော မြေခွေးများဖြစ်နေကြသည် မဟုတ်ပါလော။ သူတို့ထံတွင် ဤကဲ့သို့ သံသယများ ပေါ်ထွက်လာမည်မှာ မလွဲမသွေပင်ဖြစ်သည်။
လူအုပ်ထဲရှိ လူတိုင်း အလွန်အံ့အားသင့်နေကြသည့်အတွက် ဖက်တီးကျန်းကြီးသည် အခြားလူတိုင်းထက် မျက်လုံးများပို၍ပြူးနေသည်ကို မည်သူမှ သတိမထားမိလိုက်ကြပေ။ ထိုသို့ သူ မျက်လုံးပြူးနေရသည့် အကြောင်းအရင်းမှာ သူသည် အနှီကျောက်တံခါးကြီးကို သူ၏အိပ်မက်ထဲတွင် တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။
" နောက်ဆုံး သတိပေးချင်တာတစ်ခုက.... "
တုလင်ဖေးက သာသာယာယာ ဆိုလိုက်သည်။ ထိုအခါ ကွင်းပြင်ထဲရှိ ကျင့်ကြံသူအားလုံးက သူမအား ချက်ချင်းလှမ်းကြည့်လိုက်ကြသည်။
" ဒီ နတ်မီးလျှံစမ်းသပ်ပွဲမှာ အဆုံးမရှိဘူးလို့ပြောလို့မရပေမဲ့ စကားလုံးနဲ့ဖော်ညွှန်းလို့မရလောက်အောင် ကြီးမားတဲ့ ဧရာမနယ်မြေကြီးတစ်ခု ပါတယ်။ အဲဒီနယ်မြေထဲမှာ အလွန်နက်တဲ့ရွှံ့တောတစ်တော၊ သားရဲသစ်တောတစ်တော၊ လွင်ပြင်ကျယ်ကြီးတစ်ခုနဲ့ သစ်ပင်ပန်းမန် လုံးဝမရှိတဲ့ ကန္တာရတစ်ခုဆိုပြီး အဓိကနေရာ လေးနေရာရှိတယ် "
" နတ်မီးလျှံစမ်းသပ်ပွဲထဲကို ရှင်တို့ယူသွားသမျှ မှော်လက်နက်တိုင်းက အလုပ်လုပ်မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို သေသေချာချာ ဂရုစိုက်ပါ။ နတ်မီးလျှံစမ်းသပ်ပွဲထဲက နယ်မြေမှာ စိတ်စွမ်းအင်က မရှိသလောက်ကိုရှားတယ် "
" နတ်မီးလျှံစမ်းသပ်ပွဲမှာ အနိုင်ရဖို့ အမှန်အတိုင်းပြောရရင် အသက်ရှင်ကျန်ရစ်ဖို့အတွက်ဆိုရင် ရှင်တို့ရဲ့ စိတ်စွမ်းအင်ကို သေသေချာချာ ထိန်းချုပ်မှရမယ်။ ဒါပေမဲ့ စမ်းသပ်ပွဲထဲမှာ ပိုင်ရှင်မရှိသေးတဲ့ မှော်ပစ္စည်း အများကြီးရှိတယ်။ အဲဒီပစ္စည်းတွေကို ရယူနိုင်မယ်ဆိုရင် ရှင်တို့ရဲ့အတိုက်အခိုက်စွမ်းရည်တွေကို မြှင့်တင်နိုင်ပြီး အနိုင်ရဖို့ ပိုလွယ်ကူသွားလိမ့်မယ် "
" ရှင်တို့တွေပဲ စမ်းသပ်ပွဲထဲမှာ ရှိနေမှာမဟုတ်ဘူး။ ကျွန်မက ကောင်းကင်တံတားကျွန်းရဲ့ အထူးအစောင့်တွေကို အထဲကိုခေါ်သွားပြီး အငြင်းပွားဖွယ်ရာကိစ္စတွေကို အကဲဖြတ်သုံးသပ်ပြီး ကောက်ချက်ချအဖြေထုတ်ပေးမဲ့ တာဝန်ကိုယူထားမှာပါ "
တုလင်ဖေး၏ စကားကြောင့် ကွင်းပြင်ထက်ရှိ လူအုပ်ကြီးထဲမှ အများစုမှာ အနည်းငယ်စိတ်အေးသွားကြတော့သည်။ သူတို့ချည်းသာမဟုတ်ပဲ ကောင်းကင်တံတားကျွန်း၏ အထူးအစောင့်များသည်လည်း စမ်းသပ်ပွဲထဲတွင် သူတို့နှင့်အတူ ရှိနေမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ အလွန်ဘေးကင်းသွားသည့်အလား ခံစားလိုက်ရတော့သည်။
ထို့အပြင် ကောင်းကင်တံတားတမန်တော်ဖြစ်သော တုလင်ဖေးသည်လည်း အတွင်းသို့ဝင်သွားမည်ဖြစ်သည်။ ထိုအချက်အားလုံးကြောင့် သူတို့၏ စိုးရိမ်ပူပန်စိတ်များ လျော့ကျသွားကြတော့သည်။ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်၊ နှစ်တစ်ထောင်သရဲသခင်နှင့် အင်မော်တယ်ဝိညာဥ်သခင်တို့မှာလည်း စိတ်အေးသွားတော့သည်။
တုလင်ဖေး၏ သရုပ်အမှန်နှင့်ပတ်သတ်သည့် အသေးစိတ်အားလုံးကို သူတို့ သေသေချာချာ မသိကြသော်လည်း နတ်အဆင့်ကျင့်ကြံသူများဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ ယူဆချက်များစွာ ရှိထားကြသည်။ သူတို့မှာ အန္တရာယ်နှင့်ကြုံတွေ့ရမည်ဖြစ်သော်လည်း တုလင်ဖေးကိုယ်တိုင် နတ်မီးလျှံစမ်းသပ်ပွဲထဲသို့ လိုက်ပါဝင်ရောက်မည်ဖြစ်သဖြင့် ကောင်းကင်ဧကရာဇ်၏တပည့်ကို ရွေးချယ်ရန်အတွက် ဤပြိုင်ပွဲအား ကျင်းပသည်ဆိုသည့် အချက်မှာ အမှန်တရားပင်ဖြစ်သည်။
တုလင်ဖေးသည် လူတိုင်း စိတ်သက်သာရာ ရသွားပြီး သက်ပြင်းများချနေသည်ကို မြင်လိုက်ရသောအခါ လက်ကိုဆန့်ထုတ်၍ ကျောက်တံခါးအား လက်ညှိုးထိုးလိုက်သည်။
" နတ်မီးလျှံစမ်းသပ်ပွဲ စတင်စေ "
ထိုအခါ လေပွေထဲမှ ဆွဲငင်အားတစ်ခု ပေါ်ထွက်လာသဖြင့် လေထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားတော့သည်။ တချိန်ထဲမှာပင် တံခါးပေါ်ရှိ အက်ကွဲကြောင်းများမှာ ပို၍ကြီးမားသွားပြီး အေးစိမ့်ချီများ ထပ်၍ ထွက်ပေါ်လာတော့သည်။
ထိုအေးစိမ့်ချီများမှာ ပြင်းထန်ပါသော်လည်း ပြိုင်ပွဲဝင်များ၏ နှလုံးသားထဲရှိ လောင်ကျွမ်းနေသော ဆန္ဒများကိုမူ မယှဥ်နိုင်ကြပေ။ သူတို့က တွေဝေတုံ့ဆိုင်းမနေကြပဲ လေပေါ်သို့ပျံတက်သွားကြပြီး ကျောက်တံခါးကြီးဆီသို့ ဖြတ်သန်းသွားကြတော့သည်။