လက်တစ်ကမ်းမှ လောကီနယ်ပယ်
Vol. 21 Ch. 201
"ဘယ်သူမှ သွားခွင့်မရှိဘူး..."
ရှောင်ဝူချင်းနှင့် ယွင်ချိုင်တို့ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဆုံနေစဉ်မှာပင် လီချင်းချိုးက ကြားဖြတ်၍ ဟန့်တားလိုက်ရသည်။
သူတို့ နောက်ပြောင်နေကြသည်လား...
ဤလေးယောက်ကို လွှတ်လိုက်ခြင်းက သေတွင်းထဲ လွှတ်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့မှာ ပါရမီ မြင့်မားကြသည်ကို လီချင်းချိုး ဝန်ခံသော်လည်း လက်ရှိတွင်မူ လီရန်ကိုပင် မမီနိုင်ကြသေးချေ။
လီရန်ပင်လျှင် ယန်တောက်ကျုံး၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည် ဖြစ်ရာ ယန်တောက်ကျုံးဆိုသူသည် လမ်းစဉ်သို့ ဝင်ရောက်ခြင်း၏ အရှင်သခင်များ ဖြစ်ကြောင်း လီချင်းချိုး ပို၍ပင် ယုံကြည်သွားတော့သည်။
လီချင်းချိုး၏ စကားကို ကြားသောအခါ ရှောင်ဝူချင်းနှင့် ယွင်ချိုင်တို့မှာ အကြည့်လွှဲလိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
ရှောင်ဝူချင်းက ….
"ဂိုဏ်းချုပ်... လီရန်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူ ဘယ်သူ့ကိုမှ စေလွှတ်လို့ မဖြစ်ဘူး... စီနီယာအစ်ကိုနဲ့ အဆင့်အတူတူရှိတဲ့ တပည့်တွေကို ထပ်လွှတ်ပြီး ရှုံးနိမ့်နေမယ်ဆိုရင် ဒါက ထျန်းရွှမ်တောင်နဲ့ ယန်တောက်ကျုံးအတွက် သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို တည်ဆောက်ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်ပါလိမ့်မယ်... သူတို့ အရှိန်အဟုန် တက်နေတုန်းမှာ ဂိုဏ်းထဲက စစ်မှန်တဲ့ အရှင်သခင်တွေကို စေလွှတ်ပြီး သူတို့ရဲ့ ထောင်လွှားမှုကို တစ်ချက်တည်းနဲ့ နှိမ်နင်းရပါမယ်... အဲဒီအချိန်ကျရင် ကွယ်ရာကနေ လူထုသဘောထားကို သွေးထိုးပေးနေတဲ့သူတွေလည်း သေချာပေါက် ငြိမ်နေနိုင်တော့မှာ မဟုတ်ပါဘူး..."
လီချင်းချိုးက ခေါင်းညိတ်၍….
"ငါ စဉ်းစားပေးပါမယ်... မင်းတို့ သွားနိုင်ပြီ... ဒါ မင်းတို့နဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး..."ဟု ပြောလိုက်တာကြောင့် ထိုလေးယောက်မှာ ချက်ချင်းပင် ဦးညွှတ်၍ ထွက်ခွာသွားကြတော့သည်။
လီချင်းချိုးမှာ ထိုနေရာတွင် ခေတ္တမျှ ရပ်နေပြီးနောက် လင်းရှောင်ခြံဝင်းသို့ဝင်သွားကာ ခြံဝင်းအပြင်ဘက်ရှိ ယွမ်ချီထံသို့ စိတ်ချင်းဆက်သွယ်ကာ ကျန်းယွီချွန်းနှင့် ရှန်ယွဲ့တို့ကို ခေါ်ခိုင်းလိုက်သည်။
နှစ်သစ်ကူးပြီးနောက် ရွှီနင်းက ထျန်းရှန်းဝိညာဉ်ရေကန်သို့ သွားခဲ့ပြီး ကျန်းကျောက်ရှားမှာ မူလသံမဏိကောင်းချီးမြေသို့ သွားခဲ့ရာ ရှန်ယွဲ့မှာ ဂိုဏ်းအတွင်း အစွမ်းအထက်ဆုံးသူ ဖြစ်လာခဲ့သည်။ ပြန်ကြည့်မည်ဆိုလျှင် သူတို့၌ အနိုင်ရရန် နည်းဗျူဟာများ လုံလောက်စွာ မရှိသေးချေ။ ရွှယ်ကျင်း၊ ကျောက်ကျိန်း၊ ယွင်ချိုင်၊ ယန်ရွှမ်၊ ကျိယာနှင့် ရှောင်ညီနောင်သုံးဖော်တို့ကဲ့သို့ ပါရမီရှင်များမှာ ကြီးထွားရန် အချိန်လိုအပ်သေးသည်။
အကယ်၍ ဤယန်တောက်ကျုံးကို သိမ်းသွင်းနိုင်မည်ဆိုလျှင် အလွန်ကောင်းပေလိမ့်မည်။ ထိုသူသည် တိုက်ခိုက်ရေးသမား တစ်ယောက်သာမက ကြီးမားသော အလားအလာကိုလည်း ကိုယ်စားပြုနေသူ ဖြစ်သည်။
ယန်တောက်ကျုံးအနေဖြင့် ချင်းရှောင်ဂိုဏ်း တပည့်များကို အသက်အန္တရာယ် မပြုသရွေ့ ဤကိစ္စတွင် ညှိနှိုင်းစရာ နေရာ ရှိနေသေးသည်။
လီချင်းချိုးက ရှည်လျားသော စားပွဲတွင် ထိုင်၍ အတွေးများ နယ်ချဲ့နေသည်။ မကြာမီမှာပင် ကျန်းယွီချွန်း ရောက်ရှိလာပြီး မျက်နှာထား တည်ကြည်လေးနက်နေသဖြင့် အခြေအနေကို သိရှိထားပုံရသည်။
သူက လီချင်းချိုး၏ ရှေ့တွင် ဝင်ထိုင်၍ သက်ပြင်းတစ်ချက် ချလိုက်ကာ …
"ကျွန်တော် ထျန်းရွှမ်တောင်ကို အထင်သေးမိသွားတယ်... ယန်တုန်းကို လွှတ်လိုက်ရင် အားလုံးကို စုံစမ်းဖို့ လုံလောက်ပြီလို့ ထင်ခဲ့တာ..."
ယန်တုန်းမှာ ထိန်းချုပ်ရေးခန်းမ၌ အစွမ်းအထက်ဆုံး ဖြစ်သည်။အနှီတပည့်လေးသည် ကျင့်ကြံမှု ပါရမီမှာ ထူးချွန်သည့် အဆင့်သို့ ရောက်ရှိနေပြီး ကျင့်ကြံမှု အရှိန်အဟုန်မှာ ကျောက်ကျိန်းထက် မနိမ့်ကျချေ။ သို့သော် နားလည်သဘောပေါက်နိုင်စွမ်းမှာမူ အနည်းငယ် အားနည်းသည်။
ယန်တုန်းမှာ နေ့စဉ်နေ့တိုင်း ကြိုးစားကျင့်ကြံသူ ဖြစ်သည်။ ဤနှစ်အတွင်း သူသည် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး စစ်မှန်သော အားကောင်းသူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။
ကျန်းယွီချွန်းမှာ ယန်တုန်း၏ ခွန်အားအပေါ် ယုံကြည်မှု အပြည့်ရှိခဲ့သော်လည်း ယန်တုန်း ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"လီရန်နဲ့ ယန်တုန်း ဘယ်လိုနေသေးလဲ..."
"သူတို့ ထျန်းရွှမ်တောင်ကနေ ထွက်လာပြီး အိမ်တော်တစ်ခုမှာ အနားယူနေကြပါတယ်... အဲဒီအိမ်တော်ပိုင်ရှင်က ကျွန်တော်တို့ ချင်းရှောင်ဂိုဏ်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို သူတို့ သခင်လေးကလည်း ချင်းရှောင်ဂိုဏ်း တပည့်တစ်ယောက်ပါပဲ... သူတို့ကို ကောင်းကောင်း ဂရုစိုက်ပေးပါလိမ့်မယ်..."
ဤသည်ကို ကြားသောအခါ လီချင်းချိုး ခေါင်းညိတ်လိုက်သည်။ ယန်တောက်ကျုံးမှာ အတော်လေး စည်းစနစ် ရှိလှသည်။ ယန်တောက်ကျုံးက ချင်းရှောင်ဂိုဏ်း တပည့်များကို မသတ်ရဲသည်ပင် ဖြစ်စေ၊ မသတ်ခဲ့သည့်အတွက် ချင်းရှောင်ဂိုဏ်းမှာ သူ့ကို ကျေးဇူးကြွေး တစ်ခု တင်သွားပြီ ဖြစ်ရာ အနည်းဆုံးတော့ လီချင်းချိုးက ဤအချက်ကို မှတ်သားထားမည် ဖြစ်သည်။
ထိုစဉ်မှာပင် ခြံဝင်းအတွင်းသို့ ရှန်ယွဲ့ လမ်းလျှောက်ဝင်လာသဖြင့် ကျန်းယွီချွန်းက သူ့ကို တစ်ချက် လှည့်ကြည့်လိုက်သောအခါ အမူအရာမှာ နူးညံ့သွားသည်။ ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် ရှန်ယွဲ့တို့သည် ဂိုဏ်းချုပ်၏ လက်အောက်တွင် အစွမ်းအထက်ဆုံး သုံးဦးအဖြစ် သတ်မှတ်ခံထားရပြီး ကျန်းယွီချွန်းပင်လျှင် သူတို့ကို အမိန့်ပေး၍ မရချေ။
ရှန်ယွဲ့ ရောက်လာသည်ကို မြင်သောအခါ လီချင်းချိုး အလေးအနက် ထားနေပြီ ဖြစ်ကြောင်း ကျန်းယွီချွန်း သိလိုက်သည်။
ရှန်ယွဲ့က စားပွဲအနားသို့ ချဉ်းကပ်၍ လီချင်းချိုးကို ဦးညွှတ်လိုက်လေသည်။ သူ့ရဲ့ ကိုယ်ဟန်မှာ ရိုသေမှု ကင်းမဲ့နေသော်လည်း လီချင်းချိုးက အရေးမစိုက်ပေ။
"ကျုပ် ပြောခဲ့တဲ့ လမ်းစဉ်သို့ ဝင်ရောက်ခြင်းရဲ့ အရှင်သခင် ပေါ်လာပြီ... သူက ထျန်းရွှမ်တောင်ရဲ့ ယန်တောက်ကျုံးပဲ... လီရန်၊ ယန်တုန်းနဲ့ မိုကျိုဟုန်တို့ သူ့လက်ချက်နဲ့ ရှုံးသွားကြပြီ... ကျုပ် ခင်ဗျားကို အဲဒီကို လွှတ်ချင်တယ်... သူ့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိလား..."
လီချင်းချိုးက ရှန်ယွဲ့ကို စိုက်ကြည့်ကာ မေးလိုက်တော့ ရှန်ယွဲ့၏ မျက်ခုံးများ မြင့်တက်သွားသည်။
"ယန်တောက်ကျုံးလား... ကျွန်တော် တကယ်ပဲ သွားတွေ့ဖို့ လိုတာပဲ... တိကျတဲ့ တာဝန်က ဘာလဲ... လူသတ်ဖို့ရော လိုလား..."
ရှန်ယွဲ့သည် ရွှယ်ကျင်း လက်တစ်ဖက် ဆုံးရှုံးသွားပြီးကတည်းက လုပ်ရပ်များကို နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်ခဲ့ပြီး ပြောင်းလဲမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
"သူ့ကို အနိုင်ယူလိုက်ရုံပါပဲ... ပြီးရင် အခြေအနေအရ ကြည့်လုပ်ပေါ့... ထျန်းရွှမ်တောင်မှာ လျှို့ဝှက်ချက် တခုခု ရှိနေနိုင်တယ်..."
"အတွေ့အကြုံ ရအောင် တပည့်တွေကို ခေါ်သွားရမလား..."
"ခင်ဗျားက ဓားဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ပဲ... ဒါကြောင့် ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်... အကယ်၍ ခင်ဗျားသာ တပည့်တစ်ယောက်အနေနဲ့ တောင်ပေါ်ကနေ ဆင်းချင်တယ်ဆိုရင် ထိန်းချုပ်ရေးခန်းမမှာ မှတ်ပုံတင်ဖို့ မမေ့နဲ့..."
"ကောင်းပြီ!"
ထိုသို့ပြောပြီးသည်နှင့် ရှန်ယွဲ့ လှည့်ထွက်သွားတော့သည်။
ကျန်းယွီချွန်းက သူ ထွက်ခွာသွားသည်ကို ကြည့်ကာ လင်းရှောင်ခြံဝင်းမှ ထွက်သွားပြီးမှသာ သက်ပြင်းချ၍…
"ဒီဓားနတ်ဘုရားက အရင်အတိုင်း ရဲရင့်နေတုန်းပဲ... သူ့ရဲ့ အသက်က သူ့ရဲ့ ပါရမီကို မထိခိုက်စေဘူး... တခြားတစ်ဖက်မှာတော့ ကျွန်တော်တို့ရဲ့ ဂိုဏ်းဘိုးဘေးက အများကြီး နိမ့်ကျနေတယ်..."
"ရှန်ယွဲ့ရဲ့ ပါရမီက ဂိုဏ်းထဲက ပါရမီရှင်တွေထက် မနိမ့်ပါဘူး... ငါတို့ရဲ့ ဂိုဏ်းဘိုးဘေးကတော့ စိတ်ဓာတ်တွေ ကျဆင်းနေတာပါ..."
ရှန်ယွဲ့မှာ ဓားရူးတစ်ယောက် ဖြစ်သလို ကျင့်ကြံရေး ရူးသွပ်သူလည်း ဖြစ်ရာ ရွှီနင်း၊ ကျန်းကျောက်ရှားနှင့် ကျောက်ကျိန်းတို့နှင့် အမျိုးအစားတူသူ ဖြစ်ပြီး ၎င်းတို့ထက်ပင် ပို၍ စွဲလန်းသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် အစွမ်းထက်သော ပုံရိပ်ကို ထိန်းသိမ်းထားနိုင်ပြီး အခြားသူများနှင့် ကွာဟချက်ကို ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
အစောပိုင်း ဘဝကို ဖြုန်းတီးခဲ့ရသဖြင့် ချင်းရှောင်ဘိုးဘေး၌ယှဉ်ပြိုင်လိုစိတ်များ ပျောက်ဆုံးနေပြီး ယခုအခါ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း ချင်းရှောင်ဂိုဏ်းအတွက် တစ်ခုခု လုပ်ပေးချင်ရုံသာ ရှိတော့သည်။ ထို့ကြောင့် သူသည် စွမ်းရည်များကို ကျင့်ကြံရန် အလျင်မလိုတော့ဘဲ သူ ကြိုးစားကျင့်ကြံလျှင်ပင် ဂိုဏ်းအတွက် များစွာ အထောက်အကူ မပြုနိုင်တော့ဟု ယုံကြည်နေခြင်း ဖြစ်သည်။
"ဟား ဟား နောင် အနှစ်ငါးဆယ်ကြာရင် ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားက ဘယ်လိုဖြစ်နေမလဲ မသိဘူးနော်..."
"ငါကတော့ သိပ်ပြောင်းလဲမှာ မဟုတ်ဘူးလို့ သေချာပေါက် ပြောနိုင်တယ်... ဒါပေမဲ့ မင်းကတော့ အာဏာလုပွဲတွေကြားထဲမှာ အမြဲတမ်း ကူးခတ်နေရတာဆိုတော့ မင်းရဲ့ စိတ်ဓာတ်တွေ မပြောင်းလဲသွားအောင် သတိထားပါ..."
ထိုအခါ ကျန်းယွီချွန်း၏ အပြုံးများ ပျောက်ကွယ်သွားလေ၏။
"ဘယ်လိုပဲ ပြောင်းလဲပါစေ... ချင်းရှောင်ဂိုဏ်းရဲ့ အကျိုးစီးပွားက ကျွန်တော့်နှလုံးသားထဲမှာ အရေးကြီးဆုံးပါပဲ... ပြီးတော့ ကျွန်တော်တို့ စီနီယာ ညီအစ်ကိုတွေကြားက သံယောဇဉ်က အရေးအကြီးဆုံးအရာပါ..."
လီချင်းချိုးက သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ ကျန်းယွီချွန်းမှာ နေ့စဉ် ကြိုးစားအားထုတ်နေသူ ဖြစ်သဖြင့် သူကလည်း သတိပေးချက်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပြီး အပြစ်တင်မည် မဟုတ်ပေ။
ထို့နောက် သူတို့ နှစ်ဦးသား ဂိုဏ်းအတွင်း ဖြစ်ပျက်သမျှကို စကားစမြည် ပြောဆိုခဲ့ကြသည်။
ကျူးမိသားစု၏ အကူအညီဖြင့် တည်ဆောက်ထားသော လှေများကို ရှီးမြစ်သို့ ပို့ဆောင်ပြီးပြီ ဖြစ်သည်။ ကျန်းယွီချွန်းက တောင်အောက် မိုင်တစ်ရာခန့်တွင် ရိုးရှင်းသော ဆိပ်ကမ်းတစ်ခု တည်ဆောက်ထားပြီး ယွမ်ထျဲဆိပ်ကမ်းမြို့သို့ ရောက်ရှိနိုင်ခြင်း ရှိ၊ မရှိကို စမ်းသပ်ခရီးစဉ် ပြုလုပ်ရန် စီစဉ်နေသည်။
ဤလမ်းကြောင်း၏ အဓိက ရည်ရွယ်ချက်မှာ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေး အတွက် ဖြစ်သည်။ အဆုံးစွန်အားဖြင့် ချင်းရှောင်တောင်၏ ကြမ်းတမ်းသော တောင်ထိပ်များကို ဖြတ်ကျော်၍ မူလသံမဏိကောင်းချီးမြေသို့ ရောက်ရှိရန်မှာ မလွယ်ကူပေ။ သိုလှောင်အိတ်များ မတိုးပွားလာပါက မူလသံမဏိများကို သယ်ယူရန် ခက်ခဲလှသည်။ သိုလှောင်အိတ်များ ဖန်တီးရန်မှာ သာမန် မှော်ပစ္စည်းများထက် ပို၍ ခက်ခဲသည်။ ဝူရှင်းယွဲ့မှာ ဤအရာကို လေ့လာရင်း ဆံပင်ဖြူများပင် ပေါက်လာခဲ့သည်ဟု ဆိုကြသည်။
ခဏမျှ စကားပြောပြီးနောက် သူတို့ နှစ်ဦး လမ်းခွဲခဲ့ကြသည်။ ကျန်းယွီချွန်းက ပြန်သွားပြီးနောက် လီချင်းချိုးမှာ ကျင့်ကြံရန်အတွက် ကျင့်ကြံခြင်းဂူသို့ ပြန်လာခဲ့သည်။
ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိခြင်းမှာ လီချင်းချိုးအတွက် စတင်ခြင်းမျှသာ ဖြစ်သည်။ လောလောဆယ်တွင် အစွမ်းထက်သော ပြိုင်ဘက်များ မရှိသော်လည်း သူသည် ဆက်လက်၍ ခိုင်မာစွာ ကျင့်ကြံနေမည် ဖြစ်သည်။
ဂိုဏ်းအတွင်းရှိ ပါရမီရှင်များက တစ်ဦးကိုတစ်ဦး ဖိအားပေးနေကြသည်။ အမှန်စင်စစ် လီချင်းချိုးသည်လည်း ဖိအားကို ခံစားနေရပြီး တပည့်များ၏ ကျော်တက်ခြင်းကို မခံလိုပေ။
ထိုနေ့တွင် ဓားနတ်ဘုရား ရှန်ယွဲ့က ဓားဂိုဏ်း တပည့်တစ်စုကို ဦးဆောင်၍ မြောက်ဘက်ရှိ ထျန်းရွှမ်တောင်သို့ သွားရောက်ရန် တောင်ပေါ်မှ ဆင်းလာခဲ့ရာ ဂိုဏ်းအတွင်းရှိ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ လီရန်နှင့် ယန်တုန်းတို့ ယန်တောက်ကျုံး၏ လက်ချက်ဖြင့် ပြင်းထန်စွာ ရှုံးနိမ့်ခဲ့သည့် သတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားသဖြင့် တပည့်များ ဒေါသထွက်နေကြသည်။
၎င်းတို့အားလုံးမှာ ဂိုဏ်း၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်နိုင်ရန် မျှော်လင့်နေကြပြီး ယခုအခါ ဓားနတ်ဘုရား တောင်ပေါ်မှ ဆင်းလာပြီ ဖြစ်ရာ သဘာဝကျစွာပင် အလွန်အမင်း ဝမ်းသာနေကြတော့သည်။ ရှန်ယွဲ့၏ ခွန်အားမှာ သံသယဖြစ်ဖွယ် မရှိပေ။ ဂိုဏ်းအတွင်းရှိ ဂိုဏ်းချုပ်တစ်ဦးတည်းသာလျှင် သူ့ကို အမြဲတစေ သာလွန်နိုင်သူ ဖြစ်သည်။ ထိုကဲ့သို့သော အရှင်သခင် တောင်ပေါ်မှ ဆင်းလာခြင်းကြောင့် ၎င်းတို့အားလုံး စိတ်အေးသွားကြသည်။
ညနေခင်တွင်….
ခုယီနှင့် ခုအာတို့ ကျောက်ကျိန်း၏ ကျင့်ကြံခြင်းဂူသို့ ရောက်လာပြီး ယန်တောက်ကျုံးက လီရန်နှင့် ယန်တုန်းတို့ကို အနိုင်ယူလိုက်ကြောင်း ပြောပြလိုက်ကြသည်။
"လီရန်က တကယ်ပဲ ရှုံးသွားတာလား..."
ကျောက်ကျိန်းမှာ ကြားကြားချင်းအံ့အားသင့်သွားသည်။
သူသည် လီရန်၏ ခွန်အားကို ကောင်းစွာ သိရှိထားပြီး သူကိုယ်တိုင်ပင် အနိုင်ရရန် အာမမခံနိုင်ပေ။ သူတစ်ဦးတည်း မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်း တပည့်အားလုံးတွင် တစ်မျိုးသော ထောင်လွှားမှု ရှိကြသည်မှာ ချင်းရှောင်ဂိုဏ်းသည် လောကီရှိ ဂိုဏ်းအားလုံးထက် များစွာ သာလွန်သည်ဟူသော အချက်ပင် ဖြစ်သည်။ အကယ်၍ ရှုံးနိမ့်ခဲ့လျှင်ပင် ၎င်းတို့၏ တပည့်အချင်းချင်းထံတွင်သာ ရှုံးနိမ့်သင့်သည်။ ကျင့်ကြံသူများက သိုင်းပညာရှင်များကို မည်သို့ ရှုံးနိမ့်နိုင်မည်နည်း။
"ဒီယန်တောက်ကျုံးကလည်း ကျင့်ကြံသူလား..."
"သူက မသေမျိုးလမ်းစဉ်ကို ကျင့်ကြံတာ မဟုတ်ဘူး... သိုင်းပညာနဲ့ လမ်းစဉ်သို့ ဝင်ရောက်ခဲ့တာ... အဲဒါက ဒဏ္ဍာရီလာ နယ်ပယ်တစ်ခုပဲ... သိုင်းပညာရဲ့ ဒဏ္ဍာရီတွေတောင် မရောက်နိုင်ခဲ့တဲ့ နယ်ပယ်ပေါ့... ဖြစ်နိုင်တာက သိုင်းလမ်းစဉ်ကလည်း ကျင့်ကြံခြင်း လမ်းစဉ်ထက် မနိမ့်ကျတာ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ သိုင်းလမ်းစဉ်ကလည်း ကျင့်ကြံခြင်း လမ်းစဉ်လိုပဲ ကျဆင်းသွားခဲ့တာပါ... မသေမျိုးလမ်းစဉ်ကို ဂိုဏ်းချုပ်က ပြန်လည် စတင်ခဲ့သလို သိုင်းလမ်းစဉ်ကိုလည်း တစ်စုံတစ်ယောက်က ပြန်လည် မြှင့်တင်ပေးဖို့ လိုအပ်နေတာပါ... သိုင်းလမ်းစဉ်ကို ပြန်လည် မြှင့်တင်ပေးမယ့်သူက ဒီယန်တောက်ကျုံးလား ဆိုတာတော့ ကျွန်တော် မသိဘူး..."
ကျောက်ကျိန်းမှာ နှုတ်ဆိတ်နေပြီး စိတ်ထဲတွင် အတော်လေး နေရခက်နေ၏။ မည်သို့ပင်ဆိုစေ ယန်တောက်ကျုံးမှာ ချင်းရှောင်ဂိုဏ်း တပည့်များကို နင်း၍ ဂုဏ်သတင်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ခုအာက ….
"ဘာပဲဖြစ်ဖြစ် အဲဒီလို အရှင်သခင် တစ်ယောက် တာဝန်ယူထားတာဆိုတော့ အရှင့်သားရဲ့မယ်တော် ဘေးကင်းရေးအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့..."
"ကျုပ် ထျန်းရွှမ်တောင်ကို ရောက်ရင် အဲဒီ ယန်တောက်ကျုံးကို စိန်ခေါ်မယ်... သိုင်းပညာနဲ့ လမ်းစဉ်သို့ ဝင်ရောက်တဲ့သူက ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ ကြည့်ချင်တယ်..."
"တကယ်တော့ အရှင့်သား သူ့အပေါ် ရန်လိုနေဖို့ မလိုပါဘူး..."ဟု ခုယီက ရုတ်တရက် ပြောလိုက်တော့ ကျောက်ကျိန်းက သူ့ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး မျက်ခုံးများ တွန့်ချိုးသွားသည်။
ခုအာက…
"ကျောက်မိသားစုက ထျန်းရွှမ်တောင်နဲ့ နက်နဲတဲ့ ဆက်ဆံရေး ရှိတယ်... မဟာဘိုးဘေးက တစ်ချိန်က ထျန်းရွှမ်တောင်မှာ သိုင်းပညာ လေ့ကျင့်ခဲ့ဖူးတယ်... အဲဒါကြောင့် ထျန်းရွှမ်တောင်က မဟာဘိုးဘေးရဲ့ သိမ်းသွင်းမှုကို ငြင်းပယ်ခဲ့တာတောင် မဟာဘိုးဘေးက သူတို့ကို မနှိမ်နင်းခဲ့တာပဲ..."
ထိုအခါ ကျောက်ကျိန်း၏ မျက်ခုံးများမှာ ပို၍ပင် တွန့်ချိုးသွားပြီး သူက ရုတ်တရက် အော်ဟစ်လိုက်လေသည်။
"တော်ပြီ!"
ခုယီနှင့် ခုအာတို့မှာ လန့်ဖျပ်တုန်လှုပ်သွားပြီး သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"မင်းတို့ ဘာတွေ တွေးနေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့... ထျန်းရွှမ်တောင်နဲ့ ငါ့မိခင်က ငါ့ကို ထီးနန်း ပြန်သိမ်းစေပြီး တာ့လီမင်းဆက်ကို ပြန်လည် တည်ထောင်ဖို့ မျှော်လင့်နေကြတာလား..."
ကျောက်ကျိန်းက ၎င်းတို့ကို စိုက်ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်တော့ ထိုစကားကို ကြားသောအခါ ခုယီနှင့် ခုအာတို့၏ မျက်နှာထားများ သိသိသာသာ ပြောင်းလဲသွားသည်။
တစ်ဆယ့်လေးနှစ်အရွယ် ကျောက်ကျိန်းက ဤအရာကို ထွင်းဖောက် မြင်နိုင်လိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
ခုအာက…
"အရှင့်သားက ခမည်းတော်ရဲ့ နောက်ဆုံး ဆန္ဒကို သစ္စာဖောက်တော့မှာလား... အကယ်၍ အရှင့်သားရဲ့ခမည်းတော်သာ အသက်ရှင်နေသေးရင် ဒီလောကကြီးကို ဒီလောက်ထိ ဖရိုဖရဲ ဖြစ်အောင် ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး...အရှင့်သားက ချင်းရှောင်ဂိုဏ်းရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သလို…. ဂိုဏ်းချုပ်ရဲ့ တပည့်ဖြစ်ပြီး အရှင့်သားရဲ့မယ်တော်ကလည်း ထျန်းရွှမ်တောင်က လာတာပါ... အကယ်၍ အရှင့်သားသာ ရှေ့ထွက်ဖို့ ဆန္ဒရှိမယ်ဆိုရင် အဖွဲ့အစည်း နှစ်ခုစလုံးက ထောက်ခံမှာ သေချာပါတယ်... ပြီးတော့ အရှင့်သားက အရင်က မရှိခဲ့ဖူးတဲ့ ကြီးကျယ်တဲ့ လုပ်ငန်းကြီးတစ်ခုကို သေချာပေါက် ဖန်တီးနိုင်မှာပါ!" ဟု ခုယီကလည်း ရှေ့ထွက်၍ အကြံပေးလိုက်သည်။
၎င်းတို့၏ အမြင်တွင် နောင်တွင် အင်ပါယာ အာဏာကို ချင်းရှောင်ဂိုဏ်းက နှိမ်နင်းထားမည်ဆိုလျှင်ပင် ကိစ္စမရှိပေ၊ အကြောင်းမှာ ကျောက်ကျိန်းသည်လည်း ချင်းရှောင်ဂိုဏ်း တပည့်တစ်ဦး ဖြစ်နေသောကြောင့်ပင်။ လီချင်းချိုးက ကျောက်ကျိန်းအပေါ် ထားရှိသော သံယောဇဉ်ကို ၎င်းတို့ မြင်တွေ့ထားသဖြင့် ထီးနန်းမှာ ကျောက်ကျိန်း၏ လက်တစ်ကမ်းတွင် ရှိနေသည်ဟု ခံစားနေရသည်။
ကျောက်ကျိန်း၏ မိခင်မှာလည်း ကျောက်ကျိန်းက လောကကြီးကို အောင်နိုင်ရန် မျှော်လင့်နေသဖြင့် ကျောက်ကျိန်းကို ထျန်းရွှမ်တောင်သို့ လာရောက်ရန် စာတစ်စောင် ရေးခဲ့ခြင်း ဖြစ်ရာ သူမကိုယ်တိုင် ဖျောင်းဖျနိုင်မည် ဖြစ်သည်။ ဤသည်မှာ ခုယီနှင့် ခုအာတို့ မြင်တွေ့လိုသော အရာလည်း ဖြစ်သည်။
ကျောက်ကျိန်းက သရော်ပြုံး ပြုံးလိုက်ပြီး…
"ငါ့ခမည်းတော်လား... သူ သေသွားပြီ... သူ ငါ့ကို တောင်ပေါ်ကို မလွှတ်ခင်မှာ ငါ လိုချင်တဲ့ ဘဝကို ဖြတ်သန်းဖို့ ပြောခဲ့တယ်... ငါ ဧကရာဇ် မဖြစ်ချင်ဘူး... ငါ့ရဲ့ မျိုးဆက်တွေ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြမှာကို ငါ မတွေ့ချင်ဘူး... ငါ မသေမျိုးလမ်းစဉ်ကိုပဲ ကျင့်ကြံချင်တယ်... ချင်းရှောင်ဂိုဏ်းမှာ နေရတာ ငါ့အတွက် အရမ်း ပျော်ဖို့ ကောင်းတယ်... ငါ အခု ရှိနေတဲ့ အရာအားလုံးကို ပြောင်းလဲမှာ မဟုတ်ဘူး..."
"အကယ်၍ ငါ့မယ်တော်ကလည်း မင်းတို့လိုမျိုး တွေးနေတာဆိုရင် ငါ့ရဲ့ ထျန်းရွှမ်တောင် ခရီးစဉ်က အမျိုးအဆွေတွေဆီ အလည်သွားတာ မဟုတ်တော့ဘဲ ချင်းရှောင်ဂိုဏ်းရဲ့ ကိုယ်စားလှယ် အနေနဲ့ သွားတဲ့ ခရီးစဉ်ပဲ ဖြစ်လိမ့်မယ်..."
ခုယီနှင့် ခုအာတို့မှာ ပြာပြာသလဲ ဖြစ်သွားပြီး ကျောက်ကျိန်းကို ဆက်လက် ဖျောင်းဖျရန် ကြိုးစားသော်လည်း ကျောက်ကျိန်းမှာ မတုန်မလှုပ် ရှိနေတော့သည်။
၎င်းတို့ မသိလိုက်သည်မှာ အနီးအနားရှိ ချောက်ကမ်းပါးထိပ်မှ ခေါင်းတစ်ခု ပြူထွက်လာပြီး ၎င်းတို့ကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်ကာ တဟားဟား ရယ်မောနေခြင်းပင် ဖြစ်သည်။