← Chapters

အခန်း (၂၇၈)

Vol. 28 Ch. 278

အခန်း (၂၇၈)

Vol. 28 Ch. 278

အသူရာဝိညာဉ်ဘုရင် ပိုင်ချန်းရှန့်သည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ပထမအရှင်သခင်၏ ကမ်းလှမ်းချက်ကို ချက်ချင်းပင် သဘောတူ လက်ခံလိုက်သည်။ ထိုသည်က သူ့အတွက် ပို၍ ကောင်းမွန်သော ရွေးချယ်မှု မရှိတော့ခြင်းကြောင့်လည်း ဖြစ်သည်။

နဂါးမဲ့နတ်ဘုရားဘုရင် ဝူလုံ၏ အမွေဆက်ခံသူဟု ယူဆရသော ထိုလူသားကို ဖမ်းဆီးရာတွင် လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါးကို ကူညီပေးခြင်းသည် ကောင်းကင်တာအို၏ ကောင်းချီးပေးခံရမှုကို ရရှိနိုင်မည့်အပြင် မိမိ၏ သမီးငယ်လေးအတွက် ကလဲ့စားချေနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်လေသည်။

''ကျွန်တော် အရှင်သခင် ခုနစ်ပါးကို ကူညီပြီး အဲဒီလူသားကို ဖမ်းဆီးပါ့မယ်...''

ပိုင်ချန်းရှန့်သည် လေးနက်စွာ ပြောလိုက်လျှင် သူ၏ လက်အတွင်းရှိ သံကြိုးရှည်ကြီးသည်လည်း မီးတောက်များ ဖုံးလွှမ်းတောက်လောင်နေသည်။

အရှင်သခင် ခုနစ်ပါးသည် ကျေနပ်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

''ကောင်းပြီ... မင်းရဲ့ အကူအညီသာ ပါမယ်ဆိုရင် အဲဒီ ဝူလုံရဲ့ အမွေဆက်ခံသူကို အရှင်လတ်လတ် ဖမ်းမိဖို့က သေချာသလောက် ရှိသွားပြီ...''

''သူ့ကို ကောင်းကောင်းလေး နှိပ်စက်ပြီး နဂါးမဲ့နှလုံးသားကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ်...''

''အခု မင်းရဲ့ နတ်ဘုရားအာရုံကိုထုတ်လွှင့်ပြီး... ငါတို့ ချထားတဲ့ ပိတ်လှောင်ခြင်း အစီအရင်ထဲကို မင်းရဲ့စွမ်းအားတွေ အားလုံးပေါင်းစပ်ထည့်လိုက်...''

ပိုင်ချန်းရှန့်၏ ရုတ်တရက် ပေါ်ပေါက်လာမှုသည် အရှင်သခင် ခုနစ်ပါး၏ အစီအစဉ်နှင့် အခါအလျဉ်းသင့်သွားခဲ့သည်။ ပိုင်ချန်းရှန့်သည်လည်း မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ သူ၏ နတ်ဘုရားအာရုံထုတ်ဖော်လိုက်ကာ အစွမ်းထက်ဆုံးသောသန့်စင်သည့် စွမ်းအင်များအဖြစ် ပြောင်းလဲလိုက်ပြီး ပိတ်လှောင်ခြင်း အစီအရင်အတွင်းသို့ စီးဝင်သွားစေလိုက်သည်။

အစီအရင်သည် ထိုစွမ်းအင်များကို အပြည့်အဝ စုပ်ယူလိုက်သည့်အခါ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ဖုံးအုပ်ထားသော အမည်းရောင် အလင်းတန်းများသည် ပိုမို ထူထပ်သိပ်သည်းလာပြီး အမည်းရောင် ကန့်လန့်ကာ တစ်ခုကဲ့သို့ ဖြစ်သွားသည်။

ပိုင်ချန်းရှန့်၏ စွမ်းအားများ ပေါင်းစပ်သွားပြီးနောက် အစီအရင်၏ အစွမ်းသည် သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အမည်းရောင် အလင်းလွှာအတွင်းမှ မရေမတွက်နိုင်သော မည်းမှောင်သည့် စွမ်းအင်အမျှင်တန်းများ ထွက်ပေါ်လာပြီး မျှော်စင်တစ်ခုလုံးကိုရစ်ပတ်နှောင်ဖွဲ့လိုက်ကြသည်။

ထိုမည်းမှောင်သော စွမ်းအင်များသည် မျှော်စင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေကြပြီး အဝေးမှ ကြည့်လျှင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် အမည်းရောင် ပိုးအိမ်ကြီးတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ဖြစ်နေသည်။

ထိုစဉ် အံ့ဩဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မည်သူမျှ ရွှေ့ပြောင်း၍ မရနိုင်သော ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် သိသိသာသာ တုန်ခါလာပြီး ဖြည်းညင်းစွာ ရွေ့လျားလာသည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များသည် မျှော်စင်ရွေ့လျားမှုမှထွက်ပေါ်လာသည့်ကြီးမားသော ဖိအားကို မခံနိုင်တော့ဘဲ ပုံပျက်ရှုံ့တွသွားပြီး ဟင်းလင်းပြင် အလွှာအသီးသီးသည် တစ်ခုနှင့်တစ်ခုအလွန်အကျွံဖိမိသွားကာ ပိပြားသွားကြသည်။ ထိုမြင်ကွင်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

အရှင်သခင် ခုနစ်ပါး၏ မျက်ဝန်းများအတွင်း၌ မျှော်လင့်ချက်အလင်းတန်းများ ထွက်‌ပေါ်လာသည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် အစဉ်အမြဲ ထိန်းချုပ်၍ မရနိုင်သော အရာဖြစ်သော်လည်း ယခုအခါ ပိုင်ချန်းရှန့်၏ သန့်စင်သောစွမ်းအားပေါင်းစပ်မှုဖြင့် ရွေ့လျားအောင် လှုပ်ခါနိုင်ခဲ့ခြင်းသည် သူတို့အတွက် မမျှော်လင့်ထားသော အောင်မြင်မှုပင် ဖြစ်သည်။

အကယ်၍ မျှော်စင်ကို ဤနေရာမှ ရွှေ့ပြောင်းသွားနိုင်ပါက သူတို့သည် မျှော်စင်ကို စိတ်ကြိုက် လေ့လာခွင့် ရရှိမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ကာ ကောင်းကင်တာအိုပင် ဝင်ရောက် စွက်ဖက်၍ မရနိုင်သော အနှိုင်းမဲ့ ရတနာတစ်ပါးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။မျှော်စင်အတွင်းရှိ ဝူလုံ၏ အမွေဆက်ခံသူဟု ယူဆရသော ထိုလူသားသည်လည်း သူတို့၏ လက်တွင်းမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။

ထိုအချိန်တွင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌။

မျှော်စင်အတွင်းရှိ လှေကားထစ်များနှင့် အလွှာတစ်ထောင်တိုင်းရှိဟင်းလင်းပြင် ကမ္ဘာများအားလုံး ပြင်းထန်စွာ တုန်ခါနေကြသည်။ ထိုတုန်ခါမှုသည် ကျုံးရှန်တစ်ယောက် ခေါင်းတီးယက်စ် နတ်ဘုရားနွယ်ပင်ကို နုတ်ယူစဉ်က ဖြစ်ပေါ်ခဲ့သည့် တုန်ခါမှုထက် ပို၍ ကြီးမားလှသောကြောင့် အရှိန်အဟုန်ဖြင့် မျှော်စင်တက်လှမ်းနေသော ကျုံးရှန်၏ ခြေလှမ်းများပင်ရပ်တန့်သွားရသည်။

သူသည် လှေကားထစ်ပေါ်၌ ရပ်တန့်လိုက်ပြီး မျှော်စင်၏ အပြင်ဘက်သို့ မော့ကြည့်လိုက်လေသည်။

''ကြည့်ရတာ တစ်ယောက်ယောက်က ငါ့ကို သတိထားမိသွားပြီ ထင်တယ်...''

''ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး... အပြင်က စွမ်းအားကို သုံးပြီးတော့ ဒီမျှော်စင်ကြီးကို တစ်စုံတစ်ယောက်က သိမ်းယူသွားနိုင်မယ်လို့ ငါ မယုံဘူး...''

ကျုံးရှန်သည် ထိုအရာကို အမှုမထားဘဲ လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

သူသည် ငရဲကမ္ဘာအတွင်း၌ ပြဿနာများစွာ ဖန်တီးခဲ့ပြီး အင်အားကြီး ပညာရှင်များစွာကို ရန်စခဲ့သည် ဖြစ်ရာ နောက်ထပ် ရန်သူထပ်တိုးလာခြင်းကို ဂရုမစိုက်တော့ချေ။ သူ၏ ရည်မှန်းချက်သည် မျှော်စင်၏ ထိပ်ဆုံးသို့ တက်လှမ်းရန်နှင့် မျှော်စင်၏ ထိန်းချုပ်မှုကို ရယူကာ ကောင်းကင်ဘုံသို့ သွားရောက်ပြီး ဒဏ္ဍာရီလာကျီကျိုက်အနှိုင်းမဲ့ ခန္ဓာကိုယ်ကို ရယူရန်ဖြစ်လေသည်။

မျှော်စင်၏ အပြင်ဘက်တွင် အပြောင်းအလဲများ ထပ်မံဖြစ်ပေါ်လာခဲ့သည်။ အစီအရင်၏ စွမ်းအားဖြင့် မျှော်စင်ကို တစ်လက်မခန့် ရွေ့လျားစေပြီးနောက်တွင် မျှော်စင်သည် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် မျှော်စင်၏ ပတ်ပတ်လည်ရှိဟင်းလင်းပြင်အတွင်းမှအရိပ်များစွာ ပေါ်ထွက်လာပြီး မျှော်စင်ကို ရစ်ပတ်ထားသော မည်းမှောင်သည့် စွမ်းအင်အမျှင်တန်းများကို ဖျက်စီးပစ်လိုက်သည်။

ထိုမျှသာမက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ပြင်းထန်စွာတုန်ခါလာပြီး တစ်ဟုန်ထိုး ကြီးမားလာသည်မှာ မိုးရွာပြီးစအချိန်တွင် ထွက်ပေါ်လာသော မျှစ်စို့လေးများကဲ့သို့ပင် အလွန်လျင်မြန်လှသည်။ မျှော်စင်သည် ပိုမို ကြီးမားလာပြီး ပိုင်ချန်းရှန့်၏ စွမ်းအားများ ပေါင်းစပ်ထားသော အမည်းရောင်အလင်းလွှာကို ပူဖောင်းတစ်ခုကဲ့သို့ အပေါ်သို့ တွန်းတင်လိုက်သည်။

''ဖောက်...''

ကြည်လင်ပြတ်သားသော အသံတစ်ခုထွက်ပေါ်လာကာ အမည်းရောင် အလင်းလွှာ ပေါက်ကွဲထွက်သွား၏။

ပိတ်လှောင်ခြင်း အစီအရင်သည် ချက်ချင်းပင် မှိန်ဖျော့သွားကာ ပိုင်ချန်းရှန့်၏ ယိုင်နဲ့နေသော ပုံရိပ်သည် ဟင်းလင်းပြင်အတွင်းမှ ပေါ်ထွက်လာသည်။ သူ၏ ဦးခေါင်းခွံပေါ်ရှိ မီးတောက်များသည်လည်း ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့လေသည်။

အရှင်သခင် ခုနစ်ပါး၏ ကိုယ်ပွားများသည်လည်း မူလနေရာမှ ပျောက်ကွယ်သွားပြီး ပိုင်ချန်းရှန့်၏ ပတ်ပတ်လည်တွင် ပေါ်လာကြသည်။

မျှော်စင်၏ ကြီးထွားမှုသည် ရပ်တန့်သွားခြင်း မရှိချေ။ ယင်းသည် ထက်မြက်သော ဆူးချွန်ကြီးတစ်ခုကဲ့သို့ ဟင်းလင်းပြင် အလွှာများကို ထိုးဖောက်ကာ ငရဲမဟာကမ္ဘာကြီးအတွင်းသို့ တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။ ကြီးမားလှသော ဓားရှည်ကြီး တစ်စင်းသည် ငရဲကမ္ဘာကို အပေါက်ကြီး ဖောက်လိုက်သကဲ့သို့ပင် ဖြစ်သည်။

အခြေအနေများသည် ခန့်မှန်း၍ မရနိုင်သော လမ်းကြောင်းသို့ ရောက်ရှိသွားလေသည်။ အရှင်သခင် ခုနစ်ပါး၏ လုပ်ရပ်သည် မျှော်စင်၏ ပြန်လည်တုံ့ပြန်မှုကို ဖြစ်ပေါ်စေကာ မျှော်စင်၏ ကိုယ်ပိုင် အသိစိတ်ကို နိုးထလာပြီး ပြင်ပမှနှောင့်ယှက်မှုများကို ခုခံကာကွယ်ရန်အတွက် စွမ်းအားများ ထုတ်ဖော်စေခဲ့သည်။

ခဏအကြာတွင် မျှော်စင်၏ ကြီးထွားမှု ရပ်တန့်သွား၏။ ယခုအခါ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အရွယ်အစားသည် ငရဲမဟာကမ္ဘာကြီး၏ ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီးခန့်ပင် ကြီးမားနေလေသည်။ အကယ်၍ ကြီးထွားမှုသာ ဆက်လက် ဖြစ်ပေါ်နေပါက ငရဲကမ္ဘာတစ်ခုလုံး ပေါက်ကွဲသွားနိုင်ပေသည်။

''ဒီမျှော်စင်က ရွှေ့ဖို့ တကယ် မလွယ်ဘူးပဲ...''

''ကြည့်ရတာ ဒီမျှော်စင်ထဲမှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကိုယ်ပိုင် အသိစိတ်တစ်ခု ဖြစ်ပေါ်နေပြီ ထင်တယ်...''

''အကယ်၍ ဝူလုံရဲ့ အမွေဆက်ခံသူက ဆက်ပြီး တက်လှမ်းနေဦးမယ်ဆိုရင် မျှော်စင်ရဲ့ အသိစိတ်က သူ့ကို ပြန်ပြီး တိုက်ခိုက်ကောင်း တိုက်ခိုက်လိမ့်မယ်...''

အရှင်သခင် ခုနစ်ပါးသည် စုရုံးကာ အလေးအနက် ဆွေးနွေးနေကြသည်။

သူတို့သည် ဒဏ်ရာရရှိသွားသော အသူရာဝိညာဉ်ဘုရင်ကို ဂရုစိုက်ခြင်း မရှိကြချေ။ သူတို့အတွက် ပိုင်ချန်းရှန့်ဆိုသည်မှာ စမ်းသပ်မှုအတွက် အသုံးချခံ သက်သက်သာ ဖြစ်သည်။

အကယ်၍ မျှော်စင်ကို ဆက်လက် လှုံ့ဆော်နေပါက ငရဲကမ္ဘာကြီး ပျက်စီးသွားနိုင်သည်ကို သူတို့ သိရှိကြလေသည်။ ထို့ကြောင့် သူတို့သည် မျှော်စင်ကို သိမ်းယူရန်ထက် မျှော်စင်ကို ထိန်းချုပ်ရန်သာ ပြန်လည် ကြိုးစားလိုက်ကြသည်။

ပိုင်ချန်းရှန့်သည် ထိုနေရာ၌ မလှုပ်မယှက် ရပ်နေပြီးနောက် ဝမ်းနည်းကြေကွဲစွာဖြင့် သက်ပြင်းချလိုက်သည်။

''လူသားတွေ... ငါ လူသားအားလုံးကို သတ်ပစ်မယ်...''

သူသည် ရည်ရွယ်ချက်အသစ်ကို ရှာဖွေတွေ့ရှိသွားသည့်အလား တိုးတိုးလေး ရေရွတ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားသည်။

သူသည် သူ၏ စစ်တပ်များကို ပြန်လည် စုစည်းကာ ငရဲမိစ္ဆာများ၏ ကျူးကျော်မှုတွင် ပါဝင်ပြီး လူသားအားလုံးကို သုတ်သင်ပစ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ အရှင်သခင် ခုနစ်ပါးကိုမူ အားကိုး၍ မရတော့သည်ကို သိရှိသွားခဲ့ပြီ ဖြစ်၏။

မျှော်စင်အတွင်း၌ ပြန်လည် တည်ငြိမ်သွားလေသည်။

ကျုံးရှန်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် အထက်သို့ ဆက်လက် တက်လှမ်းလာခဲ့ရာ ၂၀၂၀ ထပ်မြောက် လှေကားထစ်သို့ ရောက်ရှိလာလေသည်။ မျှော်စင်အတွင်းမှ စွမ်းအင်အမှုန်အမွှားများ ခန္ဓာကိုယ်အတွင်းစီးဆင်းလာမှုကြောင့် သူ၏ ခန္ဓာကိုယ်သည် ပို၍သန်မာလာခဲ့ပြီဖြစ်သည်။ သူ၏ ရှေ့မှောက်တွင် ဒုတိယမြောက်အထပ်တစ်ထောင် ဟင်းလင်းပြင် ကမ္ဘာ၏ တံခါးဝကို မြင်တွေ့နေရလေသည်။

All Chapters