အခန်း (၂၇၉)
Vol. 28 Ch. 279
ဤဟင်းလင်းပြင် ကူးပြောင်းခြင်း တံခါးဝသည် ပထမဆုံးသော အထပ်တစ်ထောင် ဟင်းလင်းပြင်၏ တံခါးဝနှင့် အသွင်အပြင်အားဖြင့် မည်သို့မျှ ကွာခြားမှု မရှိပေ။
ကျုံးရှန်သည် မျှော်စင်အတွင်းရှိ ငရဲကမ္ဘာ၏ပါရမီရှင်မိစ္ဆာ အားလုံးနီးပါးကို သုတ်သင်ပစ်ခဲ့ပြီးဖြစ်သည်။ ထိုသူများထဲတွင် အင်အားကြီး အဖွဲ့အစည်းများနှင့် ငရဲအရှင်သခင်ကြီးများ၏ မျိုးဆက်သစ်များစွာ ပါဝင်နေသဖြင့် ငရဲမဟာကမ္ဘာကြီးအတွင်း၌ ဖြစ်ပေါ်လာသော တုန်လှုပ်မှုသည် အလွန်တရာ ကြီးမားလှသည်။ အထူးသဖြင့် ပိုင်ကျင်းကျင်း ကျဆုံးသွားသည့် ကိစ္စသည် ကြီးမားသော လှိုင်းကြီးတစ်ခုကဲ့သို့ပင် ဖြစ်သည်။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ငရဲပါရမီရှင်များကို လိုက်လံ သုတ်သင်နေသော သေမင်းကဲ့သို့ လူသတ်သမားတစ်ယောက် ရှိနေသည်ဟူသော သတင်းသည်လည်း တောမီးကဲ့သို့ ပျံ့နှံ့သွားလေသည်။
''ယမမင်း... ပိုင်ကျင်းကျင်း သေသွားပြီဆိုတော့ ပိုင်ချန်းရှန့်ကတော့ ရူးသွပ်သွားမှာ သေချာတယ်...''
ဟာမိုမိစ္ဆာသွေးပင်လယ် အတွင်းရှိဟင်းလင်းပြင်၌ တတိယအဆင့် အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးများထိုင်နေကြကာ ခေါင်းသုံးလုံးနှင့် ထိပ်တန်း မိစ္ဆာအရှင်သခင်ကြီး တစ်ပါးသည် ယမမင်းအားပြောလိုက်ခြင်း ဖြစ်သည်။
သူတို့၏ အောက်တွင် ဆန်းကြယ်လှသော အစီအရင်တစ်ခုသည် ပြီးဆုံးလုနီးပါး အခြေအနေသို့ ရောက်ရှိနေ၏။
ယမမင်းသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
''ငရဲကမ္ဘာက တိတ်ဆိတ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီလေ...''
''အဲဒီငရဲမျိုးနွယ်စုတွေနဲ့ အဖွဲ့အစည်းတွေမှာ အင်အားကြီးတဲ့ ပညာရှင်တွေ အများကြီး စုမိနေကြတာပဲ...''
''တချို့တစ်ဝက် သေဆုံးသွားတာက ဘာမှ အရေးမကြီးပါဘူး...''
''ဟိုးအရင်က နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ငရဲကမ္ဘာကို ပိတ်ဆို့ခဲ့တယ်ဆိုပေမဲ့ အဲဒါက ငရဲကမ္ဘာရဲ့ အင်အားကို ထိန်းသိမ်းပေးထားသလို ဖြစ်ခဲ့တာပဲ...''
''အခုအချိန်မှာ ငရဲကမ္ဘာက ကျွမ်းကျင်သူတွေ မရှားပါးဘူး... ရှားနေတာက တိုးတက်ချင်တဲ့ စိတ်ဓာတ်ပဲ...''
''ဒီကမ္ဘာကြီးက ရေသေအိုင်တစ်ခုလို ဖြစ်နေပြီ...''
''ငါတို့သာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို သွားနိုင်မယ့် ဟင်းလင်းပြင် အတားအဆီးကို ဖောက်ထွက်နိုင်မယ်ဆိုရင် ငရဲကမ္ဘာတစ်ခုလုံးအတွက် သွေးသစ်လောင်းနိုင်လိမ့်မယ်...''
ယမမင်းသည် တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
သူသည် မျှော်စင်အတွင်း ဖြစ်ပျက်နေသည်များကို မည်သို့မျှ စိတ်ဝင်စားဟန် မရှိပေ။ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ပြန်လည် တိတ်ဆိတ်သွားလေသည်။ အခြားသော ထိပ်တန်း မိစ္ဆာအရှင်သခင်ကြီးများသည်လည်း ယမမင်း၏ အမြင်နှင့် ထပ်တူကျဟန် ရှိ၏။
ဟာမိုမိစ္ဆာသွေးပင်လယ်သည် ငရဲကမ္ဘာ၏ တားမြစ်နယ်မြေ သုံးခုထဲမှ တစ်ခု ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာသွေးပင်လယ်၏ ထူးခြားချက်ကြောင့် ဖြစ်ပြီးသွေးပင်လယ်အတွင်းတွင် မည်သည့် စည်းမျဉ်းကိုမျှ ဂရုစိုက်ရန် မလိုသည့် အရာအားလုံးကို အရည်ပျော်စေနိုင်သောစွမ်းရည် ရှိသည်။ ထိပ်တန်း မိစ္ဆာအရှင်သခင်ကြီးများပင် ဖြစ်လင့်ကစား သွေးပင်လယ်အတွင်း ကျရောက်သွားပါက အရည်ပျော်သွားမည့် ဘေးဒုက္ခမှ လွတ်မြောက်ရန် ခက်ခဲလှချေသည်။
ယင်းသွေးပင်လယ်သည် ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ သို့သော်လည်း နှစ်သန်းပေါင်းများစွာ တိုင်အောင် ဤသွေးပင်လယ်ကို မည်သူမျှ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ဟာမိုသွေးပင်လယ်သည် အလွန်ပင် ကြမ်းတမ်းနက်နဲကာ ဘေးအန္တရာယ်များဖြင့် ပြည့်နှက်နေသောပင်လယ်တစ်ခုဖြစ်၏။
ယခုတစ်ကြိမ်တွင် ယမမင်းနှင့်ငရဲအရှင်သခင်ကြီးများကိုယ်တိုင်ဦးဆောင်ပြီး မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်၌ရှိသည့် ထိပ်တန်း မိစ္ဆာအရှင်သခင် အပါးတစ်ရာခန့် စုရုံးခဲ့ကြလေသည်။ သူတို့သည် ငရဲကမ္ဘာ၏ ထိပ်သီးကျွမ်းကြင်သူများပင် ဖြစ်သည်။ သူတို့သည် ဝမ်ယွိမိစ္ဆာသန့်စင်ခြင်းကျင့်စဉ် ကို စုပေါင်း အသုံးပြုကာ ဟာမိုမိစ္ဆာသွေးပင်လယ်တစ်ခုလုံးကို သန့်စင်ရန် ကြိုးစားနေကြသည်။
သူတို့၏ ရည်ရွယ်ချက်သည် သွေးပင်လယ်တစ်ခုလုံးကို မိစ္ဆာရုပ်သေးကြီးတစ်ခုအဖြစ် ဖန်တီးရန် ဖြစ်၏။
ဤအစီအစဉ်သာ အောင်မြင်သွားပါက သွေးပင်လယ် ရုပ်သေးသည် လွတ်မြောက်ခြင်းအဆင့် သို့မဟုတ် ထိုထက်ပင် သာလွန်သော အစွမ်းကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ ထို့နောက် ယင်းပင်လယ်၏ အရာအားလုံးကို အရည်ပျော်စေနိုင်သည့် ဂုဏ်သတ္တိနှင့် ပေါင်းစပ်လိုက်ပါက ငရဲကမ္ဘာအတွက် အနှိုင်းမဲ့ လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုသည်က အလွန်ပင် ရဲတင်းလှသော ကြိုးပမ်းမှုပင် ဖြစ်သည်။ တားမြစ်နယ်မြေတစ်ခုကို ရုပ်သေးအဖြစ် သန့်စင်ရန် ကြိုးစားခြင်းသည် မည်သူမျှ မတွေးရဲသော ကိစ္စ ဖြစ်၏။
အကယ်၍ လွတ်မြောက်ခြင်းအဆင့်ထက် သာလွန်သော ရုပ်သေးကို ရရှိခဲ့လျှင် မည်သို့ ဖြစ်လာမည်နည်း။
ထိုသည်က ကမ္ဘာတစ်ခု၏ ကောင်းကင်တာအိုပင်လျှင် ထိန်းချုပ်ရန် ခက်ခဲသွားမည်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် အောင်မြင်ခဲ့ပါက ရရှိမည့် အကျိုးကျေးဇူးမှာလည်း ကြီးမားလှပေသည်။ သူတို့သည် ဟာမိုမိစ္ဆာသွေးပင်လယ် ရုပ်သေးကို အသုံးပြုကာ ကောင်းကင်တာအိုကိုပင် တန်ပြန် ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ထို့အပြင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို ကျူးကျော်ရန်အတွက်လည်း အားထားရသော ဝှက်ဖဲတစ်ခုရရှိပေလိမ့်မည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို အောင်နိုင်ကာ သက်ရှိအားလုံးနှင့် ထိုကမ္ဘာ၏ကောင်းကင်တာအိုကို ဖျက်ဆီးနိုင်ခဲ့လျှင် ငရဲကမ္ဘာ၏ ကောင်းကင်တာအိုသည် ထိုကမ္ဘာကို ဝါးမြိုသွားမည် ဖြစ်သည်။ ထိုအခါ ငရဲကမ္ဘာသည်လည်း အဆင့်မြင့်မားလာမည် ဖြစ်ကာ သူတို့ကဲ့သို့သော ထိပ်တန်း မိစ္ဆာအရှင်သခင်ကြီးများသည်လည်း အနှိုင်းမဲ့ အကျိုးကျေးဇူးများကို ခံစားရမည် ဖြစ်လေသည်။
ယခုအခါ အစီအရင်သည် အောင်မြင်စွာ ခင်းကျင်းပြီးဖြစ်ကာ စတင် လည်ပတ်လာလေသည်။ မူလ အစီအစဉ်အရ သန့်စင်မှု ပြီးဆုံးရန်အတွက် ငါးနှစ်မှ ဆယ်နှစ်ခန့် ကြာမြင့်မည် ဖြစ်ကာ ထိုအချိန်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် မထွက်ခွာမီ ပြီးဆုံးနိုင်သော အချိန်လည်း ဖြစ်သည်။ ထိုအချိန်ကျမှသာ သူတို့သည် သွေးပင်လယ် ရုပ်သေးကို အသုံးပြုကာ မျှော်စင်ကို သိမ်းယူရန် ကြိုးစားကြမည် ဖြစ်၏။
မျှော်စင်ကို မရရှိခဲ့လျှင်ပင် အတွင်း၌ ရှိနေသော ကောင်းကင်တာအိုတံဆိပ်တော် ကိုတော့ ရယူရမည် ဖြစ်သည်။
ထို့အပြင် ကျုံးရှန်ဟူသော အဓိက ပုဂ္ဂိုလ်လည်း ရှိနေသေးသည်။ ကျုံးရှန်သည် နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏ အမွေဆက်ခံသူ ဖြစ်သည် မဖြစ်သည်ကိုမူ သူတို့ အလေးမထားကြပေ။ လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါးသည် ကောင်းကင်တာအို၏ ကိုယ်စားလှယ်များ ဖြစ်ကြသော်လည်း သူတို့ကမူ ထိုသို့ မဟုတ်ကြချေ။
ကျုံးရှန်ကို သူတို့ဆက်သွယ်ခဲ့ခြင်းသည် အချို့သော သဲလွန်စများကို တွေ့ရှိခဲ့သောကြောင့်သာ ဖြစ်သည်။
အကယ်၍ ကျုံးရှန်သည် ဝူလုံ၏ အမွေဆက်ခံသူ အစစ်အမှန် ဖြစ်ပါက နဂါးမဲ့နတ်ဘုရားဘုရင်၏ အဖိုးတန် ရတနာဖြစ်သော အထွတ်အထိပ်ကောင်းကင်အဆောင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကောင်းကင်တာအိုတံဆိပ်တော် ထွက်ပေါ်လာမည်မှာ သေချာလှသည်။ ထိုအချိန်ကျမှသာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ကူးပြောင်းနယ်မြေဖြစ်သည့် မိစ္ဆာပျက်သုဉ်းနယ်မြေ အတွင်း၌ ခင်းကျင်းထားသော ကျော့ကွင်း အလုပ်ဖြစ်လာမည် ဖြစ်သည်။
ကျုံးရှန်သည် ထိုနေရာမှ လွတ်မြောက်သွားလျှင်ပင် သို့မဟုတ် ကောင်းကင်တာအိုတံဆိပ်တော်ကို မရရှိခဲ့လျှင်ပင် သူတို့တွင် ဟာမိုမိစ္ဆာသွေးပင်လယ် ရုပ်သေးဟူသော အစီအစဉ် ရှိနေသေးသည်ဖြစ်ရာ စိတ်ပူရန် မလိုအပ်ပေ။
''ဟုတ်သားပဲ... ချောက်နက်အရှင်သခင်... မင်း အခုချက်ချင်း ဝိညာဉ်ငရဲကမ္ဘာကို သွားကြည့်လိုက်...''
''ပိုင်ချန်းရှန့်က အခုအချိန်မှာ စိတ်မတည်မငြိမ် ဖြစ်နေတာကြောင့် စိတ်လိုက်မာန်ပါ ကိစ္စတွေ လုပ်မိနိုင်တယ်...''
''သူ့ရဲ့ လက်အောက်က အသူရာစစ်သည်တော်တပ်ဖွဲ့ကလည်း အင်အားကြီးတဲ့ စစ်တပ်တစ်ခုပဲ...''
''အဓိပ္ပာယ်မရှိဘဲ အဆုံးရှုံးခံလို့ မဖြစ်ဘူး...''
''နောက်ပြီး ဝိညာဉ်ငရဲကမ္ဘာက အလယ်အလတ်ကမ္ဘာတွေထဲမှာ အတော်လေး ဖွံ့ဖြိုးတိုးတက်နေတဲ့ နေရာတစ်ခုပဲ... ဒါက ငါတို့ ငရဲမဟာကမ္ဘာကြီးအတွက် လျှော့တွက်လို့ မရတဲ့ အင်အားတစ်ခု ဖြစ်တယ်...''
ယမမင်းသည်တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
ချောက်နက်အရှင်သခင်သည် ထိုစကားကို ကြားသည်နှင့် ထရပ်လိုက်ကာ မည်သည့် စကားမျှ မပြောဘဲ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး ဝိညာဉ်ငရဲကမ္ဘာရှိရာသို့ ဦးတည် ထွက်ခွာသွားလေသည်။ ငရဲမဟာကမ္ဘာကြီးသည် နှစ်သန်းပေါင်းများစွာ ငြိမ်သက်နေခဲ့ပြီးနောက်တွင် နောက်ဆုံး၌ မုန်တိုင်းမကျမီ အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
....
ထိုအချိန်တွင်
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌။
ကျုံးရှန်သည် ဒုတိယမြောက် အထပ်တစ်ထောင် ဟင်းလင်းပြင်၏ တံခါးဝအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လိုက်လျှင် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ ခေတ္တမျှ ဝေဝါးသွားပြီးနေရာတစ်ခုတွင်ပြန်ပေါ်လာလေသည်။
မျက်စိတစ်ဆုံး မြင်တွေ့လိုက်ရသည်မှာ ခြောက်သွေ့နေသော လွင်ပြင်ကြီးပင် ဖြစ်၏။ နေရာအနှံ့၌ ကြီးမားလှသော ကျောက်တုံးကြီးများ ရှိနေကာ မြေပြင်သည် ဝါကျင့်ကျင့် အရောင်ရှိသည်။ ကျောက်စရစ်ခဲများနှင့် သဲများဖြင့် ပြည့်နှက်နေသော မြေပြင်သည် ပထမအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာဖြစ်သည့်မြက်ခင်းပြင်ကမ္ဘာနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဤနေရာ၌ မည်သည့် သက်ရှိ အရိပ်အယောင်မျှ မရှိဘဲ မြေဆီလွှာများသည်လည်း သေဆုံးခြောက်သွေ့နေလေသည်။ ကျုံးရှန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်းမှ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာသည် သက်ရှိများ နေထိုင်နိုင်သောကမ္ဘာတစ်ခုနှင့် မတူလှဘဲ သေမင်းတမျှ ခြောက်သွေ့သော နယ်မြေတစ်ခု ဖြစ်နိုင်ချေ ရှိသည်။
သူသည် အလေးအနက် တွေးတောလိုက်သည်။ မျှော်စင်အတွင်းရှိ ဟင်းလင်းပြင် ကမ္ဘာများသည် နှစ်ပေါင်း တစ်ထောင်တိုင်းတွင် အသစ်ပြန်လည် ဖြစ်ပေါ်လာလေ့ ရှိသည်။ ထိုကမ္ဘာများသည် သက်ရှိများကို မွေးဖွားပေးနိုင်သော်လည်း ယခုနေရာမှာမူ ပုံမှန် မဟုတ်လှပေ။
တစ်စုံတစ်ဦးသည် ဤနေရာမှ အသက်ဓာတ်အားလုံးကို စုပ်ယူသွားသကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။
လေသဲငရဲဘုံမှ ခေါင်းတီးယက်စ် နတ်ဘုရားနွယ်ပင်၏ အသက်ဓာတ်များကို စုပ်ယူသွားခဲ့သည့် မြင်ကွင်းနှင့်ပင် ဆင်တူနေချေသည်။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော နေရာမျိုးတွင် အဖိုးတန် ရတနာများ ရှိနေနိုင်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာလက်နက်များလည်း ရှိနေနိုင်ပေသည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ရှေးကျ ဆန်းကြယ်လွန်းလှသဖြင့် အချို့သောအသိစိတ်ရှိသည့်ရတနာများ သို့မဟုတ် သေလုနီးပါး ဖြစ်နေသော မိစ္ဆာကြီးများ၏ အနားယူရန် နယ်မြေအဖြစ် သတ်မှတ်ခံရခြင်းလည်း ဖြစ်နိုင်လေသည်။
ကျုံးရှန်သည် ခဏမျှ စဉ်းစားပြီးနောက် လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ လျှောက်လှမ်းလိုက်သည်။ ဤနေရာရှိ စည်းမျဉ်းနိယာမများ၏ ချုပ်နှောင်မှုသည် မြက်ခင်းပြင်ကမ္ဘာထက်ပင် ပို၍ ပြင်းထန်လှသည်။ သို့သော်လည်း ကျုံးရှန်၏ ခန္ဓာကိုယ်သည် လှေကားထစ်များကို တက်လှမ်းလာစဉ်အတွင်း ပိုမို ကြံ့ခိုင်လာခဲ့ပြီဖြစ်ရာ သူသည် လျင်မြန်သော ခြေလှမ်းများဖြင့် ဆက်လက် သွားလာနိုင်ဆဲ ဖြစ်သည်။
သူသည်ခြောက်သွေ့သော လွင်ပြင်ကြီးအတွင်း၌ အဟုန်ဖြင့် ပြေးလွှားနေသည်မှာ ကမ္ဘာပေါ်တွင် အမြန်ဆုံးသော မြင်းတစ်ကောင်ကဲ့သို့ပင် ဖြစ်၏။ နာရီပေါင်းများစွာ ကြာပြီးနောက်တွင် ကျုံးရှန်၏ ခြေလှမ်းများ ရပ်တန့်သွားကာ မျက်မှောင်ကြုတ်မိလိုက်သည်။