အခန်း (၅၄၀၆-၅၄၁၀)
Vol. 274 Ch. 5406-5410
Chapter 5406 : သရဲဘုရင် ကန့်သတ်ချက်
တစ်ချိန်တည်းမှာပင် အာရုံငါးပါးဘုရင်သည် လုယွီ၏ ဝင်စားခြင်း အကြောင်းကိုလည်း သိရှိသွားခဲ့သည်။
လုယွီကို သူ၏ဝှက်ဖဲအဖြစ် ထားရှိခြင်းဖြင့် အာရုံငါးပါးဘုရင်သည် ချက်ချင်းယုံကြည်မှု ရှိလာခဲ့ပြီး ယန်မိသားစုကို ရဲရဲတင်းတင်း စိန်ခေါ်ရဲသော ပထမဆုံးနယ်မြေဘုရင် ဖြစ်လာခဲ့သည်။
ငရဲနယ်မြေ ဆယ့်ရှစ်ခုတွင် များစွာသော နယ်မြေဘုရင်များသည် ယန်မိသားစုထံသို့ အညံ့ခံခဲ့ကြပြီး ဖြစ်ရာ အာရုံငါးပါးဘုရင်၏ လုပ်ရပ်များသည် ယန်မိသားစု၏ မျက်လုံးထဲတွင် ဆူးတစ်ချောင်း ဖြစ်လာခဲ့သည်။
သတိပေးချက်များကို အမြောက်အများထုတ်ပြန်ပြီးနောက် ယန်မိသားစုသည် စစ်တပ်များကို စေလွှတ်ခဲ့ပြီး စတုတ္ထနယ်မြေရှိ မြို့အမြောက်အများကို သိမ်းပိုက်လိုက်၏။ ထိုကြောင့် ကျယ်ပြန့်သော နယ်မြေများသည် ယန်မိသားစု၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။ အကယ်၍ အာရုံငါးပါးဘုရင်သည် ထိရောက်စွာ အုပ်ချုပ်နိုင်ခြင်း မရှိသည့်အပြင် အားကောင်းသော တပ်ဖွဲ့များကို မပိုင်ဆိုင်ထားပါက ယခုအချိန်တွင် သူ ချေမှုန်းခံရပြီး ဖြစ်ပေမည်။
သို့သော် ထိုသို့ဆိုလျှင်ပင် အာရုံငါးပါးဘုရင်၏ ခုခံမှုသည် အလွန်အားနည်းနေပေ၏။ မည်သို့ပင်ဆိုစေကာမူ အစွမ်းထက်သော ယန်မိသားစုနှင့် နှိုင်းယှဉ်လျှင် သူ ထိန်းချုပ်ထားသော အခြေခံအုတ်မြစ်မှာ နိမ့်ပါးလွန်းနေသည်။
"တကယ်လို့ ယန်မိသားစုသာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာရင် ဒီငယ်သားက ခုခံနိုင်မှာ မဟုတ်ပါဘူး... အဲ့ဒီအချိန်ကျရင် အရှင်ဆီမှာပဲ လာပြီးခိုလှုံရမှာကို ကျွန်တော် စိုးရိမ်မိတယ်..."
အာရုံငါးပါးဘုရင်၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
သူသည် အမှန်အတိုင်း ပြောဆိုနေခြင်း ဖြစ်ပေ၏။
ဤစစ်ပွဲတွင် ရှုံးနိမ့်သွားပါက ယန်မိသားစုသည် ပုန်ကန်လိုသော အတွေးများ ရှိသည့် အာရုံငါးပါးဘုရင်ကို သေချာပေါက် အသက်ရှင်ခွင့် ပေးထားမည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူသာမက သူတို့လွီမိသားစုတစ်စုလုံးလည်း ယန်မိသားစု၏လက်ချက်ဖြင့် အမြစ်ပြတ်သုတ်သင်ခြင်း ခံရနိုင်သည်။
လုယွီက ပြောဆိုသည်။
"ယန်မိသားစု ကိစ္စအတွက် မင်း စိတ်ပူစရာ မလိုပါဘူး... သူတို့မိသားစုက မွန်းစတားအိုကြီးတွေရဲ့စွမ်းအားကို ငါ ကောင်းကောင်းသိတယ်..."
ထိုစဉ်က လုယွီ ငရဲနယ်မြေတွင် ကျော်ကြားလာခဲ့ရသည့် အဓိက အကြောင်းရင်းမှာ ယန်မိသားစုကို အညံ့ခံလာအောင် လုပ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
ယန်မိသားစုသည် ငရဲနယ်မြေတွင် ထိပ်တန်းမိသားစုတစ်စုပင်။ ဤအစွမ်းထက်သော မိသားစုကို အတိတ်တွင် လုယွီက သူ၏ ခြေရင်းတွင် လိုလိုလားလား ဝပ်တွားခယလာအောင် လုပ်နိုင်ခဲ့ပြီး အစေခံများ ဖြစ်လာစေခဲ့ခြင်းမှာ လုယွီသည် ယန်မိသားစု၏မွန်းစတားအိုကြီး တစ်စုကို အနိုင်ယူခဲ့သောကြောင့်ပင်။
ဤမွန်းစတားအိုကြီးတစ်စုသည် ယန်မိသားစု၏ အခြေခံအုတ်မြစ် ဖြစ်ပေ၏။ သူတို့ကို ဖိနှိပ်လိုက်ခြင်းဖြင့် ယန်မိသားစုသည် သဘာဝကျစွာပင် အညံ့ခံခဲ့ရသည်။
"အရှင် သတိထားသင့်တယ်... ယန်မိသားစုရဲ့ မွန်းစတားအိုကြီးတစ်စုက တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီးတဲ့နောက်မှာ သူတို့ရဲ့ကျင့်ကြံဆင့်တွေ သိသိသာသာ တိုးတက်လာပြီးတော့ အရင်လို မဟုတ်တော့ဘူးလို့ ကျွန်တော် ကြားထားတယ်..."
အာရုံငါးပါးဘုရင်က သတိပေးလိုက်၏။
"အမ်..."
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
အာရုံငါးပါးဘုရင်၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။
"ယန်မိသားစုကစည်းကမ်းတွေကို ချိုးဖောက်ရဲတာက သူတို့ရဲ့ သတ္တမမြောက် ဘိုးဘေးက သရဲဘုရင်ကန့်သတ်ချက်ကို ချိုးဖျက်သွားလို့လို့ ကြားထားတယ်... ဒါပေမဲ့ ဒီငယ်သားက အတိအကျတော့ မသိပါဘူး..."
သရဲဘုရင် ကန့်သတ်ချက်...
လုယွီ၏ စိတ်လှုပ်ရှားသွားပြီး ပြောဆိုလိုက်သည်။
"သူတို့မိသားစုက အဘိုးကြီးခုနစ်က ဒီလောက်တောင် အရည်အချင်း ရှိတာလား... ငါ မှတ်မိသေးတယ်... အဲ့ဒီအချိန်တုန်းက ငါ ကျိုးထျန်းယင်ကို စိန်မခေါ်ခင်ကတည်းက သူက တံခါးပိတ်ကျင့်ကြံနေခဲ့တာ..."
နယ်မြေအရှင်သခင်အဆင့်အထက် မည်သူ့ကိုမဆို သရဲဘုရင်ဟု ခေါ်ဆိုနိုင်သည်။
ဤသည်မှာ 'သူတော်စင်' သို့မဟုတ် 'ဂိုဏ်းချုပ်' ကဲ့သို့ ဘွဲ့ထူးတစ်ခုသာ ဖြစ်ပြီး လူအများရှေ့တွင် သုံးစွဲသော အမည်နာမများသာ ဖြစ်ပေ၏။
သို့သော် နယ်မြေအရှင်သခင် ကန့်သတ်ချက် ဆိုသည်မှာ နယ်ပယ်တစ်ခုကိုသာ ညွှန်ပြနေသည်။
ဤသည်မှာ အဆင့်မြင့် တာအိုသခင်ပင်။
ကန့်သတ်ချက်ဆိုသည်မှာ တိုးတက်ရန် အခြေအနေမရှိတော့ခြင်းကို ဆိုလိုသည်။
ဤလောကတွင် အုပ်စိုးသူအရှင်ကဲ့သို့ သက်ရှိများ ထွက်ပေါ်လာခဲ့သော်လည်း နယ်မြေအများစုသည် တာအိုသခင်နယ်ပယ်ကို ကန့်သတ်ချက်အဖြစ် သတ်မှတ်ထားကြဆဲပင်။
အဆင့်မြင့်တာအိုသခင်တစ်ဦးသည် အင်အားစုတစ်စု၏ တိုးတက်လာမှုကို ထောက်ပံ့ပေးရန် လုံလောက်ပေ၏။
"အံ့အားသင့်စရာ မရှိတော့ပါဘူး..."
လုယွီ၏မျက်လုံးများတွင် အလင်းတန်းများ ဖြတ်ပြေးသွားသည်။
အတိတ်တွင် လုယွီသည် ယန်ကျန်းချင်း၏ လက်အောက်တွင် ခဲယဉ်းစွာ တောင့်ခံခဲ့ရသည်။ နောက်ဆုံးတွင် ကူမင်းသား ရှေ့ထွက်လာပြီး သူ့ကို ကယ်တင်ခဲ့ရသည်။
သို့သော် ယခုအချိန်၌ ကူမင်းသား၏ အကူအညီ မပါဘဲ သူသည် ယန်မိသားစုကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ရာ သူ့ကိုယ်သူသာ အားကိုးရပေမည်။
"ဒီကိစ္စကို ခဏထားလိုက်အုံး... ယန်မိသားစု ကိစ္စတွေကို ငါ ကိုင်တွယ်လိုက်မယ်..."
လုယွီသည် သူ၏လက်ထဲရှိ လက်ဖက်ရည်ခွက်ကို နံဘေးရှိ သစ်သားစားပွဲပေါ်သို့ တင်လိုက်ရာ 'ဒေါက်' ခနဲ အသံမြည်သွားပေ၏။
အမှောင်ထုသည် အခန်းကို လွှမ်းခြုံထားသည်။ လုယွီ၏မျက်နှာတစ်ခြမ်းသည် မှောင်ရိပ်ထဲတွင် ရှိနေသဖြင့် သူ၏အမူအယာကို ရှင်းလင်းစွာ မမြင်ရချေ။
"နင်းချူ ဘယ်မှာလဲ..."
ဤစကားကိုကြားချိန်၌ အာရုံငါးပါးဘုရင်၏ စိတ်နှလုံးသား တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ ချက်ချင်းဒူးထောက်လိုက်၏။
"ဒီငယ်သားက အရည်အချင်း မရှိပါဘူး... နင်းချူကို ကယ်တင်ဖို့ ပျက်ကွက်ခဲ့ပါတယ်...သူ့ကို... တခြားလူတစ်စုက ခေါ်သွားပုံရတယ်..."
Chapter 5407
"တခြားလူတစ်စု..."
လုယွီ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အန္တရာယ်ရှိသော အေးစက်စက်အကြည့်ကို ထုတ်လွှတ်လိုက်သည်။
"မင်းနဲ့ ကောင်းကင်ကွန်ယက်ကလွဲရင် တခြား ဘယ်သူ ရှိသေးလို့လဲ..."
အစောပိုင်းတွင် ကောင်းကင်ကွန်ယက်သည် ငရဲနယ်မြေသို့ ရောက်လာပြီး အာရုံငါးပါးဘုရင်နှင့် ဆက်သွယ်ခဲ့သည်။
ကောင်းကင်ကွန်ယက်၏လူများသည် အသစ်ရောက်ရှိလာသူများ ဖြစ်ကြပြီး ငရဲနယ်မြေသည် လွတ်လပ်သော နယ်မြေတစ်ခုပင်။ ထိုကြောင့် ဤနေရာ၏ မြေမျက်နှာသွင်ပြင်နှင့် ဒေသဆိုင်ရာ ဓလေ့ထုံးစံ နှစ်ခုလုံးသည် ကောင်းကင်ဘုံနယ်မြေနှင့် သိသိသာသာ ကွာခြားပေ၏။ ဤနေရာတွင် အခြေချရန်အတွက် သူတို့သည် ခိုင်မာသော ထောက်ခံမှုကို လိုအပ်သည်။
အာရုံငါးပါးဘုရင်သည် ဤကိစ္စကို အလွန်အလေးထားခဲ့ပြီး ကောင်းကင်ကွန်ယက်မှ လူများအတွက် ကြိုဆိုပွဲကို သူကိုယ်တိုင် ပြုလုပ်ပေးရန် စီစဉ်ခဲ့သည်။ သို့ရာတွင် ကောင်းကင်ကွန်ယက်မှအရာရှိများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။
ကောင်းကင်ကွန်ယက်သည် ထောက်လှမ်းရေး အင်အားစုတစ်စုဖြစ်သဖြင့် အမှောင်ထဲ၌ ဖုံးကွယ်နေရပေမည်။
ထို့ပြင် ဖန်းနင်းချူကို ကယ်တင်ရန်အတွက် စစ်ဆင်ရေးသည် လျင်မြန်ရန် လိုအပ်ပေ၏။ ကောင်းကင်ကွန်ယက် အရာရှိများသည် အာရုံငါးပါးဘုရင်နှင့် တွေ့ဆုံပြီးနောက် ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်အတိုင်း နှစ်ဖက်လုံး စစ်ဆင်ရေးကို ချက်ချင်းစတင်ခဲ့ကြသည်။
"အဲ့ဒီနေ့က ကျွန်တော်က လူတွေလွှတ်ပြီး ဆုတ်ခွာဖို့ ကာကွယ်ပေးနေတုန်းမှာ ကောင်းကင်ကွန်ယက်က လူတွေက နင်းချူကို ကယ်ထုတ်ခဲ့ကြတာ... ယန်မိသားစုရဲ့ အဲ့ဒီပါရမီရှင်က အရမ်းသန်မာပြီးတော့ ကျွန်တော့်ရဲ့လက်အောက်က သရဲဘုရင် သုံးပါးကို သတ်ခဲ့တယ်...ကံကောင်းတာက ကျွန်တော်က လက်အောက်ငယ်သားတွေ အများကြီးကို စေလွှတ်ခဲ့တာကြောင့် နောက်ဆုံးမှာ ယန်မိသားစုရဲ့ ထိုးစစ်ကို ပိတ်ဆို့ဟန့်တားနိုင်ခဲ့တယ်..."
"ဒါပေမဲ့ ကယ်တင်တဲ့ စစ်ဆင်ရေး အောင်မြင်ခါနီးမှာပဲ ကောင်းကင်ကွန်ယက်ရဲ့ ဒုတိယခေါင်းဆောင်က ရုတ်တရက် အကူအညီ တောင်းလာပြီးတော့ သူတို့ တိုက်ခိုက်ခံရတယ်လို့ ပြောတယ်... အဲ့ဒီအချိန်တုန်းက ကျွန်တော်နဲ့သိပ်မဝေးတဲ့နေရာမှာ သူတို့ ချုံခိုတိုက်ခိုက်ခံနေရတာကိုသိလို့ ကျွန်တော်က မနှောင့်နှေးရဲဘဲ ချက်ချင်းသွားခဲ့တယ်..."
ဤအကြောင်းကို အာရုံငါးပါးဘုရင်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ကောင်းကင်ကွန်ယက်က အလောင်းတွေနဲ့ ပြည့်နေပြီ... ကောင်းကင်ကွန်ယက်က အသက်ရှင်ကျန်ရစ်သူ နည်းနည်းပဲ ရှိပြီး ကျွန်တော့်ကို ရိုးရှင်းတဲ့ စကားနည်းနည်းပြောပြီးတဲ့နောက်မှာ သေဆုံးသွားကြတယ်..."
"လူတစ်စုက လမ်းမှာ သူတို့ကို ချုံခိုတိုက်ခိုက်ပြီး နင်းချူကို ခေါ်သွားတယ်လို့ သူတို့ ပြောခဲ့တယ်... အဲ့ဒီလူတွေက ဆက်ပြီး လိုက်ဖမ်းနေကြတုန်းပဲ... အဲ့ဒီအချိန်တုန်းက ကျွန်တော်က ယန်မိသားစုရဲ့ လိုက်လံတိုက်ခိုက်မှုကို ရင်ဆိုင်နေရတာကြောင့် ဆက်ပြီးမစုံစမ်းနိုင်ခဲ့ပါဘူး... အဲ့ဒီနောက်ပိုင်း ကောင်းကင်ကွန်ယက်က ကျွန်တော့်ကို မဆက်သွယ်တော့တာပဲ..."
အာရုံငါးပါးဘုရင်၏ စကားကို ကြားလိုက်ရချိန်၌ လုယွီ၏စိတ်နှလုံးသား လေးလံသွားပေ၏။
ဖန်းနင်းချူကို အောင်မြင်စွာ ကယ်တင်နိုင်ရန်အတွက် သူသည် ကျန်းရီကို ကောင်းကင်ကွန်ယက်မှ လက်ရွေးစင်များအား ရွေးချယ်ခိုင်းခဲ့သည်။
သို့သော် မထင်မှတ်ထားဘဲ အရေးကြီးသော အခိုက်အတန့်တွင် မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့သည်။ အရေးကြီးဆုံးမှာ တစ်ဖက်လူက သူတို့ နင်းချူအား ခေါ်သွားမည်ကို မည်သို့ သိနေသနည်း။
"ယန်မိသားစုက လမ်းခုလတ်မှာ ချုံခိုတိုက်ခိုက်တာများ ဖြစ်မလားလို့ ကျွန်တော် တွေးမိတယ်..."
အာရုံငါးပါးဘုရင်က မေးမြန်းလိုက်၏။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မဟုတ်ဘူး... ယန်မိသားစုက နင်းချူကို လိုချင်တဲ့ အကြောင်းအရင်းက ငရဲနယ်မြေကို တရားဝင် အုပ်ချုပ်ဖို့အတွက် ငါ့ရဲ့နာမည်ကို သုံးချင်လို့ပဲ... သူတို့သာ နင်းချူကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ရင် သေချာပေါက် ချက်ချင်း ကြေညာလိမ့်မယ်... သူတို့က ဒီလို ဖုံးကွယ်ထားမှာ မဟုတ်ဘူး..."
နင်းချူ...
အတိတ်ဘဝက သူ၏ အငယ်ဆုံး တပည့်မလေး....
ငရဲနယ်မြေတွင် ကျန်ရစ်ခဲ့သော တပည့်များသည်လည်း အတိတ်ဘဝက သူ သေဆုံးသွားခြင်းနှင့်အတူ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံခဲ့ရသည်။ ဤတပည့်မလေး တစ်ယောက်တည်းသာ မည်သည့်နေရာသို့ ရောက်နေမှန်း မသိရခြင်းဖြစ်သည်။
အတိတ်က နင်းချူနှင့် အမှတ်တရများအားလုံးကို တွေးတောရင်း လုယွီ၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။
ဤဘဝတွင် လုယွီသည် သန့်ရှင်းသော ဧကရာဇ်လမ်းစဥ်ကို လျှောက်လှမ်းနေသည်။
သို့သော် ဤသည်မှာ သူ တိုက်ခိုက်ရေးလမ်းစဉ်ကို အသုံးပြုမည် မဟုတ်ဟု မဆိုလိုချေ။ ယန်မိသားစုသည် သူ၏သည်းခံနိုင်စွမ်းကို ထိပါးလာခဲ့သဖြင့် လုယွီသည် ယန်မိသားစုကို ပေးဆပ်စေရပေမည်။
"နင်းချူ ကိစ္စကို ငါ တာဝန်ယူလိုက်မယ်... ဒါပေမဲ့ သူ ဘယ်ရောက်နေလဲ ဆိုတာ မသိရသေးတာကြောင့် မင်း ဆက်ပြီးမစုံစမ်းပါနဲ့တော့... မဟုတ်ရင် မသမာတဲ့ ရည်ရွယ်ချက်ရှိတဲ့ သူတွေ သတိထားမိသွားလိမ့်မယ်..."
လုယွီက ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့...ပြီးတော့ ဒီဘဝမှာ ငါက မဟာချင် အင်ပါယာကို တည်ထောင်ထားတယ်... ဒါကို မင်းလည်း သိထားမှာပါ... မင်း ငါ့ရဲ့မဟာချင်ကို ဝင်ရောက်ဖို့ စိတ်ဝင်စားလား..."
လုယွီက ရုတ်တရက် ပြောဆိုသည်။
လုယွီ၏စကားကို ကြားချိန်၌ အာရုံငါးပါးဘုရင်၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီသွားပေ၏။
သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာပြီး သူ သက်ပြင်းချလိုက်သည်။
"ဒီငယ်သားက အရင်တုန်းက အရှင်ကို စော်ကားခဲ့မိပါတယ်... အရှင်ရဲ့ သစ္စာရှိ အစေခံအဖြစ် အမှုထမ်းဖို့ပဲ တောင်းဆိုပါရစေ... ကျင့်ကြံခြင်း အင်ပါယာမှာ ရာထူးကြီးကြီး ရယူဖို့ မဝံ့ရဲပါဘူး..."
ယခင်က အာရုံငါးပါးဘုရင်သည် ကောင်းကင်ဘုံနယ်မြေ၌ နယ်ရုပ်များ ချထားခဲ့ပြီး ကျိုးမိသားစု ဘိုးဘေးသည် ထိုလူများအနက်မှ တစ်ဦးပင်။
ဤနယ်ရုပ်ကို သူ အလွန်နက်ရှိုင်းစွာ မြှုပ်နှံထားခဲ့သော်လည်း မထင်မှတ်ထားဘဲ ကျိုးမိသားစုဘိုးဘေးသည် လုယွီကို စော်ကားမိခဲ့လေ၏။
Chapter 5408
အတိတ်က ကျိုးမိသားစုဘိုးဘေးသည် ချီဘုရင်အား ပုန်ကန်ရန် သွေးထိုးလှုံ့ဆော်ခဲ့ပြီး နောက်ဆုံးတွင် လုယွီ၏ရန်သူ ဖြစ်လာကာ နှစ်ဖက်လုံး ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။
မထင်မှတ်ဘဲ သူတို့၏ဖုံးကွယ်ထားမှုများကို ထုတ်ဖော်လိုက်ချိန်၌ ဤသည်မှာ ရေကြီးပြီး နဂါးဘုရင်၏နန်းတော်ကို ရေလွှမ်းမိုးသွားသည့် အဖြစ်အပျက်မျိုး ဖြစ်လာခဲ့သည်။
ကျိုးမိသားစုဘိုးဘေး သေဆုံးသွားခဲ့ပြီး အာရုံငါးပါးဘုရင်၏ နှစ်ပေါင်းများစွာ စီစဉ်ထားမှုများမှာ တစ်ကြိမ်တည်းဖြင့် ဖျက်ဆီးခံလိုက်ရသော်လည်း သူသည် အနည်းငယ်မျှပင် ဒေါသမထွက်ရဲခဲ့ချေ။ အကြောင်းအရင်းမှာ သူ စော်ကားမိသူသည် ယခင် မြေအောက်လောက တာအိုသခင်မှလွဲ၍ တခြားသူ မဟုတ်သောကြောင့်ပင်။
အတိတ်က မြေအောက်လောက တာအိုသခင်ကို နတ်ဆိုးကျင့်ကြံသူတစ်ဦးဟု ခေါ်ဆိုနိုင်ပေ၏။ ထိုသို့ ခေါ်ဆိုရသည့် အကြောင်းအရင်းမှာ သူသည် မည်သည့်ကိစ္စကိုမဆို တွန့်ဆုတ်မှုမျှမရှိဘဲ ပြုမူတတ်ပြီး သူ့ကို ရန်စမိသူတိုင်း ပေးဆပ်ရမည်မှာ သေချာနေသောကြောင့်ဖြစ်သည်။
ယခုအချိန်တွင် လုယွီသည် ပြန်ဝင်စားလာခဲ့ပြီဖြစ်သော်လည်း သူ၏ယခင်ဘဝမှ ရက်စက်ကြမ်းတမ်းသော စွမ်းအားများသည် သရဲဘုရင်များ၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေပြီး ယခုတိုင် ထိုအမှတ်တရများသည် လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။
"အရင်က ကိစ္စကို ပြောတာလား..."
လုယွီက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
"ဒီကိစ္စက မင်းရဲ့အမှား မဟုတ်ပါဘူး... ကျိုးမိသားစုက သူတို့ကိုယ်သူတို့ ဖျက်ဆီးခဲ့တာဖြစ်ပြီး မင်းနဲ့ ဘာမှမဆိုင်ဘူး... ဘာပဲဖြစ်ဖြစ် မင်းက ငရဲနယ်မြေမှာ ရှိနေတာကြောင့် ကောင်းကင်ဘုံနယ်မြေက လှုပ်ရှားမှုတိုင်းကို ဆုပ်ကိုင်ထားနိုင်မှာ မဟုတ်ဘူးလေ... မဟာချင်ကိုရောက်ပြီး မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးသွားတာနဲ့ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မင်းကိုယ်တိုင် သိလာလိမ့်မယ်..."
"အရှင်ဧကရာဇ်ရဲ့ မြှောက်စားမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော့်အပေါ်ရော လွီမိသားစုအပေါ်မှာပါ အရှင့်ရဲ့ ကျေးဇူးတရားက တောင်တန်းကြီးလို ကြီးမားပါတယ်... ဒီငယ်သားက အသက်ပေးပြီး ကျေးဇူးဆပ်ဖို့ ဆန္ဒရှိပါတယ်..."
အာရုံငါးပါးဘုရင် လွီသိုင်းသည် သူ၏ ကျေးဇူးတင်မှုကို ဖော်ပြရန် ဒူးထောက်လိုက်ပြီး မြေပြင်ပေါ်တွင် အကြိမ်ကြိမ် ဦးတိုက်ကာ တောင်းပန်လိုက်၏။
အုပ်ချုပ်သူနှင့်လက်အောက်ခံ ဆက်ဆံရေးကို နောက်တစ်ကြိမ် ထပ်မံ၍ တည်ဆောက်လိုက်သည်။
ဤသည်မှာ လိုအပ်သော လုပ်ထုံးလုပ်နည်းတစ်ခုပင်။ ထိုသို့မဟုတ်ပါက မဟာချင် အင်ပါယာသည် ငရဲနယ်မြေကို သိမ်းပိုက်ခဲ့လျှင် ယခင် နယ်မြေအရှင်သခင်တစ်ဦးအနေဖြင့် အာရုံငါးပါးဘုရင်သည် သူ၏ရာထူးအတွက် သင့်လျော်သော တရားဝင်မှု ကင်းမဲ့နေပေမည်။
"မင်းရဲ့ တရားဝင်ရာထူးနဲ့ ပတ်သက်ပြီး ယန်မိသားစုကို ရှင်းလင်းပြီးမှ ငါ ဆုံးဖြတ်မယ်... ပြီးရင် မင်းက ချင်စစ်တပ်က သိမ်းပိုက်ထားတဲ့ မြို့တွေကို လွှဲပြောင်းရယူရာမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမယ်... ငရဲနယ်မြေရဲ့ စည်းကမ်းတွေကို ငါ သိတယ်... လူအများစုက မဟာချင်ရဲ့ အုပ်ချုပ်မှုကို နာခံကြမှာ မဟုတ်ဘူး... ဒါက ငါ မင်းကို အားကိုးရမယ့် အပိုင်းပဲ..."
လုယွီက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
အာရုံငါးပါးဘုရင်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး အလျှင်အမြန် အာမခံလိုက်သည်။
"အရှင်ဧကရာဇ် စိတ်ချပါ... ဒီငယ်သားက အရာအားလုံး အမှားအယွင်းမရှိစေရဘူးလို့ အာမခံပါတယ်..."
ဤအကြောင်းကို ပြောဆိုနေစဉ် အာရုံငါးပါးဘုရင်သည် တခြားတစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး သူ၏ခါးမှ ရွှေရောင်တံဆိပ်ပြားတစ်ခုကို ဖြုတ်ယူကာ လုယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
"ဒါက ဒီငယ်သားရဲ့ ဘုရင်အမိန့်ပေး ရွှေတံဆိပ်ပြားပါ... ဒါကို ကိုင်ဆောင်ထားသရွေ့ စတုတ္ထနယ်မြေမှာ အတားအဆီးမရှိ သွားလာနိုင်ပါတယ်... တကယ်လို့ အရှင်က စတုတ္ထနယ်မြေမှာ တိတ်တဆိတ် သွားလာချင်တယ်ဆိုရင် ဒီရွှေအဆောင်ပြားက ပြဿနာတွေ အများကြီးကို ရှောင်ရှားနိုင်တယ်..."
အာရုံငါးပါးဘုရင်က ပြောဆိုသည်။
ဤရွှေတံဆိပ်ပြားနှင့် ပတ်သက်၍ လုယွီက မငြင်းဆန်ခဲ့ချေ။
လုယွီသည် အုတ်အော်သောင်းတင်း ဖြစ်စေရန် မရည်ရွယ်ခဲ့ပေ။ ဤနေရာသို့ သူ ရောက်ရှိလာခြင်း၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းမှာ ယန်မိသားစုကို ရှင်းလင်းရန် ဖြစ်သော်လည်း အရေးအကြီးဆုံးကိစ္စမှာ နင်းချူ၏ တည်နေရာကို ရှာဖွေရန်ပင်။
"ကောင်းပြီ... ငါ နားလည်ပြီ... မင်း သွားလို့ရပြီ..."
လုယွီက သူ၏လက်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းရင်း ပြောဆိုလိုက်၏။
အာရုံငါးပါးဘုရင်သည် ဦးညွှတ်ကာ ထွက်ခွာသွားပြီး ဤနေရာသည် လုယွီ ယာယီနေထိုင်သောနေရာ ဖြစ်လာခဲ့သည်။
ဤနေရာသည် ငရဲနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိပြီး သာမန်အားဖြင့် အာရုံငါးပါးဘုရင် အနားယူသောနေရာဖြစ်သော အလွန်ခမ်းနားထည်ဝါသည့် အိမ်တော်တစ်ခု ဖြစ်ကာ ယခုအချိန်၌ လုယွီအား ပေးအပ်ထားခြင်း ဖြစ်သည်။ အာရုံငါးပါးဘုရင်၏ တင်းကြပ်သော အမိန့်အောက်တွင် အိမ်တော်ရှိ အစေခံများအားလုံးကို တခြားနေရာများသို့ စေလွှတ်လိုက်ပြီး မည်သူမျှ ထိုနေရာတဝိုက်သို့ ချဉ်းကပ်ခွင့် မရှိပေ။
လုယွီ၏နတ်ဘုရားစိတ်အာရုံက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ အနီးအနားတွင် တခြားမည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် သူသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
သူ၏နတ်ဘုရားစိတ်အာရုံသည် သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးတစ်ခုထဲသို့ ရောက်ရှိသွားပေ၏။
ဤအချိန်၌ ကမ္ဘာငယ်လေးအတွင်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရှေးဟောင်းရုပ်အလောင်းတစ်လောင်း တိတ်ဆိတ်စွာ လဲလျောင်းနေပြီး ရံဖန်ရံခါ အေးစက်သော ယင်ချီစွမ်းအင်များကို ထုတ်လွှတ်နေသည်။
ဤရှေးဟောင်းရုပ်အလောင်းသည် သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း အလောင်းမှ ကြွင်းကျန်ရစ်သော စွမ်းအားများ ရှိနေဆဲပင်။ အလောင်းသည် မလှုပ်မယှက် လဲလျောင်းနေရုံမျှဖြင့်ပင် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပုံပျက်သွားစေပြီး အင်မော်တယ်အငွေ့အသက်များကို မသိမသာ ထုတ်လွှတ်ထားပေ၏။
"ငရဲနယ်မြေရဲ့ ယင်အရာရှိ... မုန့်ဖော်..."
လုယွီ၏နတ်ဘုရားစိတ်အာရုံသည် မုန့်ဖော်၏ ဘေးတွင် ကျဆင်းသွားပြီး သူ၏အမူအယာသည် ရှုပ်ထွေးနေပေ၏။
ငရဲနယ်မြေသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာကတည်းက လုယွီသည် ဝေးကွာသောနေရာမှ တစ်စုံတစ်ရာက သူ့ကို ဆင့်ခေါ်နေသကဲ့သို့ အမြဲတစေ ခံစားနေရသည်။
ယခုမှသာ လုယွီသည် နောက်ဆုံးတွင် သဘောပေါက်သွားလေ၏။
ထိုခံစားချက်သည် သူ့ကို ခေါ်ဝေါ်နေခြင်း မဟုတ်ဘဲ သူ၏ကမ္ဘာငယ်လေးထဲတွင် ရှိနေသော ရှေးဟောင်းရုပ်အလောင်းကို ဆင့်ခေါ်နေခြင်းပင်။
Chapter 5409
ရှေးဟောင်းရုပ်အလောင်း၏ လက်ကောက်ဝတ်များတွင် လက်သီးဆုပ်ခန့်ရှိသော သံကြိုးတုတ်ကြီးများဖြင့် ရစ်ပတ်ထားဆဲပင်။ ထိုသံကြိုးများသည် အနက်ရောင်ဖြစ်ပြီး ရှေးဟောင်းခေတ် စာလုံးတချို့ကို ရေးထွင်းထားကာ ပြောင်းလဲခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေပေ၏။
သူမထံ၌ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်၏ အစွမ်းထက်သော စွမ်းအားများ ရှိနေဆဲပင်။ ကာလကြာရှည်ပြီးနောက် ထိုရှေးဟောင်းရုပ်အလောင်းသည် အသက်ရှင်စဥ်က သူမ၏အလှတရားကို ထိန်းသိမ်းထားဆဲဖြစ်ပြီး လှပသော မျက်နှာနှင့် နှင်းကဲ့သို့ ဖြူဆွတ်သော အသားအရေရှိကာ နောက်ထပ်အချိန်တခဏတွင် သူမ၏မျက်လုံးများကို ဖွင့်ပြီး နိုးထလာမည့်အလား ထင်မှတ်ရသည်။
ထိုကဲ့သို့ တည်ရှိမှုရှေ့တွင် ရပ်နေရခြင်းက သူ့အား အချိန်များ ကုန်ဆုံးသွားသကဲ့သို့ အမြဲတစေ ခံစားရစေသည်။
လူအများ အင်မော်တယ်တစ်ဦး ဖြစ်လာရန် ခက်ခဲသည်ဟု မကြာခဏ ပြောလေ့ရှိကြသော်လည်း အင်မော်တယ်တစ်ဦး ဖြစ်လာသည်နှင့် ထာဝရအသက်ကို ရရှိနိုင်ပေ၏။
သို့ရာတွင် ဤလောကတွင် မည်သူက အစစ်အမှန် ထာဝရအသက်ကို ရနိုင်မည်နည်း..
ကောင်းကင်ဘုံဧကရာဇ် သို့မဟုတ် လူသားဧကရာဇ်အဆင့်အထိ ကျင့်ကြံခဲ့သော ပုဂ္ဂိုလ်များပင်လျှင် သေဆုံးသွားကြသည်။ နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာမြင့်ပြီးနောက် သူတို့သည် သာမန်လူများနှင့်အတူ တာအိုကျမ်းစာများတွင် ဖော်ပြထားသော အဓိကဇာတ်ကောင်တချို့မျှသာ ဖြစ်လာကြပေမည်။
"ငါ အရင်တုန်းက ငရဲနယ်မြေကို ထိန်းချုပ်ခဲ့ပေမဲ့ ငရဲနယ်မြေနဲ့ ပတ်သက်ပြီး ငါ့ရဲ့နားလည်မှုက အရမ်းနည်းနေတာ ထင်ရှားတယ်..."
ဤကျယ်ပြန့်သော ငရဲနယ်မြေအတွင်းတွင် သူ မသိသော ဖုံးကွယ်ထားသည့် တစ်စုံတစ်ခု ရှိရမည်ဟု လုယွီ ခံစားခဲ့ရသည်။
ထိုအရာသည် ရှေးဟောင်းခေတ်မှ အမွေဆက်ခံထားခြင်း ဖြစ်ပြီး ဤမုန့်ဖော်နှင့် ရှုပ်ထွေးသော ဆက်သွယ်မှုများ ရှိနေပေ၏။ ကံမကောင်းစွာဖြင့် ယခုအချိန်၌ အပြောင်းအလဲကျမ်းစာကို အသုံးပြု၍ တွက်ချက်လျှင်ပင် မသေချာသော ဦးတည်ချက်ကိုသာ တွက်ချက်နိုင်ပေမည်။
ထိုအငွေ့အသက်သည် ငရဲနယ်မြေ၏ ဦးတည်ချက်တစ်ခုမှ လာခြင်းဖြစ်သော်လည်း ဤခရီးစဉ်အတွက် လုယွီ သွားရောက်ရမည့် နေရာ မဟုတ်ချေ။
"စီနီယာ... တကယ်လို့ သင့်တော်မယ်ဆိုရင် ခင်ဗျားကို ဒီနေရာမှာ မြှုပ်နှံပေးပါ့မယ်..."
လုယွီက မုန့်ဖော်ကို ပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။
ငရဲနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် မုန့်ဖော်နှင့် ဆက်စပ်နေသော တစ်စုံတစ်ခု ရှိရမည်ဖြစ်သော်လည်း ယခုအချိန်တွင် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရန် အချိန်မရှိချေ။
အကယ်၍ သူသည် ဤမုန့်ဖော်ကို ရုပ်သေးရုပ်အဖြစ် သန့်စင်နိုင်မည်ဆိုပါက ဤအရာသည် သေချာပေါက် အစွမ်းထက်သော အကူအညီတစ်ခု ဖြစ်လာမည်ဖြစ်သော်လည်း လုယွီသည် ထိုသို့ပြုလုပ်ရန် အစီအစဉ်မရှိချေ။ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်သည် အစွမ်းထက်သော်လည်း လုယွီသည် အင်မော်တယ်တစ်ဦး၏ အလောင်းကို စော်ကားရန် အဆင်သင့် မဖြစ်သေးချေ။
လုယွီသည် ကောင်းကင်ဘုံဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့သည်။ သူသည် ယခုအချိန် ကောင်းကင်ဘုံနန်းတော်၏ "ဆက်ခံသူ" ဖြစ်လာခဲ့လေပြီ။ ထိုကြောင့် မုန့်ဖော်ကဲ့သို့ ယခင်အရာရှိများအပေါ်တွင် လုယွီသည် လေးစားမှုကို ထိန်းသိမ်းထားဆဲပင်။
"သခင်... သူ့ကို ဒီမှာ မထားလို့ရမလား... တကယ့်ကို ကြောက်စရာကောင်းတယ်... ညဘက် အိပ်မက်ဆိုးတွေ မက်လိမ့်မယ်..."
သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်သည် ခုန်ထွက်လာပြီး လုယွီကို ပြောဆိုလိုက်၏။
လုယွီ၏အမူအယာ အနည်းငယ် ထူးဆန်းနေသည်။ သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်သည် သရဲတစ္ဆေဧကရာဇ်၏မှော်ရတနာဖြစ်ပြီး သန်းရာထောင်ချီသော သရဲများနှင့်နတ်ဆိုးများကို ကျေးကျွန်အဖြစ် ခိုင်းစေနိုင်စွမ်းရှိပေ၏။ ထိုအရာက အလောင်းတစ်လောင်းကို မည်သို့ ကြောက်ရွံ့နိုင်မည်နည်း။
"မင်း ဘာလုပ်ချင်လို့လဲ..."
"ဟီးဟီး... သခင်... ကျွန်တော့်ကို အပြင်မလွှတ်ပေးဘူးလား... အပြင်က အငွေ့အသက်က မတူဘူးလို့ ခံစားရတယ်... ရှေးခေတ်က ငရဲနယ်မြေနဲ့ နည်းနည်းတူတယ်..."
"ဒီမှာပဲ လိမ်လိမ်မာမာနေ..."
လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်၏။ သူ၏ လက်နက်ဝိညာဉ်များအားလုံးအနက် ဤသေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်သည် အဆိုးသွမ်းဆုံးပင်။
ဤသည်မှာ ခွေးနက်ကြီး မျောက်တို့နှင့်လည်း တိုက်ရိုက်သက်ဆိုင်သည်။ ထိုပြဿနာရှာသူနှစ်ဦးသည် သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်ကို ဆက်တိုက်စောင့်ရှောက်ခဲ့ကြပြီး ဤအသစ်မွေးဖွားလာသော သန့်စင်သည့် လက်နက်ဝိညာဉ်ကို ဖရိုဖရဲဖြစ်နေသော နတ်ဆိုးလေးတစ်ကောင်အဖြစ် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။
...
တျန်ဟဲမြို့... ချွန်းကျန်း မျှော်စင်...
ဤနေရာသည် တျန်ဟဲမြို့အတွင်းရှိ လူသိများသော စားသောက်ဆိုင်တစ်ခုဖြစ်ပြီး ထူးခြားပြီး အရသာရှိသော ဟင်းလျာများကြောင့် နာမည်ကျော်ကြားပေ၏။
ငါးထပ်ရှိသော ထိုစားသောက်ဆိုင်ကို မီးအိမ်များ ဆိုင်းဘုတ်များဖြင့် အလှဆင်ထားသည်။ ညအချိန် ရောက်နေပြီဖြစ်သော်လည်း ငရဲနယ်မြေရှိ မြို့များတွင် များသောအားဖြင့် ညမထွက်ရအမိန့် မရှိသောကြောင့် ဤအချိန်သည် အစည်ကားဆုံးအချိန်ပင်။
"ဧည့်သည်... ကျေးဇူးပြုပြီး ဝင်လာပါ..."
ဆိုင်အကူတစ်ဦးက ဝင်ပေါက်တွင် ဧည့်သည်များကို နှုတ်ဆက်နေပေ၏။ ခမ်းနားထည်ဝါသောဝတ်စုံအား ဝတ်ဆင်ထားသော လုယွီကို မြင်တွေ့ချိန်၌ သူသည် ချက်ချင်းရှေ့သို့တိုးလာပြီး နှုတ်ဆက်လိုက်သည်။
"ဒါက ဧည့်သည်တော်ကြီးရဲ့ ပထမဆုံးအကြိမ် ဒီကို ရောက်တာလား... ကျွန်တော်တို့ စားသောက်ဆိုင်မှာ အထူးဟင်းလျာတွေ ရှိပါတယ်..."
ဆိုင်အကူများသည် ချက်ချင်း ရှေ့သို့တိုးလာပြီး မိတ်ဆက်ပေးကြသည်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါ့မှာ ကိစ္စနည်းနည်းရှိလို့ ဆိုင်ရှင်ချန်း နဲ့ တွေ့ချင်တယ်..."
သူသည် ဆိုင်ရှင်ချန်းနှင့် တွေ့ချင်ကြောင်း ကြားသောအခါ ဆိုင်အကူများသည် လုယွီကို ချက်ချင်းအကဲခတ်လိုက်ကြ၏။
သို့သော် လုယွီဝတ်ဆင်ထားသော အဝတ်အစားများအားလုံးသည် နန်းတွင်းမိန်းမစိုးများက အထူးပြုလုပ်ထားသော အကောင်းစား မှော်ဝတ်ရုံများပင်။ ရုပ်ဖျက်လာသော ခရီးစဉ်အတွင်း၌ပင် ထိုအဝတ်အစားများသည် မြင့်မြတ်သော အရိပ်အယောင်တစ်ရပ်ကို ဖော်ပြနေသည်။
"ဘယ်သူက ငါ့ကို တွေ့ချင်တာလဲ..."
ဤအချိန်၌ အတွင်းတံခါးခန်းဆီးကို ရုတ်တရက် ပွင့်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။
Chapter 5410
ထိုအမျိုးသားသည် ဓားဖြင့် ထွင်းထုထားသကဲ့သို့ ထက်ရှသော အသွင်အပြင်နှင့် ပိန်လှီသော မျက်နှာကို ပိုင်ဆိုင်ထားပေ၏။
ပထမတစ်ချက်ကြည့်လိုက်သည်နှင့် သူသည် နှစ်ပေါင်းများစွာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းကို ပြုလုပ်ခဲ့သော ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိသာထင်ရှားသည်။ သူ၏လှစ်ဟနေသော လက်ကောက်ဝတ်များကို ကြည့်ရုံမျှဖြင့် သွေးကြောများ ဖောင်းကြွနေပြီး ခွန်အားကြီးကာ စွမ်းဆောင်ရည်ရှိပုံပေါ်သည်။
သို့တိုင် ထိုကဲ့သို့ အမျိုးသားသည် ချမ်းသာသော မြေပိုင်ရှင်တစ်ဦးအလား ခမ်းနားထည်ဝါသော ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏အသွင်အပြင်မှာ သခင်ဖြစ်သူ၏ အဝတ်အစားများကို ဝတ်ဆင်ထားသော လူမိုက်တစ်ဦးနှင့် ပို၍တူညီပြီး နေရာနှင့် မကိုက်ညီသကဲ့သို့ ဖြစ်နေပေ၏။
ထိုအမျိုးသားသည် လုယွီကို မြင်တွေ့ချိန်၌ အနည်းငယ် အံ့အားသင့်သွားပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဒီတော့ ညီငယ်လေးဖြစ်နေတာပဲ... ဟားဟားဟား... မင်း အချိန်ကိုက် ရောက်လာတာပဲ... စကားပြောဖို့ ဝင်လာခဲ့..."
ထိုလူသည် သူတို့ဆိုင်ရှင်၏မိတ်ဆွေဖြစ်ကြောင်း မြင်တွေ့ချိန်၌ တခြားဆိုင်အကူများသည် ပါးနပ်စွာဖြင့် ထွက်ခွာသွားကြ၏။
လုယွီသည် ထိုအမျိုးသား၏နောက်သို့ လိုက်ကာ စားသောက်ဆိုင်၏ အနောက်ဘက်သို့ သွားခဲ့သည်။ အမျိုးသားက နံရံပေါ်ရှိ နေရာတစ်ခုကို ဖိလိုက်ရာ ချက်ချင်းပင် နံရံကြီး ပွင့်သွားပြီး လျှို့ဝှက်ခန်းတစ်ခု ထွက်ပေါ်လာပေ၏။
လျှို့ဝှက်ခန်းထဲတွင် ထိုအမျိုးသားသည် ချက်ချင်းဒူးထောက်ကာ အရိုအသေပေးလိုက်သည်။
"ကောင်းကင်ကွန်ယက် ထောင်စုမှူး ချန်းတာ့ထုံးက အရှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်..."
ထိုအမျိုးသားက ရိုသေလေးစားစွာ ပြောဆိုသည်။
လုယွီသည် လျှို့ဝှက်ခန်းထဲတွင် ထိုင်လိုက်ပြီး တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောဆိုလိုက်သည်။
"အဲ့ဒီနေ့က ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောစမ်း..."
ဤအမျိုးသားသည် ကယ်ဆယ်ရေး စစ်ဆင်ရေးတွင် အသက်ရှင်ကျန်ရစ်ခဲ့သော ကောင်းကင်ကွန်ယက် အဖွဲ့ဝင် အနည်းငယ်အနက်မှ တစ်ဦးဖြစ်သည်။
ကယ်ဆယ်ရေးစစ်ဆင်ရေး ကျရှုံးပြီးနောက် ငရဲနယ်မြေတွင် တပ်စွဲထားသော ကောင်းကင်ကွန်ယက်၏ အင်အားစုများသည် လုံးဝနီးပါး ချေမှုန်းခံခဲ့ရပြီး လူလေးဦးသာ ခဲယဉ်းစွာ ဆက်လက်၍ ရပ်တည်နိုင်ခဲ့ပေ၏။
ဤသည်မှာ အလွန်ဆိုးရွားသော ကျရှုံးမှုတစ်ခု ဖြစ်သော်လည်း ကျန်ရစ်သော ကောင်းကင်ကွန်ယက် အဖွဲ့ဝင်များသည် စိတ်ဓာတ်မကျဘဲ နင်းချူ၏တည်နေရာကို ဆက်လက်၍ရှာဖွေရန် ရွေးချယ်ခဲ့ကြသည်။
"အဲ့ဒီနေ့က အရာအားလုံး အဆင်ပြေခဲ့တယ်... ကျွန်တော်တို့က လွတ်မြောက်ဖို့ လမ်းကြောင်းတွေကို ကြိုတင်ပြင်ဆင်ထားခဲ့တာ... တကယ်တော့ တစ်ခုမကပါဘူး... နောက်ဆုံး ဆုံးဖြတ်ချက်ကို နေရာမှာတင် ချမှတ်ခဲ့တာဖြစ်လို့ ဘယ်သူကမှ ကြိုတင်ပြီး ချုံခိုတိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး..."
ချန်းတာ့ထုံးက သက်ပြင်းချလိုက်သည်။
"တိုက်ခိုက်မှုက အရမ်းရုတ်တရက်ဆန်လွန်းတယ်.. လူတစ်ဝက်လောက်က ကြိုတင်မပြင်ဆင်ထားတာကြောင့် သေဆုံးသွားခဲ့တယ်... အသန်မာဆုံးဖြစ်တဲ့ တပ်မှူးထုံကျစ်က လက်တစ်ဖက် ဆုံးရှုံးသွားပြီး ကျွန်တော်ကတော့ ရန်သူရဲ့လက်သီးတစ်ချက်တည်းနဲ့ ငါးမိုင်အကွာကို လွင့်စင်သွားခဲ့တယ်... ကျွန်တော် တိုက်ပွဲမြေပြင်ကို ပြန်ရောက်တဲ့အချိန်မှာ ပစ်မှတ်က အခေါ်ခံသွားရပြီ..."
လုယွီသည် ချန်းတာ့ထုံးကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်ပြီး မျက်ခုံးပင့်လိုက်၏။
"မင်း အဲ့ဒီလူတွေရဲ့ မျက်နှာကို သေသေချာချာ မြင်ခဲ့ရလား..."
ချန်းတာ့ထုံး၏မျက်နှာမှာ ဖြူရော်နေပြီး ခေါင်းငုံ့ကာ ပြောဆိုလိုက်သည်။
"ဒီငယ်သားက ရှက်ရွံမိပါတယ်... အဲ့ဒီလူစုရဲ့ အသွင်အပြင်ကိုတောင် မမြင်ရခင်မှာ ကျွန်တော်က လွင့်စင်သွားခဲ့တာပါ..."
လုယွီ၏စိတ်နှလုံးသား အနည်းငယ် လေးလံသွားသည်။
ဤကယ်ဆယ်ရေးစစ်ဆင်ရေးအတွက် ကောင်းကင်ကွန်ယက်မှ အတော်ဆုံးလူများကို စေလွှတ်ခဲ့ခြင်းပင်။
ထိုလူများအနက် ကောင်းကင်ကွန်ယက်တပ်မှူးထုံကျစ်သည် တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီဖြစ်ပြီး နယ်မြေသခင်အဆင့် ကျင့်ကြံသူတစ်ဦးပင်။
ထို့ပြင် သူ၏ရှေ့မှ ဤကောင်းကင်ကွန်ယက် ထောင်စုမှူးသည် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိသော်လည်း လိမ္မာပါးနပ်ပြီး စွမ်းဆောင်နိုင်ရည်ရှိသော ဝါရင့်တစ်ဦးဖြစ်သည်။
ထိုကဲ့သို့ အင်အားစုသည်ပင် ဤမျှ ရှုပ်ထွေးသော ပုံစံဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ တစ်ဖက်မှ စေလွှတ်လိုက်သော လူများသည် မည်မျှထိ အစွမ်းထက်နေမည်နည်း။
"မင်းတို့ရဲ့ တပ်မှူးထုံကျစ်က ဘယ်မှာလဲ... သူ ဘယ်မှာလဲ..."
လုယွီက မေးမြန်းလိုက်၏။
ချန်းတာ့ထုံးက ပြောဆိုသည်။
"တပ်မှူးထုံကျစ်က စစ်ဆင်ရေး ကျရှုံးသွားတာကို သိပြီးတော့ အရှင်ဧကရာဇ်ကိုတွေ့ဖို့ ရှက်ရွံနေတာကြောင့် ကျန်တဲ့ညီအစ်ကို နှစ်ယောက်ကို ခေါ်ပြီး ဖန်းနင်းချူရဲ့တည်နေရာကို ရှာဖွေဖို့ ထွက်သွားပါတယ်... ဆုံရပ်တစ်ခု ပြင်ဆင်ဖို့အတွက် အာရုံငါးပါးဘုရင်နဲ့ အဆက်အသွယ်လုပ်ပြီး ဒီနေရာမှာ အခြေအနေကို ထိန်းချုပ်ထားဖို့ ကျွန်တော့်ကို ထားခဲ့တာပါ..."
ဤအကြောင်းကို ပြောနေစဉ် ချန်းတာ့ထုံးသည် တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး ပြောဆိုလိုက်သည်။
"ကျွန်တော်တို့ရဲ့ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တဲ့သူက 'ယန်ထုံ' လို့ခေါ်တဲ့သူ ဖြစ်နိုင်ချေ အများဆုံးပဲ..."
"ယန်ထုံလား..."
လုယွီက မေးမြန်းသည်။
"ဟုတ်တယ်... ဒီလူက အရင်တုန်းက ယန်မိသားစုရဲ့ပါရမီရှင်တစ်ယောက်ပဲ... နောက်ပိုင်းမှာ ယန်ဟွမ်ထွက်ပေါ်လာပြီးတော့ ယန်မိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ ဘွဲ့ကို ရယူသွားရုံသာမကဘဲ ဖန်းနင်းချူကိုပါ ဇနီးအဖြစ် သိမ်းပိုက်ဖို့ ရည်ရွယ်ခဲ့တယ်... ဒါကြောင့် သူက ရန်ငြိုးဖွဲ့နေခဲ့တာပါ... ဒီလူက ယန်ဟွမ်ကို အရူးတစ်ယောက်လို ဖြစ်သွားအောင် မင်္ဂလာပွဲကို တမင်တကာ ဖျက်ဆီးချင်ခဲ့တာ... ဒါ့ပြင် သူ အောင်မြင်သွားရင်တောင်မှ သူ့ရဲ့မိသားစုကလည်း သူ့ကို ခွင့်လွှတ်မှာ မဟုတ်လို့ သူက ထုတ်မပြောရဲဘူး... ဒါက လက်ရှိအခြေအနေနဲ့ အတော်လေးကိုက်ညီနေတယ်..."
ချန်းတာ့ထုံးသည် သူ စုဆောင်းရရှိထားသော အချက်အလက်များကို လုယွီအား ထုတ်ဖော်ပြောဆိုလိုက်၏။