← Chapters

နတ်ဘုရားတစ်ပါးနှင့်တူသော တည်ရှိမှု

Vol. 21 Ch. 209

နတ်ဘုရားတစ်ပါးနှင့်တူသော တည်ရှိမှု

Vol. 21 Ch. 209

အတွေ့အကြုံရှာဖွေရေးခန်းမက အလျင်အမြန် လှုပ်ရှားနေ၏။ ကျန်းယွီချွန်းထံမှ ရွှမ်ကျီဂိုဏ်းအကြောင်း ထောက်လှမ်းရေး သတင်းအချက်အလက်အားလုံးကို ရွှယ်ကျင်း ရရှိပြီးနောက် တပည့် သုံးဆယ့်ခြောက်ဦးကို ဦးဆောင်ရန် ဓားဆယ့်သုံးလက်အဖွဲ့မှ အဖွဲ့ဝင် ဆယ့်နှစ်ဦးကို တောင်အောက်သို့ စေလွှတ်လိုက်သည်။

ဤတပည့်များက အနည်းဆုံး မူလအားဖြည့်နယ်ပယ် တတိယအဆင့်တွင် ရှိကြသည်။ လောကီ သိုင်းလောကတွင်ဆိုလျှင် ၎င်းတို့သည် ပြည်နယ်တစ်ခု၏ သိုင်းလောက၌ ထိပ်တန်းနေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြပေလိမ့်မည်။

အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်များက ခမ်းနားကြီးကျယ်သော စီတန်းလှည့်လည်မှုဖြင့် တောင်အောက်သို့ ဆင်းသွားကြသဖြင့် လမ်းတစ်လျှောက်ရှိ တပည့်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သော်လည်း မည်သည့် အနှောင့်အယှက်မှ မဖြစ်စေခဲ့ပေ။ မည်သို့ပင်ဆိုစေ ချင်းရှောင်ဂိုဏ်းတွင် လုပ်စရာများလွန်းလှပြီး နေ့စဉ်နေ့တိုင်း တောင်ပေါ်တက်လာသူ၊ တောင်အောက်ဆင်းသွားသူ တပည့်အုပ်စုများ ရှိနေသည် မဟုတ်ပါလား။

နှစ်သစ် စတင်သည်နှင့်အမျှ ချင်းရှောင်တောင် တပည့်များ၏ ကျင့်ကြံခြင်းက စိတ်ဓာတ်ကို မြှင့်တင်ပေးနေ၏။

မည်သူ စတင်လိုက်သည်ကို မသေချာသော်လည်း နောက်ထပ် ကျင်းပမည့် ဓမ္မ တိုက်ပွဲ ညီလာခံအကြောင်း ပြောဆိုခြင်းက တပည့်များကို စတင် မျှော်လင့်လာစေရန် တွန်းအားပေးခဲ့သည်။

ပထမအကြိမ် ဓမ္မတိုက်ပွဲ ညီလာခံမှာ အလွန် အောင်မြင်ခဲ့ပြီး နောက်တစ်ကြိမ် ဓမ္မ တိုက်ပွဲ ညီလာခံအတွက် ဆုကြေးများမှာ ပိုမို ရက်ရောမည် ဖြစ်ကာ ဆေးလုံးများနှင့် မှော်ပစ္စည်းများပင် ပါဝင်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဖေဖော်ဝါရီလတွင် လီချင်းချိုးတယောက် မည်သူမျှ မသိလိုက်ဘဲ ဝိညာဉ်အသိအာရုံအဆင့်၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဝိညာဉ်အသိအာရုံအဆင့်၏ အဆင့်တိုင်း၏ တိုးတက်မှုက သဘာဝကျစွာပင် မူလအားဖြည့်နယ်ပယ်ထက် ပိုမို ကြီးမားသည်။ မူလချီ သိသိသာသာ တိုးတက်လာခြင်းနှင့် ဝိညာဉ်အသိအာရုံ စွမ်းအား မြင့်တက်လာခြင်းတို့က လီချင်းချိုးကို ပျော်ရွှင်စေခဲ့သည်။

ထို့​ကြောင့် တောင်အောက်သို့ ဆင်းရန် ပြင်ဆင်ရင်း ကျင့်ကြံခြင်းဂူထဲမှ ထွက်လာခဲ့လိုက်ပြီး ဤတစ်ကြိမ်တွင် ရွှေသူငယ်ကိုပါ ခေါ်လာခဲ့သည်။

ရွှေသူငယ်သည်လည်း ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံခဲ့ပြီး နှစ်တစ်ရာ ချီ စုဆောင်းထားသော အခြေခံအုတ်မြစ်ဖြင့် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ အလျင်အမြန် ရောက်ရှိသွားခဲ့သော်လည်း ၎င်း၏ ရုပ်သွင်မှာ လုံးဝ ပြောင်းလဲမသွားခဲ့ပေ။

လီချင်းချိုး သူ့ကို ခေါ်လာရခြင်း၏ အကြောင်းရင်းမှာ ရွှေသူငယ်တကောင်တည်း တစ်နေကုန် ဤနေရာတွင် ကျင့်ကြံမနေဘဲ ချင်းရှောင်ဂိုဏ်းတွင် ပေါင်းစည်းနိုင်စေရန် ဖြစ်သည်။

တရုတ်နံနံ၏ အခြား မိစ္ဆာနှစ်ကောင် ဖြစ်သော ယွဲ့ရှန်းနှင့် ဟေးလီတို့မှာ မိစ္ဆာနှိမ်နင်းရေးခန်းမတွင် အတော်လေး အလုပ်ဖြစ်နေပြီး နာမည်ကောင်း အတော်လေး ရနေကြသည်။

...

မှောင်မိုက်နေသော ဂူအတွင်းတွင်…..

ထျန်းရွှမ်တောင်မှ ဟွာတောက်ကျန့်( ဓားလမ်းစဉ်အကြီးအကဲ က ဓားတစ်လက်ကို ကိုင်စွဲကာ ဆီမီးအိမ်လေးကို မြှောက်၍ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။ မီးရောင်က မျက်နှာအောက်ပိုင်းကိုသာ လင်းထိန်စေပြီး နဖူးပြင်မှာမူ အမှောင်ထုထဲတွင် နစ်မြုပ်နေသည်။

​သူသည် အေးအေးလူလူပင် ရှေ့သို့ ဆက်လှမ်းနေပြီး ဂူအတွင်း၌ ရေစက်လက်ကျသံများမှာ တိတ်ဆိတ်ခြောက်ခြားဖွယ် ပဲ့တင်ထပ်နေသည်။

​တော်တော်ကြာ လျှောက်လှမ်းပြီးနောက် ဟွာတောက်ကျန့်သည် ဂူခန်းတစ်ခုသို့ ရောက်ရှိလာပြီး ဆီမီးအိမ်ကို နံရံတွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် ဂူနံရံရှေ့ရှိ လူရိပ်တစ်ခုကို လှည့်ကြည့်လိုက်သည်။

​ထိုသူမှာ ပိန်ချုံးနေသော အဖိုးအိုတစ်ဦးဖြစ်ပြီး ဆံပင်များမှာ ခြောက်သွေ့သော မြက်ပင်များကဲ့သို့ ဖရိုဖရဲဖြစ်နေကာ ဝတ်ရုံများမှာလည်း အစုတ်စုတ်အပြတ်ပြတ် ဖြစ်နေသည်။ ရှည်လျားမည်းနက်နေသော လက်သည်းခြေသည်းများကြောင့် ကြည့်ရသည်မှာ ရန်ငြိုးဖွဲ့နေသော တစ္ဆေတစ်ကောင်နှင့်ပင် တူလှသည်။

​"ချင်းရှောင်ဂိုဏ်းက လူတွေ ထွက်သွားပြီဆိုတာ သေချာလား?" ဟု ဟွာတောက်ကျန့်က အဖိုးအိုကို မေးလိုက်သည်။

​လွန်ခဲ့သော လအနည်းငယ်ကတည်းက သူ ဤနေရာသို့ မလာဖြစ်ခဲ့ပေ။ အဘိုးအိုက တစ်စုံတစ်ယောက်က ထျန်းရွှမ်းတောင်ပေါ် ခိုးကြောင်ခိုးဝှက် ရောက်နေကြောင်းနှင့် ဇွတ်တရွတ် မလုပ်ရန် သတိပေးထားသောကြောင့် ဖြစ်သည်။

​"သူတို့ အခုလောလောဆယ် တောင်အောက်ဆင်းသွားပြီ၊ ဒါပေမဲ့ ပြန်လာဦးမှာပဲ။ ချင်းရှောင်ဂိုဏ်းကလူတွေက အရမ်းဇွဲကောင်းတာ..."

​ပိန်ချုံးနေသော အဖိုးအိုက အက်ရှရှနှင့် အေးစိမ့်သော လေသံဖြင့် ပြောလိုက်တော့ ဟွာတောက်ကျန့်က မျက်မှောင်ကြုတ်ကာ ကျိန်ဆဲလိုက်သည်။

"ချင်းရှောင်ဂိုဏ်းက လူတွေက တကယ့်ကို ကောက်ကျစ်စဉ်းလဲတာပဲ။ ငါ့ရဲ့ အသုံးမကျတဲ့ စီနီယာအစ်ကိုက ချင်းရှောင်ဂိုဏ်းဆီ ဘက်ပြောင်းသွားတာတောင် သူတို့က လက်မလျှော့သေးဘူး။"

​"မင်းရဲ့ စီနီယာအစ်ကိုသာ ချင်းရှောင်ဂိုဏ်းထဲ မဝင်ခဲ့ရင် ငါ အခုလောက်ဆို လူမိနေလောက်ပြီ။ ဒီပတ်သက်မှုသာ မရှိရင် ချင်းရှောင်ဂိုဏ်းက ထျန်းရွှမ်းတောင်ကို ဒီလောက်ပဲ လျှို့ဝှက်စုံစမ်းနေမယ် ထင်သလား?"

​ထိုစကားကြောင့် ဟွာတောက်ကျန့် ဆွံ့အသွားသည်။

​သူ အကြောင်းအရင်းကို နားလည်သော်လည်း ယန်တောက်ကျုံးကို တွေးမိတိုင်း ဒေါသထွက်မိသည်။ စီနီယာအစ်ကိုမှာ ပျင်းရိပြီး တာဝန်မယူချင်သူဖြစ်သည်။ အကယ်၍ ဂိုဏ်းချုပ်ရာထူးကို သူ့ထံ စောစောစီးစီး လွှဲပေးခဲ့လျှင် ထျန်းရွှမ်းတောင်မှာ ယခုကဲ့သို့ အခြေအနေမျိုး ရောက်နေမည်မဟုတ်ပေ။

​"ငါ့ရဲ့နေ့ရက်တွေက ရေတွက်လို့ရနေပြီ၊ ငါ ထပ်မစောင့်နိုင်တော့ဘူး။ ကျောက်ကျိန်းကို ထွက်လာအောင် မျှားခေါ်ဖို့ နည်းလမ်းရှာရမယ်..." ဟု အဖိုးအိုက ဆက်ပြောလိုက်တော့ ဟွာတောက်ကျန့်က ပို၍မျက်မှောင်ကြုတ်ကာ သွားကြိတ်လိုက်ပြီး…

"စီနီယာအစ်ကိုက ရန်သူ့ဘက်ပါသွားပြီလေ.. သူ့ကို ဘယ်လိုမျှားခေါ်ရမှာလဲ?"

​"မင်းရဲ့ တပည့်တွေ ရွှမ်ကျီးဂိုဏ်း အကြောင်း ပြောနေတာ ငါကြားတယ်။ ရွှမ်ကျီးဂိုဏ်းက တောင်ဘက်ကို ပြန်ဆင်းလာပြီလား?"

​"သူတို့ တောင်ဘက်ကို မဆင်းရသေးဘူး၊ ဒါပေမဲ့ သတင်းက ပျံ့နေပြီ။ ချန်းကျိုးကတော့ မြောက်ပိုင်းလူရိုင်းတွေ လက်ထဲ လုံးဝကျရောက်လုနီးပါးပဲ။ ဘာလဲ? ခင်ဗျားက ရွှမ်ကျီးဂိုဏ်းကို အသုံးချချင်တာလား?"

​"ကျောက်ကျိန်းရဲ့ အမေကို ချန်းကျိုးကို ပို့လိုက်။"

​"ခင်ဗျား!!!... သူက ငါ့ရဲ့ ညီမအရင်းခေါက်ခေါက်နော်!"

​"ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုလောက်တော့ တိုက်ယူကြည့်ရအောင်၊ မဟုတ်ရင် ငါတို့နှစ်ယောက်လုံး သေရလိမ့်မယ်။ သူ့ကို အဲ့ဒီပို့လိုက်တာက သူ့အသက်ကို ကယ်ရာတောင် ရောက်နိုင်သေးတယ်။ ကျောက်ကျိန်း တောင်အောက်ဆင်းလာတာနဲ့ ငါကိုယ်တိုင် လှုပ်ရှားမယ်"

​ဟွာတောက်ကျန့်၏ မျက်နှာရိပ်မျက်နှာကဲမှာ ဆုံးဖြတ်ရခက်ခဲမှုကြောင့် ပြောင်းလဲနေသည်။

​အဖိုးအိုက…..

"ချင်းရှောင်ဂိုဏ်းက မသေမျိုးကျင့်စဉ်ကို ကျင့်ကြံတာ။ ငါ့ရဲ့ ကျင့်စဉ်တွေ ပြန်ကောင်းလာမှသာ သူတို့ရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချနိုင်မယ်။ အဲ့ဒီအချိန်ကျရင် ထျန်းရွှမ်းတောင်က ချင်းရှောင်ဂိုဏ်းနေရာမှာ အစားထိုးဝင်ရောက်လာပြီး မင်းက ဂိုဏ်းချုပ်ဖြစ်လာလိမ့်မယ်။ ချင်းရှောင်ဂိုဏ်းပိုင်သမျှ အရာအားလုံးက မင်းအပိုင်ဖြစ်လာမှာ။ ငါကတော့ တရားဟောပြီးရင် အနောက်ဘက် (နိဗ္ဗာန်) ကို ပြန်ရမှာပဲ..."

​ထိုအခါ ဟွာတောက်ကျန့်က အသက်ပြင်းပြင်းရှူလိုက်ပြီး…

"ကောင်းပြီ၊ ငါလုပ်မယ်။ ဒါပေမဲ့ ကျောက်ကျိန်းက ဒီအကြောင်းကို လီချင်းချိုးကို ပြောပြလို့ လီချင်းချိုးပါ တောင်အောက် လိုက်လာရင် ဘယ်လိုလုပ်မလဲ?"

​"ငါ့မှာ နည်းလမ်းရှိပါတယ်၊ အဲ့ဒီကျရင် မင်းဝင်ပါဖို့ မလိုတော့ဘူး။ ငါ ချင်းရှောင်ဂိုဏ်းကို မကြောက်ဘူး၊ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က အားနည်းလွန်းလို့ တိုက်ပွဲအကြာကြီး မတိုက်နိုင်တာ။"

​အဖိုးအို၏ အဖြေက ဟွာတောက်ကျန့်ကို အားတက်စေပြီး စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

​"ဘိုးဘေး…ကျွန်တော့်ကို စိတ်မပျက်စေပါနဲ့..."

​"ငါက ကြယ်တာရာတွေရဲ့ အရှင်သခင်ပါ….တခြားမြေမှာဆိုရင် နတ်ဘုရားတစ်ပါးလိုပဲကွ… ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ? လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ့ရဲ့အကူအညီမပါဘဲ မင်း ဘယ်လိုလုပ်ပြီး ဓားကိုင်အကြီးအကဲ ဖြစ်လာနိုင်ပါ့မလဲ?"

​ပြောရင်းဆိုရင်းပင် အဖိုးအိုသည် ပြင်းထန်စွာ ချောင်းဆိုးလာသည်။

ထိုအခါ ​ဟွာတောက်ကျန့်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး လက်နှစ်ဖက်ကို အင်္ကျီလက်ထဲတွင် တင်းတင်းဆုပ်ထားလိုက်သည်။

…………………….

​မြောက်ပိုင်းလူရိုင်းများ တောင်ဘက်သို့ ချီတက်လာပြီး ချန်းကျိုးကို သိမ်းပိုက်လိုက်ကြသည်။ မြို့အတော်များများတွင် လူသတ်ပွဲများဖြစ်ပွားခဲ့ပြီး သွေးချောင်းစီးခဲ့သည်။ ထိုသတင်းက တောမီးပမာ ပျံ့နှံ့သွားပြီး ဖရိုဖရဲဖြစ်နေသော ကမ္ဘာကြီးကို ပိုမိုဆိုးရွားစေခဲ့သည်။

​ဧပြီလအစောပိုင်းတွူ်…

​ဝတ်စုံပြည့်ဝတ်ဆင်ထားသော လီစီဖုန်းတယောက် စစ်တပ်တဲအတွင်းသို့ ပြန်ရောက်လာသည်။ ထိုနေရာတွင် စစ်ဗျူဟာမှူးများနှင့် စစ်ဗိုလ်ချုပ်အတော်များများ စောင့်ဆိုင်းနေကြသည်။ လီချင်းချိုး၏ ဒုတိယမြောက်တပည့် ချင်ယဲ့ (Qin Ye) လည်း ထိုအထဲတွင် ပါဝင်သည်။

​"အခြေအနေ ဘယ်လိုလဲ?"ဟု လီယန်၏ ဦးလေး လီတာ့က အရင်ဆုံး မေးလိုက်သည်။

​လီစီဖုန်းက စိတ်ပျက်လက်ပျက်ဖြင့်….

"ငါတို့သခင်က လျိုမိသားစု နဲ့ စစ်ပြေငြိမ်းဖို့ ဆုံးဖြတ်လိုက်ပြီ…ပြီးတော့ တခြားသခင်တွေနဲ့ ပူးပေါင်းပြီး မြောက်ပိုင်းလူရိုင်းတွေကို တိုက်ခိုက်ဖို့ မြောက်ဘက်ကို ချီတက်တော့မယ်။"

​"မိုက်မဲလိုက်တာ! ငါတို့က ချန်းကျိုးနဲ့ အဝေးဆုံးမှာ ရှိနေတာ။ ချန်းကျိုးကို သွားမယ့်ခရီးက ငါတို့အတွက် အကုန်အကျအများဆုံး ဖြစ်လိမ့်မယ်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ငါတို့ အထိနာမှာပဲ… သူ ဘယ်လိုလုပ် ဒီလောက်အဆင်အခြင်မဲ့တာလဲ?"

​လီတာ့မှာ ဒေါသထွက်နေပြီး တဲအတွင်းရှိ အခြားသူများမှာလည်း မျက်နှာပျက်ကုန်ကြသည်။

​သူတို့သည် တုန်းလင်ခရိုင်ကို ခက်ခက်ခဲခဲ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တော်သို့ ရောက်ခါနီးမှ မြောက်ဘက်သို့ ချီတက်ရတော့မည်ဖြစ်သည်။

​သို့သော် ချင်ယဲ့ကမူ ကျူရှန်းကို လေးစားမိသွားသည်။ ကျူရှန်းသည် မှန်ကန်သောအရာကို လုပ်ဆောင်ခဲ့ပြီး ထိုကဲ့သို့သောသူသာလျှင် ပြည်နယ်ကိုးခု၏ အရှင်သခင် ဖြစ်ထိုက်သည်ဟု သူခံစားရသည်။

​"ဗိုလ်ချုပ်၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ?"ဟု စစ်ဗိုလ်ချုပ်တစ်ဦးက မေးတော့ ​လီစီဖုန်းက ထိုင်ခုံတွင် ထိုင်လိုက်ပြီး… .

"အမိန့်ကို နာခံရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ? နောက်ပြီး ကမ္ဘာကြီး ဒုက္ခရောက်နေတဲ့အချိန်မှာ ငါတို့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဒါက မူဝါဒပိုင်းဆိုင်ရာ ကိစ္စပဲ!"

​အကယ်၍ ကျူရှန်းက ဤကိစ္စကို လျစ်လျူရှုခဲ့လျှင် သူတို့မှာ အလှမ်းဝေးလွန်း၍ မကူညီနိုင်ခြင်းဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နိုင်သော်လည်း၊ အမိန့်ကျလာပြီဖြစ်၍ လီချင်းချိုး၏ လမ်းညွှန်မှုနှင့်အတူ သူတို့ မြောက်ဘက်သို့ သွားရန်သာ ရှိတော့သည်။

​လီစီဖုန်းသည် ယခုအခါ မြောက်ပိုင်းလူရိုင်းများကို အလွန်အမင်း ဒေါသထွက်နေသည်။ ရှေးယခင်ကတည်းက သူတို့တွေ တောင်ဘက်သို့ ကျူးကျော်ကာ လုယက်သတ်ဖြတ်ခဲ့သောကြောင့် သူကတော့ ထိုသူများကို အဆုံးစွန်အထိ မုန်းတီးနေသည်။

​လီတာ့က လီစီဖုန်းကို ကြည့်ကာ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းသာ ချလိုက်နိုင်သည်။

​"ကျူရှန်းက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ဧကရာဇ်စစ်စစ် မဟုတ်နိုင်ဘူး..."ဟု ပြောရင်း လီတာ့၏ မျက်လုံးများ လှုပ်ခတ်သွားသည်။

​ထိုက်ခွန်းတောင်၏ မြောက်ဘက်နယ်စပ်တွင်….

ခုယီ နှင့် ခုအာတို့ တောအုပ်ထဲတွင် ရပ်နေကြကာ ခုယီက သစ်ပင်ကြီးတစ်ပင်ကို မှီထားပြီး ခုအာမှာမူ တုံ့ဆိုင်းနေသည်။

​"တော်စမ်း၊ ဟိုလျှောက်ဒီလျှောက် မလုပ်နဲ့တော့၊ ငါ ခေါင်းမူးလာပြီ!" ဟု ခုယီက အသံမာမာဖြင့် ပြောလိုက်တော့ ခုအာက သူ့ကို လှည့်ကြည့်ပြီး…

"မင်း သတိထားလွန်းနေတာ မဟုတ်ဘူးလား? ဂိုဏ်းချုပ်လီက ကျောက်ကျိန်းကို တစ်ချိန်လုံး စောင့်ကြည့်နေမှာ မဟုတ်ဘူး.. ငါတို့ စာတစ်စောင်ပဲ ထားခဲ့ရင်ကော? အကယ်၍ ကျောက်ကျိန်းသာ စာကို မတွေ့လိုက်ရင် ဒါမှမဟုတ် ဖတ်ပြီးမှ ဂိုဏ်းချုပ်လီကို သွားပေးလိုက်ရင် ဘယ်လိုလုပ်မလဲ? အဲ့ဒီကျရင် ဂိုဏ်းချုပ်လီက ငါတို့ကို ဘယ်လိုမြင်မလဲ? ငါတို့ ချင်းရှောင်ဂိုဏ်းကို ပြန်လာနိုင်ပါဦးမလား?"

​ချင်းရှောင်ဂိုဏ်းတွင် နှစ်အတော်ကြာ နေထိုင်ခဲ့ပြီးနောက် သူသည် ဂိုဏ်းအပေါ် သံယောဇဉ်တွယ်နေပြီး တစ်သက်လုံး ထိုနေရာမှာပင် နေလိုတော့သည်။ သူသည် လီချင်းချိုးကိုလည်း အလွန်လေးစားသည်။ အကယ်၍ ဤကိစ္စမှာ ကျောက်ကျိန်းနှင့် မသက်ဆိုင်ပါက သူ တကယ်ပင် တောင်ပေါ်က မဆင်းလိုပေ။

​"ဂိုဏ်းချုပ်လီက အရမ်းအစွမ်းထက်တယ်၊ သူ့နားမှာလည်း တစ္ဆေအစေခံတွေ ရှိတယ်။ အကယ်၍ တစ္ဆေအစေခံတွေကို လွှတ်ပြီး ငါတို့ကို စောင့်ကြည့်နေရင် ငါတို့ လူမိတာနဲ့ သူက ကျောက်ကျိန်းကို တောင်အောက်ဆင်းခွင့် ပေးမှာမဟုတ်ဘူး" ဟု ခုယီက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။

​ခုအာက…

"ဒါက ထျန်းရွှမ်းတောင်ရဲ့ အကြံအစည်ဆိုရင်ကော?"

​ခုယီက …

"ငါတို့ရဲ့ အသက်နဲ့လဲပြီး ကျောက်ကျိန်းကို ကာကွယ်ရမယ်။ ဒါက တာ့လီမင်းဆက်ကို ပြန်လည်တည်ထောင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ချင်းရှောင်ဂိုဏ်းက ဘာတွေတွေးနေလဲ မင်းသိပါတယ်။ လီစီဖုန်းက ဧကရာဇ်ဖြစ်ချင်နေတာ၊ ယုလင်ခန်းမကလည်း ကျူရှန်းကို ထောက်ခံနေတုန်းပဲ။ ဘယ်သူမဆို ဧကရာဇ်ဖြစ်နိုင်ပေမဲ့ ကျောက်မိသားစုကတော့ မဖြစ်လို့မရဘူး။ ငါတို့ ကျောက်ကျိန်းကို နန်းတင်ဖို့ပဲ လောင်းကြေးထပ်ရမယ်။"

​"ဒါပေမဲ့ ဒါက အိမ်ရှေ့စံ ထားခဲ့တဲ့အရာတွေနဲ့ ပတ်သက်နေတာ..."

​"ငါတို့ တမလွန်ရောက်ရင် အိမ်ရှေ့စံကို ငါ ကိုယ်တိုင် တောင်းပန်ပါ့မယ်။ အကယ်၍ ဒီကိစ္စကို ဂိုဏ်းချုပ်လီ သိသွားရင် ငါတို့နှစ်ယောက်လုံး အဆုံးစီရင်ကြတာပေါ့။ ကျောက်ကျိန်းနဲ့ မဆိုင်ဘဲ ငါတို့ကပဲ သူ့ကို သွေးဆောင်ဖျားယောင်းခဲ့သလိုမျိုးပေါ့။"

​ခုယီ မျက်စိမှိတ်လျက် ပြတ်ပြတ်သားသား ပြောနေသည်ကို မြင်သောအခါ ခုအာ နှုတ်ဆိတ်သွားသည်။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မှီခိုနေရသူများဖြစ်ပြီး သေရမှာကိုလည်း မကြောက်ကြပေ။

​ထိုအချိန်တွင် လေထဲမှ ဝူးဝူးဝါးဝါး အသံတစ်သံ ထွက်ပေါ်လာသည်။

​ဝတ်စုံပြာကို ဝတ်ဆင်ထားသော ကျောက်ကျိန်း ဓားကို စီးနင်းကာ ရောက်ရှိလာခြင်းဖြစ်သည်။

​ကျောက်ကျိန်းကို မြင်သောအခါ ခုယီနှင့်ခုအာတို့ အလွန်ဝမ်းသာသွားကြသည်။

​ကျောက်ကျိန်းက သူတို့ရှေ့တွင် ရပ်လိုက်ပြီး…

"ငါ မြောက်ဘက်နယ်စပ်ကို သွားရတဲ့ ရည်ရွယ်ချက်က နှစ်ခုရှိတယ်… ပထမက ငါ့အမေကို ကယ်ဖို့၊ ဒုတိယက မြောက်ပိုင်းလူရိုင်းတွေနဲ့ ရွှမ်ကျီးဂိုဏ်းကို နှိမ်နင်းဖို့ပဲ…အဆင်သင့်ပြင်ထားကြ။"

​ထိုစကားကို ကြားသောအခါ ခုယီနှင့်ခုအာတို့ စိတ်ဓာတ်များ တက်ကြွလာသည်။ သူတို့သည် ကျောက်ကျိန်းထံမှ ထူးကဲသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ တာ့လီမင်းဆက် ပြန်လည်ဦးမော့လာတော့မည့် နိမိတ်တစ်ခုပင် ဖြစ်သည်။

​ဂူအတွင်း၌ လီချင်းချိုး တရားထိုင်ကာ ကျင့်ကြံနေရင်း မျက်လုံးဖွင့်လိုက်ပြီး

"လင်းချွမ်…ကျောက်ကျိန်းရဲ့ အခြေအနေကို သွားကြည့်လိုက်ဦး။"

​ယခုအခါ လီချင်းချိုးသည် လင်းချွမ်ကို ရက်အနည်းငယ်ခြားတစ်ခါ ကျောက်ကျိန်းကို စောင့်ကြည့်ခိုင်းလေ့ရှိသည်။ ကျောက်ကျိန်း၏ မိခင်က သူ့ကို အမြဲတမ်း တမ်းတနေသဖြင့် ကျောက်ကျိန်း စိတ်မထိန်းနိုင်ဘဲ တောင်အောက်ဆင်းသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

​ထိုစကားကို ကြားသည်နှင့် ထောင့်တစ်နေရာတွင် လေ့ကျင့်နေသော လင်းချွမ်လည်း ဂူနံရံထဲသို့ ပျောက်ကွယ်သွားသည်။

​မကြာမီတွင် လင်းချွမ်းထံမှ သတင်းစကားကို လီချင်းချိုး ကြားလိုက်ရကာ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး တန်ခိုးဖြင့် ဂူအပြင်ဘက်သို့ ချက်ချင်း ထွက်ခွာခဲ့သည်။

​သူသည် ကျောက်ကျိန်း၏ ဂူရှေ့သို့ ရောက်ရှိလာပြီး ကျောက်တံခါးကို ရိုက်ခွဲကာ အတွင်းသို့ အပြေးဝင်သွားသည်။

​ဂူအတွင်းရှိ ကျောက်စားပွဲပေါ်တွင် စာတစ်စောင် တင်ထားပြီး လင်းချွမ်က ထိုစာကို ညွှန်ပြနေသည်။

လီချင်းချိုး စာကို ကောက်ဖတ်လိုက်တော့….

​စာမှာ ကျောက်ကျိန်း၏ လက်ရေးဖြစ်သည်။ သူ အဘယ်ကြောင့် တောင်အောက်သို့ ဆင်းသွားရကြောင်းနှင့် သူ့အတွက် စိတ်မပူရန် ရေးသားထားသည်။ ထို့အပြင် ဤအခွင့်အရေးကို အသုံးပြုကာ မြောက်ဘက်နယ်စပ်မှ ပရမ်းပတာဖြစ်မှုများကို ဖြေရှင်းပြီး ချင်းရှောင်ဂိုဏ်း၏ ဂုဏ်သတင်းကို မြှင့်တင်ပေးမည်ဟုလည်း ဖော်ပြထားလေသည်။

All Chapters