← Chapters

ယုတ်မာခြင်း

Vol. 10 Ch. 927

ယုတ်မာခြင်း

Vol. 10 Ch. 927

နတ်မီးလျှံစမ်းသပ်ပွဲကျင်းပသည့် နယ်မြေကို သဲကန္တာရ၊ ရွှံ့နွံတော၊ လွင်ပြင်နှင့် တောအုပ် ဟူ၍ အပိုင်းလေးပိုင်း ပိုင်းခြားထား၏။ ထိုနယ်မြေလေးခုက တစ်ခုနှင့်တစ်ခု ဆက်နွယ်မနေဘဲ ဧရာမတောင်စဥ်တောင်တန်းများ၊ မြေမျက်နှာသွင်ပြင်အနေအထားများဖြင့် ခွဲခြားထားသည်။

မြေပြင်က အဆုံးမရှိ ကြီးမားသည် မဟုတ်သော်လည်း လွန်စွာကျယ်ပြန့်သည်။

ထို့အပြင် နေရာတိုင်းတွင် ချုံခိုစောင့်မျှော်နေသော အန္တရာယ်များလည်း ရှိသည်။ ထိုအန္တရာယ်များတွင် သဲမုန်တိုင်းနှင့် ထူးခြားသော သဘာဝဖြစ်စဥ်များလည်း ပါဝင်သည်။ ၎င်းတို့အားလုံးက အသက်သေစေနိုင်သည်အထိ အန္တရာယ်များပေသည်။

နတ်မီးလျှံစမ်းသပ်ပွဲထဲ မဝင်ရောက်ခင် အဓိကမြစ်ကြီးလေးစင်းမှ ကျင့်ကြံသူများအားလုံးက အန္တရာယ်များလိမ့်မည်ဟု ယူဆခဲ့ကြသည်။ သိုသော် ယခု အထဲသို့ ရောက်သောအခါ သူတို့ ရင်ဆိုင်နေရသည်များေကြာင့် လုံးလုံးလျားလျား အံသြတုန်လှုပ်ကုန်ကြတော့သည်။

အမှန်တကယ်ဆိုရလျှင် 'အန္တရာယ်' ဆိုသော စကားကိုပင် ထိုနေရာအား ဖော်ပြရာတွင် ပြည့်စုံနေလိမ့်မည်မဟုတ်ပေ။ ၄င်းသည်ကား သေမင်းနယ်မြေနှင့် ပိုတူသည်။

ယခုအခါ အနောက်အရပ်က ရာသီခွင်ဆယ့်နှစ်ပါး ငွေစန္ဒာဂိုဏ်းမှ လက်ရွေးစင် ရှီယန်သည် နတ်မီးလျှံစမ်းသပ်ပွဲ၏ ရွှံ့နွံတောကို ဖြတ်သွားနေသည်။ ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းမှာ ဖြစ်သည့်တိုင် သူက ဖြူဆုတ်နေသော မျက်နှာဖြင့် သတိကြီးကြီးထား၍ ရှေ့ဆက်သွားနေ၏။

သူ၏အဝတ်အစားမှာ စုတ်ပြတ်နေပြီး သွေးများလည်း စွန်းထင်းနေ၏။ နတ်မီးလျှံစမ်းသပ်ပွဲနယ်မြေသို့ တည်နေရာရွှေ့ပြောင်းခံရပြီးနောက် သူသည် လူသုံးယောက်အသတ်ခံရသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။ အားလုံးအထဲ ကြောက်စရာအကောင်းဆုံးမှာ ရွှံအိုင်များထဲတွင် ပုန်းခိုကာစောင့်ဆိုင်းနေသည့် မျှော့အမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းတို့က အသက်တစ်ချက်ရှူချိန်အတွင်း ကျင့်ကြံသူတစ်ယောက်ကို ဖုံးလွှမ်းပစ်နိုင်သည်အထိ အရေအတွက်အားဖြင့် ထောင်ပေါင်းများစွာရှိကာ အစုအလိုက် အပြုံလိုက်လျှောက်သွားနေကြသည်။ နွံတောထဲမှ ၎င်းတို့ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ခြောက်ကပ်နေသော အလောင်းတစ်လောင်းသာ ကျန်ရစ်ခဲ့မည် ဖြစ်သည်။

ထိုအချိန်ခဏလေးအတွင်းမှာပင် မရေမတွက်နိုင်သော လောက်များက ခြောက်ကပ်သွားသော အလောင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အတွင်းထဲတွင် အသိုက်ဖွဲ့ကြလေသည်။

သို့ဖြစ်၍ ရှီယန်မှာ ထိတ်လန့်ကြောက်ရွံလျက် ရှေ့ဆက်သွားနေတော့သည်။

နွံတောထဲတွင် သူတစ်ယောက်သာ မဟုတ်။ အဏ္ဏဝါနဝါးဝိညာဥ်ဂိုဏ်းမှ စွန်းဝူလည်း ရှိ၏။ သူက မကောင်းဆိုးဝါးသရဲတစ်ကောင်အသွင်ရှိကာ ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းသို့ ရောက်ရှိထားသည့် လက်ရွေးစင်တစ်ယောက်ဖြစ်သည်။ ယခုအချိန်တွင် သူက ထိခိုက်ဒဏ်ရာမရထားပါသော်လည်း ရှေ့တစ်လှမ်းပင် လှမ်းလိုစိတ်မရှိဘဲ ကြောက်လန့်တုန်ရီနေလျက် မလှုပ်မယှက်ရပ်နေသည်။

သူ မလှုပ်ရှားချင်သည့် အကြောင်းရင်းသည်ကား တုန်လှုပ်ချောက်ချားဖွယ် ခြင်အကောင် တစ်သောင်းကျော်က သူ့ကို ဝိုင်းအုံနေသောကြောင့် ဖြစ်သည်။

ခြင်များက လူအရွယ်အစားရှိပြီး ၎င်းတို့၏ အတောင်ပံခတ်သံများက မိုးခြိမ်းသံအလား မြည်ဟည်းနေသည်။ စွန်းဝူသာ သက်စောင့်မှော်ပညာတစ်မျိုးကို တတ်မြောက်ထားခြင်းမရှိလျှင် ၎င်းတို့က အချိန်အတော်ကြာကတည်းက သူ အသက်ထွက်သည်အထိ စုပ်ယူပစ်မည် ဖြစ်သည်။

ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှ မျောက်တစ်ကောင်ပမာ ရှေးဦးလျှပ်စီးသခင်သည်လည်း တောအုပ်ထဲတွင် တူညီသောအခြေအနေသို့ ကျရောက်နေသည်။ မျက်ဝန်းများနီမြန်းနေသည့် မျောက်တစ်အုပ်၏ သဲကြီးမဲကြီး အလိုက်ခံနေရသဖြင့် ပြေးလွှားနေရခြင်းကြောင့် သူ၏မျက်နှာတစ်ခုလုံး ေချွးစီးေကြာင်းများစွာနှင့် ရှုံ့မဲ့နေသည်။

ဖက်တီးကျန်းကြီး၊ ပိုင်လင်း၊ ဇောင်ထျန်ကျောက်၊ ဟီရတစ်၊ စုန့်ချွဲနှင့် ပိုင်ရှောင်ချန်း၏ အခြားမိတ်ဆွေရောင်ရင်းများသည်လည်း ကြောက်စရာကောင်းသော အခြေအနေများကို ရင်ဆိုင်နေရသည်။

နတ်မီးလျှံစမ်းသပ်ပွဲ၏ အန္တရာယ်ရှိသည့်အဆင့်က စိတ်ကူးနိုင်သည်ထက် များစွာကျော်လွန်သည်။ ယခုအချိန်တွင် သူတို့အနေဖြင့် အသက်ရှင်သန်ရန် ထွက်ပြေးရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

ပိုင်ရှောင်ချန်းသည်လည်း သဲကန္တာရတွင် အမြင့်ဆုံးအရှိန်ဖြင့် တရိပ်ရိပ်ပြေးနေ၏။ သူသည် မယုံကြည်နိုင်ဖွယ် စွမ်းအားများ ထုတ်လွှတ်နေသော သဲမုန်တိုင်း ခုနစ်ခုကို ကြုံတွေခဲ့ရ၍ ရင်တဒိန်းဒိန်းခုန်နေတော့သည်။

သဘာဝဘေးအန္တရာယ်များကိုသာ သူရင်ဆိုင်ရမည်ဆိုလျှင် ကြောက်စရာကောင်းမည်မဟုတ်ချေ။ သို့သော် သူ၏ နတ်အဆင့်နတ်ဘုရားအာရုံများအရ သဲကန္တာရအတွင်း ကြောက်မက်ဖွယ် အငွေ့အသက်များ ပုန်းကွယ်နေကြောင်း အချိန်အတော်ကြာကတည်းက သူ ထုတ်ဖော်နိုင်ခဲ့သည်။ နတ်အဆင့်ကျင့်ကြံသူများနှင့် တစ်ဆင့်တည်း ဖြစ်ဟန်တူသော ရက်စက်ကြမ်းကြုတ်သည့် သီးသန့်ဖြစ်တည်မှုတချို့ ရှိနေဟန်တူသည်။ ပို၍ ဆိုးဝါးသည်မှာ သူ့နောက်သို့ လိုက်နေဟန်တူသော သတ္တဝါကြီးများရှိသည်။ သူက သားကောင်အလား ဖြစ်ပြီး ၎င်းတို့က သားရဲကြီးများပမာ ဖြစ်နေတော့သည်။

" ဒီနတ်မီးလျှံစမ်းသပ်ပွဲက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတွေအတွက် ဘယ်လိုမှ မသင့်တော်ဘူး။ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံရှိတဲ့ လူတွေပဲ ဒီနေရာမှာ အသုံးဝင်တာ "

" သောက်ကျိုးနည်း၊ ကောင်းကင်ဧကရာဇ်က ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်အုပ်လုံးလာစုဖို့ တပည့်တစ်ယောက်ရွေးချယ်ပွဲဆိုပြီး မျှားခေါ်ခဲ့တာလား။ သူဘာဖြစ်ချင်တာလဲ။ ဒါက သေချာပေါက် ရှေးဟောင်းအမွေအနှစ်နယ်မြေမှ မဟုတ်တာ"

ပိုင်ရှောင်ချန်းသည် ဖက်တီးကျန်းကြီးနှင့် သူ၏ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူမိတ်ဆွေများဖြစ်စေ၊ ဟိုရှောင်မေ့ကိုဖြစ်စေ အမှန်တကယ် စိုးရိမ်ပူပန်စ ပြုလာပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာ ဟိုရှောင်မေ့က အထူးအစောင့်တစ်ယောက်ဖြစ်သည့်အတွက် အခြားကျင့်ကြံသူများထက် ပို၍လုံခြုံလောက်မည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ သူမအတွက် စိတ်မပူဘဲ မနေနိုင်တော့ပေ။

သူက တရိပ်ရိပ်သွားနေချိန် ရုတ်တရက် ဒိန်းခနဲ ရင်ခုန်သွားသည်။ သူက တစ်ခဏလေးပင် တုံ့ဆိုင်းမနေဘဲ တောင်ဖြိုသိုင်းကို သုံးကာ တည်နေရာရွှေ့ပြောင်းခြင်းနှင့် နီးကပ်နေပြီဖြစ်သော အရှိန်ဖြင့် တဟုန်ထိုးပြေးတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မီတာ ၃၀၀ အဝေးရောက်သွားလေပြီ။

ထိုအခိုက်အတန့်မှာပင် ဝုန်းခနဲ ပေါက်ကွဲသံများ တရစပ်ထွက်ပေါ်လာကာ စောစောက သူ ရှိခဲ့သည် နေရာတွင် ကြက်သွေးရောင်အရိပ်ကြီးရှစ်ခု ပေါ်လာတော့သည်။

ထိုအရိပ်ကြီးရှစ်ခု အပေါ်ပျံတက်သွားသည်ဝယ် ပိုင်ရှောင်ချန်းက ၎င်းတို့ကို သဲသဲကွဲကွဲ မြင်လိုက်ရသည်။ အံသြတုန်လှုပ်ဖွယ်ဖွယ်ကောင်းစွာ ၎င်းတို့ကား ဧရာမ သဲတီကောင်ကြီး ရှစ်ကောင်ဖြစ်သည်။

၎င်းတို့က မီတာပေါင်းများစွာ ရှည်လျားသော မျက်လုံးများမပါသည့် လောက်ကောင်ကြီးများနှင့် ဆင်တူပြီး ထိုအကောင်ကြီးများက ပါးစပ်ကြီးများကိုဟနေရာ ဓားသွားတမျှ စူးရှချွန်ထက်သော သွားများကို အထင်းသား မြင်တွေ့နေရသည်။

သဲတီကောင်ကြီးတစ်ကောင်၏ ခေါင်းထက်တွင် စူးစူးရှရှအော်မြည်လျက် ထူးဆန်းသော စွမ်းအားတစ်ခု ထုတ်လွှတ်နေသည့် အနီရောင်အလင်းပေါက်တစ်ခုရှိသည်။ ထိုအလင်းပေါက်၏ သဘာဝကိုကြည့်ရသည်မှာ ထိုသဲတီကောင်ကြီးထဲတွင် မယုံနိုင်စရာကောင်းသော မှော်ပစ္စည်းတချို့ မြှုပ်နှံထားကြောင်း သိသာသည်။ ၄င်းက အလယ်ပိုင်းနတ်အဆင့်ရှိပြီး အဖွဲ့ထဲတွင် အသန်မာဆုံးဖြစ်သည်။ အခြားအကောင်များက အစောပိုင်းနတ်အဆင့်နှင့် ဆင်တူသည်။ တစ်အုပ်လုံး လေထဲတွင် ပြန်လည်စုစည်းသွားကြသည်နှင့် တစ်ပြိုင်နက် ပိုင်ရှောင်ချန်းဘက်သို့ ပြန်လှည့်လာကြပြီး တကွိကွိ အော်မြည်လျက် ထပ်မံပြေးဝင်လာကြသည်။

ပိုင်ရှောင်ချန်းမှာ ခေါင်းနပန်းကြီးကာ ရင်တဒိန်းဒိန်းခုန်နေပြီ ဖြစ်သည်။ သူစိုးရိမ်နေရသည်မှာ ထိုသဲတီကောင်များသာ ရှိနေလျှင် ရေးကြီးခွင်ကျယ်မဟုတ်ဘဲ ဘေးပတ်ဝန်းကျင်တွင် တူညီသော အခိုးအငွေ့အမြောက်အမြား ရှိနေပြီး သူ့ထံ တဟုန်ထိုးပြေးဝင်လာကြသည်ကို အာရုံရလိုက်ခြင်းကြောင့် ဖြစ်သည်။

မကြာမီအချိန်အတွင်း သူရှိရာဆီသို့ သဲတီကောင်များ ပိုမိုရောက်ရှိလာတော့မည်ဖြစ်သည်။

သဲကန္တာရအောက်ခြေမှနေ၍ မရေမတွက်နိုင်သော သဲတီကောင်များစွာ သူ့ထံ လာနေကြသည်ကို တွေးလိုက်ရုံနှင့် သူ တုန်ရီသွားရပြီး အသစ်ထပ်ပေါင်းထားသော အရှိန်ဖြင့် ပြေးတော့သည်။

ကံဆိုးစွာပင် သူ မည်မျှ မြွေလိမ်မြွေကောက်သွားစေကာမူ သဲတီကောင်ကြီးတစ်ကောင်က မြေကြီးထဲမှ ထွက်လာပြီး သူ့လမ်းကို ပိတ်လေသည်။ ယင်းက ထပ်ကာထပ်ကာ ဆက်တိုက်ဖြစ်နေလေရာ နောက်ဆုံးတွင် သူ စိတ်တိုလာတော့သည်။

" ဒါ လုံးဝ အနိုင်ကျင့်နေတာပဲ "

သူသည် ထိုဗျူဟာအတိုင်း ဆက်သွား၍မဖြစ်ကြောင်း သိလိုက်သည်။ ထိုသို့မဟုတ်ပါက သဲတီကောင်များ လက်မလျှော့သေးသရွေ့ သူဘယ်တော့မှ လွတ်မြောက်မည်မဟုတ်ပေ။

သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာသည်ကား ၎င်းတို့၏အသည်းနှလုံးထဲထိ အကြောက်တရားများ ရိုက်ထည့်ရန်ပင် ဖြစ်သည်။

ထို့နောက် သူက အံတင်းတင်းကြိတ်လိုက်ပြီး ရှစ်ကောင်အဖွဲ့အား ရင်ဆိုင်ရန် လှည့်လိုက်သည်။ သူက ဟိန်းဟောက်၍ အစောပိုင်းနတ်အဆင့်မှာရှိသည့် သဲတီကောင်တစ်ကောင်ကို ကွက်ရွေးလိုက်ပြီး ရက်စက်သောလက်သီးချက်တစ်လုံး ပစ်သွင်းလိုက်သည်။

သူက သူ၏ကျင့်ကြံခြင်းအခြေခံကို မထုတ်ဘဲ အပြင်အားကိုသာ ဆင့်ခေါ်လိုက်သည်။ ထိုအပြင်အားသည်ပင် တောင်တန်းများ ပြိုလဲ၍ ပင်လယ်တို့ခမ်းခြောက်သွားစေနိုင်သည်။ အစောပိုင်းနတ်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ဆိုပါက ထိုတိုက်ကွက်ဖြင့် ချေမှုန်းခံလိုက်ရမည်ဖြစ်ပြီး သဲတီကောင်ကြီးတစ်ကောင်သည်လည်း ထိုနည်းတူ ကြုံတွေ့သွားရမည်သာ ဖြစ်ပေသည်။

ထစ်ခြုန်းမြည်ဟည်းသံများ ခပ်ဝေးဝေးထိ ပဲ့တင်ထပ်သွားပြီး သဲတီကောင်ကြီး၏ အရှေ့တစ်ပိုင်း ပေါက်ကွဲသွားကာ အနောက်တစ်ပိုင်းက သဲကန္တာရကြမ်းပြင်ပေါ်သို့ ဘုန်းခနဲပြုတ်ကျသွားပြီး သဲများ အရပ်မျက်နှာနှံ့ လွင့်စဥ်သွားတော့သည်။

အခြားသဲတီကောင်များသည် ၎င်းတို့ထဲမှ တစ်ကောင် ဖျက်စီးခံလိုက်ရသည်ကို မြင်သောအခါ ဒေါသူပုန်ထသွားလေသည်။ ၎င်းတို့က ပါးစပ်ကြီးများကို ဟ၍ မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ ထုတ်လွှတ်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် အတန်ငယ်ဝေးသောနေရာမှ လူရိပ်တစ်ခု ပေါ်လာတော့သည်။

၄င်းသည်ကား ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှ အမြွှာလျှပ်စီးတိမ်တိုက်သခင်ထဲမှ တစ်ယောက်မှ လွဲ၍တခြားမဟုတ်ပေ။ သူတို့နှစ်ယောက်အား ညီအစ်ကိုအဖြစ် သတ်မှတ်ထားလျှင် အစ်ကိုကြီးဖြစ်သူကား ဘယ်အခြမ်းက ခြောက်ကပ်နေပြီး ညာအခြမ်းက သန်မာသူ ဖြစ်သည်။

ညီငယ်ကတော့ ဆန့်ကျင်ဘက်ပင်။ သူက ပိုင်ရှောင်ချန်းထက်ပင် ပို၍မြန်ဟန်တူသော အမြန်နှုန်းဖြင့် ပြေးနေသည်။ သူသည် အလယ်ပိုင်းနတ်အဆင့်မှာ ရှိပြီး အရှိန်ထပ်တင်ရန် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှ လျှို့ဝှက်မှော်ပညာတစ်ရပ်ကို အသုံးပြုလိုက်သည်။ သူသည် သဲကန္တာရကိုဖြတ်၍ တဟုန်ထိုးပြေးနေပြီး သဲတီကောင် တစ်သောင်းကျော်က သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။

လျှပ်စီးတိမ်တိုက်သခင်က ပိုင်ရှောင်ချန်းကို သတိထားမိလိုက်သောအခါ သူ၏မျက်လုံးများ တောက်ပသွား၏။ အထူးသဖြင့် ခေါင်းပေါ်တွင် အနီရောင်အလင်းပေါက်နှင့် သဲတီကောင်ကြောင့် ဖြစ်သည်။

သူသည် သူ၏နောက်မှ သဲတီကောင်များက သူ့အပေါ်သို့ ရောက်လာလုနီးပါးဖြစ်သည့်တိုင်အောင် တခဏကြာရပ်လိုက်သည်။ ထို့နောက် သူက လှည့်ပြီး ပိုင်ရှောင်ချန်းထံ ပြေးတော့သည်။

သူကား သဲတီကောင်အုပ်လိုက်ကြီးကို ပိုင်ရှောင်ချန်းအပေါ် လွှဲပေးရန် မျှော်လင့်နေသည်မှာ သိသာထင်ရှားလှသည်။

All Chapters