ငါ့ကို အနိုင်ကျင့်တယ်ပေါ့
Vol. 10 Ch. 928
လျှပ်စီးတိမ်တိုက်သခင်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပိုင်ရှောင်ချန်းက သူ့ကို သတိထားမိလိုက်၏။ အထူးသဖြင့် သူ့နောက်လိုက်နေသော သဲတီကောင်အုပ်လိုက်ကြီးကို ပို၍ သတိထားမိနေသည်။
" ဒီကောင် လျှပ်စီးတိမ်တိုက်သခင်က ငါ့ကို တစ်ပတ်ရိုက်ဖို့ ကြိုးစားနေတာပေါ့လေ "
သူက ချက်ချင်းပင် လျှပ်စီးတိမ်တိုက်သခင်၏ ယုတ်မာသောစိတ်ကို အာရုံရလိုက်သည်။ အထူးသဖြင့် ထိုလူက ခေါင်းပေါ်တွင် အနီရောင်အလင်းပေါက်နှင့် သဲတီကောင်ကို စူးစိုက်၍ ကြည့်နေခြင်းေကြာင့် ဖြစ်ပေသည်။
" အစက အဲဒီကောင် ဒီဖက်လာတာ မဟုတ်ပါဘူး။ အဲဒီသဲတီကောင်ကြီးကို မြင်မှ ဦးတည်ချက်ပြောင်းလိုက်တာ "
ထိုအချက်ကို တွေးမိလိုက်သည်နှင့် ပိုင်ရှောင်ချန်းက ချက်ချင်းပင် ထိုသဲတီကောင်ကြီးအား တိုက်ခိုက်လိုက်သည်။
" ငါလာတာမြင်နေတာကို မရှောင်ဘူးပေါ့လေ" လျှပ်စီးတိမ်တိုက်သခင်က ဟိန်းဟောက်လိုက်သည်။
" ကောင်းပြီလေ မင်းက သေချင်နေတာပဲ "
သူ၏မျက်လုံးများတွင် အေးစက်သောအလင်းများ တလက်လက်တောက်ပနေလျက် စူးစူးဝါးဝါးအော်ဟစ်နေသော သဲတီကောက်အများအပြားကို သယ်ဆောင်ကာ ပိုင်ရှောင်ချန်းဘက်သို့ အရှိန်တင်လိုက်သည်။
လျှပ်စီးတိမ်တိုက်သခင် နီးကပ်လာသည်နှင့် ပိုင်ရှောင်ချန်းက လှည့်၍ သူတိုက်ခိုက်နေသည့် သဲတီကောင်ကြီးထံ မဟုတ်ဘဲ လျှပ်စီးတိမ်တိုက်သခင်ထံ ဦးတည်ချက် ပြောင်းလိုက်လေသည်။
လျှပ်စီးတိမ်တိုက်သခင်သည် ပိုင်ရှောင်ချန်း၏ လှုပ်ရှားမှုများကို မျှော်လင့်ထားသည့်အလား သူ၏နှုတ်ခမ်းများက သရော်သည့်အပြုံးအသွင် အထက်သို့ ကွေးညွှတ်သွားသည်။ ပိုင်ရှောင်ချန်းက အနားသို့ရောက်လာသည်နှင့် ရုတ်တရက် သူသည် မှုန်ဝါးသွားကာ အမြင်အာရုံသက်သက်ဖြင့် မမြင်နိုင်သည်သာမက နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်၍ မရနိုင်လောက်သည်အထိ ဖြစ်သွားလေသည်။
ပိုင်ရှောင်ချန်း၏မျက်လုံးများတွင် အံ့ဩမှုအရိပ်အယောင်များ ထင်ဟပ်လာစဥ်မှာပင် လျှပ်စီးတိမ်တိုက်သခင် ခေါ်ဆောင်လာသည့် သဲတီကောင်ပေါင်းများစွာက သူ့ကိုပိတ်ဆို့လာသည်။ ၎င်းတို့က ပါးစပ်ကြီးများ ဖြဲ၍ ဟိန်းဟောက်ကာ ရှေ့တက်၍ သူ့ကို ဝိုင်းလာြကသည်။
သူ၏မျက်နှာထက်တွင် အရုပ်ဆိုးသော အမူအရာတစ်ခု အထင်းသား ထွက်ပေါ်လာသည်။ ယခု လျှပ်စီးတိမ်တိုက်သခင် အသုံးပြုသွားခဲ့သည့် နတ်ဘုရားစွမ်းရည်က သူ့အပေါ် အလျင်အမြန် သက်ရောက်လာလေပြီ။ သဲတီကောင် တစ်သောင်းကျော်အနက် အများစုမှာ ယင်ယန်ဝိညာဥ်အဆင့်တွင်ဖြစ်ပြီး အချို့က နတ်အဆင့်မှာဖြစ်ရာ တစ်ဖွဲ့လုံးအား ကိုင်တွယ်ရန် ခက်ခဲမည်ဖြစ်သည်။
ထို့ပြင် လျှပ်စီးတိမ်တိုက်သခင်သည်လည်း အနီးနားတွင် အန္တရာယ်ပြုမည့်ဟန်ဖြင့် ချောင်းနေလေ၏။
လျှပ်စီးတိမ်တိုက်သခင်၏ အရိပ်သဏ္ဍာန်ပုံစံက တချိန်လုံး သရော်ပြုံးပြုံး၍ နောက်ဆုတ်သွားလေရာ ထစ်ခြုန်းမြည်ဟည်းသံများ ထွက်ပေါ်လာသည်။
" မလောက်လေးမလောက်စား နတ်အဆင့်ကျင့်ကြံသူပါကွာ။ လက်ဖျားခါရလောက်အောင် အတိုက်အခိုက်စွမ်းရည်ရှိတယ်လို့ ပြောကြပေမယ့် အဲဒီကောလဟလတွေအားလုံးက လုပ်ကြံထားတာတွေပဲ။ ငါ့ကို မြင်တုန်းကသာ ထွက်ပြေးခဲ့ရင် အခွင့်အရေးရှိရင်ရှိဦးမယ်။ ဒီကောင်က အရူးတစ်ယောက်သာသာပဲ "
လျှပ်စီးတိမ်တိုက်သခင်က အေးစက်စက်ရယ်မော၍ ပိုင်ရှောင်ချန်းအပေါ် သဲတီကောင်အုပ်လိုက်ကြီး ချဥ်းကပ်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။
အမှန်တွင် ပိုင်ရှောင်ချန်းသည် လျှပ်စီးတိမ်တိုက်သခင်၏ကောက်ကျစ်စဥ်းလဲပုံကြောင့် ဒေါသထွက်စပြုလာလေပြီ။ သူတို့နှစ်ဦးကြားတွင် ရန်ငြှိုးမရှိသည့်တိုင် သူက သဲတီကောင်လေးတစ်ကောင်ကြောင့် ရက်ရက်စက်စက် ပြုမူနေသည်။
" ငါသာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဆိုရင် ဒီလိုပဲ ကိစ္စတုံးသွားလိမ့်မယ်။ ဒါပေမဲ့ ငါလဲ နတ်အဆင့်ကျင့်ကြံသူပဲ။ ဒီခွေးကောင် လျှပ်စီးတိမ်တိုက်သခင်က သေချာပေါက် ငါ့ကို အထင်သေးထားပါလား "
ပိုင်ရှောင်ချန်းက ထိုသို့တွေးတောပြီးသော် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူက လှစ်ခနဲလှုပ်ရှား၍ တိုက်ကွက် တစ်ကွက်ပြီးတစ်ကွက် ထုတ်ဖော်ကာ သဲတီကောင်များအား ထိုးသတ်ချေမှုန်းနေတော့သည်။
" စောစောက သူ နောက်ဆုတ်ဖို့ သုံးလိုက်တဲ့ အမြန်နှုန်းကိုကြည့်ရတာ သေချာပေါက် သာမန်နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ ငါသာ ထာဝရပြုစားခြင်းသိုင်းနဲ့ တောင်ဖြိုသိုင်းကို ဆက်တိုက်သုံးလိုက်ရင် သူ့အနားကပ်လို့ရလောက်မယ်။ ဒါပေမဲ့ သူသာ ဆက်ပြေးနေရင် သဲတီကောင်တွေလဲ ငါ့နောက်လိုက်နေဦးမှာပဲ။ ဒါဆိုရင် ငါအခြေအနေမဟန်တော့ဘူး။ သူ့ကို ငါ့ဆီ ကပ်လာအောင် လုပ်ရမယ် "
သူက အကြံတစ်ခုကို ခက်ခက်ခဲခဲစဥ်းစားတွေးတောကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် လျှပ်စီးတိမ်တိုက်သခင်ထံ တဟုန်ထိုးဦးတည်လိုက်သည်။
ထိုသို့ ပိုင်ရှောင်ချန်းက လုပ်ဆောင်လိုက်စဥ် လျှပ်စီးတိမ်တိုက်သခင်၏ မျက်နှာပေါ်တွင် သရော်ပြုံးတစ်ခုပေါ်လာသည်။ သူက တိုက်ကွက်အနည်းငယ်ထုတ်ဖော်လိုက်ရာ ပိုင်ရှောင်ချန်းသည် သူ့ကို မဖမ်းမိသည်သာမက ကုန်လွန်သွားသည့်အချိန်တိုင်း အခြေအနေများ ပို၍ဆိုးဝါးလာသည်။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏မျက်နှာထက်ဝယ် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ကြီးစိုးသွားသည်။ သူက ဒေါသူပုန်ထလျက် အံတင်းတင်းကြိတ်ကာ လျှပ်စီးတိမ်တိုက်သခင်ကို လျစ်လျူရှုပြီး အနီရောက်အလင်းပေါက်နှင့် သဲတီကောင်ကြီးအား တိုက်ခိုက်ရန် လှည့်လိုက်သည်။
သဲတီကောင်များက လျှပ်စီးတန်းများ ထွေးထုတ်လိုက်သည့်အတွက် တဝုန်းဝုန်းမြည်ဟည်းလျက် ကောင်းကင်နှင့်မြေပြင်တွင် ပြည့်နှက်သွားရာ ပိုင်ရှောင်ချန်းမှာ ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ ထိုအချိန်တွင် သဲတီကောင်ကြီးက ကြက်သီးထဖွယ် အော်ဟစ်လိုက်သည်။ ၎င်းမှာ ပိုင်ရှောင်ချန်း၏ နတ်ဘုရားစွမ်းရည်များကို ခုခံလိုက်ရသဖြင့် လုံးဝပြိုလဲကျလုမတတ် ဖြစ်သွားဟန်တူသည်။
လျှပ်စီးတိမ်တိုက်သခင်က ဖြစ်ပျက်နေသည်များကို သတိထားမိလိုက်ပြီး သူ၏မျက်လုံးများ ဝင်းလက်တောက်ပသွားသည်။ ပိုင်ရှောင်ချန်းက အားနည်းသယောင်ဟန်ဆောင်နေလားဆိုသည်ကို သူ မသေချာပါသော်လည်း မည်သို့ပင်ဖြစ်စေ သူ့ကိုယ်သူ အဆုံးစွန်ထိ ယုံကြည်ချက်ရှိနေသည်။
" ဒီနေရာရဲ့ အချက်က ဒီကောင်ကို သတ်ဖို့မဟုတ်ဘူး အဲဒီသဲတီကောင်ကြီးရဲ့ခန္ဓာကိုယ်ထဲက မှော်ပစ္စည်းရဖို့ပဲ "
သူ၏ မျက်လုံးများ ကျဥ်းမြောင်းနေလျက် အခွင့်အရေးရှာလိုက်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက သဲတီကောင်ကြီးထံ လက်သီးတစ်လုံးပစ်သွင်းလိုက်ရာ ၄င်းက စူးစူးဝါးဝါးအော်ဟစ်ပြီး လဲကျသွား၏။
ထို့နောက် ပိုင်ရှောင်ချန်းက လှုပ်ရှားလိုက်လေသည်။ သူက တည်နေရာရွှေ့ပြောင်းလိုက်သည့်အလား လက်ဖျားခါရလောက်သည့် အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးသွားလိုက်သည်ဖြစ်ရာ သူ၏နောက်မှာ တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်နေတော့သည်။ မျက်တောင်တစ်ချက်ခတ်အတွင်း သူသည် သဲတီကောင်ကြီးထက်သို့ ရောက်ရှိသွားပြီး အနက်ရောင်အလင်းများ တောက်ပနေသော လက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် သူ၏လက်က သဲတီကောင်အပေါ်သို့ ကျရောက်အံ့ဆဲဆဲအချိန်မှာပင် သူ၏ မျက်လုံံးများက ရွှေရောင်အလင်းများဖြင့် တဖျပ်ဖျပ်လက်သွားပြီး တောင်ဖြိုသိုင်းကို သုံးလိုက်လေသည်။ သူက သဲတီကောင်ကြီးအား ဖိနှိပ်၍ ကြောက်စရာကောင်းသော အဟုန်ဖြင့် အရှိန်တင်လိုက်ရာ ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။
သူသွားရာ လမ်းတစ်လျှောက်ရှိ သဲတီကောင်တိုင်း အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရပြီး လျှပ်စီးတိမ်တိုက်သခင်ထံ မြားတစ်စင်းအလား တဟုန်ထိုး တိုးဝင်သွားလေသည်။
ထိုအမြန်နှုန်းကြောင့် လျှပ်စီးတိမ်တိုက်သခင် အံ့ဩတုန်လှုပ်သွားတော့သည်။ သူက အေးစက်စက်နှာမှုတ်၍ သဲတီကောင်ကြီးအတွက် သူ၏အကြံအစည်များကိုလက်လျှော့လိုက်ပြီး နှောင်းပိုင်းနတ်အဆင့်ရှိလူသည်ပင် သူ့ကို ဖမ်းနိုင်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်နေလျက် နောက်ပြန်ဆုတ်လိုက်သည်။
လျှပ်စီးတိမ်တိုက်သခင်က အရှိန်ထပ်တင်လိုက်သည့်အချိန်မှာပင် ပိုင်ရှောင်ချန်းက ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ အမြန်နှုန်းသည် လျှပ်စီးတိမ်တိုက်သခင်နောက်သို့ လျှပ်စီးတန်းအလား တဟုန်ထိုးပြေးလိုက်သွားတော့သည်။
သူတို့က အတော်လေးနီးနေပြီဖြစ်သည့်အတွက် သူက တွေဝေတွန့်ဆုတ်မနေဘဲ လည်မျိုဖမ်းဆုပ်ကွက်ကို ထုတ်ဖော်လိုက်သည်။
လျှပ်စီးတိမ်တိုက်သခင်က အလယ်ပိုင်းနတ်အဆင့်မှာ ရှိသည်ကို ထည့်တွက်ပါက လည်မျိုဖမ်းဆုပ်ကွက်ကို ထုတ်ဖော်လိုက်သည့် ပိုင်ရှောင်ချန်း၏ ရည်ရွယ်ချက်က သူ့ကို သတ်ရန်မဟုတ်ဘဲ သူ၏ အမြန်နှုန်းကို တုံ့နှေးသွားစေပြီး ဆွဲငင်အားနှင့် ဆွဲခေါ်ရန်သာ ဖြစ်သည်။
ထိုအတတ်ကို သူ ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆွဲငင်အားထွက်ပေါ်လာပြီး လျှပ်စီးတိမ်တိုက်သခင်မှာ အရှိန်နှေးလာကြောင်း သဘောပေါက်လိုက်သဖြင့် မျက်စိမျက်နှာပျက်သွားတော့သည်။
" ဒီကောင် ပိုင်ရှောင်ချန်းက တော်တော်ထူးဆန်းတဲ့ကောင်ပဲ"
သူ ပင့်သက်ရှိုက်လိုက်သည်။ အရာအားလုံးကား မီးတစ်ခတ်စာအတွင်း ဖြစ်ပျက်နေခြင်း ဖြစ်သည်။ မည်သို့လုပ်ရမည်ကို စဥ်းစားရန် အချိန်မရှိသောကြောင့် လျှပ်စီးတိမ်တိုက်သခင်က လျှာကိုက်လိုက်ပြီး သွေးတစ်ပွက်ထွေးထုတ်လိုက်သည်။ သူက ခက်ခဲသော အခြေအနေသို့ ကျရောက်နေသည့်တိုင် အရှိန်ထပ်တင်နိုင်လိုက်သေး၏။
တိုးတိတ်ညင်သာသော တဝီဝီမြည်သံ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်မှာ စွမ်းအားများကို အကန့်အသတ်မရှိ ဆင့်ခေါ်နိုင်သည့်အလား သူက ပို၍ ပျောက်ကွယ်သွားတော့သည်။ ထိုသို့ သူ နောက်တစ်လှမ်းဆုတ်လိုက်သည်က မီတာ ၃၀၀၀ အဝေးသို့ ရောက်သွားပါသော်လည်း ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်၌ အပြုံးတစ်စ ပေါ်လာ၏။
သူသည် လျှပ်စီးတိမ်တိုက်သခင်က အရှိန်ပိုတင်အောင် ဝှက်ဖဲတစ်ချပ်အား သုံးရန် စောင့်ဆိုင်းနေခဲ့ခြင်းပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးပွင့်သွားရာ ခရမ်းရောင်အလင်းများ ဖြာထွက်လာပြီး လျှပ်စီးတိမ်တိုက်သခင်အပေါ်သို့ သံကြိုးများသဖွယ် တွယ်ကပ်သွားတော့သည်။
လျှပ်စီးတိမ်တိုက်သခင်သည် ပြဿနာ အစပျိုးနေမှန်း သိလိုက်ပြီး မျက်နှာပျက်သွားသည်။ သူသည် ရုတ်တရက် နွံထဲနစ်သွားသည့်အလား ခံစားလိုက်ရပြီး တခဏတာ လှုပ်ရှား၍မရတော့ပေ။
၄င်းက တဒင်္ဂသာ ကြာမည်ဖြစ်သော်လည်း နတ်အဆင့်ကျင့်ကြံသူများ တိုက်ခိုက်သောအခါ ထိုတဒင်္ဂလေးအတွင်း အကြောင်းကိစ္စများစွာ ဖြစ်ပွားနိုင်သည်။
" ထာဝရ ဧကရာဇ်လက်သီး "
ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သည်။ သူ၏လက်ပတ်လည်တွင် အနက်ရောက်လေပွေကြီး ဝေ့ဝိုက်တက်လာပြီး သူ၏နောက်တွင် အရိပ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာ၏။ ထို့နောက် လက်သီးချက်အား ပစ်သွင်းလိုက်တော့သည်။
၄င်းကား ထာဝရဧကရာဇ်လက်သီး၏ ငါးဆအားပင်။
သဲမှုန်များ အရပ်မျက်နှာအနှံသို့ လွင့်ပျံသွားပြီး အနီးနားရှိ သဲတီကောင်များမှာ တဆတ်ဆတ်တုန်ရီနေလျက် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ တချိန်တည်းမှာပင် လျှပ်စီးတိမ်တိုက်သခင်၏ မျက်လုံးများ ပြူးကျယ်သွား၏။
" ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ"
ရုတ်တရက် သူ့ခန္ဓာကိုယ်၏ ကြီးထွားသန်မာသောအခြမ်းမှာ အနက်ရောင်အလင်းများ ဖြာထွက်လာကာ ရောင်ကိုင်းလာ၏။ တချိန်တည်းမှာပင် သူက သူ၏ကျင့်ကြံခြင်းအခြေခံ စိတ်စွမ်းအားများအား တတ်နိုင်သမျှ ဆင့်ခေါ်လိုက်ရာ အနက်ရောင်အလင်းများက ဧရာမမိစ္ဆာနတ်ဆိုးတစ်ကောင်အသွင်ဖြစ်လာသည်။
မိစ္ဆာနတ်ဆိုးက ကောင်းကင်ဘုံကိုပင် ဖျက်ဆီးချေမှုန်းပစ်နိုင်သည့် သာမန်ထက်ထူးခြားသော စွမ်းအင်များ ထုတ်လွှတ်နေလေသည်။ သို့သော် ၄င်း၌ ကိုယ်တစ်ခြမ်းသာ ရှိပြီး အပြည့်မဟုတ်ပေ။ သို့ရာတွင် ၄င်းက ပိုင်ရှောင်ချန်းကို ခုခံရန် ရှေ့တက်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းနှင့် ထာဝရဧကရာဇ်လက်သီးတို့ ထိပ်တိုက်တွေ့ဆုံသွားသည်။
ဝုန်းခနဲ ပေါက်ကွဲသံကြီးကား အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားတော့သည်။