← Chapters

အခန်း (၂၇၅)

Vol. 28 Ch. 275

အခန်း (၂၇၅)

Vol. 28 Ch. 275

''အသက်... အသက်ချမ်းသာပေးပါ...''

ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ပိုင်ကျင်းကျင်းထံမှ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည့် အသနားခံသံသည် မျှော်စင်အတွင်း၌ပဲ့တင်ထပ်နေ၏။ သို့သော်လည်း ကျုံးရှန်သည် အနည်းငယ်မျှပင် တုန့်ဆိုင်းရပ်တန့်သွားခြင်း မရှိချေ။

ယခုအချိန်၌ ပိုင်ကျင်းကျင်းသည် အကူအညီမဲ့နေသော အခြေအနေသို့ ရောက်ရှိနေလေသည်။ ငရဲမဟာကမ္ဘာကြီးအတွင်းရှိ များစွာသော သက်ရှိများနှင့် ပညာရှင်များသည် နှစ်သန်းပေါင်းချီမှ တစ်ကြိမ်သာ ပေါ်ပေါက်တတ်သည့် အခွင့်အရေးကြီးဟု ယူဆထားကြသော ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ယခုအခါ ပိုင်ကျင်းကျင်းအတွက် အရှင်လတ်လတ် မြှုပ်နှံမည့် ခေါင်းတလားကြီးတစ်ခု ဖြစ်နေချေသည်။

မျှော်စင်၏ အပြင်ဘက်တွင် အလွန်တရာ သိပ်သည်းပြင်းထန်သော ကံကြမ္မာစွမ်းအားများ ကောင်းကင်ယံမှ တစ်ဖန် ကျဆင်းလာပြန်၏။ ထိုကံကြမ္မာစွမ်းအားများသည် ဂူချီရှာ သေဆုံးစဉ်ကထက်ပင် ပိုမို ပြင်းထန်ကာ ကြီးမားကာ ကျုံးကျဲတစ်ယောက် လင်ချန်ကို အနိုင်ယူပြီး သူ၏ ကံကြမ္မာစွမ်းအားများဖြင့် လုယူပေါင်းစည်းစဉ်က ပေါ်ပေါက်လာခဲ့သည့် ကံတရားသရဖူနှင့်တူညီလုနီးပါး ဖြစ်သည်။

ဤသည်မှာ ပိုင်ကျင်းကျင်း ပိုင်ဆိုင်ထားသော ကံကြမ္မာစွမ်းအားများ ဖြစ်ပြီး သူမသည် ကောင်းကင်၏ မျက်နှာသာပေးမှုကို ရရှိထားသော ပါရမီရှင်များထဲမှ ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်ပေသည်။

လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ဦး၏ ကိုယ်ပွားများ၏ မျက်လုံးများတစ်ပြိုင်နက်တည်းပွင့်လာကြကာ ကောင်းကင်ယံတွင် စုစည်းနေသော ကံတရားသရဖူကို လေးနက်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

''ဒီလိုသိပ်သည်းတဲ့ ကံကြမ္မာစွမ်းအားအရှိန်အဟုန်မျိုးဆိုရင်... အသူရာဝိညာဉ်ဘုရင်ရဲ့ သမီးငယ် ဘေးဒုက္ခနဲ့ ကြုံနေရတာလား...''

''အဲဒီ သမီးငယ်က သူ့ရဲ့ အချစ်ဆုံးဖြစ်သလို ပါရမီနဲ့ ကံကြမ္မာစွမ်းအား အရှိန်အဝါ အကောင်းဆုံး သားသမီး တစ်ယောက်ပဲ...''

''အကယ်၍ သူမသာ မျှော်စင်ထဲမှာ သေဆုံးသွားခဲ့ရင်... အဲဒီ ဒေါသကြီးတဲ့ လူက သူရဲ့ အသူရာစစ်သည်တော် တပ်ကြီးကို သုံးပြီး ငရဲကမ္ဘာတစ်ခုလုံးကို ဇောက်ထိုးလှန်ပစ်လိမ့်မယ်...''

အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အရှင်သခင်တစ်ဦးသည် အေးစက်စွာ ပြောလိုက်သည်။

''ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို အသေအချာ ပိတ်ဆို့ထားကြစမ်း... နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ အမွေအနှစ်ကို ရထားတယ်လို့ ယူဆရတဲ့သူကိုသာ ဖမ်းမိရင်... အဲဒီ ထိပ်တန်း ပညာရှင်ကြီးတွေအတွက်လည်း အဖြေတစ်ခု ဖြစ်သွားလိမ့်မယ်...''

နက်ရှိုင်းသော အသံကြီး တစ်သံ ထွက်ပေါ်လာကာ အရာအားလုံးသည် တိတ်ဆိတ်ခြင်းသို့ ပြန်လည် ရောက်ရှိသွားလေသည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အပြင်ဘက်တွင် ကံတရားသရဖူသည်ပင် မျှော်စင်၏ အတားအဆီး နံရံများကို ဖြတ်ကျော်နိုင်စွမ်း မရှိဖြစ်နေ၏။ ထို့ကြောင့်သရဖူသည် မျှော်စင်အပြင်ဘက်၌သာ လွင့်ဝဲပျံသန်းနေရလေသည်။

''သေလိုက်တော့...''

မျှော်စင်အတွင်း၌ ဤသည်မှာ ပိုင်ကျင်းကျင်း နောက်ဆုံး ကြားလိုက်ရသော အသံ ဖြစ်သည်။

ထို့နောက်တွင်မူ ကျုံးရှန်၏ လက်သီးချက်သည် သူမ၏ ဦးခေါင်းကို အစိတ်စိတ်အမြွှာမြွှာခွဲပစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ဖုန်မှုန့်များကဲ့သို့ အလျင်အမြန်ပင် ပျောက်ကွယ်သွားလေသည်။ ထို့ပြင် ကျုံးရှန်၏ပြင်းထန်သောစွမ်းအင်များကြောင့် ပိုင်ကျင်းကျင်း၏ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ကမ္ဘာပင်ပျက်စီးသွားကာ မရေမတွက်နိုင်သောသက်ရှိများသေဆုံးသွားရသည်။

''ဂျောက်...''

''ဖလပ်...''

ပိုင်ကျင်းကျင်း၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီးနောက် ကြည်လင်သော အသံအချို့ ထွက်ပေါ်လာကာ ထိုနေရာ၌ ပစ္စည်းအချို့သာ ကျန်ရစ်ခဲ့လေသည်။

အရိုးဖြူ လက်စွပ်တစ်ကွင်း။

မီးခိုးရောင် အလင်းတန်းများလင်းလက်နေသည့် စွမ်းအင်လုံးတစ်လုံး။

မီးတောက်များ လောင်ကျွမ်းနေသည့် ဦးခေါင်းခွံတစ်ခု။

ဤသုံးမျိုးသည် ပိုင်ကျင်းကျင်း၏ အဖိုးအတန်ဆုံး ရတနာများ ဖြစ်ကာ ကျုံးရှန်၏ ပြင်းထန်လှသော လက်သီးချက်အောက်တွင်ပင် ပျက်စီးမသွားဘဲ ကျန်ရစ်နေခဲ့သည်။

''ဂျူလင်နတ်ဘုရားလက်စွပ်၊ မင်ဝမ်ခန္ဓာကိုယ်ရဲ့အမွေအနှစ် အမှတ်အသားနဲ့ ငရဲဝိညာဉ်မျိုးစေ့...''

ကျုံးရှန်သည် ထိုအရာသုံးခုကို မြင်သောအခါ အလွန်တရာ ဝမ်းမြောက်သွားသည်။

ရတနာသုံးမျိုးသည် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးလှသဖြင့် ကျုံးရှန်အတွက် များစွာ အသုံးဝင်ပေလိမ့်မည်။ ဤသည်ကပိုင်ကျင်းကျင်း၏ ပိုင်ဆိုင်မှု မည်မျှ ကြွယ်ဝကြောင်းကို သက်သေပြနေ၏။

အကယ်၍ အပြင်လောကတွင် ဖြစ်ပါက ကံတရားသရဖူကို ပိုင်ဆိုင်ထားသော ကံကြမ္မာ၏ သမီးတော်တစ်ဦးကို သတ်ဖြတ်ရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည်ဖြစ်ကာ တိုက်ပွဲ၏ အဆုံးအဖြတ် အခိုက်အတန့်သို့ ရောက်ရှိချိန်တိုင်း ကောင်းကင်တာအို၏ လွှမ်းမိုးမှုကြောင့် မမျှော်လင့်ထားသော ကိစ္စရပ်များ ပေါ်ပေါက်လာပြီး သူမကို သေဘေးမှ ကယ်တင်သွားပေလိမ့်မည်။

ယခုကဲ့သို့ ချောမွေ့စွာ နှိမ်နင်းနိုင်ခြင်းသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကြောင့်သာ ဖြစ်သည်။ မျှော်စင်အတွင်း၌ ငရဲမဟာကမ္ဘာကြီး၏ ကောင်းကင်တာအိုသည်ပင် ဝင်ရောက် စွက်ဖက်နိုင်စွမ်း မရှိချေ။ ကောင်းကင်တာအိုအောက်ရှိ ကံကြမ္မာကြိုးမျှင်များနှင့် အကျိုးအပြစ် နိယာမများသည်ပင် အလုပ်မလုပ်နိုင်ကြခြင်းဖြစ်သည်။

ကျုံးရှန်၏ ကံကောင်းမှုများသည် ကမ္ဘာတစ်ခုတည်း၏ ကောင်းကင်တာအိုမှ ပေးသနားခြင်း မဟုတ်ဘဲ သူ၏ စနစ်သည် ထိုထက် များစွာ မြင့်မားသော တည်ရှိမှုမျိုး ဖြစ်လေသည်။ လက်ရှိအချိန်တွင် ကျုံးရှန် ကိုယ်တိုင်ပင်လျှင် ယင်းကို အသေအချာ ရှင်းပြနိုင်ခြင်း မရှိသေးချေ။

မည်သို့ပင်ဆိုစေကာမူ ပိုင်ကျင်းကျင်းကို သုတ်သင်လိုက်ခြင်းဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏အနာဂတ်အတွက် ကြီးမားသော ဘေးအန္တရာယ်တစ်ခုကို ဖယ်ရှားလိုက်နိုင်ရုံသာမက သူမ၏ အမွေအနှစ်များကိုလည်း ရရှိသွားလေသည်။

အကယ်၍ ဤမိန်းမကို ဆက်လက် ကြီးထွားခွင့် ပေးလိုက်ပါလျှင် နောင်အခါတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ သက်ရှိအားလုံးအတွက် ရန်သူတော်ဖြစ်လာပေလိမ့်မည်။ ထို့အပြင် သူမသည် ကျုံးရှန်၏ မူလအစကမ္ဘာအတွက် ငရဲကမ္ဘာကို ဝါးမြိုမည့် အစီအစဉ်ကိုလည်း ကြီးမားသော အတားအဆီး ဖြစ်လာမည်ဖြစ်၏။ လောက၌ မတူညီသော အင်အားစုများအကြားတွင် အမှားအမှန် ဟူ၍ မရှိဘဲ ကျုံးရှန်သည်လည်း ရန်သူအပေါ်၌ မည်သည့်အခါမျှ စိတ်နှလုံး နူးညံ့တတ်သူ မဟုတ်ချေ။

သူသည် လက်ကို ဆန့်ထုတ်၍ ထိုပစ္စည်းသုံးခုကို သိမ်းဆည်းလိုက်သည်။ ယင်းတို့၏ နောက်ခံသည် သေးငယ်ခြင်းမရှိပေ။

ဂျူလင်နတ်ဘုရားလက်စွပ်သည် ရှေးဟောင်း ဂျူလင်နတ်ဘုရားထံမှ ဆင်းသက်လာခြင်း ဖြစ်ပြီး ထိုနတ်ဘုရားသည် မိမိ၏ နတ်ဘုရားအရိုးကို အသုံးပြု၍ အနှီဟင်းလင်းပြင် ရတနာကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ လက်စွပ်ကို ဝတ်ဆင်ထားပါက ပစ္စည်းများကို သိမ်းဆည်းနိုင်ရုံသာမက ဂျူလင်နတ်ဘုရား၏ စွမ်းအားများသည် ဝတ်ဆင်သူ၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့်လည်း ပိုင်ကျင်းကျင်း၏ ခန္ဓာကိုယ်သည် ဖီးနစ်သွေးကို နိုးထစေထားသော ရွှယ်ဖုန်းအာထက်ပင် ပိုမို ကြံ့ခိုင်နေခြင်း ဖြစ်၏။

ထို့အပြင် ဤလက်စွပ်သည် ဂျူလင်နတ်ဘုရား၏ ဘဏ္ဍာတိုက်ပင် ဖြစ်သည်။ ဂျူလင်နတ်ဘုရားဆိုသူမှာ ရှေးဟောင်းခေတ်မှ အလယ်ခေတ်အထိ နတ်ဘုရားဘုရင်များ၊ ရှေးဟောင်း ဧကရာဇ်များနှင့် ကောင်းကင်သားတော်များကို ကူညီခဲ့သူ ဖြစ်သည်။ သူသည် ကောင်းကင်သားတော်များ၏ ယဇ်ပူဇော်ခြင်း နိယာမများအတွင်းမှ ကောင်းမွန်သော အရာများစွာကို ရရှိခဲ့ကာ ဟုန်ဟောင်နဂါးတံခါး ကိုပင် စူးစမ်းခဲ့ဖူးသူ ဖြစ်လေသည်။

ဟုန်ဟောင်နဂါးတံခါးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အဆင့်အတန်းအရ ပိုင်ရွှီ နယ်မြေရှိ ဟုန်မွန်သစ်ပင် သို့မဟုတ် ငရဲကမ္ဘာရှိ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကဲ့သို့ပင် ဖြစ်ကာ ကမ္ဘာတစ်ခု၏ ကောင်းကင်တာအိုသည် ထိုအရာကို ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိချေ။ နဂါးတံခါးအတွင်းသို့ ဝင်ရောက်ခြင်းဖြင့် နဂါးပျိုးထောင်ခြင်း လျှို့ဝှက်ချက်၊ နဂါးဖန်တီးခြင်း လျှို့ဝှက်ချက်နှင့် လျှို့ဝှက်နဂါး ကျင့်စဉ်များကို ရရှိနိုင်လေသည်။

ဂျူလင်နတ်ဘုရားလက်စွပ်အတွင်း၌ နဂါးပျိုးထောင်ခြင်းဆေးလုံး၊ နဂါးဖန်တီးခြင်းဆေးလုံးများနှင့် သန့်စင်သော နဂါးချီစွမ်းအင်အချို့ကိုပင် သိမ်းဆည်းထားသည်။ ထိုဆေးလုံးများနှင့် ကျင့်စဉ်များသည် သာမန်လူသားများကို ကျင့်စဉ် အဆင့်အတားအဆီးများ ကျော်ဖြတ်စေကာ မတူညီသော ပါရမီများကို ပိုင်ဆိုင်စေနိုင်စွမ်း ရှိ၏။

နဂါးပျိုးထောင်ခြင်းဆေးလုံးသည် သာမန်လူကို ပါရမီရှင်တစ်ဦး ဖြစ်လာစေနိုင်ပြီးနဂါးဖန်တီးခြင်းဆေးလုံးသည် သာမန်လူတစ်ဦးကို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်လာစေနိုင်သည်။

သန့်စင်သော နဂါးချီစွမ်းအင်သည် သာမန်လူတစ်ဦးကို မွေးရာပါ သူတော်စင် ပါရမီမျိုး ပိုင်ဆိုင်စေနိုင်စွမ်းရှိသည်။

ထို့ပြင်နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏ နဂါးမဲ့နှလုံးသားကျင့်စဉ်သည်လည်း လျှို့ဝှက်နဂါးကျင့်စဉ်များနှင့် အမျိုးမျိုးသော အံ့ဖွယ်စွမ်းရည်များကို အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်ကာ ယင်းသည် လူတိုင်းကို အကန့်အသတ်မဲ့ စွမ်းအားများ ရရှိစေနိုင်စွမ်း ရှိ၏။

သို့သော်လည်း အနာဂတ်တွင် ကျုံးရှန်သည် ကောင်းကင်တာအိုကို ဖိနှိပ်၍ အတားအဆီးများကို ချိုးဖျက်နိုင်ခြင်း မရှိသရွေ့ ဤကျင့်စဉ်ကို လူအများသို့ ဖြန့်ဝေ၍ မရနိုင်သေးချေ။ သို့မဟုတ်ပါက လူတိုင်းသည်နဂါးမဲ့နှလုံးသားကျင့်စဉ်ကို လေ့ကျင့်၍ အဆင့်များကို ကျော်ဖြတ်လာလျှင် ကောင်းကင်တာအို၏ ပြင်းထန်သော ဖိနှိပ်မှုနှင့် ဘေးဒုက္ခများကိုသာ ရင်ဆိုင်ရပေလိမ့်မည်။

ဂျူလင်နတ်ဘုရားလက်စွပ်အတွင်းရှိ ပစ္စည်းများကို ရရှိခြင်းသည် သူ၏ နောက်လိုက်များကို ပျိုးထောင်ရန်အတွက် ကြီးမားသော အကူအညီ ဖြစ်ပေလိမ့်မည်။ ကျုံးထျန်းယွဲ့နှင့် ကျုံးကျဲတို့၏ ပါရမီသည်ပင် ပြိုင်ဘက်ကင်း ပါရမီရှင်အဆင့်သာ ရှိကြလေသည်။ ကောင်းကင်တာအို ပြောင်းလဲမှုနှင့် ကံကြမ္မာစွမ်းအင်များကျဆင်းလာခြင်း၊ ကျုံးရှန်၏ ကူညီမှုများကြောင့်သာ သူတို့သည် မကြုံစဖူးသော အခွင့်အရေးများကို ရရှိထားကြခြင်း ဖြစ်သည်။

ကျုံးရှန်သည် လက်စွပ်ကို သိမ်းဆည်းလိုက်ကာ မီးခိုးရောင်အလင်းတန်းများလင်းလက်နေသည့် စွမ်းအင်လုံးကို ကြည့်လိုက်သည်။

မင်ဝမ်ခန္ဓာကိုယ်ရဲ့ အမွေအနှစ် အမှတ်အသား။

ဤအရာသည် စစ်ပွဲများ ဆင်နွှဲရာ၌ ဝမ်တာအိုဧကရာဇ်၏ ဝမ်တာအိုသူတော်စင်ခန္ဓာကိုယ်ထက်ပင် အားသာချက် အချို့ ရှိသည်။ ဝမ်တာအိုသူတော်စင်ခန္ဓာကိုယ်သည် ကျင့်စဉ်များကို နားလည်သဘောပေါက်ရာတွင် အခြားသော ခန္ဓာကိုယ်များထက် သာလွန်ကာ မည်သည့် ကျင့်စဉ်ကိုမဆို အချိန်တိုအတွင်း တတ်မြောက်နိုင်စွမ်းရှိ၏။

မင်ဝမ်ခန္ဓာကိုယ်မူကား အခြားသော ထူးခြားချက် ရှိလေသည်။ ယင်းသည် သေဆုံးသွားသော အလောင်းများကို အသက်စွမ်းအင်တစ်မျိုး ပေးအပ်ကာ မသေမျိုးစစ်သည်တော်များ အဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ ထို့ပြင်မိမိ သတ်ဖြတ်လိုက်သော သက်ရှိများသာမက သေဆုံးနေသည်မှာ ကြာမြင့်ပြီဖြစ်သော အရိုးစုများကိုပါ ပြောင်းလဲစေနိုင်ခြင်းဖြစ်သည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ရှည်လျားလှသော သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ များစွာသော သက်ရှိများ သေဆုံးခဲ့ကြသည်။ ထို့ကြောင့် မသေမျိုးစစ်သည်တော် တပ်ကြီးမှာ အကန့်အသတ်မရှိ များပြားလှပေလိမ့်မည်။

ထို့အပြင်‌မသေမျိုးအဖြစ်ပြန်လည်နိုးထလာသောစစ်သည်တော်များ၏ စွမ်းအားသည်လည်း အလောင်းများဖြင့် ပေါင်းစပ်၍ ပိုမို အင်အားကြီးသော ဖြစ်တည်မှုများအဖြစ် ဖန်တီးနိုင်သည်။ မြက်ခင်းပြင်ကမ္ဘာတွင် ပိုင်ကျင်းကျင်း ဖန်တီးခဲ့သည့် အလောင်းတောင်ကြီးမှာ ဥပမာတစ်ခုပင် ဖြစ်၏။

အတိုချုပ်အားဖြင့်ဆိုရသော် မင်ဝမ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခြင်းသည် အဆုံးမဲ့မသေမျိုးစစ်သည်တော် တပ်ကြီးကို ပိုင်ဆိုင်ခြင်းနှင့်ညီမျှပေလိမ့်မည်။

All Chapters