← Chapters

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉) - ဖြေရှင်းချက်၊ အထီးကျန်သူ

~တာ့ယွဲ့ အင်မော်တယ် မြို့တော် ၏ ကောင်းကင်ယံထက်တွင်... ထူးဆန်းသော ငှက်ကြီးတစ်ကောင် ပေါ်ထွက်လာသည်။ ထိုငှက်တွင် ခေါင်း (၃) လုံး ပါရှိပြီး အမွှေးအတောင် မရှိပေ။ ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထား၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မျက်လုံးများဖြင့် ပြည့်နှက်နေပြီး၊ အသားအတောင်ပံများ ပေါ်တွင်ပင် မျက်လုံးများ နေရာအနှံ့ ပါရှိနေသည်။

ထိုအခိုက်အတန့်တွင် ထူးဆန်းသော ငှက်ကြီးသည် ထက်ရှသော အော်သံကြီး တစ်ခု ပြုလုပ်လိုက်ရာ... တာ့ယွဲ့ အင်မော်တယ် မြို့တော် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

အော်သံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... တာအိုဆရာ လုံယန် ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွား၏။ သူ၏ ကြီးမားသော စိတ်အာရုံ နှင့် ဝိညာဉ်စွမ်းအား ရှိနေပါလျက်နှင့် ထိုအသံကြောင့် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး၊ သူ၏ စိတ်အာရုံသည် တစ်ခဏတာမျှ ရှုပ်ထွေးသွားသကဲ့သို့ ဖြစ်သွားသည်။

ဒုက္ခပဲ။

သူ သတိပြန်ဝင်လာချိန်တွင်... ရင်ပြင်ထဲတွင် ရှိနေသော စုယွီ၊ တာအိုဆရာ ရှုဟိုင် နှင့် အခြား (၃) ဦးကို ချက်ချင်း လှမ်းကြည့်လိုက်၏။

ရင်ပြင်ထဲတွင်...

စုယွီသည် အမျိုးသမီး ကျင့်ကြံသူကို ခေါင်းဖြတ်သတ်ပြီးနောက် သက်ပြင်းချလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင်... ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဉ်စွမ်းအား တစ်ခု ရုတ်တရက် ရောက်ရှိလာပြီး၊ ထူးဆန်းသော ငှက်ကြီး၏ အော်သံသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။

ငှက်ဆိုးပေါင်း သောင်းချီပြီး သူ့နားနားတွင် စူးစူးဝါးဝါး အော်ဟစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ မူးဝေသွားပြီး၊ သူ၏ ဝိညာဉ်သည် အမှောင်ထု ဝဲဂယက်ကြီး တစ်ခုထဲသို့ ပြုတ်ကျသွားသကဲ့သို့ ဖြစ်သွား၏။

ဝဲဂယက်၏ အောက်ဘက်တွင်... ခန္ဓာကိုယ်အနှံ့ မျက်လုံးများ ပါရှိသော ကြောက်မက်ဖွယ် ငှက်ဆန်းကြီး တစ်ကောင်သည် စကြဝဠာ တစ်ခုလုံးကို လွှမ်းမိုးထားပြီး အရာအားလုံးကို သေးငယ်သွားစေသည်။ သူ မော့ကြည့်လိုက်လျှင်ပင် ၎င်း၏ ကြောက်မက်ဖွယ် မျက်လုံးများကိုသာ မြင်ရပြီး ငှက်ဆန်းကြီး၏ ပုံရိပ်အပြည့်အစုံကို မမြင်နိုင်ပေ။

ငှက်ကြီး၏ မရေမတွက်နိုင်သော မျက်လုံးများဆီမှ ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဉ်စွမ်းအားများ ပျံ့နှံ့လာ၏။ ကြောက်ရွံ့ခြင်း၊ နိမ့်ကျခြင်း၊ စိတ်ပျက်အားငယ်ခြင်း နှင့် ပြိုလဲပျက်စီးခြင်း ကဲ့သို့သော ခံစားချက်များသည် ဒီရေလှိုင်းကြီး တစ်ခုပမာ စုယွီဆီသို့ လှိမ့်ဝင်လာကြ၏။

“ကျွီ...”

ငှက်ဆန်းကြီးသည် စူးရှသော အသံဖြင့် အော်ဟစ်လိုက်ရာ ကမ္ဘာကြီး တစ်ခုလုံး ချက်ချင်း ပျက်စီးသွားမည့်အလား ထင်မှတ်ရသည်။

ငှက်ဆန်းကြီး၏ မျက်လုံးများအောက်တွင် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရသော စုယွီသည် ချက်ချင်းပင် ကျောချမ်းသွား၏။ ငှက်ကြီး၏ အရှိန်အဝါတွင် ပါဝင်နေသော ကြောက်မက်ဖွယ် အငွေ့အသက်များသည် သူ့ကို အလိုအလျောက် ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

စုယွီ၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားသည်။

“ရွှေအမြုတေ အဆင့် အထွတ်အထိပ် ရောက်နေတဲ့ မိစ္ဆာသားရဲကြီး... ပြီးတော့ ဝိညာဉ်စွမ်းအား ကို ကျွမ်းကျင်တဲ့ မိစ္ဆာသားရဲကြီး”

ဒီ မိစ္ဆာသားရဲကြီးက သူတို့ကို တိုက်ခိုက်တော့မည်။

“ဝီ…”

ငှက်ကြီး၏ ဝိညာဉ် တိုက်ခိုက်မှုသည် ဒီရေလှိုင်းကြီးပမာ သူ့ကို ဝါးမြိုတော့မည့် ဆဲဆဲတွင်... စုယွီ၏ ဝိညာဉ်သည် အတောင်ပံနှစ်ဖက် ပါရှိသော ရွှေပုစဉ်း တစ်ကောင် အသွင် ပြောင်းလဲသွားသည်။ တောက်ပသော ရွှေရောင် နတ်ဘုရား အလင်းတန်းများသည် မှောင်မိုက်နေသော ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံသွား၏။

စိတ်ပျက်အားငယ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ပြိုလဲပျက်စီးခြင်း အစရှိသော အမှောင်ထု ခံစားချက် ဒီရေလှိုင်းကြီးများသည် ချက်ချင်း ပျော်ဝင်သွားပြီး နောက်ဆုတ်သွားကြ၏။

ရွှေပုစဉ်း လျှို့ဝှက် နည်းစနစ်။

“ခွဲစမ်း...”

တုံ့ဆိုင်းမနေဘဲ စုယွီ၏ ဝိညာဉ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ရွှေပုစဉ်း ပတ်လည်ရှိ ရွှေရောင် အလင်းစက်ဝိုင်းသည် တောက်ပစွာ ပေါက်ကွဲထွက်လာရာ... မျက်လုံးများဖြင့် ပြည့်နှက်နေသော ငှက်ဆန်းကြီး၏ မျက်နှာတွင် အံ့ဩခြင်းနှင့် စိုးရိမ်ပူပန်ခြင်း အရိပ်အယောင်များ ပေါ်ထွက်လာ၏။

သွေးမျိုးဆက် ဖိနှိပ်မှု သို့မဟုတ် သွေးမျိုးဆက် ဗီဇ ကြောက်ရွံ့မှု ကဲ့သို့ပင်။

၎င်းသည် သာမန် ကျီးကန်းနက် မိစ္ဆာသားရဲ တစ်ကောင်နှင့် ကိုးထပ် ကောင်းကင်ပေါ်မှ ဖီးနစ်ငှက် တစ်ကောင်ကြား ကွာခြားချက် ကဲ့သို့ ဖြစ်နေသည်။

ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်သော ငှက်ဆန်း ဖြစ်သော်လည်း၊ ၎င်းသည် သာမန် မိစ္ဆာသားရဲ၊ ဝိညာဉ်သားရဲ တစ်ကောင်မျှသာ ဖြစ်သည်။

သို့သော် ရွှေပုစဉ်း ၏ သွေးမျိုးဆက်မှာမူ... ဒဏ္ဍာရီလာ ရှေးဟောင်း မဟာမိစ္ဆာကြီး ထံမှ ဆင်းသက်လာခြင်း ဖြစ်သဖြင့် အလွန် ထူးခြား၏။

ရွှေပုစဉ်း လျှို့ဝှက် နည်းစနစ် ကို ထုတ်သုံးလိုက်သည်နှင့်... ရွှေပုစဉ်း ၏ ကြောက်မက်ဖွယ် ထက်မြက်မှုများ ပေါက်ကွဲထွက်လာသည်။ ရွှေပုစဉ်း ၏ အတောင်ပံ တစ်ချက် ခတ်လိုက်ရုံဖြင့်... တားဆီးမရနိုင်သော ဓားသွားများကဲ့သို့ ရှေ့တွင် ရှိနေသော အမှောင် ဝိညာဉ်ကမ္ဘာကြီးကို အက်ကွဲကြောင်း ဖြစ်ပေါ်သွားစေသည်။

ရွှေပုစဉ်း သည် ထို အခွင့်အရေးကို အသုံးချ၍ အက်ကွဲကြောင်း ထဲမှ ထွက်ပြေးလွတ်မြောက်လာပြီး... ၎င်း၏ ဝိညာဉ်သည် စုယွီ၏ ခန္ဓာကိုယ် ထဲသို့ ပြန်လည် ဝင်ရောက်သွား၏။

အရာအားလုံးသည် မျက်တောင်တစ်ခတ် အတွင်း ဖြစ်ပျက်သွားခဲ့သည်။

အမှောင် ဝဲဂယက် အတွင်း ပြုတ်ကျသွားရာမှ ပြန်လည် လွတ်မြောက်လာခြင်းသည် တခဏတာမျှသာ ကြာမြင့်သည်။

စုယွီ မျက်လုံးဖွင့်လိုက်သည်နှင့် ရင်ပြင်ထဲမှ အပြောင်းအလဲများကို ချက်ချင်း မြင်လိုက်ရ၏။ တာအိုဆရာ ရှုဟိုင် ၏ အခင်းအကျင်း အတွင်း ဇွတ်တရွတ် ပိတ်လှောင်ခံထားရသော ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ပါရမီရှင်သည် လွတ်မြောက်လာပြီး... မိန်းမောတွေဝေ နေသော တာအိုဆရာ ရှုဟိုင် ထံသို့ ကြောက်မက်ဖွယ် ဝိညာဉ် အရှိန်အဝါများ ပါဝင်သည့် ဝိညာဉ်အပ် မှော်လက်နက်များကို ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ရွှေအမြုတေ ပါရမီရှင်နှင့် တိုက်ခိုက်နေသော နတ်မိမယ် ဖုန်းလင် သည် ယိုင်နဲ့သွားပြီး လေထဲမှ ပြုတ်ကျမလို ဖြစ်သွား၏။

သူမ၏ အရှိန်အဝါသည် ချက်ချင်း ထိုးကျသွားသည်။

ထိုလူ၏ လှံရှည်အောက်တွင် မီးတောက်များ ပေါက်ကွဲထွက်လာပြီး... နတ်မိမယ် ဖုန်းလင် သည် ချက်ချင်း လွင့်စင်သွားကာ ကောင်းကင်ယံတွင် သွေးများ ဖြန်းပက်သွားတော့သည်။ သူမသည် မီးဖီးနစ်ငှက် တစ်ကောင် မြေပြင်ပေါ်သို့ ပြုတ်ကျသကဲ့သို့ ကောင်းကင်မှ ကျဆင်းလာ၏။

အခြားတစ်ဖက်တွင်... မိမိရှေ့မှ ရွှေအမြုတေ ပါရမီရှင်ကို အနိုင်ယူတော့မည့် မာရှစ်ချင်း သည် သူ လှုပ်ရှားလိုက်သည့် အချိန်တွင် မျက်နှာ အုံ့မှိုင်းသွားသည်။

သူသည် မိမိကိုယ်ကို ကာကွယ်ရန် အခင်းအကျင်း အလွှာတစ်ခုကို ကပျာကယာ ဖန်တီးလိုက်၏။ ချက်ချင်းပင် လူနှင့် အခင်းအကျင်း တစ်သားတည်း ဖြစ်သွားပြီး အခင်းအကျင်းနှင့် ကောင်းကင်မြေကြီး ပေါင်းစပ်သွားသည်။

“အား ..”

ငှက်ဆန်းကြီး၏ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှု ကျရောက်လာသောအခါ... မာရှစ်ချင်း ၏ အခင်းအကျင်းသည် ခေတ္တမျှ ခံနိုင်ရည် ရှိခဲ့သော်လည်း နောက်ဆုံးတွင် ပြိုကျပျက်စီးသွားတော့၏။ မာရှစ်ချင်း သည် သွေးများ အန်ထုတ်လိုက်ပြီး မျက်နှာ ဖြူလျော်သွားကာ နာကျင်စွာ ညည်းညူလိုက်သည်။ သူ၏ မျက်နှာပေါက် (၇) ပေါက်မှ သွေးများ စီးကျလာပြီး သူ၏ အစွမ်းထက်သော အရှိန်အဝါသည်လည်း ထိုးကျသွား၏။

သူနှင့် ယှဉ်ပြိုင်နေသော ရွှေအမြုတေ ပါရမီရှင်သည် အခြေအနေကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားသည်။ တုံ့ဆိုင်းမနေဘဲ သူ၏ ပုံရိပ်သည် အနက်ရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲသွားသည်။ သူ၏ လှုပ်ရှားမှု အမြန်နှုန်းသည် ကြည့်ရှုနေသူ အများအပြားကို ထိတ်လန့်သွားစေ၏။

သူ၏ လက်ထဲတွင် အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်နေသော ဓားမြှောင်တစ်ချောင်း ပေါ်လာပြီး... ငှက်ဆန်းကြီး၏ ဝိညာဉ်စွမ်းအား ဖိနှိပ်မှုကို ခံနေရသော မာရှစ်ချင်း အနားသို့ တိတ်တဆိတ် ကပ်သွားကာ... အနက်ရောင် ဓားမြှောင်ဖြင့် မာရှစ်ချင်း ၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။

“ထွက်သွားစမ်း”

ပြင်းထန်သော နာကျင်မှုအောက်တွင် မာရှစ်ချင်း သည် ငှက်ဆန်းကြီး၏ ဝိညာဉ် တိုက်ခိုက်မှုမှ ချက်ချင်း သတိပြန်ဝင်လာ၏။ နာကျင်မှုကို ကြိတ်မှိတ် သည်းခံပြီး သူ၏ လက်ထဲမှ ကြောက်မက်ဖွယ် ကောင်းလှသော အရာဝတ္ထု တစ်ခုကို ပစ်ထုတ်လိုက်သည်။ ထိုအရာဝတ္ထု၏ အရှိန်အဝါသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ၏။

မာရှစ်ချင်း ကို တိုက်ခိုက်လိုက်သော ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ပါရမီရှင်သည် ထိုအရာဝတ္ထု၏ ကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် တစ်ပြိုင်နက်... သူ၏ ခန္ဓာကိုယ်သည် အလိုအလျောက် ထိတ်လန့်တုန်လှုပ်သွားသည်။ နောက်ထပ် စဉ်းစားမနေတော့ဘဲ သူသည် ထွက်ပြေးလွတ်မြောက်ရန် ကိုယ်ဖော့ပညာကို ချက်ချင်း ထုတ်သုံးလိုက်၏။

သို့သော် နောက်ကျသွားချေပြီ။

“ဝုန်း…”

ကြောက်မက်ဖွယ် ကောင်းလှသော မိုးကြိုး အရှိန်အဝါ တစ်ခုသည် မုန်တိုင်းပမာ ပေါက်ကွဲထွက်လာသည်။ ၎င်းသည် ကြောက်စရာကောင်းသော အရိုးဖြူ တစ်ခုသာ ဖြစ်သော်လည်း... ပေါက်ကွဲထွက်လာသော အခါတွင် ထွက်ပေါ်လာသည့် မိုးကြိုး အရှိန်အဝါသည် မိုးနှင့်မြေကြီးကို ဖျက်ဆီးပစ်ရန် လုံလောက်နေပေ၏။

အခန်း (၃၅၀) - ဖြေရှင်းချက်၊ အထီးကျန်သူ (၂)

~မာရှစ်ချင်း သည် ထိုအရိုးဖြူကို ပစ်ထုတ်လိုက်သည့် အချိန်တွင်... အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ် ဒဏ်ရာများ နှင့် ဦးနှောက်ကွဲထွက်မတတ် နာကျင်မှုများကို ကြိတ်မှိတ်သည်းခံကာ... သူ့ပတ်ပတ်လည်တွင် အခင်းအကျင်း အလွှာများစွာကို ထပ်မံ ခင်းကျင်းလိုက်သည်။

အခင်းအကျင်းအလံများ မလိုအပ်ဘဲ... သူ၏ ချီစွမ်းအားများသည် လေထုထဲတွင် အခင်းအကျင်း အမှတ်အသားများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖန်တီးလိုက်သည်။

“ဝှစ်..”

အခင်းအကျင်းသည် လျင်မြန်စွာ ပြီးဆုံးသွားပြီး မာရှစ်ချင်း ၏ ပုံရိပ်သည် အခင်းအကျင်း အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

“ဘုန်း…”

ကြောက်မက်ဖွယ် အရိုးဖြူ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ဘုံ မိုးကြိုးများ ပစ်ခတ်လိုက်ရာ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ရွှေအမြုတေ အဆင့် (၂) ပါရမီရှင်၏ ရုပ်ခန္ဓာကို ချက်ချင်း ပြာကျသွားစေခဲ့သည်။ သူ ကိုင်ဆောင်ထားသော အဆင့်မြင့် မှော်ဓားမြှောင်သည်ပင်လျှင် အပိုင်းပိုင်း ကွဲကြေသွားရသည်။

မာရှစ်ချင်း ခင်းကျင်းထားသော အခင်းအကျင်းသည်လည်း ကောင်းကင်ဘုံ မိုးကြိုး စွမ်းအားကြောင့် ပျက်စီးသွား၏။

မာရှစ်ချင်း ကိုယ်တိုင်လည်း ဒဏ်ရာ မကင်းပေ။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး အဝေးသို့ လွင့်စင်သွားကာ သူ၏ သက်စောင့်စွမ်းအားသည် အနိမ့်ဆုံး အမှတ်သို့ ရောက်ရှိသွားသည်။

ဒါက သူ့ရဲ့ ဝှက်ဖဲပင်။

သို့သော် ထို ဝှက်ဖဲ၏ စွမ်းအားသည် သူ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ထုတ်သုံးလိုက်ခြင်းသည် ကိုယ့်ဘက်ကလည်း အထိနာစေသော အနိုင်ရရှိမှု မျိုးသာ ဖြစ်ပေသည်။

နှစ်ဖက်စလုံး ပျက်စီးသွားသော အခြေအနေမျိုးတောင် ဖြစ်သွားနိုင်လေ၏။

ရင်ပြင်၏ အပြင်ဘက်တွင်...

တာအိုဆရာ လုံယန် နှင့် ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး တို့၏ မျက်နှာများ ပြောင်းလဲသွားကြ၏။ မာရှစ်ချင်း ပစ်ထုတ်လိုက်သော အရိုးဖြူမှ ထွက်ပေါ်လာသည့် မိုးကြိုး စွမ်းအားသည် သူတို့ နှစ်ဦးစလုံးကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။

အရိုးဖြူပေါ်တွင် ကျန်ရှိနေသော အရှိန်အဝါကို ကြည့်ရသည်မှာ... အဆင့် (၃) မိစ္ဆာသားရဲ တစ်ကောင်၏ အရိုး မဟုတ်လောက်ပေ။

အရိုးပေါ်တွင် ကျန်ရှိနေသော စွမ်းအင် အနည်းငယ်မျှဖြင့်ပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။

'နောက်တစ်ယောက် သေပြန်ပြီလား'

ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး၏ ရင်ထဲတွင် တုန်လှုပ်သွားရ၏။

'အားလုံးကို သတ်ပစ်လိုက်စမ်း'

ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး က အရိုးခိုက်မတတ် အေးစက်သော အသံဖြင့် အမိန့်ပေးလိုက်ရာ... ထိုအသံသည် ငှက်ဆန်းကြီး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

သို့သော် နောက်ကျသွားချေပြီ။

“မောက်မာလိုက်တာ”

တာအိုဆရာ လုံယန် က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် တာ့ယွဲ့ အင်မော်တယ် မြို့တော် ၏ အခင်းအကျင်းများ အားလုံး စတင် လည်ပတ်သွားကြ၏။ မရေမတွက်နိုင်သော တာ့ယွဲ့ နန်းတော် ဂိုဏ်းသားများ၊ တာဝန်ခံများနှင့် အကြီးအကဲများသည် သူတို့၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်ကြ၏။ တာ့ယွဲ့ အင်မော်တယ် မြို့တော် တစ်ခုလုံးသည် ဒေါသများ ပေါက်ကွဲထွက်လာပြီး အချိန်ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။

တာအိုဆရာ လုံယန် သည် ငှက်ဆန်းကြီးကို ဖိနှိပ်ရန် သူ၏ ကြောက်မက်ဖွယ် ချီစွမ်းအားများကို ထုတ်သုံးတော့မည့် ဆဲဆဲတွင်... ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်သော မာန အရှိန်အဝါများ ထွက်ပေါ်လာပြီး သူ့ကို တားဆီးရန် ပြင်ဆင်လိုက်၏။

ကောင်းကင်ယံတွင်...

ငှက်ဆန်းကြီး၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး၏ အမိန့်ကို ကြားလိုက်ရသောအခါ ၎င်း၏ ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး... ကမ္ဘာမြေကို တုန်ခါသွားစေသော အော်သံကြီး တစ်ခုနှင့်အတူ စုယွီနှင့် အခြားသူများထံသို့ နောက်ထပ် ဝိညာဉ် တိုက်ခိုက်မှု တစ်ခု ပစ်လွှတ်လိုက်ပြန်သည်။

“ဝှစ်…”

မျက်တောင်တစ်ခတ် အတွင်းမှာပင် စုယွီသည် လော့ချန်ယွီ ၏ ရှေ့သို့ ရောက်ရှိလာပြီး... တောက်ပသော ရွှေရောင် အလင်းစက်ဝိုင်း တစ်ခုသည် သူတို့နှစ်ဦးစလုံးကို ဝန်းရံထားလိုက်၏။

ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားသည် ရွှေရောင် အလင်းစက်ဝိုင်းကို ရိုက်ခတ်သွားရာ... စုယွီ၏ စိတ်ထဲတွင် စူးရှသော အသံများ မြည်ဟည်းသွားပြီး ခေါင်းကိုက်သွားကာ မျက်နှာပေါက် (၇) ပေါက်မှ သွေးများ စီးကျလာသည်။

နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း စုယွီ ညည်းညူလိုက်၏။

“အာ့..”

ထိုအချိန်တွင် သူ၏ ထျန်းရှု သိုင်းကျမ်းတိုက် အမှတ်အသား အမိန့်ပြား သည် အလိုအလျောက် ပေါ်ထွက်လာပြီး သူ့ရှေ့တွင် ဝဲပျံနေသည်။ အမိန့်ပြားမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်... ကြောက်မက်ဖွယ် ဝိညာဉ် တိုက်ခိုက်မှုသည် နှင်းများ အရည်ပျော်သွားသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားတော့၏။

အခြားတစ်ဖက်တွင်... နတ်မိမယ် ဖုန်းလင် ၏ ခန္ဓာကိုယ်ကို ရှေးဟောင်း အရှိန်အဝါများ ပါဝင်သော သွေးရောင် အလင်းတန်း အကာအကွယ် တစ်ခုက ကာကွယ်ပေးထားသည်။

ထို အလင်းတန်း အကာအကွယ်၏ အရှိန်အဝါသည် အဆင့်နိမ့် မှော်ရတနာ တစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

နတ်မိမယ် ဖုန်းလင် ကြောက်မက်ဖွယ် အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင်... မှော်ရတနာသည် သခင်ကို ကာကွယ်ရန် အလိုအလျောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဘေးနားတွင်... တာအိုဆရာ ရှုဟိုင် ကို ဝန်းရံထားသော ရေပြာရောင် အလင်းတန်း အကာအကွယ်သည် လှုပ်ရှားနေသည်။ ၎င်းသည် သေးငယ်သော ဝိညာဉ်အပ်များကို တားဆီးပေးရုံသာမက... ငှက်ဆန်းကြီး၏ ဒုတိယအကြိမ် ဝိညာဉ် တိုက်ခိုက်မှုကိုလည်း ကာကွယ်ပေးလိုက်သည်။

အဝေးသို့ လွင့်စင်သွားသော မာရှစ်ချင်း ၏ ပတ်ပတ်လည်တွင်မူ ပေစာလိပ် တစ်ရွက် ပေါ်ထွက်လာသည်။ ရှေးဟောင်း အရှိန်အဝါများ ထုတ်လွှတ်နေသော ထိုပေစာလိပ်သည် ငှက်ဆန်းကြီး၏ ဝိညာဉ် တိုက်ခိုက်မှုကို မာရှစ်ချင်း ကိုယ်စား ကာကွယ်ပေးလိုက်၏။

“ဘုန်း…”

တာ့ယွဲ့ အင်မော်တယ် မြို့တော် ၏ အလွှာများစွာ ပါဝင်သော အခင်းအကျင်းများသည် ယခုအချိန်တွင် ပွင့်သွားပြီ ဖြစ်ပြီး... ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ငှက်ဆန်းကြီး၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားပြီး ၎င်း၏ ဝိညာဉ် အရှိန်အဝါကို ကပျာကယာ ပြန်ရုပ်သိမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ၎င်းသည် အနက်ရောင် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ထွက်ပြေးလွတ်မြောက်သွားတော့၏။

ငှက်ဆန်းကြီးသည် မြို့တော် အခင်းအကျင်းများ၏ တိုက်ခိုက်မှုကို မခံရမီ တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ အမြန်ဆုံး ထွက်ပြေးသွားခြင်း ဖြစ်သည်။

“ရွှပ်... ရွှပ်... ရွှပ်…”

တာအိုဆရာ လုံယန် နှင့် အခြားသူများသည် ရင်ပြင်ထဲသို့ အလျင်အမြန် ဝင်ရောက်လာကြ၏။ လုံယန် သည် မာရှစ်ချင်း ထံသို့ ဦးစွာ သွားရောက်ခဲ့၏။ မာရှစ်ချင်း ၏ ပေစာလိပ်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ပြန်ဝင်သွားပြီ ဖြစ်သည်။

လုံယန် သည် အဆင့် (၃) အဆင့်နိမ့် ဆေးလုံး နှစ်လုံး... ဒဏ်ရာကုသဆေး တစ်လုံးနှင့် ဝိညာဉ်အားဖြည့်ဆေး တစ်လုံးကို အလျင်အမြန် ထုတ်ယူပြီး မာရှစ်ချင်း ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ထို့နောက် သူသည် မာရှစ်ချင်း ၏ ကျောပေါ်သို့ လက်တင်လိုက်ပြီး ဆေးစွမ်းပြစေရန် ချီစွမ်းအားများ ထည့်သွင်းပေးလိုက်၏။

ထိုအချိန်ကျမှသာ တာအိုဆရာ လုံယန် သည် အခြားသူများကို ကြည့်ရှုရန် အချိန်ရတော့သည်။ စုယွီ၊ လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် တာအိုဆရာ ရှုဟိုင် တို့ကို အကဲခတ်ကြည့်လိုက်၏။ လော့ချန်ယွီ သည် မျက်နှာ အနည်းငယ် ဖြူလျော်နေပြီး ဝိညာဉ် အရှိန်အဝါ အနည်းငယ် ထိခိုက်သွားသော်လည်း ကြီးကြီးမားမား ပြဿနာ မရှိပေ။

နတ်မိမယ် ဖုန်းလင် ၏ အခြေအနေမှာ လော့ချန်ယွီ ထက် ပိုဆိုးသည်။ သူမ၏ ဝိညာဉ် အရှိန်အဝါ အားနည်းနေပြီး အချိန်ယူ အနားယူရန် လိုအပ်ပေမည်။

တာအိုဆရာ ရှုဟိုင် ၏ အခြေအနေမှာ နတ်မိမယ် ဖုန်းလင် ထက် သာလွန်၏။

နောက်ဆုံးတွင် စုယွီ ကျန်ရှိနေသည်။

တာအိုဆရာ လုံယန် သည် စုယွီကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

'ခုနက အမိန့်ပြားက ထျန်းရှု သိုင်းကျမ်းတိုက် ရဲ့ အမှတ်အသား အမိန့်ပြား မဟုတ်လား... စုယွီ က ထျန်းရှု သိုင်းကျမ်းတိုက် နဲ့ ဆက်နွယ်မှု ရှိနေတာလား'

'ပြီးတော့... အခုနက ဝိညာဉ် တိုက်ခိုက်မှုကို ခုခံလိုက်တဲ့ စွမ်းအားက ဒဏ္ဍာရီလာ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် များလား'

ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်...

ထျန်းရှု သိုင်းကျမ်းတိုက် ၏ အမှတ်အသား အမိန့်ပြား...

ဒီမတော်တဆ ဖြစ်ရပ်ကြောင့် စုယွီ ထုတ်ပြလိုက်ရသော အရာ (၂) ခုသည် တာအိုဆရာ လုံယန် ကို အကြီးအကျယ် တုန်လှုပ်သွားစေတော့၏။

ရင်ပြင်၏ အခြားတစ်ဖက်တွင်...

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ အသက်ရှင် ကျန်ရစ်သော ရွှေအမြုတေ ပါရမီရှင် (၂) ဦးသည် ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး၏ နောက်တွင် ရပ်နေကြသည်။

ယခုအချိန်တွင် ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီးနှင့် သူ့လူများ၏ အကြည့်များသည် စုယွီ အပေါ်သို့ စုပြုံ.. ကျရောက်နေကြ၏။

သူတို့၏ မျက်လုံးများထဲတွင် လိုချင်တပ်မက်မှုများအပြင် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများပါ ရောပြွမ်းနေတော့သည်။

အခန်း (၃၅၁) - ဖြေရှင်းချက်၊ အထီးကျန်သူ (၃)

~'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် က သူ့ဆီမှာ ရှိနေတာကိုး'

ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီးသည် စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာသွားသည်။ ရွှေအမြုတေ ပါရမီရှင် (၃) ယောက် သေဆုံးသွားခဲ့သော်လည်း၊ ယခုကဲ့သို့ အရေးကြီးသော သတင်းကို သိလိုက်ရသဖြင့် ဝမ်းသာပီတိ ဖြစ်မိသွားသည်။

သို့သော် စုယွီ ထုတ်ဖော်ပြသလိုက်သော ဒုတိယအချက်ကို ပြန်တွေးမိလိုက်သောအခါ... ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။

ယခုအခါ သူသည် စုယွီကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် လိုချင်တပ်မက်မှု အရိပ်အယောင်များ ပါဝင်နေသလို၊ ကြောက်ရွံ့မှု အရိပ်အယောင်များလည်း ပါဝင်နေသည်။ သူ၏ မျက်နှာထားသည် လျင်မြန်စွာ ပြောင်းလဲနေပြီး တဖြည်းဖြည်း ရုပ်ဆိုးအကျည်းတန်လာ၏။

ထျန်းရှု သိုင်းကျမ်းတိုက် အမှတ်အသား အမိန့်ပြား...

ဒီလူက တာ့ယွဲ့ နန်းတော် လို အင်အားကြီး အဖွဲ့အစည်းရဲ့ ပါရမီရှင် မဟုတ်ပေမယ့်... ပိုပြီး ကြောက်စရာကောင်းတဲ့ ထျန်းရှု သိုင်းကျမ်းတိုက် နဲ့ ဆက်နွယ်နေတာလား။

ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီး အနေဖြင့် တာ့ယွဲ့ နန်းတော် ကို ရန်စရမည် ဆိုလျှင် ဝန်မလေးသော်လည်း... ထျန်းရှု သိုင်းကျမ်းတိုက် ကိုတော့ လုံးဝ ရန်မစရဲပါပေ။

'စုယွီ ဆိုတာက... သာမန် ကျင့်ကြံခြင်း မိသားစုလေး တစ်ခုက မျိုးဆက်သစ် လူငယ်လေး တစ်ယောက်ပဲလေ... ရရှိထားတဲ့ သတင်းအချက်အလက်တွေ အရ သူက အဆင့် (၃) အဆင့်နိမ့် ဆေးပညာရှင်၊ အဆောင်ပညာရှင် နဲ့ ရုပ်သေးပညာရှင် တစ်ယောက်... သူ့ရဲ့ ပါရမီတွေက တကယ်ကို အထင်ကြီးစရာ ကောင်းလှပါတယ်'

ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီးသည် စုယွီ၏ အချက်အလက်များကို ပြန်လည် သုံးသပ်ကြည့်လိုက်သည်။

'သူက အခု ရွှေအမြုတေ အဆင့် (၂) ကို ရောက်နေပြီ... သူ့ရဲ့ နောက်ခံနဲ့ ကျင့်ကြံခြင်း အဆင့်က ဘာမှ မဟုတ်ပေမယ့်... သူက တကယ်ကြီး ထျန်းရှု သိုင်းကျမ်းတိုက် နဲ့ အဆက်အသွယ် ရှိနေတာလား'

ထိုအချက်က သူ့ကို နှုတ်ဆိတ်သွားစေ၏။

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

စုယွီ၏ နောက်တွင် ရပ်နေသော လော့ချန်ယွီ သည် စူးစမ်းလိုသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်သည်။ သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် က သူ့ဆီမှာ ရှိနေတာလား... ဒါပေမဲ့ သူ ဘယ်တုန်းက ရသွားတာလဲ'

အခုနက စုယွီက ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို သုံးပြီး သူမကို ကာကွယ်ပေးခဲ့တာကို ပြန်တွေးမိပြီး လော့ချန်ယွီ ရင်ထဲတွင် လှိုင်းထန်သွားသလို၊ အတွေးများလည်း ရှုပ်ထွေးသွားရ၏။

မာရှစ်ချင်း ၏ အရှိန်အဝါ တည်ငြိမ်သွားပြီးနောက်...

တာအိုဆရာ လုံယန် သည် မျက်နှာပျက်နေသော ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီးကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့... ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် ကျုပ်တို့ တာ့ယွဲ့ နန်းတော် ကို ကျေနပ်လောက်တဲ့ ဖြေရှင်းချက် မပေးနိုင်ရင်... တာ့ယွဲ့ အင်မော်တယ် မြို့တော် ထဲကနေ ထွက်သွားဖို့ စိတ်ကူးမယဉ်နဲ့”

“ဟုတ်လား... လုံယန်... ခင်ဗျားက ဘာအစွမ်းအစ ရှိလို့များ ကျုပ်တို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို ဒီမှာ ဆွဲထားနိုင်မှာလဲ”

ထိုအခိုက်အတန့်၌... တည်ငြိမ်အေးဆေးသော အသံတစ်သံသည် တာ့ယွဲ့ အင်မော်တယ် မြို့တော် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ထိုအသံကို ကြားလိုက်ရသောအခါ တာအိုဆရာ လုံယန် ၏ မျက်နှာထား ထပ်မံ ပြောင်းလဲသွားသည်။

ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီးနှင့် အခြား ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဝင်များကမူ ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြပြီး နှုတ်ဆက်လိုက်ကြ၏။

“မဟာမိတ် ခေါင်းဆောင်ကြီး ကို ကြိုဆိုပါတယ် ခင်ဗျာ”

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ခေါင်းဆောင်ကြီး... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး...

“ကိစ္စသေးလေး တစ်ခုပါပဲ... အခုနက ကျုပ် မွေးထားတဲ့ သားရဲလေး တစ်ကောင် ထိန်းချုပ်မှု လွတ်ပြီး သောင်းကျန်းသွားတာပါ... လုံယန်... ခင်ဗျားမှာ ဘာပြဿနာ ရှိလို့လဲ”

အသံက ထပ်မံ ထွက်ပေါ်လာသည်။ တည်ငြိမ်သော စကားတစ်ခွန်းက တာအိုဆရာ လုံယန် ၏ မျက်နှာကို ပျက်သွားစေ၏။

ခဏကြာသောအခါ တာအိုဆရာ လုံယန် သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်နှာထား တင်းတင်းဖြင့် ပြန်ဖြေလိုက်သည်။

“မရှိပါဘူး”

“မရှိရင် ပြီးတာပဲ”

ထိုအချိန်တွင်... တာအိုဆရာ လုံယန် ၏ နောက်တွင် ရပ်နေသော စုယွီသည် တစ်စုံတစ်ယောက်က သူ့ကို 'စောင့်ကြည့်' နေသကဲ့သို့ ခံစားလိုက်ရ၏။ ထို ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားပြီး၊ သူ့ကို အလွယ်တကူ ထိုးဖောက်မြင်နေရသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် အသံတစ်သံသည် စုယွီ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

“မင်းနာမည်က စုယွီ လား... ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ချီမြစ် ဆီ အပ်လိုက်စမ်း... ဒါဆိုရင် ဒီကိစ္စ ပြီးပြီ”

“ဒီနေ့ကစပြီး ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က မင်းကို ဘယ်တော့မှ ဒုက္ခပေးတော့မှာ မဟုတ်ဘူး... အဲ့ဒါအပြင် မင်းကို ဂုဏ်ထူးဆောင် ဧည့်သည် အဖြစ်တောင် သတ်မှတ်ပေးဦးမယ်”

“မင်းမှာ ထျန်းရှု သိုင်းကျမ်းတိုက် ရဲ့ အမှတ်အသား အမိန့်ပြား ရှိရုံနဲ့ ဘေးကင်းပြီလို့ ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့”

“စဉ်းစားဖို့ အချိန် (၃) စက္ကန့် ပေးမယ်”

စုယွီ ဘာမှ ပြန်မပြောနိုင်ခင်မှာပင်... နောက်ထပ် အရှိန်အဝါ တစ်ခု ပေါ်ထွက်လာပြီး အသံတစ်သံသည် စုယွီ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြန်လေ၏။

“စဉ်းစားရမယ်... ဘာကို စဉ်းစားရမှာလဲ”

ရင်းနှီးနေသော အဘိုးအို တစ်ဦး၏ အသံ ဖြစ်သော်လည်း... ပုံမှန်နှင့်မတူဘဲ ယခုတစ်ကြိမ်တွင် လွှမ်းမိုးနိုင်စွမ်း ကြီးမားသော အာဏာစက်နှင့် အေးစက်မှုများ ပါဝင်နေသည်။

“ထိုက်ရွှီ... မင်း သေချင်နေတာလား”

ထို စကားတစ်ခွန်းတည်းဖြင့်... ကောင်းကင်ယံတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ စုယွီ၏ စိတ်ထဲတွင် တဝုန်းဝုန်း မြည်ဟည်းသွားတော့၏။

စစ်မှန်သော လွှမ်းမိုးနိုင်စွမ်း...

ထိုစကားတစ်ခွန်းကြောင့် စုယွီကို စောင့်ကြည့်နေသော ယခင် အရှိန်အဝါသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ကမ္ဘာလောကကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး... ထိုအသံလည်း ထပ်မံ ထွက်ပေါ်မလာတော့ပေ။

အဘိုးအို၏ အရှိန်အဝါလည်း ပျောက်ကွယ်သွား၏။

မိမိကို ဘာမှ ထပ်မပြောဘဲ ထွက်သွားသဖြင့် စုယွီ ကြောင်အ နေမိသည်။

“.....”

ဒါ... ပြီးသွားပြီလား။

သို့သော် ထိုက်ရွှီ မဟာမိတ် ခေါင်းဆောင်ကြီး ယခုလေးတင် ပြောသွားသော စကားများကို ပြန်တွေးမိသောအခါ စုယွီ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွား၏။ ထိုက်ရွှီ မဟာမိတ် ခေါင်းဆောင်ကြီး၏ အရှိန်အဝါ ဆုတ်ခွာသွားသော်လည်း... သူ ပြောခဲ့သော စကားများသည် နောက်ပြောင်နေခြင်း မဟုတ်သည်မှာ သေချာသည်။

မှန်ပါသည်...

ထျန်းရှု သိုင်းကျမ်းတိုက် မှ စီနီယာ ကြောင့် ထိုက်ရွှီ မဟာမိတ် ခေါင်းဆောင်ကြီး နောက်ဆုတ်သွားခြင်း ဖြစ်၏။

သို့သော် ထျန်းရှု သိုင်းကျမ်းတိုက် မှ စီနီယာ သည် သူ့ကို ထာဝရ ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

အကယ်၍ ထိုလူက အလစ်အငိုက် တိုက်ခိုက်ပြီး ထွက်ပြေးသွားမည် ဆိုလျှင်...

ထျန်းရှု သိုင်းကျမ်းတိုက် က သူ့အတွက် လက်စားချေပေးလျှင်တောင်မှ... သူကတော့ သေလူ ဖြစ်သွားလေပြီ။

“လာမယ့် ကာလတွေမှာ ငါ အိမ်ထဲကနေ လုံးဝ အပြင်မထွက်မှ ဖြစ်မယ်... အနည်းဆုံးတော့ ငါ့ရဲ့ ခန္ဓာကိုယ် အစစ်ကို တံခါးပိတ် ကျင့်ကြံခိုင်းထားရမယ်”

စုယွီသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ရင်ထဲရှိ တုန်လှုပ်မှုနှင့် ဒေါသများကို ဖိနှိပ်လိုက်သည်။

ထိုက်ရွှီ မဟာမိတ် ခေါင်းဆောင်ကြီး... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး...

သူသည် ယခုလေးတင် ပြောကြားခဲ့သော စကားများကို မှတ်သားထားလိုက်၏။

အခြားတစ်ဖက်တွင်... ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီးသည် စုယွီကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“မိတ်ဆွေ စုယွီ ရဲ့ ပါရမီတွေက တကယ်ကို ထူးခြားလွန်းပါတယ်... ကျုပ်တို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ခင်ဗျားလို ပါရမီရှင်မျိုးကို အလေးအမြတ် ထားပါတယ်”

“ကျုပ် တာ့ယွဲ့ နယ်မြေ မှာ နောက်ထပ် တစ်ရက်လောက် ဆက်နေဦးမယ်... ခင်ဗျား ဆုံးဖြတ်ချက် ချပြီးရင် ကျုပ်ဆီ လာခဲ့လို့ ရပါတယ်”

ပြောပြီးသည်နှင့် တစ်ပြိုင်နက်... ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီးသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ လူများကို ဦးဆောင်ကာ ထွက်ခွာသွား၏။

သူတို့ ထွက်ခွာသွားပြီးနောက်... တာအိုဆရာ လုံယန် သည် စုယွီ၊ တာအိုဆရာ ရှုဟိုင် နှင့် အခြားသူများကို တာ့ယွဲ့ နန်းတော် သို့ ခေါ်ဆောင်သွားလိုသော်လည်း... စုယွီက ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ သူသည် လော့ချန်ယွီ၊ ယွီခယ်အာ တို့နှင့်အတူ ပြန်လိုက်သွားရန် ရွေးချယ်လိုက်၏။

တာအိုဆရာ လုံယန် သည် ထွက်ခွာသွားသော စုယွီ၏ ကျောပြင်ကို ကြည့်ရင်း တစ်စုံတစ်ရာ ပြောချင်သော်လည်း ထိန်းချုပ်လိုက်သည်။ စုယွီ၏ ထျန်းရှု သိုင်းကျမ်းတိုက် အမှတ်အသား အမိန့်ပြား ကို ပြန်တွေးမိပြီး နောက်ဆုံးတွင် သူပြောချင်သော စကားများကို မျိုသိပ်လိုက်ရသည်။

“ဟူး... နှမြောစရာပဲ”

တာအိုဆရာ လုံယန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ အကယ်၍ စုယွီသာ ထျန်းရှု သိုင်းကျမ်းတိုက် နှင့် ပတ်သက်မှု မရှိခဲ့လျှင်... သူသည် ဒီအခွင့်အရေးကို အသုံးချပြီး စုယွီကို တာ့ယွဲ့ နန်းတော် ထဲသို့ ဆွဲခေါ်နိုင်ခဲ့မည် ဖြစ်၏။

စုယွီဆီမှာ ပြဿနာတက်စေနိုင်သော ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ရှိနေပေမယ့်... တာ့ယွဲ့ နန်းတော် အတွက်တော့ ဒါက ဘာမှ မဟုတ်ပေ။

အလွန်ဆုံးရှိ... စုယွီ အနေနှင့်.. တာ့ယွဲ့ နန်းတော် ထဲမှာပဲ နေပြီး အပြင်မထွက်ရုံပေါ့... သူတို့ ကာကွယ်ပေးနိုင်ပါသေး၏။

All Chapters