← Chapters

အန္တရာယ်နယ်မြေ

Vol. 10 Ch. 926

အန္တရာယ်နယ်မြေ

Vol. 10 Ch. 926

မြောက်အရပ်၊ တောင်အရပ်နှင့် အနောက်အရပ်တို့မှ ကျင့်ကြံသူ စုစုပေါင်း ၆၀၀ ကျော်ရှိသည်။ ကောင်းကင်တံတားကျွန်းဆွယ်မှ အထူးအစောင့်ရာပေါင်းများစွာလည်း ရှိသည်။ သူတို့အားလုံးက ကျောက်တံခါးကြီးထံ ပျံသန်းလိုက်ကြလေသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းမှ အဖွဲ့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ကာ ပျံတက်လိုက်ကြသည်။ ဖက်တီးကျန်းကြီးက တခဏတာ တုံ့ဆိုင်းနေပြီးနောက် ပိုင်ရှောင်ချန်းကို လှမ်းကြည့်၍ ခေါင်းညိတ်လိုက်ပြီးနောက် တံခါးကြီးထံ ဦးတည်လိုက်သည်။

စုန့်ချွဲ၊ ဇောင်ထျန်ကျောက်၊ ပိုင်လင်းနှင့် အခြားရင်းနှီးသော လူအများက တံခါးကြီးထံ ဦးတည်လိုက်ကြချိန် ပိုင်ရှောင်ချန်း၏ မျက်လုံးများက စိတ်ပိုင်းဖြတ်ထားမှုဖြင့် တောက်ပသွားပြီး ရှေ့တက်လိုက်သည်။ သို့သော် သူ မဝင်ခင်မှာပင် အထူးအစောင့် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ချဥ်းကပ်လာသည်ကို သတိပြုမိလိုက်သည်။

သူတို့ထဲက တစ်ယောက်ကား ဟိုရှောင်မေ့ပင်။

" ကိုကြီးရှောင်ချန်း ကံကောင်းပါစေ "

သူမက ခပ်တိုးတိုးပြောဆိုလိုက်ကာ နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြနေသည်။ ပိုင်ရှောင်ချန်းမှာ အတန်ငယ် အံ့သြသွား၏။ စောစောက အထူးအစောင့်များထဲတွင် သူမကို မြင်ခဲ့သော်လည်း အမှန်တကယ် နတ်မီးလျှံစမ်းသပ်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဟိုရှောင်မေ့က အမြုတေအဆင့်သာရှိသေးသောကြောင့် နတ်မီးလျှံစမ်းသပ်ပွဲထဲ ဝင်ရောက်ခြင်းသည် သူမတွက် အလွန်အန္တရာယ်များသောကိစ္စတစ်ခုဖြစ်ပေလိမ့်မည်။

" မင်းရော လာတယ်လား "

ပိုင်ရှောင်ချန်းက အပူတပြင်းမေးလိုက်သည်။

" ဒီလိုဆိုတော့လဲ ကိုကြီးနဲ့အတူတူ သွားရအောင်လေ။ အဲဒါက အန္တရာယ်အရမ်းများမှာနော် "

သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် သူမ၏နှုတ်ခမ်းကို လက်ကလေးဖြင့် အုပ်၍ ခပ်ဟဟ ပြုံးလိုက်သည်။

“ ကောင်းတာပေါ့။ ညီမကို ကိုကြီးကာကွယ်ပေးရင် သိပ်ကောင်းတာပေါ့ "

သူမ၏စကားမှာ မထူးဆန်းသော်လည်း မည်သည့်အတွက်ကြောင့်မသိ ပိုင်ရှောင်ချန်းမှာ တစ်ခုခု ထူးဆန်းနေကြောင်း ခံစားလိုက်ရ၏။ အမှန်တွင် သူသည် သူမ၏ခန္ဓာကိုယ်ပေါ်မှ ပုံမှန်မဟုတ်ဘဲ ရက်စက်သော အရှိန်အဝါတစ်ခုကို သတိထားမိလိုက်၍ အတော်လေး အနေရခက်သွားသည်။

သို့သော် ယခုအချိန်တွင် ထိုအကြောင်း တွေးတောနေရန် အချိန်မရှိပေ။ ကျောက်တံခါးကြီးမှ အေးစိမ့်ချီများက ပတ်ဝန်းကျင်တခွင် ပြည့်နှက်နေပြီး ထိုအေးစိမ့်ချီများကို သူ အာရုံခံမိနေသည်လား သို့တည်းမဟုတ် သို့မဟုတ် ဟိုရှောင်မေ့ထံမှ လာနေသော ထူးခြားသည့်အရာတစ်ခုခုကို သူအာရုံခံမိနေသည်လား သေချာမပြောနိုင်အောင် ဖြစ်နေသည်။ မည်သို့ပင်ဆိုစေ ယင်းက သူ့ကို သတိရှိသွားစေသည်။

ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမဆို မြင်ရန် ခဲယဥ်းသော်လည်း တည်နေရာရွှေ့ပြောင်းခြင်း၏ စွမ်းအားတစ်ခုကိုမူ သတိထားမိနိုင်သည်။ ကျောက်တံခါးကြီး၏ အတွင်းရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသက်ဝင်သွားသဖြင့် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများက ရှိရှိသမျှလူအားလုံး၏ နားစည်အတွင်း ဝင်ရောက်လာတော့သည်။

သူတို့၏ပတ်လည်တွင် ဆွဲငင်ခြင်းနှင့် တန်ပြန်သက်ရောက်ခြင်း စွမ်းအားများ တစ်ပြိုင်နက်တည်း သက်ရောက်လာသည့်အလား လေထုကြီး စုပ်ဖြဲခံလိုက်ရသည့်ပမာ ခံစားလိုက်ကြရ၏။ ထို့နောက် ပိုင်ရှောင်ချန်း၏ အမြင်အာရုံတို့ ဝေဝါးသွားသည်။

ပြန်လည်ကြည်လင်လာသောအခါ သူက လုံးဝမရင်းနှီးသော နေရာကြီးတစ်ခုသို့ ရောက်ရှိနေသည်။

သူ့ပတ်လည်တွင် သဲကန္တာရတစ်ခု ရှိနေပြီး အတန်ငယ်ဝေးသောနေရာတွင် ဧရာမသဲသမုဒ္ဒရာကြီးအလား သဲမုန်တိုင်းတစ်ခုအား မြင်တွေ့လိုက်ရသည်။ ၄င်းက သူရှိရာသို့ ဦးတည်လာနေ၏။ ယင်းမှာ အံသြစရာကောင်းလောက်အောင် စွမ်းအားကြီးမားလွန်းသဖြင့် ၄င်းဝင်တိုက်လိုက်သည့် သဲခုံများမှာ ချက်ချင်းပင် ပြားပြားဝပ်သွားသည်။

ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင်ပင် သဲမုန်တိုင်းအတွင်းရှိ လေထဲတွင် လူးလွန့်နေသော ကျင့်ကြံသူတစ်ယောက်အား သူမြင်လိုက်ရ၏။ ထိုလူ၏ မျက်နှာကို သူ မမြင်ရပါသော်လည်း သူ၏ အဝတ်အစားများအရ အဏ္ဏဝါနဂါးဝိညာဥ်ဂိုဏ်းမှ လူဖြစ်လေသည်။ ယခုအခါ ထိုလူက သွေးပျက်ဖွယ်အော်ဟစ်လိုက်၏။

တခဏကြာသော် ထိုလူ ပေါက်ကွဲသွားရာ အရပ်မျက်နှာအနှံ့ သွေးများပန်းထွက်သွားပြီး သူ့ပတ်လည်ရှိ သဲများထက်ဝယ် သွေးများ စွန်းထင်းသွားတော့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် စူးစူးဝါးဝါးအော်ဟစ်တိုက်ခတ်နေသောမုန်တိုင်းက သွေးကွက်သက်သေများအား ဖျောက်ပစ်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ သူမြင်လိုက်ရသောအရာကြောင့် ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ လူတစ်ယောက်တလေကိုမှ သူမမြင်ရဘဲ အဆုံးမရှိသည့် သဲကန္တာရကြီးကိုသာ မြင်နေရသည်။

ကောင်းကင်ကြီးက ခရမ်းရောင်သမ်းနေသည့်တိုင် ပတ်ဝန်းကျင်တစ်ခုလုံးကို ထင်ရှားပြတ်သားစွာ တွေ့မြင်နိုင်သည်။ ယခုအချိန်က အတွေးထဲနစ်မြုပ်နေရမည့် အချိန်မဟုတ်၍ ပိုင်ရှောင်ချန်းက နောက်ဆုတ်လိုက်သည်။

ထိုစဥ် သူ၏ခြေထောက်မှာ စူးခနဲ ထိုးအောင့်သွားပြီး အချိန်အနည်းငယ်ကြာသော် ပျောက်ကွယ်သွား၏။ တခဏကြာသော် နာကျင်မှုက သူ နောက်ဆုတ်လိုက်ပြီး သဲများက သူ့ခြေထောက်ကို ဆွဲချလိုက်၍ဖြစ်ကြောင်း သတိထားမိလိုက်သည်။

ထိုအခါ စောစောက သူမြင်လိုက်ရသည့် အဏ္ဏဝါနဂါးဝိညာဥ်ဂိုဏ်းသား မည်သို့ဇီဝိန်ချုပ်သွားရသည်ကို သိလိုက်တော့သည်။ ထိူလူကား သဲမုန်တိုင်း၏ စွမ်းအားကို တန်ပြန်မတိုက်ခိုက်နိုင်သည့်အတွက် အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရခြင်း ဖြစ်ပေသည်။

ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလောက်အောင်ပင် ဤကန္တာရထဲရှိ သဲမှုန်တစ်မှုန်စီတိုင်းတွင် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်ရှိ စွမ်းအားများ ပါဝင်နေသည်။ သဲတစ်မှုန်စီတိုင်းတွင် သေစေနိုင်သော စွမ်းအားများ ရှိေနသည်။ ၄င်းက လူတစ်ယောက်ကို ထိလိုက်လျှင် ထိုလူက မုန်တိုင်းတစ်ခုလုံးအတွင်းသို့ သွတ်သွင်းခံလိုက်ရမည် ဖြစ်သည်။

သဲမှုန်တိုင်းက တစ်ခါစုပ်ယူပြီးသည်နှင့် လွတ်မြောက်ရန် အလွန်ခက်ခဲသွားစေမည့် ဆွဲငင်အားတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုအခြင်းအရာများအား သတိထားမိလိုက်သည်တွင် ပိုင်ရှောင်ချန်းမှာ ပင့်သက်ရှိုက်သွားတော့သည်။ သူက နတ်အဆင့်ကျင့်ကြံခြင်းနှင့် ကြောက်မခန်းလိလိ အပြင်အားခန္ဓာကိုယ်ရှိပြီး အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်၏တိုက်ကွက်ကို ရှောင်တိမ်းနိုင်ပါသော်လည်း သူ၏ စူးရှသောအာရုံများက သဲမုန်တိုင်း၏ စွမ်းအားသည် အတွင်းထဲသို့ လူတစ်ယောက်ရောက်သွားသည်နှင့် ပို၍ တိုးသွားကြောင်း ပြောနေသည်။ အမှန်တွင် သူသာ အတွင်းထဲစုပ်ယူခံလိုက်ရပါက မည်မျှခံစားရမည်ကို သေချာမသိပေ။

" ဘယ်လို သောက်ကျိုးနည်းနတ်မီးလျှံစမ်းသပ်ပွဲကြီးလဲကွာ။ ဘယ်လိုလုပ် ဒီနေရာက ဒီလောက်တောင် အန္တရာယ်များနေရတာတုန်း "

ဆွဲငင်အားကား သူ့ကို ဆွဲခေါ်နေပြီဖြစ်သည်။ ထိုမျှသာမက လေထဲ ဝေ့တက်လာသော သဲမှုန်များကြောင့် အဝေးသို့မြင်ရန် ခဲယဥ်းသွားသည်။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဖြစ်စေ၊ နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူဖြစ်စေ၊ ဤနေရာမှ လွတ်မြောက်ရန် မျှော်လင့်ချက်မရှိသလောက်ပင်။ သို့သော် ပိုင်ရှောင်ချန်းသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူက ထိတ်လန့်တုန်လှုပ်နေသည့်တိုင် တွေဝေတွန့်ဆုတ်နေခြင်းမရှိဘဲ ထာဝရသိုင်းကို ဆင့်ခေါ်ကာ လက်ဖျားခါရလောက်သည့် အမြန်နှုန်းဖြင့် ထွက်ပြေးတော့သည်။

ဆွဲငင်အားနှင့် သူ၏ အံ့မခန်းအမြန်နှုန်းတို့ ထိတွေ့ရာမှ ပြင်းထန်သောထစ်ခြုန်းမြည်ဟည်းသံများ ထွက်ပေါ်လာသည်။ သို့သော် ကံကောင်းထောက်မစွာ လေ၏ ရိုက်ခတ်မှုကြောင့် သဲကျောက်တုံးများ လွင့်စဥ်နေလျက် သူက အဝေးသို့ မြားတစ်စင်းအလား ပြေးထွက်သွားတော့သည်။

သူက ထွက်ပြေးလွတ်မြောက်သွားသည့်တိုင် ကီလိုမီတာပေါင်းများစွာ ရောက်သည်အထိ အမြင့်ဆုံးအရှိန်ဖြင့် ဆက်ပြေးနေသည်။ ထို့နောက်တွင် သူက ရပ်လိုက်ပြီး ကြောက်ရွံ့စိတ်များကြောင့် ရင်တဒိန်းဒိန်းခုန်နေလျက် အဝေးက သဲမုန်တိုင်းကြီးကို ပြန်ကြည့်လိုက်သည်။

ထိုအခါမှသာ သဲမုန်တိုင်းအတွင်း ရံဖန်ရံခါ လျှပ်စီးမိုးကြိုးများ ကခုန်နေလျက် ခပ်အုပ်အုပ်ထစ်ခြုန်းသံများ ထုတ်လွှတ်နေသည်ကို သူ သတိထားမိလိုက်၏။

" ဒီ နတ်မီးလျှံစမ်းသပ်ပွဲက ကြောက်စရာကောင်းလိုက်တာ "

သူ၏မျက်လုံးများ ပြူးကျယ်နေလျက် သူ တွေးလိုက်သည်။ ယခုအချိန်တွင် သဲမုန်တိုင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားသည့် မည်သည့်ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူမဆို ဇီဝိန်ချုပ်သွားရမည်ဖြစ်ပြီး ထွက်ပြေးလျှင်တောင်မှ ထူးခြားသွားမည်မဟုတ်ကြောင်း သူ သေချာနေသည်။

" ဟိုတံခါးကြီးရဲ့ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကြောင့် ငါ အပိုင်းပိုင်းပြတ်ခံရတော့မလိုပဲ။ အဲဒါက သာမန်တည်နေရာရွှေ့ပြောင်းခြင်းထက် ပိုပြင်းထန်နေတယ်ဆိုတာ ဖော်ပြနေတယ်။ အဲဒီတော့ ငါတို့က အင်မတန် ကွာဝေးတဲ့ နေရာကို ရောက်သွားခဲ့တာလား ဒါမှမဟုတ် မဖော်ပြနိုင်လောက်အောင် စွမ်းအားကြီးမားတဲ့ အတားအဆီးတစ်ခုကို ထိုးဖောက်ခဲ့ရတာကြောင့်လား "

ဤနေရာသို့ လာရောက်ခဲ့သည့်အတွက် သူ နောင်တရနေပြီ ဖြစ်သည်။

မည်သို့ဆိုစေကာမူ သူသည် သက်ရှည်ဆေးလုံးများ၏ ပုံရိပ်ကို ပြန်တွေးမိကာ အံတင်းတင်းကြိတ်လိုက်ပြီး ရှေ့ဆက်သွားလိုက်သည်။ လမ်းတလျှောက်တွင် သူက သူ၏မှော်ပစ္စည်းများအား စစ်ဆေးကြည့်လိုက်သည်။ ကံဆိုးစွာပင် သူ၏အိတ်ထဲသို့ ကြည့်ရှုခြင်းက စိတ်စွမ်းအားများ ကုန်ခမ်းသည်သာမက သူ ထုတ်လိုက်သည့် ပစ္စည်းမှန်သမျှ တစ်နည်းနည်းဖြင့် ပိတ်လှောင်ခံထားရဟန် တူနေသည်။

တည်နေရာရွှေ့ပြောင်းခြင်းက အမျိုးမျိုးသော မြစ်လက်တက်များမှ ကျင့်ကြံသူတစ်ထောင်နီးပါးကို နတ်မီးလျှံစမ်းသပ်ပွဲကျင်းပသည့် ဧရာမနယ်မြေကြီးအတွင်းရှိ မတူညီသော နေရာများသို့ ပို့လွှတ်ခဲ့သည်။ သို့ဖြစ်၍ သူတို့က ကံကြမ္မာအရ ဆုံစည်းပေးသောအခါမှသာ တစ်ယောက်နှင့်တစ်ယောက် တွေ့နိုင်တော့မည် ဖြစ်သည်။

တစ်ခုကောင်းသည်မှာ သူ၏သတင်းပို့ကျောက်စိမ်းပေလွှာက အလုပ်လုပ်သေးသည်။ သို့သော် ၄င်းထံမှ ထွက်ပေါ်လာနေသော အခိုးအငွေ့များအပေါ် အခြေခံ၍ သူ၏နတ်အဆင့်ကျင့်ကြံခြင်းအခြေခံနှင့်ပင် ကီလိုမီတာ ၅၀၀ အကွာအဝေးသာ ပို့လွှတ်နိုင်သည်။

ထိုနယ်မြေအတွင်း အခြားကျောက်စိမ်းပေလွှာမှ လက်မခံသော စာများကား ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။

နောက်ထပ်စိုးရိမ်စရာအချက်က ဤနေရာရှိ စိတ်စွမ်းအင်များသည် အပြင်ဘက်ကမ္ဘာထက်ပို၍ အားနည်းသည်။ ၎င်းက ကျင့်ကြံသူအများစုအတွက် ရင်ဆိုင်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။

အမှန်တကယ်တော့ ပိုင်ရှောင်ချန်းအတွက် မည်သည့်ပြဿနာမှ မရှိပေ။ ဤနေရာက သူနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် မြေရိုင်းဒေသထက် ပို၍ များပြားသော စိတ်စွမ်းအင်များ ရှိနေသည် မဟုတ်ပါလော။ သူသည် လိုအပ်သည့်အခါမှသာ အသုံးပြုရန် စွမ်းအင် ထိန်းသိမ်းခြင်းလေ့ကျင့်မှုနှင့် အချိန်အတော်ကြာကတည်းက အသားကျနေခဲ့ပြီး ဖြစ်သည်။

ထိုမျှသာမက သူသည် သူ၏ အထင်ကြီးဖွယ် အပြင်ခန္ဓာကိုယ်ကြောင့် နတ်အဆင့်အတိုက်အခိုက်စွမ်းရည်ထုတ်ဖော်ရန်အတွက် သူ၏ကျင့်ကြံခြင်းအခြေခံ နတ်ဘုရားစွမ်းရည်များအပေါ် မှီခိုနေရန် မလိုအပ်ပေ။

" ဒီနေရာက အန္တရယ်များလွန်းတယ်။ ဟိုရှောင်မေ့၊ ဖက်တီးကျန်းကြီး၊ စုန့်ချွဲ၊ တခြားလူတွေ အန္တရာယ်ရှိနေပြီ "

ထို့နောက် သူသည် စောစောက ဟိုရှောင်မေ့ထံမှ ရခဲ့သည့် ထူးဆန်းပြီးအေးစက်သော ခံစားချက်ကို ပြန်တွေးမိလိုက်ပြီး ပို၍ စိတ်ပူလာတော့သည်။ သူက သတင်းပို့ကျောက်စိမ်းပေလွှာကို ထုတ်၍ စာအနည်းငယ် ပို့လိုက်သည်။ ကံဆိုးစွာပင် ကီလိုမီတာ ၅၀၀ အတွင်းရှိ လူများသာလျှင် ထိုစာများကို ရရှိမည် ဖြစ်သည်။ သူသည် မည်သည့်ပြန်စာမှ မရသောအခါ အရှိန်တင်လိုက်ပြီး စိုးရိမ်တကြီး ဆက်သွားလိုက်လေသည်။

All Chapters