အခန်း (၂၇၇)
Vol. 28 Ch. 277
"ပိုင်ချန်းရှန့်...မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"
လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါး၏ ကိုယ်ပွားများသည် ခဏချင်းအတွင်း၌ပင် အသူရာဝိညာဉ်ဘုရင်ကို ဝိုင်းရံလိုက်ကြသည်။
သို့သော်လည်း ယခုအချိန်တွင် အသူရာဝိညာဉ်ဘုရင်သည် ရူးသွပ်နေသည့် ပုံစံမျိုး ဖြစ်နေကာ အရှင်သခင် ခုနစ်ပါး၏ မေးခွန်းများကို အလေးထားခြင်း မရှိချေ။
''သမီး... ငါ့သမီးလေး...''
''ကျင်းကျင်းအတွက် ငါ ကလဲ့စားချေရမယ်...''
''ကလဲ့စားချေရမယ်...''
သူသည် ဝမ်းနည်းပူဆွေးစွာဖြင့် ဟိန်းဟောက်လိုက်သည်။
အရှင်သခင် ခုနစ်ပါးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့၏ စိတ်ထဲတွင် နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏ အမွေဆက်ခံသူဟု ယူဆရသူသည် မျှော်စင်အတွင်း၌ သတ်ဖြတ်မှုများ ပြုလုပ်နေပြီး အသူရာဝိညာဉ်ဘုရင်၏ သမီးငယ်လေးဖြစ်သည့် ပိုင်ကျင်းကျင်းကိုလည်း သတ်ဖြတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု တွေးတောမိကြလေသည်။
သို့မဟုတ်ပါက အသူရာဝိညာဉ်ဘုရင် ပိုင်ချန်းရှန့်ကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက်သည် ဤမျှအထိ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေမည် မဟုတ်ပေ။
''စိတ်အေးအေးထားစမ်း.. ကလဲ့စားချေချင်တယ်ဆိုရင် ဒီလိုမျိုး စိတ်လိုက်မာန်ပါ လုပ်နေလို့ ဘာမှ ဖြစ်မလာဘူး...''
''မင်းက ဒီကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား...''
ပထမအရှင်သခင်၏ အသံသည် ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားကာ ပိုင်ချန်းရှန့်၏ စိတ်ဝိညာဉ်အတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားသည်။
ထိုအသံကြောင့် ပိုင်ချန်းရှန့်သည် တစ်ကိုယ်လုံး တုန်ခါသွားကာ ဝမ်းနည်းမှုများကြားမှ ခေတ္တမျှ သတိပြန်ဝင်လာလေသည်။
အရှင်သခင် ခုနစ်ပါးသည် ကမ္ဘာတစ်ခုကို လွန်မြောက်နိုင်စွမ်းရှိသည့် အနှိုင်းမဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် ငရဲမဟာကမ္ဘာကြီး၏ ကောင်းကင်တာအိုနှင့်ပင် သဘောတူညီချက် တစ်စုံတစ်ရာ ရှိထားကြပြီး ကောင်းကင်တာအို၏ ကိုယ်စားလှယ်များ ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။
လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်တာအို၏ စည်းမျဉ်းနိယာမအများစုသည် ထိုလွတ်မြောက်သူများကို ချုပ်နှောင်ထားနိုင်စွမ်း မရှိတော့ချေ။ သူတို့သည် ပိုင်ရွှီနယ်မြေ အတွင်း၌ လှည့်လည်သွားလာနိုင်ကာ အခြားသော ကမ္ဘာသစ်များကို ရှာဖွေနိုင်စွမ်း ရှိကြလေသည်။
သို့သော်လည်း ထိုသို့ ပြုလုပ်ခြင်းသည် အလွန်ပင် စွန့်စားရသည့် ကိစ္စ ဖြစ်၏။ ကမ္ဘာသစ်တစ်ခု၏ အတားအဆီးကို ဖျက်ဆီးနိုင်ခြင်း ရှိ၊ မရှိထက် ကမ္ဘာသစ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် ထိုကမ္ဘာသည် မည်သို့သော အခြေအနေ ရှိမည်ကို မသိရှိနိုင်ချေ။ ကံမကောင်းပါက အလွန်ပင် အန္တရာယ်ကြီးမားသော ကမ္ဘာအတွင်းသို့ ရောက်ရှိသွားနိုင်လေသည်။
ဥပမာအားဖြင့် အချို့ကမ္ဘာများတွင် ကမ္ဘာတစ်ခုလုံးသည် ထူးဆန်းသက်ရှိတစ်ခုအဖြစ် တည်ရှိနေတတ်ပြီး လွတ်မြောက်သူများပင် ဖြစ်လင့်ကစား ထိုနေရာမှ လွတ်မြောက်ရန် ခက်ခဲလှချေသည်။ ထို့အပြင် အခြားကမ္ဘာများအတွင်း၌လည်း ကြီးမားသော ဘေးအန္တရာယ်များ ရှိနေတတ်၏။
ပိုင်ရွှီနယ်မြေ ဆိုသည်မှာလည်း အလွန် ထူးဆန်းသော နယ်မြေတစ်ခု ဖြစ်ကာ ထိုနေရာသို့ ဝင်ရောက်သွားသည့် လွတ်မြောက်သူများသည် မိမိတို့၏ မူလကမ္ဘာမှ ရရှိထားသော အနှိုင်းမဲ့ စွမ်းအား အများအပြား ကိုဆုံးရှုံးသွားရလေ့ ရှိသည်။ ပိုင်ရွှီနယ်မြေသည် မူလကမ္ဘာမှ စွမ်းအား အမှတ်အသားများကို ဆေးကြောပစ်သည့်အလားပင် ဖြစ်သည်။
သို့ဖြစ်ရာ အရှင်သခင် ခုနစ်ပါးကဲ့သို့ မူလကမ္ဘာ၏ ကောင်းကင်တာအိုနှင့် သဘောတူညီချက် ယူထားကာ အထူးအခွင့်အရေး ရရှိထားသော အနေအထားသည် ပို၍ စိတ်ချရသော ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။
ယခုအခါ အရှင်သခင် ခုနစ်ပါး၏ ပေါ်ထွက်လာမှုသည် အသူရာဝိညာဉ်ဘုရင် ပိုင်ချန်းရှန့်အတွက် မျှော်လင့်ချက်အသစ်ကို ပေးစွမ်းလိုက်သည်။ သူ၏ မျက်ဝန်းများသည် ပြန်လည် တောက်ပလာကာ အရှင်သခင် ခုနစ်ပါး၏ ကိုယ်ပွားများကို ကြည့်ပြီးနောက် ဒူးထောက်ချလိုက်လေသည်။လွတ်မြောက်သူများနှင့် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ရှိ မိစ္ဆာအရှင်သခင်ကြီးများ၏ စွမ်းအားသည် အလွန်အမင်း ကွာခြားခြင်း မရှိသော်လည်း လွတ်မြောက်သူများသည် ထူးခြားသော နယ်ပယ်သစ်တစ်ခုကို နားလည်ထားကြသည်။
''အရှင်သခင် ခုနစ်ပါးကို ဂါရဝပြုပါတယ်..."
"ကျွန်တော့်ရဲ့ သမီးငယ်လေးက ပါရမီ ထူးချွန်သူတစ်ယောက်ပါ... ဒါပေမဲ့ဒီမျှော်စင်အတွင်းမှာ အကြောင်းမဲ့ ကျဆုံးခဲ့ပါရတယ်..."
"သူမရဲ့သေဆုံးမှုဟာ ငရဲကမ္ဘာကြီးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပါပဲ.... အရှင်သခင်များအနေဖြင့် ကျွန်တော့်အတွက် တရားမျှတမှု ရှာဖွေပေးဖို့ တောင်းဆိုပါတယ်...''
အရှင်သခင် ခုနစ်ပါးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ အသူရာဝိညာဉ်ဘုရင်သည် အထွတ်အထိပ်မိစ္ဆာအရှင်သခင်ကြီးတစ်ပါးဖြစ်ပြီး သူ၏လက်အောက်တွင် အသူရာစစ်သည်တော် တစ်သိန်းကျော် ရှိသော်လည်း အခြား မိစ္ဆာအရှင်သခင်ကြီးများနှင့် အဆက်အဆံ မရှိချေ။
သူ၏ မာနကြီးသော စရိုက်ကြောင့်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ငရဲမိစ္ဆာများ ကျူးကျော်တိုက်ခိုက်သည့် အကြံအစည်များတွင်လည်း ပါဝင်ခြင်း မရှိသူဖြစ်သည်။
သို့သော်လည်း သူ၏ အင်အားကို မည်သူမျှ လျှော့မတွက်ရဲကြချေ။ အသူရာဝိညာဉ်ဘုရင်နှင့် သူ၏ လက်အောက်ခံ အင်အားစုများသည် ငရဲကမ္ဘာ၌ အင်အားအကြီးဆုံး သုံးဖွဲ့အတွင်း ပါဝင်လေသည်။ ယခုအခါ ထိုမျှ အင်အားကြီးသော ကျွမ်းကျင်သူတစ်ဦးသည် သူ၏ ချစ်လှစွာသော သမီးငယ်လေးအတွက် မာနများကို လွှတ်ချကာ ဦးညွှတ်လိုက်ခြင်း ဖြစ်သည်။
''ပိုင်ချန်းရှန့်... မင်း ထပြီး စကားပြောပါ...''
''မင်းရဲ့ သမီးကို သတ်လိုက်တဲ့သူက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးက လာတဲ့ လူသားတစ်ယောက်ပဲ...''
ပထမအရှင်သခင်သည် အေးစက်စွာ ပြောလိုက်၏။
သူတို့သည် မျှော်စင်အတွင်းရှိ ကိစ္စများကို တိုက်ရိုက် ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိသော်လည်း မျှော်စင်အတွင်း ဖြစ်ပျက်နေသည်များကို သိမြင်နိုင်စွမ်း ရှိကြလေသည်။
''လူသား ဟုတ်လား...''
''ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးက အဆင့် ၃ အထွတ်အထိပ်မှာ ရှိတဲ့ နတ်ဘုရားတစ်ပါးက ကမ္ဘာနှစ်ခုကြားက တံဆိပ်ခတ်နှိပ်မှုကို ရှာတွေ့ပြီး ခိုးဝင်လာတာလား...''
ပိုင်ချန်းရှန့်သည် မော့ကြည့်ကာ မေးလိုက်သည်။
ပထမအရှင်သခင်က ခေါင်းခါလိုက်သည်။
''မဟုတ်ဘူး... အဲဒီလူသားက ကျင့်ကြံခြင်း အဆင့် ၂၈ မှာပဲ ရှိသေးတဲ့ ကျင့်ကြံ သူတစ်ယောက်ပဲ...''
''သူက သူတော်စင်တစ်ပိုင်း အဆင့်မှာပဲ ရှိ သေးတဲ့ ကျွမ်းကျင်သူ တစ်ယောက်ပေါ့...''
''ဘာ...''
''သူတော်စင်တစ်ပိုင်း အဆင့်လား...''
''ဒါ လုံးဝ မဖြစ်နိုင်ဘူး...''
ပိုင်ချန်းရှန့်သည် ထိုစကားကို လုံးဝ မယုံကြည်နိုင်ချေ။
သူသည် ရှေးဟောင်း မိစ္ဆာအရှင်သခင် သုံးဦးနှင့် ခေတ်ပြိုင် တစ်ဦး ဖြစ်ကာ သူ၏သမီးငယ် ပိုင်ကျင်းကျင်း၏ ပါရမီနှင့် ကံကြမ္မာသည်လည်း အလွန်ပင် အားကောင်းလှသည်။ ထို့အပြင် သူမသည် မျှော်စင်အတွင်းသို့ မဝင်ရောက်မီကပင် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အစောပိုင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူမတွင် မင်ဝမ်ခန္ဓာကိုယ် ရှိသည့်အပြင် မိစ္ဆာနတ်ဘုရား အမှတ်အသားလည်း ရှိလေသည်။ သူမ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည်ပင်လျှင် ခန္ဓာကိုယ်ကြံခိုင်သည့်ငရဲမျိုးနွယ်စုများထက်ပင် ပို၍ သာလွန်ပေသည်။ မျှော်စင်အတွင်း၌ စွမ်းအားများ အဖိနှိပ်ခံထားရလျှင်ပင် သူတော်စင်တစ်ပိုင်း အဆင့်ရှိသူတစ်ယောက်က သူမကို သတ်နိုင်သည်ဟူသော စကားမှာ အဓိပ္ပာယ် မရှိလှချေ။
''ဟားဟားဟား...''
ပထမအရှင်သခင်သည် သူ၏ အတွေးကို သိနေသည့်အလား ရယ်မောလိုက်၏။
''ပိုင်ချန်းရှန့်... မင်းက ငါတို့ ခုနစ်ယောက်လုံးက ဘာကြောင့် ဒီနေရာကို ကိုယ်ပွားတွေနဲ့ လာပြီး ပိတ်ဆို့ထားရတယ်လို့ ထင်နေတာလဲ...''
''သာမန် သူတော်စင်တစ်ပိုင်း အဆင့်ကျင့်ကြံသူတစ်ယောက်ဆိုရင် ငါတို့ကို ဒီလိုကြီးမားတဲ့လှုပ်ရှားမှုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး...''
''ငါ နာမည်တစ်ခု ပြောပြမယ်... မင်းရဲ့ အတွေ့အကြုံအရဆိုရင် နားလည်လိမ့်မယ်လို့ ထင်တာပဲ...''
''နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ...''
ပထမအရှင်သခင်၏ လေသံသည် အေးစက်လေးနက်သွားသည်။
''ဘာ... နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ဟုတ်လား...''
''ဒါဆိုရင်...''
ပိုင်ချန်းရှန့်၏ လေသံသည် ချက်ချင်း ပြောင်းလဲသွားကာ သူ၏ ဦးခေါင်းခွံပေါ်ရှိ မီးတောက်များလည်း တုန်ခါသွားသည်။ သူသည် ထိုနာမည်ကို အလွန်ပင် ကြောက်ရွံ့နေသည့်ပုံ ပေါ်သည်။
''မှန်တယ်... အဲဒီလူသားက နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ အမွေဆက်ခံသူ ဖြစ်ဖို့ ဖြစ်နိုင်ချေ အများကြီး ရှိတယ်...''
''ဟိုးအရင်က နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံဟာ သူတစ်ဦးတည်း အစွမ်းနဲ့ ငါတို့ငရဲမဟာကမ္ဘာကြီးအပါအဝင် မရေမတွက်နိုင်တဲ့ ကမ္ဘာငယ်တွေ ၊ အလတ်အလယ်ကမ္ဘာတွေကို နှိမ်နင်းခဲ့ဖူးတယ်...''
''သူဟာ ငရဲကမ္ဘာနဲ့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကြားမှာ အတားအဆီးအကာအကွယ်တွေ ချထားခဲ့ပြီး ကမ္ဘာနှစ်ခုကို နှစ်သန်းပေါင်းများစွာ ခွဲခြားထားခဲ့တာပဲ...''
''ငရဲကမ္ဘာရဲ့ ပါရမီရှင်တွေထဲမှာ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ခဲ့ဘူး...''
''အခုတော့ သူက နောက်ထပ် နည်းလမ်းတစ်ခုနဲ့ ပြန်လာခဲ့ပြီ...''
''အကယ်၍ မျှော်စင်ထဲကလူသားကျင့်ကြံသူသာ နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ အမွေဆက်ခံသူ အစစ်အမှန် ဖြစ်မယ်ဆိုရင် သူ ငရဲကမ္ဘာကို လာရတဲ့ ရည်ရွယ်ချက်က တစ်ခုပဲ ရှိတယ်..."
"အဲဒါက ငရဲမဟာကမ္ဘာကြီးရဲ့ ကမ္ဘာငယ်လေးတွေအတွင်းမှာ သူရဲ့ ကိုယ်ပိုင် အရင်းအမြစ်ဖြစ်တဲ့ နတ်ဘုရားသန္ဓေသားကို ချဖို့ပဲ...''
''သူဟာ ငရဲကမ္ဘာရဲ့ အရင်းအမြစ် စွမ်းအားတွေကို စုပ်ယူပြီး ကမ္ဘာတစ်ခုလုံးကို သူ့ရဲ့ ခြေနင်းတုံးအဖြစ် အသုံးချလိမ့်မယ်...''
''နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ အံ့ဖွယ်နဂါးမဲ့နှလုံးသားကျင့်စဉ်မှသာ သူတော်စင်တစ်ပိုင်း အဆင့်ရှိသူတစ်ယောက်က အဆင့် ၃ အစောပိုင်းမှာ ရှိတဲ့ မိစ္ဆာနတ်ဘုရား တစ်ပါးကို သတ်ဖြတ်နိုင်စွမ်း ရှိမှာ ..''
ပထမအရှင်သခင်သည် အသူရာဝိညာဉ်ဘုရင်အား ငရဲကမ္ဘာ၏ လျှို့ဝှက်ချက်များကို ရှင်းပြလိုက်သည်။
''မင်းလည်း အရမ်း ဝမ်းမနည်းပါနဲ့တော့..."
"ဒီနေရာမှာ ငါတို့ကို ကူညီပြီး သူ့ကို ဖမ်းဆီးမယ်ဆိုရင်အောင်မြင်တဲ့အခါကျရင် ကောင်းကင်တာအိုက မင်းအတွက်အခွင့်အလမ်းကောင်းတွေပေးလာလိမ့်မယ်..."
"အဲဒီအခါကျရင် မင်းရဲ့သမီးလေးကို ပြန်ပြီး အသက်သွင်းဖို့တောင်ဖြစ်နိုင်လိမ့်မယ်...''
''ဒါပေမဲ့ ပြန်လည် အသက်ရှင်လာရင်တောင် မူလကရှိခဲ့တဲ့ ပါရမီနဲ့ ကံကြမ္မာတွေက ရှိတော့မှာ မဟုတ်ဘူး...''
ပထမအရှင်သခင်၏ စကားသည် ပိုင်ချန်းရှန့်ကို မျှော်လင့်ချက်အသစ် ပေးလိုက်လေသည်။
ကောင်းကင်တာအိုသည် ကမ္ဘာတစ်ခုလုံး၏ အမြင့်ဆုံး ဖြစ်တည်မှု ဖြစ်ကာ စည်းမျဉ်းနိယာမအားလုံးကို ထိန်းချုပ်ထားသည်။
သို့ဖြစ်ရာ ပိုင်ကျင်းကျင်းကို ပြန်လည် အသက်သွင်းရန်သည် အမှန်တကယ်ပင် စွမ်းဆောင်နိုင်ချေ ရှိလေသည်။