← Chapters

ကောင်းကင်ပြိုဆင်း ဓားဆန္ဒ

Vol. 21 Ch. 207

ကောင်းကင်ပြိုဆင်း ဓားဆန္ဒ

Vol. 21 Ch. 207

ကျန်းတုသည် ယန်တောက်ကျုံးနှင့် သိုင်းပြိုင်ခဲ့ပြီး ပွဲချင်းပြီး ဉာဏ်အလင်းပွင့်သွားခဲ့သည်!

ထိုသတင်းက ထိုနေ့တွင်ပင် ဂိုဏ်းတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ပြီး တပည့်များအကြားတွင် ဆွေးနွေးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ တိုးတက်နေဆဲဖြစ်သော ဤပါရမီရှင်သည် ဂိုဏ်းကို ထပ်မံ၍ အံ့အားသင့်သွားစေခဲ့ပြန်သည်။

ချင်းရှောင်ဂိုဏ်း၏ အမွေအနှစ် မည်မျှ နက်ရှိုင်းကြောင်းကို လူတိုင်းနီးပါး ခံစားသိရှိနိုင်ကြသည်။တပည့် မျိုးဆက်တစ်ခုစီတိုင်းတွင် မျှော်လင့်စောင့်စားရကျိုးနပ်သော ပါရမီရှင်တစ်ဦးစီ ရှိနေခြင်းက တပည့်များကို ဂုဏ်ယူဝင့်ကြွားစေသည်။

ထိုသတင်း လီချင်းချိုးထံ ရောက်လာသောအခါ သူ အံ့အားမသင့်ခဲ့ပေ၊ မည်သို့ပင်ဆိုစေ ကျန်းတုတွင် အထူးကံကြမ္မာတစ်ခု ရှိနေသည် မဟုတ်ပါလား။

သူသည် ကျန်းတု၏ မျက်နှာပြင်ကို ထပ်မံခေါ်ယူ၍ စစ်ဆေးကြည့်လိုက်သည်။

【အမည်- ကျန်းတု】

【ကျား/မ- ကျား】

【အသက်- ၁၅】

【သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်) - ၉၆/၉၀ (အများဆုံး ၁၀၀)】

【ကျင့်ကြံမှု ပါရမီ - ထူးချွန်】

【နားလည်သဘောပေါက်နိုင်စွမ်း - ကောင်းမွန်】

【ကံကြမ္မာ -အဆုံးမဲ့ ရုန်းကန်တိုက်ပွဲဝင်ခြင်း၊ ကောင်းကင်ပြိုဆင်း ဓားဆန္ဒ】

【သေသည်အထိ တိုက်ပွဲဝင်ခြင်း- သူသည် ရန်သူအဖြစ် သတ်မှတ်ထားသူများကို မသေမချင်း မုန်းတီးနေလိမ့်မည်။】

【ကောင်းကင်ပြိုဆင်း ဓားဆန္ဒ- ကောင်းကင်ပြိုဆင်း ဓားဝိညာဉ် ဝင်စားသူ ဖြစ်ပြီး အသက်အရွယ် ရလာသည်နှင့်အမျှ စိတ်နှလုံးသား အတွင်းရှိ ကောင်းကင်ပြိုဆင်း ဓားဆန္ဒမှာ တဖြည်းဖြည်း တိုးပွားလာမည် ဖြစ်သည်။ ပထမဆုံး ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက် သူသည် နတ်ဘုရားစွမ်းပကားဖြစ်သည့် ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်ကို နားလည်သဘောပေါက်လာမည် ဖြစ်သည်။】

...

လီချင်းချိုးက ကောင်းကင်ပြိုဆင်း ဓားဝိညာဉ်ကို အမြဲတမ်း စိတ်ဝင်စားခဲ့သော်လည်း ကံမကောင်းစွာဖြင့် လောလောဆယ်တွင် ၎င်းနှင့်ပတ်သက်၍ သိရှိနိုင်မည့် နည်းလမ်း မရှိသေးချေ။

လက်ရှိ အချက်အလက်များအရ ကောင်းကင်ပြိုဆင်း ဓားဆန္ဒသည် အလိုအလျောက် ကြီးထွားလာရုံသာမက ကျန်းတု၏ ဓားလမ်းစဉ် နားလည်သဘောပေါက်နိုင်စွမ်းကိုလည်း လမ်းညွှန်ပေးနေသည်။

ကျန်းတုမှာ ရှားပါးသော စွမ်းရည်တစ်ခု ရှိသော်လည်း အခြားသော မှော်ပညာရပ်များကို လေ့ကျင့်ရာတွင် ဓားလမ်းစဉ်လောက် မထိရောက်ကြောင်း ရှင်းလင်းစွာ သိသာနေသည်။

သူ့ပတ်ဝန်းကျင်တွင် ပါရမီရှင်များ ပိုများလာသည်နှင့်အမျှ လီချင်းချိုး၏ အမြင်များလည်း ကျယ်ပြန့်လာခဲ့သည်။ ကျန်းတုက သူ့အပေါ် အလွန်အမင်း သစ္စာရှိသူ ဖြစ်သဖြင့် ပြိုင်ဘက်ကင်း ပါရမီရှင်များအားလုံးကို ထိန်းချုပ်ရန် သူ ကြိုးစားမည် မဟုတ်တော့ပေ။

ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် လိုအပ်နေပေသေးသည်။

လီချင်းချိုးက ကျန်းတုကို တစ်ခါမျှ မပြုစုပျိုးထောင်ပေးခဲ့ဖူးသော်လည်း သူနှင့် သူ့ မိသားစုကို လီချင်းချိုး ကယ်တင်ခဲ့ဖူးသောကြောင့် ကျန်းတု၏ နှလုံးသားထဲတွင် လီချင်းချိုးက မည်သူမျှ လှုပ်ခါ၍ မရနိုင်သော အလွန် မြင့်မားသည့် နေရာတွင် ရှိနေပေသည်။

လီချင်းချိုးက လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို ရင်ခွင်ထဲတွင် ပိုက်ထားရင်း ဤသို့ တွေးနေမိသည်။

သူ့ ဘေးတွင် ထိုင်နေသော လီတုန်းယွဲ့က…

"ကျန်းတုရဲ့ ပါရမီက အရမ်းကောင်းတာကို ဘာလို့ သူ့ကို တပည့်အဖြစ် လက်မခံတာလဲ..."

"ငါ့မှာ တပည့်တွေ အရမ်းများနေပြီလေ... သူတို့ အားလုံးကို ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ... ဘာလဲ... မင်းရဲ့ ဘဏ္ဍာရေးခန်းမက သူ့ကို လိုချင်လို့လား..."

"ကျွန်မ မလိုချင်ပါဘူး...ခန်းမမှာ ကျောက်ကျိန်းနဲ့ ကျန်းတုတို့လို ပြိုင်ဘက်ကင်း ပါရမီရှင်တွေ မရှိပေမဲ့ ပါရမီရှင် တော်တော်များများ ရှိနေပါသေးတယ်... ကျန်းတုရဲ့ ကိုယ်ရည်ကိုယ်သွေးက အရမ်း ထက်မြက်လွန်းတယ်... အကယ်၍ သူ့ကို ဘဏ္ဍာရေး ထည့်လိုက်ရင် ကျွန်မ ခေါင်းကိုက်ရလိမ့်မယ်..."

လီချင်းချိုး၏ အခြားတစ်ဖက်တွင် ထိုင်နေသော ကျန်းယွီချွန်းက ရယ်မောလိုက်ပြီး…

"စီနီယာအစ်ကို... ကျွန်တော် သူ့ကို လက်ခံနိုင်ပါတယ်... သူ့ရဲ့ ပြင်းထန်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျွန်တော် မကြောက်ပါဘူး..."

ထိုအခါ လီချင်းချိုးက နှာမှုတ်လိုက်ပြီး…

"ငါ့ရင်ခွင်ထဲမှာ ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက် ရှိနေတာတောင် မင်းတို့က မလိုချင်ကြဘူးပဲ..."

ကျန်းယွီချွန်းမှာ ဘာမှမတတ်နိုင်သလို ခံစားလိုက်ရသည်။ သူ့ အမြင်တွင် စီနီယာအစ်ကိုမှာ စိတ်အနှောင့်အယှက် ဖြစ်နေပြီး ကလေးနှစ်ယောက်ကို သူ့ထံ ပုံချချင်နေခြင်းသာ ဖြစ်သည်။ သူကိုယ်တိုင်မှာ အတော်လေး အလုပ်များနေပြီ ဖြစ်ပြီး နောက်ထပ် တာဝန်တွေကို မယူနိုင်တော့ပေ။

ထို့ကြောင့် သူက မေးခွန်းကို မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဆဋ္ဌမဂျူနီယာညီလေး လိုက်ပါသွားတဲ့ ကျူရှန်းရဲ့ စစ်တပ်က ကုကျိုးနယ်ကို အောင်နိုင်ပြီး စီရင်စုမြို့တော်ကို တန်းတန်းမတ်မတ် ချီတက်နေပါတယ်... ဖေမိသားစုရဲ့ စစ်တပ်က ဖဲချပ်အိမ်လေးလို ပြိုကျနေပြီး ဒီနှစ်ကုန်လောက်ဆိုရင် တုန်းလင်းစီရင်စုကို ရောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်..."

ယခင်က ကျန်းယွီချွန်းသည် ကျူရှန်းအကြောင်းကို လီချင်းချိုးနှင့် ဆွေးနွေးဖူးပြီး ကျူရှန်းက ဖရိုဖရဲ ဖြစ်နေသော လောကကြီးတွင် ပြည်သူလူထုကို အများဆုံး ဂရုစိုက်သော နယ်စားပယ်စား အနည်းငယ်ထဲမှ တစ်ဦး ဖြစ်ကြောင်း ပြောခဲ့သည်။ သူ ရှုံးနိမ့်သွားလျှင်ပင် ပြည်သူများကို သူနှင့်အတူ ခေါ်ဆောင်သွားမည် ဖြစ်သည်။ ဤအတွက်ကြောင့် ကျူရှန်းမှာ အတော်လေး ဒုက္ခရောက်ခဲ့ရသည်။

လူများစွာက ကျူရှန်းနောက်သို့ လိုက်ရန် ဆန္ဒရှိကြသည်၊ အကြောင်းမှာ ၎င်းတို့ ငတ်မွတ်နေလျှင်ပင် ဂုဏ်သိက္ခာ ရှိနေဦးမည် ဖြစ်သောကြောင့်ပင်။

အခြားသော နယ်စားပယ်စားများသည် အစွမ်းထက်လျှင်ပင် မသမာသော လုပ်ရပ်များကို လုပ်ဆောင်ကြလိမ့်မည်၊ အကြောင်းမှာ အာဏာသည် ၎င်းတို့၏ သဘာဝတွင် ရှိသော မကောင်းမှုများကို ထိန်းချုပ်ရန် ခက်ခဲစေသောကြောင့် ဖြစ်သည်။

"လောကကြီး ငြိမ်းချမ်းဖို့ နောက်ထပ် ဘယ်နှစ်နှစ်လောက် အချိန်ယူရဦးမလဲ..." ဟု လီချင်းချိုးက မေးလိုက်တော့ ကျန်းယွီချွန်းက ဤသို့ ပြန်ဖြေလိုက်သည်။

"ကျူရှန်းရဲ့ အရှိန်အဟုန်အရဆိုရင် မထင်မှတ်ထားတဲ့ အခြေအနေတွေ မရှိဘူးဆိုရင် သူက အများဆုံး ငါးနှစ်အတွင်း လောကကြီးကို လွှမ်းမိုးနိုင်ပါလိမ့်မယ်..."

"ငါးနှစ်လား... သူ ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်..."

"ကိုးပြည်ထောင်နယ်မြေအတွက် ငါးနှစ်ဆိုတာ အရမ်းကို တိုတောင်းတဲ့ အချိန်ပါ... ကုကျိုးနယ်ဆိုတာ ငါ့ရဲ့ ယခင်ဘဝက တရုတ်ပြည်ရဲ့ ထက်ဝက်နီးပါးလောက်နဲ့ ညီမျှနေပြီ... ကိုးပြည်ထောင်နယ်မြေကို လွှမ်းမိုးဖို့ဆိုတာ မလွယ်ကူပါဘူး... နှစ်ထောင်ပေါင်းများစွာ အတွင်းမှာ တာ့လီမင်းဆက် တစ်ခုတည်းကပဲ အဲဒါကို လုပ်နိုင်ခဲ့တာ..."

ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်းမှာ ဖိအားကို ခံစားလိုက်ရသည်။ အကယ်၍ ကျူရှန်းသာ ထိုသို့ မလုပ်နိုင်ခဲ့လျှင် လီချင်းချိုး၏ ရှေ့တွင် သူ မျက်နှာပျက်ရပေလိမ့်မည်။

လီချင်းချိုးက လောကီရေးရာများကို သိပ်ဂရုမစိုက်ပေ။ သူက လောကကြီး၏ အရှင်သခင် ဖြစ်ချင်သော်လည်း ၎င်းမှာ စကားလုံး အနည်းငယ်ဖြင့် လုပ်ဆောင်နိုင်သော အရာ မဟုတ်ချေ။ လောကကြီးမှာ ကျယ်ပြောလွန်းပြီး ချင်းရှောင်ဂိုဏ်း၏ လူအင်အားကလည်း လောကကြီးကို ထိန်းချုပ်ရန် မလုံလောက်သေးပေ။

ဖရိုဖရဲ ဖြစ်နေသော လောကကြီးကို အောင်နိုင်ခြင်းမှာ ကိုယ်တိုင်က စည်းကမ်းတကျ ဖြစ်အောင် တည်ဆောက်ရသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။

ဧကရာဇ် တစ်ပါး ရှိနေခြင်းဖြင့် အရာရာမှာ များစွာ ပိုမို လွယ်ကူသွားမည် ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းအနေဖြင့် ဧကရာဇ်ကို နာခံစေရန်သာ လိုအပ်သည်။

သူက စကားဝိုင်းကို ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုဘက်သို့ လှည့်ပေးလိုက်ရာ ကျန်းယွီချွန်းက အခြေအနေများကို စတင် အစီရင်ခံတော့သည်။

ချင်းရှောင်ဂိုဏ်းတွင် မှတ်ပုံတင်ထားသော တပည့် အရေအတွက်မှာ ယခုလတွင် တစ်သောင်းကျော်သွားပြီ ဖြစ်ရာ ၎င်းမှာ နည်းပါးသော အရေအတွက် မဟုတ်ချေ။ အောက်ခြေသိမ်း တပည့်များနှင့် လက်မှုပညာရှင်များ အပါအဝင် ချင်းရှောင်ဂိုဏ်း တစ်ခုလုံးသည် လူပေါင်း ငါးသောင်းကျော်ကို ထိန်းချုပ်ထားသည်။ အတွင်းစည်း တပည့်များမှလွဲ၍ လူတိုင်း အလုပ်များနေကြသည်။

တောင်ခြေရှိ ရှန်းရှန်မြို့မှာ ပုံပေါ်လာပြီ ဖြစ်သည်။ သူကောင်းမျိုးနွယ် အများအပြား၏ အကူအညီဖြင့် ဆိုင်မျိုးစုံက မိုးရွာပြီးနောက် မှိုများပေါက်လာသကဲ့သို့ ပေါ်ထွက်လာကြသည်။ ၎င်းတို့သည် ထိုက်ခွန်းတောင်တန်း အနီးတစ်ဝိုက်မှ အိုးမဲ့အိမ်မဲ့များကိုလည်း ခေါ်ယူစောင့်ရှောက်ထားကြသည်။ လအနည်းငယ်အတွင်း ၎င်းတို့သည် ဂိုဏ်းအတွက် အကျိုးအမြတ်များကို အဆက်မပြတ် ယူဆောင်လာပေးနိုင်မည် ဖြစ်သည်။

အနိမ့်ပိုင်း မိစ္ဆာနယ်မြေ၊ မူလသံမဏိကောင်းချီးမြေ၊ ဝိညာဉ်ကြေးနီတောင်တန်းနှင့် ထျန်းရှန်းဝိညာဉ်ရေကန်တို့မှ ကျင့်ကြံရေး အရင်းအမြစ်များကို ချင်းရှောင်ဂိုဏ်းသို့ အဆက်မပြတ် ပို့ဆောင်နေပြီး ကောင်းကင်လက်မှုပညာခန်းမမှာ ချင်းရှောင်ဓားနှင့် သိုလှောင်အိတ်များ ဖန်တီးရန် နေ့ရောညပါ အလုပ်များနေကြရှာသည်။

"စီနီယာအစ်ကို... သိုလှောင်အိတ်ရဲ့ ဈေးနှုန်းက အရမ်း နိမ့်လွန်းနေတယ်လို့ ကျွန်တော် ထင်တုန်းပဲ... ဒါက အလကား ပေးနေသလိုပဲ..." ဟု ကျန်းယွီချွန်းက မနေနိုင်ဘဲ ပြောလိုက်သည်။

လီချင်းချိုးက ရယ်မောလိုက်ပြီး…

"ငါက အလကား ပေးနေတာပဲလေ... ချင်းရှောင်ဓားအတွက်တော့ ဈေးနှုန်း သတ်မှတ်မှာ မဟုတ်ဘူး... ငါ့ရဲ့ အကြံက အတွင်းစည်း တပည့်တိုင်း ချင်းရှောင်ဓား တစ်လက်နဲ့ သိုလှောင်အိတ် တစ်လုံးကို ရရှိနိုင်ဖို့ပဲ..."

"ဒါက..."

ကျန်းယွီချွန်းသာမက လီတုန်းယွဲ့မှာလည်း အံ့အားသင့်သွားချေသည်။

လီချင်းချိုးက ….

"နောင်ကျရင် ဂိုဏ်းက မှော်ပစ္စည်းတွေနဲ့ ပိုကောင်းတဲ့ သိုလှောင်အိတ်တွေကို ပိုပြီး ဖန်တီးလာမှာပါ... ဂိုဏ်းရဲ့ အကျိုးအမြတ်အတွက် မင်းတို့ စိတ်ပူစရာ မလိုပါဘူး... ဒါ့အပြင် တပည့်တွေကို သိုလှောင်အိတ်တွေ အမြန်ဆုံး ရရှိစေဖို့ ကူညီပေးတာက အရင်းအမြစ် အမျိုးမျိုးကို သယ်ယူပို့ဆောင်ရေးမှာလည်း အဆင်ပြေစေမှာပါ..."

"ကိုးပြည်ထောင်နယ်မြေမှာ တခြား ကျင့်ကြံရေးဂိုဏ်းတွေ မလွဲမသွေ ပေါ်ထွက်လာဦးမှာပဲ... သူတို့ကို လုံးဝ ဖိနှိပ်ထားဖို့ဆိုတာ ခက်ခဲလိမ့်မယ်... ချင်းရှောင်ဂိုဏ်းရဲ့ သတ်မှတ်ချက်က ပိုမြင့်လေလေ၊ ဆက်ဆံရေးက ပိုကောင်းလေလေ ဂိုဏ်းက တုန်လှုပ်ဖို့ အလားအလာ ပိုနည်းလေလေပဲ... ဒါ့အပြင် တပည့်တွေကို သင့်တင့်လျောက်ပတ်စွာ ပြန်လည် ပေးဆပ်ဖို့က ပြဿနာ မဟုတ်ပါဘူး... ချင်းရှောင်ဂိုဏ်းက တပည့်တွေရဲ့ အိမ်ပဲလို့ ငါတို့ အမြဲတမ်း ပြောနေတာပဲ... ဒါကြောင့် ငါတို့ရဲ့ ရိုးသားမှုကို ပြသရမှာပေါ့..."

ဝိညာဉ်ကြေးနီတောင်တန်း မည်မျှ ကျယ်ပြောကြောင်းကို ကျန်းယွီချွန်း သိရှိထားပြီး ဖြစ်သည်။ သူ့ရဲ့ စိုးရိမ်မှုမှာ အရင်းအမြစ်များ မလုံလောက်မည်ကို မဟုတ်ဘဲ လူ့သဘာဝ၏ ကြိုတင် ခန့်မှန်းမရနိုင်မှုကိုသာ ဖြစ်ပေသည်။

သို့သော်လည်း စီနီယာအစ်ကိုက ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ရာ သူ ဆက်လက်၍ ဖျောင်းဖျမနေတော့ပေ၊ မည်သို့ပင်ဆိုစေ စီနီယာအစ်ကိုမှာ ဂိုဏ်းချုပ် ဖြစ်သည် မဟုတ်ပါလား။

လီချင်းချိုး အမှားမလုပ်မီအထိ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ့ရဲ့ အာဏာမှာ မည်သူမျှ လှုပ်ခါ၍ မရနိုင်ချေ။

...

ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့ အလျင်အမြန် ကုန်ဆုံးသွားပြီး နောက်ထပ် နွေဦးရာသီ ပွဲတော်တစ်ခု ရောက်ရှိလာခဲ့ပြန်သည်။

ယခုနှစ်တွင် လီချင်းချိုး အသက် ၃၁ နှစ် ပြည့်မည် ဖြစ်သည်။

တစ်နှစ်တာ လေ့ကျင့်ပြီးနောက် ဂိုဏ်းရှိ တပည့်များ၏ ကျင့်ကြံမှု အဆင့်များ အားလုံး တိုးတက်လာခဲ့ကြသည်။ ကျန်းကျောက်ရှားက မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး ရှန်ယွဲ့မှာလည်း အလျင်အမြန် တိုးတက်လာကာ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကျိယာမှာ မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူသည် အာရုံစိုက်ကာ အချိန်အများစုကို ကျင့်ကြံခြင်းတွင် ပေးအပ်ထားခဲ့သဖြင့် ဂိုဏ်းရှိ တပည့်များမှာ သူ့လို ပါရမီရှင်တစ်ဦး ဂိုဏ်းတွင် ရှိနေကြောင်းကို သဘောပေါက်သွားစေခဲ့သည်။

နှစ်မကုန်မီတွင် ရှောင်ညီနောင်သုံးဖော်နှင့် ယွင်ချိုင်တို့လည်း မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိလာကြသည်။

အမြန်ဆုံး ကျင့်ကြံသူမှာ ကျောက်ကျိန်း ဖြစ်သည်။ ထူးချွန်သော ကျင့်ကြံမှု ပါရမီနှင့် ကြိုးစားအားထုတ်မှုတို့ ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံမှု အရှိန်အဟုန်မှာ အခြားသော ပါရမီရှင်များနှင့် ယှဉ်၍ မရနိုင်အောင် ဖြစ်သွားခဲ့သည်။ သူသည်လည်း နှစ်မကုန်မီတွင် အဆင့်တက်သွားခဲ့ပြီး မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခုနှစ် အပါအဝင် သူသည် အသက် ဆယ့်ငါးနှစ်သာ ရှိသေးသည်။ အသက် ဆယ့်ငါးနှစ်ပင် မပြည့်သေးဘဲ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေခြင်းက ဗုံးတစ်လုံးကဲ့သို့ ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဝူမန်အာနှင့် လီတုန်းယွဲ့တို့မှာလည်း အစဉ်လိုက် မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ဝင်ရောက်လာကြပြီး လီစစ်ကျင်မှာလည်း မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိလာခဲ့သည်။

လီချင်းချိုးက အနာဂတ်အကြောင်း သူမကို ပြောပြပြီးကတည်းက လီတုန်းယွဲ့ကလည်း လီချင်းချိုးနှင့် နှစ်ပေါင်းများစွာ အတူနေထိုင်ရန် သူမ၏ သက်တမ်း တိုတောင်းလွန်းမည်ကို စိုးရိမ်လာကာ အသည်းအသန် ကျင့်ကြံလေတော့သည်။

သူမ၏ ပါရမီမှာ ထူးချွန်သည်ဟု မဆိုသာသော်လည်း မဆိုးလှချေ။ ပိုမိုများပြားလာသော ကျင့်ကြံရေး အရင်းအမြစ်များနှင့်အတူ သူမ၏ ကျင့်ကြံမှု အဆင့်မှာလည်း တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။

လီစစ်ကျင်မှာ သူမလောက် ကျင့်ကြံရန် အချိန်မပေးနိုင်ပေ။ သူမတွင် နေ့စဉ် လေ့လာရမည့် အရာများ အများအပြား ရှိနေသေးသည်။

ဖော်ပြရန် ထိုက်တန်သည်မှာ ဝူမန်အာနှင့် ယန်တောက်ကျုံးတို့ အမှန်တကယ်ပင် ရင်းနှီးသွားခဲ့ကြခြင်း ဖြစ်သည်။

ဝူမန်အာသည် ယခုအခါ နေ့ရက်များကို သိုင်းဘိုးဘေးခန်းမတွင် ကုန်ဆုံးစေပြီး ယန်တောက်ကျုံးနှင့်အတူ သိုင်းပညာ လေ့ကျင့်နေသည်။

ယန်တောက်ကျုံးက ဝူမန်အာကို ပါရမီရှင်ဟု ခေါ်ဆိုသည်။ သူသည် အလွန် ဉာဏ်ကောင်းပုံ မပေါ်သော်လည်း စိတ်တစ်ခုတည်း ထားရှိပြီး သိုင်းပညာအတွက် အလွန် သင့်တော်လှသည်။

ယန်တောက်ကျုံးထံမှ သိုင်းပညာ သင်ယူပြီးနောက် ဝူမန်အာ၏ ခွန်အားမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ရာ ၎င်းမှာ ယန်ကျွယ်တိန်ထံမှ သင်ယူသည်ထက် ပိုမို ထိရောက်မှု ရှိနေသည်။

ထို့ကြောင့် ဝူမန်အာသည်လည်း သိုင်းဘိုးဘေး အကြီးအကဲ၏ အဆင့်အတန်းကို ရရှိထားသည်။

လီချင်းချိုးက ဤဂျူနီယာညီလေးထံမှ မည်သည့်အရာကိုမျှ မမျှော်လင့်ခဲ့ပေ။ ငြိမ်းချမ်းပြီး ပျော်ရွှင်သော ဘဝကို ဖြတ်သန်းနိုင်ရန်သာ မျှော်လင့်ထားခြင်း ဖြစ်သည်။

ဝူမန်အာသည် ဂိုဏ်းချုပ် အုပ်စုမှ မဟုတ်ဘဲ ကျင့်ကြံနိုင်သော တစ်ဦးတည်းသော သူလည်း ဖြစ်သည်။ ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်၏ အဖွဲ့ဝင်များ ဖြစ်ကြသော ယန်ကျွယ်တိန်နှင့် ရှန်ယွဲ့တို့လို လူများပင် ဤအခွင့်အရေးမျိုး မရရှိခဲ့ကြချေ။

ယခုနှစ် နွေဦးရာသီ ပွဲတော်က ယန်တောက်ကျုံး ချင်းရှောင်ဂိုဏ်းတွင် ဖြတ်သန်းရသော ပထမဆုံး နွေဦးရာသီ ပွဲတော် ဖြစ်သည်။ တပည့်များစွာ ပြန်လည် ရောက်ရှိလာခြင်းက သူ့ကို ချင်းရှောင်ဂိုဏ်း၏ စစ်မှန်သော စည်ကားမှုကို ခံစားရစေသည်။

ထို့ပါသောကြောင့် ချင်းရှောင်ဂိုဏ်းကို ပို၍ သဘောကျလာခဲ့သည်။ ဤနေရာတွင် နောက်ကျောကို ဓားနဲ့ထိုးမည့် အကြံအစည်များ သိပ်မရှိဘဲ ဘုံရည်မှန်းချက်တစ်ခုဆီသို့ ဖွံ့ဖြိုးတိုးတက်ရန် တိုက်ခိုက်လိုစိတ်နှင့် ကျန်းမာသော ယှဉ်ပြိုင်မှု လေထုသာ ရှိသည်။ သူသည် သိုင်းပညာစင်မြင့်ပေါ်တွင် အဆင့်အတန်းကို ဂရုစိုက်စရာ မလိုဘဲ စိတ်တိုင်းကျ တိုက်ခိုက်နိုင်သည်။

အတွင်းစည်း တပည့်တစ်ဦးကပင် သူ့ကို ခြိမ်းခြောက်မှု တစ်ခု ပေးစွမ်းနိုင်သည်ဟူသော ခံစားချက်မှာ အလွန် အံ့သြဖွယ်ကောင်းလှသည်။

ထျန်းရွှမ်တောင်တွင် သူ့ကို အရာရာကို အလေးအနက်ထားလာအောင် လုပ်နိုင်သူ မရှိချေ။

ပွဲတော်အပြီး ပဉ္စမမြောက်နေ့တွင်….

သိုင်းဘိုးဘေးခန်းမသို့ ယွမ်ချီ ရောက်လာပြီး ယန်တောက်ကျုံးနှင့် ဝူမန်အာတို့ကို တွေ့ကာ အစည်းအဝေးတစ်ခုအတွက် လင်းရှောင်ခြံဝင်းသို့ သွားရန် ပြင်ဆင်ကြဖို့ ပြောကြားခဲ့သည်။

"ကျွန်တော်ရော သွားလို့ရလား..." ဟု ယန်တောက်ကျုံးက အံ့အားသင့်စွာ မေးလိုက်မိသည်။

သူ ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိနေသည်မှာ လဝက်နီးပါး ရှိနေပြီ ဖြစ်ပြီး လင်းရှောင်ခြံဝင်း အစည်းအဝေးက မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူ သိရှိထားသည်။

"ဂိုဏ်းချုပ် ကိုယ်တိုင် ခေါ်ခိုင်းတာပါ..."

ထိုစကားများ ပြောပြီးနောက် ယွမ်ချီ ထွက်သွားလေတော့သည်။

ယန်တောက်ကျုံးကတော့ မျက်မှောင်ကြုတ်သွားသည်။ ယခုလို အစည်းအဝေးခေါ်ရခြင်းမှာ ဂျူနီယာညီလေး ပြဿနာရှာနေခြင်း မဟုတ်စေရန် သူ တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။ သူသည် ချင်းရှောင်ဂိုဏ်းနှင့် ထျန်းရွှမ်တောင်ကြားတွင် အကြပ်ရိုက်မခံလိုပေ။

သူ စိုးရိမ်မနေတော့ဘဲ ဝူမန်အာကို ခေါ်၍ တောင်ပေါ်သို့ တက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ထိုနှစ်ဦးသား သိုင်းပညာအကြောင်း ထပ်မံ ဆွေးနွေးခဲ့ကြပြန်သည်။

ဝူမန်အာမှာ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံသော်လည်း သိုင်းကွက်များမှာ သိုင်းလမ်းစဉ်မှ မြစ်ဖျားခံလာခြင်း ဖြစ်ရာ ထိုနှစ်ဦးတွင် ဘုံတူညီသော အကြောင်းအရာများစွာ ရှိနေကြသည်။

ထိုနှစ်ဦး လင်းရှောင်ခြံဝင်းသို့ ရောက်ရှိလာသောအခါ အတွင်းတွင် ထိုင်၍ စောင့်ဆိုင်းနေသူ အတော်များများ ရှိနေပြီ ဖြစ်သည်။

ရှန်ယွဲ့က ယန်တောက်ကျုံးကို လက်ယပ်ခေါ်၍ သူ့ဘေးတွင် ထိုင်ရန် အချက်ပြလိုက်ပြီး ဝူမန်အာကတော့ ယန်ကျွယ်တိန်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

ယန်တောက်ကျုံး ရှန်ယွဲ့၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် ထက်မြက်သော အကြည့် နှစ်စုံကို ရုတ်တရက် ခံစားလိုက်ရသည်။

၎င်းတို့မှာ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ဖြစ်ကြသည်။

ထိုလူနှစ်ဦးက သူ့ကို အလွန် အန္တရာယ်ကြီးသည်ဟု ခံစားရစေပြီး ရှန်ယွဲ့ထက်ပင် ပိုမို အစွမ်းထက်ကြောင်း အလိုအလျောက် သိစိတ်က ပြောနေသည်။

သူတို့က ဒဏ္ဍာရီလာ ကျန်းကျောက်ရှားနဲ့ ရွှီနင်းတို့များ ဖြစ်နေမလား…..

ချင်းရှောင်ဂိုဏ်းအတွင်း ဂိုဏ်းချုပ်၏ အောက်တွင် အစွမ်းအထက်ဆုံး သုံးဦးမှာ ရွှီနင်း၊ ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့ ဖြစ်ကြပြီး ၎င်းတို့၏ နေရာကို မည်သူမျှ မလှုပ်ခါနိုင်ချေ။

ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့က အလျင်အမြန် အကြည့်လွှဲသွားကြသည်။ ၎င်းတို့သည် ယန်တောက်ကျုံးအပေါ် ရန်လိုမှု မရှိကြဘဲ သိုင်းပြိုင်ချင်စိတ်သာ ပြင်းပြနေကြခြင်း ဖြစ်သည်။

မကြာမီမှာပင် သမိုင်းဝင် ရှည်လျားသော စားပွဲတွင် လူများ ပြည့်နှက်သွားပြီး လီချင်းချိုး ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသောအခါ လူတိုင်း မတ်တပ်ရပ်လိုက်ကြသည်။

လီချင်းချိုးက ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး အခြားသူများကိုလည်း ထိုင်ရန် အချက်ပြလိုက်သည်။

"ဒီနေ့ အားလုံးကို ဒီကို ခေါ်လိုက်ရတာက ဒုက္ခပေးမယ့် ကိစ္စတစ်ခုကို ဆွေးနွေးဖို့ပဲ... ငြိမ်းချမ်းတဲ့ နှစ်အနည်းငယ် အကြာမှာ ရန်သူတစ်ယောက် ပြန်ပေါ်လာပြီ..."

လီချင်းချိုးက လူတိုင်းကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်တော့ ထိုစကားကို ကြားသောအခါ ရောက်ရှိနေသူ အများစုမှာ မျက်မှောင်မကြုတ်ကြဘဲ မျက်လုံးများ လင်းလက်သွားကြတော့သည်။

All Chapters