အခန်း (၂၇၂)
Vol. 28 Ch. 272
''သခင်... ရှီမင် အသုံးမကျတာကြောင့် သူ့ကို မတားဆီးနိုင်ခဲ့ပါဘူး...''
ရှီမင်နှင့် ရွှယ်ဖုန်းအာတို့သည် ပိုင်ကျင်းကျင်းကိုယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ချေ။
ကျုံးရှန် လျှောက်လှမ်းလာသည်ကို မြင်သောအခါ ရှီမင်သည် အနည်းငယ် နွမ်းနယ်သော ပုံစံဖြင့် မြေပြင်မှထရပ်ကာဒူးထောက်လိုက်ပြောဆိုလိုက်သည်။
ရွှယ်ဖုန်းအာသည်လည်း ရိုသေစွာဖြင့် ဦးညွှတ်လိုက်၏။
''သခင်... ကျွန်မတို့ အသုံးမကျလို့ပါ...''
ကျုံးရှန်သည် အံ့ဖွယ်နိမိတ်တံခါးကို တစ်ချက် ကြည့်လိုက်ကာ အမှုမထားသော ဟန်ဖြင့် လက်ခါပြလိုက်သည်။
''ကိစ္စမရှိဘူး... ဒီမိန်းမရဲ့ နောက်ခံက နက်နဲသလို ဝှက်ဖဲတွေလည်း အများကြီးပဲ..."
"သူမရဲ့ ပါရမီကလည်း သက်ရှိတွေရှိနေတဲ့ ဒီနေရာမှာဆိုရင် ရေထဲက ငါးတစ်ကောင်လိုပဲလေ...''
''မင်းတို့ မတားနိုင်တာက ပုံမှန်ပါပဲ...''
''သူမ မျှော်စင်တက်တာကို မစွန့်လွှတ်သရွေ့တော့ သူမကို ဖမ်းဖို့ ငါ့မှာ အခွင့်အရေး ရှိလာအုန်းမှာပါ...''
''အကယ်၍ သူမ မျှော်စင်တက်တာကို စွန့်လွှတ်ပြီး မျှော်စင်ထဲမှာပဲ ပုန်းနေမယ်ဆိုရင်တောင် သူမကို နှိမ်နင်းဖို့ ငါ့မှာ နည်းလမ်းရှိပါသေးတယ်...''
ပိုင်ကျင်းကျင်းနှင့် ပတ်သက်၍ ကျုံးရှန်သည် သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။
သူသာ မျှော်စင်၏ ထိပ်ဆုံးသို့ ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့ပါက မျှော်စင်အတွင်းရှိ အရာအားလုံးသည် သူ၏ လက်ခုပ်အတွင်းသို့ ရောက်ရှိလာပေလိမ့်မည်။ ပိုင်ကျင်းကျင်း ထွက်ပြေးသွားခဲ့လျှင်ပင် သူသည် ငရဲဝိညာဉ်ကမ္ဘာသို့ သွားရောက်၍ သူမကို သုတ်သင်ကာ သူမ၏ ပါရမီနှင့် ခန္ဓာကိုယ်ကို လုယူမည် ဖြစ်၏။
သို့သော်လည်း ယခုနေရာ၌ သူမကို မသတ်ဖြတ်နိုင်ခဲ့ခြင်းသည် အနည်းငယ် နှမြောစရာ ကောင်းလှသည်။ ဤသည်မှာလည်း သူမ၏ ကံကြမ္မာနှင့် ပါရမီ မည်မျှအထိ အင်အားကြီးမားကြောင်းကို သက်သေပြနေခြင်း ဖြစ်သည်။
ကြီးမားသော တိုက်ပွဲကြီးအပြီးတွင် ဟူဘီလိုင်း မျိုးနွယ်စု၏ အစွန်အဖျားဒေသသည် ပျက်စီးယိုယွင်းနေသော အပျက်အစီးများအဖြစ် ပြောင်းလဲသွားသည်။ အထူးသဖြင့် အလောင်းတောင်ကြီး တစ်နည်း အသားလုံးကြီး ဖြတ်သန်းသွားခဲ့သည့်နေရာတိုင်းတွင် မြက်ပင်တစ်ပင်မျှပင် မကျန်ခဲ့ဘဲ ကြီးမားလှသော စွတ်ကြောင်းရာကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ကျုံးရှန်သည် ခဏတာမျှ စဉ်းစားပြီးနောက် ဟူဘီလိုင်းမျိုးနွယ်စု၏ ပြင်ပသို့ ပြန်လည် ထွက်ခွာလာကာ အခြား မိစ္ဆာအရှင်သခင်များ ငါးစာလာဟပ်မည့် အချိန်ကို ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။
ထိုအချိန်တွင် အမှောင်နတ်ဘုရားငယ်သည်လည်း မြင်းဖြင့် တရွတ်တိုက် ဆွဲခေါ်ခြင်း ခံရကာ ဟူဘီလိုင်း မျိုးနွယ်စုသို့ မကြာမီ ရောက်ရှိပေတော့မည်။ သူသည် လှုပ်ရှားနိုင်ခြင်း မရှိသေးချေ။
ထို မျိုးနွယ်စုခေါင်းဆောင် (ခမ်း) သည် အလွန်အမင်း ဒေါသထွက်နေသဖြင့် သူ ပိုင်ဆိုင်ထားသည့် အံ့ဖွယ်စွမ်းရည်ဖြစ်သော မျှော်စင်၏စည်းမျဉ်းနိယာမအပိုင်းအစ အားလုံးကို အသုံးပြုကာ အပြင်းထန်ဆုံး ချုပ်နှောင်ခြင်းနည်းစနစ်ဖြင့် အမှောင်နတ်ဘုရားငယ်ကို ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ယင်းမှ ရုန်းထွက်ရန် မည်သို့မျှ မလွယ်ကူလှချေ။
ကျုံးရှန်သည် အမှောင်နတ်ဘုရားငယ်တစ်ယောက် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းသို့ ဝင်ရောက်လာသည်ကို သိရှိထားခြင်း မရှိသေးပေ။ ယခုအခါ ချုပ်နှောင်ခြင်းနည်းစနစ်ဖြင့်ဖမ်းချုပ်ခြင်း ခံထားရသော ရှေးအမှောင်နတ်ဘုရားငယ်သည် သူ၏ ရှေ့မှောက်သို့ အလိုအလျောက် ရောက်ရှိလာတော့မည်ဖြစ်ရာ မမျှော်လင့်သည့် လက်ဆောင်တစ်ခုကဲ့သို့ပင် ဖြစ်နေလေသည်။
အမှောင်နတ်ဘုရားငယ်၏ ခန္ဓာကိုယ်ပေါ်တွင် အမှောင်နတ်ဘုရား ချန်ထားခဲ့သော အမွေအနှစ် တံဆိပ်ခတ်နှိပ်မှုများ ရှိသကဲ့သို့ အမှောင်နှလုံးသား ဟု ခေါ်သည့် ထူးဆန်း ရတနာလည်း ရှိသည်။ ကျုံးရှန်အနေဖြင့် အမှောင်တာအို နိယာမများကို ကျွမ်းကျင်သော အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တော့မည်ဖြစ်သည်။
မကြာမီပင် ချုပ်နှောင်ခြင်းနည်းစနစ်ဖြင့်အဖမ်း ခံထားရသော အမှောင်နတ်ဘုရားငယ်သည် ဟူဘီလိုင်း မျိုးနွယ်စု၏ ပြင်ပသို့ ရောက်ရှိလာသည်။ ယခုအချိန်တွင် အမှောင်နတ်ဘုရားငယ်၏ တစ်ကိုယ်လုံး၌ ရွှံ့များ၊မြက်များဖြင့် ပေကျံနေကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ အနွမ်းပါးဆုံးသော သူတောင်းစားထက်ပင် ပိုမို ညစ်ပတ်နေသည်။
ငရဲကမ္ဘာရှိ မျိုးဆက်သစ်များကြားတွင် နာမည်ကျော်ကြားလှသော အမှောင်နတ်ဘုရားငယ်၏ ခန့်ညားထည်ဝါမှုများသည် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်၏။
ဤသည်မှာ ကံကြမ္မာ အလှည့်အပြောင်းပင် ဖြစ်သည်။ မိစ္ဆာအရှင်သခင်များထဲတွင် ဂူချီရှာ၊ ပိုင်ကျင်းကျင်းနှင့် ရွှယ်ဖုန်းအာတို့သည် အနည်းဆုံးအနေဖြင့် တိုက်ပွဲကြီးများကို ဆင်နွှဲခဲ့ကြသေးကာ အမှောင်နတ်ဘုရားငယ်တစ်ယောက်သာ အရှက်ရဆုံးသော နည်းလမ်းဖြင့် ကျရှုံးခဲ့ရလေသည်။
ကျုံးရှန်သည် ဤမျှ နွမ်းနယ်စုတ်ပြတ်နေသည့် အမှောင်နတ်ဘုရားငယ်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရကာ နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။ ထို့နောက်သူသည် ထိုလူများ၏ လမ်းကို ပိတ်ဆို့လိုက်၏။
''မိတ်ဆွေတို့... သူ့ကို ငါ့လက်ထဲ အပ်လိုက်ပါ... ငါပဲ သူ့ကို ရှင်းလိုက်ပါ့မယ်...''
လူတိုင်းသည် မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်ကြချေ။
အထူးသဖြင့် ထို မျိုးနွယ်စုခေါင်းဆောင်သည် ကျုံးရှန်ကိုအမှောင်နတ်ဘုရားငယ်၏ အပေါင်းအဖော်ဟု ထင်မှတ်နေ၏။ ကံဆိုးလှစွာပင် သူ၏ အံ့ဖွယ်စွမ်းအားများသည် အမှောင်နတ်ဘုရားငယ်အပေါ်တွင် အကုန်အစင် အသုံးပြုထားပြီး ဖြစ်ရာ ချုပ်နှောင်ခြင်းနည်းစနစ်ကို ထပ်မံ အသုံးမပြုနိုင်တော့ချေ။
''မင်းက ဘယ်သူလဲ...''
''ဒီမိစ္ဆာကို ငါတို့က ထျန်းခမ်း ထန်ဂါဆီပဲ အပ်နှံမှာ ဖြစ်တယ်...''
ကျုံးရှန်သည် မျိုးနွယ်စုခေါင်းဆောင်၏ တည်ကြည်သော မျက်နှာထားကို ကြည့်လိုက်သော်လည်း မည်သည့် စကားမျှ ထပ်မံ ပြောဆိုခြင်းမရှိတော့ချေ။
သူ၏ ခြေလှမ်းများ လျင်မြန်စွာ လှုပ်ရှားသွားပြီး ထိုသူတို့၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူတို့၏ အံ့အားသင့်နေသော အကြည့်များအောက်၌ပင် မြေပြင်တွင်တရွတ်တိုက်ဆွဲခေါ်ခြင်းခံရသည့် အမှောင်နတ်ဘုရားငယ်ကို လည်ပင်းမှဆုပ်ကိုင်ဖမ်းဆီးလိုက်သည်။
''မင်း... မင်း ဘာလုပ်ချင်တာလဲ...''
''ငါက အမှောင်နတ်ဘုရားရဲ့ အမွေဆက်ခံသူပဲ... သူက တာအိုနဲ့ တစ်သားတည်း ဖြစ်နေပြီသားနော်...''
''မင်းသာ ငါ့ကို သတ်ရဲရင် မင်း ငရဲကမ္ဘာထဲမှာ ရှိနေသရွေ့ အမှောင်နတ်ဘုရားက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး...''
အမှောင်နတ်ဘုရားငယ်သည် ကျုံးရှန်ကို ချက်ချင်း မှတ်မိသွားသည်။
ယခင်က ကျုံးရှန်၏ လက်ခြောက်ဖက် နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏လက်သီးချက်မှာ သူ့အတွက် မေ့မရနိုင်သော အမာရွတ် ဖြစ်ခဲ့ရသည်။ သူသည် ကိုးထပ်ငရဲကမ္ဘာ၏ ရှစ်ထပ်မြောက် ကုန်းမြေတိုက်၌ အင်အားကြီးသော အမှောင်နှလုံးသား ကို ရရှိခဲ့သဖြင့် ကံကောင်းခဲ့သော်လည်း ကျုံးရှန် ပေးခဲ့သော စိတ်ဒဏ်ရာမှာမူ ပျောက်ကွယ်သွားခြင်းမရှိခဲ့ချေ။
ယခုအခါ မြက်ခင်းပြင်ကမ္ဘာအတွင်း၌ ချုပ်နှောင်ခြင်းနည်းစနစ်ဖြင့်အဖမ်းခံထားရသဖြင့် အမှောင်နတ်ဘုရားငယ်မှာ အသတ်ခံရန် စောင့်ဆိုင်းနေရသော သိုးငယ်တစ်ကောင် ဖြစ်လာလေသည်။
အကယ်၍ ထိုသူများက သူ့ကို ထျန်းခမ်းထံ ခေါ်ဆောင်သွားမည် ဆိုပါက အမှောင်နတ်ဘုရားငယ်သည် အလွန်အမင်း ကြောက်လန့်နေမည် မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်သည် အားနည်းခြင်းမရှိဘဲ သာမန် ဓား၊ လှံ၊ မီးရှို့ခြင်း၊ ရေနစ်ခြင်း သို့မဟုတ် မြင်းဖြင့် ဆွဲခြင်းတို့ဖြင့် သတ်ရန်မဖြစ်နိုင်ရကာ ဂူမုံမျိုးနွယ်စု၏ နည်းလမ်းများဖြင့် သူ့ကို သတ်ရန်ခက်ခဲလှသည်။
သို့သော်လည်း ကျုံးရှန်နှင့် တွေ့ဆုံရသည့် အခါတွင်မူ အခြေအနေသည် လုံးဝကွဲပြားသွားပြီဖြစ်၏။ ယခုအခါ သူသည် ချုပ်နှောင် ခံထားရခြင်း မရှိလျှင်ပင် ကျုံးရှန်သည် သူ့ကို အသေသတ်နိုင်မည်ဖြစ်သည်။
သို့ဖြင့် အမှောင်နတ်ဘုရားငယ်သည် ကြောက်စိတ်ကို ဖုံးကွယ်၍ ခြိမ်းခြောက်နေရုံသာ တတ်နိုင်လေသည်။ သို့သော်လည်း ကျုံးရှန်၏ တည်ငြိမ်နေသော မျက်နှာကို မြင်လိုက်ရရုံဖြင့် သူ၏ခြိမ်းခြောက်မှုများ အလုပ်မဖြစ်ကြောင်း သိရှိလိုက်ရသည်။
''တောင်းပန်ပါတယ်... ငါ့ကို မသတ်ပါနဲ့... ငါ မင်းနောက်ကို လိုက်ပါ့မယ်...''
''ငါ ရရှိထားတဲ့ အမှောင်နတ်ဘုရားရဲ့ ရတနာအားလုံးကို မင်းကို ပေးပါ့မယ်... မသတ်ပါနဲ့...''
ခြိမ်းခြောက်မှုသည် အသုံးမဝင်သဖြင့် သူသည် စတင် အသနားခံလာလေသည်။
သို့သော်လည်း ကျုံးရှန်အတွက်မူ ယင်းသည် အပိုပင် ဖြစ်၏။ သူ၏ ရည်ရွယ်ချက်သည် အမှောင်နတ်ဘုရားငယ်ကို သတ်ဖြတ်၍ အမွေအနှစ်အမှတ်အသားနှင့် အမှောင်နှလုံးသားကို လုယူရန် ဖြစ်သည်။ ရှင်းလင်းလှသော ရည်ရွယ်ချက် ဖြစ်သကဲ့သို့ သူ၏ အကျိုးအမြတ်နှင့်လည်း ကိုက်ညီနေရာ မည်သည့် စကားလုံး၏ ဖျားယောင်းမှုကြောင့်မျှ ပြောင်းလဲသွားမည် မဟုတ်ချေ။
''ပြောလို့ ပြီးပြီလား...''
''မင်း သေလို့ ရပြီ...''
ကျုံးရှန်သည် တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
သူ၏ လေသံသည် တုန်လှုပ်ခြင်း မရှိရာ ဘေးလူများ၏ အမြင်တွင် အလွန်တရာ ရက်စက်နေသည်။ သူသည်အမှောင်နတ်ဘုရားငယ်၏လည်ပင်းကို ဆုပ်ကိုင်ထားသည့်လက်ကို လေထဲသို့ မြှောက်လိုက်သည်။ သူ၏စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် အခြားသော လက်တစ်ဖက်၏ လက်ချောင်းများသည် အမှောင်နတ်ဘုရားငယ်၏ ရင်ဘတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၏။
လက်ချောင်း ငါးချောင်းသည် အမှောင်နတ်ဘုရားငယ်ထံမှ အနည်းငယ်သော ခုခံမှုကိုသာ ခံစားလိုက်ရပြီး သူ၏ ရင်ဘတ်အတွင်းသို့ ဖောက်ဝင်သွားကာ လက်ကောက်ဝတ် တစ်ခုလုံးပင် နစ်ဝင်သွားသည်။ ထို့နောက် လက်ချောင်းများသည် ဖြည်းညင်းစွာ စုစည်းသွားပြီး နှလုံးသားကို အတင်းအကြပ် ဆွဲနှုတ်လိုက်၏။
''အား... အား... အား...''
အမှောင်နတ်ဘုရားငယ်သည် အလွန်တရာ စူးရှလှစွာဖြင့် အော်ဟစ်လိုက်ရာ သူ သတ်ဖြတ်ခဲ့ဖူးသော သက်ရှိအားလုံး၏ အော်ဟစ်သံများ ပေါင်းစပ်လိုက်လျှင်ပင် ထိုမျှလောက် နာကျင်ဖွယ် ကောင်းမည် မဟုတ်ချေ။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမှောင်စွမ်းအားများသည် ပြင်းထန်စွာလှုပ်ရှားလာပြီး ပေါက်ကွဲထွက်ရန် ကြိုးစားလာသည်။ သို့သော်လည်း ဤနေရာသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ဖြစ်ကာ မျှော်စင်အတွင်းရှိ စည်းမျဉ်းနိယာမများက အမှောင်စွမ်းအားများကို တင်းကျပ်စွာ ဖိနှိပ်ထားသဖြင့် ကျုံးရှန်အတွက် အကြီးမားဆုံးသော အကူအညီ ဖြစ်သွားလေသည်။
ကျုံးရှန်သည် လက်ကောက်ဝတ်ကို လှည့်၍ တစ်ချက် ခါလိုက်လျှင်အမှောင်နတ်ဘုရားငယ်၏ အော်ဟစ်သံသည် ပိုမို ကျယ်လောင်လာ၏။ ထို့နောက် သူ၏လက်ကို ဖြည်းညင်းစွာ ပြန်လည် ဆွဲထုတ်လိုက်သည့် အခါ နက်မှောင်နေသော နှလုံးသားတစ်ခု ထွက်ပေါ်လာသည်။
နှလုံးသားသည် ခန္ဓာကိုယ်မှ ကွဲကွာသွားပြီးနောက်တွင်ပင် တဒိတ်ဒိတ် ခုန်လှုပ်နေဆဲ ဖြစ်သည်။ ထိုခုန်လှုပ်မှု အရှိန်သည် ကျုံးရှန်၏ လက်မောင်းကိုပင် တုန်ခါသွားစေကာ သူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်မှာ နှလုံးသားတစ်ခု မဟုတ်ဘဲ ကမ္ဘာတစ်ခုဖြစ်သည်ဟု ခံစားလိုက်ရလေသည်။
လက်ဖြင့် အနည်းငယ် ညှစ်ကြည့်လိုက်သော်လည်း အမှောင်နှလုံးသားသည် မည်သည့် ပြောင်းလဲမှုမျှ မရှိဘဲ အမှောင်စွမ်းအားများသာ ထွက်ပေါ်လာသည်။
'ဒီအမှောင်နှလုံးသားက အမှောင်စွမ်းအားတွေရဲ့ မူလဇစ်မြစ်ပဲဖြစ်ရမယ်...'
'ဒီထဲမှာ ပါဝင်တဲ့ အမှောင်နိယာမတွေနဲ့ အမှောင်စွမ်းအားတွေက အဆုံးမရှိသလောက်ပါလား...'
ကျုံးရှန်သည် အမှောင်နှလုံးသားကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အဖိုးထိုက်တန်သောရတနာ ရလိုက်သဖြင့် သူ စုဆောင်းထားသော အမှောင်ကျင့်စဉ်များကို အသုံးပြု၍ အမှောင်နိယာမကို ကျွမ်းကျင်သည့် ထိပ်တန်း ပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးရန်အတွက် လုံးဝ ပြဿနာ မရှိတော့ချေ။
ကျုံးရှန်၏ တည်ငြိမ်မှုနှင့် ယှဉ်လိုက်လျှင် အမှောင်နတ်ဘုရားငယ်၏ အခြေအနေသည် အလွန်တရာ သနားစဖွယ် ကောင်းလှပေသည်။