← Chapters

အခန်း (၂၇၄)

Vol. 28 Ch. 274

အခန်း (၂၇၄)

Vol. 28 Ch. 274

တစ်ခါတစ်ရံတွင် ကြီးမားလှသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာရန်အတွက် ကြီးမားသော စွမ်းအင်များ မလိုအပ်လှချေ။ အလွန်ဝေးကွာသော အရပ်မှ လိပ်ပြာတစ်ကောင်၏ တောင်ပံ တစ်ချက် ခတ်လိုက်ရုံမျှဖြင့်ပင် မုန်တိုင်းတစ်ခုစတင်ရန် လုံလောက်လေသည်။ သို့သော်လည်း ထိုလိပ်ပြာသည် သူကိုယ်တိုင်ပင် မသိရှိဘဲ မုန်တိုင်း၏ ဗဟိုချက် ဖြစ်လာသည်ကို သတိမမူမိသကဲ့သို့ ဂရုလည်း မစိုက်တတ်ချေ။

ယခု ကျုံးရှန်သည်လည်း ထိုသို့ပင် ဖြစ်၏။ အမျိုးမျိုးသော ကိစ္စရပ်အပြောင်းအလဲများကြောင့် သူသည် ငရဲကမ္ဘာ၏ဝဲဂယက် အလယ်ဗဟိုချက်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့လေသည်။ သို့သော်လည်း သူသည် ထိုအချက်များကို လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ သူ၏ အစီအစဉ်အတိုင်းသာ ဆက်လက် လုပ်ဆောင်နေသည်။

မည်သည့် အကြောင်းအရာမဆို သူ၏ အစီအစဉ်ကို နှောင့်ယှက်ခဲ့ပါက သူသည် တစ်ခုချင်းစီကို ပြန်လည် ပြုပြင်သွားမည်ဖြစ်သည်။ လောကတွင် ကွေးညွှတ်ပြောင်းလဲ၍ မရသော အရာဟူ၍ မရှိဘဲ ကောင်းကင်တာအိုသည်ပင်လျှင် ထိုနည်းတူ ဖြစ်လေသည်။ ဤသည်မှာ ကျုံးရှန်၏ ခံယူချက်ဖြစ်ကာ ထို့ကြောင့်လည်း သူသည် ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်းတာအိုလမ်းစဉ်ကို နားလည်သဘောပေါက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သူသည် ဟူဘီလိုင်း မျိုးနွယ်စုရှိရာ မြက်ခင်းပြင်ကမ္ဘာ၏အလယ်ဗဟိုချက်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ရွှယ်ဖုန်းအာသည် ဤကာလအတွင်း ကျုံးရှန်နှင့် အတူရှိနေခဲ့သဖြင့် သူ၏ စွမ်းအားကို ခန့်မှန်းရ ပိုမိုခက်ခဲလာသည်ဟု ခံစားနေရလေသည်။ သို့သော်လည်း သူမသည် ပဋိဝိညာဉ်စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သဖြင့် ကျုံးရှန်၏ နောက်သို့သာ သစ္စာရှိစွာ လိုက်ပါရတော့မည် ဖြစ်သည်။

ကျုံးရှန်ဆီမှရရှိထားသည့်ဖီးနစ်သွေးအနှစ်သာရများကို ချေဖျက်ပြီးနောက် သူမ၏ ကိုယ်တွင်းရှိ ဖီးနစ်သွေးမျိုးဆက်သည် ပိုမို သန့်စင်လာကာ ကျုံးရှန်၏ တိုက်ခိုက်ခြင်းကြောင့်ရရှိထားသော ဒဏ်ရာများပျောက်ကွယ်သွားရုံသာမက စွမ်းအားများလည်း ပိုမို တိုးတက်လာသည်။

ရှီမင်မှာမူ မူလအတိုင်းပင် ဖြစ်ကာ မူလဇစ်မြစ်နတ်ဘုရားသန္ဓေသား အမြစ်တွယ်နေသောကြောင့် သူသည် ကျုံးရှန်အပေါ် အပြည့်အဝ နာခံမှုရှိနေသည်။ ဤသည်မှာ စာချုပ်ထက်ပင် ပိုမို ခိုင်မာသော သခင်နှင့် အစေခံ ဆက်ဆံရေး ဖြစ်၏။ သို့သော်လည်း ကျုံးရှန်သည် ရွှယ်ဖုန်းအာကို ထိန်းချုပ်ရန်အတွက် ထိုနည်းလမ်းကို အသုံးမပြုခဲ့ဘဲ ငရဲမဟာကမ္ဘာကြီးအတွင်း၌ ထိုသန္ဓေသားကို အမြစ်တွယ်ရန်လည်း အစီအစဉ် မရှိချေ။

အဘယ်ကြောင့်ဆိုသော် မူလဇစ်မြစ်နတ်ဘုရားသန္ဓေသား၏ အဓိက လျှို့ဝှက်ချက်သည် နဂါးမဲ့နှလုံးသားကျင့်စဉ်မှ ဆင်းသက်လာခြင်းကြောင့် ဖြစ်သည်။ သူသည် မူလအစကမ္ဘာကို ဖန်တီးထားပြီး ဖြစ်ရာ ငရဲကမ္ဘာ၏ စိတ်ဆန္ဒကို အခြေခံ၍ သူ၏ အဓိက အတွေးအခေါ်များနှင့် ပေါင်းစပ်ကာ ကျုံးယွမ်ဟု ခေါ်သောကမ္ဘာ့သိစိတ်ကိုပင် ဖန်တီးခဲ့လေသည်။ အနာဂတ်ကာလတွင် မူလအစကမ္ဘာကို အခြေပြုကာ ငရဲကမ္ဘာကို စုပ်ယူပြီး တစ်သားတည်း ဖြစ်အောင် ပြုလုပ်သွားမည် ဖြစ်သည်။

မူလအစကမ္ဘာသည် မဟာကမ္ဘာကြီးအဆင့်သို့ ရောက်ရှိလာသည့် အခါ ယင်းကို ပိုင်ရွှီနယ်မြေ၏ အပြင်ဘက်သို့ ပို့ဆောင် ပေးမည် ဖြစ်သည်။ ကျုံးရှန်သည် ကျင့်စဉ် အဆင့်အတားအဆီးကို ကျော်ဖြတ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ သူတော်စင်ဘုံကို တည်ဆောက်သည့် အခါတွင် ကမ္ဘာဦးနတ်ဘုရား နွယ်ပင် ခေါင်းတီးယက်စ်ကိုသာမက မူလအစကမ္ဘာ၏ ပုံရိပ်ကိုပါ ထည့်သွင်းကာ တစ်မူထူးခြားသော သူတော်စင်ဘုံကို တည်ဆောက်ပေမည်။

ရှီမင်နှင့် ရွှယ်ဖုန်းအာတို့သည် အံ့ဖွယ်နိမိတ်တံခါးအနီး၌ ရိုသေစွာ ဒူးထောက်နေကြပြီး ကျုံးရှန်၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။

''မင်းတို့ ဒီမြက်ခင်းပြင်ကမ္ဘာမှာ တစ်နှစ်လောက် နေပြီး... ဒီအလွှာကိုတက်လာသမျှ မျှော်စင်တက်လှမ်းသူ အားလုံးကို သတ်ပစ်ကြ...''

''တစ်နှစ်ကြာပြီးရင်တော့ မင်းတို့ စိတ်ကြိုက် မျှော်စင်တက်ပြီး စူးစမ်းနိုင်ပြီ...''

''ရှီမင်... မင်း ကောင်းကောင်း လေ့ကျင့်ထား... မျှော်စင်တက်တဲ့ ကိစ္စ ပြီးသွားရင် ငရဲကမ္ဘာမှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်... အဲဒီအခါကျရင် မင်းအတွက် ကြီးမားတဲ့ ကံကောင်းမှုတွေ ရရှိလာလိမ့်မယ်...''

ကျုံးရှန်သည် အေးအေးလူလူပင် ပြောလိုက်လေသည်။

သူသည် မျှော်စင်အတွင်းရှိ မိစ္ဆာအားလုံးကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားကာ အထပ်တစ်ထောင်တိုင်းရှိဟင်းလင်းပြင်ကမ္ဘာများကို ကာကွယ်လိုသော ဆန္ဒလည်း ရှိသည်။ မျှော်စင်အတွင်း၌ အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ စုစုပေါင်း ဆယ်ခု ရှိကာ ဆယ်ခုမြောက်သော ဟင်းလင်းပြင်ကမ္ဘာသည် နတ်ဘုရားကမ္ဘာ၏ဝင်ပေါက် ဖြစ်သည်ဟု သိရလေသည်။

ဤသို့သော တည်ဆောက်ပုံသည် ငရဲကမ္ဘာ၏အဓိကကုန်းမြေတ်ိုက်ကြီးဖြစ်သည့် ကိုးထပ်ငရဲကမ္ဘာနှင့် ဆင်တူလှလေသည်။ ဟင်းလင်းပြင်ကမ္ဘာ တစ်ခုစီသည် လှေကားထစ် တစ်ထောင်စီကို ထိန်းချုပ်ထားသော ကမ္ဘာငယ်များ ဖြစ်ကြကာ အနာဂတ်ကာလတွင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို သိမ်းပိုက်ပြီးပါက ထိုကမ္ဘာများကို ပြုပြင်ပြောင်းလဲ၍ များစွာသော အကျိုးကျေးဇူးများကို ရယူနိုင်ပေမည်။

ကျုံးရှန်၏ အမိန့်ကို ကြားသောအခါ ရှီမင်နှင့် ရွှယ်ဖုန်းအာတို့သည် ထပ်မံ ဦးညွှတ်လိုက်ကြ၏။

''သခင်ရဲ့ အမိန့်ကို နာခံပြီး...တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်...''

ကျုံးရှန်သည် ခေါင်းငြိမ့်ပြလိုက်ကာ အံ့ဖွယ်နိမိတ်တံခါးကို လက်ဖြင့် ထိတွေ့လိုက်သည်။

ထို့နောက် ဂူမုံတို့၏ ဘိုးဘေးနတ်ဘုရား အသိစိတ်နှင့် ဆွေးနွေးလိုက်ကာ တံခါးအတွင်းသို့ ဝင်ရောက်သွားသည်။ အံ့ဖွယ်နိမိတ်တံခါးအတွင်း၌ ဟင်းလင်းပြင်အတွင်း ချိတ်ဆွဲထားသော စက်ဝိုင်းပုံစံ အပေါက်ပေါင်း ရာနှင့်ချီ၍ ရှိနေလေသည်။

ဤအရာများသည် ကူးပြောင်းခြင်းတံခါးများဖြစ်ကာ ကျုံးရှန်ကိုယ်တိုင်သည်လည်း ထိုစက်ဝိုင်းပုံစံအပေါက်တစ်ခုအတွင်းမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

''မင်းကို မျှော်စင်ထဲကနေ အရှင်ထွက်သွားခွင့်ပေးမယ်လို့ မထင်လိုက်နဲ့...''

သူ၏ မျက်လုံးများတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ထို့နောက် တစ်စုံတစ်ဦး၏ လမ်းညွှန်မှုကိုရရှိထားသကဲ့သို့ အပေါက်တစ်ခုအတွင်းသို့ ဝင်ရောက်သွားလေသည်။ မျှော်စင်အတွင်း၌ သီးခြားစီ ရှိနေသော လှေကားထစ် လမ်းကြောင်းပေါင်း ရာနှင့်ချီ၍ ရှိပြီး ထိုလမ်းကြောင်းများသည် အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာများ၌သာ ဆုံတွေ့ကြသည်။

အထပ်တစ်ထောင်ဟင်းလင်းပြင်တံခါးများကိုကျော်လွန်ပါက မိမိစတင်တက်လှမ်းခဲ့ရာ သက်ဆိုင်ရာငရဲဘုံ၏လှေကားထစ်များသို့ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကာ ဆက်လက်တက်လှမ်းရပေမည်။

အံ့ဖွယ်နိမိတ်တံခါးအတွင်းရှိ ဘိုးဘေးနတ်ဘုရား၏ အသိစိတ်သည် မျှော်စင်အတွင်းရှိ သက်ရှိတို့၏ စိတ်ဆန္ဒနှင့် ပေါင်းစပ်နိုင်ကြောင်း မည်သူမျှ မသိရှိထားချေ။ ကျုံးရှန်သည် ဘိုးဘေးသိစိတ်နှင့် မည်သို့ ပြောဆိုခဲ့သည်ကို မသိရသော်လည်း ကျုံးရှန်ကို မျှော်စင်တက်လှမ်းသည့် နေရာ၏ အဝင်ဝသို့ ပို့ဆောင်ပေးခဲ့လေသည်။

ယခုအခါ မျှော်စင်၏ အပြင်ဘက်တွင် ကျုံးရှန်၏ အဆင့်သည် ဒုတိယအဆင့်မှ နောက်ဆုံးအဆင့်သို့ ပြန်လည် ပြောင်းလဲသွားသည်။

''ကျုံးရှန်... မီးတောက် ငရဲဘုံ...''

သူသည် မျှော်စင်၏ လှေကားထစ်များ ရှေ့ရှိ ငရဲဘုံငယ်တစ်ခုအတွင်း၌ ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် လမ်းကြောင်းအဝင်ဝကို အလျင်အမြန် ရှာဖွေတွေ့ရှိကာ ပြန်လည် တက်လှမ်းလိုက်သည်။ သူ၏ တက်လှမ်းမှု အရှိန်သည် ယခင်ကထက် များစွာ ပိုမို လျင်မြန်လာပြီဖြစ်သည်။

....

''ဟူး... မရတော့ဘူး... ခန္ဓာကိုယ်က ဒဏ်ရာတွေကြောင့် လက်ရှိ တက်နိုင်သမျှ အကန့်အသတ်က ဒီမှာပဲ...''

''၁၃၃၆ထပ်...''

''ဒီအထပ်ကရတဲ့ စွမ်းအားကလည်း မဆိုးပါဘူး... ဒီနေရာမှာပဲ ဒဏ်ရာကို မြန်မြန် ကုစားရမယ်...''

''အဲဒီလူထက် အရင်ဦးအောင် အထပ်နှစ်ထောင် ဟင်းလင်းပြင်ကမ္ဘာကို ရောက်အောင် သွားရမယ်...''

''ဒီဘေးဒုက္ခကနေ မသေဘဲ ကျော်လွှားနိုင်ရင် ကြောင့်ကြမှုမရှိတဲ့ လွတ်လပ်တဲ့ ဘဝကိုရလိမ့်မယ်...''

ပုခုံးတွင် ဒဏ်ရာရရှိထားကာ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသော အမျိုးသမီးတစ်ဦး လှေကားထစ်ပေါ်၌ ထိုင်နေသည်။

သူမသည် မျှော်စင်အတွင်းမှ ထွက်ပေါ်လာသော စွမ်းအင် အမှုန်အမွှားများကို စုပ်ယူနေခြင်းဖြစ်သည်။ သူမကား ကျုံးရှန်၏ လက်မှ ထွက်ပြေးလွတ်မြောက်လာသော ပိုင်ကျင်းကျင်းပင် ဖြစ်၏။ ပိုင်ကျင်းကျင်းသည် ဒဏ်ရာ အပြင်းအထန် ရရှိထားသဖြင့် တက်လှမ်းမှု အရှိန် နှေးကျသွားကာ တစ်လကြာပြီးနောက်တွင်ပင် ၃၀၀ကျော်သာတက်လှမ်းနိုင်ခဲ့လေသည်။

သူမသည် စွမ်းအင်များကို စုပ်ယူရန် ပြင်လိုက်ချိန်တွင် သူမ၏ မျက်လုံးများအတွင်း၌ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာကာ အန္တရာယ်ရှိသောတစ်စုံတစ်ဦး၏ ပစ်မှတ်ထားခြင်းခံလိုက်ရကြောင်း ခံစားမိလိုက်သည်။

''ဘယ်သူလဲ...''

သူမသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ လှေကားထစ်၏ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုနေရာတွင် သူမကို ထိတ်လန့်သွားစေသည့် ရုပ်သွင်တစ်ခုကိုမြင်လိုက်ရ၏။

ထိုသူကား ဂူမုံမြက်ခင်းပြင်တွင် သူမကို သတ်ရန် ကြိုးစားခဲ့သော ကျုံးရှန်ပင် ဖြစ်သည်။

''မဖြစ်နိုင်တာ...''

ကျုံးရှန်သည် သူမ၏ ရှေ့မှောက်သို့ လျင်မြန်စွာ ရောက်ရှိလာကာ မည်သည့် အရှိန်အဟုန်မျှ မပါဘဲ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ပိုင်ကျင်းကျင်းသည် လက်နှစ်ဖက်ကို ယှက်၍ ခုခံလိုက်သော်လည်း မည်သို့မျှ မတားဆီးနိုင်ခဲ့ချေ။ သူမ၏ လက်နှစ်ဖက်စလုံးသည် လက်သီးချက်ကြောင့် ကြေမွသွားကာ အရိုးများ ကျိုးထွက်သွားပြီး အားအင်ကင်းမဲ့စွာ တွဲကျသွားသည်။

''ခရက်... ခရက်...''

ကျိုးသွားသော အရိုးများသည် တုန်ခါနေပြီး ဒဏ်ရာကို ပြန်လည် ကုစားရန် ကြိုးစားလိုက်ကာ သူမကိုယ်တိုင်သည်လည်း မျှော်စင်၏ အောက်ဘက်သို့ ဆုတ်ခွာရန်ဖိအားပေးခံရသည်။

ကျုံးရှန်၏ စွမ်းအားသည် သူမ ခုခံနိုင်သည့် အဆင့်တွင် ရှိမနေချေ။ သို့သော်လည်း သူမ မလှုပ်ရှားနိုင်မီပင် လက်သီးတစ်ချက်ထပ်မံကျရောက်လာ၏။ လက်မောင်းနှင့် ပုခုံးကြေမွသွားရပြန်သည်။

''ဒီက အရှင်သခင်ကြီး... စကားကောင်းကောင်း ပြောကြရအောင်ပါ..."

"ကျွန်မရဲ့ ပါရမီတွေနဲ့ အခွင့်အရေးတွေ အကုန်လုံး ပေးပါ့မယ်...''

ပိုင်ကျင်းကျင်းသည် အလွန်တရာ ထိတ်လန့်သွားကာ အသနားခံလာလေသည်။ သို့သော်လည်း ထိုလက်သီးပိုင်ရှင်သည် လုံးဝ စိတ်နှလုံး နူးညံ့ခြင်း မရှိချေ။ လက်သီးချက်များသည် တစ်ချက်ပြီးတစ်ချက် ကျရောက်လာကာ သူမကို ကိုးချက်တိတိ ဆက်တိုက် ထိုးနှက်လိုက်သည်။

ပိုင်ကျင်းကျင်း၏ ခန္ဓာကိုယ်သည် ယိုင်နဲ့နေကာ ပြန်လည် နလန်ထူရန် မဖြစ်နိုင်လောက်အောင် ဒဏ်ရာများ ပြင်းထန်လာတော့သည်။ သူမ၏ သက်စောင့်အားသာကြီးမားခြင်းမရှိပါက ချက်ချင်းပင် သေဆုံးသွားမည် ဖြစ်သည်။

All Chapters