← Chapters

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂) - မဟာမိတ်ခေါင်းဆောင်၏ တန်ဖိုး၊ တံခါးပိတ်ကျင့်ကြံခြင်း (၂)

~သို့သော် စုယွီတွင် အခြား အစီအစဉ်များ ရှိနေပြီး တိုက်ရိုက် ထွက်ခွာသွားရန် ရွေးချယ်လိုက်သည်မှာ ထင်ရှားလှသည်။

“ပြန်ကြစို့”

တာအိုဆရာ လုံယန် သည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး သူ၏ အဖွဲ့ကို ဦးဆောင်ကာ တာ့ယွဲ့ နန်းတော် သို့ ပြန်လာခဲ့၏။

နတ်မိမယ် ဖုန်းလင်၊ မာရှစ်ချင်း နှင့် တာအိုဆရာ ရှုဟိုင် တို့အားလုံးသည် ဒဏ်ရာ အနည်းငယ်စီ ရရှိထားကြ၏။ အထူးသဖြင့် သူတို့၏ ဝိညာဉ်များ ထိခိုက်ထားသဖြင့် အမြန်ဆုံး ကုသရန် လိုအပ်နေသည်။

အခြားတစ်ဖက်တွင်...

စုယွီသည် လော့ချန်ယွီ ကို ခေါ်ဆောင်ပြီး ရင်ပြင်အပြင်ဘက်တွင် ရှိနေသော ယွီခယ်အာ ကို သွားရောက် ရှာဖွေခဲ့သည်။ ထို့နောက် သူတို့ (၃) ဦးသည် တာ့ယွဲ့ အင်မော်တယ် မြို့တော် ရှိ ထျန်းရှု သိုင်းကျမ်းတိုက် ဆီသို့ ရောက်ရှိလာကြ၏။

ထျန်းရှု သိုင်းကျမ်းတိုက် အတွင်း၌... စုယွီသည် အဘိုးအို တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

အဘိုးအိုသည် အရောင်းခုံနောက်တွင် ထိုင်လျက် ရှေးဟောင်း စာအုပ်တစ်အုပ်ကို အာရုံစိုက် ဖတ်ရှုနေသည်။ သူ၏ ဘေးနားတွင် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးသည် ဖုန်မှုန့်များကို ကြက်မွှေးဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ သန့်ရှင်းရေး လုပ်နေပြီး မည်သည့် အနှောင့်အယှက်မှ မဖြစ်စေပေ။

စုယွီ ဝင်လာသည်ကို မြင်သောအခါ အဘိုးအိုသည် ခေါင်းမော့ကြည့်လိုက်၏။ သူသည် အံ့ဩပုံ မပြဘဲ လော့ချန်ယွီ နှင့် ယွီခယ်အာ တို့ကို ခေါင်းအနည်းငယ် ညိတ်ပြကာ ဖျော့တော့သော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“ရောက်လာကြပြီလား”

စုယွီသည် ရှေ့သို့ တိုးသွားပြီး ရိုသေစွာ နှုတ်ဆက်လိုက်၏။

“စီနီယာ”

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အဘိုးအိုသည် လက်ထဲမှ ရှေးဟောင်း စာအုပ်ကို ချလိုက်ပြီး လက်ကာပြလိုက်သည်။

“ကိစ္စသေးလေးပါ”

ထို့နောက် သူသည် စုယွီ၊ ယွီခယ်အာ နှင့် လော့ချန်ယွီ တို့ကို ထျန်းရှု သိုင်းကျမ်းတိုက် ၏ ဒုတိယထပ်သို့ ခေါ်ဆောင်သွားသည်။ စုယွီသည် အခြား ဈေးကွက်များရှိ ထျန်းရှု သိုင်းကျမ်းတိုက် များသို့ အကြိမ်ကြိမ် ရောက်ဖူးသော်လည်း ပထမထပ်၌သာ နေခဲ့ရပြီး ဒုတိယထပ်သို့ တက်ရောက်ခွင့် ရရှိခြင်းမှာ ဤသည် ပထမဆုံးအကြိမ် ဖြစ်၏။

အဘိုးအိုက ပြောလိုက်သည်။

“အရင်ဆုံး မင်းတို့ရဲ့ ဒဏ်ရာတွေကို ကုသပြီး ဝိညာဉ် ထိခိုက်မှုတွေကို ပြန်ကောင်းအောင် လုပ်ကြပါ”

“ဒဏ်ရာတွေ သက်သာသွားမှ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် နဲ့ ပတ်သက်တဲ့ ကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စဉ်းစားကြတာပေါ့”

စုယွီ၊ ယွီခယ်အာ နှင့် လော့ချန်ယွီ တို့အတွက် အခန်းများ စီစဉ်ပေးပြီးနောက် အဘိုးအို ထွက်ခွာသွား၏။

အခန်းထဲတွင်...

လော့ချန်ယွီ သည် စုယွီ၏ နောက်သို့ လိုက်ဝင်လာပြီး သူ့ဘေးနားတွင် ဝင်ထိုင်လိုက်ကာ မေးမြန်းလိုက်သည်။

“မင်းရဲ့ ဝိညာဉ် အခြေအနေ ဘယ်လိုလဲ... ဒဏ်ရာက ပြင်းထန်လား”

စုယွီက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်၏။

“အဆင်ပြေပါတယ်... ရိုက်ခတ်မှုလောက်ပဲ ခံလိုက်ရတာပါ... ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ကျင့်ကြံထားလို့ ကျွန်တော့်ရဲ့ ဝိညာဉ်က ပိုပြီး သန်မာလာတယ်... အထူးသဖြင့် လျှို့ဝှက် ဝိညာဉ် နည်းစနစ် နဲ့ လေ့ကျင့်ထားလို့ ပိုတောင် သန်မာသေးတယ်... အဲ့ဒီ သားရဲကြီးရဲ့ ကျင့်ကြံခြင်း အဆင့်က ဒီထက် ပိုမမြင့်မချင်း ကျွန်တော့်ကို ထိခိုက်အောင်လုပ်ဖို့ မလွယ်ပါဘူး”

ထို့နောက် သူက လော့ချန်ယွီ ကို ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားရော”

လော့ချန်ယွီ ၏ မျက်နှာသည် ယခုအခါ ပုံမှန် ပြန်ဖြစ်နေပြီ ဖြစ်ပြီး၊ သူမ၏ အရှိန်အဝါလည်း တည်ငြိမ်နေသည်။ သူမက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

“သိပ်မဆိုးပါဘူး... ပထမအကြိမ် တိုက်ခိုက်ခံရတုန်းက နည်းနည်းပဲ ထိခိုက်သွားတာပါ... ဒုတိယအကြိမ်ကျတော့ မင်းက ငါ့အစား ကာကွယ်ပေးလိုက်တယ်လေ”

“နောက်ထပ် (၁၀) ရက်၊ (၁၅) ရက်လောက် နားလိုက်ရင် အရှင်း ပျောက်ကင်းသွားမှာပါ”

စုယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကိစ္စက အတော်လေး ရှုပ်ထွေးနိုင်တယ်... ဒါကြောင့် ကျွန်တော် လောလောဆယ် ပြန်မလာသေးဘူး”

လော့ချန်ယွီ နှင့် ယွီခယ်အာ တို့ နှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်သွားကြ၏။

ယွီခယ်အာ က သူမ၏ ခင်ပွန်း စကားကို နားထောင်ပြီး မေးလိုက်သည်။

“ငါတို့ တာ့ယွဲ့ အင်မော်တယ် မြို့တော် မှာပဲ နေကြမှာလား”

စုယွီ ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်ပါ၏။

“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် တို့က ဘာကြောင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို လိုချင်နေကြလဲ ဆိုတာ ငါ.. မသိပေမယ့်... ငါ့အနေနဲ့ ဒီအတိုင်း လက်လွတ်စပယ် ပေးလိုက်ဖို့ မလွယ်ဘူး”

“ဒီလို ရွေးချယ်လိုက်ရင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့၊ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် နဲ့ တခြား ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို လိုချင်တဲ့သူတွေက.. ငါ့ကို ဖြေရှင်းဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလာကြလိမ့်မယ်”

“ဒါကြောင့် ..ငါ တာ့ယွဲ့ အင်မော်တယ် မြို့တော် မှာ ခဏလောက် နေပြီး... အချိန်အတိုင်းအတာ တစ်ခု ကြာရင် တာ့ယွဲ့ တောင်တန်း ကြီးထဲကို ဝင်သွားမယ်”

လော့ချန်ယွီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ၊

“နင်..ငါနဲ့အတူ ယွင်ကျန်းဂိုဏ်း ကို ပြန်လိုက်ခဲ့လို့ ရပါတယ်... ယွင်ကျန်းဂိုဏ်း ရဲ့ အကာအကွယ် အခင်းအကျင်း ရှိနေသရွေ့... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ကိုယ်တိုင် လာရင်တောင်မှ ငါတို့ ဘာမှ ကြောက်စရာ မလိုပါဘူး”

“သူတို့က ဗြောင်ကျကျ လုပ်ရင် ကျွန်တော် မကြောက်ပါဘူး... ဒါပေမဲ့ သူတို့က အောက်လမ်းနည်းတွေ သုံးလာမှာကို စိုးရိမ်တယ်”

“တကယ်လို့ ကျွန်တော် ပြန်မလာရင်... သူတို့က ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို လိုချင်ရင် ဒီကိုပဲ လာရလိမ့်မယ်”

“ဒါပေမဲ့ ကျွန်တော် တာအို မိတ်ဆွေ လော့ချန်ယွီ ကို အကူအညီ တစ်ခု တောင်းချင်တယ်... စုမိသားစု ကို နည်းနည်းလောက် စောင့်ကြည့်ပေးပါ”

“ပြီးတော့ တာအိုဆရာ မာ က အရင်တုန်းက စုမိသားစု ဂူစံအိမ် အတွက် အဆင့် (၃) တောင်ကာကွယ်ရေး အခင်းအကျင်း တည်ဆောက်ပေးဖို့ သဘောတူထားတယ်... တာအိုဆရာ မာ ဒဏ်ရာ သက်သာလာတဲ့အခါ အဲ့ဒီကိစ္စကို တာအို မိတ်ဆွေ လော့ချန်ယွီ ကပဲ တာဝန်ယူ စီစဉ်ပေးပါ... အဲ့ဒီအချိန်ကျရင် ကျွန်တော် လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ထားခဲ့ပါ့မယ်... လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ရှာဖွေ စုဆောင်းပေးပါ”

လော့ချန်ယွီ ၏ မျက်ခုံးတန်းများ တွန့်ချိုးနေဆဲပင်။

“မင်း တာ့ယွဲ့ တောင်တန်း ထဲ ဝင်မယ်လို့ ပြောလိုက်တာလား... ဘာဖြစ်လို့လဲ... တာ့ယွဲ့ တောင်တန်း ရဲ့ အလယ်ဗဟို ဒေသက မိစ္ဆာမျိုးနွယ်စု ယင်ယွဲ့ကျား တွေရဲ့ နယ်မြေလေ”

စုယွီသည် လော့ချန်ယွီ ကို ကြည့်ပြီး ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူမကို တိုးတိုးလေး ပြောပြလိုက်သည်။

လော့ချန်ယွီ ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး အံ့ဩသွားပုံ ရသည်။ ထို့နောက် သူမသည် နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွား၏။

အချိန်အတော်ကြာ ပြီးနောက်...

လော့ချန်ယွီ သည် နှုတ်ဆက်ပြီး သူမ၏ အခန်းသို့ ပြန်လည် အနားယူရန် ထွက်ခွာသွား၏။

စုယွီသည် လန်ရှီ နှင့် လန်ကုန်း ညီအစ်မနှစ်ယောက်ကို ခေါ်ယူပြီး... သူနှင့် ယွီခယ်အာ တို့နှင့်အတူ တာ့ယွဲ့ တောင်တန်း သို့ ခေါ်ဆောင်သွားရန် စီစဉ်ထားသည်။ သူတို့သည် လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ ရှေးဟောင်း အပျက်အစီးများ အတွင်းရှိ လျှို့ဝှက်နယ်မြေ တွင် သွားရောက် ကျင့်ကြံကြမည် ဖြစ်၏။

အနည်းဆုံးတော့ ဒီမှာ လူနည်းနည်း စုံစုံလင်လင် ရှိနေတာ ပိုကောင်းပါသည်။

ကျန်သူတွေကိုတော့ အပြင်မှာပဲ ထားခဲ့တာ ပိုကောင်းပါလိမ့်မည်။

စုယွီ၏ အစီအစဉ်ကို ကြားပြီးနောက် ယွီခယ်အာ က ပြောလိုက်သည်။

“အမေ ကိုပါ ငါတို့နဲ့အတူ ခေါ်သွားရအောင်... အမေ ယွင်ကျန်းဂိုဏ်း မှာ နေရစ်ခဲ့မှာကို ..ငါ စိတ်မချဘူး”

စုယွီ ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်၏။

“ကောင်းပြီလေ”

ဒါဆိုလျှင်၊ သူ့ယောက္ခမ လည်း လိုက်ပါလာမည် ပေါ့။

ထိုကိစ္စ ပြီးဆုံးသွားသောအခါ... စုယွီသည် ထိုင်ချလိုက်ပြီး တရားထိုင်ကာ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို လည်ပတ်စေပြီး ဝိညာဉ် ဒဏ်ရာများကို ကုသလိုက်သည်။ ကြိတ်၍ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ ရှေးဟောင်း အပျက်အစီး နေရာကို ကြိုတင် ရှာတွေ့ထားခဲ့မိ၍သာ တော်ပါသေး၏။

ယခုအခါ သူသည် ထိုနေရာရှိ ပင်မတောင်ထွတ်၏ လက်ကျန် အခင်းအကျင်း တားမြစ်ချက်များကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

သူသည် ထိုနေရာကို သန့်ရှင်းရေး လုပ်ပြီး အဆင့် (၃) အခင်းအကျင်းအလံ တစ်ခု ရှာဖွေကာ လျှို့ဝှက်နယ်မြေ ထဲသို့ ယူဆောင်သွားရန် ရည်ရွယ်ထား၏။ ထိုအခါမှသာ သူသည် ပြင်ပလူများ မသိရှိနိုင်သော ဘေးကင်းလုံခြုံသည့် အသိုက်အမြုံလေး တစ်ခု၊ အိမ်လေး တစ်လုံးကို တည်ဆောက်နိုင်ပေလိမ့်မည်။

‘စမ်းချောင်းလေး ဘေးက ခြံဝင်းလေး တစ်ခု... ပြင်ပလူတွေရဲ့ နှောင့်ယှက်မှု မရှိ... ကျင့်ကြံဖို့ အရင်းအမြစ်တွေနှင့် အခွင့်အလမ်းတွေ ပေါကြွယ်ဝသည့် နေရာ... ဒါက တကယ့်ကို သက်တောင့်သက်သာ ရှိမည့် ပတ်ဝန်းကျင် တစ်ခုပါပင်။

အမှန်အတိုင်း ပြောရလျှင်... လော့ယွဲ့ မဟာမိတ်အဖွဲ့ ရှေးဟောင်း အပျက်အစီး နေရာက အကာအကွယ် အခင်းအကျင်း အတားအဆီး တွေက ယွင်ကျန်းဂိုဏ်း ရဲ့ လျှို့ဝှက်နယ်မြေ ထက် ပိုပြီး အန္တရာယ် များပါ၏။

ဒီအချက်ကို အတွင်းဘက်က ဟင်းလင်းပြင် တည်ငြိမ်မှု အခြေအနေကို ကြည့်ပြီး ခန့်မှန်းလို့ ရပါသည်။

ဒါ့အပြင် လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီး နေရာ၏ အပြင်ဘက်မှာ ဝိညာဉ်အသိ ရှိတဲ့ မိစ္ဆာဘုရင် (၄) ကောင် ရှိနေ၏။ ဆိုလိုတာက တာ့ယွဲ့ တောင်တန်း ထဲက မိစ္ဆာမျိုးနွယ်စုတွေက ဒီ လျှို့ဝှက်နယ်မြေ အကြောင်း သိထားဖို့ အလားအလာ အရမ်း များနေသည်။

သို့ရာတွင်၊ ဘာလို့ အတွင်းထဲက အခွင့်အလမ်းတွေက ယခု အချိန်ထိ ကျန်ရှိနေသေးသနည်း။

အခန်း (၃၅၃) - ဖြေရှင်းချက်၊ အထီးကျန်သူ (၅)

~'ယင်ယွဲ့ကျား မျိုးနွယ်စုတွေက ဒီနေရာကို ထိုးဖောက် မဝင်ရောက်နိုင်လို့များလား'

စဉ်းစားကြည့်လိုက်လျှင်... ယင်ယွဲ့ကျား မျိုးနွယ်စုထဲမှာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးတွေနှင့် ယှဉ်နိုင်သော မိစ္ဆာသားရဲတွေ ပါဝင်နေကြသည်လေ။

အကယ်၍ သူတို့သာ မဝင်ရောက်နိုင်ဘူး ဆိုလျှင်... လော့ယွဲ့ မဟာမိတ်အဖွဲ့ ရဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဂူစံအိမ် ဟာ အတော်လေးကို 'ရှယ်' လုံခြုံသည်ဟု ပြောရမည်ပင်။

အတွင်းဘက်ကို ရောက်သွားလျှင်တော့... အဲ့ဒီမှာ ရှိနေသော မိစ္ဆာသားရဲတွေနှင့် ကျန်ရှိနေသေးသော အခင်းအကျင်း တားမြစ်ချက်တွေရဲ့ အန္တရာယ်ကို သတိထားရုံပဲ လိုတော့မည်။

(၁၀) ရက် ကြာပြီးနောက်...

လော့ချန်ယွီ သည် တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ နေ့ခင်းကြောင်တောင်တွင် ထွက်ခွာသွားသည်။ သူမသည် စုယွီ မှာကြားလိုက်သော အလုပ်များကို လုပ်ဆောင်ရန် ယွင်ကျန်းဂိုဏ်း နယ်မြေသို့ ပြန်သွားခြင်း ဖြစ်သည်။

ထိုအချိန်တွင် စုယွီသည် တာ့ယွဲ့ အင်မော်တယ် မြို့တော် တွင် လူလုံးပြပြီးနောက် ထျန်းရှု သိုင်းကျမ်းတိုက် အတွင်းသို့ ပြန်လည် ဝင်ရောက် အခြေချလိုက်၏။

အခြားတစ်ဖက်တွင်...

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ လူများသည် တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ ထွက်ခွာလာခဲ့ကြပြီး တာ့ယွဲ့ နယ်မြေ ၏ နယ်နိမိတ် အစပ်နားသို့ ရောက်ရှိမတတ် ဖြစ်နေချေပြီ။

“ဥက္ကဋ္ဌကြီး... စုယွီ က ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ပေးဖို့ ငြင်းဆန်လိုက်ပြီး ထျန်းရှု သိုင်းကျမ်းတိုက် ထဲကနေလည်း အပြင်မထွက်ဘူးဗျ... ဒီကောင်က တော်တော် ညစ်တာပဲ... သူ့ကို ဖမ်းဖို့က မလွယ်ဘူးထင်တယ်”

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ဦးက တီးတိုး တင်ပြလိုက်သည်။

ချီမြစ် အဖွဲ့ခွဲ ဥက္ကဋ္ဌကြီး ဖြစ်သော ချီမြစ် အရှင်သခင် က အေးစက်စွာ ပြောလိုက်၏။

“အရင် ပြန်ကြမယ်... သူ အဲ့ဒီမှာ တစ်သက်လုံး ပုန်းနေနိုင်မှာ မဟုတ်ဘူး”

“ပြီးတော့... သူက တစ်ကောင်ကြွက်မှ မဟုတ်တာ”

“ဒီလိုလူမျိုးကို ကိုင်တွယ်ဖို့... သတ်ဖြတ်ခြင်းက တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူး”

“သူက ထျန်းရှု သိုင်းကျမ်းတိုက် နဲ့ ပတ်သက်နေတာ... သူ့ကို သတ်လိုက်ရင် ရယ်စရာ ဖြစ်သွားလိမ့်မယ်”

“ငါတို့က ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကိုပဲ လိုချင်တာ... တစ်နေ့ကျရင် သူ ဘယ်လမ်းကို ရွေးချယ်ရမလဲ ဆိုတာ သဘောပေါက်လာပါလိမ့်မယ်”

သို့နှင့် ၊ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ လူများ ထွက်ခွာသွားကြတော့သည်။

*

တစ်ချိန်တည်းမှာပင်... တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ ပါရမီရှင်များ ပြိုင်ပွဲတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် တာ့ယွဲ့ နယ်မြေ တစ်ခုလုံးရှိ အင်အားစုများအကြား ပျံ့နှံ့သွားရုံသာမက... ပြင်ပသို့ပါ ကျယ်ပြန့်စွာ ရောက်ရှိသွားခဲ့၏။ အထူးသဖြင့် ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၊ ဖုန်းလော့ စံအိမ်တော် နှင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့၊ တာ့ယွဲ့ နန်းတော် တို့ကို စောင့်ကြည့်နေကြသော ကျင့်ကြံသူများအကြား အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။

တာ့ယွဲ့ နယ်မြေ ၏ နယ်စပ်ရှိ တောင်တန်းကြီး၏ နက်ရှိုင်းသော တောအုပ်အတွင်း၌ ၊

ထူထပ်သော မြူခိုးများနှင့် အခင်းအကျင်းများဖြင့် ဖုံးကွယ်ထားသော မိစ္ဆာကျင့်ကြံသူများ၏ စခန်းတစ်ခုတွင်... ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ပေါ်ထွက်လာသည့် သတင်းသည် အုံကြွစေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ ပေါ်ထွက်လာခြင်းသည် မိစ္ဆာကျင့်ကြံသူများနှင့် လွတ်လပ်သော ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့၏။

ထို မိစ္ဆာကျင့်ကြံသူများနှင့် လွတ်လပ်သော ကျင့်ကြံသူ အများစုသည် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ၏ တည်ရှိမှုနှင့် ဒဏ္ဍာရီများကို သိရှိထားကြသည်။

သူတို့ အများစုသည် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ရယူရန် ထိုနေရာသို့ သွားရောက်ခဲ့ကြလေ၏။

ကံမကောင်းစွာဖြင့်... တာ့ယွဲ့ နန်းတော် ဝင်ရောက် စွက်ဖက်ပြီးနောက် ဖြူစင်သော လမ်းစဉ်နှင့် မိစ္ဆာ လမ်းစဉ်တို့အကြား စစ်ပွဲကြီး ဖြစ်ပွားခဲ့ရာ... မိစ္ဆာကျင့်ကြံသူများ သတ်ဖြတ်ခံရပြီး မိစ္ဆာ တောင်ကြား ရှစ်ခု တောင်တန်း မှ မောင်းထုတ်ခံခဲ့ရသည်။ ထိုအချိန်အထိ သူတို့သည် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ၏ ခြေရာကို မတွေ့ရှိခဲ့ကြပေ။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်... ယခုအချိန်အထိ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် နှင့် ပတ်သက်သော သတင်းအစအန မကြားရသဖြင့် ပျောက်ကွယ်သွားပြီဟု ထင်မှတ်ထားခဲ့ကြ၏။

သို့သော် ယခုအခါတွင်မူ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ပြန်လည် ပေါ်ထွက်လာလိမ့်မည်ဟု ဘယ်သူ ထင်မှတ်ထားမိပါ့မလဲ။

တဲအိမ်လေး တစ်ခုအတွင်း၌...

ဖြူဖွေးနုဖတ်သော အသားအရေနှင့် ပုံမှန်မဟုတ်ဘဲ ချောမောလှပသော လူငယ်တစ်ဦးသည် ကြေးမုံပြင်ကို ကြည့်ကာ သူ၏ လက်ရှိ မျက်နှာကို ပွတ်သပ်နေသည်။

“ဟူး...”

လူငယ်လေးသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်ထဲတွင် ရေရွတ်လိုက်၏။

“နှစ်ပေါင်း မရေမတွက်နိုင်အောင် စောင့်ဆိုင်းပြီးမှ... နောက်ဆုံးတော့ ငါ အသက်ပြန်ရှင်ခွင့် ရခဲ့ပြီပဲ”

သို့သော် သူ၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေကို တွေးပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ လူသေအလောင်းကောင် လိုလို၊ သက်ရှိလူသား လိုလို ဖြစ်နေသော ပုံမှန် မဟုတ်သည့် အခြေအနေက သူ့ကို စိတ်ဒုက္ခ ပေးနေ၏။

ယခင် ခန္ဓာကိုယ် ပိုင်ရှင်က အသုံးမကျသော ကောင်လေး ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ပြန်လည် ဝင်စားရန်အတွက် ထိုကောင်လေးကို ပြုစုပျိုးထောင်ပေးရန် စဉ်းစားခဲ့သေး၏။

သို့သော် မအောင်မြင်ခင်မှာပင် ထိုကောင်လေး သေဆုံးသွားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ကျန်ရှိနေသော ဝိညာဉ်အစအန အတော်များများကို ပြန်လည် စုစည်းနိုင်ခဲ့သည်။

လက်ရှိ ခန္ဓာကိုယ် အခြေအနေအရ... သူသည် လမ်းဟောင်းအတိုင်း ပြန်လျှောက်ပြီး မိစ္ဆာကျင့်စဉ်များကိုသာ ကျင့်ကြံနိုင်ဖွယ် ရှိ၏။

အပြင်လောကတွင် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ပေါ်ထွက်လာသည့် သတင်းကို ကြားလိုက်ရသောအခါ၊ လူငယ်သည် သံသယဖြင့် မျက်ခုံးပင့်လိုက်မိသည်။

“သူတို့ ရူးနေကြတာလား... မိစ္ဆာကျင့်ကြံသူ တစ်အုပ်က ဒီ ဗုဒ္ဓဘာသာ ဝိညာဉ်ကျင့်စဉ် ကို ကျင့်ကြံဖို့ စိတ်ကူးယဉ် အိပ်မက်တွေ မက်နေကြတာလား”

ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး... ရှေးဟောင်းခေတ်က အင်မော်တယ် ဂိုဏ်းတစ်ခု... သာမန် မိစ္ဆာကျင့်ကြံသူတွေ တွေ့ရင်တောင် ရှောင်ကွင်းသွားရမည့် အရာပင်။

ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး က ဗုဒ္ဓဘာသာ မျိုးဆက် သက်သက် မဟုတ်ပေမယ့်... ဗုဒ္ဓဘာသာ နှင့် ဆက်နွယ်မှုတော့ ရှိနေ၏။

ပြီးတော့ အဲ့ဒီ ဗုဒ္ဓဘာသာ ကောင်တွေက မိစ္ဆာ နှိမ်နင်းရတာကို သိပ်ကြိုက်ကြသည်။ သူတို့၏ ရေပန်းအစားဆုံး စကားက 'သားသတ်ဓားကို ချလိုက်တာနဲ့ ချက်ချင်း ဗုဒ္ဓ ဖြစ်မယ်' တဲ့.။

.. သောက်ရမ်း စိတ်ပျက်ဖို့ ကောင်း၏။ သူလည်း ထိုကောင်တွေ၏ နှိပ်စက်မှုကို မနည်း ခံခဲ့ရဖူးသည်။

ဗုဒ္ဓဘာသာ ကို မုန်းလည်း မုန်းသလို၊ ကြောက်လည်း ကြောက်ပြီး သတိထားရ၏။

သူ့အမြင်မှာတော့ ဗုဒ္ဓဘာသာ က အင်မော်တယ် လမ်းစဉ် ထက် ပိုပြီး မုန်းစရာ ကောင်းသည်။ အနည်းဆုံးတော့ အင်မော်တယ် လမ်းစဉ် က အင်မော်တယ် ဖြစ်ဖို့အတွက် သူတို့ကို သီးသန့် ပစ်မှတ်ထားပြီး လိုက်မသတ်။

သို့သော်၊ ဗုဒ္ဓဘာသာ ကတော့ မိစ္ဆာတွေကို နှိမ်နင်းပြီးမှ ဗုဒ္ဓ ဖြစ်ဖို့ သစ္စာဆိုလေ့ ရှိကြသည်။

တစ်နည်းအားဖြင့် ပြောရလျှင်... သူတို့က ရေနှင့် မီး လိုပင်.. ထာဝရ ရန်သူတွေ ဖြစ်ဖို့ ကံပါလာပြီးသား။

‘မိစ္ဆာကျင့်စဉ် ၏ ဘေးထွက်ဆိုးကျိုးတွေကို ဖယ်ရှားဖို့ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ကျင့်ကြံမယ် ဆိုတာကတော့... တကယ့် ရယ်စရာကြီးပင်။

မိစ္ဆာ ဓာတ် အနှစ်သာရ ပျောက်ကွယ်သွားရင်... မင်းက ဘာကောင် ဖြစ်သွားမှာလဲ။

ဒါဆို ဘာလို့ ကျင့်ကြံနေဦးမှာလဲ။’

“မိစ္ဆာ တစ်ကောင် အနေနဲ့... ငါက အင်မော်တယ် လမ်းစဉ် နဲ့ ဗုဒ္ဓဘာသာ ထက် ဘယ်တော့မှ အားနည်းမှာ မဟုတ်ဘူး... ဘာကိစ္စ ဗုဒ္ဓဘာသာ ဝိညာဉ်ကျင့်စဉ် ကို သုံးပြီး ပြောင်းလဲပစ်ရမှာလဲ... ကိုယ့်ကိုယ်ကို မိစ္ဆာလည်း မဟုတ်၊ ဗုဒ္ဓလည်း မဟုတ်၊ အင်မော်တယ်လည်း မဟုတ်တဲ့ အကောင် ဖြစ်အောင် လုပ်မလို့လား”

လူငယ်လေး၏ မျက်ဝန်းများထဲတွင် သွေးရောင် မိစ္ဆာ အငွေ့အသက်များ လှည့်ပတ် စီးဆင်းနေပြီး... အရိုးခိုက်မတတ် အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

ရုတ်တရက်...

အခန်းတစ်ခုလုံးသည် ငရဲဘုံမှ တစ္ဆေများ၏ ဒေါသတကြီး အော်ဟစ်သံများဖြင့် ပြည့်နှက်သွားပြီး... စစ်မှန်သော မိစ္ဆာဘုရင် တစ်ပါးကို ကိုးကွယ်ပူဇော်နေကြသကဲ့သို့ ဖြစ်သွား၏။

ခဏအကြာတွင်...

လူငယ်လေး၏ အရှိန်အဝါ ငြိမ်သက်သွားပြီး အခန်းထဲမှ ထွက်ခွာလာခဲ့သည်။

သူ့အမြင်တွင်... အပြင်ဘက်ရှိ အသေးအမွှား ကောင်လေးများသည် 'မိစ္ဆာကျင့်ကြံသူ' ဟု ခေါ်ဆိုရန် အရည်အချင်း မပြည့်မီသလို 'မိစ္ဆာ' ဟူသော ဘွဲ့ထူးနှင့်လည်း မတန်ပေ။

ဒါဆိုလျှင်... သူတို့အားလုံးက သူ့ရဲ့ ကျင့်ကြံခြင်း အတွက် အားဖြည့် အစာတွေ ဖြစ်လာကြရမည်ပင်။

“မိစ္ဆာ တစ်ကောင် အနေနဲ့... ငါက ကမ္ဘာလောကကြီးကို အုပ်စိုးရမယ်... နတ်ဘုရားတွေက ငါ့ကို တားဆီးရင် နတ်ဘုရားတွေကို သတ်မယ်... ဗုဒ္ဓတွေက ငါ့လမ်းကို ပိတ်ရင် ဗုဒ္ဓတွေကို သတ်မယ်... အင်မော်တယ်တွေက နှောင့်ယှက်ရင် အင်မော်တယ်တွေကို သတ်ပစ်မယ်... ကမ္ဘာလောကကြီး တစ်ခုလုံးက ငါ့ရဲ့ ကျင့်ကြံခြင်း အတွက် အထောက်အကူ ပစ္စည်းတွေပဲ... အဲ့ဒီလောက်တောင် စိတ်ဓာတ်ခိုင်မာမှု မရှိရင်... မိစ္ဆာကျင့်စဉ် ကျင့်ကြံနေတယ် ဆိုတဲ့ စကားကို လာမပြောနဲ့”

*

တာ့ယွဲ့ အင်မော်တယ် မြို့တော် တွင် ဖြစ်၏။

တစ်လကျော် ကြာပြီးနောက်... လော့ချန်ယွီ၊ လန်ရှီ နှင့် လန်ကုန်း တို့သည် ထျန်းရှု သိုင်းကျမ်းတိုက် သို့ ရောက်ရှိလာပြီး စုယွီ၊ ယွီခယ်အာ တို့နှင့် ပူးပေါင်းလိုက်ကြ၏။ ဤအချိန်အတောအတွင်း စုယွီသည် မာရှစ်ချင်း ထံမှ အဆင့် (၃) အဆင့်နိမ့် အခင်းအကျင်းအလံ တစ်ခု ဖြစ်သော 'ဘဝသုံးပါး နိယာမနှစ်ပါး ဧရာမဆင် အခင်းအကျင်း' ကို အောင်မြင်စွာ လဲလှယ် ရယူနိုင်ခဲ့သည်။

ဤ အခင်းအကျင်းသည် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးစလုံးအတွက် အသုံးဝင်ပြီး... ဝိညာဉ်စွမ်းအင်များကိုလည်း စုစည်းပေးနိုင်သည်။ ၎င်းသည် အဆင့် (၃) အဆင့်နိမ့် အခင်းအကျင်းများထဲတွင် တကယ့် ရတနာ တစ်ခု ဖြစ်၏။

အခင်းအကျင်းအလံများကို အသုံးပြုပြီး ခင်းကျင်းရသော အခင်းအကျင်း ဖြစ်သဖြင့် တောင်ကာကွယ်ရေး အခင်းအကျင်း လောက်တော့ မစွမ်းဆောင်နိုင်သော်လည်း... လောလောဆယ် လုံခြုံရေးအတွက်တော့ လုံလောက်မှု ရှိပေသည်။

ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားသောအခါ... စုယွီသည် ယွီခယ်အာ၊ လော့ချန်ယွီ၊ လန်ရှီ နှင့် လန်ကုန်း တို့ကို အစိမ်းရောင် သစ်သား နန်းတော် အတွင်းသို့ ဝင်ရောက်စေလိုက်သည်။

ထို့နောက် သူသည် တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ အတိအလင်း.. ထွက်ခွာလာခဲ့ပြီး မြောက်ဘက်အရပ်ဆီသို့ ဦးတည် သွားရောက်လိုက်တော့၏။

အခန်း (၃၅၄) - ဖြေရှင်းချက်၊ အထီးကျန်သူ (၆)

~သို့သော် ခဏအကြာတွင် သူ၏ ခြေရာလက်ရာများသည် လုံးဝ ပျောက်ကွယ်သွား၏။ ရွှေအမြုတေ အဆင့် (၉) ရှိသော ဝါရင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် သူ့ကို ခြေရာခံနိုင်လိမ့်မည် မဟုတ်ပေ။

အကြောင်းမူကား... သူသည် ဟင်းလင်းပြင် သဘောတရားများ၏ အခြေခံကို နားလည်ထားပြီး ဖြစ်သောကြောင့်တည်း။

ဝုန်း...

တာ့ယွဲ့ အင်မော်တယ် မြို့တော် ၏ အရှေ့တောင်ဘက်၊ တာ့ယွဲ့ တောင်တန်းကြီး၏ ထူထပ်သော တောအုပ်အတွင်း၌ ဟင်းလင်းပြင်များ တုန်ခါသွားသည်။ သစ်ပင်များ၏ အရိပ်အာဝါသကြောင့် ပတ်ဝန်းကျင်သည် မှောင်မိုက်နေ၏။

စုယွီ၏ ပုံရိပ်သည် တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။

ဘယ်ညာ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက်... သားရဲ သို့မဟုတ် လူသား ကျင့်ကြံသူများ၏ အရှိန်အဝါ တစ်စုံတစ်ရာ မရှိကြောင်း သေချာသောအခါ... သူသည် အဆင့် (၃) အဆင့်နိမ့် ကိုယ်ပျောက် အဆောင် နှင့် ချီစွမ်းအား ဖုံးကွယ်ခြင်း အဆောင် တို့ကို ကိုယ်ပေါ်သို့ ကပ်လိုက်သည်။ ထို့နောက် တာ့ယွဲ့ တောင်တန်းကြီး၏ ဗဟိုချက်မသို့ ဦးတည် ထွက်ခွာသွား၏။

(၁၀) ရက် ကြာပြီးနောက်...

စုယွီသည် တာ့ယွဲ့ တောင်တန်းကြီး၏ ဗဟိုချက်မရှိ လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ အပျက်အစီးများ တည်ရှိရာ ချောက်ကမ်းပါးရှိ ချော်ရည်အက်ကြောင်း အထက်တွင် ပေါ်ထွက်လာသည်။ တုံ့ဆိုင်းမနေဘဲ သူသည် မြေလျှိုး သိုင်းကွက် ကို အသုံးပြု၍ မြေအောက် အက်ကွဲကြောင်း ကမ္ဘာထဲသို့ တိုးဝင်သွား၏။

မူလက စုယွီ ထင်မှတ်ထားသည်မှာ... သူ ရောက်ရှိလာခြင်းသည် ကျန်ရှိနေသော မိစ္ဆာဘုရင် (၃) ကောင်ကို သေချာပေါက် သတိပေးမိလိမ့်မည် ဟုပင်။

သို့သော် သူ ရောက်ရှိသွားသောအခါ ထိုနေရာသည် တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်ကို တွေ့လိုက်ရသည်။

သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် စုယွီ အံ့အားသင့်သွားသည်။

“ကျန်နေတဲ့ မိစ္ဆာဘုရင် (၃) ကောင် ဘာဖြစ်သွားကြတာလဲ”

မိစ္ဆာဘုရင် (၃) ကောင် ပျောက်ကွယ်သွားရုံသာမက... ကောင်းကင် မိုးကြိုး ကြွက် ၏ ဇနီးမယား၊ သားသမီး၊ မြေးမြစ်များ အားလုံးပါ ပျောက်ကွယ်သွားကြ၏။

ကျန်ရှိနေသော သားရဲ အရေအတွက်မှာ သနားစရာ ကောင်းလောက်အောင် နည်းပါးလှသည်။

စုယွီ မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားလိုက်၏။ ဘာဖြစ်ခဲ့သလဲ ဆိုတာ သူ နားမလည်ပေ။ သို့သော် ထို မိစ္ဆာဘုရင် (၃) ကောင် ပျောက်ကွယ်သွားခြင်းသည် သူ့အတွက် အလုပ်ပိုမို လွယ်ကူသွားစေသည်။ လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ ရှေးဟောင်း အပျက်အစီးများ အတွင်းရှိ တာအို ဝိညာဉ် လျှို့ဝှက်နယ်မြေ ထဲသို့ လွတ်လပ်စွာ၊ ဘေးကင်းစွာ ဝင်ထွက်သွားလာနိုင်စေ၏။

“ဝှစ်…”

ခဏအကြာတွင် စုယွီသည် အခင်းအကျင်း အတားအဆီး၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။

“ဘုန်း…”

သူ၏ ဓာတ်ငါးပါး ချီစွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာသည်နှင့်... သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များသည် ပြင်းထန်စွာ တုန်ခါသွား၏။ သို့သော် စုယွီသည် ဟင်းလင်းပြင် စွမ်းအားကို အပြည့်အဝ ထိန်းချုပ်ထားသော်လည်း... ရှေ့ရှိ လျှို့ဝှက်နယ်မြေ၏ ဟင်းလင်းပြင်မှ ကြီးမားသော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။

ကောင်းကင်ဘုံ တောင်တန်းကြီး တစ်ခုက သူ့အပေါ် ဖိချထားသကဲ့သို့ ခံစားရပြီး မွန်းကြပ်မတတ် ဖြစ်သွား၏။

သူ၏ ချီစွမ်းအား ထက်ဝက်နီးပါး ကုန်ခမ်းသွားသောအခါမှသာ... စုယွီ၏ ဟင်းလင်းပြင် စွမ်းအားသည် တစ်ဖန် ပြင်းထန်စွာ မြင့်တက်လာသည်။

ထို့နောက် စုယွီ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ... သူ၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားတော့၏။

ဟင်းလင်းပြင်ကို ဖြတ်ကျော်လိုက်သည့် အခိုက်အတန့်တွင်... ယခင်က တာအိုရုပ်သေး ခံစားခဲ့ရသော ကြောက်မက်ဖွယ် ဖိအားကို စုယွီ ကိုယ်တိုင် ခံစားလိုက်ရသည်။

ပြင်းထန်သော ဆွဲငင်အား ပင်လယ်ကြီးထဲသို့ ဇွတ်တရွတ် တိုးဝင်နေရသလိုပင်။

အရပ်မျက်နှာ အသီးသီးမှ အဆုံးမရှိသော ဟင်းလင်းပြင် စွမ်းအားများက သူ့ကို လာရောက် ရိုက်ခတ်နေပြီး... ကျူးကျော် ဝင်ရောက်လာသော ပြင်ပအရာဝတ္ထုများကို ချေမှုန်းပစ်ရန် ကြိုးစားနေသည့်နှယ်။။

ကံကောင်းထောက်မစွာဖြင့် စုယွီ၏ လက်ထဲတွင် အဖိုးတန် ပစ္စည်းများစွာ ရှိနေ၍သာ။

ထူးခြားသော မှော်လက်နက်များနှင့် မှော်ရတနာများ၏ အကာအကွယ်ကို ရယူပြီးနောက်... နောက်ဆုံးတွင် စုယွီသည် ချီစွမ်းအား မကုန်ခမ်းမီ ဟင်းလင်းပြင် အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့၏။

အတားအဆီးကို ဖောက်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက်... ယခင်က ဖိနှိပ်မှုများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

စုယွီ၏ မျက်နှာသည် ဖြူလျော်နေပြီး သူ၏ ဓာတ်ငါးပါး ချီစွမ်းအားများလည်း ကုန်ခမ်းမတတ် ဖြစ်နေသည်။ သို့သော် ကြွယ်ဝပြီး ကြီးကျယ်ခမ်းနားသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဝိညာဉ် ပင်လယ်ကြီး တစ်ခုပမာ သူ့ထံသို့ လှိမ့်ဝင်လာကြ၏။

လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးများ အတွင်းရှိ တာအို ဝိညာဉ် လျှို့ဝှက်နယ်မြေ ၏ အရှိန်အဝါကို ခံစားလိုက်ရသောအခါ... စုယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ဟူး...”

စုယွီ သက်ပြင်းချလိုက်၏။

“ငါ ရောက်ခဲ့ပြီ”

ထိုအချိန်တွင် တာအိုရုပ်သေး ၏ ပုံရိပ်သည် အောက်ဘက်ရှိ သစ်တောအုပ်ထဲတွင် ပေါ်ထွက်လာသည်။

တာအိုရုပ်သေး ၏ ဘေးနားတွင် ခရမ်းရောင် ကြွက်ကြီး တစ်ကောင် ရှိနေသည်။ ရံဖန်ရံခါ ၎င်း၏ ကိုယ်ပေါ်တွင် မိုးကြိုးလျှပ်စီးများ ယှက်သမ်းနေတတ်သည်။ ၎င်း၏ အရှိန်အဝါသည် အဆင့် (၃) အလယ်အလတ်အဆင့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ... အဆင့် (၃) အလယ်အလတ်အဆင့် မိစ္ဆာသားရဲ တစ်ကောင် ဖြစ်ပါ၏။

တာအိုရုပ်သေး ၏ ဘေးနားတွင် ရှိနေသော ကောင်းကင် မိုးကြိုး ကြွက် သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ရုတ်တရက် ပေါ်လာသော စုယွီကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။

ကောင်းကင် မိုးကြိုး ကြွက် လန့်သွား၏။

'တကယ်ပဲ... ရှေးဟောင်း လူသားမျိုးနွယ်စု ဂိုဏ်း လော့ယွဲ့ မဟာမိတ်အဖွဲ့ ရဲ့ တာအို ဝိညာဉ် လျှို့ဝှက်နယ်မြေ ကို ဟင်းလင်းပြင် စွမ်းအား သုံးပြီး ဝင်ထွက်သွားလာနိုင်တာပဲ'

ဒီ ရုပ်သေး ရဲ့ နောက်ကွယ်က သခင်၊ လူသားမျိုးနွယ်စု တစ်ယောက် ရောက်လာပြီ။ ကြွက်ကြီး ပျာယာခတ်သွားသည်။

“ဝုန်း…”

မျက်တောင်တစ်ခတ် အတွင်းမှာပင်... စုယွီ၏ ပုံရိပ်သည် ကောင်းကင် မိုးကြိုး ကြွက် ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ သူ၏ အမြန်နှုန်းသည် နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့ မြန်ဆန်လွန်းလှသဖြင့် ကောင်းကင် မိုးကြိုး ကြွက် သည် လန့်ဖျပ်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိ၏။

ကောင်းကင် မိုးကြိုး ကြွက် - “မင်း...”

စုယွီသည် ကောင်းကင် မိုးကြိုး ကြွက် ကို ထက်ရှစွာ ကြည့်လိုက်သည်။ ထက်ရှသော တာအို ဝိညာဉ်ဖိအားများ သူ့ထံမှ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်ထားသော သူ၏ ဝိညာဉ်သည် သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်နေသဖြင့်... ကောင်းကင် မိုးကြိုး ကြွက် ကို ချက်ချင်း မွန်းကြပ်သွားစေသည်။

အေးစက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် စုယွီ ပြောလိုက်၏။

“ဟမ်... မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တယ်”

စုယွီထံမှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်း ကြီးမားသော ဖိအားများနှင့်... ဘေးနားရှိ ရုပ်သေး ၏ အေးစက်သော အကြည့်များကို ရင်ဆိုင်လိုက်ရသောအခါ ကောင်းကင် မိုးကြိုး ကြွက် သည် တုန်ယင်လာတော့သည်။

နောက်တစ်စက္ကန့်တွင် ကောင်းကင် မိုးကြိုး ကြွက် သည် ဝပ်စင်းချလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ထစ်အငေါ့ငေါ့ ပြောလိုက်သည်။

“သ... သခင်... ကျွန်တော် ကောင်းကင် မိုးကြိုး ကြွက်... သ... သခင် ကို ဂါရဝပြုပါတယ် ခင်ဗျာ”

‘ကောင်းကင် မိုးကြိုး ကြွက် ၏ အညံ့ခံမှုကို မြင်လိုက်ရသောအခါ စုယွီ ကျေနပ်သွား၏။

ဒီကောင်က ပုန်ကန်ချင်စိတ် ရှိနေပေမယ့်... သူ့လက်ထဲမှာ ဒီကောင့်ရဲ့ ဝိညာဉ် အပိုင်းအစ တစ်ခု ရှိနေတယ်လေ။

အချိန်အနည်းငယ် ပေးပြီး သားရဲထိန်းချုပ်ခြင်း ပညာရပ် ကို လေ့ကျင့်လိုက်ရင်...ငါ့ရဲ့ စွမ်းရည်တွေ တိုးတက်လာတဲ့အခါ ဒီ ကောင်းကင် မိုးကြိုး ကြွက် ကို ငါ့ရဲ့ သားရဲ အဖော် ဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားကြည့်ရမယ်။

အဲ့ဒီကျမှ ဒီကောင့်ရဲ့ ပုန်ကန်ချင်စိတ်ကို ကောင်းကောင်း ဆုံးမပေးရမယ်။’

စုယွီက ပြောလိုက်၏။

“ထတော့”

ကောင်းကင် မိုးကြိုး ကြွက် ကျေးဇူးတင်စကား ဆိုပြီး လိမ္မာစွာ ထလိုက်သောအခါ... စုယွီက ဆက်ပြောသည်။

“ငါ အပြင်ကနေ ဝင်လာတာ... ဟို အပြင်က မိစ္ဆာဘုရင် (၃) ကောင် မရှိတော့ဘူး... ပြီးတော့ မင်းရဲ့ ဆွေမျိုးသားချင်းတွေ အကုန်လုံးလည်း ထွက်ပြေးသွားကြပြီ”

“ကျွီ...”

ကောင်းကင် မိုးကြိုး ကြွက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

ခေါင်းစဉ်က ရုတ်တရက် ပြောင်းသွားတာကိုး။ သူ့ကို ခြိမ်းခြောက်နေရာကနေ သူ့မိသားစု အကြောင်း ရောက်သွားတာ ဘယ်လို ဖြစ်သွားတာလဲ။

ကောင်းကင် မိုးကြိုး ကြွက် က သတိထားပြီး ပြန်ဖြေလိုက်သည်။

“ကိစ္စ မရှိပါဘူး သခင်... ကျွန်တော် အပြင်ရောက်သွားရင် သူတို့ကို အချိန်မရွေး ပြန်ရှာလို့ ရပါတယ်... သူတို့က ကျွန်တော်ရဲ့ အလိုဆန္ဒကို ဘယ်တော့မှ မလွန်ဆန်ရဲကြပါဘူး”

စုယွီ ခေါင်းအနည်းငယ် ညိတ်လိုက်၏။ သူသည် ဒီနေရာတွင် ချီစွမ်းအား ပြန်လည် ဖြည့်တင်းရန် အလျင်မလိုပေ။

“သွားကြစို့”

ရုပ်သေး နှင့် ကောင်းကင် မိုးကြိုး ကြွက် တို့၏ အကာအကွယ်ဖြင့်... သူသည် သူ ထိန်းချုပ်ထားနိုင်သော ချင်းယွဲ့ ပင်မတောင်ထွတ် ဆီသို့ တန်းတန်းမတ်မတ် ဦးတည် သွားရောက်လိုက်သည်။

ရုပ်သေး သည် ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း... ကိုယ်ခန္ဓာ အစစ် ဝင်ရောက်လာသည့် ခံစားချက်က လုံးဝ ကွဲပြားခြားနားလှသည်။ အလွန်အမင်း ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကို အာရုံခံမိသောအခါ... စုယွီ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်း ပွင့်အာသွားပြီး ဝိညာဉ်စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေကြ၏။

စုယွီ စိတ်ထဲတွင် ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

'ဒီနေရာက ဝိညာဉ်စွမ်းအင်တွေက ယွင်ကျန်းဂိုဏ်း ထက် အများကြီး ပိုပြီး ကြွယ်ဝတာပဲ'

ဒါ့အပြင်...

စုယွီ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဤ လျှို့ဝှက် ကမ္ဘာကြီးသည် မယုံနိုင်လောက်အောင် ကျယ်ဝန်းလှပြီး အဆုံးကို မမြင်နိုင်ပေ။

ဝိညာဉ်တောင် တစ်လုံးတည်းသာ ရှိသော ယွင်ကျန်းဂိုဏ်း ၏ အဆင့် (၄) ဝိညာဉ်သွေးကြော ဂူစံအိမ် ကောင်းကင်ဘုံ နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

ဝမ်းနည်းစရာ ကောင်းသည်မှာ... သူသည် ဤ လျှို့ဝှက် ကမ္ဘာကြီးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးခြင်းပင်။ ဒီမှာ နေထိုင်ရင် အန္တရာယ် အမျိုးမျိုး ကြုံတွေ့ရနိုင်သေး၏။

လုံခြုံမှု အရှိဆုံး နေရာတစ်ခုမှာ ရှေးဟောင်း အင်မော်တယ် ဂိုဏ်း လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ ဒုတိယ ဂိုဏ်းချုပ် တစ်ချိန်က ထိန်းချုပ်ခဲ့ဖူးသော ချင်းယွဲ့ တောင်ထွတ် သာ ရှိသည်။

*

ကျန်ရှိနေသေးသော အခင်းအကျင်းများ၊ တားမြစ်ချက်များနှင့် အဆင့် (၃) မိစ္ဆာသားရဲများကို ဂရုတစိုက် ရှောင်ကွင်းပြီးနောက်... နောက်ဆုံးတွင် စုယွီသည် ဤ လျှို့ဝှက်နယ်မြေ ၏ အလယ်ဗဟိုတွင် တည်ရှိသော ချင်းယွဲ့ တောင်ထွတ် သို့ ရောက်ရှိလာခဲ့သည်။

ဤ ပင်မတောင်ထွတ်သည် အခြား တောင်ထွတ်များ အားလုံး၏ အလယ်ဗဟို နေရာတွင် တည်ရှိနေ၏။

ပတ်ဝန်းကျင်ရှိ မိုးထိအောင် မြင့်မားသော နတ်ဘုရား တောင်တန်းများသည် တိမ်တိုက်များနှင့် မြူခိုးများ ဖုံးလွှမ်းနေပြီး... အန္တရာယ် မရှိသော ရှေးဟောင်း ကြိုးကြာငှက်များသည် တိမ်တိုက်များကြားတွင် ပျံသန်းကာ အစာရှာခြင်း၊ ဆော့ကစားခြင်း၊ အော်မြည်ခြင်းများ ပြုလုပ်နေကြ၏။ နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ပင်။

စုယွီ၏ အကြည့်သည် သူ့ရှေ့ရှိ နတ်ဘုရား တောင်တန်းပေါ်သို့ ကျရောက်သွားသည်။

အခြား တောင်တန်းများကဲ့သို့ပင်... ဤ ပင်မတောင်ထွတ်သည်လည်း မိုးထိအောင် မြင့်မားလှသည်။ တောင်ခါးပန်းမှ စတင်၍ တောင်ထိပ်အထိ မြူခိုးများ ဖုံးလွှမ်းနေသည်။

ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်ချင်းစီသည် မြင့်မားပြီး စိမ်းလန်းစိုပြေနေကာ ဝိညာဉ် အလင်းရောင်များ ထုတ်လွှတ်နေကြ၏။

ထို ရှေးဟောင်း သစ်ပင်ကြီးများ၏ အောက်တွင် ရေညှိများ ဖုံးလွှမ်းနေပြီး ပေါင်းပင်များ ပေါက်ရောက်နေသော ကျောက်ဖြူသား လှေကားထစ်ဟောင်းကြီးသည် အပေါ်သို့ ဦးတည်နေသည်။ ၎င်းသည် အချိန်ကာလ၏ ခြေရာများကို သယ်ဆောင်ထား၏။

လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သောအခါ... သူ၏ လက်ထဲမှ သစ်သားလက်စွပ်သည် ခမ်းနားထည်ဝါသော နန်းတော်ကြီး တစ်ခု အသွင် ပြောင်းလဲသွားပြီး သူ့ဘေးနားတွင် ပေါ်ထွက်လာသည်။ ထို့နောက် ယွီခယ်အာ၊ လော့ချန်ယွီ၊ လန်ရှီ နှင့် လန်ကုန်း တို့သည် နန်းတော် အတွင်းမှ ထွက်ခွာလာကြ၏။

နန်းတော်ထဲမှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက်... ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များသည် ဒီရေလှိုင်းကြီး တစ်ခုပမာ လာရောက် ရိုက်ခတ်သဖြင့် သူမတို့၏ မျက်နှာများ လင်းလက်သွားကြ၏။

အသက်ပြင်းပြင်း ရှူသွင်းလိုက်သောအခါ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ.. ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

ယွီခယ်အာ သည် ယွင်ကျန်းဂိုဏ်း ၏ ဝိညာဉ်သွေးကြော ဂူစံအိမ် ကောင်းကင်ဘုံ ကို ကြုံဖူးသော်လည်း... လော့ချန်ယွီ၊ လန်ရှီ နှင့် လန်ကုန်း တို့မှာမူ… ဤမျှ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်မျိုးကို တစ်ကြိမ်တစ်ခါမှ မကြုံဖူးကြပေ။

တစ်ခဏတာမျှ သူမတို့ (၃) ဦးစလုံး မှင်သက်သွားကြ၏။

လန်ရှီ နှင့် လန်ကုန်း တို့က အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

“ဒါ... ဒါ ကျွန်မတို့ သွားပြီး သီးသန့်နေမယ့် နေရာလား... ဝိုး”

All Chapters