← Chapters

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆) - ကျယ်ပြန့်သော ကမ္ဘာ၏ တည်နေရာညွှန်းကိန်းများ (အပိုင်း ၃)

~ရှူလင်ယွီသည် ထိုလူနှစ်ဦး၏ တိုက်ပွဲကို သူ၏မျက်ဝန်းများထဲတွင် ရောင်ပြန်ဟပ်နေသည်အထိ စိုက်ကြည့်နေပြီးနောက်၊ ဆက်မကြည့်လိုတော့သဖြင့် ခေါင်းကို တစ်ဖက်သို့ လွှဲပစ်လိုက်၏။

သူသည် နင်ချီရှိရာဘက်သို့ အကြည့်ရောက်ရှိလိုက်ပြီး ရုတ်တရက် ပြန်လည်ပြေးဝင်သွားသည်။

"ငါ့မှာ သတ်ဖြတ်ခံရဖို့ ထိုင်စောင့်နေတတ်တဲ့ အကျင့်မရှိဘူးကွ"

သူ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

ရှူလင်ယွီသည် အင်မော်တယ်ဗျိုင်းတစ်ကောင်အဖြစ် နောက်တစ်ကြိမ် အသွင်ပြောင်းသွားပြီး၊ ထာဝရလမ်းစဉ်၏ ဝိညာဉ်တစ်ပါးအလား ဟင်းလင်းပြင်ကို မဆိုင်းမတွဖြတ်သန်းကာ နင်ချီ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

သူ၏ ရှည်လျားသော ဗျိုင်းခြေတံနှစ်ခုသည် လျင်မြန်စွာ ကန်ကျောက် ကုတ်ခြစ်နေပြီး၊ တိုက်ကွက်တိုင်းတွင် မည်သည့်အခါမျှ ပြန်မကျက်နိုင်သော အနက်ရောင်ဟင်းလင်းပြင်အပေါက်များ၊ ဗျိုင်းခြေရာများကို ချန်ရစ်ထားခဲ့၏။

ရှူလင်ယွီ တိုက်ခိုက်လာချိန်တွင် နင်ချီကမူ ဧရာမ လက်တစ်ဖက်ကို ဖန်တီး ဆန့်ထုတ်ကာ ညင်သာစွာ ရိုက်ချလိုက်ရုံသာ ပြုလုပ်ခဲ့သည်။

ဖြန်းခနဲ အသံနှင့်အတူ ဧရာမ ဗျိုင်းခြေတံကြီးသည် ဖြူဝေးနုနယ်သော လက်ဖဝါးပေါ်သို့ ကျရောက်သွား၏။ မည်သည့် အနက်ရောင် ဗျိုင်းခြေရာမျှ ထွက်ပေါ်မလာခဲ့ဘဲ၊ နင်ချီ၏ သေးငယ်လှသော လက်ဖဝါးလေးကို ကန်မိသော်လည်း ထိုလက်ဖဝါးလေးမှာ တုန်လှုပ်သွားခြင်း အလျဉ်းမရှိပေ။

နင်ချီ၏ လက်ဖဝါးသည် ရွှေ့ပြောင်းမရသော နတ်ဘုရားတောင်တော်ကြီး တစ်လုံးနှင့်တူနေပြီး၊ ရှူလင်ယွီမှာမူ ထိုတောင်တော်ကြီးကို ဝင်တိုက်မိကာ ရန်သူကို ဒဏ်ရာမရစေနိုင်သည့်အပြင် မိမိကိုယ်တိုင်သာ ဒဏ်ရာဗရပွ ရရှိသွားခဲ့သည်။

ရှူလင်ယွီသည် သွေးတစ်ပွက် အန်ချလိုက်ရပြီး၊ ကျိုးပဲ့သွားသော အရိုးတစ်ဝက်ကို ကုသရန် နောက်ဆုတ်သွားရင်း နင်ချီကို မယုံနိုင်လောက်အောင် မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။

ယခင်က ဓားဘိုးဘေးကြီး၏ အစွမ်းထက်သော တိုက်ကွက်ကြောင့် သူတို့၏ ပေါင်းစပ်ထားသော ခေါင်းနှစ်လုံးပါ အင်မော်တယ်ဗျိုင်းတိုက်ကွက် နောက်ဆုတ်သွားခဲ့ရသော်လည်း၊ ထိုအချက်အပေါ် သူတို့ ဘာမှ မတွေးခဲ့မိပေ။ အဘယ်ကြောင့်ဆိုသော် ဓားဘိုးဘေးကြီးသည် တသားတည်းဖြစ်ခြင်းနယ်ပယ်၏ အခြေခံသဘောတရားများကို ထိတွေ့ထားပြီးဖြစ်ရာ သူ၏ စွမ်းအားကို နားလည်ပေး၍ ရသောကြောင့် ဖြစ်၏။

သို့သော် နင်ချီ၏ လက်ဖဝါးမှာမူ သာမန် သေမျိုးတစ်ယောက်၏ လက်ဖဝါးကဲ့သို့ ရိုးရှင်းနေ၏။ ရှူလင်ယွီသည် မည်သည့် စွမ်းအားအရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ပေ။

သူသည် အတန်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"မင်းကများ ဝိညာဉ်နယ်မြေရဲ့ နယ်မြေအရှင်သခင်... ပေါင်းစည်းခြင်းနယ်ပယ်အဆင့်ရှိတဲ့ နယ်မြေအရှင်သခင်များ ဖြစ်နေမလား..."

နင်ချီ အနည်းငယ် အံ့အားသင့်သွား၏။ တစ်ဖက်လူက နယ်မြေအရှင်သခင်အကြောင်း သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

နင်ချီက ငြင်းဆန်ခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ၊ သွေးများပေကျံနေသော ရှူလင်ယွီ၏ မျက်နှာမှာ ပို၍ပင် ခါးသက်သွားတော့သည်။

"ဒါကြောင့်လည်း သူတို့အားလုံး မင်းကို နာခံနေကြတာကိုး... မင်းက နယ်မြေအရှင်သခင် ဖြစ်နေတာပဲ"

နင်ချီသည် သူ့ကို ဆက်ပြောခွင့်မပေးတော့ဘဲ နုနယ်သော လက်ဖဝါးကို နောက်တစ်ကြိမ် ဆန့်ထုတ်ကာ၊ နဂါးနက်ကြီးကို ဖမ်းဆုပ်သည့်နှယ် ရှူလင်ယွီကို လက်တစ်ဖက်တည်းဖြင့် မဆိုင်းမတွ ဖိနှိပ်ချုပ်ကိုင်လိုက်၏။

ရှူလင်ယွီသည် အသည်းအသန် ရုန်းကန်သော်လည်း၊ အင်မော်တယ်ဗျိုင်း သွေးလောင်ကျွမ်းခြင်း နည်းစနစ်ကို အသုံးပြု၍ပင် နင်ချီ၏ ဖမ်းဆုပ်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူသည် နဂါးနက်ကြီးကဲ့သို့ ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် လက်မအရွယ်အစားရှိ လူပုံစံငယ်လေးအဖြစ် ပြောင်းလဲသွားကာ နင်ချီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

နင်ချီသည် ဓားဘိုးဘေးကြီး ရှိရာဘက်သို့ အကြည့်ရောက်ရှိလိုက်ရာ၊ ဓားဘိုးဘေးကြီးသည် ဟောက်ချိုးရန်အပေါ် ဓားရေး စမ်းသပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ဟောက်ချိုးရန်သည် မည်သည့်နည်းလမ်းကိုသုံးသုံး သူ၏ ချုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်ပေ။ ကိုယ်တိုင် ပေါက်ကွဲသေဆုံးရန် ကြိုးစားမှုများပင်လျှင် ဓားဘိုးဘေးကြီး၏ ဓားတစ်ချက်တည်းဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားရ၏။

နှစ်ပေါင်း ထောင်သောင်းချီ အသက်ရှင်လာခဲ့သော ဟောက်ချိုးရန်မှာ ငိုချင်စိတ်ပင် ပေါက်နေရရှာသည်။

"ဓားဘိုးဘေးကြီး... သူ့ကို ဖမ်းလိုက်တော့ဗျ။ ဟိုဘက်က လူတွေ ထပ်လာနေပြီ" နင်ချီက ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ဓားဘိုးဘေးကြီး ခေတ္တမျှ ရပ်တန့်သွားပြီး၊ ချက်ချင်းပင် ဟောက်ချိုးရန်ကို ဖမ်းဆီးကာ ပြန်လာခဲ့သည်။

ဓားဘိုးဘေးကြီးသည် မူလဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်သော်လည်း၊ မည်မျှပင် ကြိုးစားစေကာမူ လာနေသော အခြေအနေကို အာရုံမခံနိုင်ခဲ့သဖြင့်၊ နင်ချီ၏ သာလွန်လှသော မူလဝိညာဉ်စွမ်းအားကို အံ့ဩချီးကျူးရုံသာ တတ်နိုင်တော့၏။

အောက်ဘက်တွင်မူ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်း၏ ကျန်ရှိနေသော ကျင့်ကြံသူအားလုံးမှာ မျိုးဖြုတ်သုတ်သင်ခြင်း ခံလိုက်ရတော့သည်။

မိမိတို့၏ မဟာမိတ်ခေါင်းဆောင်ကြီးနှင့် ဓားဘိုးဘေးကြီးတို့က ရန်သူ့ဘိုးဘေးကြီးများကို ဖမ်းဆီးလိုက်နိုင်သည်ကို မြင်သောအခါ၊ သူတို့၏ ရင်ထဲတွင် ကြည်ညိုလေးစားမှုများ နောက်တစ်ကြိမ် သဘာဝကျကျ ပေါ်ပေါက်လာခဲ့၏။ အထွတ်အထိပ် ဘိုးဘေးကြီး တစ်ဦးကိုပင် အလွယ်တကူ ဖိနှိပ်နိုင်သော ခေါင်းဆောင်ကြီး၏ စွမ်းရည်ကြောင့်၊ တသားတည်းဖြစ်ခြင်းနယ်ပယ် စွမ်းအားရှင်များ ပေါ်မလာသရွေ့ သူတို့၏ လက်ရှိ စစ်မြေပြင်ခရီးစဉ်မှာ တကယ့်ကို လုံခြုံစိတ်ချရပြီဟု ခံစားလိုက်ရသည်။

ရှူလင်ယွီနှင့် ဟောက်ချိုးရန်တို့သည် လုံးဝ အရေးနိမ့်သွားခဲ့သော်လည်း၊ တောင်းပန်မည့် အရိပ်အယောင် စိုးစဉ်းမျှ မပြကြပေ။

"မင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... ဝိညာဉ်ငှက်နယ်မြေက ကျင့်ကြံသူတွေကိုတော့ မင်း ယှဉ်နိုင်မှာ မဟုတ်ဘူး" ဟု ဟောက်ချိုးရန်က နင်ချီကို အေးစက်စွာ ကြည့်ရင်း ကဲ့ရဲ့လိုက်၏။

ရှူလင်ယွီကလည်း လှောင်ပြောင်လိုက်၏။

"ငါတို့ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှာ အလားတူ အစွမ်းထက်တဲ့ အဖွဲ့သုံးဖွဲ့ ကျန်သေးတယ်။ ပြီးတော့ ဝိညာဉ်ငှက်နယ်မြေမှာ ငါတို့ဂိုဏ်း တစ်ခုတည်း ရှိတာ မဟုတ်ဘူး"

သူတို့၏ ခြိမ်းခြောက်မှုများမှာ လေပြေလေညင်း တစ်ခုလိုသာ ဖြစ်ပြီး မည်သူ့ကိုမျှ မထိခိုက်စေခဲ့ပေ။ ဤအခြေအနေကြောင့် သူတို့နှစ်ဦးမှာ ဒေါသထွက်လွန်း၍ အတွင်းဒဏ်ရာပင် ရမတတ် ဖြစ်သွားကြ၏။

ရှူလင်ယွီသည် နောက်ထပ် သတင်းတစ်ခုကို ထုတ်ဖော်ကာ အော်ဟစ်လိုက်သည်။ "မင်းတစ်ယောက်တည်း နယ်မြေအရှင်သခင် ဖြစ်နေတာ မဟုတ်ဘူးကွ"

ထိုခြိမ်းခြောက်မှုများက ရလဒ် ထွက်ပေါ်မှု နည်းပါးလှသည်။ နင်ချီ၏ ဘက်တွင် ဓားဘိုးဘေးကြီးနှင့် ဝေဝူယာတို့သာ နယ်မြေအရှင်သခင်များ၏ လျှို့ဝှက်ချက်ကို သိရှိကြပြီး၊ ဝိညာဉ်နယ်မြေစွမ်းအားကို အသုံးပြုနိုင်ကြောင်း သိထားကြ၏။ ထို့ကြောင့် သူတို့၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သို့သော် နင်ချီမှာမူ အနည်းငယ် ဝမ်းသာသွားပြီး မေးလိုက်၏။

"ဝိညာဉ်ငှက်နယ်မြေရဲ့ နယ်မြေအရှင်သခင်ကလည်း ဒီမှာ တကယ် ရှိနေတာလား..."

ရှူလင်ယွီသည် သူ့ရှေ့မှ လူငယ်လေး၏ မျက်နှာတွင် ဘာကြောင့် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာရသနည်း ဆိုသည်ကို တကယ်ကို နားမလည်နိုင် ဖြစ်နေသည်။

နင်ချီကတော့ သဘာဝကျကျပင် ဝမ်းမြောက်နေခြင်း ဖြစ်၏။ အကယ်၍ ဝိညာဉ်ငှက်နယ်မြေ၏ နယ်မြေအရှင်သခင်သာ စစ်မြေပြင်နယ်မြေထဲ ဝင်ရောက်လာခဲ့ပါက၊ နောင်တွင် မိမိ.. ရရှိမည့် အကျိုးအမြတ်များမှာ အလွန်များပြားပေလိမ့်မည်။

သို့သော် ယုတ္တိဗေဒအရ တွေးကြည့်လျှင် ဝိညာဉ်ငှက်နယ်မြေသည် အလယ်အလတ်အဆင့် ဝိညာဉ်နယ်မြေ တစ်ခု ဖြစ်၏၊ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှာလည်း အင်မော်တယ်ဂိုဏ်းကြီးတစ်ခု ဖြစ်ရာ၊ ၎င်း၏ နယ်မြေအရှင်သခင်သည်လည်း တသားတည်းဖြစ်ခြင်းနယ်ပယ် အဆင့်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ပေလိမ့်မည်။

‘အခုအချိန်မှာ တသားတည်းဖြစ်ခြင်းနယ်ပယ် ကျင့်ကြံသူတွေ စစ်မြေပြင်နယ်မြေထဲ ဝင်လို့ မရဘူး မဟုတ်ဘူးလား။’

နင်ချီ၏ ထူးဆန်းသော တုံ့ပြန်မှုကို မြင်သောအခါ၊ ရှူလင်ယွီသည် ချက်ချင်းပင် နှုတ်ဆိတ်သွားတော့၏။

ထိုစဉ် နင်ချီက ရုတ်တရက် အမိန့်ပေးလိုက်၏။ "အခင်းအကျင်း ဖွဲ့ကြ..."

ကျင့်ကြံသူများသည် တိတ်ဆိတ်စွာ ပူးပေါင်းဆောင်ရွက်ကြပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အခင်းအကျင်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

ထို့နောက် နင်ချီသည် ဖုံးကွယ်ခြင်း မဟာအခင်းအကျင်းကြီးတစ်ခုကို ခင်းကျင်းလိုက်၏။

မကြာမီမှာပင် သူစိမ်း ကျင့်ကြံသူ အနည်းငယ်သည် ထိုနေရာသို့ ပျံသန်းလာပြီး လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာကြသည်။

နင်ချီသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

‘ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှာ နောက်ထပ် အဖွဲ့သုံးဖွဲ့ ကျန်သေးတယ် မဟုတ်ဘူးလား၊ အခု လူနည်းနည်းလေးပဲ ရောက်လာတာ ဘာသဘောလဲ။’

ခေတ္တမျှ စဉ်းစားပြီးနောက် နင်ချီ သဘောပေါက်သွားသည်။

ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်း၏ အခြားအဖွဲ့သုံးဖွဲ့သည် ရှူလင်ယွီနှင့် ဟောက်ချိုးရန်တို့ထံမှ အရေးပေါ် သတင်းစကားကို ရရှိခဲ့ကြမည်မှာ သေချာသော်လည်း၊ သူတို့သည် တစ်နေရာတည်းတွင် ရှိမနေကြပေ။

လက်ရှိတွင် အဖွဲ့တစ်ဖွဲ့သာ ရောက်ရှိလာပြီး၊ လူအင်အား နည်းပါးနေသည်ဟု ခံစားရသဖြင့် အခြေအနေကို စစ်ဆေးရန် လူအနည်းငယ်ကိုသာ စေလွှတ်လိုက်ခြင်း ဖြစ်၏။

သူတို့ကို ဖမ်းဆီးရန်၊ ထိုအဖွဲ့၏ တည်နေရာကို စစ်ဆေးဖော်ထုတ်ရန်နှင့် ထပ်မံ တိုက်ခိုက်ရန် အဖွဲ့ကို အချက်ပြလိုက်သည်။

သို့သော် မထွက်ခွာမီ နင်ချီသည် နယ်မြေဆုံမှတ်ကို ထုတ်ယူလိုက်၏။

သူ့ပတ်ဝန်းကျင်မှ စွမ်းအားများ လှိုင်းထလာပြီး ဆုံမှတ်ပုလဲအတွင်းသို့ စီးဝင်သွားကာ၊ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့် မြေကြီး၏ အရောင်အသွေး ပြောင်းလဲသွားတော့၏။

မမြင်နိုင်သော စွမ်းအားတစ်ခု စုစည်းလာပြီး ဆုံမှတ်ပုလဲအတွင်းသို့ တိုးဝင်သွားသည်။

ထို့နောက် ဆုံမှတ်ပုလဲသည် ကြီးထွားလာကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်သို့ ပျံတက်သွားကာ စစ်မြေပြင်နယ်မြေ၏ အထက်ပိုင်း၌ တည်ငြိမ်သော ကြယ်တစ်ပွင့်အဖြစ် တည်ရှိသွားတော့၏။

နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ လူများသည် သူတို့၏ ခန္ဓာကိုယ်အနှံ့ သက်တောင့်သက်သာ ရှိသွားသည်ကို ခံစားလိုက်ရသည်။

ဖြစ်နိုင်သည်မှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ဤနယ်မြေကို သိမ်းပိုက်လိုက်သဖြင့်၊ သူတို့အပေါ် သက်ရောက်နေသော ဖိနှိပ်မှု စွမ်းအားမှာလည်း သုံးပုံတစ်ပုံခန့် လျော့ကျသွားခြင်း ဖြစ်ပေမည်။

ထို့နောက် နင်ချီသည် ညှဉ်းပန်းနှိပ်စက်ခြင်း နည်းလမ်းများကို အသုံးပြုခဲ့၏။

နောက်ဆုံးတွင် ရှူလင်ယွီနှင့် ဟောက်ချိုးရန်တို့၏ နှုတ်မှတစ်ဆင့် ဝိညာဉ်ငှက်နယ်မြေ၏ ဟင်းလင်းပြင် တည်နေရာ ညွှန်းကိန်းများကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဝိညာဉ်ငှက်နယ်မြေ၏ နယ်မြေအရှင်သခင်နှင့် ပတ်သက်သော သတင်းအချက်အလက်များကိုပါ ရရှိခဲ့သည်။

သိလိုက်ရသည်မှာ ကျယ်ပြန့်သော ကမ္ဘာတွင် ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်းသည် အမြင့်မားဆုံး ဩဇာအာဏာကို ပိုင်ဆိုင်ထား၏။

သူတို့၏ လက်အောက်ရှိ ဝိညာဉ်နယ်မြေသခင်များ အားလုံးကို ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်းက နယ်ပယ် အပိုင်စား ပေးထားခြင်းဖြစ်ပြီး၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်းခွင့် ပြုထားသည်။ ၎င်းမှာ လူအများစုက စွမ်းအားဖြင့် တက်လှမ်းကြရသော ဤတောင်နှင့် ပင်လယ် ကမ္ဘာဘက်နှင့် မတူညီပေ။

ဤအချက်ကို သဘောပေါက်သွားသောအခါ နင်ချီ အလွန် ဝမ်းမြောက်သွားခဲ့၏။ ဝိညာဉ်ငှက်နယ်မြေ၏ နယ်မြေအရှင်သခင်သည် စစ်မြေပြင် နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပြီး၊ သူ၏ စွမ်းအားမှာ ပေါင်းစည်းခြင်းနယ်ပယ် အဆင့်တွင်သာ ရှိနေပုံ ရသည်။

မေးခွန်းထုတ်စရာ ကျန်ရှိနေသည်မှာ တစ်ဖက်လူသည် စစ်မြေပြင်နယ်မြေအတွင်း၌ ဝိညာဉ်နယ်မြေ စွမ်းအားကို ဆင့်ခေါ် အသုံးပြုနိုင်ခြင်း ..ရှိမရှိပင် ဖြစ်၏။

အခန်း (၇၀၇) - ဆုလာဘ်များ

~နင်ချီသည် စစ်မြေပြင်နယ်မြေအတွင်း၌ နယ်မြေအရှင်သခင်၏ စွမ်းအားကို အသုံးပြု၍ မရနိုင်ပေ။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ သတ်မှတ်ချက်အရ၊ နယ်မြေအရှင်သခင်များသည် ၎င်းတို့၏ စွမ်းအားကို ဝိညာဉ်နယ်မြေအတွင်း၌သာ အသုံးပြုခွင့်ရှိသည်။

အခြေခံအားဖြင့် ဆိုရလျှင် ဝိညာဉ်နယ်မြေစွမ်းအားသည် တောင်နှင့် ပင်လယ် ကမ္ဘာမှ မြစ်ဖျားခံလာခြင်း ဖြစ်ပြီး၊ မည်သည့်နေရာတွင် အသုံးပြုရမည် ဆိုသည်ကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကသာ အဆုံးအဖြတ်ပေးထားခြင်း ဖြစ်၏။

အကယ်၍ ကျယ်ပြန့်သော ကမ္ဘာမှ နယ်မြေအရှင်သခင်သည်သာ စစ်မြေပြင်နယ်မြေအတွင်း၌ ဝိညာဉ်နယ်မြေစွမ်းအားကို အသုံးပြုခွင့် ရရှိမည်ဆိုပါက၊ သူတို့ဘက်အတွက်မူ ကြီးမားသော ဘေးဒုက္ခကြီး ဖြစ်သွားပေလိမ့်မည်။

သေချာသည်မှာ၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ထိုမျှအထိ မိုက်မဲမည် မဟုတ်ပေ။

နယ်မြေဆုံမှတ်သည် စစ်မြေပြင်၏ ကောင်းကင်ယံထက်၌ တည်ငြိမ်သော ကောင်းကင်ကြယ် တစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်နှင့်အမျှ၊ အစွမ်းထက်လှသော တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ဤနေရာတွင် ပိုမိုကြီးမားသော မဟာဗျူဟာမြောက် အသာစီးကို ရယူနိုင်ခဲ့တော့၏။

သို့သော် ဆုံမှတ်ကို ကောင်းကင်ကြယ်အဖြစ် ပြောင်းလဲလိုက်ရုံမျှဖြင့် လုံလောက်သော တည်ငြိမ်မှု မရှိသေးပေ။ ယင်းနှင့် ချိတ်ဆက်နေမည့် ယဇ်ပလ္လင်တစ်ခုကို မြေပြင်အောက်တွင် မဖြစ်မနေ တည်ဆောက်ရမည် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး ပေါင်းစပ်ပံ့ပိုးမှု ရှိမှသာလျှင်၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ဤနယ်မြေကို အပြည့်အဝ ဖိနှိပ်လွှမ်းမိုးနိုင်မည်။ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများ၏ တန်ပြန်တိုက်ခိုက်မှုများကို ဟန့်တားနိုင်မည် ဖြစ်ပါ၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ယဇ်ပလ္လင် တည်ဆောက်ရန် နည်းလမ်းများကို ကြိုတင် ပေးအပ်ထားပြီး ဖြစ်ရာ၊ နင်ချီက သူ၏ ကျင့်ကြံသူများကို စတင် လုပ်ဆောင်ရန် အမိန့်ပေးလိုက်သည်။

လျှပ်ပြက်သလိုပင်၊ အခင်းအကျင်းပညာရပ်တွင် ထူးချွန် ကျွမ်းကျင်သော ကျင့်ကြံသူအဖွဲ့ တစ်ဖွဲ့သည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ စစ်တပ်ကြီးထဲမှ ထွက်ပေါ်လာကြ၏။

သူတို့သည် အထက်ကောင်းကင်ယံရှိ ကြယ်ကို ဦးစွာ မော့ကြည့်လိုက်ပြီးနောက်၊ ၎င်း၏ တည့်တည့်အောက်ရှိ မြေနေရာတစ်ခုကို ရွေးချယ်လိုက်ကြသည်။

ရွေးချယ်ထားသော နေရာပတ်လည်တွင် လူတိုင်း စုဝေးလိုက်ကြပြီး လက်ဟန်များ ရေးဆွဲလိုက်ကြ၏။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များမှ ဝိညာဉ်စွမ်းအင်များနှင့် စည်းမျဉ်း နတ်ဘုရား ချည်နှောင်မှုများ အဆက်မပြတ် ထွက်ပေါ်လာကာ၊ ယဇ်ပလ္လင်၏ အခြေခံအုတ်မြစ်ကို မြေပြင်ပေါ်တွင် ရေးထွင်းလိုက်ကြတော့သည်။

ဝုန်းခနဲ မြည်ဟီးသံနှင့်အတူ၊ အလွန်တရာ ရှုပ်ထွေးနက်နဲလှသော မဟာအခင်းအကျင်းကြီး တစ်ခုသည် သူတို့၏ လက်များကြားမှ ထွက်ပေါ်လာသည်ကို ဘေးမှ ကြည့်ရှုနေသူများ ခံစားလိုက်ကြရ၏။

ထို့နောက်တွင် သူတို့သည် ကောင်းကင်နှင့် မြေကြီး ရတနာ အမျိုးမျိုးကို ထုတ်ယူကာ၊ ထိုအခြေခံအုတ်မြစ်ပေါ်တွင် ယဇ်ပလ္လင် အခင်းအကျင်းကို စတင် တည်ဆောက်ကြလေသည်။

အချိန်တိုအတွင်းမှာပင် အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်နေသော ခြောက်ထောင့်ကြယ် အခင်းအကျင်းတစ်ခု ပေါ်ထွက်လာ၏။ ၎င်း၏ ဗဟိုချက်တွင် အံ့မခန်းဖွယ်ရာ ရှုပ်ထွေးလှသော အခင်းအကျင်း နည်းစနစ်များဖြင့် တည်ဆောက်ထားသော ကောင်းကင်နှင့် မြေကြီး ရတနာများကို အုတ်ချပ်များသဖွယ် အဆင့်ဆင့် စီရီထားလေသည်။

အတန်ကြာပြီးနောက်တွင်၊ ခမ်းနားထည်ဝါပြီး ပြည့်စုံသော ယဇ်ပလ္လင်ကြီးတစ်ခုသည် ထိုနေရာ၌ အခိုင်အမာ ပေါ်ထွက်လာတော့၏။

ယဇ်ပလ္လင်၏ ထိပ်ဖျားတွင် လူတစ်ယောက်၏ ဦးခေါင်းအရွယ်အစားရှိ ကြည်လင်နေသော ဝိညာဉ်ကျောက်စိမ်း တစ်ခု ရှိနေပြီး၊ ၎င်း၏ အတွင်း၌ စီးဆင်းနေသော မြူခိုးများ လှုပ်ရှားနေသယောင် ရှိကာ မြေကမ္ဘာကြယ်နှင့် ချိတ်ဆက် တုံ့ပြန်နေ၏။

ယဇ်ပလ္လင်ကြီးကို အပြည့်အဝ တည်ဆောက်ပြီးစီးသွားသည့် အခိုက်အတန့်မှာပင်၊ ကောင်းကင်ယံရှိ နယ်မြေဆုံမှတ်မှ ဖြစ်တည်လာသော ကြယ်ထံမှ ကြယ်ရောင်တန်းတစ်ခုသည် အောက်သို့ ဒေါင်လိုက် ရုတ်တရက် ထိုးဆင်းလာခဲ့သည်။

မြှားတစ်စင်းအလား လျင်မြန်သော ထိုကြယ်ရောင်တန်းသည် ယဇ်ပလ္လင်ထိပ်ရှိ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းကို တည့်မတ်စွာ ထိမှန်သွားတော့၏။

ချက်ချင်းပင်၊ ထိုကြည်လင်သော ဝိညာဉ်ကျောက်စိမ်းသည် အထက်မှ ကြယ်ရောင်တန်းများကို အဆက်မပြတ် စုပ်ယူလိုက်၏။ တချိန်တည်းမှာပင် အောက်ဘက်ရှိ ယဇ်ပလ္လင်နှင့် အခင်းအကျင်းတို့ကလည်း အားစိုက်ထုတ်ကာ၊ မြေကြီးထဲမှ စွမ်းအင်များကို စဉ်ဆက်မပြတ် ဆွဲယူပြီး ဝိညာဉ်ကျောက်စိမ်းအတွင်းသို့ ဖြည့်သွင်းပေးနေလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ၎င်းအတွင်းရှိ ဝိညာဉ်စွမ်းအင် မြူခိုးများသည် လုံးဝ နိုးကြားသက်ဝင်လာသည့်နှယ် ဖြစ်သွားသည်။ သန့်စင်သော စွမ်းအင်များက အထက်သို့ တက်သွားပြီး၊ မသန့်စင်သော စွမ်းအင်များက အောက်သို့ ကျဆင်းသွားကာ အခင်းအကျင်း တစ်ခုလုံးမှာ ထိန်းမရအောင် တုန်ခါလာတော့၏။

ယဇ်ပလ္လင်ကို တည်ဆောက်ခဲ့ကြသော ကျင့်ကြံသူတိုင်း၏ မျက်နှာများထက်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာပြီး၊ အလွန်တရာ ပင်ပန်းနွမ်းနယ်နေသည့် အသွင် ပေါ်လာကြ၏။

ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းကို ပြန်လည် ကြည့်ရှုလိုက်သောအခါ၊ သန့်စင်သော စွမ်းအင်နှင့် မသန့်စင်သော စွမ်းအင်များသည် လုံးဝ ကွဲကွာသွားကြသည်။ အထက်နှင့် အောက် စွန်းနှစ်ဖက်တွင် လည်ပတ်နေသော တစ်ခုနှင့်တစ်ခု မသက်ဆိုင်သည့် စွမ်းအား နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

ကျင့်ကြံသူ အများစုသည် နက်နဲလှသော အခင်းအကျင်း ပညာရပ်များကို နားမလည်ကြသော်လည်း၊ ကွဲကွာသွားသော ထိုစွမ်းအင်နှစ်ခုကို မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ နှလုံးသားထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာခဲ့၏။

ဒါက နယ်မြေများ ပင်လယ်နဲ့ ကျယ်ပြန့်သော ကမ္ဘာက လာတဲ့ စွမ်းအင်တွေများ ဖြစ်နေမလား...။

သူတို့သည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ၊ တိမ်တိုက်များထဲမှ စွမ်းအင် အမြောက်အမြား စုပ်ယူခံလိုက်ရသည့်နှယ် ထင်ရပြီး၊ အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင်လည်း မြေကြီးမှာ ပိုမို သန့်စင်သွားသည့်နှယ် မြင်တွေ့ရသည်။

သို့သော်လည်း၊ ကမ္ဘာကြီး နှစ်ခု၏ စွမ်းအင်များသည် အပြည့်အဝ ဖိနှိပ်ခံထားရခြင်း မရှိသေးဘဲ၊ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်း အတွင်း၌ ဂနာမငြိမ်စွာဖြင့် လှုပ်ရှား ရုန်းကန်နေဆဲ ဖြစ်၏။

ထို့ပြင် ယဇ်ပလ္လင်ကို ထိန်းသိမ်းထားရသော ကျင့်ကြံသူများသည် ယခုအခါ ယဇ်ပလ္လင်ပေါ်တွင် စုစည်းလာသော စွမ်းအင်များကို ဆက်လက် ဖိနှိပ်ထားနိုင်စွမ်း မရှိတော့သည်ကို တွေ့မြင်ရသည်။

အချိန်ကိုက်ပင် နင်ချီ ဝင်ရောက် လှုပ်ရှားလိုက်၏။

သူသည် လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ် နတ်ဘုရားတစ်ပါးအလား လေထဲမှ ဆင်းသက်လာပြီး၊ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းပေါ်သို့ ခြေချလိုက်၏။

ရုတ်တရက်ဆိုသလိုပင်၊ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းအတွင်း၌ ရုန်းကန်လှုပ်ရှားနေသော စွမ်းအင်များသည် ချက်ချင်း ငြိမ်သက်သွားသည်ကို လူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရသည်။

သူတို့သည် စိတ်ထဲမှမနေနိုင်ဘဲ “မဟာမိတ် ခေါင်းဆောင်ကြီး ဖြစ်ဖို့ တကယ့်ကို ထိုက်တန်ပါပေတယ်” ဟု ကြိတ်၍ ချီးကျူးလိုက်မိကြ၏။

ယဇ်ပလ္လင်ကို တည်ဆောက်နေကြသော ကျင့်ကြံသူများကို ဝန်းရံထားသည့် ပြင်းထန်သော ဖိအားများမှာလည်း ချက်ချင်း ပြေပျောက်သွားခဲ့သည်။

“ကျေးဇူးတင်ပါတယ် မဟာမိတ် ခေါင်းဆောင်ကြီး...”

နင်ချီက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး၊ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းပေါ်မှနေ၍ မြေကြီးပေါ်သို့ အေးအေးဆေးဆေး ပြန်လည် ဆင်းသက်လာခဲ့၏။

သူ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်၊ ဝိညာဉ်ကျောက်စိမ်းအတွင်းရှိ သန့်စင်သော စွမ်းအင်နှင့် မသန့်စင်သော စွမ်းအင်များသည် ငြိမ်သက်သွားရုံသာမက၊ အထက်နှင့် အောက် စွန်းနှစ်ဖက်ကြားတွင် အပြန်အလှန် ဖလှယ်စီးဆင်းမှု စတင်လာခဲ့သည်။

၎င်းတို့သည် ယင်နှင့် ယန် ငါးနှစ်ကောင်အလား ဝိညာဉ်ကျောက်စိမ်းအတွင်း၌ အဆက်မပြတ် လည်ပတ်နေပြီး၊ ထိုက်ချိ အသွင်ကို ဖန်တီးလိုက်ကြ၏။

ယခုအခါ ကောင်းကင်ကြယ်နှင့် မြေပြင်ယဇ်ပလ္လင် နှစ်ခုစလုံး ရှိနေပြီဖြစ်ရာ၊ အနီးအနားရှိ နယ်မြေများ ပင်လယ်နှင့် ကျယ်ပြန့်သော ကမ္ဘာတို့၏ စွမ်းအင်များ အားလုံးသည် ထိုကြည်လင်သော ဝိညာဉ်ကျောက်စိမ်း အတွင်းသို့ စုပ်ယူခံလိုက်ရတော့သည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ဤနယ်မြေကို အပြည့်အဝ လွှမ်းမိုးသွားနိုင်ခဲ့ပြီး၊ ၎င်းကို တောင်နှင့် ပင်လယ် ကမ္ဘာ၏ အစိတ်အပိုင်း တစ်ခုအဖြစ်သို့ ထိရောက်စွာ ပြောင်းလဲပစ်လိုက်နိုင်ခဲ့၏။

ဤအခိုက်အတန့်တွင် စစ်မြေပြင်သို့ ဝင်ရောက်လာသူတိုင်း ခံစားနေရသော ဖိအားများ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ရာ၊ ၎င်းက ဤအချက်ကို သွယ်ဝိုက်သောအားဖြင့် သက်သေပြနေပေသည်။

စစ်မြေပြင်၏ ဆုံမှတ်တစ်ခုကို ဤမျှ လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သဖြင့် လူတိုင်း၏ မျက်နှာထက်တွင် ဝမ်းမြောက်ဝမ်းသာ အပြုံးများ သီးဝေလာကြ၏။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က သူတို့အတွက် မည်သို့သော ဆုလာဘ်များ ပေးသနားမည်နည်းဟု သူတို့ စိတ်ဝင်တစား တွေးတောနေကြ၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ ရရှိမည့် ဆုလာဘ်များကို ခေတ္တ ဘေးဖယ်ထားလိုက်ပါစို့။

ယခုအချိန်တွင်၊ ချင်မင်ဟောက် သည် ဧရာမ မှော်လက်ဝါးကြီးတစ်ခုကို ထုတ်ဖော်၍၊ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများကို သုတ်သင်ရာမှ ရရှိလာခဲ့သော စစ်ပွဲလက်ရပစ္စည်းများကို နင်ချီထံသို့ အပ်နှင်းနေလေသည်။

လူတိုင်းသည် တောင်ပုံရာပုံ စုပုံနေသော အမျိုးမျိုးသော အရင်းအမြစ်များကို စိုက်ကြည့်နေကြ၏။ ထိုအထဲတွင် အရာအားလုံး စုံလင်စွာ ပါဝင်နေ၏။

အများစုမှာ ကျယ်ပြန့်သော ကမ္ဘာမှ ထွက်ရှိသည့် ကောင်းကင်နှင့် မြေကြီး ရတနာ အမျိုးမျိုး ဖြစ်ကြပြီး၊ မရေမတွက်နိုင်သော မှော်ရတနာများနှင့် ဝိညာဉ်လက်နက်များ၊ အဆင့်အသီးသီးမှ ကျင့်ကြံသူများ အသုံးပြုသော ဆေးလုံးများနှင့် သဘာဝကျကျပင် ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှ လူများ ကျင့်ကြံသည့် ကျင့်စဉ်များလည်း ပါဝင်နေလေသည်။

နင်ချီသည် ထိုစစ်ပွဲလက်ရပစ္စည်း အပုံလိုက်ကြီးကို သူ၏ သိုလှောင်မှု ဟင်းလင်းပြင် အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်၏။

“ဒီလက်ရပစ္စည်းတွေက အများကြီးလို့ ထင်ရပေမယ့်၊ ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းကို ခွဲဝေပေးဖို့ဆိုတာ သဘာဝကျကျ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အခုလောလောဆယ် ငါပဲ သိမ်းထားလိုက်မယ်။ စစ်မြေပြင်ကနေ ထွက်ခွာသွားတဲ့အခါ ဒါမှမဟုတ် လိုအပ်တဲ့ အချိန်ရောက်ရင် ခင်ဗျားတို့ကို ကြိုတင် ခွဲဝေပေးသွားပါ့မယ်...”

ထိုအခါ၊ လူတိုင်းက တညီတညွတ်တည်း သဘောတူလိုက်ကြသည်။

“မဟာမိတ် ခေါင်းဆောင်ကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ...”

အကန့်အသတ်မဲ့ ဓားဂိုဏ်း၊ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း နှင့် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်းမှ လူများသာမက၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေအတွင်းရှိ အခြားဂိုဏ်းများမှ လူများသည်ပင် ဤနှစ်များအတွင်း နင်ချီ၏ သဘောသဘာဝကို ကောင်းစွာ သိရှိနားလည်နေကြပြီ ဖြစ်၏။

နင်ချီသည် စကားချိုသွေးပြီး လိမ်ညာလှည့်စားတတ်သော မဟာမိတ် ခေါင်းဆောင်မျိုး လုံးဝ မဟုတ်ပေ။ အတိတ်ကလည်း ဂိုဏ်းအသီးသီးကို ကြီးမားလှသော အကျိုးကျေးဇူးများ အကြိမ်ကြိမ် ပေးစွမ်းခဲ့ဖူးသဖြင့်၊ သူတို့သည် နင်ချီ၏ စကားကို အပြည့်အဝ ယုံကြည်ကြသည်။

ထိုအခိုက်အတန့်မှာပင်၊ လေပြေညင်းလေး တစ်ခုသည် လူတိုင်းအပေါ် ဖြတ်သန်း တိုက်ခတ်သွားခဲ့၏။

လူတိုင်း၏ ဝတ်ရုံများမှာ လေအဝှေ့တွင် အနည်းငယ် လွင့်ဝဲသွားပြီး၊ သူတို့၏ ဆံနွယ်များသည်လည်း ညင်သာစွာ ယိမ်းနွဲ့သွားကြသည်။

ထိုစဉ်မှာပင်... ရင်းနှီးနေသော အသံတစ်သံသည် လူတိုင်း၏ စိတ်အာရုံထဲ၌ ပေါ်ထွက်လာတော့၏။

အခန်း (၇၀၈) - ဆုလာဘ်များ (အပိုင်း ၂)

~"နက်ရှိုင်းသော သစ္စာတရား နယ်မြေဟာ အလယ်အလတ်အဆင့် နယ်မြေဆုံမှတ် တစ်ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်... အလယ်အလတ်အဆင့် စည်းမျဉ်းအပိုင်းအစ ဆယ်ခုကို ဆုချီးမြှင့်မယ်။ မင်းတို့ သတ်ဖြတ်ခဲ့တဲ့ ကျယ်ပြန့်သော ကမ္ဘာက ကျင့်ကြံသူ အရေအတွက်အပေါ် မူတည်ပြီး... အသေးစား စည်းမျဉ်းအပိုင်းအစ နှစ်ဆယ်ကိုလည်း ထပ်ဆောင်း ဆုချီးမြှင့်မယ်..."

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ဆင်းသက်လာပြီ ဆိုတာကို လူတိုင်း သိလိုက်ကြ၏။

သူတို့သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကြသော်လည်း တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ အသွင်သဏ္ဌာန် အစစ်အမှန်ကို မတွေ့ရသလို၊ ကတိပေးထားသော ဆုလာဘ်များကို မည်သို့ ပေးအပ်မည်ကိုလည်း မသိကြပေ။

နင်ချီ တစ်ယောက်တည်းသာလျှင် တစ်စုံတစ်ခုကို အာရုံခံမိပြီး သူတို့ လာခဲ့ရာ လမ်းကြောင်းဆီသို့ အကြည့်ရောက်ရှိလိုက်၏။ ကြီးမား ပြင်းထန်ပြီး နက်နဲလှသော စွမ်းအား တစ်ခု ချဉ်းကပ်လာနေသည်ကို သူ သဲ့သဲ့မျှ ခံစားလိုက်ရသည်။

ဤစွမ်းအားသည် အသွင်သဏ္ဌာန် ကင်းမဲ့နေပြီး သာမန်မျက်စိဖြင့် မြင်နိုင်ရန် မဖြစ်နိုင်ပေ။ မူလဝိညာဉ်၏ နတ်ဘုရားမျက်ဝန်းကို အသုံးပြုလျှင်တောင်မှ ၎င်း၏ အသွင်အမှန်ကို မြင်တွေ့နိုင်စွမ်း မရှိပေ။

အကယ်၍ နင်ချီ၏ မူလခန္ဓာကိုယ်သည် နယ်မြေ အရှင်သခင် တစ်ပါး ဖြစ်မနေခဲ့လျှင်၊ ကမ္ဘာတစ်ခု၏ ဆန္ဒတော် တည်ရှိမှုဆိုသည်မှာ မည်သို့ရှိသည်ကို နားလည်မထားခဲ့လျှင်၊ ထို့ပြင် သူ၏ ဝင်စားခန္ဓာကိုယ်ကလည်း နယ်မြေအရှင်သခင် ဖြစ်မနေခဲ့လျှင်... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ တည်ရှိမှုကို သူ ဤမျှ ထိရှလွယ်စွာ အာရုံခံမိမည် မဟုတ်ပေ။

ဤသည်မှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်နှင့် ဤမျှ အနီးကပ် ထိတွေ့ရခြင်း ပထမဆုံးအကြိမ် ဖြစ်၏။ အမှန်တကယ်ပင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ထူးကဲလွန်းလှပြီး သူ၏ အစစ်အမှန်သိုင်း ကမ္ဘာနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။

နင်ချီသည် ၎င်း၏ အသွင်သဏ္ဌာန်ကို မမြင်နိုင်သော်လည်း၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မည်သည့်နေရာတွင် ရှိနေသည်ကိုမူ မှုန်ဝါးဝါး အာရုံခံနိုင်နေသည်။ သို့သော် အပြည့်အဝ ထိုးထွင်းသိမြင်နိုင်ရန်မှာ လက်ရှိတွင် မဖြစ်နိုင်သေးပေ။

ရုတ်တရက်... ဟင်းလင်းပြင်ကြီးသည် စီးဆင်းနေသော ရေအလျဉ်တစ်ခုအလား ဖြစ်သွားပြီး ထိုအထဲမှ ငါးများ ခုန်ထွက်လာသည့်နှယ် ဖြစ်ပေါ်လာ၏။

အဆုံးမဲ့သော အလင်းတန်းများ ဖြာထွက်နေသည့် အပိုင်းအစ သုံးဆယ်သည် နင်ချီ၏ ရှေ့မှောက်သို့ ခုန်ထွက်လာပြီး အတန်းသုံးတန်းအဖြစ် နေရာယူသွားကြသည်။

ပထမဆုံး အတန်းမှာ အလယ်အလတ်အဆင့် စည်းမျဉ်းအပိုင်းအစများ ဖြစ်ပြီး၊ နောက်နှစ်တန်းမှာမူ အသေးစား စည်းမျဉ်းအပိုင်းအစများ ဖြစ်ကြ၏။

လူတိုင်းသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပေးပို့လိုက်သော စည်းမျဉ်းအပိုင်းအစများကို ကြည့်ရင်း မျက်လုံးများ အရောင်တောက်သွားကြသည်။

ထိုစည်းမျဉ်းအပိုင်းအစများအနက်၊ အလယ်အလတ်အဆင့်မှာ လက်သီးဆုပ်ခန့် အရွယ်အစားရှိပြီး အသေးစားလေးများမှာမူ လက်ချောင်းထိပ်ခန့်သာ ရှိကြ၏။ ထိုနှစ်ခုကြားရှိ အသေးစားအရွယ်အစားမှာ ဆီးသီးတစ်လုံးစာခန့်သာ ရှိမည်ဟု ခန့်မှန်းရသည်။

ထို့ပြင် ထိုအပိုင်းအစ နှစ်မျိုးသည် အရွယ်အစား ကွာခြားရုံသာမက ၎င်းတို့အတွင်း၌ ပါဝင်သော စွမ်းအားများမှာလည်း သိသိသာသာ ကွာခြားနေ၏။

အသေးစားလေးများ အတွင်း၌ စည်းမျဉ်းဆယ်ခုခန့်သာ ပါဝင်နိုင်သည်။

အလယ်အလတ်အဆင့်တွင်မူ စည်းမျဉ်း သုံးဆယ်ခန့် ပါဝင်လေ၏။

နင်ချီသည် အတိတ်က နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေတွင် သူရရှိခဲ့ဖူးသော စည်းမျဉ်းကျောက်စိမ်းများနှင့် ထိုအရာများကို မနေနိုင်ဘဲ နှိုင်းယှဉ်ကြည့်လိုက်မိသည်။

စည်းမျဉ်းကျောက်စိမ်းများသည် ကမ္ဘာနှစ်ခု၏ ဖိသိပ်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလွန်တရာ မတည်ငြိမ်လှပေ။ အများစုမှာ မျက်နှာပြင်များစွာ ပါဝင်သည့် ပုံသဏ္ဌာန်များဖြစ်ကြပြီး အရောင်နည်းလေလေ ပို၍ ရှားပါးလေလေ ဖြစ်၏။

သို့သော် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ပေးအပ်လာသော စည်းမျဉ်းအပိုင်းအစများမှာမူ ထိုစည်းမျဉ်းကျောက်စိမ်းများနှင့် ကွဲပြားသည်။ အနှစ်သာရအားဖြင့် အခြေခံကျကျ ပိုမိုမြင့်မားနေပြီး၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ကမ္ဘာ့စွမ်းအားကို အသုံးပြုကာ စုစည်းဖန်တီးထားသော အရာများ ဖြစ်နိုင်ပေ၏။

၎င်းတို့၏ သဘောသဘာဝမှာ စည်းမျဉ်းကျောက်စိမ်းများနှင့် ပြောင်းပြန် ဖြစ်၏။ စည်းမျဉ်းများ ပိုမိုပါဝင်လေလေ ပို၍ တန်ဖိုးကြီးမားလေလေ ဖြစ်သည်။

မည်သူပင် ရရှိသည်ဖြစ်စေ၊ ထိုအရာများကို လွယ်ကူစွာ စုပ်ယူနိုင်ပြီး ကန့်သတ်ချက် များပြားသော စည်းမျဉ်းကျောက်စိမ်းများကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများကို စိုးရိမ်စရာ မလိုပေ။

ထို့အပြင် ၎င်းတို့အတွင်းရှိ စည်းမျဉ်းများ၏ အရည်အသွေးမှာလည်း အလွန် သန့်စင်လှသည်။ ဥပမာပြရလျှင် ၎င်းတို့သည် ကမ္ဘာလောကရှိ စည်းမျဉ်းစွမ်းအားများနှင့် စည်းမျဉ်းမူလအစတို့ ကြားရှိ အဆင့်တစ်ခုတွင် တည်ရှိနေကြ၏။

စည်းမျဉ်းကျောက်စိမ်းများကို သာမန် စည်းမျဉ်းစွမ်းအားများဖြင့် စုစည်းထားခြင်း ဖြစ်သော်လည်း၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်မှ စုစည်းဖန်တီးထားသော စည်းမျဉ်းအပိုင်းအစများမှာမူ စည်းမျဉ်းမူလအစနှင့် ပိုမို နီးကပ်နေပေသည်။

နင်ချီသည် ထိုအရာများကို သူ၏ သိုလှောင်မှု ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်ပြီး၊ ကစားရန်အတွက် လက်ထဲတွင် တစ်ခုတည်းကိုသာ ချန်ထားလိုက်၏။

သူသည် လက်သီးဆုပ်ခန့် အရွယ်အစားရှိသည့် အလယ်အလတ်အဆင့် စည်းမျဉ်းအပိုင်းအစတစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်းမှ ရောင်စုံအလင်းတန်း သဲ့သဲ့ ဖြာထွက်နေပြီး၊ ကြယ်တာရာ ကောင်းကင်ယံ၏ အစိတ်အပိုင်း ငယ်လေးတစ်ခုကို ကိုင်ဆောင်ထားရသည့်နှယ် ဖြစ်နေ၏။

နင်ချီသည် မျက်လုံးများကို မှိတ်ကာ ၎င်းအပေါ်ရှိ စွမ်းအားကို ခံစားကြည့်လိုက်၏။ အကယ်၍ သာမန်လူ တစ်ယောက်သာ ၎င်းကို ရရှိသွားပါက၊ သေမျိုးဘဝမှနေ၍ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကျင့်ကြံသူ တစ်ဦး အဖြစ်သို့ မဆိုင်းမတွ ပြောင်းလဲသွားစေနိုင်ပြီး မည်သည့် ဘေးထွက်ဆိုးကျိုးမျှ မရှိဘဲ အဆင့်တက်လှမ်းခြင်းကို ရရှိနိုင်ပေလိမ့်မည်။

နင်ချီက ၎င်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သောအခါ၊ စည်းမျဉ်းအပိုင်းအစသည် ကြွေမွသွားပြီး ကြယ်မှုန်များအဖြစ် ပြောင်းလဲကာ နင်ချီ၏ ခန္ဓာကိုယ်အတွင်းသို့ ရေများအလား စီးဝင်သွားတော့သည်။

နင်ချီသည် သူ၏ ခန္ဓာကိုယ်က ကာလကြာရှည် မိုးခေါင်ပြီးနောက် ရေငတ်နေသည့်နှယ် စည်းမျဉ်းအပိုင်းအစ၏ စွမ်းအားကို အငမ်းမရ စုပ်ယူနေသည်ကိုသာ ခံစားလိုက်ရသည်။

ချက်ချင်းပင်... အလွန်တရာ လန်းဆန်းသွားသော ခံစားမှု တစ်ခုသည် နင်ချီ၏ ခန္ဓာကိုယ် အတွင်းပိုင်းမှနေ၍ တစ်ကိုယ်လုံးသို့ စီးဆင်းသွားတော့၏။

၎င်းမှာ နူးညံ့သိမ်မွေ့သော မိန်းမပျိုလေးတစ်ဦးက သူ၏ အပြင်ဘက်နှင့် အတွင်းပိုင်းကို နှိပ်နယ်ကာ အနမ်းပေးနေသည့်နှယ်ပင်။

နင်ချီ၏ စိတ်အာရုံသည် တောင် တစ်လုံးအလား မတုန်မလှုပ် တည်ငြိမ်နေပြီး ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကိုသာ စဉ်ဆက်မပြတ် အာရုံစိုက်နေ၏။

ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနေသူ တစ်ယောက်အနေဖြင့်၊ ဤစည်းမျဉ်းအပိုင်းအစကို ဝါးမျိုပြီးနောက် ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် တစ်ရာခိုင်နှုန်း ပိုမို နီးကပ်သွားကြောင်း သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ဤမျှ အစွမ်းထက်လှသော ကျင့်ကြံမှု မြှင့်တင်ရေး အာနိသင်ကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။

ဆိုလိုသည်မှာ စည်းမျဉ်းအပိုင်းအစ တစ်ရာခန့် ရှိရုံဖြင့် သူသည် ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အစစ်အမှန် ဓာတ်ကြီးငါးပါး ဓားဘိုးဘေးကြီး တစ်ပါး ဖြစ်လာနိုင်မည်လား။

သူ့တွင် အလယ်အလတ်အဆင့် စည်းမျဉ်းအပိုင်းအစ ကိုးခုနှင့် အသေးစား စည်းမျဉ်းအပိုင်းအစ နှစ်ဆယ် ကျန်ရှိနေသေးသည်။ အသေးစား အပိုင်းအစ နှစ်ဆယ်၏ စွမ်းအင်သည် အလယ်အလတ် အပိုင်းအစ တစ်ခုနှင့် ညီမျှသည်ဟု ဆိုနိုင်သဖြင့်၊ နင်ချီတွင် အလယ်အလတ်အဆင့် စည်းမျဉ်းအပိုင်းအစ ဆယ်ခု ရှိနေခြင်းဖြစ်၏။

၎င်းတို့ကို ဝါးမျိုလိုက်ပါက သူသည် ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ဆယ်ပုံတစ်ပုံခန့် ပိုမို နီးကပ်သွားမည် ဖြစ်၏။

မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ နင်ချီ၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤစစ်မြေပြင်နယ်မြေသည် သူ၏အတွက် အမှန်တကယ်ပင် အခွင့်အရေးကြီးတစ်ခု ဖြစ်ပေသည်။

အခြားသူများသည် မဟာမိတ် ခေါင်းဆောင်ကြီးက စည်းမျဉ်းအပိုင်းအစများကို သန့်စင်လိုက်ခြင်းအပေါ် မည်သို့မျှ မကျေမနပ် မဖြစ်ကြပေ။

သူတို့၏ ရင်ထဲတွင် ယုံကြည်ချက် တစ်ခုတည်းကိုသာ ကာလကြာရှည်စွာ စွဲကိုင်ထားကြပါသည်။

မဟာမိတ် ခေါင်းဆောင်ကြီး ပိုမို စွမ်းအားကြီးလေလေ၊ သူတို့ ရရှိမည့် အကျိုးကျေးဇူးများ ပိုမို များပြားလာပြီး သူတို့အတွက် ပိုမို ဘေးကင်းလုံခြုံလေလေပင်။

ရုတ်တရက် နင်ချီသည် အလယ်အလတ်အဆင့် စည်းမျဉ်းအပိုင်းအစ တစ်ခုကို ထပ်မံ ထုတ်ယူလိုက်၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူက မဆိုင်းမတွ မစုပ်ယူတော့ပေ။

ထိုအစား ၎င်းအတွင်းရှိ စွမ်းအင်ကို လှုံ့ဆော်လိုက်ပြီး တောက်ပသော သဲမှုန်လေးများအဖြစ် ပြောင်းလဲကာ၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ ကျင့်ကြံသူများ အပေါ်သို့ ဖြန့်ကျက်ချပေးလိုက်သည်။

ထိုအလင်းသဲမှုန်လေးများ၏ လွှမ်းခြုံမှုအောက်တွင် မည်သူပင် ဖြစ်စေကာမူ ကျင့်ကြံသူတိုင်းသည် နင်ချီ၏ တန်းတူညီမျှသော ဆုလက်ဆောင်ကို ရရှိလိုက်ကြပါ၏။

မူလဝိညာဉ် နယ်ပယ်၊ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့မဟုတ် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများပါမကျန် အားလုံးက မိမိတို့၏ ကျင့်ကြံမှု အနည်းငယ် တိုးတက်လာသည်ကို ခံစားလိုက်ကြရသည်။

အဆင့်တက်ရန် နီးစပ်နေသူ အချို့ဆိုလျှင် နေရာတင် ဗြုန်းစားကြီး.. အဆင့်ချိုးဖျက် တက်လှမ်းသွားကြတော့၏။

ချက်ချင်းဆိုသလိုပင် လူတိုင်းက စည်းမျဉ်းအပိုင်းအစများ၏ အကျိုးကျေးဇူးကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ကြရသည်။

ထိုအခါမှသာ နင်ချီက စကားဆိုလိုက်၏။

"ဒီစည်းမျဉ်းအပိုင်းအစတွေရဲ့ အာနိသင်က တကယ့်ကို အံ့မခန်းပဲ။ နောက်ထပ်အနေနဲ့... ကျွန်တော်တို့ နယ်မြေဆုံမှတ်တွေနဲ့ ကျယ်ပြန့်သော ကမ္ဘာက ကျင့်ကြံသူတွေကို ပိုပြီး သိမ်းပိုက်ရမယ်"

လူတိုင်းက တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြ၏။

"အမိန့်အတိုင်းပါ..."

ထိုအချိန်အတွင်း လူတိုင်း၏ စိတ်ထဲတွင် တွက်ချက်နေမိကြသည်။

မိမိတို့သည် အလယ်အလတ်အဆင့် ဆုံမှတ်တစ်ခုကို သိမ်းပိုက်လိုက်ရုံမျှဖြင့် တောင်နှင့် ပင်လယ် ကမ္ဘာကြီးက မိမိတို့ကို အလယ်အလတ်အဆင့် စည်းမျဉ်းအပိုင်းအစ ဆယ်ခုကို ဆုချီးမြှင့်ခဲ့သည် လော။

All Chapters