← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆) - မှော်တိုက်ပွဲ၊ လူပြက် (၄)

~တာအိုဆရာ ရှုဟိုင် စီစဉ်ပေးထားသော ခြံဝင်းသို့ ပြန်ရောက်ပြီးနောက်၊ စုယွီသည် သူ၏ အခန်းအတွင်းရှိ လျှို့ဝှက်ခန်းမဆောင် သို့ ဝင်ရောက်လိုက်သည်။ ထို့နောက် အခင်းအကျင်းကို စတင် လည်ပတ်စေလိုက်ပြီး ခန်းမဆောင် အလယ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။

သူသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကျွမ်းကျင်သော နည်းဗျူဟာများကို စဉ်းစား သုံးသပ်ကြည့်နေမိသည်။ တစ်ခုမှာ ဝိညာဉ်စွမ်းအား ဖြစ်ပြီး၊ နောက်တစ်ခုမှာ ကိုယ်ဖော့ပညာ သို့မဟုတ် ထွက်ပြေးလွတ်မြောက်ခြင်း နည်းစနစ်များ ဖြစ်သည်။

'ကိုယ်ဖော့ပညာ နဲ့ ထွက်ပြေးလွတ်မြောက်ခြင်း နည်းစနစ်တွေကတော့ သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး'

သူ ဦးနှောက်ကို အလုပ်ပေးလိုက်၏။

'အဓိက စိုးရိမ်စရာက ဝိညာဉ်စွမ်းအား ပဲ'

စုယွီ ဆက်လက် စဉ်းစားခန်းဖွင့်လိုက်သည်။

'တကယ်လို့ သူတို့က ငါ့ကို ဝိညာဉ်စွမ်းအား နဲ့ တိုက်ခိုက်လာမယ်... ငါ့ရဲ့ ဝိညာဉ်စွမ်းအား ဘယ်လောက် အားကောင်းလဲ ဆိုတာကို စမ်းသပ်လာမယ် ဆိုရင်... ငါက ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် နဲ့ ပြန်မတိုက်ခိုက်ရင်တောင်မှ တခြားသူတွေက ငါ့ဆီမှာ တစ်ခုခု မူမမှန်တာ ရှိနေတယ် ဆိုတာကို သံသယ ဝင်လာကြလိမ့်မယ်'

အချိန်အတော်ကြာ စဉ်းစားပြီးနောက် စုယွီသည် အကြံတစ်ခု ရရှိသွားသည်။ သူ၏ ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ထပ်မံ ခွဲထုတ်လိုက်ပြီး သူ၏ ဝိညာဉ် အခြေအနေကို ယာယီ အားနည်းသွားအောင် လုပ်ထားနိုင်၏။

သို့သော် ထိုသို့ ပြုလုပ်ခြင်းသည် သေရေးရှင်ရေး တိုက်ပွဲတစ်ခုတွင် မိမိကိုယ်ကို အန္တရာယ်တွင်းထဲ တွန်းပို့သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

'ဒါကြောင့်... ငါ ဒီအချက်ကို အစားထိုးနိုင်မယ့် နည်းလမ်းတစ်ခု ရှာမှ ဖြစ်မယ်... ဒါမှမဟုတ်ရင် ငါ့ ဝိညာဉ်ကို မခွဲထုတ်ဘဲ ဖုံးကွယ်ထားနိုင်မယ့် နည်းလမ်းကို ရှာရမယ်'

ထိုအချိန်တွင် စုယွီ၏ ခေါင်းထဲ၌ ဝိညာဉ်ဖိနှိပ်ခြင်း အဆောင် ဟု ခေါ်သော အဆင့် (၃) အဆောင်လက်ဖွဲ့ တစ်မျိုး ပေါ်လာ၏။ သို့သော် ၎င်းသည် ကိုယ့်ဝိညာဉ်ကို ဖိနှိပ်ရန် မဟုတ်ဘဲ ရန်သူ့ဝိညာဉ်ကို ဖိနှိပ်ရန် အသုံးပြုခြင်း ဖြစ်သည်။

အကယ်၍ သူ၏ လက်လှုပ်ရှားမှု လျင်မြန်ပါက... ရန်သူ ပြန်လည် မတုံ့ပြန်နိုင်ခင်မှာတင် ရန်သူ့ဝိညာဉ်ကို ဖိနှိပ်ထားနိုင်၏။

ထို့နောက် ပုံရိပ်ယောင် လမင်း အဆောင် ကို အသုံးပြုပြီး ရန်သူ့ကို ပိတ်လှောင်ကာ... သိုင်းကွက် တစ်ခု ထုတ်သုံးလိုက်ပါက... ရန်သူ့ကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်ပေလိမ့်မည်။

ဒီနည်းဗျူဟာက အလုပ်ဖြစ်ပါ့မလား။

'စမ်းကြည့်ရတာပေါ့... ငါ တစ်ခါမှ ဝိညာဉ်ဖိနှိပ်ခြင်း အဆောင် ကို မရေးဆွဲဖူးဘူး... ဘယ်လောက် ထိရောက်မှု ရှိမလဲ၊ အောင်မြင်အောင် ရေးဆွဲနိုင်မလား ဆိုတာတော့ မသိသေးဘူး'

စုယွီသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အဆောင်ရေးဆွဲရန် လိုအပ်သော ပစ္စည်းများကို ထုတ်ယူကာ အဆောင်သစ် တစ်ခုကို စတင် ရေးဆွဲရန် ကြိုးစားလိုက်တော့သည်။

တစ်လကျော် ကြာပြီးနောက်...

စုယွီသည် သူ့ရှေ့တွင် ရှိနေသော ကျောက်စိမ်းပြားလေးကို ကြည့်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်မိ၏။

ထို့နောက် သူ၏ မျက်လုံးများ အရောင်လက်သွားပြီး ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

'ငါ နောက်ထပ် အဆောင် နည်းနည်းလောက် ထပ်ရေးဆွဲပြီး... တာအို မိတ်ဆွေ လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင်၊ တာအိုဆရာ မာရှစ်ချင်း နဲ့ တာအိုဆရာ ရှုဟိုင် တို့ကို ပေးလိုက်ရင် ကောင်းမယ်... ဒီလိုဆိုရင် လူတိုင်း သုံးလို့ ရတာပေါ့... ဒါ အကြံကောင်းပဲ'

*

အချိန်များသည် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွား၏။

လဝက် ကြာပြီးနောက်...

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ လူများသည် သူတို့၏ မဟာမိတ် ခေါင်းဆောင်ကြီး နှင့်အတူ တာ့ယွဲ့ အင်မော်တယ် မြို့တော် သို့ ရောက်ရှိလာကြပြီး တိုက်ပွဲ စတင်မည့်ရက်ကို စောင့်ဆိုင်းနေကြသည်။

တိုက်ပွဲ မစတင်မီ ရက်အနည်းငယ် အလိုတွင်... စုယွီသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး ယွီခယ်အာ နှင့် လော့ချန်ယွီ တို့ကို သွားရောက် ရှာဖွေခဲ့၏။ သို့သော် ယွီခယ်အာ ထံမှ သတင်းတစ်ခု ကြားသိလိုက်ရသည်။

ယွီခယ်အာ က ဒေါသ အရိပ်အယောင်ဖြင့် ပြောပြလာ၏။

“အဲ့ဒီ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က လူတွေက သိပ်ကို မောက်မာလွန်းတယ်... တာ့ယွဲ့ အင်မော်တယ် မြို့တော် ထဲ ရောက်တာနဲ့ မြို့ထဲမှာ စိန်ခေါ်စင်မြင့် တစ်ခု တည်ဆောက်လိုက်ကြတယ်... ရွှေအမြုတေ အဆင့် နဲ့ အဲ့ဒီအောက် ကျင့်ကြံသူ မည်သူမဆို စင်မြင့်ပေါ် တက်ပြီး သူတို့ကို စိန်ခေါ်နိုင်တယ် တဲ့”

“တကယ်လို့ စိန်ခေါ်သူက နိုင်ရင်... ရွှေဓာတ် ဆေးလုံး တစ်လုံး ရမယ်”

“တကယ်လို့ ရှုံးရင်တော့... ကိုယ့်ရဲ့ ကျင့်ကြံခြင်း စွမ်းအားကို စွန့်လွှတ်ရမယ် တဲ့”

“ရက်ပိုင်းအတွင်းမှာတင် လူ (၃၀) ကျော်လောက် သူတို့လက်ချက်နဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ ပျက်စီးသွားကြပြီ... လူ (၂၀) ကျော်လောက်လည်း သေကုန်ကြပြီ... ကျန်တဲ့သူတွေလည်း သက်တမ်း သိပ်မကျန်တော့ဘူး”

သူမစကားအား နားထောင်ပြီး၊ စုယွီ မျက်မှောင်ကြုတ်လိုက်ပြီး မေးမြန်းလိုက်သည်။

“တာ့ယွဲ့ နန်းတော် က ဝင်မပါဘူးလား”

ထိုအခါ၊ ယွီခယ်အာ က စကားကို ခေတ္တရပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

“တာ့ယွဲ့ နန်းတော် က အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ကျင့်ကြံသူ (၂) ယောက် ဝင်ပါခဲ့သေးတယ်... ဒါပေမဲ့ သူတို့လည်း သေသွားကြတာပဲ”

‘ဒါဆိုရင်တော့ သူတို့က အရည်အချင်း မရှိလို့ပဲ ဖြစ်မှာပေါ့။’

စုယွီသည် မျက်မှောင်ကြုတ်ထားခြင်းကို ဖြေလျော့လိုက်သည်။ သူသည် ဒေါသထွက်သည့် ပုံစံ လုံးဝ မပြပေ။ ဒေါသထွက်နေရုံဖြင့် ဘာမှ ပြောင်းလဲလာမည် မဟုတ်ချေ။ ယခု သူသည် ရွှေအမြုတေ အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူတို့၏ စိန်ခေါ်မှုတွင် သူ မပါဝင်ပေ။ ထို့ကြောင့် ပြောစရာ သိပ်မရှိတော့ချေ။

တာ့ယွဲ့ နန်းတော် ကိုယ်တိုင်ကတောင် မစိုးရိမ်ဘူး ဆိုရင်... သူလို ကျင့်ကြံသူ အသေးစားလေးက ဘာလုပ်နိုင်မှာလဲ။

'ဒီတိုက်ပွဲ ကိစ္စ ပြီးတာနဲ့ ငါ ဒီနေရာကနေ ထွက်သွားတော့မယ်... တာ့ယွဲ့ နန်းတော် နဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကြားက ဝဲဂယက်ကြီးထဲကနေ ငါ ရုန်းထွက်မှ ဖြစ်မယ်'

သူသည် တာ့ယွဲ့ နန်းတော် နှင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ကိစ္စရပ်များတွင် ဝင်ပါရန် အားနည်းလွန်းနေသေး၏။ ထိုကိစ္စများတွင် ဝင်ပါခြင်းသည် အချိန်မတန်မီ သေဆုံးခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

ဘာပဲပြောပြော သူက အရေးမပါသော ပြင်ပလူ တစ်ယောက်ပဲလေ။

ထို့နောက် စုယွီသည် လော့ချန်ယွီ၊ တာအိုဆရာ ရှုဟိုင်၊ နတ်မိမယ် ဖုန်းလင်၊ မာရှစ်ချင်း နှင့် အခြားသူများကို ခေါ်ယူလိုက်ပြီး တစ်ယောက်လျှင် ဝိညာဉ်ဖိနှိပ်ခြင်း အဆောင် (၂) ခုစီ ပေးအပ်လိုက်၏။

“အခုမှ ရေးဆွဲထားတဲ့ အဆောင်လား”

တာအိုဆရာ ရှုဟိုင် အံ့ဩသွားသည်။

“ဒါက ဝိညာဉ်ဖိနှိပ်ခြင်း အဆောင် နဲ့ တူနေပါလား”

နတ်မိမယ် ဖုန်းလင်၊ မာရှစ်ချင်း နှင့် အခြားသူများအားလုံး စုယွီကို လှမ်းကြည့်လိုက်ကြ၏။

စုယွီ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... ဝိညာဉ်ဖိနှိပ်ခြင်း အဆောင် ပဲ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ဝိညာဉ် နည်းဗျူဟာတွေမှာ ကျွမ်းကျင်ကြတယ်... တကယ်လို့ အခွင့်အရေး ရလာရင် သူတို့ရဲ့ နည်းဗျူဟာကို သုံးပြီး သူတို့ကို ပြန်တိုက်ခိုက်လို့ ရတာပေါ့”

သူသည် တာအိုဆရာ ရှုဟိုင် နှင့် အခြားသူများကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့၏။

လူတိုင်း ဝိညာဉ်ဖိနှိပ်ခြင်း အဆောင် (၂) ခုစီ ရရှိပြီးနောက် သူတို့အားလုံး စုယွီကို အတော်လေး ကျေးဇူးတင်သွားကြသည်။

(၂) ရက် ကြာပြီးနောက်...

တာ့ယွဲ့ နန်းတော် ၏ အောက်ခြေရှိ တာ့ယွဲ့ အင်မော်တယ် မြို့တော် တွင် ဖြစ်၏။

ဤမြို့တော်သည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ထက်ပင် ပိုမို ကြီးမားကျယ်ဝန်းလှသည်။ သို့သော် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် တွင် လွတ်လပ်သော ကျင့်ကြံသူ အများစု နေထိုင်ကြသော်လည်း၊ တာ့ယွဲ့ အင်မော်တယ် မြို့တော် တွင်မူ တာ့ယွဲ့ နန်းတော် နှင့် နီးစပ်သော ကျင့်ကြံသူ အများစု နေထိုင်ကြသည်။

တာ့ယွဲ့ အင်မော်တယ် မြို့တော် တွင် နေထိုင်သူ အများစုမှာ တာ့ယွဲ့ နန်းတော် ၏ ဂိုဏ်းသားများ၊ ဆွေမျိုးသားချင်းများ သို့မဟုတ် မျိုးဆက်သစ်များ ဖြစ်ကြ၏။

တာ့ယွဲ့ နန်းတော် ၏ ဂိုဏ်းသား အများစုကို ဤမြို့တော်ထဲမှ ရွေးချယ်လေ့ ရှိသည်။ ထို့ကြောင့် ရွေးချယ်ခံရသော ဂိုဏ်းသားများသည် တာ့ယွဲ့ နန်းတော် အပေါ် သံယောဇဉ်နှင့် သစ္စာတရား ပိုမို ကြီးမားကြ၏။

တာအိုဆရာ ရှုယွီ ၏ ပျံသန်းသော လှေပျံပေါ်တွင် စီးနင်းလိုက်ပါလျက် တာ့ယွဲ့ နန်းတော် မှ အကြီးအကဲများသည် တာ့ယွဲ့ အင်မော်တယ် မြို့တော် ၏ ဗဟိုချက်မသို့ တစ်ယောက်ပြီး တစ်ယောက် ဆင်းသက်လာကြသည်။

ထိုနေရာတွင် ကျယ်ဝန်းသော ရင်ပြင်တစ်ခု ရှိပြီး အရပ်ရပ်မှ ကျင့်ကြံသူ အများအပြားသည် ထိုနေရာသို့ ပျံသန်း ရောက်ရှိလာကြ၏။ သူတို့အားလုံးသည် ရင်ပြင်၏ အကာအကွယ် အခင်းအကျင်း အပြင်ဘက်တွင် ရပ်တန့်လိုက်ကြပြီး၊ အတွင်းဘက်တွင် ရှိနေသော ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ကျင့်ကြံသူများကို ကြည့်ကာ တီးတိုး ဆွေးနွေးနေကြသည်။

“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က လူတွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာကြတာ... သူတို့ ဒီကို ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်... ငါတို့လူတွေ အများကြီးကို ဒုက္ခပေးပြီးပြီ... သူတို့က တော်တော် မောက်မာပြီး ဗိုလ်ကျလွန်းတယ်”

“ငါ ကြားတာတော့ တာ့ယွဲ့ နန်းတော် က အကြီးအကဲ တာအိုဆရာ ထျဲကျွမ် ရဲ့ တပည့်ရင်း တစ်ယောက်ကို လွန်ခဲ့တဲ့ ရက်ပိုင်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က အဘိုးကြီး တစ်ယောက် ခြုံခိုတိုက်ခိုက်ပြီး ဖမ်းသွားတယ်တဲ့... ပြီးတော့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ပင်မစခန်းကို ခေါ်သွားတယ် ဆိုပဲ... ဒါပေမဲ့ ဘယ်သူ ထင်မှာလဲ... အဲ့ဒီ တပည့်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဆီကနေ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တယ် တဲ့... ပြီးတော့ အဖိုးတန် ရတနာ တစ်ခုကိုပါ ခိုးယူလာခဲ့လို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့.. အကြီးအကျယ် ဆုံးရှုံးသွားရတယ် လို့ ကြားတယ်”

“တကယ်လား... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က အဲ့ဒီလောက်တောင် အားနည်းနေတာလား... တာ့ယွဲ့ နန်းတော် က တပည့်တစ်ယောက်ကများ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ ရနေတာလား”

“ဘယ်သူ သိမှာလဲ ကွာ... ဘာပဲဖြစ်ဖြစ် အခု တာ့ယွဲ့ နန်းတော် ကတော့ သိပ်ပြီး အလျင်လိုပုံ မရဘူး... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကသာ ဒေါသထွက်လွန်းလို့ သည်းမခံနိုင် ဖြစ်နေပုံ ရတယ်... ဒါကြောင့် ဒီတိုက်ပွဲ ဖြစ်လာတာနေမှာပေါ့... ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က လူတွေ စိန်ခေါ်စင်မြင့် တည်ဆောက်ခဲ့တာလည်း ဒီကိစ္စကြောင့် ဖြစ်လိမ့်မယ်”

အခန်း (၃၄၇) - မှော်တိုက်ပွဲ၊ လူပြက် (၅)

~“သြော်... အဲ့ဒါကြောင့်ကိုး... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က တိုက်ပွဲတွေ အများကြီး နိုင်နေပါလျက်နဲ့ ဘာလို့ မျက်နှာတွေ မကောင်းကြတာလဲ လို့ ငါက စဉ်းစားနေတာ... သူတို့လူတွေရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတာကိုး”

“ဒီမှော်တိုက်ပွဲမှာ ဘယ်သူ နိုင်မယ်လို့ မင်း ထင်လဲ”

“ငါ့အမြင် ပြောရရင်... တာ့ယွဲ့ နန်းတော် အနေနဲ့ အခြေအနေ သိပ်မကောင်းဘူး... မကြာသေးခင်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က လူတွေရဲ့ စွမ်းရည်က တော်တော် ကြောက်စရာ ကောင်းတယ်... ရွှေအမြုတေ အဆင့် အတုအယောင် အရှင်သခင်တွေတောင်မှ သူတို့ကို သရေလောက်ပဲ ကစားနိုင်မယ်၊ ရှုံးတောင် ရှုံးသွားနိုင်တယ်”

“မဖြစ်နိုင်ပါဘူး... ယွင်ကျန်းဂိုဏ်း က ပါရမီရှင် နှစ်ယောက်ရဲ့ ဂုဏ်သတင်းကို မင်း မကြားဖူးဘူးလား... သူတို့က အခြေခံတည်ဆောက်ခြင်း အဆင့် (၉) တုန်းကတောင် ရွှေအမြုတေ အဆင့် အရှင်သခင်တွေကို အနိုင်ယူခဲ့ဖူးတာလေ... အခု သူတို့ကိုယ်တိုင်က ရွှေအမြုတေ အဆင့် ရောက်နေပြီ ဆိုတော့... ဘယ်သူကများ သူတို့ကို ယှဉ်နိုင်မှာလဲ”

ရင်ပြင်တစ်ခုလုံးသည် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး၊ သူတို့၏ ဆူညံသော ပြောစကားများသည် မုန်တိုင်းတစ်ခုသဖွယ် ဟိန်းထွက်နေသည်။

ထိုအခိုက်အတန့်၌ ဆူညံသံများ အားလုံး ရုတ်တရက် ရပ်တန့်သွားကြ၏။

ကျင့်ကြံသူ အားလုံး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြ၏။

“ဝေါ...”

သားရဲ အရိပ်မည်းကြီးများ ကောင်းကင်မှ ဆင်းသက်လာကြခြင်းပင်။ ၎င်းတို့၏ ဟိန်းဟောက်သံများသည် မြို့တော်ကြီး တစ်ခုလုံးကို တုန်ခါသွားစေပြီး၊ တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ ကျင့်ကြံသူများကို အံ့အားသင့်စေကာ လေးစားစိတ်များ ဖြစ်ပေါ်လာစေသည်။

“ဝေါ... ဝေါ... ဝေါ…”

ကြီးမားသော သားရဲကြီးများသည် တာ့ယွဲ့ အင်မော်တယ် မြို့တော် အထက်တွင် ရပ်တန့်လိုက်ကြ၏။ ထို့နောက် မရေမတွက်နိုင်သော လှေပျံများနှင့် ပျံသန်းရေး ကိရိယာများ စီးနင်းထားသည့် တာ့ယွဲ့ နန်းတော် မှ ဂိုဏ်းသားများ ရောက်ရှိလာကြ၏။ သူတို့သည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို လုံးဝ ဂရုမစိုက်ဘဲ ပွဲကြည့်ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

မကြာမီအချိန်၌ ရင်ပြင် အထက် ကောင်းကင်ယံ တစ်ခုလုံးသည် တာ့ယွဲ့ နန်းတော် ဂိုဏ်းသားများ၏ ပုံရိပ်များဖြင့် ပြည့်နှက်သွားလေ၏။

စုယွီ၊ တာအိုဆရာ ရှုဟိုင်၊ လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် မာရှစ်ချင်း တို့သည် တာအိုဆရာ ရှုဟိုင် ၏ ဆရာဖြစ်သူ တာအိုဆရာ ထျဲကျွမ် နှင့်အတူ ရောက်ရှိလာကြ၏။

သူတို့ကို ခေါ်ဆောင်လာသူမှာ တာ့ယွဲ့ နန်းတော် ၏ ဒုတိယ နန်းတော်သခင်၊ ရွှေအမြုတေ အဆင့် (၉) သို့ ရောက်ရှိနေသော ဝါရင့် အရှင်သခင်ကြီး တာအိုဆရာ လုံယန် ဖြစ်သည်။

သူတို့နှင့်အတူ တာအိုဆရာ လျဲ့ဝူ ကဲ့သို့သော တာ့ယွဲ့ နန်းတော် ၏ အကြီးအကဲ အများအပြားလည်း ပါဝင်၏။

*

ရင်ပြင်ထဲတွင်...

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။ သူ၏ မျက်နှာထားသည် အေးစက်နေပြီး လူများကို တုန်လှုပ်သွားစေနိုင်လောက်သော ကြီးမြတ်မှု အရှိန်အဝါကို ထုတ်လွှတ်နေ၏။

တာအိုဆရာ လုံယန် နှင့် သူ့လူများ ရောက်ရှိလာသောအခါ... ခေါင်းဆောင်ကြီး၏ အေးစက်သော မျက်ဝန်းများသည် တာအိုဆရာ ရှုဟိုင် ပေါ်သို့ စူးစိုက်ကျရောက်သွား၏။

သူ တစ်ယောက်တည်း မဟုတ်ပေ။ သူ့နောက်တွင် ရှိနေသော အနီရောင် ငှက်မွှေး ဝတ်စုံ ဝတ်ဆင်ထားသည့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဝင်များ အားလုံးသည်လည်း တာအိုဆရာ ရှုဟိုင် အပေါ် အရိုးခိုက်မတတ် အေးစက်သော သတ်ဖြတ်လိုစိတ်များ ထားရှိနေကြသည်။

အကယ်၍ အကြည့်ဖြင့် လူသတ်နိုင်မည် ဆိုပါက... တာအိုဆရာ ရှုဟိုင် သည် သူတို့၏ အကြည့်များအောက်တွင် အပိုင်းပိုင်း ပြတ်သွားလောက်ပြီ ဖြစ်သည်။

တာအိုဆရာ ရှုဟိုင် သည် ဂရုမစိုက်သလို နေနေသော်လည်း... စုယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် အခြားသူများက သတိမထားမိဘဲ သူ့အနားမှ ခွာသွားကြသည်ကို သတိပြုမိလိုက်သောအခါ...

တာအိုဆရာ ရှုဟိုင် - “.....”

စုယွီက အသံပေးပို့ စနစ်ဖြင့် လှမ်းပြောလိုက်၏။

“ခင်ဗျား တကယ်ပဲ ပျားအုံကို တုတ်နဲ့ သွားထိုးလိုက်တာပဲ”

တာအိုဆရာ ရှုဟိုင် က ပြန်ပြောလာသည်။

“တာအို မိတ်ဆွေ စုယွီ... ခင်ဗျား တော်တော် ရက်စက်တာပဲ... ဘာလို့ အဲ့လောက် အဝေးကြီး သွားရပ်နေရတာလဲဗျာ”

သူ့အား စုယွီက ပြန်ဖြေလာ၏။

“ဘာမှ မဟုတ်ပါဘူး... ကျွန်တော်က.. တာအို မိတ်ဆွေ လော့ချန်ယွီ နောက်ကို လိုက်နေတာလေ... ခင်ဗျားလည်း သိတဲ့အတိုင်းပဲ... တာအို မိတ်ဆွေ လော့ချန်ယွီ ရော နတ်မိမယ် ဖုန်းလင် ရောက အရမ်း လှကြတာကိုး... တခါတလေ ကျွန်တော်.. စိတ်လွတ်သွားပြီး လမ်းကြောင်း လွဲသွားတတ်တယ်... နားလည်ပေးပါ ဗျာ”

ပေါက်ကရတွေ။

တာအိုဆရာ ရှုဟိုင် သည် ပြန်လည် ချေပရန် အားမရှိတော့သဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ဘာကြောက်စရာ ရှိလို့လဲ ဗျာ... ဒီနေရာက ကျွန်တော့်ရဲ့ တာ့ယွဲ့ နန်းတော် နယ်မြေ ပါ... သူတို့ အကြည့်လောက်နဲ့ ကျွန်တော့်ကို သတ်နိုင်မယ် ထင်နေကြတာလား”

“တွေ့လား... ကျွန်တော် ဘာမှ မဖြစ်ဘူး”

“အလွန်ဆုံးရှိ... နောက်နောင် အပြင်သိပ်မထွက်ဘဲ နေလိုက်ရုံပေါ့”

လခွမ်း... နောက်ဆုံး စကားက အဓိက အချက် မဟုတ်လား။

တာအိုဆရာ ရှုဟိုင် လိုပါပဲ... စုယွီ လည်း အနာဂတ်မှာ အပြင်သိပ်မထွက်ဘဲ နေသင့်တယ်လို့ ခံစားမိလိုက်သည်။

‘ မဟုတ်ရင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က လူတွေက ဆယ်နှစ်ကြာကြာ၊ နှစ်ရာချီ ကြာကြာ သူ့ကို အပြင်မှာ စောင့်ပြီး လုပ်ကြံဖို့ ကြိုးစားနေကြဦးမှာလေ’

တာအိုဆရာ လုံယန် နှင့် ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး တို့သည် စကားပြောဆိုနေကြပြီး မှော်တိုက်ပွဲ အတွက် စည်းကမ်းများ သတ်မှတ်နေကြ၏။

“ငါးပွဲ ကစားမယ်... သုံးပွဲနိုင်တဲ့သူ အနိုင်ပဲ... နိုင်တဲ့သူက ရှန်ယွမ် မက်မွန်ပင် ကို ရမယ်... ပြီးတော့ အတိတ်က အငြင်းပွားမှုတွေ အားလုံးကို ဆက်ပြီး အရေးမယူတော့ဘူး”

ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး က တာအိုဆရာ လုံယန် ကို အေးစက်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ငါးပွဲ ယှဉ်ပြိုင်မယ်... အသေအရှင် မရွေးဘူး”

ထိုသို့ ပြောလိုက်ပြီးနောက်... ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး၏ အကြည့်သည် စုယွီ၊ လော့ချန်ယွီ နှင့် အခြားသူများ အပေါ်သို့ ရောက်ရှိသွား၏။

ထိုအချိန်တွင် တာအိုဆရာ လုံယန် သည်လည်း ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး၏ နောက်တွင် ရှိနေသော လူငယ် လေးယောက်နှင့် အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရသည်။

ထို (၅) ဦးထံမှ ထူးခြားသော သက်စောင့်စွမ်းအားများကို အာရုံခံမိလိုက်သောအခါ တာအိုဆရာ လုံယန် ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွား၏။

“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ရှာဖွေတွေ့ရှိထားတဲ့ ပါရမီရှင် (၅) ယောက်စလုံးက ရွှေအမြုတေ အဆင့် ရှိကြတယ်... (၃) ယောက်က အဆင့် (၂) ဖြစ်ပြီး၊ (၂) ယောက်က အဆင့် (၃) ပဲ”

တာအိုဆရာ လုံယန် ၏ အသံသည် စုယွီနှင့် အခြားသူများ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ထိုစကားကို ကြားသောအခါ စုယွီ စိတ်သက်သာရာ ရသွား၏။

တော်သေးသည်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က လူတွေ၏ စွမ်းအားက သိပ်ပြီး မများလွန်း... မျှော်လင့်ထားသော အတိုင်းအတာ အတွင်းမှာပဲ ရှိနေသေးသည်။

သို့သော် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ အနေဖြင့် ရွှေအမြုတေ အဆင့် ရှိသော ပါရမီရှင် (၅) ယောက်ကို ရှာဖွေနိုင်ခြင်းက သူတို့၏ အင်အား မည်မျှ တောင့်တင်းသည်ကို ပြသနေ၏။

ဖုန်းလော့ စံအိမ်တော် ကဲ့သို့သော အခြား နေရာများတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်နိုင်ပေသည်။

ဖုန်းလော့ စံအိမ်တော် တွင် ရှိသော အင်အားစုများနှင့် ပတ်သက်၍... သွေးဖီးနစ် အင်မော်တယ် ဂိတ်တံခါး ကဲ့သို့သော အထွတ်အထိပ် အင်အားစုများနှင့် ယှဉ်လျှင် တာ့ယွဲ့ နန်းတော် နှင့် ဆင်တူသော အနေအထား ရှိသော်လည်း... စုယွီ သိပ်ပြီး နားမလည်သေးပေ။

သည်နေရာမှာ ပါရမီရှင်တွေ ရှိမရှိ ဆိုတာကတော့... အရာအားလုံးက မရေမရာ ဖြစ်နေဆဲပင်။

ထို့နောက် တာအိုဆရာ လုံယန် ၏ လမ်းညွှန်မှုဖြင့်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ပါရမီရှင် (၅) ဦးသည် ရှေးဟောင်း ကျောက်စိမ်းသေတ္တာ (၅) လုံးထဲမှ မဲနှိုက်၍ သူတို့၏ ပြိုင်ဘက်များကို ရွေးချယ်လိုက်ကြ၏။

စုယွီသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ရွှေအမြုတေ အဆင့် (၂) ရှိသော တစ်ဦးတည်းသော အမျိုးသမီး ကျင့်ကြံသူ နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

တာအိုဆရာ ရှုဟိုင် မှာမူ ရွှေအမြုတေ အဆင့် (၃) ရှိသော နှစ်ယောက်ထဲမှ တစ်ယောက်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် တာအိုဆရာ ရှုဟိုင် ၏ မျက်နှာထား တောင့်တင်းသွားပြီး... တစ်ဖက်လူ၏ မျက်နှာပေါ်သို့ အပြုံးများ ကူးပြောင်းသွားလေတော့၏။

လော့ချန်ယွီ ကံကောင်းသည်။ သူမသည် ရွှေအမြုတေ အဆင့် (၂) ရှိသူ တစ်ယောက်နှင့် ယှဉ်ပြိုင်ရမည်။

မာရှစ်ချင်း သည် ကျန်ရှိနေသော ရွှေအမြုတေ အဆင့် (၂) ရှိသူနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး... နတ်မိမယ် ဖုန်းလင် သည် အခြား ရွှေအမြုတေ အဆင့် (၃) ရှိသူနှင့် ယှဉ်ပြိုင်ရမည် ဖြစ်၏။

ပါရမီရှင် စုံတွဲ (၅) တွဲသည် ရင်ပြင်ပေါ်တွင် နေရာယူလိုက်ကြ၏။ တာအိုဆရာ လုံယန်၊ ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး နှင့် အခြားသူများသည် နောက်သို့ ဆုတ်ခွာသွားကြပြီး... အဆင့် (၃) အဆင့်မြင့် အကာအကွယ် အခင်းအကျင်းဖြင့် ကာကွယ်ထားသော ရင်ပြင်ကို မှော်တိုက်ပွဲ အတွက် နေရာဖယ်ပေးလိုက်ကြသည်။

စုယွီ နှင့် တစ်ဖက်မှ ရွှေအမြုတေ အဆင့် (၂) အမျိုးသမီး ကျင့်ကြံသူတို့သည် ပေ (၁၀၀) ခန့် အကွာတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။

စုယွီက မေးမြန်းလိုက်သည်။

“မိန်းမလှလေးရဲ့ နာမည်ကို မေးခွင့်ရှိမလား”

အမျိုးသမီး ကျင့်ကြံသူ၏ မျက်လုံးများက အေးစက်နေ၏။ ပန်းရောင် ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သူမ၏ ရင်ဘတ်ကို တင်းကျပ်စွာ စည်းနှောင်ထားသော်လည်း ကျစ်လျစ်သော ကိုယ်ခန္ဓာ အချိုးအစားကို ပေါ်လွင်နေစေသည်။ သူမသည် ဖြူစင်ပြီး ချစ်စရာ ကောင်းသော ရုပ်ရည်ရှိကာ... နက်မှောင်ပြောင်လက်နေသော ဆံကေသာများသည် ပခုံးထက်တွင် ဝဲကျနေသည်။ သူမ စွမ်းအား စတင် စုစည်းလိုက်သည်နှင့် ဆံနွယ်များ လေထဲတွင် လွင့်ပျံလာကြ၏။

သူမ၏ အေးစက်သော မျက်ဝန်းများက စုယွီကို စိုက်ကြည့်လိုက်သည်။ သူမ၏ အသံသည် ချိုသာသော်လည်း သတ်ဖြတ်လိုစိတ်များ ပါဝင်နေလေ၏။

“သေလူ တစ်ယောက်က ငါ့နာမည်ကို သိဖို့ မထိုက်တန်ဘူး”

အခန်း (၃၄၈) - မှော်တိုက်ပွဲ၊ လူပြက် (၆)

~စုယွီ - “.....”

သူ့ရင်ထဲမှာ ပြောမထွက်တဲ့ ခါးသီးမှုတွေ ရှိနေပေမယ့် ဘယ်သူ့ကိုမှ ဖွင့်ပြောလို့ မရဘူး။

ဒီလောက် ချစ်စရာ ကောင်းပြီး ဖြူစင်တဲ့ မိန်းကလေး တစ်ယောက်က... ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ စကားတွေ ပြောထွက်ရတာလဲ။

ပြီးတော့ ‘သေလူ’ တဲ့လား။ သူမက တော်တော်လေး သတ္တိ ရှိတာပဲ။

“ဝုန်း…”

သူတို့ ဘေးနားတွင်... နတ်မိမယ် ဖုန်းလင် သည် သူမ၏ ပြိုင်ဘက်နှင့် မှော်တိုက်ပွဲကို စတင်နေပြီ ဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းလှသော အပူအရှိန်အဝါများသည် တာ့ယွဲ့ အင်မော်တယ် မြို့တော် တစ်ခုလုံးကို တုန်ခါသွားစေသည်။

စုယွီနှင့် တစ်ဖက်မှ အမျိုးသမီး ကျင့်ကြံသူ တို့သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေရင်း မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကြ၏။

ထိုအခိုက်၊ အနီရောင်နှင့် အဝါရောင် မီးတောက်များသည် နတ်မိမယ် ဖုန်းလင် ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး အပူလှိုင်းလုံးကြီးများကို ဖန်တီးလိုက်ကြ၏။ ရင်ပြင်တစ်ခုလုံးသည် မီးပင်လယ်ကြီး အဖြစ် ပြောင်းလဲသွားမည့်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။

သူမက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့်... အရှိန်အဟုန် ပြင်းထန်သော မီးပင်လယ်ကြီးသည် ရွှေအမြုတေ အဆင့် (၃) ရှိသော ပြိုင်ဘက် ကျင့်ကြံသူကို ဝါးမြိုပစ်ရန် လိပ်တက်သွားတော့၏။

သို့သော် နောက်တစ်စက္ကန့်တွင်...

အလွန် အစွမ်းထက်သော ရွှေရောင် ချီစွမ်းအား တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ၎င်းနှင့်အတူ အေးစက်ကာ သေစေနိုင်လောက်သော ‘မိစ္ဆာ ချီ’ စွမ်းအင်များ ပါဝင်လာသည်။ ထိုစွမ်းအားသည် နတ်မိမယ် ဖုန်းလင် ၏ မီးပင်လယ်ကြီးကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်ပြီး... သွေးရောင် သံချပ်ကာ ဝတ်ဆင်ထားသော ပြိုင်ဘက်သည် ဧရာမ လှံရှည်ကြီးကို ကိုင်ဆောင်လျက် ပေါ်ထွက်လာ၏။

“သေစမ်း”

သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ အသံသည် မီးတောက်များကြောင့် လုံးဝ ထိခိုက်ခြင်း မရှိဘဲ ပဲ့တင်ထပ်နေ၏။

ထို မီးတောက်များကြားတွင် နတ်မိမယ် ဖုန်းလင် သည် ရုတ်တရက် ခေါင်းကိုက်သွားသဖြင့် မျက်မှောင်ကြုတ်လိုက်မိပြီး တခဏတာ အာရုံလွတ်သွားသည်။

သူမ ပြန်လည် အာရုံစိုက်လိုက်နိုင်ချိန်တွင်... လှံရှည်ကိုင်ထားသော ပြိုင်ဘက်သည် မီးပင်လယ်ကြီးကို ဖြတ်ကျော်ပြီး သူမ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာချေပြီ။

သူ၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် နတ်မိမယ် ဖုန်းလင် ချက်ချင်း သဘောပေါက်လိုက်သည်။

'ဒီလူက ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားတာပဲ... ပြီးတော့ သူ့ရဲ့ စွမ်းအားက ရွှေအမြုတေ အဆင့်နဲ့ ယှဉ်ရင် လုံးဝ မနိမ့်ကျဘူး'

နတ်မိမယ် ဖုန်းလင် က တိုးညှင်းစွာ ရယ်မောလိုက်၏။ သူ သူမဆီသို့ ပြေးဝင်လာသော အခိုက်အတန့်တွင်... သူမသည် သွယ်လျသော လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်ရာ မီးဖီးနစ် လက်သည်းကြီး တစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။

သူမသည် ပြန်လည် တိုက်ခိုက်လိုက်ရာ... ပြိုင်ဘက်၏ မိစ္ဆာ ချီ စွမ်းအင်များ လွှမ်းခြုံထားသော လှံရှည်ကြီးနှင့် ထိပ်တိုက် တွေ့ဆုံသွားကြ၏။

“ဝုန်း…”

စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံပြီး ပေါက်ကွဲသွားသောအခါ... ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင် လှိုင်းလုံးကြီးများသည် ရင်ပြင်တစ်ခုလုံးကို ရိုက်ခတ်သွားကြသည်။ အဝေးမှ ကြည့်ရှုနေကြသော တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ ကျင့်ကြံသူများသည် မျက်နှာပျက်သွားကြပြီး... နတ်မိမယ် ဖုန်းလင် နှင့် ပြိုင်ဘက် ကျင့်ကြံသူကို ကြောက်လန့်တကြား ကြည့်လိုက်ကြ၏။

တာ့ယွဲ့ နန်းတော် မှ ဂိုဏ်းသားများ၊ တာဝန်ခံများနှင့် အကြီးအကဲများပင်လျှင် မျက်နှာ အနည်းငယ် ပျက်သွားကြ၏။

ရင်ပြင်ကို ကာကွယ်ထားသော အဆင့် (၃) အဆင့်မြင့် အကာအကွယ် အခင်းအကျင်းကြီးသည်လည်း အနည်းငယ် တုန်ခါသွားသည်။

အကယ်၍ ဤ အကာအကွယ် အခင်းအကျင်းကြီးသာ မရှိခဲ့လျှင်... တာ့ယွဲ့ အင်မော်တယ် မြို့တော်ကြီး တစ်ခုလုံး ပျက်စီးသွားလောက်ပေသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် နတ်မိမယ် ဖုန်းလင် သည် မီးဖီးနစ်ငှက် တစ်ကောင် အသွင် ပြောင်းလဲသွားပြီး... သံချပ်ကာ ဝတ်ဆင်ထားသော လူနှင့် ဆက်လက် ယှဉ်ပြိုင် တိုက်ခိုက်နေ၏။ သူတို့၏ သိုင်းကွက် တစ်ကွက်ချင်းစီသည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားများ ပါဝင်နေ၏။

ရင်ပြင်၏ အစွန်းတွင်...

တာအိုဆရာ လုံယန် သည် လှံရှည်ကိုင် လူနှင့် နတ်မိမယ် ဖုန်းလင် တို့၏ တိုက်ပွဲကို ကြည့်ရှုနေရင်း မျက်လုံးများ ကျဉ်းမြောင်းသွားကာ ရေရွတ်လိုက်သည်။

“ဒီလူက ပင်လယ်ရပ်ခြားကို သွားပြီး ပင်လယ်မျိုးနွယ်စုတွေနဲ့ တိုက်ခိုက်ဖူးတာလား”

ထိုအခါ၊ ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး က တည်ငြိမ်စွာ ပြန်ဖြေသည်။

“သာမန် အမွေအနှစ် တစ်ခု ရထားရုံပါ”

တာအိုဆရာ လုံယန်လည်း ဘာမှ ဆက်မပြောတော့ဘဲ ငြိမ်သက်စွာ ဆက်လက် ကြည့်ရှုနေလိုက်သည်။

ပင်လယ်ပြင် နယ်မြေများ... ။

ပင်လယ်ပြင် နယ်မြေများ ဆိုသည်မှာ အလွန် ဝေးကွာသော အရပ်ဒေသများ ဖြစ်ကြ၏။

ထိုနေရာရှိ ကျင့်ကြံသူများသည် ပင်လယ်မျိုးနွယ်စုများနှင့် ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရလေ့ ရှိသဖြင့်... ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် နှင့် မှော်သိုင်းကွက်များ ပေါင်းစပ်အသုံးပြုခြင်းကို ပိုမို အလေးထားကြသည်။

သူသည် ဤ ကျင့်ကြံခြင်း နည်းလမ်းအကြောင်း ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ယခု ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသောအခါ... ပင်လယ်ရပ်ခြားမှ ဤ ကျင့်ကြံခြင်း နည်းလမ်းသည် သူ ထင်ထားသည်ထက် ပိုမို စွမ်းအားကြီးမားကြောင်း သဘောပေါက်လိုက်၏။

ဒါက သတ်ဖြတ်ခြင်းကို ပိုမို အလေးထားသည်။

သို့သော် သူနှင့် ယှဉ်ပြိုင်နေသော နတ်မိမယ် ဖုန်းလင် သည်လည်း အားနည်းသူ မဟုတ်ပေ။ သူမသည် သူ့ကို ကောင်းကောင်းကြီး ခုခံ တိုက်ခိုက်နိုင်နေ၏။

“ဝှစ်…”

နတ်မိမယ် ဖုန်းလင် တိုက်ခိုက်နေချိန်တွင်... အခြား နှစ်ယောက်သည်လည်း စတင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်ကြသည်။ တစ်ယောက်မှာ တာအိုဆရာ ရှုဟိုင် နှင့် ယှဉ်ပြိုင်နေသော ရွှေအမြုတေ အဆင့် (၃) ကျင့်ကြံသူ ဖြစ်ပြီး၊ အခြားတစ်ယောက်မှာ လော့ချန်ယွီ ၏ ရှေ့တွင် ရှိနေသော ရွှေအမြုတေ အဆင့် (၂) ကျင့်ကြံသူ ဖြစ်၏။

ထိုလူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်... ကြီးမားကျယ်ပြန့်သော အပြာရောင် သမုဒ္ဒရာကြီး တစ်ခုသည် ကောင်းကင်ယံတွင် ရုတ်တရက် ဖွဲ့တည်လာတော့သည်။

ရွှေအမြုတေ အဆင့် (၂) ကျင့်ကြံသူသည် လော့ချန်ယွီ ကို အေးစက်စွာ ကြည့်လိုက်သော်လည်း မျက်ဝန်းနက်ရှိုင်းသော နေရာတွင် ရမ္မက်ဆန္ဒ အရိပ်အယောင်များ ပါဝင်နေသည်။ လော့ချန်ယွီ ကဲ့သို့ ထူးချွန်ပြီး အလှပဂေး ကျင့်ကြံသူ တစ်ယောက်ကို သူ သဘောကျနေသည်မှာ ထင်ရှားလှ၏။ ကျင့်ကြံခြင်း လောကတွင် လှပသော အမျိုးသမီး ကျင့်ကြံသူ များပြားသော်လည်း... လော့ချန်ယွီ ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်နှင့် ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင်မျိုးကား ရှားပါးလှပေသည်။

“ဝေါ...”

ရွှေအမြုတေ အဆင့် (၂) ကျင့်ကြံသူက သိုင်းကွက် ထုတ်သုံးလိုက်သည်နှင့် ရေနဂါးကြီးများ ကောင်းကင်ယံတွင် ပေါ်ထွက်လာကြ၏။

သူက လော့ချန်ယွီ ကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

“ရွှေအမြုတေ အဆင့် (၃) ဟုတ်လား... တကယ်လို့ မင်းသာ ငါ့ရဲ့ သိုင်းကွက်ကို ခဏလောက် ခံနိုင်ရည် ရှိမယ် ဆိုရင်... မင်းကို ငါ့ရဲ့ မယားငယ် အဖြစ် လက်ခံဖို့ စဉ်းစားပေးမယ် ကွာ”

စကားဆုံးသည်နှင့် ရေနဂါးကြီးများသည် ဟိန်းဟောက်ကာ လော့ချန်ယွီ ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

ရေနဂါး သိုင်းကွက် လော့ချန်ယွီ ကို ဝါးမြိုတော့မည့် ဆဲဆဲတွင်... ထူးဆန်းသော ဝိညာဉ်စွမ်းအား တစ်ခု ရိုက်ခတ်လာ၏။

၎င်းသည် ဝေလငါးနှင့် တူသော်လည်း ခြေလက် လေးချောင်းနှင့် အတောင်ပံ တစ်စုံ ပါ ရေအောက် ဒေသမှ ရှေးဟောင်း မိစ္ဆာသားရဲကြီးလို ဖြစ်ပြီး... ထက်ရှသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထို သားရဲကြီး တိုက်ခိုက်လိုက်သောအခါ... ၎င်း၏ ကြီးမားသော လက်သည်းကြီးသည် လော့ချန်ယွီ ၏ ဝိညာဉ် နန်းတော် ကို ရိုက်ခတ်ရန် ဦးတည်လာ၏။ အကယ်၍ လော့ချန်ယွီ ၏ ဝိညာဉ် နန်းတော် သာ ပျက်စီးသွားပါက... သူမသည် သူ့လက်ခုပ်ထဲက ရေ ဖြစ်သွားပေလိမ့်မည်။

သို့သော် ထိုအခိုက်အတန့်၌...

လော့ချန်ယွီ ၏ မျက်လုံးများ လုံးဝ ပြောင်းလဲသွား၏။ ထက်မြက်သော ဓားသွား အရိပ်အယောင် တစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။

ဤအချိန်တွင် လော့ချန်ယွီ ၏ ဝိညာဉ်နှင့် စိတ်အာရုံတို့သည် ရှေးဟောင်း တာအိုဓား တစ်စင်း အသွင် ပြောင်းလဲသွားပြီး... လေထုကို ထိုးခွဲသွားတော့သည်။

လော့ချန်ယွီ ၏ စိတ်အာရုံ စွမ်းအား ပေါက်ကွဲထွက်လာသည်နှင့် တစ်ပြိုင်နက်... ထို ကြောက်မက်ဖွယ် မိစ္ဆာသားရဲကြီးသည် မရေမတွက်နိုင်သော ဓားသွားများ၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး သနားစရာကောင်းစွာ အော်ဟစ်လျက် အပိုင်းပိုင်း ပြတ်သွား၏။

“ရွှစ်…”

နောက်တစ်စက္ကန့်တွင် လော့ချန်ယွီ သည် သူမ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ... တောက်ပသော ဓားအလင်းတန်းများ ကောင်းကင်ယံတွင် လင်းလက်သွားကြ၏။

ကြောက်မက်ဖွယ် ကောင်းလှသော ရေနဂါးကြီးများ တစ်ကောင်ပြီး တစ်ကောင် အပိုင်းပိုင်း ပြတ်ကာ ပျက်စီးသွားကြတော့သည်။

ရေနဂါးများ ပျက်စီးသွားချိန်တွင် လော့ချန်ယွီ သည် ဝိညာဉ်ကို ဆုတ်ဖြဲပစ်နိုင်သော မျက်လုံးများဖြင့် ပြိုင်ဘက်ကို ကြည့်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“ဝိညာဉ် လျှို့ဝှက် သိုင်းကွက် ဟုတ်လား... ဒါဆို ဘာဖြစ်လဲ... ငါက ဓားပဲ... ငါ့ရဲ့ ချီစွမ်းအား ကလည်း ဓားပဲ... ငါ့ရဲ့ ဝိညာဉ် ကလည်း ဓားပဲ ဟေ့”

“မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ”

“ရွှပ်…”

လော့ချန်ယွီ သည် ရှေးဟောင်း ဓားတစ်စင်း အသွင် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ် အတွင်း ပြန်လည် တိုက်ခိုက်လိုက်၏။

ပြိုင်ဘက် ရွှေအမြုတေ အဆင့် (၂) ကျင့်ကြံသူသည် အပြာရောင် သမုဒ္ဒရာ အတွင်း ခေတ္တမျှ ရုန်းကန်နေ၏။ ... နောက်ဆုံးတွင် မှော်ဓားတစ်စင်းက သူ၏ ခေါင်းကို ထိုးဖောက်သွားသဖြင့် အသက်ပျောက်သွားပြီး... နေရာမှာတင် သနားစရာကောင်းစွာ သေဆုံးသွားလေတော့သည်။

အခြားတစ်ဖက်တွင်... တာအိုဆရာ ရှုဟိုင် သည် ရွှေအမြုတေ အဆင့် (၃) ကျင့်ကြံသူ၏ သိုင်းကွက် တိုက်ခိုက်မှုများကို ကမူးရှူးထိုး ရှောင်တိမ်းနေရသည်။

သို့သော် ခဏအကြာတွင်... တာအိုဆရာ ရှုဟိုင် ခြေဆောင့်လိုက်သည်နှင့် တုန်ခါသံ တစ်ခု ထွက်ပေါ်လာပြီး... သူ မည်သည့်အချိန်က ခင်းကျင်းလိုက်မှန်း မသိသော အခင်းအကျင်းတစ်ခု ပေါ်လာကာ ရွှေအမြုတေ အဆင့် (၃) ကျင့်ကြံသူကို အတွင်း၌ ပိတ်လှောင်လိုက်၏။

“ဘုန်း…”

စုယွီ၏ ရှေ့တွင်... အမျိုးသမီး ကျင့်ကြံသူသည် ပန်းပွင့်များ အသွင် ပြောင်းလဲသွားပြီး ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားသည်။ ခဏအတွင်းမှာပင် စုယွီသည် ပန်းပင်လယ်ကြီး တစ်ခုထဲ ရောက်သွားသကဲ့သို့ ဖြစ်သွား၏။ ရင်ပြင်ကြီး ပျောက်ကွယ်သွားပြီး၊ မှော်တိုက်ပွဲ အသံများလည်း မကြားရတော့ဘဲ၊ လူသူအရိပ်အယောင်လည်း မရှိတော့ပေ။

ထူးခြားသော ရနံ့တစ်မျိုးသာ သူ့ထံသို့ တိုးဝင်လာပြီး... သူ၏ စိုးရိမ်ပူပန်မှုများ အားလုံးကို ချက်ချင်း မေ့လျော့သွားစေသည်။

ထိုအချိန်တွင် သုံးရောင်ခြယ် လိပ်ပြာတစ်ကောင်သည် ပန်းပွင့်များကြားတွင် တဖျပ်ဖျပ် ခတ်လျက် ဖြည်းညှင်းစွာ ပျံသန်းလာ၏။

အပြင်ဘက်တွင်... ရင်ပြင်၏ အကာအကွယ် အခင်းအကျင်း အပြင်ဘက်မှ ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် စုယွီ၏ မျက်နှာထား မှိုင်တွေသွားသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ အမျိုးသမီး ကျင့်ကြံသူ၏ လက်ထဲတွင် ဓားပျံတစ်စင်း ပေါ်လာပြီး... သူမသည် ကိုယ်ဖော့ပညာကို အသုံးပြုကာ တိတ်တဆိတ် အနားသို့ ရောက်ရှိလာ၏။

ထို ဓားပျံသည် စုယွီ၏ လည်ပင်းဆီသို့ တိတ်တဆိတ် ဦးတည်သွားနေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအများအပြား လွှတ်ခနဲ အော်မိသွားကြ၏။

“မဖြစ်ဘူး... ဒုက္ခပဲ”

သို့သော် သူတို့ စကားမဆုံးနိုင်ခင်မှာပင်...

ရင်ပြင်ထဲတွင် အဆောင်နှစ်ခု တိတ်တဆိတ် လည်ပတ်သွားသည်။

တစ်ခုက ပုံရိပ်ယောင် လမင်း အဆောင်။

နောက်တစ်ခုက ထိပ်တန်းအဆင့် ဝိညာဉ်ငြိမ်းအေးခြင်း အဆောင် (ဝိညာဉ်ဖိနှိပ်ခြင်း အဆောင်) ဖြစ်သည်။

အမျိုးသမီး ကျင့်ကြံသူ အနားကပ်လာသည်နှင့် တစ်ပြိုင်နက်... စုယွီ၏ လက်က လျှပ်စီး

အမြန်နှုန်းဖြင့် သူမ၏ ကိုယ်ပေါ်သို့ အဆောင်များကို ကပ်လိုက်၏။

“ဝီ…”

ပုံရိပ်ယောင် လမင်း အဆောင် စတင် အသက်ဝင်သွားပြီး... ရှေ့ရှိ ဟင်းလင်းပြင်သည် ပြားကပ်သော ပန်းချီကားချပ် တစ်ခု အသွင် ပြောင်းလဲသွားသည်။

ထိပ်တန်းအဆင့် ဝိညာဉ်ငြိမ်းအေးခြင်း အဆောင် စတင် အသက်ဝင်သွားပြီး... အမျိုးသမီး ကျင့်ကြံသူ၏ ဝိညာဉ်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ သူမ၏ စိတ်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည့်အခိုက်၊ တစ်ခဏတာ ဦးနှောက် ဝေဝါးသွားကာ ပုံရိပ်ယောင် လမင်း အဆောင် ၏ ပိတ်လှောင်မှုကို ခံလိုက်ရတော့သည်။

အပြင်လူများ၏ အမြင်တွင်မူ... စုယွီသည် ရုတ်တရက် အဆောင်နှစ်ခုကို ထုတ်သုံးလိုက်ပြီး၊ အမျိုးသမီး ကျင့်ကြံသူသည် သူ့ရှေ့တွင် မလှုပ်မယှက် ရပ်တန့်သွားသည်ကို တွေ့လိုက်ရ၏။

ဟင်းလင်းပြင် စွမ်းအား၊ ပုံရိပ်ယောင် စွမ်းအား နှင့် ဝိညာဉ်ငြိမ်းအေးခြင်း အဆောင် ၏ စွမ်းအားများ ထွက်ပေါ်လာသောအခါ လူအများအပြား မျက်နှာ ဖြူလျော်သွားကြပြီး မှင်သက်သွားကြသည်။

ထိုအခိုက်အတန့်တွင် စုယွီသည် လက်လှမ်းလိုက်ပြီး အမျိုးသမီး ကျင့်ကြံသူ၏ ဓားပျံကို ဆွဲယူလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ပိုင်းဖြတ်လိုက်၏။

“ဒုတ်…”

ကြီးမားသော ခေါင်းတစ်လုံးသည် ပုံရိပ်ယောင် လမင်း အဆောင် ၏ စွမ်းအား ပျောက်ကွယ်သွားသည်နှင့်အတူ လွင့်စင်ထွက်သွားတော့သည်။

အမျိုးသမီး ကျင့်ကြံသူ၏ အသိစိတ်သည် ချက်ချင်း ပြန်လည် ရောက်ရှိလာသော်လည်း... သူမ၏ ချစ်စရာ ကောင်းသော ခေါင်းလေး လွင့်စင်သွားချိန်တွင် သူမ၏ မျက်ဝန်းများထဲ၌ ထိတ်လန့်အံ့ဩမှုများ ပြည့်နှက်နေ၏။

ထိုအချိန်တွင် စုယွီ၏ အသံပေးပို့မှုသည် သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

“လူပြက်မ...”

အရာအားလုံးသည် မျက်တောင်တစ်ခတ် အတွင်း ဖြစ်ပျက်သွားခဲ့၏။ အပြင်ဘက်မှ ကျင့်ကြံသူများ သတိပြန်ဝင်လာချိန်တွင်... အမျိုးသမီး ကျင့်ကြံသူ၏ ဓားပျံသည် အသိမ်းခံလိုက်ရပြီ ဖြစ်ပြီး၊ အမျိုးသား ကျင့်ကြံသူ အများစု နှစ်သက်သဘောကျနိုင်သော သူမ၏ ချစ်စရာ ခေါင်းလေးသည်လည်း လွင့်စင်ထွက်သွားပြီ ဖြစ်သည်။

သူမက ကိုယ့်သဘောနှင့် ကိုယ် သူ့အနား ရောက်လာပြီး၊ သူ လှုပ်ရှားလို့ ရအောင် ဓားပျံကိုတောင် လက်ဆောင်လာပေးမည်ဟု စုယွီ ထင်မထားခဲ့မိ။

တကယ့် လူကောင်းလေးပါလား။

ဤ မြင်ကွင်းသည် လွယ်ကူပြီး သက်တောင့်သက်သာ ရှိပုံ ပေါက်နေသော်လည်း... တကယ်တမ်းတွင်မူ နှစ်ဖက်စလုံး၏ အစွမ်းအစ ကွာခြားချက် ကြီးမားလွန်းခြင်းကြောင့်ပင်။

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ထို ရွှေအမြုတေ အဆင့် (၂) အမျိုးသမီး ကျင့်ကြံသူသည် အစွမ်းထက်ပုံ ပေါက်သော်လည်း... သူမ စတင် လှုပ်ရှားလိုက်ကတည်းက စုယွီ ရိပ်မိနေပြီ ဖြစ်သည်။

သူမက သာမန် ရွှေအမြုတေ အဆင့် (၂) ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သူမ၏ စွမ်းအားသည် အားနည်းသည်တော့ မဟုတ်ပေ။

သို့သော် ၎င်းသည် သာမန် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် နှိုင်းယှဉ်လျှင်သာ ဖြစ်၏။

လေးဆင့်လည်ပတ် ရွှေအမြုတေ ပိုင်ရှင်နှင့် ယှဉ်လိုက်လျှင်... သူတို့၏ အဆင့်အတန်းချင်းက လုံးဝ မတူညီတော့ပေ။

ထို့အပြင် ပုံရိပ်ယောင် လမင်း အဆောင် နှင့် ထိပ်တန်းအဆင့် ဝိညာဉ်ငြိမ်းအေးခြင်း အဆောင် တို့၏ စွမ်းအားကြောင့်... စုယွီ ဘာမှ ကြီးကြီးမားမား မလုပ်လိုက်ရဘဲ ထို အမျိုးသမီး ကျင့်ကြံသူ ခေါင်းပြတ်ပြီး သေဆုံးသွားရခြင်း ဖြစ်သည်။

အပြင်ဘက်တွင်...

မိမိဘက်မှ လူ (၂) ယောက်သည် အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ကျဆုံးသွားသည်ကို မြင်လိုက်ရသောအခါ... ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး၏ မျက်နှာထားသည် သိသိသာသာ ပုပ်သိုးသွားတော့သည်။

သူ၏ မျက်ဝန်းများထဲတွင် ဒေါသနှင့် ရက်စက်သော အကြံအစည်များ လက်ခနဲ ဖြတ်သန်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

“မိုက်ရိုင်းလှချည်လား”

“ကျွီ...”

ထိုအခိုက်အတန့်တွင်... ကြောက်မက်ဖွယ် ကောင်းပြီး ထူးဆန်းသော အော်ဟစ်သံကြီး တစ်ခု ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

ထိုအသံ ရောက်ရှိလာသောအခါ... တာအိုဆရာ လုံယန် ပင်လျှင် ခေါင်းကိုက်သွားပြီး သူ၏ အသိစိတ် အနည်းငယ် ထိခိုက်သွားသဖြင့် မျက်နှာ ပျက်သွားလေတော့၏။

All Chapters