← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅) - ကျင့်ကြံခြင်း၊ အနိုင်ကျင့်ခြင်း (၁)

~လော့ချင်းယာ သည် အလွန်အမင်း ထူထပ်ကြွယ်ဝသော သဘာဝ ဝိညာဉ်စွမ်းအင် ပတ်ဝန်းကျင်ကြောင့် အံ့အားသင့် မှင်သက်သွားရသည်။ ဤနေရာတွင် ရပ်နေရုံမျှဖြင့် ကျင့်ကြံစရာပင် မလိုဘဲ... ဝင်သက်ထွက်သက် တိုင်းတွင် သက်ဝင်လှုပ်ရှားနေသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေသကဲ့သို့ ခံစားရ၏။

ဝိညာဉ်စွမ်းအင်များသည် နေရာတိုင်းတွင် ရှိနေပြီး... ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အသက်ပြန်ဝင်လာသကဲ့သို့ ဖြစ်နေသည်။

ဝိညာဉ်စွမ်းအင်များ၏ အာဟာရ ဖြည့်တင်းပေးမှုကြောင့် ခံစားချက်သည် ပြောမပြတတ်အောင် သက်တောင့်သက်သာ ရှိလှ၏။

ယခင်က သူမသည် စုယွီ၊ သမီးဖြစ်သူ ယွီခယ်အာ တို့နှင့်အတူ ယွင်ကျန်းဂိုဏ်း အတွင်းပိုင်းသို့ လိုက်ပါခဲ့ဖူးသည်။ ထိုနေရာရှိ အဆင့် (၃) ဝိညာဉ်သွေးကြော မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များသည်လည်း အတော်လေး ထူထပ်ခဲ့ပါ၏။

သူမ၏ မိသားစုပိုင် ကျောက်မည်းတောင် ဂူစံအိမ် နှင့် ယှဉ်လျှင်တော့ အများကြီး သာလွန်ခဲ့သည်။

သို့သော် ယွင်ကျန်းဂိုဏ်း ၏ အတွင်းပိုင်းသည်ပင်လျှင် ဤနေရာနှင့် နှိုင်းယှဉ်လိုက်ပါက ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှပေ၏။

ကျောက်မည်းတောင် ကတော့ ပြောမနေပါနှင့်တော့...။

သူမ ခုနလေးတင် ဝင်လာခဲ့တဲ့ မြေအောက် အက်ကွဲကြောင်း ကမ္ဘာထဲက အရှိန်အဝါကတောင် ကျောက်မည်းတောင် ထက် အများကြီး သာလွန်နေပါသေးသည်။

နှိုင်းယှဉ်စရာကို မလိုပါ။

လော့ချင်းယာ သည် အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စုယွီကို ကြည့်ကာ မေးမြန်းလိုက်၏။

“မောင်လေးယွီ... ဒီနေရာက ဘယ်နေရာလဲဟင်”

စုယွီသည် ယွီခယ်အာ၊ လော့ချင်းယာ၊ လန်ရှီ နှင့် လန်ကုန်း တို့ကို နောက်မှ လိုက်ခဲ့ရန် လက်ဟန်ပြလိုက်သည်။ သူသည် ရေညှိများနှင့် ပေါင်းပင်များ ဖုံးလွှမ်းနေသော ရှေးဟောင်း ကျောက်ဖြူသား လှေကားထစ်များ အတိုင်း တက်လှမ်းရင်း သေချာ ရှင်းပြ၏။

“ရှေးဟောင်းခေတ်တုန်းက တာ့ယွဲ့ နယ်မြေ တည်ရှိတဲ့ ဒီနေရာဟာ တကယ်တော့ လော့ယွဲ့ ရေကန် လို့ ခေါ်တဲ့ ရှေးဟောင်း ကျင့်ကြံသူတွေရဲ့ ကမ္ဘာထဲက ကြီးမားတဲ့ ရေကန်ကြီး တစ်ခုပါ”

“အဲ့ဒီ လော့ယွဲ့ ရေကန် ထဲမှာ ကျွန်းပေါင်း မရေမတွက်နိုင်အောင် ရှိပြီး... အဲ့ဒီကျွန်းတွေပေါ်မှာ ကျင့်ကြံသူ အဖွဲ့အစည်းတွေ၊ ဂိုဏ်းတွေ အများကြီး ရှိခဲ့ကြတယ်”

“ဥပမာအားဖြင့်... ကျွန်တော့်ရဲ့ စုံစမ်းမှုအရ ဆေးလုံးတောင် ဟာ ရှေးဟောင်းခေတ်တုန်းက နေလမင်းကျွန်း လို့ ခေါ်တဲ့ ကျွန်းတစ်ကျွန်း ဖြစ်နိုင်တယ်... အဲ့ဒီကျွန်းပေါ်မှာ ကျင့်ကြံသူ ဂိုဏ်းတွေ မရှိခဲ့ပေမယ့်... မူလဝိညာဉ် အဆင့် နီးပါး ရောက်နေတဲ့ အရှင်သခင်ကြီး (၂) ပါး ကျင့်ကြံခဲ့ကြတယ်”

သူသည် အမျိုးသမီး (၄) ဦးကို ဦးဆောင်ပြီး ရှေ့မှ သွားနေကာ... ရုပ်သေး နှင့် ကောင်းကင် မိုးကြိုး ကြွက် တို့က နောက်မှ လိုက်ပါလာကြ၏။

ကောင်းကင် မိုးကြိုး ကြွက် သည် မိစ္ဆာသားရဲ တစ်ကောင် ဖြစ်သော်လည်း... စုယွီက ရှေးဟောင်း လျှို့ဝှက်ချက်များကို ပြောပြသောအခါ နားစွင့်နေ၏။

မမျှော်လင့်ဘဲ နိုးထလာသော ၎င်း၏ သားရဲ သွေးမျိုးဆက် အတွင်းတွင် ရှေးဟောင်းခေတ်မှ အချက်အလက် အမွေအနှစ်များ မပါရှိခဲ့ပေ။

၎င်းသည် တာ့ယွဲ့ တောင်တန်း အပြင်ဘက်ရှိ လူသား ကျင့်ကြံသူများ၏ ကမ္ဘာအကြောင်းကို အမြဲတမ်း သိချင်နေခဲ့သည်။

တစ်ခါတုန်းက ၎င်းသည် လေးနက်ဟန် ဆောင်တတ်သော မြွေလိပ်အိုကြီး ကို မေးမြန်းခဲ့ဖူးသည်။ ဘာပဲပြောပြော ဒီအကောင်ကြီးက သူတို့အထဲမှာ အသက်အရှည်ဆုံး ဖြစ်ပြီး အတွေ့အကြုံ အများဆုံးလို့ ယူဆရသည်ကိုး။

ထိုအကောင်ကြီးက သူတို့ မိစ္ဆာဘုရင် (၄) ကောင်ထဲမှာ 'ပညာရှိ' တစ်ကောင်လည်း ဖြစ်သည်။

သို့ရာတွင်၊ လူသား ကျင့်ကြံသူတွေရဲ့ ကမ္ဘာအကြောင်း မေးလိုက်တိုင်း... မြွေလိပ်အိုကြီး က တကယ်တမ်း ဘာမှ သိပ်မသိဘဲ ဝါးတားတားပဲ ဖြေလေ့ရှိ၏။

သူ ပြောတာကတော့... ‘လူသား ကျင့်ကြံသူတွေရဲ့ ကမ္ဘာက အရမ်း အန္တရာယ် များတယ်၊ မလိုအပ်ရင် အဲ့ဒီကို မသွားတာ အကောင်းဆုံးပဲ' ဟူ၍။

‘မဟုတ်ရင် ကံကောင်းရင် အမဲလိုက် သတ်ဖြတ်ခံရမယ်... ကံဆိုးရင် လူသား ကျင့်ကြံသူတွေရဲ့ သားရဲအဖော် ဖြစ်သွားမယ် ‘တဲ့။

ဒါကို တွေးမိတော့...

ကောင်းကင် မိုးကြိုး ကြွက် စိတ်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးသွားရ၏။

'ချီးပဲ... ငါက တာ့ယွဲ့ တောင်တန်း အပြင်ဘက်ကိုတောင် မထွက်ရသေးဘဲ လူသားတွေရဲ့ သားရဲအဖော် ဖြစ်သွားရပြီ... မြွေလိပ်အိုကြီး ပြောတုန်းက လူသား ကျင့်ကြံသူတွေရဲ့ ကမ္ဘာက အန္တရာယ် များတယ် ဆိုပေမယ့်... တာ့ယွဲ့ တောင်တန်း အတွင်းထဲမှာလည်း အန္တရာယ် များတယ် ဆိုတာကိုတော့ ထည့်မပြောခဲ့ဘူး'

'ပြီးတော့... ငါတို့ (၄) ကောင်ထဲမှာ ဘာလို့ ငါတစ်ကောင်တည်း အဖမ်းခံရတာလဲဟ'

ဒီအတွေး ဝင်လာတာနဲ့ ကောင်းကင် မိုးကြိုး ကြွက် ၏ မျက်လုံးများ လျင်မြန်စွာ လည်ပတ်သွားသည်။

ဟုတ်သားပဲ...

ဘာလို့ ငါတစ်ကောင်တည်း အဖမ်းခံရပြီး... မြွေလိပ်အိုကြီး နဲ့ ကျန်တဲ့ အကောင်ကြီး (၂) ကောင်က အပြင်မှာ လွတ်လွတ်လပ်လပ် နေရမှာလဲ။

'ဒီလူသားရဲ့ စွမ်းအားက တော်တော် အထင်ကြီးစရာပဲ... ဟင်းလင်းပြင် စွမ်းအားကိုတောင် ထိန်းချုပ်နိုင်တယ်... သူ့ရဲ့ ပါရမီတွေက တကယ့်ကို ကြောက်စရာ ကောင်းတယ်... ဒါ မဆိုးပါဘူး'

ကောင်းကင် မိုးကြိုး ကြွက် အကြံထုတ်လိုက်သည်။

'နေဦး... သူ့ရဲ့ ကျင့်ကြံခြင်း စွမ်းအား ပိုမို အားကောင်းလာတဲ့အခါ... ငါ သူ့ကို လှည့်စားပြီး မြွေလိပ်အိုကြီး နဲ့ ကျန်တဲ့ အကောင်ကြီး (၂) ကောင်ကိုပါ ဒီကို ဖမ်းခေါ်လာခိုင်းရမယ်... ဒါမှ ငါတို့ (၄) ကောင် ပြန်ဆုံစည်းလို့ ရမှာ'

အကြံရသွားသည်နှင့် ကောင်းကင် မိုးကြိုး ကြွက် ဝမ်းသာသွား၏။

ဒီအကြံက မဆိုးဘူး။

ဒါမှ ငါတစ်ကောင်တည်း အထီးမကျန်တော့မှာ။

ထိုအချိန်တွင် စုယွီက ဆက်ပြောလိုက်သည်။

“ဒီ တာ့ယွဲ့ တောင်တန်း ဟာ တကယ်တော့ ရှေးဟောင်းခေတ် လော့ယွဲ့ ရေကန် ထဲက အလယ်ဗဟို ကျွန်းကြီး တစ်ကျွန်းပါပဲ... ဒီနေရာမှာ ကျင့်ကြံသူတွေ အများကြီး လာရောက် ကျင့်ကြံခဲ့ကြပြီး... လော့ယွဲ့ ရေကန် ထဲက ကျင့်ကြံသူ အဖွဲ့အစည်းတွေ ပေါင်းစည်းထားတဲ့ လော့ယွဲ့ မဟာမိတ်အဖွဲ့ ဆိုတဲ့ အင်အားကြီး ဂိုဏ်းတစ်ခု ရှိခဲ့တယ်”

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အစ်မကြီး စုဇီ ဆီကနေ ရှေးဟောင်း မြေပုံတစ်ခု ရခဲ့တယ်... အဲ့ဒီမြေပုံက ဆေးလုံးတောင် အောက်ခြေမှာ ရှိတဲ့ နေလမင်းကျွန်း ဆီကို လမ်းညွှန်ပေးခဲ့တာပါ”

“နောက်ပိုင်းမှာ ကျွန်တော် တခြား ရှေးဟောင်း အင်အားစုတွေရဲ့ နေရာတွေနဲ့ အခွင့်အလမ်းတွေကို လိုက်ရှာခဲ့တယ်”

“တိုက်ဆိုင်စွာနဲ့ပဲ... လော့ယွဲ့ မဟာမိတ်အဖွဲ့ ဟောင်းရဲ့ ရှေးဟောင်း မြေပုံတစ်ခုကို တွေ့ခဲ့ရပြီး... အဲ့ဒီမြေပုံက ဒီ လျှို့ဝှက်နယ်မြေ ရဲ့ တည်နေရာ အကြမ်းဖျင်းကို ညွှန်ပြနေတယ်”

“မြေပြင် အနေအထား ပြောင်းလဲမှုတွေကြောင့် ဒီနေရာကို ရှာတွေ့ဖို့ နှစ်အနည်းငယ်လောက် ကြာခဲ့ပေမယ့်... ကြိုးစားအားထုတ်မှုတွေက အလဟဿ မဖြစ်ခဲ့ပါဘူး”

“ဒါက ရှေးဟောင်း လော့ယွဲ့ မဟာမိတ်အဖွဲ့ ရဲ့ အဆင့် (၄) ဝိညာဉ်သွေးကြော ဂူစံအိမ် ကောင်းကင်ဘုံ တည်ရှိရာ နေရာပဲ”

“ကျွန်တော်က အထူးနည်းလမ်းကို သုံးပြီး ဒီထဲ ဝင်လာတာ... တခြားလူတွေ ဒါမှမဟုတ် တာ့ယွဲ့ တောင်တန်း ထဲက မိစ္ဆာတွေ ဝင်လာနိုင်ဖို့ မလွယ်ပါဘူး”

လန်ကုန်း သည် သူမ၏ အစ်မဖြစ်သူထက် ပိုမို တက်ကြွပြီး စကားပြော သွက်လက်သူ ဖြစ်သည်။ သူမ၏ မျက်လုံးများ အရောင်လက်သွားပြီး စုယွီကို အားကျလေးစားသော အကြည့်များဖြင့် ကြည့်ကာ တအံ့တဩ မေးလိုက်သည်။

“အရှင်သခင်... ဒါက အဆင့် (၄) ဝိညာဉ်သွေးကြော ဂူစံအိမ် ကောင်းကင်ဘုံ လို့ ပြောချင်တာလား”

“ဒါဆိုရင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် မှာ အရှင်သခင် ပိုင်ယွဲ့ တည်ဆောက်ခဲ့တဲ့ အဆင့် (၃) ဝိညာဉ်သွေးကြော ဂူစံအိမ် ထက် ပိုကောင်းတာပေါ့နော်”

“ဟဲ ဟဲ...”

စုယွီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ဟုတ်လား... ဒီနေရာနဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ... ဒီနေရာက တာ့ယွဲ့ တောင်တန်း တစ်ခုလုံးမှာ အားအကောင်းဆုံး ဝိညာဉ်သွေးကြော တည်ရှိတဲ့ နေရာလို့တောင် ပြောလို့ ရနိုင်ပါတယ်”

လန်ရှီ နှင့် လန်ကုန်း တို့ နှစ်ဦးစလုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး... ရှေ့မှ ဦးဆောင်သွားနေသော အမျိုးသား၏ ကျောပြင်ကို ငေးမော ကြည့်ရှုနေမိကြ၏။

ထိုအခိုက်အတန့်တွင် သူမတို့၏ မျက်လုံးထဲ၌ စုယွီ၏ ပုံရိပ်သည် မိုးထိအောင် မြင့်မားပြီး အလွန်အမင်း ကြီးမြတ်ခမ်းနားနေသကဲ့သို့ ထင်မှတ်ရတော့သည်။

သူမတို့ မွန်းကြပ်သွားသလိုပင် ခံစားလိုက်ရပြီး မျက်ဝန်းများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေ၏။

သူမတို့ ညီအစ်မ နှစ်ယောက်သည် နိမ့်ကျသော နောက်ခံမှ လာကြသူများ ဖြစ်ပြီး... ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ မတော်တဆ ရောက်ရှိလာကြသူများ ဖြစ်သည်။

သူမတို့၏ ဘဝအစပိုင်းသည် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေခဲ့ရ၏။

အခန်း (၃၅၆) - ကျင့်ကြံခြင်း၊ အနိုင်ကျင့်ခြင်း (၂)

~အသက်ဆက်ရှင်သန်နိုင်ရန်အတွက် သူတို့သည် မူးယစ်နတ်သမီးဆောင် သို့ ဝင်ရောက်ပြီး ဂီတအနုပညာကို လေ့လာကာ ကျင့်ကြံခြင်း ခရီးလမ်းအတွက် လိုအပ်သော အရင်းအမြစ်များကို ရှာဖွေခဲ့ရသည်။

ခက်ခဲကြမ်းတမ်းသော လမ်းခရီးကို ဖြတ်သန်းပြီးနောက်... နောက်ဆုံးတွင် သူတို့သည် ချီစုစည်းခြင်း အဆင့် (၈) နှင့် (၉) သို့ အသီးသီး ရောက်ရှိခဲ့ကြ၏။

သို့သော် ထိုအဆင့်သို့ ရောက်ရှိပြီး မကြာမီမှာပင်... ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ၏ ကမောက်ကမ ဖြစ်စဉ်များအတွင်း ပိတ်မိသွားခဲ့ပြီး အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြန်သည်။

နောက်ဆုံးတွင်...

သူတို့သည် စုယွီကို ခိုလှုံခွင့် တောင်းခံခဲ့ကြပြီး... ထိုအချိန်မှစ၍ သူတို့၏ ကံကြမ္မာသည် လုံးဝ ပြောင်းလဲသွားကာ ကျင့်ကြံခြင်း ခရီးလမ်းသည်လည်း ချောမွေ့သွားခဲ့၏။

စုမိသားစု အတွင်းတွင် သူတို့သည် ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များကို တည်ငြိမ်စွာနှင့် ပြည့်စုံစွာ ရရှိခဲ့ကြ၏။

ထို့အပြင် သူတို့ အိပ်မက်ထဲတွင်ပင် မမက်ရဲခဲ့သော အခြေခံတည်ဆောက်ခြင်း ဆေးလုံး များကိုပင် ရရှိခဲ့ပြီး... ညီအစ်မ နှစ်ယောက်စလုံး အခြေခံတည်ဆောက်ခြင်း အဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြ၏။

ယခုအခါ မည်သည့် အန္တရာယ်နှင့် နှောင့်ယှက်မှုမှ မရှိဘဲ... သူတို့နှစ်ဦးစလုံးသည် အခြေခံတည်ဆောက်ခြင်း အဆင့် (၄) သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် စုမိသားစု မှတစ်ဆင့် ပြင်ပကမ္ဘာမှ ကြယ်နှစ်ပွင့် ဂီတပညာရှင် တစ်ဦး၏ ကျင့်ကြံခြင်း အမွေအနှစ်ကိုလည်း ရရှိခဲ့ကြ၏။

စုမိသားစု အတွင်းမှ သာမန် ညီအစ်မ နှစ်ယောက်သည် မသိမသာဖြင့် ဤအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

ယခု စုယွီက သူတို့နှစ်ဦးစလုံးကို ဤ အဆင့် (၄) ဝိညာဉ်သွေးကြော ဂူစံအိမ် ကောင်းကင်ဘုံ အတွင်းသို့ ခေါ်ဆောင်လာပြီး ကျင့်ကြံစေသည်။

ဤအခွင့်အရေးသည် သူတို့ တစ်ခါမှ မမျှော်လင့်ထားခဲ့သော အရာဖြစ်သည်။

ထို့အပြင် သူတို့ ရွေးချယ်ပြီး မဟာမိတ်ဖွဲ့ခဲ့သော အမျိုးသားသည် ယခုအခါ ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ပါး ဖြစ်နေပြီ ဖြစ်ပြီး... တာ့ယွဲ့ နယ်မြေ တစ်ခုလုံးတွင် ထိပ်တန်း ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ဤနေရာမှ ကျင့်ကြံခြင်း ပတ်ဝန်းကျင်သည် ခမ်းနားထည်ဝါသော ပိုင်ယွဲ့ အင်မော်တယ် မြို့တော် နှင့် အရှင်သခင် ပိုင်ယွဲ့ ပင်လျှင် ပိုင်ဆိုင်ထားခြင်း မရှိသော အရာ ဖြစ်သည်။

ထိုအကြောင်းအရာများကို ဦးနှောက်ကို အလုပ်ပေးရင်း... သူတို့ (၅) ဦးသည် ကျောက်ဖြူသား လှေကားထစ်များအတိုင်း ဆက်လက် တက်လှမ်းခဲ့ကြ၏။

လမ်းတစ်လျှောက်တွင် စုယွီသည် သူ၏ ချီစွမ်းအားများကို အသုံးပြု၍ လှေကားထစ်များပေါ်ရှိ ပေါင်းပင်များကို ရှင်းလင်းပေးခဲ့သည်။ ပေါင်းပင်များ မရှိတော့သောအခါ လမ်းကြောင်းသည် ချက်ချင်း သပ်ရပ်သွားပြီး လူသွားလမ်း တစ်ခုအသွင် ပေါ်လွင်လာသည်။

တက်လှမ်းနေစဉ်အတွင်း... သစ်တောအုပ်ထဲတွင် ငှက်ငယ်လေးများနှင့် တိရစ္ဆာန်လေးများ ပျော်ရွှင်စွာ သွားလာနေကြသည်ကို တွေ့မြင်ရသည်။

ကြည်လင်အေးမြသော စမ်းချောင်းလေးများသည် ကွေ့ကောက်စီးဆင်းနေပြီး... သူတို့သည် ကျောက်တံတားငယ်လေးများကို ဖြတ်ကျော်ခဲ့ကြ၏။

ဤ တောင်တန်း၏ အလှတရားသည် ဆေးလုံးတောင် ထက် များစွာ သာလွန်လှသဖြင့်... စုယွီ၊ ယွီခယ်အာ၊ လော့ချင်းယာ၊ လန်ရှီ နှင့် လန်ကုန်း တို့သည် ပင်မတောင်ထွတ်သို့ တိုက်ရိုက် ပျံသန်းမသွားဘဲ... ရှုခင်းများကို ခံစားရင်း ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ဖြည်းညှင်းစွာ လမ်းလျှောက်တက်ခဲ့ကြ၏။

ပင်မတောင်ထွတ်၏ ထိပ်ပိုင်းသို့ ရောက်ခါနီးတွင်... စုယွီသည် သူတို့ကို ဘယ်ဘက် အကွေ့တစ်ခုသို့ ခေါ်ဆောင်သွားသည်။ ထူထပ်သော တောအုပ်ကို ဖြတ်ကျော်ပြီးနောက်... ကောင်းကင်မှ စီးကျလာသော ရေတံခွန်ကြီး တစ်ခု သူတို့၏ မျက်စိရှေ့တွင် ပေါ်ထွက်လာ၏။

ရေတံခွန်၏ အောက်ဘက်တွင် အရမ်း မကြီးမားသော်လည်း အောက်ခြေကို မမြင်ရအောင် နက်ရှိုင်းသော ရေကန်နက်ကြီး တစ်ခု ဖြစ်ပေါ်နေသည်။ ထို ရေကန်နက်ကြီးနှင့် မလှမ်းမကမ်းတွင် ချိုင့်ဝှမ်းငယ်လေး တစ်ခု ရှိနေသည်။

အပေါ်ဘက်တွင် တိမ်တိုက်များနှင့် မြူခိုးများ ရစ်သိုင်းနေပြီး... တောင်စမ်းရေမှ ထွက်ပေါ်လာသော ရေငွေ့များသည် ဆန်းကြယ်သော လေထုကို ဖန်တီးထားသည်။

ထို့အပြင်... ကိုးထပ် ကောင်းကင်ယံမှ တည့်တည့် စီးဆင်းလာသော ငွေရောင် နဂါးကြီး တစ်ကောင်သဖွယ် ရေတံခွန်ကြီးလည်း ရှိနေသေးသည်။

ဤ မြင်ကွင်းသည် အမှန်တကယ်ပင် လှပလွန်းလှသည်။

စုယွီနှင့် အခြား (၄) ဦး ချိုင့်ဝှမ်း အပြင်ဘက်သို့ ရောက်ရှိသောအခါ... ကျန်ရစ်နေသော ရှေးဟောင်း ခြံဝင်း တစ်ခုကို တွေ့လိုက်ရ၏။

ခြံဝင်း၏ တံတိုင်းများသည် နေရာအများအပြားတွင် ပြိုကျနေပြီး... တစ်ချိန်က ဖြစ်ပွားခဲ့သော တိုက်ပွဲ အကြွင်းအကျန်များဖြင့် ပြည့်နှက်နေသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်... ဤနေရာသည် ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေပြီး ပျက်စီးယိုယွင်းနေပြီ ဖြစ်၏။

ထိုနေရာကို ညွှန်ပြရင်း စုယွီက ပြုံး၍ ပြောလိုက်သည်။

“နောက်ပိုင်းကျရင် ကျွန်တော်တို့ ဒီနေရာမှာ ခြံဝင်းတစ်ခု ပြန်လည် တည်ဆောက်ကြမယ်... ပြီးရင် ဒီ ပင်မတောင်ထွတ်မှာ အခြေချ နေထိုင်ကြမယ်... ကျွန်တော်တို့ စိတ်ကြိုက် အိမ်လေး တစ်လုံး ဖန်တီးလို့ ရပြီပေါ့”

ထိုစကားကို ကြားလိုက်ရသောအခါ ယွီခယ်အာ ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ ဤနေရာမှ ပတ်ဝန်းကျင်သည် အမှန်တကယ်ပင် ကောင်းမွန်လှ၏။

ထို့အပြင် ဤနေရာသည် သူတို့ တစ်ဦးတည်း ပိုင်ဆိုင်သော နေရာဖြစ်ပြီး... သူတို့၏ ဆန္ဒအတိုင်း အိမ်ဂေဟာကို တည်ဆောက်နိုင်မည့် နေရာလည်း ဖြစ်သည်။

ထိုအတွေး ဝင်လာသည်နှင့် သူမသည် ဤနေရာရှိ အရာအားလုံးကို ရင်းနှီးကျွမ်းဝင်လာသကဲ့သို့ ခံစားလိုက်ရ၏။

မြင်မြင်သမျှ အရာအားလုံးသည် မျက်စိပသာဒ ဖြစ်နေသည်။ ပန်းပွင့်တိုင်း၊ မြက်ပင်တိုင်း၊ သစ်ပင်တိုင်းသည် ရင်းနှီးမှု ခံစားချက်ကို ပေးစွမ်းနေလေ၏။

စုယွီသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး... ယာယီ နေထိုင်ရန်အတွက် အစိမ်းရောင် သစ်သား နန်းတော် ကို ထုတ်လွှတ်လိုက်သည်။

သူနှင့်အတူ ပါလာသော မြေကမ္ဘာ မျောက်ဝံ နှင့် အမွှေးနက် လင်းယုန် သားရဲအဖော်များကိုလည်း သားရဲထိန်းအိတ် ထဲမှ လွှတ်ပေးလိုက်၏။ သူတို့ကို သတိထားရန်နှင့် ချင်းယွဲ့ တောင်ထွတ် ပေါ်တွင် လွတ်လပ်စွာ ကျင့်ကြံနိုင်ကြောင်း ပြောပြလိုက်သည်။

ယွီခယ်အာ သည်လည်း တိမ်တိုက်ကျား မိခင်ကြီးနှင့် ၎င်း၏ သားပေါက် နှစ်ကောင်ဖြစ်သော ဟူတာ နှင့် ဟူအာ တို့ကို လွှတ်ပေးလိုက်၏။

ထို့အပြင် လွန်ခဲ့သော အချိန်ကြာမြင့်စွာက စုယွီ ပေးထားခဲ့သော အဆင့် (၂) ထိပ်တန်း လက်ရှစ်ဖက် ကင်းမြီးကောက် သားရဲအဖော်ကိုလည်း လွှတ်ပေးလိုက်သည်။ သူမ၏ ခေါင်းနှစ်လုံး သွေးသိမ်းငှက် နှင့် ကောင်းကင်ပြာ စပါးအုံးမြွေ သားရဲအဖော်များလည်း ပါဝင်၏။

စုစုပေါင်း သားရဲအဖော် (၈) ကောင် ရှိသည်။ ထိုအထဲတွင် တိမ်တိုက်ကျား မိခင်ကြီးသည် အဆင့် (၃) အဆင့်နိမ့် သားရဲအဖော် ဖြစ်သဖြင့် အသန်မာဆုံး ဖြစ်ပါ၏။

“သွားကြ... ကိုယ့်ဘာသာကိုယ် ကျင့်ကြံဖို့ တောင်ပေါ်မှာ အသိုက်ရှာကြ... ဒါမှမဟုတ် လျှောက်သွားကြ... ပင်ပန်းရင် ခြံဝင်းထဲ ပြန်လာပြီး နားလို့ရတယ်”

စုယွီနှင့် ယွီခယ်အာ တို့သည် လက်ကာပြလိုက်ပြီး... သားရဲများကို လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ကာ ဆက်လက် အာရုံစိုက်မနေတော့ပေ။

ကြွယ်ဝသော သဘာဝ ဝိညာဉ်စွမ်းအင်များကို ခံစားမိသောအခါ... မြေကမ္ဘာ မျောက်ဝံ၊ အမွှေးနက် လင်းယုန်၊ တိမ်တိုက်ကျားများနှင့် အခြား သားရဲအဖော်များသည် စိတ်လှုပ်ရှားသွားကြ၏။

“ဖလူး...”

ဟူတာ နှင့် ဟူအာ တို့သည် ချက်ချင်း ထွက်ပြေးသွားပြီး ထူထပ်သော တောအုပ်ထဲသို့ တိုးဝင်သွားကြ၏။ ပတ်ဝန်းကျင် အသစ်ဖြစ်သဖြင့် အနည်းငယ် စိမ်းသက်နေသည်။

ချင်းယွဲ့ တောင်ထွတ် နှင့် ရင်းနှီးကျွမ်းဝင်သွားပြီးနောက်... ညီအစ်ကို နှစ်ကောင်သည် ကိုယ်ပိုင် နယ်မြေ တည်ဆောက်ရန်အတွက် ကျားစမ်းရေတွင်းများကို ဆယ်စုနှစ် အနည်းငယ်ကြာ စုဆောင်းရန် စီစဉ်ထားကြ၏။

ဘာပဲပြောပြော ဒီနေရာက အရမ်း ကောင်းမွန်နေသည်ကိုး။ အစာရေစာ ပေါများရုံသာမက ဝိညာဉ်စွမ်းအင်တွေလည်း ကြွယ်ဝနေ၏။

တစ်ခုပဲ ရှိ၏၊.. ဒီမှာ ကျားမလေးတွေ ရှိမရှိ ဆိုတာ မသိရသေးသည်ပင်။

တိမ်တိုက်ကျား မိခင်ကြီးသည် တောအုပ်ထဲတွင် နယ်မြေ သတ်မှတ်နေသော မိုက်မဲသည့် သားနှစ်ကောင်ကို အဝေးမှ လှမ်းကြည့်နေသည်။ သူမ၏ မျက်ဝန်းများထဲတွင် နွေးထွေးမှုများ ပြည့်နှက်နေသည်။ သူမသည် သားနှစ်ကောင်၏ နောက်သို့ ဖြည်းညှင်းစွာ လိုက်ပါသွားပြီး တောအုပ်ထဲတွင် ကျက်သရေရှိစွာ လှုပ်ရှားသွားလာနေ၏။

မြေကမ္ဘာ မျောက်ဝံ မှာမူ သူ၏ မှော်လက်နက် တုတ်ကို ကိုင်ဆောင်လျက် တစ်ကိုယ်တည်း ထွက်ခွာသွားသည်။ ရေတံခွန်၏ ထိပ်သို့ တက်ရောက်ပြီး ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ရပ်လိုက်၏။

“ဝေါင်း”

ချင်းယွဲ့ တောင်ထွတ် ကို ငုံ့ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး သူ ရောက်ရှိနေကြောင်း ကြေညာလိုက်သည်။

သူ့အသံနှင့် ရောက်ရှိမှုကို ကြေညာပြီးနောက်... မြေကမ္ဘာ မျောက်ဝံ သည် ခုန်ပျံကျော်လွှားပြီး သင့်တော်သော နယ်မြေတစ်ခု ရှာဖွေရန် ပျောက်ကွယ်သွား၏။

ကောင်းကင်ပြာ စပါးအုံးမြွေကမူ တောအုပ်ထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားပြီး လျှာ နှစ်ခွကို ထုတ်ပြလျက် ဦးတည်ရာမဲ့ သွားရောက်နေသည်။

လက်ရှစ်ဖက် ကင်းမြီးကောက် ဘုရင်မ သည် သရဲတစ္ဆေ တစ်ကောင်ပမာ မျက်တောင်တစ်ခတ် အတွင်း ပျောက်ကွယ်သွား၏။

အမွှေးနက် လင်းယုန် နှင့် ခေါင်းနှစ်လုံး သွေးသိမ်းငှက် တို့သည် ကောင်းကင်ယံသို့ အတူတကွ ပျံတက်သွားကြ၏။ ချင်းယွဲ့ တောင်ထွတ် ကို တစ်ပတ် ပျံဝဲပြီးနောက်... အသိုက်ဆောက်ရန် သင့်တော်သော နေရာများကို ရှာဖွေရန် သီးခြားစီ ခွဲထွက်သွားကြလေတော့သည်။

အခန်း (၃၅၇) - ကျင့်ကြံခြင်း၊ အနိုင်ကျင့်ခြင်း (၃)

~သို့သော် စုယွီကတော့ အနည်းငယ် စိတ်ပူနေသည်။

၎င်းတို.. ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ဦးနှောက်ကို အလုပ်ပေးနေမိ၏။

'ဒီနေရာမှာ သူတို့ဘာသာသူတို့ ကျင့်ကြံပြီး အဆင့် (၃) သားရဲတွေ ဖြစ်လာနိုင်ပါ့မလား'

အကယ်၍ မဖြစ်နိုင်ဘူး ဆိုရင်... သူက သားရဲတွေရဲ့ သွေးအနှစ်သာရ ကို ရှာဖွေပြီး 'သားရဲအပေါင်း ဆေးလုံး' ကို ဖော်စပ်ပေးဖို့ လိုအပ်လိမ့်မည်။

နောက်ပိုင်းရက်များတွင်...

သူသည် ယွီခယ်အာ နှင့် အခြားသူများကို ဦးဆောင်ပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို ပြုပြင်မွမ်းမံမှုများ စတင် ပြုလုပ်ခဲ့သည်။

ဤ နန်းတော် ခြံဝင်းတွင် ယခင်က အဆင့် (၄) အခင်းအကျင်း တစ်ခု ရှိခဲ့ဖူးပြီး၊ ထို အခင်းအကျင်း၏ အကြွင်းအကျန် အစိတ်အပိုင်းများသည် ခြံဝင်း၏ နေရာအများစုကို လွှမ်းခြုံထားနိုင်ဆဲ ဖြစ်သည်။

စုယွီသည် ထို အခင်းအကျင်းကို ထိန်းသိမ်းထားပြီး... ၎င်း၏ လွှမ်းခြုံမှု နယ်ပယ်အတွင်းတွင် ခြံဝင်းအသစ် တစ်ခုကို တည်ဆောက်ရန် စီစဉ်လိုက်၏။

သူသည် မြေဓာတ် ဝိညာဉ်အမြစ် သိုင်းကွက် ကို အသုံးပြု၍ ခြံဝင်း၏ အုတ်မြစ်နှင့် တံတိုင်းများကို ခိုင်ခန့် တည်ငြိမ်အောင် တည်ဆောက်ခဲ့သည်။

ထို့နောက် အခြားသူများ၏ စိတ်ကူးစိတ်သန်းများကို အခြေခံ၍ ရှေးဟောင်းပုံစံ တံခါးနှင့် ပြတင်းပေါက်များ၊ ပန်းပုထွင်းထားသော လေကာများ၊ ကုတင်များနှင့် အခြား ပရိဘောဂများကို တပ်ဆင်ကာ ဖြည်းညှင်းစွာ အဆင့်မြှင့်တင် ပြောင်းလဲခဲ့သည်။ ပင်မတောင်ထွတ်၏ နေရာအနှံ့အပြားမှ လှပသော ဝိညာဉ်အပင်များ၊ ဝိညာဉ်ပန်းများနှင့် ဝိညာဉ်မြက်ပင်များကို ရွှေ့ပြောင်း စိုက်ပျိုးကာ လှပသော ရှေ့ခြံဝင်းနှင့် နောက်ဖေးဥယျာဉ် တစ်ခုကို ဖန်တီးခဲ့ကြ၏။

နောက်ဖေးဥယျာဉ်တွင် ကြာကန်တစ်ခုနှင့် ကျောက်ဆောင်အတု တစ်ခုကို တည်ဆောက်ခဲ့ပြီး... အနီးနားရှိ ရေတံခွန်မှ ဝိညာဉ်ရေများကို သွယ်ယူကာ စမ်းချောင်းငယ်လေး တစ်ခု ဖန်တီးလိုက်သည်။

ကြာကန်ကို ကြည့်ရင်း စုယွီသည် လမင်းမည်း မြို့တော် ဈေးကွက် ရှိ ရေအေးကန်တွင် ဂူအောင်းနေသော ရေခဲဆူးတောင် ငါးဘုရင် ကို သတိရလိုက်မိ၏။

'အခွင့်အရေး ရရင်... ရေခဲဆူးတောင် ငါးဘုရင် နဲ့ သူ့အုပ်စုကို ဒီကို ခေါ်လာပြီး... ကောင်းကင်ကြာပန်း ဒါမှမဟုတ် တခြား ကြာပန်း ဝိညာဉ်အပင်တွေကို စိုက်ပျိုးလိုက်မယ်'

'ဒါဆိုရင် ဒီကြာကန်က ပြည့်စုံသွားပြီ'

ထိုသို့ တွေးလိုက်မိသောအခါ စုယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာရသည်။

ကောင်းတယ်... သိပ်ကောင်းတယ်။

ရှေ့ခြံဝင်းတွင် အသုံးပြုမည့် ဝိညာဉ်ပန်းများနှင့် သစ်ပင်များ အတွက်မူ ပင်မတောင်ထွတ်ပေါ်တွင် အများအပြား ရှိနေသည်။ ကြည့်ကောင်းသော အပင်များကို ရွေးချယ်ပြီး ရွှေ့ပြောင်း စိုက်ပျိုးရန် အချိန်အနည်းငယ် ပေးရုံသာ လိုသည်။

ဆေးဖက်ဝင် စိုက်ခင်းငယ်လေးထဲတွင်လည်း အဆင့် (၂) နှင့် အဆင့် (၃) ဝိညာဉ်အပင်များ၊ ဝိညာဉ်သစ်သီးများ ရှိနေပြီး ၎င်းတို့ကို နောက်ဖေးဥယျာဉ်သို့ ရွှေ့ပြောင်း စိုက်ပျိုးနိုင်၏။

အချိန်များသည် လျှပ်တပြက် ကုန်ဆုံးသွားပါသည်။

တစ်လ ကြာပြီးနောက်...

နေအိမ်သစ်ကို ကနဦး ပြုပြင်မွမ်းမံမှုများ ပြီးစီးသွားပြီ ဖြစ်သဖြင့် စုယွီနှင့် ယွီခယ်အာ တို့ စတင် ဝင်ရောက် နေထိုင်ကြတော့သည်။

ယခင်က လဲလှယ် ရယူခဲ့သော အဆင့် (၃) အဆင့်နိမ့် အခင်းအကျင်း ဖြစ်သည့် 'ဘဝသုံးပါး နိယာမနှစ်ပါး ဧရာမဆင် အခင်းအကျင်း' ကို စုယွီက ခြံဝင်း၏ အောက်ခြေတွင် ခင်းကျင်းလိုက်ပြီး ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံထားလိုက်၏။

ဤနေရာရှိ အဆင့် (၄) ဝိညာဉ်သွေးကြော မှ ဝိညာဉ်စွမ်းအင်များကြောင့်... ဧရာမဆင် အခင်းအကျင်း သည် ဝိညာဉ်ကျောက်တုံး သို့မဟုတ် ချီစွမ်းအားများကို သုံးစွဲစရာ မလိုဘဲ အဆက်မပြတ် လည်ပတ်နေနိုင်သည်။

အခင်းအကျင်း စတင် အသက်ဝင်ပြီးနောက်... ခြံဝင်းအတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ပိုမို သိပ်သည်းလာပြီး ဝိညာဉ်မြူခိုးများ အဖြစ်သို့ပင် ပြောင်းလဲခါနီးလာ၏။

ရှေ့ခြံဝင်း အတွင်း၌...

စုယွီသည် လက်ကို လှန်လိုက်ပြီး ဝိညာဉ်အိုး တစ်လုံးကို ထုတ်ယူလိုက်သည်။

၎င်းသည် တာအိုရုပ်သေး ကိုင်ဆောင်ထားသော 'ချီသန့်စင်အိုး' ဖြစ်သည်။

ကောင်းကင်ဘုံ လှည့်လည်သွားလာသူ ထံမှ ရရှိခဲ့သော အပိုင်းအစများနှင့် ပေါင်းစပ်လိုက်ပြီးနောက်... ချီသန့်စင်အိုး သည် အကြီးအကျယ် အဆင့်မြှင့်တင်ခံခဲ့ရပြီး အထွတ်အထိပ် လက်နက်ကိရိယာများနှင့် ယှဉ်နိုင်သော ထိပ်တန်း ရှေးဟောင်း လက်နက်တစ်ခု ဖြစ်လာခဲ့ပါ၏။

ဂူစံအိမ် ကောင်းကင်ဘုံ အတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက်... ချီသန့်စင်အိုး သည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူ စုစည်းခဲ့ပြီး... ယခုအခါ အနည်းဆုံး အစက်ပေါင်း သောင်းချီသော အဆင့် (၃) ထိပ်တန်း ဝိညာဉ်အရည်များကို စုဆောင်းထားနိုင်ပြီ ဖြစ်သည်။

စုယွီ၏ စိတ်အာရုံ ညွှန်ကြားမှုဖြင့်... ဝိညာဉ်အရည် တစ်ဆုပ်စာကို ချီသန့်စင်အိုး ထဲမှ ဆွဲထုတ်လိုက်၏။

ထို့နောက် ၎င်းကို (၄) ပုံ ခွဲလိုက်သည်။ အများဆုံး အပိုင်းဖြစ်သော ဝိညာဉ်အရည် အစက်ပေါင်း ရာချီကို ယွီခယ်အာ အား ပေးလိုက်သည်။

ထို့နောက် အခြေခံတည်ဆောက်ခြင်း အဆင့် (၉) သို့ ရောက်ရှိနေသော လော့ချင်းယာ အတွက် ဝိညာဉ်အရည် အစက် (၁၀၀) ခန့် ပေးလိုက်သည်။ အခြေခံတည်ဆောက်ခြင်း အဆင့် (၄) သာ ရှိသေးပြီး အားနည်းနေသေးသော လန်ရှီ နှင့် လန်ကုန်း ညီအစ်မ နှစ်ယောက်ကိုမူ... အဆင့် (၃) ထိပ်တန်း ဝိညာဉ်အရည် အစက် (၃၀) စီ ခွဲဝေပေးလိုက်သည်။

ဝိညာဉ်အရည်များကို ခွဲဝေပေးပြီးနောက် စုယွီက ပြုံး၍ ပြောလိုက်သည်။

“ဒါက အဆင့် (၃) ထိပ်တန်း ဝိညာဉ်အရည် ပါ... အရည်အသွေး အရမ်းကောင်းပြီး ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်း အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ”

“ခယ်အာ... မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ ဆိုရင်တော့ ဂရုစိုက်ပြီး သုံးမယ်ဆို ပြဿနာ မရှိပါဘူး”

“အဒေါ်လော့... ခင်ဗျားက အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ကို ရောက်နေပြီ ဆိုတော့... ဒီ ဝိညာဉ်အရည် ကို သုံးပြီး ခင်ဗျားရဲ့ ချီစွမ်းအားနဲ့ တာအို အခြေခံအုတ်မြစ်ကို သန့်စင်ပေးလို့ ရပါတယ်... နောက်ပိုင်းကျရင် ရွှေအမြုတေ အခွင့်အလမ်း တစ်ခုခု ရှာတွေ့ရင် အဒေါ်လော့ လည်း ရွှေအမြုတေ ဖွဲ့စည်းဖို့ ကြိုးစားလို့ ရတာပေါ့”

“လန်ရှီ နဲ့ လန်ကုန်း တို့ကတော့ သတိထားကြပါ... ဝိညာဉ်အရည် တစ်စက်ကို အပိုင်း (၇) ပိုင်း၊ (၁၀) ပိုင်းလောက် ခွဲပြီးမှ နည်းနည်းချင်းစီ သန့်စင်ယူကြ... မဟုတ်ရင် ဝိညာဉ်အရည်ရဲ့ စွမ်းအားက ခင်ဗျားတို့ ခံနိုင်ရည်ထက် ကျော်လွန်သွားလိမ့်မယ်”

သူတို့အားလုံးကို ဝိညာဉ်အရည်များ ဝေငှပေးပြီးနောက်... စုယွီသည် သားရဲအဖော် အားလုံးကို ပြန်ခေါ်ပြီး သူတို့ကိုလည်း ဝိညာဉ်အရည် အချို့ တိုက်ကျွေးလိုက်၏။ ဤနည်းအားဖြင့် သူတို့သည် အဆင့် (၃) အဆင့်နိမ့် ဝိညာဉ်သားရဲ အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ခြံဝင်းအတွင်းရှိ အခန်းတိုင်းတွင် ကျင့်ကြံခြင်း အခန်းငယ် တစ်ခုစီ ပါရှိ၏။

လော့ချင်းယာ သည် စုယွီ၏ သိုလှောင်အိတ် ထဲမှ ထွက်လာသော ပစ္စည်းကောင်းများကို မြင်ဖန်များလာသဖြင့် ရိုးအီနေပြီ ဖြစ်သည်။ သူမသည် အသာအယာ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ ဝိညာဉ်အရည်ကို လက်ခံလိုက်သည်။

“ကောင်းပါပြီ... ရွှေအမြုတေ ကိစ္စကိုတော့ သိပ်စိတ်မပူပါနဲ့... အဒေါ် အတွက်နဲ့ အန္တရာယ် သွားမရှာပါနဲ့ကွယ်”

သူမသည် ဝိညာဉ်အရည်ကို ယူဆောင်ပြီး သူမ၏ အခန်းရှိ ကျင့်ကြံခြင်း အခန်းငယ်သို့ ဝင်ရောက်သွားသည်။ လက်ထဲမှ ဝိညာဉ်အရည်ကို ကြည့်ရင်း သူမသည် တိုးညှင်းစွာ သက်ပြင်းချလိုက်မိ၏။

ယောကျ်ားဖြစ်သူ ယွီပိုင်ဟယ် တိုက်ခိုက်ခံရပြီး ကွယ်လွန်သွားကတည်းက သူမသည် စိတ်ဓာတ်ကျနေခဲ့သည်။

စုယွီ၏ ကျင့်ကြံခြင်း အဆင့်က တရိပ်ရိပ် တက်နေသော်လည်း... ကလေးယူချင်စိတ် ရှိပုံ မရသေးပေ။

သူမမှာ မြေးချီခွင့်တောင် မရသေး။

ကျင့်ကြံခြင်း နှင့် ပတ်သက်လို့ကတော့...

သူမ အနေနှင့် ရွှေအမြုတေ အဆင့် ကို တက်လှမ်းနိုင်မည့် အခွင့်အလမ်း သိပ်မရှိ... ဖြစ်နိုင်ချေက နည်းလွန်းပါ၏။

ဒါကြောင့် ကျင့်ကြံနေတာကလည်း သိပ်ပြီး အဓိပ္ပာယ် မရှိသလို ဖြစ်နေသည်။

သို့ဆိုပါက၊ သူမရဲ့ ဘဝကို မည်သို့ ဆက်လုပ်ရမည်နည်း။

တစ်ချိန်တည်းမှာပင်...

လန်ရှီ နှင့် လန်ကုန်း ညီအစ်မ နှစ်ယောက်သည်လည်း စုယွီပေးသော ဝိညာဉ်အရည်ကို ဝမ်းသာအားရ လက်ခံလိုက်ကြသည်။ စုယွီနှင့် ယွီခယ်အာ တို့ သူတို့၏ အခန်းထဲသို့ ဝင်သွားပြီးမှသာ... သူတို့သည် ကိုယ်ပိုင် ကျင့်ကြံခြင်း အခန်းငယ်များသို့ ပြန်သွားပြီး တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်ကြ၏။

ယခုအခါ သူတို့သည် အဆင့် (၄) ဝိညာဉ်သွေးကြော ဂူစံအိမ် ကောင်းကင်ဘုံ သို့ ရောက်ရှိနေကြပြီး... စုယွီ ထောက်ပံ့ပေးသော အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ်များကိုလည်း ရရှိထားကြ၏။ ထို့ကြောင့် လန်ရှီ နှင့် လန်ကုန်း တို့၏ ကျင့်ကြံလိုစိတ်သည် အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

သူတို့သည် ပိုမိုမြင့်မားသော ကျင့်ကြံခြင်း အဆင့်၊ ပိုမို ရှည်လျားသော သက်တမ်းကို လိုချင်ကြပြီး... စုယွီနှင့်အတူ ဆက်လက် လျှောက်လှမ်းချင်ကြ၏။

ပို၍ အရေးကြီးသည်မှာ... သူတို့သည် စုယွီ၏ အမျိုးသမီးများ ဖြစ်ချင်ကြသည်။

ယခင်က မစဉ်းစားခဲ့ဖူးသော်လည်း... ယခုအခါတွင်မူ ထိုဆန္ဒ ပြင်းပြလာခဲ့၏။

ဒါက သဘာဝကျပါသည်လေ။

မိမိတို့က စုယွီ နောက်ကို လိုက်လာခဲ့ကြပြီပဲ... ဒီအတိုင်း အစေခံ ဘဝနှင့်သာ တစ်သက်လုံး နေသွားရမည်လား။

ယခုလိုသာ ဆိုလျှင်တော့... သူမတို့က စုယွီရဲ့ တာအို လက်တွဲဖော် ဖြစ်လာနိုင်မလား ဆိုတာ စွန့်စားပြီး ကြိုးစားကြည့်ချင်ကြပါသည်။

အထူးသဖြင့် စုယွီက လော့ချင်းယာ အတွက် ရွှေအမြုတေ အခွင့်အလမ်းကို ရှာဖွေပေးဖို့ စီစဉ်နေကြောင်း ကြားလိုက်ရသည့် အခါ... သူမတို့၏ ဆန္ဒများ… ပိုမို ပြင်းထန်လာရတော့၏။

All Chapters