← Chapters

လောကီနယ်ပယ်မှ သိုင်းနတ်ဘုရား

Vol. 21 Ch. 205

လောကီနယ်ပယ်မှ သိုင်းနတ်ဘုရား

Vol. 21 Ch. 205

"ဂိုဏ်းထဲမှာ သိုင်းဘိုးဘေးခန်းမ တစ်ခု တည်ထောင်လိုက်ရင် သဘောထား ကွဲလွဲသွားမှာကို မကြောက်ဘူးလား..."

ယန်တောက်ကျုံးက လီချင်းချိုးကို ကြည့်၍ မေးလိုက်သည်။ သူက လီချင်းချိုး၏ ရည်ရွယ်ချက်ကို ရုတ်တရက် နားမလည်နိုင်တော့ဘဲ သူ့ကို စမ်းသပ်နေခြင်းလားဟု တွေးလိုက်မိသည်။

မည်သို့ပင်ဆိုစေ သူ့ရဲ့ ဂျူနီယာညီလေးဖြစ်သော ဓားကျင့်စဉ်အကြီးအကဲသည် သူ့ရဲ့ ဆရာသခင်နှင့် ဂိုဏ်းဘိုးဘေးတို့လို အာဏာကို အလွန်အမင်း တန်ဖိုးထားသူ ဖြစ်သည်။ ထို့ကြောင့်ပင် ထျန်းရွှမ်တောင်အတွင်းရှိ လေထုမှာ အလွန်အမင်း လေးနက်နေရခြင်း ဖြစ်သည်။

ရှန်ယွဲ့က ရယ်မောလိုက်ပြီး…

"ကျုပ်တို့ ဂိုဏ်းချုပ်က တကယ် ရိုးသားတဲ့ စေတနာနဲ့ ပြောနေတာပါ... ပြီးတော့ သိုင်းဘိုးဘေးကများ ချင်းရှောင်ဂိုဏ်းကို ခွဲထွက်ချင်တယ်ဆိုရင်တောင် ကျုပ်တို့ ဓားဂိုဏ်းက သဘောတူပါ့မလားလို့ အရင် မေးရဦးမယ်လေ..."

"ဓားဂိုဏ်းလား..."

ယန်တောက်ကျုံးမှာ ဓားဂိုဏ်းအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ဤနေရာသို့ လာရာလမ်းတွင် ရှန်ယွဲ့က သူ့ကို ချင်းရှောင်ဂိုဏ်းအကြောင်း မိတ်ဆက်ပေးခဲ့သော်လည်း ချင်းရှောင်ဂိုဏ်းက မည်မျှ အစွမ်းထက်ပြီး မည်မျှ ကောင်းမွန်ကြောင်းကိုသာ ပြောပြခဲ့ပြီး တိကျသော ဖွဲ့စည်းပုံကိုမူ မပြောပြခဲ့ချေ။

လီချင်းချိုးက …

"ဒီလောကကြီးမှာ ခင်ဗျားက သိုင်းပညာကနေတစ်ဆင့် လမ်းစဉ်သို့ ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသောသူပဲ... ခင်ဗျားက သိုင်းပညာကို အမြင့်ဆုံး အဆင့်သစ်တွေဆီ သေချာပေါက် တွန်းတင်ပေးနိုင်မှာပါ... သိုင်းဘိုးဘေး အကြီးအကဲဖြစ်ဖို့ ခင်ဗျားထက် ပိုသင့်တော်တဲ့သူ မရှိပါဘူး... ကျွန်တော် ရှိနေသရွေ့တော့ မသေမျိုးလမ်းစဉ်နဲ့ သိုင်းလမ်းစဉ်ကို ပြန်လည် မသင့်မြတ်နိုင်တဲ့ ရန်သူတွေ ဖြစ်လာဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး..."

အကယ်၍ ခင်ဗျား မရှိတော့ရင်ရော…..

ယန်တောက်ကျုံးမှာ ထိုမေးခွန်းကို မေးလုနီးပါး ဖြစ်သွားသော်လည်း ရိုင်းစိုင်းရာ ကျသွားမည်စိုးသဖြင့် မမေးဖြစ်ခဲ့ပေ။

သူက တစ်ခဏမျှ စဉ်းစားပြီးနောက်…

"ကောင်းပါပြီ... ကျွန်တော် အရင် စမ်းကြည့်ပါ့မယ်... အကယ်၍ ဂိုဏ်းအတွက် ထိခိုက်နစ်နာစေမယ့် အလုပ်တစ်ခုခုကို လုပ်ဖို့ တစ်ယောက်ယောက်က ကျွန်တော့်ကို အတင်းအကျပ် ခိုင်းစေလာမယ်ဆိုရင် အဲဒီကိစ္စကို ပြင်းပြင်းထန်ထန် ဖြေရှင်းပါ့မယ်... ဒါမှမဟုတ်ရင်လည်း သိုင်းဘိုးဘေး အကြီးအကဲ နေရာကနေ ကျွန်တော်ကိုယ်တိုင် နုတ်ထွက်လိုက်ပါမယ်..."

သူသည် အာဏာလုပွဲများနှင့် စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများကို အကြောက်ဆုံး ဖြစ်ပြီး မည်သည့် အနှောင့်အယှက်မှ မရှိဘဲ သိုင်းပညာ လေ့ကျင့်မှုအပေါ်တွင်သာ အာရုံစိုက်ထားလိုသည်။

ထို့ကြောင့်ပင် ဓားကျင့်စဉ်အကြီးအကဲမှာ အာဏာရှင်ဆန်ပြီး ရက်စက်ကြမ်းကြုတ်သော်လည်း တပည့်များကို အန္တရာယ် မပြုသရွေ့ သူ မျက်ကွယ်ပြုထားခဲ့ခြင်း ဖြစ်သည်။

လီချင်းချိုးက ယန်တောက်ကျုံး၏ သွယ်ဝိုက်သော အဓိပ္ပာယ်ကို နားလည်သွားပြီး တစ်ခဏမျှ စဉ်းစားပြီးနောက် ….

"ဒီလိုလုပ်ကြရအောင်... သိုင်းဘိုးဘေး အကြီးအကဲ ဖြစ်ဖို့ နောက်တစ်ယောက်ကို ကျွန်တော် ရှာလိုက်မယ်... သူက စီမံခန့်ခွဲရေးကို တာဝန်ယူပြီး ခင်ဗျားက ရိုးရာ သိုင်းပညာကို တာဝန်ယူပေါ့... ဘယ်လိုလဲ..."

ထိုစကားကို ကြားသောအခါ ယန်တောက်ကျုံးမှာ သက်ပြင်းတစ်ချက် ချလိုက်ပြီး သဘောတူကြောင်း ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

ထိုစဉ် ယွမ်ချီက လ္ဘက်ရည်ပူပူများ ယူလာပေးခဲ့သည်။ မှော်ပညာရပ်များကို တတ်ကျွမ်းခြင်း၏ အားသာချက်မှာ လ္ဘက်ရည်ကို အလွန်လျင်မြန်စွာ ဖျော်စပ်နိုင်ခြင်းပင် ဖြစ်သည်။

လီချင်းချိုးက လီရန်ကို ကြည့်လိုက်ပြီး သူ အဘယ်ကြောင့် ထျန်းရွှမ်တောင်သို့ သွားခဲ့ရသနည်းဟု စဉ်းစားလိုက်မိသည်။

လီရန်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ သူနှင့် ပိုင်နင်းအာတို့တွေ ထျန်းရွှမ်တောင်တွင် ပုန်းအောင်းနေသော မဂ်လာနိမိတ် သားရဲကို သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့မှာ တောင်ပေါ်သို့ တက်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ကြောင်း ပြောပြလိုက်သည်။

"ငါးရောင်ခြယ်သမင်ကို ကျွန်တော့်ရဲ့ ဂျူနီယာညီလေးက ဖမ်းဆီး အကျဉ်းချထားခဲ့တာပါ... ဒါပေမဲ့ ကျွန်တော် သူ့ကို လွှတ်ပေးလိုက်ပါပြီ... ငါးရောင်ခြယ်သမင်က ပိုင်နင်းအာလို့ ခေါ်တဲ့ ချင်းရှောင်ဂိုဏ်း တပည့်ကို ရွေးချယ်ပြီး လိုက်သွားပါပြီ..." ဟု ယန်တောက်ကျုံးက ဆက်ပြောလိုက်သည်။

ဤသည်က လီချင်းချိုးကို ယန်တောက်ကျုံးအပေါ် ပို၍ အထင်ကြီးသွားစေသည်။

ဤသူမှာ အတော်လေး ကြင်နာတတ်ပေသည်။ ချင်းရှောင်ဂိုဏ်းသို့ သူကိုယ်တိုင် ဝင်ရောက်လာရုံသာမက မဂ်လာ နိမိတ် သားရဲကိုပါ ထည့်သွင်းပေးလိုက်သေးသည်။

လီချင်းချိုးက ရှန်ယွဲ့၏ အကြည့်ကို သတိပြုမိသွားပြီး …

"ယွမ်ချီ... ယန်တောက်ကျုံးကို ထိန်းချုပ်ရေးခန်းမဆီ ခေါ်သွားပြီး မည်သူမည်ဝါဖြစ်ကြောင်း မှတ်ပုံတင်ခိုင်းလိုက်ပါ... ယာယီ အတွင်းစည်း တပည့် အဖြစ် မှတ်ပုံတင်ပြီး သူ့အတွက် နေထိုင်စရာ စီစဉ်ပေးလိုက်ပါ..."

"ဟုတ်ကဲ့ပါ!"

ယွမ်ချီက ပြန်ဖြေလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။

ချင်းရှောင်ဂိုဏ်းသားအချင်းချင်း ပြောစရာ ရှိနေပြီး သူ နားထောင်၍ မရနိုင်ကြောင်း ယန်တောက်ကျုံး နားလည်သွားသဖြင့် မတ်တပ်ရပ်၍ လီချင်းချိုးကို ဦးညွှတ်လိုက်ပြီးနောက် ယွမ်ချီနှင့်အတူ ထွက်သွားတော့သည်။

သူတို့ ခြံဝင်းထဲမှ ထွက်သွားပြီးနောက် ရှန်ယွဲ့က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"ဂိုဏ်းချုပ်... ထျန်းရွှမ်တောင်မှာ ထူးဆန်းတဲ့ အရာတစ်ခုခု ရှိနေသလား..."

"ဘာထူးဆန်းလို့လဲ..." ဟု လီချင်းချိုးက စူးစမ်းလိုစိတ်ဖြင့် ပြန်မေးလိုက်သည်။

ရှန်ယွဲ့က …

"ကျွန်တော် ယန်တောက်ကျုံးကို အနိုင်ယူလိုက်တဲ့အချိန်မှာ သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်တစ်ခုကို ခံစားလိုက်ရတယ်... အရမ်း သိမ်မွေ့တယ်... တစ်ခဏလောက်ပဲ ကြာပေမဲ့ တကယ် အစစ်အမှန်ဆိုတာ ကျွန်တော် သေချာတယ်... ဒီသတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်က ရိုးရှင်းတာ မဟုတ်ဘူး... ကျွန်တော့်ကို ကျောချမ်းသွားစေတယ်... နောက်တော့ ကျန်းဖိန်လို့ ခေါ်တဲ့ တပည့်တစ်ယောက်က ကျွန်တော့်ဆီကို စကားပါးလာပြီး ထျန်းရွှမ်တောင်မှာ ထူးဆန်းတဲ့ အရာတစ်ခုခု ရှိနေတယ်လို့ ပြောတယ်... သူတို့ကို တောင်ပေါ်ကနေ အမြန်ဆုံး ခေါ်သွားဖို့ သူက အကြံပေးတယ်... သူ ထိတ်လန့်နေတာကို ကျွန်တော် မြင်လိုက်ရလို့ လူတွေကို တောင်ပေါ်ကနေ စောစောစီးစီး ခေါ်ထုတ်လာခဲ့တာပါ... ကျွန်တော် တစ်ယောက်တည်းဆိုရင်တော့ အမှန်တရားကို သေချာပေါက် ဖော်ထုတ်မှာပါ... ဒါပေမဲ့ တခြား တပည့်တွေ ရှိနေတော့ ကျွန်တော် ဘာမှ အရမ်းကာရော မလုပ်ရဲခဲ့ဘူး..."

ရွှယ်ကျင်း၏ ဖြစ်ရပ်အပြီးတွင် သူသည် လုပ်ဖော်ကိုင်ဖက် တပည့်များ၏ ဘေးကင်းရေးအတွက် ပို၍ပင် စိုးရိမ်လာခဲ့သည်။

ကျန်းဖိန်လား…..

ထိုအခါ လီချင်းချိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ ကျန်းဖိန်သည် "ကံကောင်းခြင်းကို ရှာဖွေပြီး ဘေးဒုက္ခကို ရှောင်ရှားခြင်း" ဟူသော ကံကြမ္မာကို ပိုင်ဆိုင်ထားသဖြင့် သူ့ရဲ့ အလိုအလျောက် သိစိတ်မှာ အမှန်ပင် ဖြစ်ရမည်။

"အပြန်လမ်းမှာ ယန်တောက်ကျုံးအကြောင်းကိုလည်း ကျွန်တော် သွယ်ဝိုက်ပြီး စုံစမ်းခဲ့သေးတယ်... ထျန်းရွှမ်တောင်မှာ သူ့ထက် ပိုအစွမ်းထက်တဲ့သူ မရှိသလို လီရန်ကို ယှဉ်နိုင်တဲ့သူလည်း တခြား မရှိဘူးလို့ သူက ပြောတယ်... သူလည်း အမှောင်ချခံထားရတာ ဖြစ်နိုင်တယ်... ထျန်းရွှမ်တောင်ရဲ့ ဓားကျင့်စဉ်အကြီးအကဲကြောင့် ကျွန်တော့် စိတ်မအေးနိုင်ဘူး... သူက အာဏာအားလုံးကို ကိုင်စွဲထားပြီး လျှို့ဝှက်ကြံစည်မှု တစ်ခုခု လုပ်နေတာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ကြားဖူးတယ်..." ဟု ရှန်ယွဲ့က အဖြစ်အပျက်များကို ပြန်လည် အမှတ်ရရင်း ပြောလိုက်လေသည်။

လီချင်းချိုးကလည်း ယန်တောက်ကျုံးမှာ လိမ်လည်မည့်သူ မဟုတ်ဟု ခံစားရသော်လည်း သစ္စာရှိမှုကို နောက်မှ အတည်ပြုရပေလိမ့်မည်။

ယန်တောက်ကျုံးက သစ္စာရှိမှု အလွန်မြင့်မားမည်ဟု မမျှော်လင့်ထားသော်လည်း သစ္စာရှိမှုက အလွန်အမင်း နိမ့်ကျနေ၍ မရသလို သုည ဖြစ်နေ၍လည်း မရနိုင်ချေ။

ယန်တောက်ကျုံး၏ စကားများအရ သူသည် ချင်းရှောင်ဂိုဏ်းသို့ ဆန္ဒအလျောက် ဝင်ရောက်လာခြင်း ဖြစ်သည်။ အကယ်၍ သူ့ရဲ့ သစ္စာရှိမှုက ၁၀ အောက် ဖြစ်နေပါက သူသည် လျှို့ဝှက်ကြံစည်မှု တစ်ခုခုနှင့် ရောက်လာခြင်း ဖြစ်နိုင်ပေသည်။

" နားလည်ပြီ... ခင်ဗျားတို့အတွက် ဒီကိစ္စ ဒီမှာပဲ ပြီးပါပြီ..."ဟု လီချင်းချိုးက ရှန်ယွဲ့နှင့် လီရန်တို့ကို ပြောလိုက်တော့ သူတို့ နှစ်ဦးက ခေါင်းညိတ်လိုက်ပြီး ဆက်လက် အချိန်မဆွဲတော့ဘဲ မတ်တပ်ရပ်ကာ ဦးညွှတ်၍ ထွက်သွားကြတော့သည်။

လီချင်းချိုးကတော့ ကုလားထိုင်ပေါ်တွင် ထိုင်လျက် ထျန်းရွှမ်တောင်ကို မည်သို့ စူးစမ်းရမည်ကို စဉ်းစားနေသည်။

ယန်တောက်ကျုံး ကိုယ်တိုင် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာပြီ ဖြစ်ရာ သူသည် ထျန်းရွှမ်တောင်ကို သဘာဝကျစွာပင် ဖိနှိပ်၍ မရတော့ပေ။

ဤသည်က ယန်တောက်ကျုံးက ရှန်ယွဲ့၏ လောင်းကြေးကို သဘောတူခဲ့ရခြင်း၏ အကြောင်းရင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ ရှန်ယွဲ့ကို အနိုင်မယူနိုင်ခဲ့ပါက ထျန်းရွှမ်တောင်မှာ ချင်းရှောင်ဂိုဏ်းအတွက် စဉ်းတီတုံးပေါ်မှ ငါးတစ်ကောင်လို ဖြစ်သွားမည် ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းကပြုသမျှနုရမည့် သဘောအတိုင်း ခံရမည် ဖြစ်သည်။ အကယ်၍ သူ ရှုံးနိမ့်ပြီးနောက် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ပါက ထျန်းရွှမ်တောင်မှာ သူတို့လူ ဖြစ်သွားမည် ဖြစ်သည်။

ဤသို့ တွေးကြည့်မည်ဆိုလျှင် ဤယန်တောက်ကျုံးမှာ အမှန်တကယ်ပင် ကြီးမားသော ဉာဏ်ပညာကို ပိုင်ဆိုင်ထားပေသည်။

သူသည် သိုင်းပညာ ရူးသွပ်သူ တစ်ယောက် သက်သက် မဟုတ်ဘဲ သူ့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုများကို လျှို့ဝှက် မကြံစည်လိုခြင်းသာ ဖြစ်သည်။

လီချင်းချိုး စိုးရိမ်မနေတော့ပေ။ ယန်တောက်ကျုံး မရှိဘဲ ထျန်းရွှမ်တောင်ကို စုံစမ်းရသည်မှာ အများကြီး ပိုလွယ်ကူပေလိမ့်မည်။

အမွှေးတိုင် တစ်တိုင်စာခန့် အချိန်ကြာအောင် စောင့်ပြီးနောက် လီချင်းချိုးက တာအိုမျိုးဆက် မျက်နှာပြင်တွင် ယန်တောက်ကျုံး၏ ကိုယ်ပွားကို မြင်တွေ့လိုက်ရတော့သည်။

【အမည်- ယန်တောက်ကျုံး】

【ကျား/မ- ကျား】

【အသက်- ၄၁】

【သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်) - ၆၅/၇၅ (အများဆုံး ၁၀၀)】

【ကျင့်ကြံမှု ပါရမီ - ထူးချွန်】

【နားလည်သဘောပေါက်နိုင်စွမ်း - အထူးချွန်ဆုံး】

【ကံကြမ္မာ - လောကီနယ်ပယ်မှ သိုင်းနတ်ဘုရား၊ စုံလင်သော သိုင်းခန္ဓာ၊ အတွေးတစ်ချက်အတွင်းမှ မသေမျိုး သိုင်းပညာ】

【လောကီနယ်ပယ်မှ သိုင်းနတ်ဘုရား - သိုင်းနတ်ဘုရားတစ်ပါး၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ ၎င်းတို့သည် သိုင်းနတ်ဘုရားချီကို ဖွဲ့စည်းနိုင်ပြီး တိုက်ပွဲတွင် ရန်သူများအပေါ် အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်မှုများ သက်ရောက်နိုင်စွမ်း ရှိသည်။ ၎င်းတို့သည် အင်အားမမျှတသော တိုက်ပွဲများတွင် တိုက်ခိုက်ရာ၌ ထူးချွန်ပြီး ရန်သူ အရေအတွက် ပိုများလေလေ ၎င်းတို့၏ သိုင်းနတ်ဘုရားချီက ပိုမို အစွမ်းထက်လေလေ ဖြစ်သည်။】

【စုံလင်သော သိုင်းခန္ဓာ - မည်သည့် သိုင်းပညာကိုမဆို အလွယ်တကူ ကျွမ်းကျင်ပိုင်နိုင်နိုင်ပြီး သာမန်လူများထက် သာလွန်သော နားလည်သဘောပေါက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သိုင်းပညာတွင် အားနည်းချက် မရှိဘဲ လှုပ်ရှားမှုတိုင်းတွင် စုံလင်သော သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။】

【အတွေးတစ်ချက်အတွင်းမှ မသေမျိုး သိုင်းပညာ - လူတစ်ဦး၏ ဘဝတွင် ၎င်း၏ ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေး တစ်ကြိမ် ရှိပြီး နက်ရှိုင်းသော ဉာဏ်အလင်းပွင့်မှု လိုအပ်သည်။ မသေမျိုး ဖြစ်ရန်အတွက် သိုင်းပညာကို စွန့်လွှတ်လိုက်သည်နှင့် လောကီနယ်ပယ်မှ သိုင်းနတ်ဘုရားနှင့် စုံလင်သော သိုင်းခန္ဓာတို့သည် အသွင်ပြောင်းသွားမည် ဖြစ်သည်။】

...

ဘုရားရေ!

အထူး ကံကြမ္မာ သုံးခုတောင်!

လီချင်းချိုးက မျက်နှာပြင်ကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။ ၎င်းမှာ ဇိမ်ကျလွန်းလှပြီး အထူးသဖြင့် အတွေးတစ်ချက်အတွင်းမှ မသေမျိုး သိုင်းပညာ ကံကြမ္မာမှာ ရိုးရိုးလေးနှင့်ပင် မယုံနိုင်စရာ ကောင်းလှသည်။

ယန်တောက်ကျုံးအနေဖြင့် မသေမျိုးလမ်းစဉ်ကို ကျင့်ကြံသူများသည် လက်ရှိ သိုင်းပညာတွင် ရရှိနိုင်သော ပါရမီကိုပါ ပိုင်ဆိုင်ကြမည် ဖြစ်ရာ ၎င်းတို့မှာ အမှန်တကယ်ပင် ကောင်းကင်နှင့် မြေပြင်၏ အချစ်တော်များ ဖြစ်ကြသည်။

လောကီနယ်ပယ်မှ သိုင်းနတ်ဘုရား ကံကြမ္မာက လီချင်းချိုးကို အပျော်ရွှင်ဆုံး ဖြစ်စေသည်။ ဤသူသည် ချင်းရှောင်ဂိုဏ်းအတွက် တိုက်ပွဲဝင်ရန် သင့်တော်လှသည်။

ထူးချွန်သော ပါရမီနှင့် အထူးချွန်ဆုံး နားလည်သဘောပေါက်နိုင်စွမ်းတို့က ရွှီနင်းနှင့် ယှဉ်နိုင်ပြီး သူသည် ရွှီနင်းထက်ပင် အထူးကံကြမ္မာ နှစ်ခု ပို၍ ရှိနေသေးသည်။

ရွှီနင်းတွင် ကောင်းကင်မိုးကြိုး ဝိညာဉ်အမြစ်သာ ရှိသည်။

အထူး ကံကြမ္မာ မရှိသော တပည့်များသည် ကိုယ်ရည်ကိုယ်သွေးနှင့် ကံတရားကိုသာ ပြသနိုင်သည်။ ယန်တောက်ကျုံးတွင် ကိုယ်ရည်ကိုယ်သွေး အမျိုးအစား ကံကြမ္မာ မရှိသော်လည်း လီချင်းချိုးက သစ္စာရှိမှုအပေါ် အခြေခံ၍ သူ့ကို ယုံကြည်နိုင်မည်ဟု ခံစားရသည်။

ယန်တောက်ကျုံးမှာ ရှန်ယွဲ့နှင့် အလွန် တူညီသည်။ ၎င်းတို့တွင် ကိုယ်ပိုင် အမှားအမှန် ခွဲခြားနိုင်စွမ်း ရှိကြပြီး ပတ်ဝန်းကျင်ရှိ လူများ၏ လွှမ်းမိုးမှုကို မခံရဘဲ တရားမျှတမှုကို လိုလားသူများ ဖြစ်ကြသည်။

ယန်တောက်ကျုံး၏ မျက်နှာပြင်ကို ကြည့်ပြီးနောက် လီချင်းချိုး၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။

"ဘာလို့ သိုင်းပညာလေ့ကျင့်ပြီး ဒုက္ခခံနေဦးမှာလဲ... ငါနဲ့အတူ မသေမျိုးလမ်းစဉ်ကို မြန်မြန် စတင် ကျင့်ကြံလိုက်စမ်းပါ!"

ယန်တောက်ကျုံးနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ရန် သူ ဆုံးဖြတ်လိုက်ပြီး ရှေးဦးစွာ သစ္စာရှိမှုကို ၉၀ အထက်သို့ မြှင့်တင်ကာ တဖြည်းဖြည်းချင်း ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

မသေမျိုးလမ်းစဉ်ကို မကျင့်ကြံမီကပင် ယန်တောက်ကျုံးမှာ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်နှင့် ယှဉ်နိုင်သော သို့မဟုတ် ယင်းလောက်ပင် အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းတွင် အနိုင်ရနိုင်သော ဖဲချပ်တစ်ခု ထပ်တိုးလာပြန်ပြီ!

နောင်အနှစ်တစ်ရာ ကြာသောအခါ ရွှီနင်း၊ ယွမ်လီ၊ ယွင်ချိုင်၊ ရှန်ယွဲ့၊ ကျောက်ကျိန်းနှင့် ယန်တောက်ကျုံး ဟူသော လက်အောက်ငယ်သား ခြောက်ဦးက ချင်းရှောင်ဂိုဏ်း၏ ထိပ်တန်း တိုက်ခိုက်ရေး အင်အားစု ဖြစ်လာလိမ့်မည်ဟု စိတ်ကူးကြည့်ရင်း လီချင်းချိုးမှာ အလွန်အမင်း ပျော်ရွှင်သွားတော့သည်။

စာရင်း၏ နောက်ထပ် အောက်ဘက်တွင် ရှောင်ညီနောင်သုံးဖော်၊ ကျိယာ၊ လီရန်၊ ယန်ရွှမ်နှင့် ဓားကျင့်စဉ်အကြီးအကဲတို့ကဲ့သို့ အခြားသော ထိပ်တန်း ပါရမီရှင်များ ရှိနေသေးသည်။

ရွှယ်ကျင်း၊ လုချင်းနှင့် ဟန်လန်တို့လို တပည့်များကလည်း ဂိုဏ်း၏ မဏ္ဍိုင်များအဖြစ် ဆောင်ရွက်နိုင်သည်။ အကယ်၍ လီရှို့ကျန်းနှင့် လီရှို့မင်တို့က ဧကရာဇ် ဖြစ်ရသည်ကို ငြီးငွေ့သွားပါက သူနှင့်အတူ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံရန် လိုက်ပါလာနိုင်ပြီး ဂိုဏ်း၏ မဏ္ဍိုင်များ ဖြစ်လာနိုင်ပေသည်။

ထို့အပြင် ချင်းရှောင်ဂိုဏ်းသည် အနာဂတ်တွင် ပါရမီရှင်များကို အဆက်မပြတ် ဆက်လက် မွေးထုတ်ပေးနေဦးမည် ဖြစ်သည်။

အခြေခံအုတ်မြစ်က စတင် ပုံပေါ်လာနေပြီ!

ချင်းရှောင်ဂိုဏ်းအနေနှင့် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အစွမ်းထက်သော ရန်သူများကို ရန်စခြင်းမှ ရှောင်ကြဉ်ရန်သာ လိုအပ်သည်။ အနှစ်တစ်ရာအတွင်း ၎င်းသည် ကြီးမားသော ပြောင်းလဲမှုများကို ဖြတ်သန်းရပေလိမ့်မည်။

လီချင်းချိုးက အနှစ်တစ်ရာအတွင်း ကိုးပြည်ထောင်နယ်မြေမှ မထွက်ခွာရန် စီစဉ်ထားပြီး အဝေးတစ်နေရာရှိ ကျင့်ကြံရေးဂိုဏ်းကို ကြိုတင်၍ ရန်မစမိစေရန် ပင်လယ်ပြင်သို့လည်း သွားမည် မဟုတ်ပေ။

အကယ်၍ ယခင်က ဤမြေပေါ်တွင် ကျင့်ကြံသူများ ရှိခဲ့လျှင် ဤကမ္ဘာပေါ်တွင် ကျင့်ကြံသူများ ရှိနေဆဲ ဖြစ်ရမည် ဖြစ်သော်လည်း ကိုးပြည်ထောင်နယ်မြေတွင် မဟုတ်ကြောင်း သေချာသည်။

လီချင်းချိုး အလွန် စိတ်ဓာတ်တက်ကြွနေသဖြင့် ချက်ချင်း ထရပ်ပြီး ကောင်းကင်လက်မှုပညာခန်းမသို့ သွားကာ သိုင်းဘိုးဘေးခန်းမ ဖန်တီးရန် ကျူးယန်ကို ကိုယ်တိုင် သွားရောက် စီစဉ်ခိုင်းလိုက်သည်။

သိုင်းဘိုးဘေးလား….

အခု ငါက သိုင်းဘိုးဘေးဆိုပေမဲ့ အနာဂတ်ကျရင် မသေမျိုးခန်းမကို အောင်နိုင်ရမယ်!

...

ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ဘဝမှာ ယန်တောက်ကျုံး မျှော်လင့်ထားသည်ထက် ပို၍ လွယ်ကူပြီး အတော်လေး အံ့အားသင့်စရာပင် ကောင်းနေသေး၏။ လီချင်းချိုးက သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံပြီး နေ့စဉ်နေ့တိုင်း စကားလာပြောသည်။ လီရန်နှင့် ယန်တုန်းတို့ကို သူ အနိုင်ယူထားခြင်းကလည်း သူ့အတွက် မည်သည့် ပြဿနာမှ မဖြစ်စေခဲ့ဘဲ ပါရမီရှင်များ၊ တပည့်များစွာက သူ့ကို လာရောက် မိတ်ဖွဲ့ကြသည်။

ချင်းရှောင်ဂိုဏ်း တပည့်များကို ပိုသိလာလေလေ ယန်တောက်ကျုံး၏ ချင်းရှောင်ဂိုဏ်းအပေါ် သံယောဇဉ်မှာ ပိုမို ခိုင်မာလာလေလေ ဖြစ်သည်။

ဤနေရာရှိ လေထုမှာ သက်ဝင်လှုပ်ရှားပြီး စိတ်အားထက်သန်ကာ ပျော်ရွှင်ဖွယ်ကောင်းလှသည်။ ဤနေရာရှိ တပည့်တိုင်းက ပျော်ရွှင်မှု ခံစားချက်ကို ထုတ်လွှတ်နေကြသလိုပင်။

ထို့အပြင် ချင်းရှောင်ဂိုဏ်း တပည့်များက ဂိုဏ်းချုပ်၏ ရဲစွမ်းသတ္တိရှိသော လုပ်ရပ်များကို အလွန်အမင်း ချီးကျူးကြပြီး ထျန်းရွှမ်တောင်၏ အတိတ်အကြောင်းကို သူ့ကို မကြာခဏ မေးမြန်းလေ့ ရှိကြသည်။ ထျန်းရွှမ်တောင်၏ ယခင် ကယ်တင်ရှင်များအကြောင်း ဇာတ်လမ်းများကို သူ ပြောပြသောအခါ တပည့်များမှာ သူ့အပေါ် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားကြသည်။

သူ ထင်ထားသည့်အတိုင်း ချင်းရှောင်ဂိုဏ်းက အမှန်တကယ်ပင် ဖြောင့်မတ်သော လမ်းစဉ် ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းက ကျူးလွန်ခဲ့သော လူသတ်မှုများအတွက်မူ သူ နားလည်ပေးနိုင်ပါသည်။

အကယ်၍ သိုင်းပညာ လေ့ကျင့်ခြင်းနှင့် မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခြင်းက မိမိလူမျိုးကို မကာကွယ်နိုင်ဘူးဆိုလျှင် လောကကြီးကို ကယ်တင်ခြင်းအကြောင်း ဘယ်လိုလုပ် ပြောနိုင်တော့မည်နည်း။

လူသတ်တာကို ရပ်တန့်ဖို့ လူသတ်တာကလည်း ဖြောင့်မတ်တဲ့ လမ်းစဉ် တစ်ခုပါပဲ!

ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီး ရှစ်ရက်မြောက်နေ့တွင် လီချင်းချိုးက ကျောက်ကျိန်းကို ခေါ်၍ သူ့ထံ လာရောက်လည်ပတ်ခဲ့သည်။

ခုယီနှင့် ခုအာတို့၏ ဖျောင်းဖျမှုကြောင့် ကျောက်ကျိန်းမှာ ထျန်းရွှမ်တောင်အပေါ် အလွန် စူးစမ်းချင်စိတ် ဖြစ်နေခဲ့သည်။ လီချင်းချိုးက ယန်တောက်ကျုံးနှင့်တွေ့ဆုံရန် ကမ်းလှမ်းလာသောအခါ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် စိတ်လှုပ်ရှားစွာ သဘောတူခဲ့သည်။

ယန်တောက်ကျုံးကလည်း ကျောက်ကျိန်းကို အလွန် စိတ်ဝင်စားနေသည်။ အကြောင်းမှာ ဓားကျင့်စဉ်အကြီးအကဲက ကျောက်ကျိန်းသည် ချင်းရှောင်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ကြောင်း သူ့ကို မကြာခဏ ပြောပြခဲ့သောကြောင့်ပင်။

သူတို့ တွေ့ဆုံပြီးနောက် အခြားမည်သူ့အကြောင်းကိုမျှ မပြောရန် တိတ်တဆိတ် ရှောင်ရှားခဲ့ကြသည်။ ထို့နောက် လီချင်းချိုးက စကားဝိုင်းကို သိုင်းပညာဘက်သို့ လှည့်ပေးလိုက်ရာ ထိုနှစ်ဦးမှာ ဆွေးနွေးမှုတွင် အလျင်အမြန် နစ်မြုပ်သွားကြပြီး စကားပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်လာကြသည်။

အမွှေးတိုင် တစ်တိုင်စာမျှပင် အချိန်မကုန်မီ လီချင်းချိုးက ကျောက်ကျိန်းနှင့်ယန်တောက်ကျုံးတို့ သွေးသောက် ညီအစ်ကိုများ ဖြစ်သွားတော့မည်ဟု ခံစားလိုက်ရသည်။

ယန်တောက်ကျုံးမှာ ဤမျှ တစ်ခါမှ မစိတ်လှုပ်ရှားခဲ့ဖူးပေ။ သူသည် အခြားသော ဂျူနီယာညီလေးများနှင့် တပည့်များကို သိုင်းပညာအကြောင်း ဆွေးနွေးစဉ်က ဤသို့သော တုံ့ပြန်မှုမျိုး တစ်ခါမှ မရရှိခဲ့ဖူးချေ။ သူသည် ကျောက်ကျိန်း၏ စကားများမှတစ်ဆင့် အမှန်တကယ်ပင် ထိုးထွင်းသိမြင်မှုများ ရရှိနိုင်ခဲ့သည်။

ချင်းရှောင်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့အတိုင်းပါပဲ!

ဓားကျင့်စဉ်အကြီးအကဲ၏ စကားများကို သူ နောက်ဆုံးတွင် ယုံကြည်သွားတော့၏။ ထျန်းရွှမ်တောင်သည် ကျောက်ကျိန်းကို ရရှိထားသဖြင့် ချင်းရှောင်ဂိုဏ်းကို ကျော်လွန်ရန် အမှန်တကယ်ပင် အခွင့်အရေး ရှိနိုင်ပေမည်။

သို့သော်လည်း ဤအကြံအစည်မှာ ငါးရက်ပင် မပြည့်မီ ပျက်စီးသွားတော့သည်။

ငါးရက်အကြာတွင် လီချင်းချိုးက ယွမ်လီကို ခေါ်၍ ယန်တောက်ကျုံးထံ လာလည်ပြန်သည်။ ယွမ်လီ၏ ခန္ဓာကိုယ်ကျင့်ကြံသူ စွမ်းရည်များက ယန်တောက်ကျုံးကို အံ့အားသင့်သွားစေခဲ့သည်။

ယွမ်လီ၏ နားလည်သဘောပေါက်နိုင်စွမ်းက ကျောက်ကျိန်းထက်ပင် သာလွန်ကြောင်း သူ ချက်ချင်း ကောက်ချက်ချနိုင်ခဲ့သည်။

All Chapters