← Chapters

အခန်း (၂၇၃)

Vol. 28 Ch. 273

အခန်း (၂၇၃)

Vol. 28 Ch. 273

အမှောင်နတ်ဘုရားငယ်သည် အမှောင်နှလုံးသားနှင့် ပေါင်းစပ်ပြီးနောက် သူ၏ သက်စောင့်စွမ်းအားနှင့် ကံကြမ္မာစွမ်းအားအများစုသည် အမှောင်နှလုံးသားနှင့် တစ်သားတည်း ဖြစ်သွားခဲ့လေသည်။ သို့ဖြစ်ရာ အမှောင်နှလုံးသားသည် သူ၏အဓိက အသက်ဗဟိုချက်ဟုဆိုရပေမည်။

အကယ်၍ အပြင်လောကတွင် ဖြစ်ပါက သူ့ကို ဤမျှ လွယ်ကူစွာ ဖမ်းဆီးနိုင်ရန် မဖြစ်နိုင်ကာ ကျုံးရှန်၏ ကြမ်းတမ်းလှသည့်အမှောင်နှလုံးသားကို ဆွဲထုတ်ခြင်းမျိုးလည်းခံရမည်မဟုတ်ပေ။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများသည် ကျုံးရှန်အတွက် အကြီးမားဆုံးသော အကူအညီ ဖြစ်လာခဲ့ခြင်းကြောင့်သာဖြစ်သည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ခရီးစဉ်ကို စတင်ချိန်မှစ၍ ကျုံးရှန်သည်ဆိတ်ချိုမိစ္ဆာ အသွင်ဖြင့် မထင်မရှား နေထိုင်ခဲ့သည်။ သူသည် အစစ်အမှန်မိစ္ဆာနတ်ဘုရား အဆင့်၃ အထွတ်အထိပ်ရှိ မိစ္ဆာအရှင်သခင်ကြီးအချို့၏ သတိပြုမိခြင်းခံခဲ့ရသော်လည်း အမျိုးမျိုးသော တိုက်ဆိုင်မှုများကြောင့် သူတို့သည် သူ၏ မျှော်စင်တက်လှမ်းမှုကို မတားဆီးနိုင်ခဲ့ကြချေ။

ထို့အပြင် မျှော်စင်ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ်၌လည်း ဓားတစ္ဆေ ဂူကျဲထူ၏ ဝင်ရောက်နှောက်ယှက်ခဲ့ခြင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကာ ထိုမှတစ်ဆင့် ဖြူမဲ သေမင်းတမန်ညီနောင်နှစ်ဦးနှင့် ဂူကျဲထူ၏ တိုက်ပွဲကြောင့် မျှော်စင်သည် အချိန်စော၍ ပွင့်ခဲ့သလို စော၍လည်း ပိတ်သွားခဲ့ရသည်။

ထိုကဲ့သို့များပြားလှသော တိုက်ဆိုင်မှုများသည် ကျုံးရှန်တစ်ယောက် အထပ်တစ်ထောင်အဆင့်ရှိဟင်းလင်းပြင်ကမ္ဘာအတွင်း၌ ငရဲကမ္ဘာမှ ပါရမီရှင် မိစ္ဆာအရှင်သခင်များကို ကြက်ကလေး ငှက်ကလေးများကဲ့သို့ သတ်ဖြတ်နိုင်စွမ်းရှိသွားစေလေသည်။

''ငါက အမှောင်ထုရဲ့ ကိုယ်ပွားပဲ...''

''ငါ ဘယ်လိုလုပ် သေမှာလဲ...''

''မဖြစ်နိုင်ဘူး... ငါ မသေနိုင်ဘူး''

အမှောင်နတ်ဘုရားငယ်၏ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်အားများသည် တဖြည်းဖြည်း လွင့်ပါးသွားကာ စွမ်းအားကုန်ခမ်းသွားသည့် ရုပ်သေးရုပ်တစ်ခုကဲ့သို့ ဖြစ်သွားသည်။

ကျုံးရှန်သည် သူ့ကို အရေးတယူ ကြည့်မနေတော့ဘဲ အမှိုက်တစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ကျုံးရှန်သည် အခြားသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အမှောင်နတ်ဘုရားငယ်၏ ခန္ဓာကိုယ်ထက်၌ ဝှေ့ယမ်းလိုက်လျှင် မှောင်မည်းနေသော စွမ်းအင်လုံးတစ်ခု ထွက်ပေါ်လာသည်။

ထိုစွမ်းအင်လုံးအတွင်း၌ ဝေဝါးသော အရိပ်တစ်ခု တရားထိုင်နေသည့် ပုံစံ ရှိနေ၏။ ထိုအရာသည်ကား အမှောင်နတ်ဘုရားအမွေအနှစ် အမှတ်အသားပင် ဖြစ်ကာ ကျုံးရှန်သည် ထိုအရာကို သိမ်းဆည်းလိုက်သည်။

ကျုံးရှန်သည် အမှောင်နှလုံးသားကို လေ့လာရန် ပြင်လိုက်ချိန်တွင် သူ၏ လက်ဖဝါးအတွင်း၌ မြဲမြံစွာ ဆုပ်ကိုင်ထားသော ထိုအမှောင်နှလုံးသားသည် ရုတ်တရက် တုန်ခါလာသည်။ တုန်ခါမှုသည် အလွန်တရာ ပြင်းထန်လှသဖြင့် ကျုံးရှန်ပင်လျှင် ဆုပ်ကိုင်ထားရာမှ လွတ်ကျလုနီးပါး ဖြစ်သွားရသည်။

''ငါ့ရဲ့ အမွေဆက်ခံသူကို သတ်ရဲတဲ့ လူသား... မင်း တော်တော် သတ္တိကောင်းတာပဲ''

''မင်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထဲမှာ ပုန်းနေရုံနဲ့ ငါ မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မထင်နဲ့...''

''ငါက ကောင်းကင်နဲ့ တစ်သားတည်း ဖြစ်နေပြီ..."

"ငါက ကောင်းကင်တာအို...''

''ကောင်းကင်တာအိုကလည်း ငါပဲ...''

''စောင့်နေလိုက်စမ်း... မကြာခင်မှာ ဘေးဒုက္ခတွေက မင်းနောက်လိုက်လာလိမ့်မယ်...''

အမှောင်နတ်ဘုရား၏ အသံသည် ဟူဘီလိုင်း မျိုးနွယ်စု၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ် ပျံ့လွင့်သွားရာ မျိုးနွယ်စုဝင်များအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ကျုံးရှန်သည် ထိုစကားများကို အမှုမထားဘဲ လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ သူသည် အမှောင်နှလုံးသားကို သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ ပေါ့ပါးစွာပင် သိမ်းဆည်းလိုက်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရားငါးပါး စောင့်ကြပ်နေသည့်အပြင် ဟင်းလင်းပြင် နတ်ဘုရားတံဆိပ် နှစ်ခုဖြင့် ဖွဲ့စည်းထားသော ရွှေရောင်ကိုယ်ပွားနှင့် မရေမတွက်နိုင်သော စစ်မှန်သည့်အတ္တ အမှုန်အမွှားများလည်း ရှိသည်။ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွားသည်နှင့် မည်သူမျှ ဆူပူသောင်းကျန်း၍ မရနိုင်တော့ပေ။

ထို့အပြင် ကောင်းကင်တာအိုကိုပင် အမှုမထားသော ထိပ်တန်း ပညာရှင်တစ်ယောက် ဖြစ်သည့် ကျုံးရှန်သည် ခြိမ်းခြောက်ရုံဖြင့် ကြောက်လန့်မည့်သူ မဟုတ်ချေ။

အကယ်၍ အမှောင်နတ်ဘုရားသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အတားအဆီးကို ဖြတ်ကျော်နိုင်သည့် စွမ်းအား အမှန်တကယ် ရှိပါက ကျုံးရှန်ကို လာရောက် ဖြေရှင်းမည်ဖြစ်၏။

သို့ဖြစ်ရာသူ၏ ခြိမ်းခြောက်စကားသည် အမှောင်နှလုံးသားအတွင်း ကျန်ရစ်ခဲ့သည့် စိတ်ဆန္ဒတစ်ခုသာ ဖြစ်နိုင်ချေရှိလေသည်။ ကျုံးရှန်၏ လက်ရှိ စွမ်းအားဖြင့် ဆိုပါက အမှောင်နတ်ဘုရား ကိုယ်တိုင် ဆင်းသက်လာလျှင်ပင် လွယ်ကူစွာအနိုင်ရမည်မဟုတ်ပေ။

အမှောင်နတ်ဘုရားငယ်သည် ယခုအခါ သေဆုံးခါနီး ခွေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်၌ လဲလျောင်းနေသည်။ အမှောင်နှလုံးသားကို ဆွဲနှုတ်ခြင်း ခံလိုက်ရပြီး ဆက်ခံသူအမွေအနှစ်အမှတ်အသားလည်းမရှိတော့သဖြင့် သူ၏ ခန္ဓာကိုယ်သည် စတင် ဆွေးမြည့်လာကာ သက်စောင့်အားများ အလျင်အမြန် ကုန်ခမ်းသွားသည်။

သူ၏ ခန္ဓာကိုယ်သည်လည်း ကျောက်စိမ်းကဲ့သို့ မာကျောသည့် အခြေအနေတွင် မရှိတော့ဘဲ ဂူမုံမျိုးနွယ်စု၏ ဓားများဖြင့် သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်စွမ်းရှိသွားလေသည်။

အမှောင်နတ်ဘုရားငယ်ကို ခေါ်ဆောင်လာသည့် လူများသည် ထိုအရာကိုသတိထားမိလျှင် သူတို့၏ကောက်ကွေးနေသော ဓားများဖြင့် အမှောင်နတ်ဘုရားငယ်ကိုအဆက်မပြတ် ခုတ်ပိုင်းလိုက်သည်။ လေထဲ၌အသားစိုင်များလွင့်စင်သွားလျှင် အမှောင်နတ်ဘုရားငယ်၏နာကျင်စွာအော်ဟစ်သံများထွက်ပေါ်လာသည်။

ထိုမျိုးနွယ်စုဝင်များသည် ရူးသွပ်နေသော ပုံစံဖြင့် ခုတ်ပိုင်းနေကြခြင်း ဖြစ်သည်။ အမှောင်နတ်ဘုရားငယ်တစ်ယောက် သူတို့၏မျိုးနွယ်စုကို သတ်ဖြတ်ခဲ့သည့် နာကျည်းချက်သည် သူ၏အသားများကို အစိမ်းလိုက်ဝါးစားလျှင်ပင် ပြေပျောက်နိုင်လိမ့်မည် မဟုတ်ချေ။

ကျုံးရှန်သည် ထိုနေရာမှလှည့်ထွက်လာခဲ့လိုက်သည်။ သူသည် အဓိက ပစ်မှတ်ကြီးများကို သုတ်သင်သွားပြီဖြစ်၏။ ပါရမီ ထူးခြားမှုကြောင့် ဒဏ်ရာနှင့် ထွက်ပြေးသွားသော ပိုင်ကျင်းကျင်းမှလွဲ၍ ကျန်ရှိသော ငရဲမဟာကမ္ဘာကြီးမှ ပါရမီရှင်များအားလုံးသည် ကျုံးရှန်၏ ရှင်းလင်းခြင်းခံလိုက်ရကာ အမွေအနှစ် အမှတ်အသားများနှင့် ပါရမီ ခန္ဓာကိုယ် အသစ်များစွာကို သိမ်းဆည်းရရှိခဲ့လေသည်။

ကျုံးရှန်သည် မြက်ခင်းပြင်ကမ္ဘာကြီး၌ ရက်အနည်းငယ်ခန့် ထပ်မံ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာသော ငရဲကမ္ဘာမှ မိစ္ဆာအားလုံးကို သူ သတ်ဖြတ်ပစ်မည် ဖြစ်သည်။

သူသည် မြက်ခင်းပြင်ကမ္ဘာကို အလွန်တရာ အလေးထားကာ နောင်တစ်ချိန်တွင် သံမဏိမြင်းစစ်သည်တပ်ကြီးတစ်ခု ပျိုးထောင်ရန်ရည်မှန်းထား၏။ ထို့ကြောင့် ထိုမိစ္ဆာများက မြက်ခင်းပြင်ကမ္ဘာ၏သက်ရှိများကို စိတ်တိုင်းကျ သတ်ဖြတ်နေသည်ကို ခွင့်ပြုမည်မဟုတ်ပေ။

သူသည် မြက်ခင်းပြင်ကမ္ဘာနှင့် ဂူမုံမျိုးနွယ်စုဝင်များကို သူ၏ ပိုင်ဆိုင်မှုများအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

...

တစ်လ ကုန်လွန်သွားခဲ့သည်။

ကျုံးရှန်သည် နောက်ဆုံးသော ငရဲမိစ္ဆာအရှင်သခင်တစ်ကောင်၏ ဦးခေါင်းကို ရိုက်ခွဲလိုက်၏။

''တစ်ရာ့သုံးဆယ့်နှစ်ကောင် ရှိသွားပြီ...''

''ဘယ်မျိုးနွယ်စုမှာမှ မိစ္ဆာတွေ ရှိတယ်ဆိုတဲ့ သတင်း မကြားရတော့ဘူး... အကုန်လုံးကို ရှင်းပစ်လိုက်ပြီ ထင်တယ်...''

သူသည် ခေါင်းမပါသော ငရဲမိစ္ဆာအလောင်းကို ဘေးသို့ ပစ်ချလိုက်သည်။

ဤတစ်လအတွင်း သူသည် ရှီမင်နှင့် ရွှယ်ဖုန်းအာတို့ကို အံ့ဖွယ်နိမိတ်တံခါးအနီးတွင် စောင့်ကြပ်ခိုင်းထားပြီး သူကိုယ်တိုင်မှာမူ မျိုးနွယ်စုများဆီမှ ကြားရသော သတင်းများအရ လိုက်လံ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ငရဲမိစ္ဆာများ၏ ၉၉ရာခိုင်နှုန်းသည် သွေးဆာကြသူများ ဖြစ်သဖြင့် သက်ရှိများကို သတ်ဖြတ်ရန် အခွင့်အရေးကို လုံးဝ လက်လွတ်ခံကြခြင်း မရှိချေ။

တစ်လအတွင်း အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာသို့ တက်လှမ်းနိုင်သည့် အင်အားကြီး မိစ္ဆာအရှင်သခင် ၁၃၂ဦးကို ကျုံးရှန် သတ်ဖြတ်ခဲ့သည်။

ယခုအခါ ကိုးထပ်ငရဲကမ္ဘာ၏ကိုးထပ်မြောက်ကုန်းမြေတိုက်ကြီးရှိ မျှော်စင်တက်လှမ်းခြင်း ကျောက်စာတိုင် အနီးတွင် ဆူညံပွက်လောရိုက်နေကြသည်။

အဘယ်ကြောင့်ဆို‌သော်အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားသူအားလုံးနီးပါး သေဆုံးသွားကြသောကြောင့်ပင် ဖြစ်သည်။ ထိပ်တန်းအဆင့်တွင် ရှိနေသော မိစ္ဆာအရှင်သခင်များထဲတွင် ပိုင်ကျင်းကျင်း တစ်ယောက်သာ ထိုဟင်းလင်းပြင်ကမ္ဘာမှ ထွက်ခွာလာနိုင်ခဲ့သည်။

သို့သော်လည်း သူမ၏ တက်လှမ်းမှု အရှိန်သည် ယခင်ကထက် များစွာ နှေးကွေးသွားကာ တစ်လအတွင်း အထပ်နှစ်ရာခန့်သာ ဆက်လက်တက်လှမ်းနိုင်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူမ၏ အရှိန်သည် တဖြည်းဖြည်း မြင့်တက်လာသော်လည်း သူမမှလွဲ၍ ကျန်ရှိသော သူများသည် အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာအတွင်း၌ ရှိနေကြဆဲ ဖြစ်သည်။

ယခုအခါမျှော်စင်အတွင်း၌ ပိုင်ကျင်းကျင်း၊ ရှီမင်၊ ရွှယ်ဖုန်းအာနှင့် ကျုံးရှန်တို့ လေးဦးသာ ကျန်ရှိတော့သည်။ အပြင်လောကမှ စောင့်ကြည့်နေသူများသည် ထိုဟင်းလင်းပြင်ကမ္ဘာအတွင်းရှိ မျှော်စင်တက်လှမ်းသူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။

''မျှော်စင်ထဲမှာ ကျန်နေတဲ့ ရှီမင်၊ ရွှယ်ဖုန်းအာနဲ့ ကျုံးရှန် သုံးယောက်ထဲက တစ်ယောက်ကတော့ သွေးချောင်းစီးအောင် သတ်ဖြတ်နေတာ သေချာတယ်...''

''ဂမ္ဘီရအရိပ်မိစ္ဆာအရှင်သခင်ကြီးရဲ့ အမွေဆက်ခံသူ ဂူချီရှာတောင် သေသွားပြီပဲ...''

''ဒီတစ်ခေါက် မျှော်စင်ခရီးစဉ်က တကယ်ကို ကြောက်စရာကောင်းတာပဲ''

မိစ္ဆာအရှင်သခင်များသည် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။

ဤတစ်ကြိမ် မျှော်စင်ဖွင့်လှစ်မှုသည် အလွန်တရာ ထူးခြားလှသည်။ ဓားတစ္ဆေဂူကျဲထူ၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် မျှော်စင်အတွင်းသို့ ဝင်ရောက်နိုင်သူ တစ်ထောင်ခန့်သာ ရှိခဲ့ကာ ထိုသူများ၏ စွမ်းအားသည်လည်း မညီမညာ ဖြစ်နေသည်။

ထို့ပြင်အထပ်တစ်ထောင်သို့ တက်လှမ်းနိုင်သူ တစ်ရာကျော်သာ ရှိသော်လည်း ယခုအခါ အကုန်လုံးနီးပါး သေဆုံးသွားကြပြီ ဖြစ်သည်။

ပိုင်ကျင်းကျင်းသည် ထိုဟင်းလင်းပြင်ကမ္ဘာမှ အစောဆုံး ထွက်ခွာနိုင်ခဲ့သဖြင့် သူမကို သံသယဖြစ်ရန် ခက်ခဲလှသည်။ သို့ဖြစ်ရာ ကျန်ရှိနေသော သုံးဦးထဲတွင် မည်သူသည် လူသတ်သမား အစစ်အမှန် ဖြစ်သည်ကို မည်သူမျှ မသိရှိနိုင်ချေ။

ကျုံးရှန် သတ်ဖြတ်လိုက်သော မိစ္ဆာများထဲတွင် အင်အားကြီး အဖွဲ့အစည်းများမှ မျိုးဆက်သစ်များလည်း ပါဝင်နေသည်။ ထိုအဖွဲ့အစည်းမှ လူများသည် ကျောက်စာတိုင်အနီးတွင် စုရုံးနေကြကာ မျက်နှာပျက်နေကြ၏။

''ဒီတစ်ကြိမ်မှာ ဝင်တဲ့သူ အနည်းဆုံးဆိုပေမဲ့ ပထမဆုံး ဟင်းလင်းပြင်ကမ္ဘာမှာတင် သေတဲ့သူ အများဆုံးပဲ...''

''ငါ မျှော်စင်ထဲ မဝင်လိုက်ရတာ တော်သေးတယ်...''

အပြင်ဘက်မှ စောင့်ကြည့်နေသော မိစ္ဆာများသည် ကြောက်ရွံ့စွာဖြင့် ပြောဆိုနေကြသည်။

တိတ်ဆိတ်နေသောငရဲကမ္ဘာကြီးအတွင်း၌ အမျိုးမျိုးသော ကိစ္စရပ်များ စတင် အရှိန်ယူလာနေပြီဖြစ်သည်။ ထိပ်တန်းမိစ္ဆာအရှင်သခင်ကြီး အများစုပင် စတင် ပူးပေါင်းလာကြရာ ကောင်းမွန်သော လက္ခဏာများ မဟုတ်ပါချေ။

ထိုသည်က ငရဲမဟာကမ္ဘာကြီး၏ ကောင်းကင်တာအိုတွင် ပြောင်းလဲမှုတစ်စုံတစ်ရာဖြစ်ပေါ်လာသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။

All Chapters