သိုင်းပညာဖြင့် သူတော်စင်အဖြစ် သက်သေပြခြင်း
Vol. 21 Ch. 202
ခုယီ၊ ခုအာတို့နှင့် အချေအတင် စကားများပြီးနောက် ကျောက်ကျိန်းက သူတို့နှစ်ယောက်ကို ကျင့်ကြံခြင်းဂူထဲမှ မောင်းထုတ်လိုက်လေသည်။ သူသည် မိခင်ဖြစ်သူနှင့် ထျန်းရွှမ်တောင်အကြောင်းကို မတွေးမိစေရန် ကြိုးစားရင်း ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။
ယန်တောက်ကျုံး၏ ခွန်အားက ကျောက်ကျိန်းကို ပို၍ကြီးမားသော တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်စေခဲ့သည်။
မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်ဆိုသည်မှာ လုံလောက်ရန် အလှမ်းဝေးနေသေးသည်။ သူသည် ရှန်ယွဲ့၊ ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့လို အားကိုးရပြီး အစွမ်းထက်သော သူတစ်ဦး ဖြစ်လာချင်ခဲ့သည်။
သူက အင်ပါယာအာဏာကို မလိုချင်သရွေ့ ဤကိစ္စကို လျစ်လျူရှုထားနိုင်မည်ဟု ထင်ခဲ့ဖူးသည်။
သို့သော် လောကကြီးတွင် အရာရာသည် စီစဉ်ထားသည့်အတိုင်း မဖြစ်လာနိုင်သည်ကို ၎င်းတို့ မသိခဲ့ကြပေ။
...
ရှန်ယွဲ့ တောင်ပေါ်မှ ဆင်းသွားပြီးနောက် ချင်းရှောင်ဂိုဏ်းသည် အစီအစဉ်အတိုင်း ဆက်လက် တိုးတက်နေခဲ့ပြီး ထျန်းရွှမ်တောင်ကြောင့် ဖြစ်ပေါ်လာသော အုတ်အော်သောင်းနင်း အခြေအနေများက ချင်းရှောင်ဂိုဏ်းဟူသော ဧရာမအဖွဲ့အစည်းကြီးကို မတုန်လှုပ်စေနိုင်ခဲ့ချေ။
တပည့်များစွာမှာ ဒေါသထွက်နေကြသော်လည်း ခန်းမကြီး ၈ ခုမှ တာဝန်ရှိသူများအတွက်မူ ဤသည်မှာ ကိစ္စငယ်တစ်ခုသာ ဖြစ်ပြီး ၎င်းတို့တွင် လုပ်စရာ ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသည်။
ခန်းမတစ်ခုစီတိုင်းရှိ အလုပ်များနေမှုက ချင်းရှောင်ဂိုဏ်းသည် လောကီရေးရာများမှ အာရုံလွှဲသွားပြီး ပို၍ကြီးမားသော ရည်မှန်းချက်များကို လိုက်လံ အကောင်အထည်ဖော်နေကြောင်း ပြသနေ၏။
ရှန်ယွဲ့ တောင်ပေါ်မှ ဆင်းသွားသည်မှာ လဝက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤနေ့တွင် ကောင်းကင်လက်မှုပညာခန်းမမှ ဝူရှင်းယွဲ့က လီချင်းချိုးထံသို့ ရောက်လာခဲ့သည်။
သူမက မီးခိုးရောင် အဝတ်အိတ်ကို ရှည်လျားသော စားပွဲပေါ်သို့ တင်လိုက်တော့ လီချင်းချိုး၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားပြီး လှမ်းယူလိုက်သည်။ ထို့နောက် သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မင်း အောင်မြင်သွားပြီလား..."
ဤသည်မှာ ချင်းရှောင်ဂိုဏ်းပိုင် သိုလှောင်အိတ်ပင် ဖြစ်သည်။
"တားမြစ်ချက်ကို ပိုပြီး ကောင်းကောင်း ထိန်းသိမ်းထားနိုင်တဲ့ ဝိညာဉ်ကြေးနီ ကျေးဇူးကြောင့်ပါပဲ... ကျွန်မက ဝိညာဉ်ကြေးနီကို ကြေးနန်းကြိုးလေးတွေ ဖြစ်အောင် လုပ်ပြီး အိတ်ထဲမှာ သီကုံးထားလိုက်တာပါ... ဒါပေမဲ့ ကျွန်မရဲ့ ကျွမ်းကျင်မှုက သိပ်မကောင်းသေးတော့ အတွင်းပိုင်းက နေရာ သိပ်မကျယ်သေးဘူး..."
ဝူရှင်းယွဲ့က ပြုံးနေသော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် သူမ၏ ဆံပင်အရှည်များကြားတွင် ဆံပင်ဖြူ အနည်းငယ် ရောနှောနေသည်ကို တွေ့နိုင်ပေသည်။
လီချင်းချိုးက ဝိညာဉ်အသိအာရုံဖြင့် သိုလှောင်အိတ်အတွင်းသို့ စူးစမ်းကြည့်လိုက်သည်။ အတွင်းရှိ နေရာမှာ အမှန်တကယ်ပင် မကျယ်ဝန်းလှဘဲ သူ ရရှိထားသော သိုလှောင်အိတ်နှင့် မယှဉ်သာချေ။ ၎င်းမှာ ရေစည်တစ်လုံးစာခန့်သာ ရှိသည်။
သို့သော် လီချင်းချိုး စိတ်ပျက်မသွားပေ။ ဤအဆင့်လောက်ဆိုလျှင်ပင် တပည့်များအတွက် အရာရာကို အလွန် အဆင်ပြေချောမွေ့စေမည် ဖြစ်သည်။
“ဒီလို သိုလှောင်အိတ်မျိုး ဖန်တီးရတာ ခက်ခဲလား..."
"သိပ်မခက်ပါဘူး... ထုတ်လုပ်ရေး နည်းလမ်းကို တပည့်တွေကို သင်ပေးထားပြီးပါပြီ... သူတို့က ကျွန်မလောက် မမြန်ပေမဲ့ ဝိညာဉ်ကြေးနီ အလုံအလောက် ရှိနေသရွေ့ ပြီးစီးအောင် လုပ်နိုင်ပါတယ်... နောက်ဆိုရင် ပိုများတဲ့ တပည့်တွေ လေ့လာနိုင်ဖို့ ထုတ်လုပ်ရေး နည်းလမ်းကို စာအုပ်အဖြစ် ရေးမှတ်ထားလိုက်ပါမယ်..."
"ဝူရှင်းယွဲ့... ဒီသိုလှောင်အိတ် တစ်ခုတည်းနဲ့တင် မင်းရဲ့ ကြိုးပမ်းအားထုတ်မှုက ကြီးမားလှပါတယ်... မင်းကို ဆုကြေးအနေနဲ့ အကျိုးပြုအမှတ် တစ်သောင်း အရင် ပေးထားမယ်... တခြား ဆုကြေးတွေအတွက်တော့ နောက်မှ စဉ်းစားပေးပါမယ်..."
ဝူရှင်းယွဲ့လို ပါရမီရှင်တစ်ဦးအတွက် မည်မျှများပြားသော ဆုကြေးဖြစ်ပါစေ များလွန်းသည်ဟု မရှိပေ။
ယခုအခါ ဝူရှင်းယွဲ့၏ အရှိန်အဟုန်မှာ မင်ကွမ်းကိုပင် သိမသာလေး ကျော်လွန်နေပြီ ဖြစ်သည်။
လီချင်းချိုးမှာ အနာဂတ်တွင် ကောင်းကင်လက်မှုပညာခန်းမ၏ အကြီးအကဲ နေရာကို မည်သူ တာဝန်ယူသင့်သည်နှင့် ပတ်သက်၍ ခေါင်းကိုက်နေရဆဲပင်။
သေချာပေါက်ပင် ဤကိစ္စကို သူ စဉ်းစားရခြင်း၏ အကြောင်းရင်းမှာ ကျူးယန်ကို ဖယ်ရှားရန် မဟုတ်ချေ။ ဆန့်ကျင်ဘက်အားဖြင့် ကျူးယန်နှင့် အခြားခန်းမ အကြီးအကဲများကို ရာထူးတိုးပေးချင်သော်လည်း တိကျသော စနစ်နှင့် အာဏာကိုမူ စဉ်းစားရန် လိုအပ်နေသေးသည်။
ကျူးယန်အကြောင်းကို သီးသန့် ပြောရမည်ဆိုလျှင် သူမသည် အလုပ်ကို အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူမက မင်ကွမ်းနှင့် ဝူရှင်းယွဲ့တို့ကို ရှာဖွေတွေ့ရှိခဲ့ရုံသာမက သူမ၏ လက်အောက်ငယ်သားများကို အကောင်းဆုံး ပံ့ပိုးကူညီပေးခဲ့သည်။အနည်းဆုံးတော့ လီချင်းချိုးမှာ ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များ မတရားခံရသည်ဟု ညည်းညူသံများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရချေ။
အခြားသူများအပေါ် သည်းခံနားလည်ပေးနိုင်ခြင်းကလည်း အာဏာရှိသူများအတွက် ကြီးမားသော အားသာချက် တစ်ခုပင် ဖြစ်သည်။
လီချင်းချိုး၏ ချီးမွမ်းစကားကို ကြားပြီးနောက် ဝူရှင်းယွဲ့မှာ ချီတုံချတုံ ဖြစ်နေရှာသည်။
လီချင်းချိုးက သူမ၏ သိုလှောင်အိတ်ကို သဘောကျစွာ ကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။
"မင်း ပြောချင်တာရှိရင် ပြောပါ... ကောင်းကင်က ကြယ်တွေကို ခူးခိုင်းတာ၊ တောင်တွေနဲ့ ပင်လယ်တွေကို သယ်ခိုင်းတာမျိုး မဟုတ်သရွေ့ ငါ အားလုံးကို သဘောတူပါ့မယ်..."
ထိုစကားကြောင့် ဝူရှင်းယွဲ့ ရယ်မောလိုက်မိပြီး သူမ၏ ဖိအားများ ပြေလျော့သွားလေသည်။
“ဒီလိုပါ ဂိုဏ်းချုပ်... ကျွန်မရဲ့ ဝမ်းကွဲမောင်နှမ တစ်ယောက်က ပါရမီပိုင်းမှာ သိပ်မကောင်းဘူး... အခုလောလောဆယ် အမည်ခံ တပည့် တစ်ယောက်ပဲ ဖြစ်နေသေးတယ်... ကျွန်မ ငယ်ငယ်တုန်းက သူတို့မိသားစုရဲ့ ကျေးဇူးကို ခံစားခဲ့ရဖူးလို့ ကျေးဇူးဆပ်ချင်လို့ပါ... သူ့ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးလို့ ရမလား..."
လီချင်းချိုးက သူမကို မော့ကြည့်လိုက်ရာ ထိုအကြည့်ကြောင့် သူမ နေရခက်သွားသဖြင့် မျက်လွှာချလိုက်ပြီး အကြည့်ချင်း မဆုံရဲတော့ချေ။
"ဒါဆို သူ့ကို အတွင်းစည်း တပည့် ဖြစ်ခွင့်ပေးလိုက်မယ်... ဘယ်လိုလဲ..."
ထိုအခါ ဝူရှင်းယွဲ့မှာ အံ့အားသင့် ဝမ်းသာသွားပြီး ကမန်းကတန်း ခေါင်းညိတ်ကာ လီချင်းချိုးကို ဦးညွှတ် ကျေးဇူးတင်လိုက်သည်။
လီချင်းချိုးက သူမကို အားပေးစကား အနည်းငယ် ထပ်ပြောပြီးနောက် သွားရောက် အနားယူရန် ပြောလိုက်သည်။
ဝူရှင်းယွဲ့ ဦးညွှတ်၍ ထွက်ခွာသွားတော့ သူမ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း လီချင်းချိုးမှာ ခေါင်းမခါဘဲ မနေနိုင်တော့ချေ။
အမှန်ပင် လူတိုင်းသည် သံယောဇဉ်များဖြင့် ချည်နှောင်ခံထားရသည်။
ဝူရှင်းယွဲ့၏ တောင်းဆိုမှုကို သူ မနှစ်မြို့ခြင်း မဟုတ်သော်လည်း ချင်းရှောင်ဂိုဏ်းသည် သူကောင်းမျိုးနွယ်ဝင်များ၏ ထိုးဖောက်ဝင်ရောက်မှုကိုသာမက သူကောင်းမျိုးနွယ် အသစ်များ မွေးဖွားလာခြင်းကိုပါ ရင်ဆိုင်ရလိမ့်မည်ဟု သူ နားလည်လိုက်သည်။
သူ မတ်တပ်ရပ်၍ ဝူရှင်းယွဲ့ ဆက်သသွားသော သိုလှောင်အိတ်ကို ခါးတွင် ချိတ်ဆွဲလိုက်ပြီး တောင်နောက်ဘက်ရှိ တောအုပ်ဆီသို့ လမ်းလျှောက်သွားခဲ့သည်။
လင်းရှောင်ခြံဝင်းမှ ထွက်လာသည်နှင့် ရွှေသူငယ်က ဓားသိုင်းပညာများကို လေ့ကျင့်နေသည်ကို မြင်လိုက်ရသည်။
ဓားသိုင်းပညာ လေ့ကျင့်နေသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် တိကျသော ဓားကျင့်စဉ် တစ်ခုကို လေ့ကျင့်နေခြင်း ဖြစ်သည်။ ဤကျင့်စဉ်ကို လီချင်းချိုးက ကျမ်းစာတိုက်မှ ရွေးချယ်ပေးထားခြင်း ဖြစ်ပြီး ရွှေသူငယ်ကလည်း အတော်လေး စွဲလန်းနေပြီ ဖြစ်သည်။
ဤဆုတောင်းပိုးကောင်လေးမှာ အမှန်တကယ်ပင် ကြိုးစားလှသည်။
ရွှေသူငယ်သည် ယခင်က တရုတ်နံနံ၏ လမ်းညွှန်မှုအောက်တွင် လေ့ကျင့်ခဲ့ပြီး အခြေခံအားဖြင့် ကိုယ်တိုင် လေ့လာသင်ယူခဲ့ခြင်း ဖြစ်သည်။ ယခု လီချင်းချိုး ရှိနေပြီ ဖြစ်ရာ သူ့ဘက်ကလည်း ကြီးမားသော ဆန္ဒကို ပြသနေသဖြင့် လီချင်းချိုးမှာ ၎င်းအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိလာတော့သည်။
အနာဂတ်တွင် ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် ရှန်ယွဲ့တို့နှင့် ယှဉ်ပြိုင်မည့် တပည့်များအဖွဲ့တွင် ကျောက်ကျိန်း၊ ယွင်ချိုင်၊ ကျိယာနှင့် ရှောင်ညီနောင်သုံးဖော်တို့ကဲ့သို့ လူသားမျိုးနွယ်ဝင် တပည့်များသာမက မိစ္ဆာများလည်း ပါဝင်လာပေလိမ့်မည်။
လီချင်းချိုးက ရွှေသူငယ်၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်တော့ဘဲ ကျင့်ကြံရန် ကျင့်ကြံခြင်းဂူသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။
...
မြောက်ပိုင်း လျန်ကျိုးနယ်ရှိ တောင်တန်းလွင်ပြင် တစ်နေရာတွင်...
လီရန်၊ ယန်တုန်း၊ ပိုင်နင်းအာ၊ ကျန်းဖိန်နှင့် အခြား ချင်းရှောင်ဂိုဏ်း တပည့်များသည် အဆုံးမရှိသော ချောက်ကမ်းပါးဘေးတွင် ဟိုတစ်စု ဒီတစ်စု ထိုင်နေကြသည်။၎င်းတို့၏ ပတ်ဝန်းကျင် အခြေအနေမှာ အတော်လေး ခြောက်ကပ် တိတ်ဆိတ်နေသည်။
ထိုစဉ်မှာပင် တပည့်တစ်ဦးက ဓားပျံစီး၍ ရောက်လာကာ အလျင်အမြန် ဆင်းသက်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဓားနတ်ဘုရား စီနီယာ ရောက်လာပြီ... သူ ယန်တောက်ကျုံးကို တိုက်ခိုက်ဖို့ တောင်ပေါ် တက်သွားပြီ..."
ထိုစကားကို ကြားသောအခါ တပည့်အားလုံး မျက်လုံးများ ပွင့်လာကြပြီး အများစု၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်လာကြသည်။
ကျန်းဖိန်ကမူ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဓားနတ်ဘုရားပင် ရောက်လာပြီ ဖြစ်ရာ ဤအခက်အခဲကို ဖြတ်ကျော်နိုင်သင့်ပေသည်။
ယခင်က လီရန်တို့နှင့်အတူ ထျန်းရွှမ်တောင်သို့ တက်သွားစဉ်က အမြဲတစေ နေရခက်နေခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေခဲ့ကာ အဘယ်ကြောင့် ဤသို့ ခံစားနေရကြောင်းကို သူ နားမလည်နိုင်ခဲ့ပေ။
တည်ငြိမ်အေးချမ်းပုံရသော ထျန်းရွှမ်တောင်တွင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခု ရှိနေကြောင်း အလိုအလျောက် သိစိတ်က ပြောနေ၏။
လီရန်ကတော့ မျက်မှောင်များ ကြုတ်သွားပြီး အသက်ရှူရ ကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
ရှန်ယွဲ့ ရောက်ရှိလာခြင်းက ဤကိစ္စကို ဂိုဏ်းမှ သိရှိသွားပြီ ဖြစ်ကြောင်း ပြသနေပြီး သူ၏ ရှုံးနိမ့်မှုမှာ ချင်းရှောင်တောင် တစ်ခွင်သို့ ပျံ့နှံ့သွားလောက်ပြီ ဖြစ်ရာ သူ့ကို အလွန် စိတ်ဓာတ်ကျစေခဲ့သည်။
သို့သော်လည်း ယန်တောက်ကျုံး၏ အစွမ်းအစကို စဉ်းစားကြည့်မည်ဆိုလျှင် သူ ရှုံးနိမ့်ကြောင်း ဝန်ခံရမည်သာ ဖြစ်သည်။
ပိုင်နင်းအာ၏ မျက်လုံးများ လင်းလက်သွားပြီး သူ့တာဝန်မှာ ပိုမို ကောင်းမွန်သော အလှည့်အပြောင်း တစ်ခုသို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရသည်။
တပည့်များမှာ ထိုနေရာတွင် စကားစမြည် ပြောဆိုနေကြရင်း မလွှဲမရှောင်သာ ယန်တောက်ကျုံးအကြောင်းကို ထည့်ပြောလာကြသည်။ သိုင်းပညာစွမ်းရည်ဖြင့် မသေမျိုးဂိုဏ်းကို ယန်တောက်ကျုံးမှ အနိုင်ယူလိုက်ခြင်းက ၎င်းတို့ကို အံ့အားသင့်စေဆဲ ဖြစ်သည်။
လီရန်နှင့် ယန်တုန်းတို့မှာ ရှုံးနိမ့်မှုကို လက်မခံနိုင်သူများ မဟုတ်ကြပေ။ ထျန်းရွှမ်တောင်မှ ထွက်လာပြီးနောက် ၎င်းတို့သည်လည်း ယန်တောက်ကျုံး၏ ခွန်အားကို ချီးကျူးခဲ့ကြရာ အခြားတပည့်များမှာ တင်းကျပ်မှု လျော့ကျသွားပြီး လွတ်လွတ်လပ်လပ် စကားပြောနိုင်လာကြသည်။
ယန်တောက်ကျုံးနှင့် ရင်ဆိုင်မည့် ဓားနတ်ဘုရားကို တွေးကြည့်ရုံဖြင့်ပင် တပည့်များမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
ဤသည်ကလည်း တစ်စုံတစ်ယောက်က လူတိုင်း၏ စိတ်လှုပ်ရှားမှုကို ငြိမ်းသတ်သွားစေမည့် မေးခွန်းတစ်ခု မမေးခင်အထိပင် ဖြစ်သည်။
"ဓားနတ်ဘုရား စီနီယာတောင် ယန်တောက်ကျုံးကို ရှုံးသွားရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..."
………….
နေရောင်ခြည်က တောင်ပေါ်တောအုပ်တစ်ခုအတွင်းသို့ ဖြာကျနေပြီး ထိုနေရာတွင် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ယန်တောက်ကျုံးက ဓားသိုင်းပညာကို လေ့ကျင့်နေ၏။ သူ့ကို ခြံရံနေသော သစ်ရွက်များနှင့် မြက်ပင်စများသည် နဂါးများက သူ့ကို အဖော်ပြုနေသကဲ့သို့ ရှိနေသည်။
ထျန်းရွှမ်တောင်မှာ ကျယ်ဝန်းခမ်းနားလှပြီး အထီးကျန် တောင်ထွတ်တစ်ခု မဟုတ်ပေ။ အပေါ်သို့ တက်သွားလေလေ ပန်းများ၊ မြက်များနှင့် သစ်ပင်များကို ပိုမို မြင်တွေ့ရလေလေ ဖြစ်ပြီး တောင်ခြေရှိ ခြောက်သွေ့သော နေရာများနှင့် မတူညီချေ။ ထို့ကြောင့်ပင် ၎င်းကို ထျန်းရွှမ်တောင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ရှေးလူကြီးများ ဆိုသကဲ့သို့ တောင်ခါးပန်းနေရာမှာ မြေပြင်ပေါ်ရှိ နတ်ပြည်တစ်ခုနှင့် တူလှသည်။
ထိုစဉ် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးက တောင်စောင်းတွင် ပေါ်လာပြီး သူက ဓားသိုင်းပညာ လေ့ကျင့်နေသော ယန်တောက်ကျုံးကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"စီနီယာအစ်ကို... ချင်းရှောင်ဂိုဏ်းသားတွေ ထပ်ရောက်လာပြန်ပြီ... အစကတည်းက ကျွန်တော် ပြောသားပဲ... သူတို့ကို မသတ်ဘဲ သတင်းတွေကို ဖုံးကွယ်မထားရင် ပြဿနာတွေ ဆက်တိုက် တက်လာလိမ့်မယ်လို့..."
ယန်တောက်ကျုံးက မျက်လုံးများကို မှိတ်ထားရင်း…
"သူတို့ကို သတ်လိုက်ရင်ရော သတင်းတွေကို တကယ် ဖုံးကွယ်ထားနိုင်မှာတဲ့လား..."
"အနည်းဆုံးတော့ ချင်းရှောင်ဂိုဏ်းက ကျွန်တော်တို့ကို စောင့်ကြည့်နေတဲ့ အခုလိုအခြေအနေလောက်တော့ ပြဿနာ မများနိုင်ဘူးလေ..."
"ဒါပေမဲ့ ချင်းရှောင်ဂိုဏ်း တပည့်တွေမှာ ထင်ရှားကျော်ကြားတဲ့ ဂိုဏ်းကြီးတစ်ခုရဲ့ အမူအကျင့်မျိုး ရှိနေတာကို ငါ သတိထားမိတယ်... အရင်က ထိုးဖောက်ဝင်ရောက်လာတဲ့ သူတွေကလွဲရင် တခြား ချင်းရှောင်ဂိုဏ်း တပည့်တွေက အရမ်း ယဉ်ကျေးကြပြီး သူတို့ကိုယ်သူတို့ ကောင်းကင်အောက်မှာ နံပါတ်တစ် ဂိုဏ်းလို့ မသတ်မှတ်ကြဘူး... မင်းကများ ချင်းရှောင်ဂိုဏ်းအပေါ် နားလည်မှု လွဲနေတာလား မသိဘူး... ထျန်းရွှမ်တောင်နဲ့ ချင်းရှောင်ဂိုဏ်းက ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်နိုင်ပါတယ်..."
ယန်တောက်ကျုံး၏ စကားများမှာ တောင်တန်းများရှိ လေပြေလေညင်းကဲ့သို့ မည်သည့် ခံစားချက်မှ မပါဝင်ဘဲ တာအိုဝတ်ရုံဖြင့် အဘိုးကြီး၏ နားထဲသို့ ညင်သာစွာ ဝင်ရောက်သွား၏။
တာအိုဝတ်ရုံဖြင့် အဘိုးကြီး၏ အမည်မှာ ဓားကျင့်စဉ်အကြီးအကဲ ဖြစ်သည်။ သူသည် ထျန်းရွှမ်တောင်၏ ဓားကိုင်ဆောင်သော အကြီးအကဲ ဖြစ်၏။ ယန်တောက်ကျုံးက ဂိုဏ်းချုပ်နေရာကို ဆက်ခံပြီးကတည်းက ထျန်းရွှမ်တောင်၏ အာဏာအားလုံး သူ့ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
ယန်တောက်ကျုံးက ချင်းရှောင်ဂိုဏ်းအပေါ် အကောင်းမြင်နေသည်ကို ကြားသောအခါ ဓားကျင့်စဉ်အကြီးအကဲမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။
"နားလည်မှုလွဲတာ ဟုတ်လား... ချင်းရှောင်ဂိုဏ်းက ဂိုဏ်းတွေကို ဖျက်ဆီးခဲ့တာ မလုံလောက်သေးလို့လား... ဒါ့အပြင် လီချင်းချိုးရဲ့ ဂျူနီယာညီလေးက လောကကြီးကို သိမ်းပိုက်နေတုန်းပဲလေ... အကယ်၍ ချင်းရှောင်ဂိုဏ်းကသာ အင်ပါယာအာဏာကို သိမ်းပိုက်ပြီး သိုင်းလောက တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဆိုရင် သူတို့ ဟန်ဆောင်နေလို့ ရတော့မှာ မဟုတ်ဘူး..."
"သမိုင်းတစ်လျှောက်မှာ အာဏာရဲ့ အထွတ်အထိပ်ကို ရောက်သွားတဲ့သူတိုင်း စိတ်နေစိတ်ထား ပြောင်းလဲသွားတတ်ကြတယ်... ထျန်းရွှမ်တောင်ဆိုတာ လောကရဲ့ သူတော်စင် နှစ်ပါး နေထိုင်တဲ့ နေရာပဲ... ချင်းရှောင်ဂိုဏ်းကို ဘယ်လိုလုပ် အညံ့ခံနိုင်မှာလဲ..."
ယန်တောက်ကျုံးကတော့ ထိုစကားများကို ယုံကြည်ပုံ မပေါ်ချေ။ ဓားကျင့်စဉ်အကြီးအကဲ စကားပြောဆိုပြီးမှသာ သူက အေးအေးလူလူပင် တုံ့ပြန်လိုက်သည်။
"ဂျူနီယာညီလေး... မင်းက ချင်းရှောင်ဂိုဏ်းက မင်းရဲ့ ထီးနန်းလုပွဲကို အဟန့်အတား ဖြစ်စေမှာ ကြောက်နေတာ မဟုတ်လား..."
ထိုအခါ ဓားကျင့်စဉ်အကြီးအကဲ၏ ဒေါသများ ငြိမ်ကျသွားပြီး ကမန်းကတန်း ရှင်းပြလိုက်ရသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ... ကျောက်ကျိန်းက ချင်းရှောင်ဂိုဏ်းရဲ့ မသေမျိုးကျင့်စဉ်တွေကို ထျန်းရွှမ်တောင်ဆီ ယူဆောင်လာနိုင်မယ်ထင်လို့ သူ့ကို သိမ်းသွင်းဖို့ ကြိုးစားရုံ သက်သက်ပါ... တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး..."
"ဒါပေမဲ့ ဒီလို အပြုအမူမျိုးက သူတော်စင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ရဲ့လား..."
"ထျန်းရွှမ်တောင်က အစကတည်းက သန့်စင်တဲ့နယ်မြေ မဟုတ်ခဲ့ပါဘူး... စီနီယာအစ်ကို ရှိနေသရွေ့ အပြစ်အားလုံးကို ကျွန်တော် ခံယူဖို့ ဆန္ဒရှိပါတယ်..."
ယန်တောက်ကျုံးမှာ ဆံပင်များ အဖြူရောင် ပြောင်းနေပြီ ဖြစ်သော်လည်း ရုပ်ဆင်းသွင်ပြင်မှာ နုပျိုနေဆဲ ဖြစ်ပြီး ဓားကျင့်စဉ်အကြီးအကဲ၏ ဂျူနီယာတစ်ဦးနှင့် ပိုတူနေ၏။
ဓားကျင့်စဉ်အကြီးအကဲ၏ စွဲလန်းမှု လွန်ကဲသော သဘောထားကို မြင်သော်လည်း ယန်တောက်ကျုံး၏ ဓားကိုင်ဆောင်မှု အမြန်နှုန်းမှာ ပြောင်းလဲမသွားဘဲ ဓားသိုင်းကွက်များကလည်း သွက်လက်နေဆဲပင်။
"ချင်းရှောင်ဂိုဏ်းရဲ့ နတ်သိုင်းပညာရပ်တွေ မလိုပါဘူး... ငါက သိုင်းပညာကနေတစ်ဆင့် သူတော်စင်အဖြစ် သက်သေပြမှာပါ... ဂျူနီယာညီလေး... ငါ့ကို ယုံကြည်ပြီး အချိန်နည်းနည်းလောက် ပေးပါ..."
ယန်တောက်ကျုံး၏ စကားကို ကြားသောအခါ ဓားကျင့်စဉ်အကြီးအကဲ၏ မျက်နှာမှာ မည်းမှောင်သွားပြီး အံကြိတ်သံဖြင့်…
"ချင်းရှောင်ဂိုဏ်း တပည့် အနည်းငယ်ကို အနိုင်ယူလိုက်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် လီချင်းချိုးနဲ့ ယှဉ်နိုင်ပြီလို့ ထင်နေတာလား..."
"အစ်ကိုက ဆရာသခင်နဲ့ ယခင် ဘိုးဘေးတွေ အားလုံးထက် သာလွန်ပြီး တကယ်ပဲ အစွမ်းထက်တယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်က ကျွန်တော်တို့ရဲ့ ရှေ့ကလူတွေ ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးတဲ့ ပြိုင်ဘက်မျိုးပါ... ရှန်ယွဲ့ ရောက်လာပြီး တောင်ပေါ်ကို တက်လာနေပြီ... သူ့ကို အရင်ဆုံး ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ စဉ်းစားပြီးမှ အနာဂတ်အတွက် အစီအစဉ်ဆွဲပါ..."
"ကျွန်တော်က အချိန် မပေးချင်တာ မဟုတ်ဘူး... ချင်းရှောင်ဂိုဏ်းက အစ်ကို့ကို အချိန်ပေးမှာ မဟုတ်လို့ပဲ..."
ရှန်ယွဲ့ဟူသော နာမည်ကို ကြားသောအခါ ယန်တောက်ကျုံးက မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူ၏ ဓားရေးပြမှုမှာ နှေးကွေးသွားပြီး ရပ်တန့်ကာ သူ့ပတ်ဝန်းကျင်မှ သစ်ရွက်များ ကြွေကျလာစဉ် ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။
"ဓားနတ်ဘုရား... ငါ့ဘဝမှာ သူနဲ့ တိုက်ခိုက်ခွင့် ရမယ်ဆိုရင် သေသွားရရင်တောင် နောင်တမရတော့ပါဘူး..."
ယန်တောက်ကျုံးက ရိုးသားစွာ ချီးကျူးလိုက်ရာ သူ့အသံတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လွင်နေ၏။
၎င်းကို ကြားသောအခါ ဓားကျင့်စဉ်အကြီးအကဲမှာ မျက်စိရှေ့တွင် အမှောင်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ ပြောခဲ့သမျှ စကားများ အလကားဖြစ်သွားကြောင်း နားလည်လိုက်သည်။
ယန်တောက်ကျုံးက သူ့ကို လှည့်ကြည့်၍…
"ဂျူနီယာညီလေး... ဓားနတ်ဘုရားနဲ့ ငါ့ရဲ့ တိုက်ပွဲကို လာကြည့်ဖို့ တပည့်အားလုံးကို ခေါ်လိုက်ပါ... ဒီတိုက်ပွဲက သူတို့အတွက် တစ်သက်မှာ တစ်ခါသာ ကြုံနိုင်တဲ့ အခွင့်အရေးပဲ... သူတို့ ဘယ်လောက်အထိ နားလည် သဘောပေါက်နိုင်မလဲ ဆိုတာကတော့ သူတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာအပေါ်မှာပဲ လုံးလုံး မူတည်လိမ့်မယ်..."
"ဟွန့်..."
ထိုအခါ ဓားကျင့်စဉ်အကြီးအကဲက အေးစက်စွာ နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
ယန်တောက်ကျုံးက ကောင်းကင်မှ နေမင်းကို မော့ကြည့်လိုက်တော့ နေရောင်ခြည်က မျက်နှာပေါ်သို့ ဖြာကျနေပြီး သူ့မျက်လုံးများက ရွှေရောင်အလင်းများဖြင့် တောက်ပနေသည်။
"လမ်းစဉ်သို့ ဝင်ရောက်ခြင်းဆိုတာ ဘယ်လိုမှ အဆုံးသတ် မဟုတ်ပါဘူး..."