← Chapters

အခန်း (၂၇၁)

Vol. 28 Ch. 271

အခန်း (၂၇၁)

Vol. 28 Ch. 271

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပိုင်ကျင်းကျင်းသည် ဖုတ်ကောင်အဖွဲ့ငယ်တစ်ခုကို ပိုင်ဆိုင်သွားလေသည်။ သူမ သတ်ဖြတ်လိုက်သည့် သေဆုံးသွားသော သက်ရှိမှန်သမျှသည် သဘာဝအလျောက် ဖုတ်ကောင်အသွင်ပြောင်းလဲသွားကြပုံပေါ်လေသည်။

သူမသည် မြက်ခင်းပြင်အတွင်း၌ သက်ရှိပေါင်း မည်မျှကို သတ်ဖြတ်ခဲ့ကာ ဖုတ်ကောင်စစ်သည် မည်မျှပြောင်းလဲစေခဲ့သည်ကို မည်သူမျှ မသိရှိနိုင်ချေ။ သို့သော်လည်း သာမန် ဖုတ်ကောင်စစ်သည်များသာ ဖြစ်ပါက သူမ၏ ညွှန်ကြားမှု မရှိလျှင် ဂူမုံမျိုးနွယ်စု၏ သံမဏိမြင်းတပ်၏နှိမ်နင်းမှုအောက်တွင် အလွယ်တကူ ကျရှုံးသွားမည်ဖြစ်သည်။

'ဒီမိန်းမကို အရှင်ထားလို့ မဖြစ်ဘူး...'

'သူမသာ ဝမ်ရှန်းတိုက်ကြီးကို ရောက်သွားပြီး နယ်မြေချဲ့ထွင်ဖို့ကြိုးစားလာခဲ့ရင် ကြောက်မက်ဖွယ်ကောင်းတဲ့ ဖုတ်ကောင်နိုင်ငံကြီးကို ဖန်တီးနိုင်လိမ့်မယ်...'

ကျုံးရှန်၏ စိတ်ထဲတွင် ပိုင်ကျင်းကျင်းကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက်လိုက်သည်။

ရွှယ်ဖုန်းအာကို မသတ်ဘဲ ပိုင်ကျင်းကျင်းကို အဘယ်ကြောင့် သတ်ရန် ဆုံးဖြတ်ရသနည်း။

ဤအကြောင်းပြချက်မှာ ရိုးရှင်းလှလေသည်။ ရွှယ်ဖုန်းအာ၏ ခန္ဓာကိုယ်နှင့် ကျင့်စဉ်သည် ထူးခြားလှကာ သူမသည် ငရဲမိစ္ဆာထက် မိစ္ဆာသားရဲမျိုးနွယ်စုနှင့် ပိုမိုတူညီလေသည်။ သူမ၏ သတ်ဖြတ်ခြင်း အကုသိုလ်ကံသည်လည်း မကြီးမားလှသဖြင့် ကျုံးရှန်သည် သူမကို အညံ့ခံစေရုံသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရွှယ်ဖုန်းအာသည် ကျုံးရှန်၏ နောင်လာမည့် အစီအစဉ်များအတွက် အသုံးဝင်နိုင်လေသည်။

ပိုင်ကျင်းကျင်းမူကား မတူညီချေ။ မင်ဝမ်ခန္ဓာကိုယ် ဆိုသည်မှာ သက်ရှိအားလုံး၏ ရန်သူတော် ဖြစ်ကာ ယနေ့ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၌ ဆုံတွေ့ရခိုက် သူမကို မနှိမ်နင်းနိုင်ခဲ့ပါက နောင်တစ်ချိန်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ သက်ရှိအားလုံးအတွက် ဘေးဒုက္ခကြီး ဖြစ်လာပေလိမ့်မည်။ ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီးသည် ကျုံးရှန်၏ဇာတိ ဖြစ်သဖြင့် ယင်းသို့သော ဘေးဒုက္ခမျိုးကို အဖြစ်ခံမည် မဟုတ်ချေ။

ပိုင်ကျင်းကျင်း၏ စွမ်းအားသည် ဂူချီရှာထက် သာလွန်သည်မှာ သိသာလှကာ ဘေးအန္တရာယ်ကို ကြိုတင်သိမြင်နိုင်သော သူမ၏ အာရုံခံနိုင်စွမ်းသည်ပင် အလွန်တရာ ထူးခြားလှ၏။ ထို့အပြင် ထိုစွမ်းရည်သည် မျှော်စင်၏ စည်းမျဉ်းနိယာမများဖြင့် ဖိနှိပ်ခြင်းကို ခံရဟန် မရှိပေ။

ပြင်ပကမ္ဘာရှိ အင်အားကြီး ပုဂ္ဂိုလ်များကဲ့သို့ ကံကြမ္မာကြိုးမျှင်များကို တွက်ချက်နေရန် မလိုဘဲ ဘေးအန္တရာယ်ကို သိရှိနိုင်ခြင်းသည် ထူးခြားသော ပါရမီပင် ဖြစ်သည်။ မင်ဝမ်ခန္ဓာကိုယ် ပိုင်ရှင်သည် သူ၏ ယုံကြည်စိတ်ချရသော လူယုံတစ်ယောက်အဖြစ်သာ ရှိရမည် ဖြစ်ရာ ပိုင်ကျင်းကျင်းကို အသက်ရှင်လျက် ထွက်ခွာခွင့် ပေး၍ မဖြစ်ချေ။

ကျုံးရှန်၏ မျက်နှာသည် အလွန်တရာ တည်ငြိမ်သွား၏။ သူသည် အမှားအမှန်ကို အလေးမထားဘဲ အကျိုးအပြစ်ကိုသာ ကြည့်၍ ပြတ်သားစွာ သတ်ဖြတ်သူ ဖြစ်သည်။ လမ်းစဉ်မတူညီပါက အတူတကွ ပူးပေါင်းလုပ်ဆောင်၍ မရနိုင်ခြင်းသည်အမှန်ပင်ဖြစ်လေသည်။

''လူသား... မျှော်စင်တက်လှမ်းသူလား...''

''မင်းက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးက လာတာလား...''

ပိုင်ကျင်းကျင်းသည် ကျုံးရှန်ကို ကြည့်ရင်း စိတ်ထဲရှိ စိုးရိမ်ထိတ်လန့်မှုများ ပိုမို ပြင်းထန်လာသည်။

သေခြင်းတရားကို ထက်ရှစွာ အာရုံခံနိုင်စွမ်းရှိသောကြောင့် သူမသည် ကြီးမားသော ဘေးဒုက္ခများစွာကို ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ထိုခံစားချက်သည် အလွန်တရာ ပြင်းထန်နေသဖြင့် သူမသည် လုံးဝ ပေါ့ဆရဲခြင်းမရှိတော့ချေ။ မျှော်စင်အတွင်းရှိ ဖိနှိပ်မှုသည် အလွန် ပြင်းထန်လှသဖြင့် သူမသည် ခန္ဓာကိုယ်၏ စွမ်းအားဖြင့်သာ တိုက်ခိုက်နိုင်သည်။

သို့သော်လည်း သူမ၌ ကိုယ်ပိုင် ဝှက်ဖဲများ ရှိကာ အထူးသဖြင့် သူမ၏ ပါရမီသည် မျှော်စင်၏စည်းမျဉ်းနိယာမများ၏ဖိနှိပ်ခြင်း မခံရသဖြင့် သက်ရှိအမြောက်အမြားရှိသော ဂူမုံမျိုးနွယ်စုအတွင်း၌ ရေထဲမှငါးတစ်ကောင်ကဲ့သို့ စွမ်းဆောင်နိုင်လေသည်။ သူမ၏ ခန္ဓာကိုယ် စွမ်းအားသည်လည်း သန့်စင်သောဖီးနစ်သွေးအနှစ်သာရကို နိုးဆွနိုင်စွမ်းရှိသောရွှယ်ဖုန်းအာ၏ ခန္ဓာကိုယ်ထက် လျော့နည်းခြင်း မရှိချေ။

ကျုံးရှန်သည် ပိုင်ကျင်းကျင်း၏ မေးခွန်းကို ပြန်လည် ဖြေကြားခြင်းမရှိဘဲ သူသည် ပိုင်ကျင်းကျင်းကို မည်သည့် သိုင်းနည်းစနစ်ဖြင့် နှိမ်နင်းရမည်ကို တွေးတောထားပြီး ဖြစ်သည်။

သန်းချီသော ဂျော့ချွမ်လက်သီး။ ခပ်သိမ်းသော သက်ရှိတို့၏ လက်သီး။

ခပ်သိမ်းသော သက်ရှိတို့၏ ရုန်းကန်လှုပ်ရှားမှုနှင့် မယိုင်လဲသော ဇွဲလုံ့လ စိတ်ဆန္ဒများ သူ၏ လက်သီးထံသို့ စုရုံးရောက်ရှိလာကြ၏။ ကျုံးရှန် ပိုင်ကျင်းကျင်းထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားစဉ် သူ၏ခြေလှမ်းတိုင်း၌ လက်သီးနှစ်ဖက်လုံးသို့ စွမ်းအားများ အလျင်အမြန် စုစည်းလာခြင်းဖြစ်သည်။

ကျုံးရှန်၏ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာကာ ဆွေးနွေးလိုသည့် ဆန္ဒ လုံးဝ မရှိကြောင်း မြင်လိုက်ရသည့်အခါ ပိုင်ကျင်းကျင်းသည် အေးစက်သော နှာမှုတ်သံတစ်ခုကို ပြုလုပ်လိုက်သည်။

''ဟမ့်...တယ်မောက်မာတဲ့လူသားပါလား"

"ငါ့ရဲ့ သန်းချီတဲ့ မသေမျိုးအလောင်းတောင်ကြီးရဲ့ စွမ်းအားကို မြည်းစမ်းကြည့်လိုက်စမ်း...''

''ထွက်လာစမ်း... အလောင်းတောင်ကြီး...''

သူမသည် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

''ဝုန်း... ဝုန်း...''

မြေပြင်သည် တုန်ခါလာပြီး အဝေးတစ်နေရာမှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးများ ထွက်ပေါ်လာလေသည်။

ကျုံးရှန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်ကာ ဤသို့သော အရှိန်အဟုန်သည် ပိုင်ကျင်းကျင်းအနေဖြင့် မှော်အတတ်များကို အသုံးပြုနိုင်နေခြင်းလောဟု တွေးတောမိသွားလေသည်။

မကြာမီပင် မြေငလျင်တုန်ခါရခြင်း၏ အကြောင်းရင်းကို သူ သိရှိလိုက်ရ၏။ အဝေးမှနေ၍ ကြည့်ရုံမျှဖြင့် စိတ်ပျက်အားငယ်စေနိုင်သော ကြီးမားလှသည့် အမည်းရောင် အသားလုံးကြီးတစ်ခု ကြမ်းတမ်းစွာ လိမ့်တက်လာနေလေသည်။

ထိုအသားလုံးကြီးသည် ပေတစ်သောင်းခန့် ကြီးမားလှပြီး အနီးကပ် မြင်လိုက်ရသည့်အခါတွင်မူ အမျိုးမျိုးသော အလောင်းများကို တစ်ခုနှင့်တစ်ခု ဖိသိပ်ကာ ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

အသားလုံးကြီးအတွင်း၌ သန်းနှင့်ချီသော အလောင်းများ ပါဝင်နေကာ လမ်းတစ်လျှောက်ရှိ မြေပြင်ကို ကြီးမားသော ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်စေသည်အထိ ကြမ်းတမ်းစွာလိမ့်ဆင်းလာခြင်း ဖြစ်သည်။ ပိုမို ထိတ်လန့်ဖွယ် ကောင်းသည်မှာ ထိုအသားလုံးကြီးအတွင်းရှိ အလောင်းများသည် လှုပ်ရှားနေဆဲပင် ဖြစ်၏။ အထပ်ထပ်အခါခါ နင်းခြေခြင်း ခံရသဖြင့် အစိတ်အပိုင်းများ ပြတ်တောက်သွားစေကာမူ ထိုအလောင်းများသည် တွန့်ရှုံ့လှုပ်ရှားနေကြဆဲ ဖြစ်သည်။ ထိုအမည်းရောင်အသားလုံးကြီးသည် အသိဉာဏ် ရှိပုံပေါ်ကာ ပိုင်ကျင်းကျင်း၏ ဆင့်ခေါ်မှုအမိန့်ကိုနာခံလျက် ကျုံးရှန်ထံသို့ တိုးဝင်သွားသည်။

ဤမြင်ကွင်းသည် အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှလေသည်။

ပိုင်ကျင်းကျင်းသည်လည်း ရပ်တန့် စောင့်ကြည့်နေခြင်း မရှိချေ။

သူမ လေ့ကျင့်ထားသော ကျင့်စဉ်သည် ငရဲမိစ္ဆာဝိညာဉ်စွမ်းအင်ကျင့်စဉ် ဖြစ်၏။ သူမသည် လက်နှစ်ဖက်ကို ဆန့်ထုတ်၍ လေထဲတွင် အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ရင်ဘက်အရှေ့၌လေများ စုစည်းလာပြီး တရကြမ်း လည်ပတ်လာကာ တဖြည်းဖြည်း ဖိသိပ်သွားပြီးနောက် အပြာရောင် စွမ်းအင်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုစွမ်းအင်လုံး၏ မျက်နှာပြင်သည် မာကျောပုံရသော်လည်း အတွင်းပိုင်းရှိ စွမ်းအင်စီးကြောင်းများသည် အလွန်တရာ ပြင်းထန်လှသဖြင့် ပေါက်ကွဲထွက်သွားပါက ကြီးမားသောစွမ်းအားများထွက်ပေါ်လာပေလိမ့်မည်။

ပိုင်ကျင်းကျင်းသည် ထူးချွန်သော ပါရမီ ရှိရုံသာမက တောင့်တင့်သော အင်အားစုနောက်ခံ ရှိသူလည်း ဖြစ်သည်။ သူမသည် ဂူချီရှာနှင့် ရွှယ်ဖုန်းအာတို့ထက်ပင် ရင်ဆိုင်ရ ခက်ခဲသော ပြိုင်ဘက် ဖြစ်နေကာ ကျုံးရှန်ပင်လျှင် အနည်းငယ် အခက်တွေ့ရမည်ဟု ခံစားလိုက်ရလေသည်။

အသားလုံးအလောင်းတောင်ကြီး၏ အရှိန်သည် အလွန် လျင်မြန်လှကာ လမ်းတစ်လျှောက်ရှိ ဂူမုံမျိုးနွယ်စု မြင်းစီးစစ်သည်များကို ဝါးမြို သွားပြီး ပိုမို ကြီးမားလာသည်။ အလောင်းတောင်ကြီး သည်ကျုံးရှန်ကို ဖိကြိတ်တော့မည့် အခိုက်အတန့်တွင် ကျုံးရှန်နှင့် ပိုင်ကျင်းကျင်းတို့သည် တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြလေသည်။

''ငရဲမိစ္ဆာဝိညာဉ် စွမ်းအင်လှိုင်း...''

''ဂျော့ချွမ်လက်သီး... ခပ်သိမ်းသော သက်ရှိတို့၏ လက်သီး...''

ကျုံးရှန်၏ လက်သီးနှစ်ဖက်သည် ချက်ချင်းပင် သန်းနှင့်ချီသော လက်သီးရိပ်များအဖြစ် ပြောင်းလဲသွားကာ ပိုင်ကျင်းကျင်းသည်လည်း သူမ လက်ထဲမှ ဖိနှိပ်သိပ်သည်းထားသည့် စွမ်းအင်လုံးကို ပစ်လွှတ်လိုက်သည်။

ထိုစွမ်းအင်လုံးသည် ချက်ချင်းပင် ပေါက်ကွဲသွားကာ ပြင်းထန်လှသော စွမ်းအင်လှိုင်းများထွက်ပေါ်လာပြီး သူတို့ နှစ်ဦး၏ ပတ်ပတ်လည်ရှိ လူများ၊ တဲများနှင့် မြင်းများကို လွင့်စဉ်သွားစေသည်။

''ဖွတ်...''

မရေမတွက်နိုင်သော လက်သီးရိပ်များသည် ပြင်းထန်သော စွမ်းအင်လှိုင်းများကို ချေမှုန်းပစ်လိုက်ကာ ပိုင်ကျင်းကျင်းထံတိုးဝင်သွားသည်။ သူမသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း အနည်းငယ် နောက်ကျသွားခဲ့ရာ ပုခုံးတစ်ဖက်သည် အသားစိုင်များအဖြစ် ကြေမွသွားသည်။

သို့သော်သူမသည် ရပ်တန့်သွားခြင်းမရှိဘဲ နာကျင်မှုကို တောင့်ခံကာ အံ့ဖွယ်နိမိတ်တံခါး တည်ရှိရာ ဟူဘီလိုင်းမျိုးနွယ်စု၏ဗဟိုချက်ဆီသို့ ပြင်းထန်သောအဟုန်ဖြင့် အလျင်အမြန်ပြေးသွားလေသည်။

ထိုအချိန်တွင် အလောင်းတောင်ကြီး ရောက်ရှိလာသည်။ သန်းချီသော အလောင်းများ စုစည်းထားသော အသားလုံးကြီးသည် အရာအားလုံးကို ဝါးမြိုနိုင်စွမ်း ရှိနေပြီး ဤအသားလုံးကြီးကို တားဆီးခြင်းမရှိပါက ဟူဘီလိုင်း မျိုးနွယ်စု တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

ကျုံးရှန်သည် လက်သီး ဆုပ်ထားသည်ကိုဖြေလျော့လိုက်ကာ ပိုင်ကျင်းကျင်းနောက်သို့ လိုက်လံဖမ်းဆီးခြင်း မပြုသေးဘဲ ခြေကုပ်ယူ၍ တည်ငြိမ်စွာရပ်လိုက်သည်။

မကြာသေးမီ အချိန်အတွင်း သူသည် ဉာဏ်အလင်းပွင့်မှုအတော်များများရရှိခဲ့၏။ ထိုအထဲတွင် မျှော်စင်တက်လှမ်းခြင်းမှ တက်လှမ်းခြင်းတာအို နှင့် သူ၏ ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်းတာအိုလမ်းစဉ် တို့ကို ပေါင်းစပ်လိုက်သည့်အခါ သူ၏ လက်သီးသိုင်းကွက်များအပေါ်တွင် ပိုမို နက်ရှိုင်းသော နားလည်မှုများ ရရှိလာလေသည်။

ယခုအခါ ထိုအသိများကို လက်သီးချက်အဖြစ် ပြောင်းလဲလိုက်ကာ အလောင်းတောင်ကြီးထံသို့ ထိုးနှက်လိုက်သည်။

ကောင်းကင်ဘုံကို အောင်နိုင်သော စိတ်ဆန္ဒ။

မလျှော့သော ဇွဲလုံ့လ။ထိုသည်မှာ လူသားတို့၏ စိတ်ဓာတ်ခိုင်မာမှုသည် ကောင်းကင်ဘုံကိုပင် အောင်နိုင်သည်ဟူတည်း။

ဤသည်ကား ကျုံးရှန်၏ တာအိုလမ်းစဉ်ကို ပုံဖော်ထားခြင်းဖြစ်သလို သူ၏တစ်ခုတည်းသော ယုံကြည်ရာလည်း ဖြစ်သည်။

လက်သီးချက်သည် သာမန်ကာလျှံကာ ထိုးလိုက်သည့်လက်သီးတစ်ခုကဲ့သို့ပင် ပြင်းထန်သော လေလှိုင်းများထွက်ပေါ်လာခြင်း မရှိသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများလည်း မြင်တွေ့ရခြင်း မရှိချေ။ အလောင်းတောင်ကြီးနှင့် ထိတွေ့မိသည့် ခဏ၌ပင် ထိုလက်သီးချက်သည် ဝါးမြိုခံလိုက်ရ၏။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် အလောင်းတောင်ကြီး၏ လိမ့်နေသော အရှိန်သည် ရုတ်တရက် ရပ်တန့်သွားကာအတွင်းရှိ အလောင်းများသည်လည်း လှုပ်ရှားခြင်း မရှိတော့ချေ။ ကျုံးရှန်သည် နေရာ၌ပင် ရပ်နေဆဲ ဖြစ်သည်။

သူ၏ လက်မောင်းသည် အသားလုံးကြီးအတွင်းသို့ တစ်ဝက်ခန့် နစ်ဝင်နေသော်လည်း သူ၏ မျက်နှာတွင် ဝမ်းနည်းခြင်း ၊ဝမ်းသာခြင်း မရှိဘဲ တည်ငြိမ်နေသည်။

ခဏအကြာတွင် အလောင်းတောင်ကြီးသည် ကောင်းကင်ယံသို့ မြင့်မားစွာ ပျံတက်သွားပြီး အသားလုံးကြီးသည် ဖုန်မှုန့်များအဖြစ် ကြေကွဲပျက်စီးသွားကာ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွားသည်။

သက်ဆိုင်ရာသက်ရှိများအား သက်ဆိုင်ရာသို့ပြန်လည်ပို့ဆောင်ပေးခြင်း။

ထို့နောက်ကျုံးရှန်သည် ကိုယ်ကို လှည့်၍ အံ့ဖွယ်နိမိတ်တံခါးရှိရာ ဟူဘီလိုင်းမျိုးနွယ်စု၏အလယ်ဗဟိုဆီသို့ အပြေးအလွှား သွား ရောက်ခဲ့သည်။ သို့သော်လည်း သူနောက်ကျသွားခဲ့လေသည်။

ရှီမင်နှင့် ရွှယ်ဖုန်းအာတို့သည် ဒဏ်ရာများရရှိထားကာ မြေပြင်ပေါ်၌အလဲလဲအပြိုပြိုဖြစ်နေကြသည်။ သူတို့သည် ရူးသွပ်နေသော ပိုင်ကျင်းကျင်းကို တားဆီးနိုင်ခြင်းမရှိခဲ့ကြချေ။

သူမသည် အံ့ဖွယ်နိမိတ်တံခါးအတွင်းသို့ ဝင်ရောက်သွားကာ ဤအထပ်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။

All Chapters