အခန်း (၇၁၂-၇၁၄)
Vol. 48 Ch. 712-714
အခန်း (၇၁၂) - ရန်သူ့နယ်မြေ တစ်ဝက် (အပိုင်း ၃)
~ဓားဘိုးဘေးကြီးသည် နင်ချီကို အမြဲတမ်း ယုံကြည်ခဲ့သော်လည်း၊ နင်ချီ့အတွက် စိုးရိမ်ပူပန်နေဆဲပင်။
သူတစ်ယောက်တည်းသာမက အကန့်အသတ်မဲ့ ဓားဂိုဏ်းရှိ လူတိုင်းနီးပါးသည်လည်း ဓားဘိုးဘေးကြီးကဲ့သို့ပင် တွေးတောနေကြ၏။
အထူးသဖြင့် နင်ချီနှင့် ရင်းနှီးသော လုဇီယွဲ့၊ ဒုတိယဂိုဏ်းချုပ် ချန်ဝမ်ဟယ်၊ ကျင့်ကြံသူစစ်စစ် ဇီယန်၊ ကျန်းရူဟိုင် နှင့် မူလ ထိပ်တန်း အစစ်အမှန် အမွေခံ ဆယ်ဦးတို့ပင် ဖြစ်သည်။
အစစ်အမှန်သိုင်း ကမ္ဘာမှ ဝင်စားလာသူများသာလျှင် အလွန်တရာ တည်ငြိမ်နေကြပြီး၊ ချင်မင်ဟောက် သည် ထိုအထဲတွင် မပါဝင်သော်လည်း၊ သူသည်လည်း နင်ချီ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို ကြာမြင့်စွာကတည်းက သိရှိထားသူဖြစ်ရာ သူတို့နှင့် အလားတူပင် တည်ငြိမ်နေခဲ့၏။
အစစ်အမှန်သိုင်း ကမ္ဘာ၏ နယ်မြေ အရှင်သခင်လေ...
အခြားဂိုဏ်းများမှ အဖွဲ့ဝင်များသည်လည်း အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။
ဘာပဲဖြစ်ဖြစ် မဟာမိတ် ခေါင်းဆောင်ကြီး၏ နောက်သို့ လိုက်ပါပြီးကတည်းက လူတိုင်းသည် ကြီးမားလှသော အကျိုးကျေးဇူးများကို ရရှိခဲ့ကြသည် မဟုတ်ပါလော။
နင်ချီ၏ နောက်သို့ လိုက်ပါခြင်းမှ ရရှိသော အကျိုးကျေးဇူးများကို ထည့်မပြောလျှင်ပင်၊ နင်ချီက သူတို့ကို အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် တန်းတူ ဆက်ဆံပေးခြင်းကပင် သူတို့ကို အလွန်တရာ ကျေးဇူးတင်စေခဲ့၏။
ဤကဲ့သို့သော ခေါင်းဆောင်မျိုးကို တစ်ကြိမ်တစ်ခါ တွေ့ဆုံရန်ပင် အလွန် ခဲယဉ်းလှသည်။
သူတို့သည် အခြားသော နယ်မြေများ၏ အခြေအနေကို ရှင်းလင်းစွာ မသိကြသော်လည်း၊ အင်မော်တယ်ဂိုဏ်းများအောက်တွင် ခိုလှုံနေကြရသော အခြား ဝိညာဉ်နယ်မြေများမှ ဂိုဏ်းများကိုမူ ထိုအင်မော်တယ်ဂိုဏ်းများက ဤကဲ့သို့ တန်းတူညီမျှ ဆက်ဆံမည်မဟုတ်ကြောင်း သူတို့ ရဲရဲဝံ့ဝံ့ အာမခံရဲကြသည်။
ရန်သူ့နယ်မြေ တစ်ဝက် ဖြစ်ပေါ်နေသည့် အခြေအနေမျိုးတွင်ပင်၊ မဟာမိတ် ခေါင်းဆောင်ကြီးသည် အခြားသူများကို ရှေ့တန်းမှ မစေလွှတ်ဘဲ အံ့ဩဖွယ် ကောင်းလောက်အောင် တစ်ကိုယ်တော် ရင်ဆိုင်ရန် ပြင်ဆင်နေခြင်းကို ဆိုဖွယ်ရာ မရှိတော့ပေ။
နင်ချီသည် ဓားဘိုးဘေးကြီး၏ အတွေးများကို သဘာဝကျကျပင် ဖောက်ထွင်းမြင်နေ၏။
သူက ပြောလိုက်၏။ "အဘိုးကြီးဓား... ကျွန်တော် မလှုပ်ရှားခင်မှာ၊ ခင်ဗျားရဲ့ သိုင်းကွက်တစ်သောင်းကို ချိုးဖျက်နိုင်တဲ့ ဓားတစ်ချက် လိုအပ်တယ်။ နောင်ကျမှ အမှားအယွင်း မလုပ်နဲ့နော်..."
ဓားဘိုးဘေးကြီးသည် ဒေါသတစ်ဝက် ထွက်သွားသော်လည်း၊ နင်ချီက သူ့ကို ဓားဘိုးဘေးကြီးဟု ခေါ်နေရာမှ အဘိုးကြီးဓားဟု ပြောင်းခေါ်လိုက်ခြင်းကို လျစ်လျူရှုကာ၊ "သွားတော့" ဟုသာ ပြန်ဖြေလိုက်သည်။
သူသည် နင်ချီကို ဖျောင်းဖျ၍ မရနိုင်ကြောင်း သိထားသဖြင့်၊ အစွမ်းကုန် ပံ့ပိုးကူညီပေးရန်သာ တတ်နိုင်တော့သည်။
နင်ချီသည် လူအုပ်ကြီးကို နောက်တစ်ကြိမ် ဝေ့ဝဲကြည့်ရှုလိုက်ရာ၊ သူတို့ကလည်း ရှုပ်ထွေးပြီး အမျိုးမျိုးသော ခံစားချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူ့ကို ပြန်လည် စိုက်ကြည့်နေကြ၏။
စိုးရိမ်ပူပန်မှုများ၊ လေးစားမှုများ၊ အားကျမှုများ၊ ယုံကြည်မှုများ... နှင့် အခြားသော ခံစားချက်များစွာပင်။
မကြာမီမှာပင်၊ နင်ချီ၏ ပုံရိပ်သည် လုံးဝ ပျောက်ကွယ်သွားသည်ကို သူတို့ မြင်တွေ့လိုက်ကြရသည်။
နင်ချီ မည်သို့ ပျောက်ကွယ်သွားသည်ကို မည်သူမျှ မသိမြင်လိုက်သလို၊ မည်သည့်နေရာသို့ သွားသည်ကိုလည်း မသိကြပေ။
သို့သော်လည်း သူတို့၏ ပတ်ဝန်းကျင်ရှိ ဖုံးကွယ်ခြင်း အခင်းအကျင်းမှာ ဆက်လက် တည်ရှိနေဆဲဖြစ်ရာ၊ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှ လူများသည် မီတာ တစ်သောင်း အကွာအဝေးမှနေ၍ စစ်တပ်ကြီးတစ်ခုက သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်း လုံးဝ မသိရှိကြပေ။
လူတိုင်း နားလည်ထားသည့် တစ်ခုတည်းသော အချက်မှာ နင်ချီသည် ထိုယဇ်ပလ္လင် တည်ရှိရာ နေရာတွင် သေချာပေါက် ပေါ်ထွက်လာမည် ဆိုသည်ကိုပင်။
ထို့ကြောင့် လူတိုင်းသည် လက်များဖြင့် မှော်သင်္ကေတများကို ပုံဖော်ကာ စွမ်းအားများကို ပြင်ဆင်ထားကြသည်။ မဟာမိတ် ခေါင်းဆောင်ကြီး လှုပ်ရှားသည်နှင့် တပြိုင်နက် ရန်သူ အများဆုံးကို သုတ်သင်နိုင်ရန် ချက်ချင်း တုံ့ပြန်ဖို့ အဆင်သင့် ဖြစ်နေကြသည်။
ထိုအချိန်တွင်၊ ဓားဘိုးဘေးကြီးသည် တိတ်ဆိတ်စွာ ဘေးသို့ ထွက်ခွာသွားပြီး လူအုပ်ကြီးနှင့် ခပ်ခွာခွာ နေလိုက်၏။
နင်ချီ ထွက်ခွာသွားချိန်တွင်၊ သူ့တစ်ယောက်တည်းအတွက် သေးငယ်သော ဖုံးကွယ်ခြင်း အခင်းအကျင်းတစ်ခုကို ချန်ထားရစ်ခဲ့သဖြင့်၊ စစ်တပ်ကြီးနှင့် ခွဲထွက်နိုင်ရန် အထောက်အကူ ပြုခဲ့သည်။
သူ၏ တာဝန်မှာ စစ်တပ်ကြီးနှင့် မတူညီပေ။ သူသည် နင်ချီ မလှုပ်ရှားမီ အရင် လှုပ်ရှားရမည်ဖြစ်ပြီး၊ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းသားများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ကာ နင်ချီအတွက် အခွင့်အရေး ဖန်တီးပေးရမည် ဖြစ်၏။
ထို့အပြင် နင်ချီက သူ့ကို ကျောက်စိမ်းအဆောင်တစ်ခု ပေးထားခဲ့ပြီး၊ ၎င်းကို အသက်သွင်းလိုက်သည်နှင့် ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းအပေါ်သို့ ဓားတစ်ချက် ခုတ်ပိုင်းချရန် အချက်ပေးမည် ဖြစ်သည်။
ဓားဘိုးဘေးကြီးသည် စစ်တပ်ကြီး၏ ဆန့်ကျင်ဘက် အရပ်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး၊ ယဇ်ပလ္လင်ဆီသို့ စူးစိုက် ကြည့်ရှုနေလိုက်၏။
သူက စိတ်ထဲမှ တွေးလိုက်၏။
‘ကောင်လေး... မင်းမှာ ထာဝရအင်မော်တယ် တစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေပါရက်နဲ့၊ ကိစ္စတိုင်းမှာ ရှေ့ဆုံးကနေ အမြဲ တိုးထွက်နေတာပဲ။ မင်းရဲ့ လျင်မြန်တဲ့ တိုးတက်မှုကများ ဒါနဲ့ ဆက်စပ်နေမလား ဘယ်သူသိနိုင်မှာလဲ’
ဓားကျင့်ကြံသူ တစ်ယောက်အနေဖြင့်၊ သူသည်လည်း ဤချဉ်းကပ်မှုကို ယုံကြည်လေသည်။
အကြောက်အလန့် ကင်းကင်းနှင့် ပြတ်သားစွာ ရှေ့သို့ ချီတက်ခြင်းပင်။
သို့သော် ယခုအခါ နင်ချီ၏ ဓားနှလုံးသားမှာ သူ့ထက်ပင် ပိုမို ကြည်လင် ပြတ်သားနေပုံရသည်။
နင်ချီသည် သူ တတ်ကျွမ်းထားသမျှထဲတွင် အမြင့်မားဆုံးသော ဖုံးကွယ်ခြင်း နည်းစနစ်ကို သူ၏ ကိုယ်ပေါ်တွင် အသုံးပြုထားလိုက်၏။
အသက်ရှူသံ၊ အနံ့အသက်၊ မှော်စွမ်းအား၊ မူလဝိညာဉ်၊ စည်းမျဉ်းများ၊ အသက်စွမ်းအင် နှင့် အခြားသော အတက်အကျ အားလုံးကို လုံးဝ ဖယ်ခွာ ပိတ်ဆို့ထားလိုက်၏။
ထို့နောက် ဟင်းလင်းပြင် ဖြတ်သန်းခြင်း နည်းစနစ်ကို အသုံးပြုကာ၊ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းသားများဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားတော့သည်။
အမှန်တကယ်တော့ သူသည် စမ်းသပ်မှု တစ်ခုကိုလည်း ပြုလုပ်နေခြင်း ဖြစ်၏။
သူ၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးချိန်တွင် ဝိညာဉ်ကမ္ဘာ့ဆန္ဒတော်၏ အာရုံခံမိခြင်းမှ ရှောင်ရှားနိုင်ခြင်း ရှိမရှိကို စမ်းသပ်နေခြင်း ဖြစ်၏။
ဤသည်မှာ အနာဂတ်တွင် တောင်နှင့် ပင်လယ် ကမ္ဘာ၊ ကျယ်ပြန့်သော ကမ္ဘာ တို့နှင့် ဆင်နွှဲရမည့် တိုက်ပွဲများအတွက် အလွန် အရေးကြီးလှသည်။
စစ်မြေပြင်နယ်မြေသည် ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ဆန္ဒတော်များကို နားလည်ရန်နှင့် ဝိညာဉ်ကမ္ဘာ့ဆန္ဒတော်ကို စမ်းသပ်ရန် အမျိုးမျိုးသော ကြိုးပမ်းမှုများ ပြုလုပ်နိုင်သည့် အကောင်းဆုံး နေရာတစ်ခု ဖြစ်၏။
လက်ရှိတွင်၊ ကောင်းကင်အမိုး နယ်နိမိတ်ထက်ရှိ ကောင်းကင်ကြယ်သည် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ကို ဆင့်ခေါ်ထားပြီးဖြစ်သော်လည်း အပြည့်အဝ ဆင်းသက်လာခြင်း မရှိသေးသဖြင့်၊ အလွန် ကောင်းမွန်သော စမ်းသပ်ခွင့် အခွင့်အရေး တစ်ရပ်ကို ပေးစွမ်းနေသည်။
နင်ချီသည် ဟင်းလင်းပြင်ထဲတွင် သူ့ကိုယ်သူ ဖုံးကွယ်ထားရင်း၊ သူ၏ တည်နေရာကို တစ်ဆင့်ပြီးတစ်ဆင့် ရွှေ့ပြောင်းနေခဲ့သည်။
မီတာ တစ်သောင်း အကွာအဝေးမှ မီတာ ကိုးထောင်ဆီသို့ ရွှေ့ပြောင်းသွားသည်။
ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသာမက၊ အထက်ရှိ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ကပါ သူ၏ တည်ရှိမှုကို အာရုံမခံမိကြပေ။
မီတာ ရှစ်ထောင်ဆီသို့ ရှေ့ဆက်သွားသော်လည်း၊ မည်သည့် လျင်မြန်သော တုံ့ပြန်မှုမျှ မရှိခဲ့ချေ။
ခုနစ်ထောင်၊ ငါးထောင်၊ သုံးထောင်...
နင်ချီသည် မီတာ နှစ်ထောင် အကွာအဝေးအတွင်းသို့ ခြေချလိုက်ပြီဖြစ်ပြီး၊ ၎င်းမှာ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်း၏ အပြင်ဘက် ခံစစ်ကျင့်ကြံသူများ၏ သတိပေး ဇုန်အတွင်းသို့ ရောက်ရှိသွားခြင်း ဖြစ်၏။
တစ်ဖက်လူများမှာ သူ၏ တည်ရှိမှုကို လုံးဝ သတိမထားမိကြသေးပေ။
နင်ချီသည် အရာအားလုံးကို တိတ်ဆိတ်စွာ လေ့လာစောင့်ကြည့်နေခဲ့ပြီး၊ အထူးသဖြင့် ကောင်းကင်ကြယ်ပေါ်ရှိ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ကို ဖြစ်၏။
ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်သည် ဆက်လက် စုစည်းလာနေပြီး၊ ကောင်းကင်ကြယ်မှာလည်း ပိုမို တောက်ပလာခဲ့သည်။
၎င်း၏ အလင်းတန်းများသည် အောက်ဘက်ရှိ ထောင့်တိုင်းဆီသို့ ဖြာကျနေပြီး ပိုမို ကျယ်ပြန့်စွာ စီးဆင်းနေသည်။
စစ်မြေပြင်နယ်မြေတွင် နယ်မြေ သိမ်းပိုက်ရန်အတွက်၊ ဤကောင်းကင်ကြယ်သည် အလှပြရန် သက်သက် ရှိနေခြင်း မဟုတ်သည်မှာ သေချာလှသည်။
အောက်သို့ ဖြာကျနေသော ၎င်း၏ ကြယ်ရောင်တန်းများသည် ဝိညာဉ်ကမ္ဘာ့ဆန္ဒတော်ကို ကိုယ်စားပြုနေပြီး၊ အောက်ဘက်ရှိ အရာအားလုံးကို အာရုံခံနိုင်စွမ်း ရှိသည်။
အသိပ်သည်းဆုံးသော အလင်းတန်းများသည် ယဇ်ပလ္လင် တည်ဆောက်နေသည့် နေရာသို့ ဦးစွာ ကျရောက်နေသည်။
ထို့ကြောင့် ၎င်းသည် အရေးအကြီးဆုံးသော နေရာဖြစ်ပြီး၊ ဝိညာဉ်ကမ္ဘာ့ဆန္ဒတော် အများဆုံး အာရုံစိုက်သည့် နေရာလည်း ဖြစ်၏။
ထို့နောက်တွင် ယဇ်ပလ္လင်ကို ဗဟိုပြု၍ ကြယ်ရောင်တန်းများ စီးဆင်းထွက်ပေါ်သွားမည် ဖြစ်၏။
အာရုံစိုက်မှု အဆင့်မှာ အကွာအဝေးအလိုက် ကွာခြားသွားပြီး၊ ပိုမို နီးကပ်သော နေရာများက ပိုမို အာရုံစိုက်ခံရကာ၊ ဝေးကွာသော နေရာများမှာ လျစ်လျူရှုမခံရသော်လည်း သတိပေးဇုန် အတွင်း၌သာ ရှိနေမည် ဖြစ်၏။
လက်ရှိတွင်၊ ကြယ်ရောင်တန်းများသည် မီတာ ငါးထောင်အထိ စီးဆင်းနေသော်လည်း၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ စစ်တပ်ကြီးဆီသို့မူ မရောက်ရှိသေးပေ။
သို့သော် နင်ချီသည် မီတာ နှစ်ထောင် အကွာအဝေးတွင် ရှိနေပြီး ဟင်းလင်းပြင်အတွင်း ဖုံးကွယ်ထားသဖြင့်၊ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်၏ ရှာဖွေတွေ့ရှိခြင်းကို မခံရသေးပေ။
ထို့နောက် နင်ချီသည် မီတာ တစ်ရာ အကွာအဝေးကို စံသတ်မှတ်ချက်အဖြစ် ထားရှိကာ အတွင်းပိုင်းသို့ စတင် ရွှေ့ပြောင်းလေတော့သည်။
အစပိုင်းတွင် ဟင်းလင်းပြင် ဖြတ်သန်းခြင်း နည်းစနစ်ကို မြေလျှိုးပညာရပ်နှင့် ပေါင်းစပ်ကာ အောက်ဘက်မှနေ၍ ရှေ့သို့ ချီတက်ရန် စီစဉ်ခဲ့ပြီး၊ ၎င်းကို အလုံခြုံဆုံး လမ်းကြောင်းအဖြစ် မှတ်ယူထားခဲ့၏။
သို့သော်လည်း၊ ကမ္ဘာကြီးနှစ်ခုက နယ်မြေများ ပင်လယ်အတွင်း၌ တည်ဆောက်ထားသော ထူးခြားသည့် ဟင်းလင်းပြင်ဖြစ်သော ဤစစ်မြေပြင်နယ်မြေတွင်မူ၊ မြေကြီး ဟူသော သဘောတရား မရှိဘဲ နယ်နိမိတ် တံတိုင်းသာလျှင် ရှိလေတော့သည်။
အခန်း (၇၁၃) - ရန်သူ့နယ်မြေ တစ်ဝက် (အပိုင်း ၄)
~ထို့ကြောင့် နင်ချီသည် မြေလျှိုးပညာရပ်ကို အသုံးပြုရန် လုံးဝ မဖြစ်နိုင်တော့ပေ။
အကယ်၍ သူသာ နယ်နိမိတ် တံတိုင်းကို ဖောက်ထွက်သွားမည်ဆိုပါက၊ ထိုအခြားတစ်ဖက်တွင် အဆုံးအစမဲ့သော နယ်မြေများ ပင်လယ်ကြီး ရှိနေပေလိမ့်မည်။
ဤဝင်စားခန္ဓာကိုယ်၏ စွမ်းရည်ဖြင့်ဆိုလျှင် ကမ္ဘာကြီးနှစ်ခု ပူးပေါင်းတည်ဆောက်ထားသော နယ်နိမိတ် တံတိုင်းကို သူ လုံးဝ ဖောက်ထွက်နိုင်မည် မဟုတ်သည်မှာ ထင်ရှားလှသည်။
ထို့ပြင် နယ်မြေများ ပင်လယ်အတွင်းသို့ ဝင်ရောက်ခြင်းမှာ သူ၏ မူလခန္ဓာကိုယ် အတွက်ပင်လျှင် အခြေအနေ ကောင်းနိုင်မည် မဟုတ်ပေ။
ထိုနေရာတွင် အဆုံးအစမဲ့သော ကမ္ဘာ့သားရဲကြီးများနှင့် မသိရသေးသော လျှို့ဝှက်ဆန်းကြယ်သည့် အန္တရာယ်များ ပြည့်နှက်နေ၏။
နင်ချီသည် နယ်မြေများ ပင်လယ်အတွင်းရှိ အခြေအနေများကို များများစားစား မသိရှိလှပေ။ တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့ကဲ့သို့ ကြီးမားသော ဝိညာဉ်ကမ္ဘာကြီးများကသာ ထိုအကြောင်းကို ပိုမို နက်ရှိုင်းစွာ နားလည်ထားကြပေလိမ့်မည်။
ထို့ကြောင့် နင်ချီ၏ မူလခန္ဓာကိုယ်သည် နယ်မြေများ ပင်လယ်ကို စူးစမ်းလေ့လာလိုသည့် ဆန္ဒ မရှိသေးပေ။
တောင်နှင့် ပင်လယ် ကမ္ဘာကို အမှန်တကယ် သိမ်းပိုက်ပြီးမှသာ နယ်မြေများ ပင်လယ်ကို စူးစမ်းရန် သူ ဆုံးဖြတ်ထားသည်။
နင်ချီသည် အတွင်းပိုင်းလွှာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွား၏။
မီတာ တစ်ထောင့်ကိုးရာ၊ မီတာ တစ်ထောင့်ငါးရာ၊ မီတာ တစ်ထောင့်တစ်ရာ၊ မီတာ တစ်ထောင်...
မီတာ တစ်ထောင် အကွာအဝေးသို့ ရောက်သောအခါ၊ နင်ချီ ခေတ္တမျှ ရပ်တန့်လိုက်၏။ မီတာ တစ်ထောင် အတွင်းပိုင်းရှိ ကောင်းကင်ကြယ်၏ အလင်းတန်းများမှာ အရောင်အသွေး အနည်းငယ် ပိုမို ရင့်မှိုင်းလာသည်ကို သတိပြုမိလိုက်သည်။
နင်ချီသည် သူ၏ လက်ညှိုးကို ဆန့်ထုတ်ကာ ရှေ့ရှိ ကြယ်ရောင်တန်းများကို ညင်သာစွာ ထိတွေ့လိုက်၏။
အတန်ကြာ စောင့်ဆိုင်းပြီးနောက်တွင်လည်း၊ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်သည် သူ့ကို အာရုံခံမိခြင်း မရှိသေးပေ။
နင်ချီသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဝိညာဉ်ကမ္ဘာ့ဆန္ဒတော်၏ အာရုံခံနိုင်စွမ်းသည် ထင်ထားသလောက် အားမကောင်းပုံရရာ၊ ၎င်းမှာ သူ၏အတွက် အကျိုးရှိစေသည်။
နင်ချီသည် ရှေ့သို့ ဆက်လက် ချီတက်သွားသည်။
မီတာ ကိုးရာ့ငါးဆယ်၊ မီတာ ရှစ်ရာ၊ မီတာ ငါးရာ...
သူသည် ယဇ်ပလ္လင် တည်ဆောက်နေကြသော ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ စက်ဝိုင်း အကွာအဝေး အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်၏။
နင်ချီသည် ယခင်က စမ်းသပ်သည့် နည်းလမ်းအတိုင်း ကြယ်ရောင်တန်းများကို ထပ်မံ စမ်းသပ်ကြည့်သည်။
မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့ရပြီးနောက် သူ ဆက်လက် ရှေ့တိုးသွားသည်။
မီတာ သုံးရာ၊ မီတာ တစ်ရာ...
မီတာ တစ်ရာ အကွာအဝေးသို့ ရောက်သောအခါ၊ ရှေ့ရှိ ကြယ်ရောင်တန်းများသည် သိသိသာသာ ပိုမို တောက်ပသော အရောင်အသွေး အနည်းငယ် ပါဝင်လာသည်ကို တွေ့ရ၏။
နင်ချီသည် စမ်းသပ်ရန် လက်ကို ဆန့်ထုတ်လိုက်ရာ၊ ယခုတစ်ကြိမ်တွင်မူ ခံစားချက် ကွာခြားသွားသည်ကို တွေ့လိုက်ရသည်။
သူ၏ လက်သည် မီတာ တစ်ရာ အတွင်းရှိ ကြယ်ရောင်တန်းများကို ထိတွေ့လိုက်သောအခါ၊ ကြယ်ရောင်တန်းများသည် ရေစီးကြောင်းအလား အထက်အောက် စီးဆင်းလှုပ်ရှားနေပြီး ပုံမှန်မဟုတ်သော အခြေအနေများကို ရှာဖွေနေကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သို့သော် သူ၏ တည်ရှိမှုကိုမူ အာရုံမခံမိသေးပေ။
နင်ချီ ရှေ့သို့ ဆက်သွားသည်။
မီတာ ရှစ်ဆယ်၊ မီတာ ငါးဆယ်၊ မီတာ သုံးဆယ်...
ရှေ့ရှိ ကြယ်ရောင်တန်းများသည် နေ့အလင်းရောင်အလား တောက်ပနေပြီး၊ နင်ချီ လက်ကို ဆန့်ထုတ်လိုက်၏။
ကြယ်ရောင်တန်းများ၏ စီးဆင်းမှု ခံစားချက်မှာ ပိုမို မြန်ဆန်လာသည်။ နယ်မြေအရှင်သခင်နှင့် နယ်မြေ အရှင်သခင် တစ်ပါး ဖြစ်သော နင်ချီသည် ကြယ်ရောင်တန်းများနှင့်အတူ စီးဆင်းနေသော သဲ့သဲ့မျှသော ကမ္ဘာ့စွမ်းအားများကို ရှင်းလင်းစွာ အာရုံခံနိုင်သော်လည်း၊ ၎င်းက သူ၏ တည်ရှိမှုကိုမူ အာရုံမခံမိသေးပေ။
နင်ချီသည် ယုံကြည်မှု အပြည့်ဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။
မီတာ နှစ်ဆယ့်ငါး၊ မီတာ တစ်ဆယ့်ငါး၊ မီတာ ဆယ်...
ယခုအခါ နင်ချီသည် အဓိက ဗဟိုချက် ဧရိယာ အတွင်းသို့ အမှန်တကယ် ရောက်ရှိသွားပြီ ဖြစ်၏။
သူသည် အောက်ဘက် မြေပြင်မှ ပေနှစ်ဆယ်ခန့် အကွာအဝေးရှိ လေထဲတွင် ပုန်းကွယ်နေသည်။
သူ၏ အောက်ဘက်တွင်မူ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။
သူ နောက်တစ်ကြိမ် လက်ဆန့်ထုတ်ကြည့်လိုက်ရာ၊ ရှေ့ရှိ ကြယ်ရောင်တန်းများသည် အနည်းငယ် ပူပြင်းလောင်ကျွမ်းသော ခံစားချက်မျိုး ရှိနေသည်။ ၎င်းမှာ သူသည် တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူ တစ်ဦး ဖြစ်နေသောကြောင့်လား သို့မဟုတ် ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများက မတူညီသော အခင်းအကျင်း တစ်မျိုးကို တည်ဆောက်ထားသောကြောင့်လား ဆိုသည်ကိုတော့ မသိနိုင်ပေ။
မည်သို့ပင်ဖြစ်စေ၊ ယခင်က နင်ချီ အလယ်အလတ်အဆင့် ဆုံမှတ်တွင် ယဇ်ပလ္လင် တည်ဆောက်ပြီး ကောင်းကင်ကြယ်ကို အသက်သွင်းခဲ့စဉ်က ဤကဲ့သို့ ပူပြင်းသော ခံစားချက်မျိုး မရရှိခဲ့ပေ။
သူ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ ဝိညာဉ်ကမ္ဘာ့ဆန္ဒတော်များတွင်လည်း ကိုယ်ပိုင် သဘောသဘာဝ အသွင်အပြင်များ ရှိနေနိုင်သလား...။
ဆက်လက် မတွေးတောနေတော့ပါ။ လက်ရှိအချိန်တွင် မည်သည့်အရာက အရေးအကြီးဆုံး ဖြစ်သည်ကို နင်ချီ သိထားသည်။
သူသည် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ကို အာရုံခံကြည့်လိုက်၏။ မီတာ ဆယ်အတွင်း၌ ကြယ်ရောင်တန်းများ ပူပြင်းနေရုံသာမက၊ အတွင်းရှိ ကမ္ဘာ့စွမ်းအားမှာလည်း အနည်းငယ် ပိုမို သိပ်သည်းနေသည်။
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့စွမ်းအားသည် ၎င်း၏ အမည်နှင့် လိုက်ဖက်လှ၏။ နင်ချီ လက်ဆန့်ထုတ်၍ ထိတွေ့လိုက်သောအခါ၊ အံ့မခန်း ကြီးကျယ်ခမ်းနားသော ခံစားချက်တစ်ခုကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။
ဤခံစားချက်မှာ အလွန်တရာ အံ့ဩဖွယ် ကောင်းလှသည်။ ဤကြီးကျယ်ခမ်းနားမှုသည် တောင်ထိပ်ပေါ်တွင် မတ်တတ်ရပ်ကာ အောက်ဘက်ရှိ တောင်တန်းများကို ငုံ့ကြည့်ခြင်း၊ ခြေအောက်ရှိ ကျယ်ပြောလှသော မြေပြင်ကို မြင်တွေ့ရခြင်း၊ ကောင်းကင်ကို မော့ကြည့်ကာ အထက်ရှိ ကြယ်တာရာများကို မြင်တွေ့ရခြင်းမျိုးကဲ့သို့ သာမန် ကြီးကျယ်ခမ်းနားမှုမျိုး မဟုတ်ပေ။
၎င်းသည် လူသားမျိုးနွယ်အပေါ် ကြီးကျယ်ခမ်းနားမှု၊ သမိုင်းဝင် အပြောင်းအလဲများအပေါ် ကြီးကျယ်ခမ်းနားမှု၊ အရှိန်အဝါအပေါ် ကြီးကျယ်ခမ်းနားမှု၊ အရာအားလုံးကို လက်ခံနိုင်စွမ်းရှိသော ကြီးကျယ်ခမ်းနားမှု အစရှိသည့် အလွန် ရှုပ်ထွေးနက်နဲသော ကြီးကျယ်ခမ်းနားမှုမျိုးတည်း။
ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ထက် ပိုမို ပွင့်လင်းပြီး ဖြောင့်မတ်မှန်ကန်ကြောင်း နင်ချီ ရှင်းလင်းစွာ ခံစားလိုက်ရသည်။
၎င်းသည် ယခင်က သူတွေးထားခဲ့သော အတွေးများကို ပိုမို နက်ရှိုင်းသွားစေသည့် အလွန် ထူးဆန်းသော ခံစားချက် တစ်ခုပင် ဖြစ်၏။
ဝိညာဉ်ကမ္ဘာ့ဆန္ဒတော်တွင် ကိုယ်ပိုင် သဘောသဘာဝ အသွင်အပြင်များ သေချာပေါက် ရှိနေသည်။
နင်ချီ ရင်ဆိုင်နေရသော တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ကောင်းကင်ဘုံလမ်းစဉ်၏ ရက်စက်ကင်းမဲ့သော ခံစားချက်မျိုး ရှိသည်။ ထို့ကြောင့် ၎င်းသည် ပတ်ဝန်းကျင်ရှိ ကမ္ဘာငယ်များကို လုယက်ကာ မိမိကိုယ်ကိုယ် အစဉ်မပြတ် အားဖြည့်နေပြီး၊ နယ်မြေများ ပင်လယ်အတွင်း၌ ကျယ်ပြန့်သော ကမ္ဘာကို ကြားဖြတ် တိုက်ခိုက်ကာ ဝိညာဉ်ကမ္ဘာစစ်ပွဲများကို ဆင်နွှဲနေခြင်း ဖြစ်၏။
ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်မှာမူ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိပုံ မရပေ။
နင်ချီသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး၊ ဆယ် မီတာအတွင်းသို့ စတင် ထိုးဖောက် ဝင်ရောက်လေတော့သည်။
အခန်း (၇၁၄) - ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ကို စမ်းသပ်ခြင်း
~ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် မန္တန်များကို အဆက်မပြတ် ရွတ်ဆိုနေကြပြီး သူတို့၏ လက်များဖြင့် မှော်လက်ဟန်များကို ပုံဖော်နေကြ၏။ ကောင်းကင်နှင့် မြေကြီး ရတနာများကို စီမံပြုပြင်ပြီးနောက် သတ်မှတ်ထားသော တည်ဆောက်ပုံအလိုက် ရှေ့သို့ ပျံသန်းသွားစေကာ ယဇ်ပလ္လင်ကို တည်ဆောက်နေကြသည်။
နင်ချီသည် ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေပြီး ယဇ်ပလ္လင်နှင့် ဆယ်မီတာခန့် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်၏။
သူသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ၊ အဓိက ဗဟိုချက် ဧရိယာထဲတွင် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။
သူတို့ တည်ဆောက်နေသော ယဇ်ပလ္လင်သည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုသူများထဲတွင် နှစ်ဦး၏ အရှိန်အဝါသည် အခြားသော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများထက် သိသိသာသာ ပိုမို အားကောင်းနေသည်။ ၎င်းတို့သည် တသားတည်းဖြစ်ခြင်း နယ်ပယ်သို့ ရောက်ရှိရန် တစ်လှမ်းသာ လိုတော့သည့် အထွတ်အထိပ် ဘိုးဘေးကြီးများ ဖြစ်ကြောင်း နင်ချီ ချက်ချင်း သိလိုက်၏။
သူတို့ထဲမှ တစ်ယောက်က "အစ်ကိုကြီးစု... နောက်ဆုံးအဆင့်အတွက် ကြည်လင်တဲ့ ဝိညာဉ်ကျောက်စိမ်းလေးပဲ လိုတော့တယ်" ဟု ပြောလိုက်သည်ကို နင်ချီ ကြားလိုက်ရသည်။
"ရန်သူတွေ ဘယ်အချိန် ရောက်လာမလဲဆိုတာ ငါတို့ မသိနိုင်ဘူး ညီလေးဝူ။ ဒီနောက်ဆုံးအဆင့်မှာ ငါတို့ အထူး သတိထားရမယ်"
စုဟောင်ရန်သည် ဝူဖေးယွီကို ကြည့်ကာ ပြန်ပြောလိုက်၏။
ဝူဖေးယွီက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် လေထဲသို့ ပျံတက်သွားသည်။
ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်း၏ အခင်းအကျင်းထဲမှ လူတစ်ယောက် ပျံထွက်လာ၏။ ထိုသူက လေထဲတွင် ဝဲပျံကာ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်ကို နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ စစ်တပ်ကြီးက မြင်တွေ့လိုက်ရသည်။
သူ ဘာကြောင့် ပျံထွက်လာသလဲဆိုတာကို လူတိုင်း နားလည်ကြ၏။ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်း၏ ယဇ်ပလ္လင် တည်ဆောက်မှုသည် အရေးအကြီးဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
မဟာမိတ် ခေါင်းဆောင်ကြီး ချမှတ်ထားသော ဖုံးကွယ်ခြင်း အခင်းအကျင်းကို ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်း၏ အဖွဲ့နှစ်ဖွဲ့က စမ်းသပ်ပြီးဖြစ်သဖြင့်၊ သူတို့ ရှာဖွေတွေ့ရှိခံရမည်ကို စိုးရိမ်မနေကြပေ။
အကယ်၍ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းကသာ ဆုံမှတ်ပုလဲကို သိမ်းပိုက်ပြီး ကောင်းကင်ကြယ်အဖြစ် ပြောင်းလဲကာ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ကို မဆွဲဆောင်ထားခဲ့လျှင်၊ မဟာမိတ် ခေါင်းဆောင်ကြီးသည် သူတို့ကို ကြာမြင့်စွာကတည်းက ဦးဆောင်၍ ဝင်ရောက်တိုက်ခိုက်ပြီး ဖြစ်ပေလိမ့်မည်။
နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ အဖွဲ့ဝင်များသည် မဟာမိတ် ခေါင်းဆောင်ကြီး နင်ချီအတွက်သာ စိုးရိမ်ပူပန်နေမ်ိကြပါသည်။
လက်ရှိတွင် နင်ချီ မည်သည့်နေရာ၌ ရှိနေသည်ကို သူတို့ကိုယ်တိုင်ပင် မသိကြသော်လည်း၊ ယခု ယဇ်ပလ္လင် တည်ဆောက်မှုမှာ အရေးကြီးဆုံး အဆင့်သို့ ရောက်နေပြီဖြစ်ရာ မဟာမိတ် ခေါင်းဆောင်ကြီးသည် အနီးအနားတွင် သေချာပေါက် ရှိနေမည် ဖြစ်၏။
ကံမကောင်းစွာဖြင့် သူတို့သည် နင်ချီ၏ တည်နေရာကို အာရုံမခံနိုင်ကြသလို၊ သူတို့၏ ဝိညာဉ်အာရုံကို အသုံးပြု၍လည်း ထောက်လှမ်းရန် မဝံ့ရဲကြပေ။
အကယ်၍ သူတို့သာ အစီအစဉ်ကို ပျက်စီးစေခဲ့လျှင် ဒုက္ခရောက်ပေလိမ့်မည်။
ဓားဘိုးဘေးကြီးသည် အခြားတစ်ဖက်တွင် ပျံဝဲနေသည်။
လူတစ်ယောက် ပျံထွက်လာသည်ကို မြင်သောအခါ၊ သူသည် ချက်ချင်းပင် အသက်ရှူအောင့်ကာ အာရုံစူးစိုက်လိုက်၏။
သူ၏ ညာလက်က နင်ချီ ပေးထားသော ဝိညာဉ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး၊ ဘယ်လက်က နင်ချီ ပေးအပ်ထားသော ကျောက်စိမ်းအဆောင်ပြားကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာ ပြင်ဆင်နေလိုက်၏။
အရေးအကြီးဆုံး အချိန်ကာလသို့ ရောက်ရှိလာပြီ ဖြစ်၏။ သူသည် နင်ချီ၏ တည်နေရာကို မသိသော်လည်း၊ နင်ချီ၏ စိတ်နေသဘောထားအရ သေချာပေါက် ပြဿနာ စတင်ဖန်တီးတော့မည်ကို သူ သိနေသည်။
နင်ချီသည် သူနှင့် တစ်မီတာခန့်သာ ကွာဝေးသော ဝူဖေးယွီကို တစ်ချက် အကြည့်ရောက်ရှိလိုက်၏။
သူသည် တစ်ဖက်လူ၏ အသက်ရှူသံကိုပင် ခံစားနေရသဖြင့်၊ နင်ချီသည် အမှားအယွင်း မဖြစ်စေရန် လတ်တလောတွင် မလှုပ်မယှက် နေနေလိုက်သည်။
ရှာဖွေတွေ့ရှိခံရလျှင်တောင်မှ သူ အမှန်တကယ် မကြောက်ရွံ့သော်လည်း၊ နင်ချီသည် ဝိညာဉ်ကမ္ဘာ့ဆန္ဒတော်၏ ထိုးထွင်းသိမြင်နိုင်စွမ်းကို စမ်းသပ်လို၏။ ဤသည်မှာ အစစ်အမှန်သိုင်း ကမ္ဘာနှင့် တောင်နှင့် ပင်လယ် ကမ္ဘာတို့ကြား အနာဂတ်စစ်ပွဲအတွက် အလွန် အရေးကြီးလှသည်။
သူက မကြောက်ရွံ့သော်လည်း၊ သူဝတ်ဆင်ထားသော လက်စွပ်အတွင်း၌ နေထိုင်နေသည့် ဝေဝူယာမှာမူ အလွန်အမင်း တင်းမာနေခဲ့၏။
ဖူချန်၏ ဆရာဖြစ်သူ ဝေဝူယာသည်၊ ဖူချန်က နင်ချီထံတွင် သစ္စာခံလိုက်ပြီးနောက် သူသင်ပေးစရာ ဘာမှ မကျန်တော့ပေ။
သူသည် သူ၏ မူလဝိညာဉ်စွမ်းအား တစ်မျှင်ကိုလည်း နင်ချီထံသို့ အပ်နှင်းထားပြီးဖြစ်ရာ၊ သူ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းမှာ နင်ချီ၏ ဆန္ဒအပေါ်တွင်သာ မူတည်နေတော့၏။
ထို့ကြောင့် ဝေဝူယာသည် နင်ချီကို သူ၏ သခင်အဖြစ် အသိအမှတ်ပြုခဲ့သည်။
သို့သော်လည်း နင်ချီက သူ့ကို အသက်ကြီးလွန်းသည်ဟု ယူဆကာ သခင်ဟု မခေါ်ခိုင်းဘဲ၊ နယ်မြေအရှင်သခင် ဟုသာ ဆက်လက် ခေါ်ဆိုစေခဲ့၏။
နင်ချီက သခင်ဟု ခေါ်ခံရမည်ကို အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်နေသလား ၊ သို့မဟုတ် မိမိ၏ ခံစားချက်များကို ငဲ့ညှာသောကြောင့်လား ဆိုသည်ကို ဝေဝူယာ နားမလည်ခဲ့ပေ။
သူ၏ လောကအတွေ့အကြုံများအရ၊ ဝေဝူယာသည် နောက်ပိုင်းအချက်ကို ပိုမို ယုံကြည်ယိမ်းယိုင်ခဲ့ပြီး နင်ချီအပေါ် အနည်းငယ် ကျေးဇူးတင်မိနေပါသည်။
နောက်ပိုင်းတွင်၊ နင်ချီသည် သူ၏ ကြွင်းကျန်ရစ်သော ဝိညာဉ်၏ စွမ်းအားကို ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်မှနေ၍ ပေါင်းစည်းခြင်း နယ်ပယ် အစောပိုင်းအဆင့်သို့ ပြန်လည် နာလန်ထူလာစေရန် မဆိုင်းမတွ ကူညီပေးခဲ့သည်။ ထို့ကြောင့် ဝေဝူယာသည် နင်ချီ၏ နောက်သို့ လိုက်ပါရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
နင်ချီကလည်း ငြင်းဆန်ခြင်း မရှိခဲ့ပေ။ ဝေဝူယာသည် သက်ရှိထင်ရှားရှိစဉ်က တသားတည်းဖြစ်ခြင်း နယ်ပယ် ကျင့်ကြံမှုတွင် ရှိခဲ့ပြီး၊ လက်ရှိတွင် နင်ချီ၏ လက်အောက်ငယ်သားများထဲ၌ ဗဟုသုတ အကြွယ်ဝဆုံး သူများထဲမှ တစ်ဦးဖြစ်ကာ အသုံးဝင်သော သတင်းအချက်အလက်များကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်၏။
ဝေဝူယာသည် နင်ချီ၏ နောက်သို့ လိုက်ပါခဲ့ချိန်မှစ၍၊ သူတို့၏ သခင်နှင့် ကျွန် ဆက်ဆံရေးကြောင့် နင်ချီသည် သူနှင့် ပတ်သက်ပြီး ဘာကိုမျှ ဖုံးကွယ်ထားလေ့ မရှိပေ။
ဤအချက်က နင်ချီ၏ စွမ်းအားသည် မည်မျှ အသည်းထိတ်ဖွယ်ကောင်းကြောင်းကို ဝေဝူယာအား အမှန်တကယ် သဘောပေါက်သွားစေခဲ့သည်။
နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ အဖွဲ့ဝင်များရှေ့တွင် နင်ချီ ထုတ်ဖော်ပြသခဲ့သော စွမ်းအားများသည် ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်၏။
ရုတ်တရက်၊ဝေဝူယာသည် နင်ချီ၏ လက်အောက်ခံအဖြစ် နေထိုင်ရခြင်းမှာ ဂုဏ်သိက္ခာကျဆင်းစရာ မဟုတ်ဟု ခံစားလိုက်ရသည်။
ထိုအစား၊ နင်ချီမှတစ်ဆင့် ပြန်လည် နာလန်ထူလာမည့် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရပြီး၊ ပိုမို မြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်မည့် ဖြစ်နိုင်ချေကိုပင် သူ မြင်တွေ့ခဲ့ရ၏။
အကယ်၍ သူသာ ဖူချန်နှင့် ဆက်လက် နေထိုင်ခဲ့ပါက၊ ပြန်လည် နာလန်ထူရန် အခွင့်အလမ်းမှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
သို့သော် နင်ချီ၏ နောက်သို့ လိုက်ပါရခြင်းက သူ့ကို မျှော်လင့်ချက်များ ပေးစွမ်းခဲ့သည်။
ထို့ကြောင့် စစ်မြေပြင်နယ်မြေသို့ ဝင်ရောက်လာချိန်တွင် နင်ချီက သူ့ကို သဘာဝကျကျပင် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
နက်ရှိုင်းသော သစ္စာတရား နယ်မြေအတွင်း၌ ဝေဝူယာ၏ တည်ရှိမှုကို သိရှိသူ အလွန် နည်းပါးလှသည်။
ဖူချန်မှလွဲ၍၊ အစောပိုင်းက ဖူချန်ကို နင်ချီနှင့် မိတ်ဆက်ပေးခဲ့သော နျူမန် နှင့် ဓားဘိုးဘေးကြီး တို့သာလျှင် သူ၏ တည်ရှိမှုကို သိရှိကြပြီး အခြားသူများမှာ လုံးဝ မသိရှိကြပေ။
ဝေဝူယာသည် နင်ချီ၏ နောက်သို့ လိုက်ပါရင်း၊ အလယ်အလတ်အဆင့် ဆုံမှတ်များကို နင်ချီက အလွယ်တကူ ဖိနှိပ်သိမ်းပိုက်နိုင်သည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။
ဤစစ်မြေပြင်နယ်မြေသည် နင်ချီ၏ တိုးတက်မှုကို ပိုမို လျင်မြန်စေမည်ဟု သူ ယုံကြည်ထားခဲ့၏။
သို့သော် ဤနေရာသို့ ရောက်ရှိလာသောအခါ ဝေဝူယာသည် ဇဝေဇဝါ ဖြစ်သွားရသည်။
သူ၏ သခင်လေးသည် အချိန်တိုင်း တစ်ခုခုကို စမ်းသပ်နေသည့်နှယ် ဖြစ်နေသည် မဟုတ်ပါလော။
ကျယ်ပြန့်သော ကမ္ဘာ၏ မှုန်ဝါးဝါး ဆန္ဒတော် အကွာအဝေး အတွင်းသို့ တစ်ယောက်တည်း ဝင်ရောက်သွားကာ၊ မီတာ တစ်သောင်း အကွာအဝေးမှနေ၍ ယခုအခါ မီတာ ဆယ်အကွာအထိ ရောက်ရှိနေပြီ ဖြစ်၏။
အရေးကြီးသော အကွာအဝေးတစ်ခုသို့ ရောက်ရှိတိုင်း၊ နင်ချီသည် သူ၏ လက်ချောင်းများကို ဆန့်ထုတ်ကာ စမ်းသပ်လေ့ရှိရာ ၎င်းကို ဝေဝူယာ သိပ်နားမလည်ခဲ့ပေ။
အကယ်၍ ရည်ရွယ်ချက်က ယဇ်ပလ္လင်ကို ဖျက်ဆီးရန်ဆိုလျှင်၊ နင်ချီ၏ စွမ်းအားသည် မီတာ ရာပေါင်းများစွာ အကွာအဝေးမှနေ၍ ၎င်းကို လုပ်ဆောင်နိုင်စွမ်း ရှိပါလျက်၊ အဘယ်ကြောင့် ဗဟိုချက်နှင့် နီးကပ်စွာ သွားရောက်ပြီး အန္တရာယ်ခံနေရသနည်း။
အလုံးစုံအားဖြင့် ဝေဝူယာသည် ဇဝေဇဝါ ဖြစ်နေသော်လည်း၊ သူသည် မေးမြန်းရန် သို့မဟုတ် ဖွင့်ပြောရန် မဝံ့ရဲခဲ့ပေ။
ဤကဲ့သို့ ပြုမူရခြင်းအတွက် နင်ချီတွင် သူ၏ အကြောင်းပြချက်များ သေချာပေါက် ရှိရပေမည်။
ယခုအခါ နင်ချီသည် ယဇ်ပလ္လင် ဗဟိုချက်နှင့် ဆယ်မီတာသာ ကွာဝေးတော့သဖြင့် ဝေဝူယာကို အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့သည်။
နင်ချီနှင့် တစ်မီတာခန့် အကွာအဝေးရှိ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှ ဝူဖေးယွီသည် အတန်ကြာအောင် အသေအချာ ရှာဖွေစစ်ဆေးနေခဲ့၏။
သူ၏ အမြင်အာရုံတွင် ဖြစ်စေ၊ ဝိညာဉ်အာရုံဖြင့် ခံစားသိရှိမှုတွင် ဖြစ်စေ ရန်သူများ၏ တည်ရှိမှုကို သူ လုံးဝ အာရုံမခံနိုင်ခဲ့ပေ။